Chapter 158
ဧကရီကျန်းက ဘေးနားတွင်ရပ်နေပြီး မျက်ရည်များကို လက်ကိုင်ပဝါဖြင့်သုတ်နေသည်။ အားလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေကြ၍ လူတစ်ယောက် အတွင်းဆောင်ထဲ ဝင်လာသည်ကိုပင် မသိလိုက်ပေ။
သူမ မော့ကြည့်လိုက်ချိန်တွင် ရွှယ်ယန်ဝင်လာသည်ကို တွေ့လိုက်ရသည်။
" ကွမ်းလင်ဘုရင်ခံ..."
သူမ လန့်သွားပြီး မျက်နှာထက်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့် အမူအရာတစ်မျိုး ဖြစ်ပေါ်လာသည်။
" ပြန်ရောက်လာပြီပဲ... ဒါဆိုရင် မင်းသား၄တို့ သူတို့..."
ရွှယ်ယန် ခေါင်းငြိမ့်ပြလိုက်သည်။
ဧကရီကျန်းကြည့်နေစဉ်မှာပင် ရွှယ်ယန်က သူမကိုကျော်ပြီး ဧကရာဇ်၏အိပ်ဆောင်ထဲ ဝင်သွားသည်။
အခန်းထဲမှ လူအားလုံးက ဧကရာဇ်ကို ဆေးသောက်ရန်ဖျောင်းဖျနေခြင်းဖြစ်ပြီး ရွှယ်ယန် ဝင်လာသည်နှင့် အားလုံး ငြိမ်ကျသွားသည်။
ဧကရာဇ်ချင်းဖျင်က မနည်းရုန်းကန်၍ ထလိုက်ချိန်တွင် ရွှယ်ယန် ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူ့သားတော်က အလွန် အရပ်ရှည်လာခဲ့သည်။ အပြင်ဘက်မှနေရောင်ခြည်ဖျော့ဖျော့က အဆောင်ထဲရှိ ရွှေရောင်ပြတင်းပေါက်မှ ဝင်ရောက်လာသဖြင့် သူ့ပုံစံက တောက်ပနေသည်။
ဧကရာဇ်ချင်းဖျင် မျက်လုံးပွင့်လာပြီး သူ့ကိုသာ စိုက်ကြည့်နေသည်။
ရွှယ်ယန်က မျက်မှောင်ကြုတ်ပြီး လက်ပိုက်လိုက်သည်။
" ကျွန်တော်မျိုးကို ဘာလို့ အဲ့လိုကြည့်နေရတာလဲ... တကယ်လို့ မင်းသား၄ကို အသက်ချမ်းသာပေးဖို့တောင်းဆိုနေတာဆိုရင်တော့ အဲ့အကြောင်းမတွေးပါနဲ့... လုံးဝမဖြစ်နိုင်ပါဘူး..."
ဧကရာဇ်ချင်းဖျင်က သူ့ကို ကြည့်ရုံသာကြည့်နေသည်။
သူကိုယ်တိုင် ပျိုးထောင်ခဲ့သောသားများထဲမှ အရည်အချင်းမပြည့်မီသည့် တစ်ယောက်က သူ့ကို ဒုက္ခပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အမှန်တကယ်သန်မာပြီး သူ့ကို လက်စားချေနိုင်သည့် ကလေးတစ်ယောက်ကိုမူ ငယ်စဉ်ကတည်းက သူ့အနားတွင်ထားပြီး မစောင့်ရှောက်ပေးခဲ့မိပေ။
ရွှယ်ယန်က အနားမှ သမားတော်များနှင့် နန်းတွင်းသူများကို ကြည့်လိုက်သည်။
" ဘာလို့လဲ ဆေးတိုက်လို့မရဘူးလား..."
ထိုလူများအားလုံး လန့်သွားကြသည်။
ဤတစ်ကြိမ်တွင် ဧကရာဇ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားခြင်းမရှိတော့ပဲ ဆေးသောက်ရန်ကိုပါ မငြင်းဆန်တော့ပေ။
ဧကရာဇ်၏ ပူပန်မှုများကို ကွမ်းလင်ဘုရင်ခံက ဖြေရှင်းပေးလိုက်ပြီဖြစ်ကြောင်းကို အားလုံးသိသွားကြ၍ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။
ရွှယ်ယန်က ခုံတစ်လုံးဆွဲယူပြီး ဘေးနားတွင် ထိုင်လိုက်သည်။
" ဒါပေမဲ့ ဧကရာဇ်အဖြစ် နှစ်နည်းနည်းလောက်ဆက်နေဖို့ ပြင်ထားလိုက်ပါဦး... သားတော်က ခမည်းတော်ရဲ့ ဒီအရှုပ်တွေကို လက်လွှဲယူနိုင်ဦးမှာ မဟုတ်ဘူး..."
ဧကရာဇ်၏ နှုတ်ခမ်းများ စေ့သွားပြီး ရွှယ်ယန့်ကိုကြည့်နေသည်။
ရွှယ်ယန်က ရွှေရောင်ခန်းမဆောင်ကြီးထဲမှ နေရောင်ခြည်အောက်တွင် ခြေထောက်ချိတ်ထိုင်နေသည်မှာ မြင့်မြတ်၍ ကြီးကျယ်ခမ်းနားနေပြီး ဧကရာဇ်တစ်ပါး၏ ပုံပန်းသွင်ပြင်မျိုး ဖြစ်နေသည်။
သူ့ နှုတ်ခမ်းများက ကွေးညွတ်သွားသည်။
" ဘာလို့လဲဆိုတော့ သားတော်မှာ လက်တွဲဖော်ရှိပေမယ့် မိသားစုမျိုးရိုးကိုဆက်ပြီး လက်ဆင့်ကမ်းပေးသွားနိုင်မှာမဟုတ်လို့ပဲ..."
ဧကရာဇ်ချင်းဖျင်၏အိပ်ဆောင်ထဲမှ လူအားလုံး ချက်ချင်း အံ့အားသင့်သွားကြသည်။
ဧကရာဇ်ချင်းဖျင်က ရွှယ်ယန့်ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။
သူ့ဘေးနားမှ ဧကရီကျန်းမှာ အံ့အားသင့်လွန်း၍ ခဏတာ စကားမပြောနိုင်ဖြစ်သွားရသည်။
ရွှယ်ယန်တစ်ယောက်တည်းကသာ ထိုလူများအကြားတွင် အတည်ငြိမ်ဆုံးဖြစ်နေသည်။ သူက ခုံတွင်ထိုင်နေပြီး ဧကရာဇ်ချင်းဖျင်ကို တည်ငြိမ်စွာကြည့်ကာ ပြောလိုက်သည်။
" သားတော်ကို အဲ့လိုမကြည့်ပါနဲ့... ကျွန်တော်မျိုးက ခွင့်တောင်းတာမဟုတ်ပါဘူး အသိပေးရုံပါပဲ..."
သူ ဧကရီကျန်းကိုကြည့်ပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုး ကျန်းနန်မှာ နေခဲ့တော့ အဲ့ဒီမှာရှိတဲ့ နတ်ဆေးသမားတော်တစ်ယောက်နဲ့သိကျွမ်းခဲ့လို့ လူလွှတ်ပြီး သူ့ကိုရှာခိုင်းထားပါတယ်... သူ ကုလို့ ပျောက်ရင်လည်းပျောက် မပျောက်ရင်လည်း တခြားဆေးဆရာတွေကိုရှာပြီး ဆက်ကုခိုင်းတာပေါ့..."
ရွှယ်ယန်က ထီးနန်းဆက်ခံရမည်ကို ရှောင်ရှားချင်သည့်ပုံဖြင့် အေးအေးဆေးဆေးသာပြောလိုက်သည်။ သူက ထီးနန်းကို အသုံးမလို၍ လွှင့်ပစ်လိုက်သော ငွေပြားနှစ်ပြားကဲ့သို့ သဘောထားနေပုံရသည်။
စကားဆုံးသည်နှင့် တွန့်ဆုတ်ခြင်းမရှိပဲ မတ်တပ်ထရပ်လိုက်ပြီး ဧကရာဇ်ကိုကြည့်ကာ ပြောလိုက်သည်။
" သားတော် ပြန်ပါပြီ..."
ထို့နောက် ချက်ချင်းလှည့်ထွက်သွားသည်။
ဧကရာဇ်ချင်းဖျင်၏ ရင်ဘတ်ကို နိမ့်ချည်မြင့်ချည်ဖြင့် အမောတကော အသက်ရှုကာ ရွှယ်ယန့်ကို စိုက်ကြည့်နေသည်။ တစ်ချက်ကြည့်ရုံဖြင့် သူဒေါသထွက်နေကြောင်း သိနိုင်ပေသည်။
ဧကရီကျန်းက ဧကရာဇ်ချင်းဖျင်၏ အမူအရာကိုမြင်သောအခါ ရွှယ်ယန်ထွက်သွားပြီးနောက် တစ်ခုခုဖြစ်မည်ကို စိုးရိမ်သွားသည်။ သူမက ရွှယ်ယန့်နောက်မှ အမြန်လိုက်သွားပြီး သူ့လမ်းကိုပိတ်လိုက်သည်။
" ပြောစရာတစ်ခုခုကျန်သေးလို့လား အရှင်မ..."
" ကွမ်းလင်ဘုရင်ခံ... မင်းကြီးက ခုချိန်မှာ ပြင်းပြင်းထန်ထန်နာမကျန်းဖြစ်နေတာပါ... တိုင်းပြည်တစ်ခုက ဘုရင်တစ်ပါးမရှိပဲ တစ်ရက်တောင်နေလို့မရဘူးဆိုတာ မင်းသိမှာပါ... အခု ဧကရာဇ်နေရာကို ဘယ်သူဆက်ခံမယ်ဆိုတာ မင်းတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်..."
ရွှယ်ယန် မျက်မှောင်ကြုတ်လိုက်သည်။
ဧကရီကျန်းက ဧကရာဇ်ချင်းဖျင်ရှိရာဘက်သို့လှည့်ကြည့်ပြီးနောက် အသံတိုးတိုးဖြင့် ရွှယ်ယန့်ကို ဖျောင်းဖျလိုက်သည်။
" အခုချိန် ပလ္လင်ပေါ်မှာ မနေချင်ရင်တောင်မှ ခေါင်းဆောင်လုပ်ပေးရမယ့်အချိန်ပဲ... အနာဂတ်မှာ ဘယ်လိုလုပ်မယ်ဆိုတာကတော့ ဧကရာဇ်နဲ့တိုင်ပင်လိုက်လေ ဟုတ်ပြီလား..."
ရွှယ်ယန်၏မျက်နှာထက်တွင် စိတ်မရှည်သည့် အမးအရာတစ်ခု ဖြစ်လာသည်။
ဧကရာဇ်ချင်းဖျင်နှင့် စကားပြောရန် သူအလွန်ပျင်းလွန်းနေသည်။
ဧကရာဇ်ချင်းဖျင်က သေရမည်ကို အလွန်ကြောက်ပြီး သူ့အောက်မှ ပလ္လင်ကို မည်မျှတန်ဖိုးထားကြောင်း ရွှယ်ယန်သိသည်။ ယခုချိန်၌ ပြန်လည်ကျန်းမာသွားလျှင်ပင် ယခင်ကဲ့သို့ သန်သန်စွမ်းစွမ်းဖြစ်နိုင်တော့မည်မဟုတ်၍ သူ့နေရာကို ယုံကြည်ရသူတစ်ယောက်အား လွှဲထားနိုင်ခဲ့မှသာ စိတ်အေးအေးနေနိုင်မည်ဖြစ်သည်။
သူ အယုံကြည်ဆုံးလူက မည်သူဖြစ်ကြောင်းကို ရွှယ်ယန်သိသည်။
ရွှယ်ယန်က အတိတ်တွင် အာဏာရရန် တိုက်ခိုက်ခဲ့ရသည်မှာ အားလုံးက သူ့ကို သေစေချင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူက အသက်ရှင်အောင် နေခဲ့ခြင်းပင်ဖြစ်သည်။ ယခုချိန်တွင် သူ့ကိုသေစေချင်သူများက ယခုချိန်တွင် မရှိတော့ပြီဖြစ်၍ ရာထူးအဆင့်အတန်း၊ အာဏာ အစရှိသည်များကို သူ ဂရုမစိုက်ချင်တော့ပေ။
အားလုံးက ထီးနန်းကို လိုချင်တပ်မက်ကြသော်လည်း ထို လူများထဲ သူ မပါဝင်ခဲ့ပေ။ သူက ကိစ္စကြီးများတွင် ပါဝင်ရန် စိတ်မဝင်စားပဲ ယန်ဒေသကို ပြန်လည်ရရှိရန်အတွက် ယန်ဘုရင်ကို ကူညီလိုခြင်းဖြစ်သည်။ ထို့အပြင် သူ ဧကရာဇ်ဖြစ်ပြီးမှ ဤရာထူးကိုစွန့်လွှတ်မည်ဆိုပါက အမတ်များက အသည်းအသန် တားမြစ်ကြလိမ့်မည်။
ထို့အပြင် ကျွင်းဟွိုင်လန်ကို အမျိုးသမီးများအတွက်နေရာဖြစ်သော ဧကရီနေရာတွင် မထားချင်ပေ။
ရွှယ်ယန့်ပုံစံက လုံးဝညှိနှိုင်း၍ မရသည့်ပုံဖြစ်နေသည်။
ဧကရီကျန်းက စိုးရိမ်ပူပန်လာ၍ ဧကရာဇ်ချင်းဖျင်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ရွှယ်ယန့်ကို ဧကရာဇ်ချင်းဖျင်၏အိပ်ဆောင်ထဲမှ ဆွဲခေါ်သွားသည်။
ရွှယ်ယန်က သူမဆွဲခေါ်သွားသည်ကို ရုန်းကန်ခြင်းမရှိပဲ အသာလိုက်လာသည်။
အိပ်ဆောင်၏အပြင်ဘက် စင်္ကြန်ရောက်မှ သူပြောလိုက်သည်။
" အရှင်မ ကျွန်တော်မျိုးကို ဖျောင်းဖျဖို့ မကြိုးစားပါနဲ့တော့ အသုံးမဝင်ပါဘူး..."
" မင်း ထီးနန်းကို မလိုချင်ဘူးဆိုရင်တောင်မှ မင်းကိုယ်တိုင်အတွက်နဲ့... မင်း အမြတ်နိုးဆုံးလူအတွက် စဉ်းစားသင့်တယ်လို့ မထင်ဘူးလား..."
ရွှယ်ယန် ခဏရပ်သွားပြီး သူမကိုကြည့်လိုက်သည်။
သူမ ပြောလိုက်သည်က မှန်ကန်သွားကြောင်း ဧကရီကျန်းသိလိုက်သည်။
သူမ အသံတိုးတိုးဖြင့် ဆက်ပြောသည်။
" မင်း အခုနေ ဒီနေရာကို မယူဘူးဆိုရင် နန်းတော်ထဲက ဘယ်သူက ဒီတာဝန်ကို လုပ်နိုင်မှာမို့လဲ... ယွင်ဟုန်က ငယ်သေးတဲ့အပြင် အရည်အချင်းမရှိဘူး... တခြားကျန်တာကတော့ မင်းသား ၁နဲ့ မင်းသား ၂ပဲ သူတို့ဆိုရင်ရော မင်း စိတ်ချနိုင်မှာလား..."
ရွှယ်ယန် မျက်မှောင်ကြုတ်လိုက်သည်။
အကြီးဆုံးမင်းသား၏ အရည်အချင်းက သာမန်မျှသာဖြစ်ပြီး သူ့အကျင့်က စာအုပ်ကြီးအတိုင်း ခရေစေ့တွင်းကျလုပ်တတ်သူဖြစ်သည်။ သူတို့က ညီလာခံတွင် အကြိမ်အနည်းငယ်ခန့် ဆုံတွေ့ဖူးသော်လည်း ရွှယ်ယန့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလွန်းသည်။ ဆိုးဆိုးရွားရွားတုံးအသော ဒုတိယမင်းသားရွှယ်ယွင်စုအကြောင်းကို ပြောရန်ပင် မလိုတော့ပေ။ သူ့မျက်နှာကိုမြင်သည်နှင့် ရွှယ်ယန်က စက်ဆုပ်လာသည်။
" မင်း အနာဂတ်မှာ ဒီကိစ္စတွေကို ထမ်းရွက်စရာမလိုတဲ့မင်းသား ပြန်ဖြစ်သွားရင်တောင်မှ မင်းနဲ့ မင်းရဲ့ချစ်သူက တာ့ယုံမှာနေလို့ရသေးတယ်လေ ဧကရာဇ်က မင်းကို မျက်စိအောက်က အပျောက်ခံမှာမဟုတ်ဘူး... ဘဝကို ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုရင်တော့ အနာဂတ်အတွက် အစီအစဉ်ဆွဲထားမှရမယ်..."
ဧကရီကျန်း ပြောသည်က မှန်ကန်ကြောင်းကို ရွှယ်ယန်သိသည်။
သူတစ်ယောက်တည်းသာမက ကျွင်းဟွိုင်လန်လည်း ညီလာခံတွင် တာဝန်ထမ်းဆောင်ရမည့်အချိန်ရောက်ပါက သာမန်ဘဝမျိုးဖြင့် နေရတော့မည်မဟုတ်ပေ။
ထိုအချိန်ရောက်လာပါက စာအုပ်ကြီးအတိုင်းလုပ်တတ်သော မင်းသား၁ ကလည်း သူ့ရှေ့တွင် ပိတ်နေပြီး နည်းလမ်းမျိုးစုံဖြင့် ပြဿနာရှာမည်ဖြစ်သည်။ ရွှယ်ယွင်စုအကြောင်းကိုမူ ပြောနေစရာမလိုတော့ပေ။
ရွှယ်ယန် စုတ်သပ်လိုက်ပြီးနောက် ရွှယ်ယွင်ဟုန်ကိုသာ စိတ်ထဲတွင် ဆဲရေးနေလိုက်မိတော့သည်။
ဒီ ဘာမှအသုံးမကျတဲ့ကောင်က သူကိုယ်တိုင်လည်း ဘာမှကောင်းကောင်းမလုပ်နိုင်တဲ့အပြင် သူသေခါနီးဖြစ်နေတာတောင်မှ ငါ့ကို ဒုက္ခရောက်အောင်လုပ်သေးတယ်...
ဧကရီကျန်းက သူ့ကိုကြည့်နေသည်။
" ကွမ်းလင်ဘုရင်ခံ... ပြန်သွားပြီးတော့ အရှင်မင်းကြီးနဲ့ အသေးစိတ် ဆွေးနွေးကြည့်ပါဦး ဟုတ်ပြီလား..."
ရွှယ်ယန် အံကြိတ်ထားပြီး မငြင်းဆန်နိုင်တော့ပေ။
——
ယုံနင်မြို့စားအိမ်တော်က အေးအေးချမ်းချမ်းဖြစ်သွားချိန်တွင် ညအချိန်သို့ရောက်လာပြီဖြစ်သည်။
ကျွင်းလင်ဟွမ်က သူမအစ်ကိုကို မတွေ့ရသည်မှာ အလွန်ကြာပြီဖြစ်၍ ကျွင်းဟွိုင်လန် ပြန်ရောက်လာသည့်အခါ တစ်နေကုန် သူ့အနားကပ်နေသည်။
ညနက်မှသာ ကျွင်းလင်ဟွမ်အိပ်ပျော်အောင် ချော့သိပ်ခဲ့ပြီး သူမအခန်းထဲမှ တိတ်ဆိတ်စွာ ပြန်ထွက်လာခဲ့သည်။
ပင်မအိမ်တော်ထဲတွင် မီးအိမ်များ ထွန်းညှိထားသေး၍ သခင်မကျွင်းက အိပ်မပျော်သေးသည့်ပုံပေါ်သည်။
ကျွင်းဟွိုင်လန်က စိတ်ထဲတွင် ကိစ္စတစ်ခုရှိနေ၍ သူ့အခန်းကို ပြန်သွားရမည့်အစား ပင်မအိမ်တော်သို့လာခဲ့သည်။
သူ ခြံဝင်းထဲရောက်သည်နှင့် အစေခံမလေးတစ်ယောက်က သူ့ကိုမြင်သောအခါ အိမ်တော်ထဲဝင်သွားပြီး အကြောင်းကြားသည်။ ခဏအကြာမှ ပြန်ထွက်လာပြီး ကျွင်းဟွိုင်လန်ကို အထဲသို့ ခေါ်သွားသည်။
ကျွင်းဟွိုင်လန် အခန်းထဲဝင်လာချိန်တွင် သခင်မကျွင်းက အိပ်ရာဘေးနားမှ ခုံတွင်ထိုင်နေသည်။
သူဝင်လာသည့်အခါ သူမက ထိုင်နေရာမှ ထလာပြီး သူမဘေးနားတွင် လာထိုင်ရန် ခေါ်လိုက်သည်။
" ဒီနေ့တစ်နေကုန် အလုပ်များနေတာနဲ့ သားမျက်နှာလေးကိုတောင် သေချာမကြည့်ရသေးဘူး... "
သူမက ကျွင်းဟွိုင်လန်၏လက်ကိုဆွဲယူ၍ နူးညံ့စွာ ပြုံးလိုက်သည်။
" ငါ့သားလေးကို မတွေ့ရတာ တစ်နှစ်ကျော်တောင်ရှိပြီ... အရပ်ရှည်လာပေမယ့် ပိန်သွားသလိုပဲ..."
ကျွင်းဟွိုင်လန်က သူမဘေးတွင် ဝင်ထိုင်လိုက်သည်။
" ကျန်းနန်က အစားအသောက်တွေက အိမ်နဲ့ မတူဘူး... လတ်ဆတ်တယ်ဆိုပေမယ့် တော်တော်ကြာတဲ့အထိ စားရတာ အသားမကျဘူးဖြစ်နေတာ..."
သခင်မကျွင်းက ပြုံးလိုက်ပြီး သူ့နှဖူးကို ခပ်ဖွဖွတောက်လိုက်သည်။
" ကျန်းနန်ကို သွားပြီးတော့မှ ဂျီးများတတ်လာတာပဲ... မနက်ဖြန်ကျရင် သားပြန်ရောက်လာတာကို ကြိုဆိုတဲ့အနေနဲ့ သားအကြိုက်ဆုံးဟင်းတွေပဲ စားပွဲအပြည့်ချက်ထားဖို့ မီးဖိုချောင်ကို အမေပြောလိုက်မယ်..."
ကျွင်းဟွိုင်လန်က အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
သားအမိနှစ်ယောက် စကားစမြည်ပြောနေပြီးနောက် ခဏအကြာတွင် သခင်မကျွင်းက မေးလိုက်သည်။
" ဟွိုင်လန် အမေ့ဆီကို ညနက်မှရောက်လာတာဆိုတော့ ပြောစရာ စကားရှိလို့များလား..."
သူမကလေးများအကြောင်း သူမ သေချာသိသည်။ အကယ်၍ အရေးကြီးကိစ္စမရှိပါက ဤမျှညနက်သည့်အချိန်တွင် ရောက်လာလိမ့်မည်မဟုတ်ပေ။
ကျွင်းဟွိုင်လန် ခဏရပ်သွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။
" ကျွန်တော် အမေ့ကို ပြောပြချင်တဲ့ ကိစ္စတစ်ခုရှိလို့ပါ..."
သခင်မကျွင်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ပြောလေ..."
ကျွင်းဟွိုင်လန်က ခဏစဉ်းစားနေပြီးမှ ပြောလိုက်သည်။
" အဲ့ကိစ္စက ကွမ်းလင်ဘုရင်ခံနဲ့ ပတ်သက်နေပါတယ်..."
" အမေလည်း သားကိုဒီနေ့မေးချင်နေတာ... ဒါပေမဲ့ နေ့ခင်းဘက်က အလုပ်များနေတောာ့ မကြုံလို့ မမေးဖြစ်တော့ဘူး..."
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်လိုက်သည်။
" လွန်ခဲ့တဲ့လတွေတုန်းက ကွမ်းလင်ဘုရင်ခံက မင်းကြီးအမိန့်အရ ကျန်းနန်ကိုသွားတယ်ဆိုတာ အမေကြားလိုက်တယ်... အခု ချန်အန်းမှာ ဖရိုဖရဲဖြစ်တော့လည်း အိမ်တော်ကို တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်လို့ အမေ မထင်ထားမိဘူး... သားအဖေက တခြားလူတွေနဲ့ ရင်းရင်းနှီးနှီးနေရတာကို သဘောကျတဲ့လူ မဟုတ်ဘူးဆိုတော့ ကွမ်းလင်ဘုရင်ခံနဲ့ အဲ့လောက်ထိ ရင်းနှီးမှာတော့ မဟုတ်ဘူး... အမေထင်လိုက်တာ သားက အရှင့်သားနဲ့ နန်းတွင်းမှာလည်း အတူတူနေခဲ့ဖူးတာဆိုတော့ ကိုယ်ရေးကိုယ်တာအရ တော်တော်ရင်းနှီးတဲ့ဆက်ဆံရေးရှိလားလို့ သိချင်တာပါ..."
ကျွင်းဟွိုင်လန် ကြောင်အသွားမိသည်။
Xxxxxxx