အပိုင်း ၁၅၇
Viewers 36k

Chapter 157


ကျွင်းဟွိုင်လန် ယုံနင်မြိုစားစံအိမ်တော်သို့ ပြန်ရောက်လာသည့်အခါ မမျှော်လင့်ထားစွာဖြင့် သူ့ကို သောင်းသောင်းဖျဖျ ကြိုဆိုခြင်းခံလိုက်ရသည်။


တံခါးစောင့်အစေခံလေး၏မျက်နှာတွင် အညိုအမည်းစွဲနေပြီး နှုတ်ခမ်းထောင့်မှ သွေးများထွက်နေသည်။ ကျွင်းဟွိုင်လန် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ အစေခံလေးက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။


"သခင်လေးပြန်လာပြီကွ..."


ကျွင်းဟွိုင်လန် မြင်းပေါ်မှဆင်းပြီးနောက် တံခါးဝနားသို့သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ 


" မင်းမျက်နှာက ဘာဖြစ်တာလဲ..."


တံခါးစောင့်က ဤမျှဒဏ်ရာရထားခြင်းဖြစ်၍ အိမ်တော်တွင် တစ်ခုခုဖြစ်ထားပုံပေါ်သည်။ 


မြင်းဇက်ကြိုးကို အစေခံလေးလက်ထဲထည့်လိုက်ပြီးနောက် အိမ်တော်ထဲ ခပ်သုတ်သုတ်ဝင်သွားသည်။ 


" သခင်လေး စိတ်ပူစရာမလိုတော့ပါဘူး..."


အစေခံကောင်လေးက သူ့နောက်က အမှီလိုက်လာပြီးပြောလိုက်သည်။


" ခုနတုန်းက အရာရှိတွေနဲ့ စစ်သားတွေ အိမ်တော်ကိုရောက်လာပြီး ပြဿနာရှာကြတယ်... ဒါပေမဲ့ သူတို့အားလုံးကို ဖြေရှင်းပြီးသွားပါပြီ..."


ထိုအခါမှသာ ကျွင်းဟွိုင်လန် စိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်တော့သည်။ 


ဒါဆိုရင်တော့ ရွှယ်ယန့်လူတွေ စောစောရောက်လာတာပဲဖြစ်ရမယ်...


" သူတို့ကို ဘယ်သူတွေက ရှင်းပေးလိုက်တာလဲ..."


အစေခံလေးက ခဏတာ တွေးတောလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။


" ကျွန်တော်လည်းမသိဘူး... ဒါပေမဲ့ သူတို့ခေါင်းဆောင်က အခု သခင်မကြီးရဲ့ခြံဝန်းထဲမှာ ရှိနေသေးတယ်... သူတို့ သန့်ရှင်းရေးလုပ်ပေးနေတယ်ပြောတာပဲ..."


" သန့်‌ရှင်းရေးလုပ်တယ်တဲ့လား..."

ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားသည်။ 


အစေခံလေးက ခေါင်းငြိမ့်ပြလိုက်သည်။ 


" သူတို့ခေါင်းဆောင်က စကားနည်းနည်းပဲပြောတယ်... သူပြောတာတော့ သန့်ရှင်းရေးလုပ်ရမယ်ဆိုပြီး သူ့လက်အောက်ငယ်သားတွေကိုပါ တူတူလုပ်ခိုင်းနေတာပဲ... အဲဒါနဲ့ သခင်မကြီးကလည်း အစေခံတွေကို လုပ်စရာရှိတာ လုပ်ခိုင်းထားတာပဲ..."


သူ့စကားကြောင့် ကျွင်းဟွိုင်လန် သဘောပေါက်သွားသည်။


သွမ့်ရှီးရှီးက ကိစ္စတိုင်းကို စိစစ်သေချာအောင် လုပ်ဆောင်လေ့ရှိသူဖြစ်သော်လည်း ကျင့်ဝတ်များကို နားမလည်သူဖြစ်သည်။ ထိုကိစ္စကို လုပ်ခိုင်းသူက သူတစ်ယောက်တည်းသာဖြစ်နိုင်သည်။ 


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။


" ငါသိပြီ သခင်မကြီးအခန်းကို သွားကြည့်လိုက်မယ်... ခဏနေရင် ငွေစာရင်းထိန်းသိမ်းတဲ့လူဆီကိုသွားလိုက် အိမ်တော်ကလူတွေက ဒီ‌တစ်ခေါက်ကိစ္စကြောင့် လန့်သွားကြမှာပေါ့ သူ့ကို ငွေတွေခွဲခိုင်းပြီးရင် မင်းကိုလည်း ဆုချခိုင်းတယ်လို့ ပြောလိုက်... ဒဏ်ရာရတဲ့လူတွေအတွက်လည်း အိမ်တော်က ဆေးကုသစရိတ်တွေ ပေးမယ်ပြောလိုက်ပါ..."


ထိုစကားကိုကြားသည့်အခါ တံခါးစောင့်လေးမှာ အလွန်ဝမ်းသာသွားပြီး သူ့ကို အထပ်ထပ်အခါခါ ကျေးဇူးတင်နေသည်။


ကျွင်းဟွိုင်လန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူ့မြင်းကိုချည်ပေးရန်ပြောပြီး သူ့အမေ၏ ခြံဝင်းထဲ ဝင်လာခဲ့သည်။


ခြံဝင်းအနားရောက်သည်နှင့် မိန်းမစိုးများ ဝင်ထွက်သွားလာနေသည်ကို တွေ့လိုက်ရသည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့က တုန်းချန်မှလူများဖြစ်ကြောင်း သိနိုင်ပေသည်။ သူတို့အကြားတွင် ကျင်းယီဝေ့အချို့ရှိနေပြီး ကျွင်းဟွိုင်လန်ကိုမြင်သည့်အခါ ဦးညွတ်အရိုအသေပြုကြသည်။ 

 

ကျွင်းဟွိုင်လန် ခြံဝင်းထဲရောက်သွားသည့်အခါ အားလုံး အလုပ်များနေကြသည်။ မိန်းမစိုးများက ရေပုံးများယူလာပြီး ကြမ်းပြင်ကိုသန့်ရှင်းရေး လုပ်နေကြသည်။ ခြံဝင်းထဲမှ လှေကားထစ်များက စိုရွှဲနေပြီး အနီရောင်သွေးစက်များကို ရေဖြင့်ဆေးချနေသည်ကို မှုန်ဝါးဝါးမြင်လိုက်ရသည်။   


" ကိုကြီး..."


ထိုအချိန်တွင် ကျွင်းဟွိုင်လန်က နူးညံ့သောအသံလေးကို ကြားလိုက်ရသည်။


သူ့ ညီမလေးပဲ...


အသံကြားရာဘက်သို့ ကြည့်လိုက်သည့်အခါ သူ့အမေနှင့် ညီမလေးက ခြံဝင်းထဲရှိဥယျာဉ်ငယ်လေးထဲမှစားပွဲတွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။


သူ့ကိုမြင်သည့်အခါ သခင်မကျွင်းက ထိုင်ရာမှထလာပြီး ကျွင်းလင်ဟွမ်ကလည်း ထိုင်ခုံမှထလာပြီး သူ့ထံသို့ ပြေးလာသည်။ 


သူမ ဝတ်ထားသော အဝါဖျော့ရောင်ဂါဝန်လေးက ပြေးလာချိန်တွင် ဘယ်ညာယိမ်းနေသည်မှာ မက်မွန်ပွင့်လေးနှင့်တူပြီး တဖြည်းဖြည်းချင်း ပြေးလာနေသည်။


သူတို့နှစ်ယောက် မတွေ့ရသည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သည်။ 


ကျွင်းဟွိုင်လန်၏ မျက်လုံးများက အနည်းငယ် ပူနွေးလာပြီး ရှေ့သို့နှစ်လှမ်းတိုးကာ ပြေးလာသည့် ကျွင်းလင်ဟွမ်ကို ဖက်လိုက်သည်။


" ကိုကြီး ပြန်လာပြီပေါ..."

ကျွင်းလင်ဟွမ်က သူ့ရင်ခွင်ထဲပြေးဝင်လာသည်။


ကျွင်းဟွိုင်လန်က သူမ၏ နူးညံ့သောဆံပင်ကို အသာအယာ ပွတ်ပေးလိုက်သည်။ 


" အစ်ကိုကြီး ပြန်လာတာ နောက်ကျသွားတယ်... ညီမလေးကို မကာကွယ်ပေးနိုင်ခဲ့တာ အစ်ကိုကြီးရဲ့ အပြစ်ပါ..."


သူ့ရင်ခွင်ထဲမှ ကျွင်းလင်ဟွမ်က ခေါင်းခါလိုက်သည်။


" ကိုကြီး ပြန်လာတာ နောက်မကျပါဘူး... ကိုကြီးကို  လင်ဟွမ် အများကြီးလွမ်းနေတာ..."


ကျွင်းဟွိုင်လန်၏ မျက်လုံးများ ပူနွေးလာသော်လည်း သူမစကားကြောင့် မရယ်ပဲ မနေနိုင်တော့ပေ။


" အစ်ကိုကြီးလည်း လင်ဟွမ့်ကို လွမ်းပါတယ်... လင်ဟွမ် ဒဏ်ရာရသွားသေးလား ကြောက်ရောကြောက်သွားလား..."


ကျွင်းလင်ဟွမ် ခေါင်းခါလိုက်သည်။


" မကြောက်ပါဘူး... အစ်ကိုကြီးတစ်ယောက်က လင်ဟွမ်နဲ့ မေမေ့ကို ကာကွယ်ပေးလိုက်တယ်... အခု မကြောက်တော့ဘူး..."


သူမက နာခံစွာဖြေလိုက်သည်။ 


ကျွင်းဟွိုင်လန် ခေါင်းမော့ကြည့်လိုက်သည့်အခါ သွမ့်ရှီးရှီးက သူတို့နှင့် ခြေသုံးလှမ်းအကွာတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။


ရွှယ်ယန့်အနားတွင် အချိန်အတန်ကြာအောင် နေပြီးသည့်နောက် သူ့အစေခံများကို ကျွင်းဟွိုင်လန် အနည်းငယ် နားလည်လာခဲ့သည်။


သွမ့်ရှီးရှီး သူ့အနားတွင် ရပ်နေသည်မှာ ချီးကျူးခံလိုသောကြောင့်မဟုတ်ပဲ တင်ပြစရာတစ်ခုခု ရှိသောကြောင့်သာဖြစ်သည်။ 


ကျွင်းဟွိုင်လန်က ကျွင်းလင်ဟွမ်ကို ချီထားလျက် မတ်တပ်ရပ်လိုက်သည်။


သွမ့်ရှီးရှီးက လက်ထဲတွင် ဓားကိုကိုင်ထားလျက် သု့ကို အရိုအသေပြုလိုက်သည်။


" ဒီလက်အောက်ငယ်သားက မင်းသားပေးလိုက်တဲ့တာဝန်ကို မကျေပွန်ခဲ့ပါဘူး... ဒီကိစ္စတွေပြီးသွားရင် ပြစ်ဒဏ်ပေးတာ ခံယူပါ့မယ်..."


ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားသည်။ 


" ရွှယ်... အရှင်က ဒီအိမ်တော်က လူတွေအားလုံးကို ကာကွယ်ပေးဖို့ မင်းကို တာဝန်ပေးလိုက်တာမလား... မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ ဘာလို့ အပြစ်ပေးရမှာလဲ..."


သွမ့်ရှီးရှီးက စကားထပ်မပြောလာတော့ပေ။ 


ထိုအချိန်တွင် သခင်မကျွင်း ရောက်လာသည်။ 


" ဟွိုင်လန်..."


သူမက သူ့ကိုပြုံး၍ ကြည့်နေသည်။


ကျွင်းဟွိုင်လန်ကလည်း သူမကိုပြန်ကြည့်၍ ခေါင်းငြိမ့်ပြလိုက်သည်။

" အမေ..."


သခင်မကျွင်းက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြုံးလိုက်သည်။


" သားတောင် အရပ်ရှည်လာပြီပဲ အရွယ်ရောက်လာပြီ..."


ကျွင်းဟွိုင်လန်က သူမကို အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။ 


သခင်မကျွင်းက သွမ့်ရှီးရှီးကို တစ်ချက်ကြည့်ပြီးနောက် ကျွင်းဟွိုင်လန်ကို ပြောလိုက်သည်။


" ဒီကလေးက စကားသိပ်မပြောဘူး... အမေ သူ့ကို မေးနေတာကြာပြီ ဒါပေမဲ့ သူ လူသတ်လိုက်မိလို့ သူ့သခင်ရဲ့အမိန့်ကို မနာခံမိသလိုဖြစ်သွားပြီလို့ပဲ ပြောနေတယ်...  သူ့သခင်က သူ့ကို လူမသတ်ခိုင်းလိုက်ဘူးထင်ပါတယ်... အဲဒါကြောင့်မို့ သူက ခေါင်းမာပြီး ပင်မအိမ်တော်ကို သန့်ရှင်းရေး လုပ်ပေးနေတာ..."


ကျွင်းဟွိုင်လန် သဘောပေါက်သွားသည်။


ရွှယ်ယန်၏ အကျင့်အရဆိုလျှင် မြို့စားမင်းအိမ်တော်တွင် သွေးမစွန်းစေရန် သွမ့်ရှီးရှီးကို အမိန့်ပေးလိုက်ပုံရသည်။ 


ထိုအကြောင်းကြောင့်သာ သွမ့်ရှီးရှီးက ခြံဝင်းထဲမှ သွေးအားလုံးကို သန့်ရှင်းပေးနေခြင်းဖြစ်လိမ့်မည်။


ကျွင်းဟွိုင်လန်က ကူကယ်ရာမဲ့စွာဖြင့်ပြုံးလိုက်ပြီး သွမ့်ရှီးရှီးကို ကြည့်လိုက်သည်။ 


သွမ့်ရှီးရှီးက မှန်ရှေ့မရောက်သေး၍ ယခုချိန်တွင် သူ့ပုံစံက မည်သို့ဖြစ်နေကြောင်း သိပုံမရပေ။ သူ့ကိုယ်ပေါ်မှ အနက်ရောင်ငါးပျံဝတ်ရုံပေါ်တွင် သွေးကွက်ကြီးရှိနေပြီး ၎င်းသွေးများက ခြောက်သွားပုံပေါ်၍ အလွန်ကြောက်စရာကောင်းနေသည်။


ထို့အပြင် သူ့မျက်နှာတွင်လည်း ခြောက်သွေ့သွားပြီဖြစ်သော သွေးများ စွန်းထင်းနေသည်။ မျက်နှာဘယ်ဘက်ခြမ်းတွင် ပြတ်ရှရာအချို့လည်း ရှိနေသေးသည်။ 


ကျွင်းဟွိုင်လန် မပြုံးပဲ  မနေနိုင်တော့ပေ။

" သွမ့်ရှီးရှီး..."


သွမ့်ရှီးရှီးက သူ့ကို ဦးညွှတ်လိုက်ပြီး နားထောင်နေကြောင်း ပြသလိုက်သည်။


" မင်း ဒီတစ်ခါ ကောင်းကောင်းလုပ်ခဲ့ပါတယ်... အရှင့်ရဲ့ မူလရည်ရွယ်ချက်ကလည်း အိမ်တော်က လူတွေကို ကာကွယ်ပေးဖို့ပဲလေ... အဲဒါက လူသတ်ဖို့ခွင့်ပြုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ..."


သွမ့်ရှီးရှီးက အမိန့်နာခံရာတွင် အတော်ဆုံးဖြစ်ကြောင်းကို သူသိ၍ ဗြောင်ကျကျပြောလိုက်သည်။


" မင်း အပြစ်ပေးမခံရပါဘူး..."


အမှန်တွင် သွမ့်ရှီးရှီးက  ကျင်းပေါင်၏ အကြံပြုချက်ကို ရရှိခဲ့ခြင်းဖြစ်သည်။ 


အတိတ်က လက်ရှိအချိန်နှင့် မတူနိုင်ဟု ကျင်းပေါင် သူ့ကို ပြောပြထားခဲ့သည်။ သူက အရှင့်သား၏ လက်အောက်ငယ်သားဖြစ်သော်လည်း သခင်လေး၏ စကားများကိုလည်း နားထောင်သင့်ကြောင်း ပြောပြခဲ့သည်။ 


အကယ်၍ သခင်လေးမရှိပါက အရှင်ပြောသမျှသာ ဥပဒေဖြစ်သည်။ သို့သော်လည်း သခင်လေးရှိချိန်တွင် သူပြောသမျှ စကားက အရှင်နှင့် သဘောထားတိုက်ဆိုင်မှူ မရှိပါကလည်း သခင်လေးစကားကိုသာ နာခံရမည်ဖြစ်သည်။


သွမ့်ရှီးရှီး နားမလည်နိုင်ဖြစ်သွားရသည်။


သူ၏ အေးစက်စက်ပုံစံကြောင့် ကျင်းပေါင်က သူ့စကားများကို သွမ့်ရှီးရှီးနားမလည်ကြောင်း သိလိုက်သည်။

   

သူက ကျောက်တုံးသဖွယ်လူမျိုးဖြစ်၍ ဤသို့သော အနေအထားကို နားမလည်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ 


ကျင်းပေါင် ပြောစရာစကားမဲ့သွားရသည်။ 

" မင်းက အရှင့်ရဲ့ လက်အောက်ငယ်သား ဟုတ်တယ်မလား..."


" ဟုတ်ပါတယ်..."


" အခု အရှင်က သခင်လေးရဲ့ လက်အောက်ငယ်သားဖြစ်သွားတော့ အရှင်က သခင်လေးရဲ့ အမိန့်ကို နာခံနေရပြီ... အဲဒါကြောင့် မင်းလည်း သခင်လေး အမိန့်ကို နာခံရမယ် မှတ်ထားနော်..."


ဤတစ်ကြိမ်မှသာ သွမ့်ရှီးရှီး သဘောပေါက်သွားသည်။ 


ထို့ကြောင့် ယခု ကျွင်းဟွိုင်လန်၏စကားကိုကြားသည့်အခါ သွမ့်ရှီးရှီး မဆိုင်းမတွ ပြန်ဖြေလိုက်သည်။


" ကျွန်တော် သိပါပြီ..."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်လိုက်သည်။

 " ဟုတ်ပြီ ဒါဆိုရင် မင်းလုပ်စရာကိစ္စတစ်ခု ရှိသေးတယ်..."


သွမ့်ရှီးရှီးက ငြိမ်သက်စွာဖြင့် အမိန့်ကို စောင့်ဆိုင်းနေသည်။


သတ်ဖြတ်ခြင်းနှင့် လုပ်ကြံခြင်း၊ လျှို့ဝှက်သတင်းရယူခြင်း အစရှိသောကိစ္စများတွင် သူအတော်ဆုံးဖြစ်ပြီး အရိုးထဲတွင်ပါ စွဲမြဲနေပေသည်။


သို့ရာတွင် ကျွင်းဟွိုင်လန်က ကျွင်းလင်ဟွမ်ကိုဖက်ထားသည်အား မြင်လိုက်ရသောအခါ သူအနည်းငယ် ပြုံးမိသွားသည်။


" ခြံဝင်းထဲကို သန့်ရှင်းရေးလုပ်ဖို့ မလိုတော့ဘူး... မင်းမျက်နှာကိုပဲသွားသစ်လိုက်..."


——


နန်းတွင်းထဲရှိ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ထွက်ပြေးသွားသော ရှုရှန့်နှင့် မင်းသား၄ကို ကွမ်းလင်ဘုရင်ခံက ဖမ်းဆီးနိုင်ခဲ့သည်။ သူတို့သယ်ဆောင်လာခဲ့သောအထုပ်ထဲတွင် အမိန့်တော်အတုနှင့် ဧကရာဇ်၏ နဂါးတံဆိပ်တုံးကို ရှာတွေ့ခဲ့သည်။ သူတို့အားလုံး အသည်းအသန် ထွက်ပြေးလာရခြင်းဖြစ်၍ အမိန့်စာကို တစ်ဝက်တစ်ပျက်သာ ရေးသားရသေးသည်။ 


ယခုအချိန်တွင် သူတို့ပြုလုပ်ချင်နေသည့်ကိစ္စများက သိသာထင်ရှားသွားပြီဖြစ်သည်။ 


ရွှယ်ယွင်ဟုန်ကို မဖမ်းဆီးမီအချိန်တွင် ရွှယ်ယန်က အမတ်များနှင့် စစ်ရေးအရာရှိများကို နန်းတွင်းထဲတွင် စောင့်ဆိုင်းထားခိုင်းခဲ့သည်။ သူ့ကိုဖမ်းမိပါက တစ်လောကလုံးကို ချက်ချင်းကြေညာမည်ဖြစ်သည်။


ရှုမိသားစုဝင်အားလုံးသာမက သူတို့၏နောက်လိုက်များကိုပါ အကျဉ်းထောင်သို့ ချက်ချင်းပို့ဆောင်လိုက်သည်။ ရွှယ်ယွင်ဟုန်ကိုလည်း ထီးနန်းလုယူမှုဖြင့် သူတို့မိသားစုအိမ်တော်တွင် အကျဉ်းချထားပြီး နောက်မှ စီရင်ချက်ချရန် စောင့်ဆိုင်းခိုင်းထားသည်။ 


ရှုမိသားနှင့် မင်းသား၄မှာ အလှည့်အပြောင်းပြုလုပ်နိုင်ရန် အခွင့်အရေးမရှိတော့ကြောင်းကို စစ်ရေးနှင့် တိုင်းပြည်ရေးရာအမတ်များအားလုံး သိသွားကြသည်။


အခု ညီလာခံက ဘယ်သူ့လက်ထဲ ရောက်သွားတော့မှာလဲ...


 သေချာပေါက် ကွမ်းလင်ဘုရင်ခံပေါ့...

  

သို့ရာတွင် ကွမ်းလင်ဘုရင်ခံက ပုန်ကန်သူများကို အားလုံးရှေ့တွင် ပြစ်ဒဏ်ချမှတ်လိုက်ပြီးနောက် အကျဉ်းထောင်သို့ ပို့စေခဲ့သည်။


မည်သူက အိမ်ရှေ့စံမင်းသားဖြစ်မည်ဟု မမိန့်ကြားခဲ့ရုံသာမက  နောက်နေ့မနက်ခင်း ညီလာခံတွင် နဂါးပလ္လင်ပေါ်တွင် မည်သူထိုင်မည့်အကြောင်းကိုလည်း အမိန့်မပေးခဲ့ပေ။ 


အမတ်ကြီးများက ကြောင်အသွားကြသော်လည်း မည်သူမှ စကားမစရဲကြပေ။ 


စုဝေးနေသည့် လူအုပ်ကြီးကို ရွှယ်ယန်က ပြန်ခိုင်းလိုက်သည်။ 


ထို့နောက် ဧကရာဇ်ချင်းဖျင်၏ အိပ်ဆောင်ထဲ ဝင်သွားသည်။ 


ယခုအချိန်တွင် ဧကရီကျန်းက ဧကရာဇ်ဘေးတွင် စောင့်ဆိုင်းပေးနေသည်။


နန်းတွင်းသမားတော်များက ဧကရာဇ်ကို နေ့နေ့ညည အပ်စိုက်ကုသပေးနေသော်လည်း ဧကရာဇ်က နောက်ဆုံးတွင် သတိရလာရုံ အခြေအနေသာဖြစ်ခဲ့သည်။ မျက်လုံးကို အနိုင်နိုင်ဖွင့်နေရပြီး ခြေလက်များက အကြောသေနေကာ စကားလည်းမပြောနိုင်ပေ။


သူ သတိရလာချိန်က မင်းသား၄မှာ ပလ္လင်ပေါ်ထိုင်ပြီး အမိန့်များပေးနေခဲ့ပြီဖြစ်သည်။

 

ရွှယ်ယန် ဝင်လာသည့်အချိန်တွင် နန်းတွင်းသမားတော်များက သူ့ကို ဆေးတိုက်ရန် ကြိုးစားနေကြသည်။ 


ဧကရာဇ်ချင်းဖျင်က ညီလာခံတွင် ဖြစ်ပွားသည့်ကိစ္စများကို သိရှိနေသည့်အပြင် သူ အဆိပ်ခတ်ခံရချိန်တွင် ချန်အန်းမြို့ကို စစ်သည်များစွာဖြင့် ဝန်းရံခံထားရသည်ကိုပါ သိသည်။ ယခုအချိန်တွင် ဧကရာဇ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဆေးသောက်ရန် ငြင်းဆိုနေသည်။ 


သူ သတိရနေ၍ နန်းတွင်းသမားတော်များက သူ့ပါးစပ်ကို အတင်းမဟခိုင်းရဲပေ။ အခန်းထဲတွင်ရှိသမျှ မိန်းမစိုးများ၊ နန်းတွင်းသူများနှင့် သမားတော်များက ဒူးထောက်လျက် ငိုကြွေးနေကြပြီး ဆေးသောက်ရန် အသနားခံနေကြသည်။


ရွှယ်ယန် အခန်းထဲ ဝင်လာချိန်တွင် ထို‌မြင်ကွင်းကို မြင်လိုက်ရခြင်းဖြစ်သည်။


Xxxxxxxx