Chapter 156
မြို့တွင်းသို့ဝင်လာသော စစ်တပ်ကြီး၏ခေါင်းဆောင်မှာ စည်းကမ်းတင်းကြပ်ပြီး ဖြောင့်မတ်သောစစ်သူကြီးတစ်ယောက် ဖြစ်လိမ့်မည်။
မြို့ထဲမှလူများမှာ ဝမ်းသာအားရ သက်ပြင်းမချပဲ မနေနိုင်တော့ပေ။ ထိုလူများက တိုက်ပွဲကို အနိုင်ရသွားခြင်းဖြစ်၍ ကံကောင်းလှသည်။
နောက်ဆုံးတွင် စစ်တပ်ကြီးဖြတ်သန်းသွားပြီးချိန်မှသာ လူများက လမ်းမပေါ် ထွက်လာကြသည်။ ခဏအကြာတွင် စစ်သားများရောက်လာပြီး ဂိတ်တံခါးကြီးရှစ်ခုကို ယနေ့အတွင်းပြန်ဖွင့်မည်ကာ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း တစ်မြို့လုံးကို အသိပေးကြသည်။ ယနေ့အတွင်း ဖြတ်သန်းသွားလိုသူများမှာ စာရွက်စာတမ်းများကို ကြိုဆင်ပြင်ဆင်ကြတော့သည်။
မကြာမီအချိန်တွင် ချန်လဲ့လမ်းမကြီးက ယခင်ကဲ့သို့ ပြန်လည်အေးချမ်းသွားပြီး လူအများဖြင့် စည်ကားလာတော့သည်။
သို့ရာတွင် အားလုံး စိတ်အေးသွားပြီးနောက်တွင် သိချင်စိတ်များဖြစ်ပေါ်လာသည်။
" မြို့ထဲဝင်လာတဲ့ စစ်တပ်ကြီးက ဘယ်က ရောက်လာတာပါလိမ့်... "
စားသောက်ဆိုင်မှ လူတစ်ယောက်က စတင်မေးမြန်းလိုက်သည်။
အားလုံးကလည်း ရှင်းရှင်းလင်းလင်းမသိကြပေ။ ထိုအချိန် တစ်စုံတစ်ယောက်က ထပြောလိုက်သည်။
" အနက်ရောင်သံချပ်ကာ အင်္ကျီတွေနဲ့ဆိုတော့ ယန်ဒေသက ယွင်ယန် သံမဏိမြင်းစစ်သည်တွေထင်တယ်...."
" ယန်ဒေသတဲ့လား... ယန်ဒေသက လွန်ခဲ့တဲ့ နှစ်နှစ်တည်းက ကျဆုံးသွားပြီမလား..."
ထိုလူက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
" ယန်ဒေသက ကျဆုံးသွားတယ်ဆိုပေမယ့် ယွင်ယန်သံမဏိမြင်းစစ်သည်တွေက ရှိနေတုန်းပဲ... သူတို့တွေက အခြားတပ်ဖွဲ့နဲ့ ပူးပေါင်းသွားတယ်လို့တော့ကြားတယ်... ဒါပေမဲ့ ဒီနေ့တော့ သူတို့်ဘယ်နေရာက ရောက်လာတယ်ဆိုတာ ငါလည်းမသိဘူး..."
" ယွင်ယန်သံမဏိမြင်းစစ်သည်တွေဆိုတော့... ကွမ်းလင်ဘုရင်ခံများလား..."
ကွမ်းလင်ဘုရင်ခံဟူသောအမည်ကြောင့် ချန်အန်းတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ကွမ်းလင်ဘုရင်ခံက နတ်ဆိုးကြယ်အဖြစ် မွေးဖွားလာသူဖြစ်၍ မွေးဖွားပြီးချိန်တည်းက ယန်ဒေသသို့ ပို့ဆောင်ခံလိုက်ရသူဖြစ်ကြောင်းကို အားလုံးသိကြသည်။ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ယန်ဒေသ၏ ကျဆုံးမှုကလည်း သူ့ကံကြမ္မာနှင့် ဆက်စပ်နေပေသည်။
သို့ရာတွင် ယခင်နှစ်အစပိုင်းတည်းက ဧကရာဇ်က သု့ကို ဘွဲ့အမည်တစ်ခု ပေးအပ်ခဲ့ပြီး အိမ်တော်တစ်ခုချီးမြှင့်ခဲ့သည်။ ထိုအချိန်မှစ၍ ကွမ်းလင်ဘုရင်ခံက ညီလာခံတွင် ပို၍အင်အားကြီးလာပြီး အမတ်ကြီးရှုကပင် သူ့ကို ရန်မစရဲတော့ပေ။
ရှုရှန့်ကလူပေါင်းထောင်ချီကို အမိန့်ပေးနိုင်သည့်လူတစ်ယောက်ဖြစ်ကြောင်းကို အားလုံးသိကြသည်။
သူ့လိုလူထက်တောင် အင်အားကြီးတယ်ဆိုမှတော့ ဧကရာဇ်ဖြစ်လာဖို့ဆိုတာ အနှေးအမြန်ပဲမလား...
အားလုံး၏စိတ်ထဲတွင် ထိုသို့မှန်းဆနေကြသော်လည်း ကျယ်လောင်စွာထုတ်မပြောရဲကြပေ။
ယခုအချိန်တွင် ကွမ်းလင်ဘုရင်ခံပေါ်လာခြင်းက ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု အားလုံးထင်နေကြသည်။
အခုလက်ရှိမှာ အာဏာရထားတဲ့မင်းသားက ဘယ်သူလဲ... မင်းသား၄ပဲလေ... ကွမ်းလင်ဘုရင်ခံက မင်းသား၅မလား... အခု ဧကရာဇ်က ထူးဆန်းတဲ့ရောဂါတစ်မျိုးရနေတာဆိုတော့ သူတို့နှစ်ယောက်မှာ တစ်ယောက်က ဘုရင်ဖြစ်ပြီး တစ်ယောက်က အရှုံးသမားဖြစ်တော့မှာပေါ့...
ဤတစ်ကြိမ်တွင် အားလုံးက ထိုစကားများကို စိတ်ထဲမှ ပြောနေကြသည်။
တစ်စုံတစ်ယောက်က ထပြောလိုက်သည်။
" ကွမ်းလင်ဘုရင်ခံက နတ်ဆိုးကြယ်လို့ပြောကြပေမယ့်... အဲ့လိုဖြစ်သွားတော့လည်း ကောင်းတာပဲ မဟုတ်ဘူးလား..."
အားလုံးက ထိုသို့တွေးနေကြသော်လည်း မည်သူမ ကျယ်လောင်စွာ မပြောရဲကြပေ။ ယခုအခါတွင် မြို့ကိုဝန်းရံထားသောစစ်တပ်ကြီးလည်း အနိုင်ယူခံလိုက်ရ၍ သူတို့အားလုံး ပို၍သတ္တိရှိလာကြသည်။
ထိုလူ၏စကားကို အားလုံးက သံယောင်လိုက်ကြသည်။
" မြို့ပြင်က စစ်တပ်ကြီးက အမိန့်ကိုလိုက်နာတယ်လို့သာပြောနေတာ ဒီရက်ပိုင်းအတွင်း သူတို့ဘာတွေလုပ်နေလဲဆိုတာ အားလုံးမြင်တာပဲမလား...""
" ဟုတ်တယ်...အဲ့စစ်တပ်က တောင်ပိုင်းကိုသွားရမှာလေ ဘာလို့ ငါတို့ကို မြို့ထဲပိတ်ထားခဲ့တာလဲ..."
" ငါ့ဆိုင်ဆိုလည်း ဆိုင်ငှားခပေးရတဲ့အပြင် စီးပွားရေးလုပ်ဖို့ ပစ္စည်းတွေဝယ်ရသေးတယ်... ဒီရက်ပိုင်းအတွင်း သူတို့က အနှောင့်အယှက်ပေးနေကြတော့ ငါ့ အရှုံးပေါ်လုနီးပါးတောင် ဖြစ်သွားတယ်..."
" ငါ့အမြင်မှာတော့ မင်းသား၄ထက်စာရင် ကွမ်းလင်ဘုရင်ခံက ပိုကောင်းသလိုပဲ..."
" နတ်ဆိုးကြယ်ဆိုတာ မှားပြီးတွက်မိတာနေမှာပေါ့... တစ်ခါတစ်လေ နက္ခတ်ဆရာတွေက မှားတွက် တတ်ကြတာပဲကို..."
စားသောက်ဆိုင်မှ လူများမှာ တစ်ယောက်တစ်ပေါက်ပြောနေရာမှ နောက်ဆုံးတွင် ရွှယ်ယန်ကို ချီးကျူးလာကြသည်။
ထိုအချိန်တွင် လူတစ်ယောက်က ထပြောလိုက်ပြန်သည်။
" ငါသေချာကြည့်လိုက်တော့ စစ်တပ်ကိုဦးဆောင်လာတဲ့သူက ကွမ်းလင်ဘုရင်ခံဖြစ်မယ်ထင်တယ်..."
အခြားလူများက အသည်းအသန်မေးကြတော့သည်။
" သူ့ပုံစံက ဘယ်လိုမျိုးလဲ..."
ထိုလူက လေးနက်စွာပြန်ဖြေသည်။
" သူ့ပုံစံက အရမ်းသူရဲကောင်းဆန်တယ် အရပ်ကလည်းရှည်ပြီး အရှိန်အဝါကြီးတဲ့ပုံပေါ်တယ်... သူ့ပုံစံက ကောင်းကင်ကဆင်းလာတဲ့ ယောက်ျားတစ်ယောက်လိုပဲ... ဒါပေမဲ့..."
" ဒါပေမဲ့ ဘာဖြစ်လဲ..."
ထိုလူက ခဏတာတွေးတောလိုက်ပြီးနောက် ခေါင်းခါလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
ဒါပေမဲ့ အဲ့အချိန်က သူမြင်ခဲ့တာ သံချပ်ကာအနက်ရောင်မဝတ်ထားတဲ့လူက နှစ်ယောက်တောင်လားလို့...
သူတို့ထဲက ဘယ်သူက ကွမ်းလင်ဘုရင်ခံလဲဆိုတာ သူ မသိဘူး...
——
စုကျားခူလမ်းကနန်းတွင်းအပြင်ဘက်မှ ပင်မလမ်းမကြီးဖြစ်ပြီး လမ်း၏တစ်ဖက်တစ်ချက်စီက ရာထူးကြီးမှူးမတ်အရာရှိများ၏အိမ်တော်များရှိသည်။
စစ်တပ်ကြီးက ဤနေရာတွင် ရပ်တန့်သွားသည်။
ရွှယ်ယန်က မြင်းဇက်ကြိုးကိုဆွဲလိုက်ပြီးနောက် ကျွင်းဟွိုင်လန်ကိုကြည့်လိုက်သည်။
" မင်း အရင်ဆုံးအိမ်ပြန်လိုက်ဦး..."
ကျွင်းဟွိုင်လန်က ခေါင်းငြိမ့်ပြလိုက်သည်။
ယခုလက်ရှိအချိန်တွင် နန်းတွင်းမှ အခြေအနေများက မတည်မငြိမ်ဖြစ်နေ၍ ရွှယ်ယန်နှင့် ရွှယ်ယွင်ဟုန်က တစ်ယောက်နှင့်တစ်ယောက် အသေအကြေ တိုက်ခိုက်ရန် ဆုံးဖြတ်ထားရတော့မည်ဖြစ်သည်။ ကျွင်းဟွိုင်လန်၏ အနေအထားဖြင့် ထိုကိစ္စထဲ ဝင်ပါရန် မသင့်တော်သည့်အပြင် ထိုကိစ္စက သူနှင့်မသက်ဆိုင်ကြောင်းကိုလည်း သူကိုယ်တိုင်သိသည်။
ရွှယ်ယန်ကိုကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည့်အခါ ရွှယ်ယန်က သူ့ကိုစိုက်ကြည့်နေသည်။
" သတိထားပါ..."
ကျွင်းဟွိုင်လန် သတိပေးလိုက်သည်။
" စိတ်မပူပါနဲ့... ကိုယ်အခု မသေရဲသေးပါဘူး..."
ကျွင်းဟွိုင်လန် သဘောကျစွာဖြင့် ရယ်မောလိုက်သည်။
" ဒါဆိုရင်တော့ ငါစိတ်ချသွားပါပြီ..."
ထို့နောက် စကားဆုံးသည်နှင့် မြင်းကိုတစ်ဖက်သို့လှည့်လိုက်ပြီး ယွင်ယန်သံမဏိမြင်းစစ်သည်များအကြားမှ တစ်ယောက်တည်းထွက်သွားကာ စုကျားခူလမ်းအတိုင်း ဦးတည်လိုက်သည်။
ခဏအကြာတွင် ရွှယ်ယန့်ဘက်ကိုလှည့်ကြည့်လိုက်သည့်အခါ ရွှယ်ယန်ကလည်း သူ့ကိုလှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။
ရွှယ်ယန်က စကားမပြောနေသော်လည်း သူ့အကြည့်များက နက်ရှိုင်းလွန်းနေသည်။
ကျွင်းဟွိုင်လန်မှာ ယခုလက်ရှိအချိန်၌ အထွေအထူးလုပ်စရာမရှိတော့၍ စိတ်ဓာတ်ပြင်းပြမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူ အိမ်သို့ အမြန်ပြန်သွားပြီး သူနှင့် ရွှယ်ယန်အကြားမှ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တော့မည်ဖြစ်သည်။
——
နန်းတွင်းထဲတွင် လျှို့ဝှက်လမ်းကြောင်းတစ်ခုရှိသည်။
ရွှယ်ယွင်ဟုန်နှင့် ရှုရှန့်တို့ ဆွေးနွေးပြီးချိန်တွင် ရှုရှန့်က ရွှယ်ယွင်ဟုန်ကို လျှို့ဝှက်လမ်းကြောင်းတစ်ခုမှ ထွက်ပြေးခိုင်းရန် ကြံစည်ခဲ့သည်။ ထိုလျှို့ဝှက်လမ်းက နန်းမြို့တော်ထဲသို့သာ ဦးတည်သွားသော်လည်း ချန်အန်းမြို့က ကြီးမားလွန်းသည်ဖြစ်ရာ လူတစ်ယောက်ကို ရှာဖွေလိုပါက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသကဲ့သို့ ဖြစ်သွားလိမ့်မည်။
အမိန့်စာတစ်စောင်ရေးသားပြီး နဂါးတံဆိပ်တော်ကို ရိုက်နှိပ်ကာ ယူဆောင်လာခဲ့သည်။ ဧကရာဇ်ချင်းဖျင် ရောဂါဖြင့် အိပ်ရာထဲ မလဲနေမီအချိန်က အမိန့်တော်တစ်ခု ထုတ်ပြန်ထားသကဲ့သို့ မင်းသား၄ကို အိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်ထားကြောင်း အတုအယောင်ပြုလုပ်ခဲ့သည်။
ထီးနန်းဆက်ခံသူကို နောက်ခံအင်အားတောင့်တင်းမှုရှိသူနှင့် စစ်အင်အားရှိသူအပေါ် မူတည်၍ မရွေးချယ်ပဲ တရားမျှတမှုအပေါ် မူတည်၍ ရွေးချယ်ထားကြောင်း ရေးသားခဲ့သည်။
ထိုအချိန်တွင် သူတို့က ရွှယ်ယွင်ဟုန်ကို ချန်အန်းမြို့မှ ထွက်ပြေးပြီး ချင်မန်တံခါးသို့ရောက်အောင် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ ချင်မန်တံခါးတွင် သူတို့ဘက်မှ အသုံးချနိုင်သော လူအချို့ ရှိနေသေးသည်။ ထို့နောက် အမိန့်စာအတုကို ကြေညာခဲ့ပြီး ရွှယ်ယွင်ဟုန်ကသာ ထီးနန်းဆက်ခံထိုက်သူဖြစ်ကြောင်း အများသိအောင် ပြုလုပ်ခဲ့သည်။ အကယ်၍ ရွှယ်ယန်က ထီးနန်းဆက်ခံလိုက်ပါက မင်းအမိန့်ကို ဖီဆန်သည့် တိုင်းပြည်သစ္စာဖောက်ဖြစ်လာနိုင်သည်။
ထိုအခါ ပြန်လည်တိုက်ခိုက်နိုင်ရန် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။
ရွှယ်ယွင်ဟုန်က လျှို့ဝှက်လမ်းကြောင်းထဲ ဝင်လာခဲ့သည်။
လျှို့ဝှက်လမ်းကြောင်းက တော်ဝင်စာကြည့်ဆောင်ထဲတွင်ရှိသည်။ ထိုလမ်းမှတောက်လျှောက်ထွက်သွားပါ နန်းမြို့တော်အပြင်ဘက်သို့ ရောက်သွားလိမ့်မည်ဖြစ်သည်။ သူတို့အားလုံး မူလက ထိုလမ်းကို မသိကြပေ။ သို့ရာတွင် သူတို့ဘက်၌ ဧကရာဇ်၏ဘေးတွင်နှစ်ပေါင်းများစွာနေခဲ့သောလင်းဖူရှိနေ၍ ဤလျှို့ဝှက်နေရာကို သိသွားကြသည်။
လင်းဖူက သူတို့ထွက်ပြေးနိုင်ရန်အတွက် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်။
လူတစ်အုပ်စုက မီးအိမ်များကိုင်ပြီး လမ်းကြောင်းထဲဝင်လာကြသည်။
လမ်းက မှောင်မည်းပြီး ကျဉ်းမြောင်းလွန်းလှသည်။ ဤလမ်းကို ယခင်မင်းဆက်တည်ထောင်စဉ် နန်းတော်ကို ဆောက်လုပ်စဉ်က အတူတူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အသုံးမပြုပဲ ပစ်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ အသုံးမပြုသောကြောင့် ရှင်းလင်းသန့်ရှင်းရေးလုပ်မည့်လူလည်းမရှိသောကြောင့် အလင်းရောင်မရှိရုံသာမက ဆွေးမြေ့နေသောအနံ့ပါထွက်နေသည်။
ရွှယ်ယွင်ဟုန်မှာ ဒယိမ်းဒယိုင်ဖြင့်လျှောက်နေရသည်။ သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမှ ဤမျှ အရှက်မကွဲခဲ့ဖူးပေ။
သူ အံကြိတ်ထားသည်။
" ဒီနေ့ အရှက်ခွဲခံရတာကို အနာဂတ်မှာ အဆတစ်ရာလောက် ပြန်ပေးဆပ်စေရမယ်..."
ရှုရှန့်က သူ့နောက်မှလိုက်လာသည်။ သူ့စကားကိုကြားသည့်အခါ သူကစိုးရိမ်နေခဲ့ရာမှ စိတ်အေးသွားရသည်။
ရွှယ်ယွင်ဟုန် ကြောက်နေမည်ကို သူ စိုးရိမ်နေခြင်းဖြစ်သည်။ ယခုချိန်မှစ၍ သူတို့က ရှင်သန်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားရတော့မည်ဖြစ်ကာ ရှုမိသားစု၏ ရာစုနှစ်တစ်ခုစာ တည်ထောင်ခဲ့ရသော အခြေခံအုတ်မြစ်က တစ်ချက်တည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
" အရှင့်သားမှာ အဲ့လိုရည်မှန်းချက်ရှိနေမှတော့ ကျုပ်လည်း စိတ်အေးရပါပြီ... ရှုမိသားစုက အတိတ်ကလောက် အင်အားမကြီးနိုင်တော့ပေမယ့် စစ်သည်တွေ မြင်းတွေ ရှိသေးတဲ့အပြင် အရေးပေါ်သုံးလို့ရမယ့် ရွှေငွေတွေ ရှိပါသေးတယ်... အရှင့်သားက ဘေးကင်းအောင် နေရုံပါပဲ မိသားစုတစ်ခုလုံးက အရှင့်သားချန်အန်းကို ပြန်လာနိုင်အောင် ကူညီပေးမှာပါ..."
ရွှယ်ယွင်ဟုန် အံကြိတ်နေသည်။
" အဲ့ ရွှယ်ယန်ဆိုတဲ့ကောင်ကို ကျိန်းသေပေါက် သတ်ပစ်ဦးမယ်..."
ရှုရှန့် ခေါင်းငြိမ့်လိုက်သည်။
" ဒီအချိန်ဆိုရင်တော့ ရွှယ်ယန်က နန်းတွင်းထဲ မရောက်သေးဘူးထင်တာပဲ ကျုပ်တို့ ဘေးကင်းကင်းနဲ့ ထွက်သွားလို့ရမှာပါ... အရှင့်သားက အခုလောလောဆယ် သတိထားဖို့လိုပါသေးတယ် စိတ်လိုက်မာန်ပါမလုပ်ပါနဲ့... ကျုပ်တို့ စီစဉ်စရာရှိတာ စီစဉ်ပြီး အမိန့်တော်လုပ်ပြီးရင် ချင်မန်တံခါးကို သွားကြပါမယ်..."
ရွှယ်ယွင်ဟုန်က ပြန်ဖြေလိုက်သည်။
လူတစ်အုပ်စုက ရှေ့သို့ ဆက်လက်သွားနေကြသည်။
နန်းမြို့တော်က အလွန်ကြီးမားလှပြီး တော်ဝင်စာကြည့်ဆောင်ကလည်း မြို့လယ်တွင် တည်ရှိခြင်းဖြစ်သည်။ ရွှယ်ယွင်ဟုန်မှာ တစ်လမ်းလုံးလမ်းလျှောက်လာရ၍ ခြေထောက်များပျော့ခွေပြီး ဝတ်ရုံတွင်လည်း ဖုန်များ ရေညှိများဖြင့်ကပ်ညှိနေကာ ဝတ်ရုံအစွန်းနားတွင်လည်း ရွံ့ပေကုန်သည်။ ထိုအချိန်တွင် လင်းဖူ၏အသံကို ကြားလိုက်ရသည်။
" ရောက်ပြီပဲ... အရှင့်သား စိတ်မပူပါနဲ့တော့ ထွက်ပေါက်က ရှေ့တည့်တည့်မှာ ရှိနေပြီ..."
ရွှယ်ယွင်ဟုန်မှာ လှိုဏ်ခေါင်းထဲမှ မြောင်းပုပ်နံ့ကြောင့် အော့အန်မိမတတ်ဖြစ်နေ၍ ထိုအသံကို ကြားလိုက်သောအခါ ချက်ချင်းမော့ကြည့်လိုက်သည်။
မှောင်မည်းနေဆဲဖြစ်၍ လင်းဖူက လက်ဆန့်၍ လျှို့ဝှက်တံခါးကို စမ်းကြည့်နေသည်။
" ဒီကထွက်လိုက်ရင် အပြင်ဘက်မြို့ရိုးနားကို ရောက်သွားမယ်ထင်တယ်... အရှင့်သား ဒီနေရာက တိတ်ဆိတ်လွန်းတယ် ဘယ်သူမှ မလာကြပါဘူး..."
လင်းဖူက တံခါးကို တွန်းနေလျက်နှင့် ပြောလိုက်သည်။
ထို့နောက် တံခါးကို တွန်းဖွင့်လိုက်သည့်အခါ တောက်ပသောအလင်းရောင်က ချက်ချင်း ထိုးဖောက်ဝင်ရောက်လာသည်။
ရွှယ်ယွင်ဟုန်ကဲ့သို့ အမြဲတစေ အေးဆေးတည်ငြိမ်စွာနေတတ်သူမှာ ယခုအချိန်တွင် မစောင့်ဆိုင်းနိုင်တော့ပဲ အလင်းရောင်မြင်နေရသောနေရာကို ခေါင်းပြူကြည့်လိုက်သည်။
သို့ရာတွင် လတ်ဆတ်သောလေကို မရှုရှိုက်ရမီမှာပင် သူ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားသည်။
လိုဏ်ခေါင်း၏အပြင်ဘက်တွင် ခုံတစ်လုံးရှိနေပြီး ထိုခုံတွင် ထိုင်နေသူက ရွှယ်ယန် ဖြစ်နေသည်။
သူက ခြေထောက်ချိတ်ထိုင်နေပြီး လက်တစ်ဖက်ကို ခုံလက်တင်ပေါ်တွင် ထောက်ထားကာ မေးစေ့ကို လက်ချောင်းဖြင့် ပွတ်နေသည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သံချပ်ကာအနက်ရောင်ဝတ်ဆင်ထားသည့် စစ်သည်များက မဖြိုလှဲနိုင်သော နံရံကြီးကဲ့သို့ ရှိနေသည်။
ရွှယ်ယွင်ဟုန်က ပယင်းရောင်မျက်ဝန်းများကို မှင်သက်စွာကြည့်နေမိသည်။
ထိုမျက်ဝန်းများက ရေခဲတမျှအေးစက်နေပြီး စိတ်မရှည်သည့် အရိပ်အယောင်များ မြင်နေရသည်။
" ရွှယ်ယွင်ဟုန် ငါက မင်းကို ဉာဏ်ကောင်းတယ်လို့တွေးခဲ့ပေမယ့် အဲ့လောက် တုံးအနေမယ်မထင်ထားမိဘူး..."
သူ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ပြုံးလိုက်သည်။
" နန်းတွင်းတစ်ခုလုံးရဲ့ တစ်ခုတည်းသောလိုဏ်ဂူက တုန်းချန်ဘေးနားမှာ ရှိတာလေ... မင်းဘယ်ကို ပြေးနိုင်မယ်လို့ ထင်နေတာလဲ..."
Xxxxx