အပိုင်း ၁၅၅
Viewers 36k

Chapter 155


ထိုအမေးကြောင့် ခေါင်းဆောင်စစ်သူကြီးက ခေါင်းငြိမ့်ပြလိုက်သည်။


" စစ်သူကြီးရှုက အရင်တည်းက ငါ့ကို ကတိပေးထားတယ်... ဒီကိစ္စကြီး အောင်မြင်သွားရင် ချင်မန်တံခါးကို ပြန်သွားစရာ မလိုတော့ဘူး..."


လုပ်စရာအထွေအထူးရှိမနေ၍ လက်ထောက်စစ်သူကြီးက သူ့ကို စိတ်ဝင်တစားဖြင့် မေးလိုက်သည်။


" ဒါဆိုရင် ကျွန်တော်တို့ ဘယ်သွားရမယ်လို့ စစ်သူကြီးရှုက ပြောလဲ..."


ခေါင်းဆောင်စစ်သူကြက ခဏရပ်သွားပြီး စကားဆက်မပြောတော့ပေ။


စစ်သူကြီးရှုက သူတို့ကို သီးသန့်တွေ့ဆုံပြီး အစီအစဉ်တွင် ကူညီပေးရန်ပြောစဉ်က အာမခံချက်ပေးထားခဲ့ခြင်းဖြစ်သည်။ ဤကိစ္စ အောင်မြင်သွားသည်နှင့် ဧကရာဇ်အသစ်က ယုံနင်မြို့စားအိမ်တော်ကို အမြစ်ပြတ် ရှင်းပစ်မည်ဖြစ်သည်။ ထိုအချိန်တွင် ယုံနင်မြို့စားကတော်၏မိသားစုလည်း အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။


ယုံနင်မြို့စားကတော်၏ အစ်ကိုကြီးက ယွီမန်တံခါးကို စောင့်ကြပ်ရသော စစ်သူကြီးဖြစ်သည်။ 


ယွီမန်တံခါးက အနောက်ဘက်ဒေသများကို တိုက်ရိုက်ဦးတည်သွားသော နယ်စပ်တံခါး‌ဖြစ်သည်။ ထိုနေရာတွင် တစ်နှစ်ပတ်လုံး အေးချမ်းနေရုံသာမက  စီးပွားဖြစ်ထွန်းစေနိုင်သည့် သယံဇာတများလည်း ကြွယ်ဝသည်။ 


ရှန်းမိသားစု ( ယုံနင်မြို့စားကတော်ဘက်က မိသားစု ) ကို ကိုင်တွယ်ပြီးပါက ယွီမန်တံခါးနေရာကို သူတို့ကို လက်လွှဲပေးမည်ဟု စစ်သူကြီးရှုက ပြောခဲ့သည်။


သူတို့ ဤကိစ္စကိ သိကြသည်။ သို့ရာတွင် ဤကိစ္စမအောင်မြင်မီတွင် ဤသတင်းက ပျံ့နှံ့သွား၍ မရပေ။ 


ခေါင်းဆောင်စစ်သူကြီးက တွန့်ဆုတ်နေမိသည်။


လက်ထောက်စစ်သူကြီးက သူ့အခြေအနေကို မြင်သည့်အခါ ထပ်မပြောတော့ပဲ ပြုံးပြလိုက်သည်။


" စစ်သူကြီး ဘာတွေကြောက်နေတာလဲ... ပြီးတော့ မင်းသား၄က နန်းတက်ရမှာ သေချာနေတာပဲကို ကျွန်တော်တို့ ဘာကိုကြောက်ရမှာလဲ..."


၎င်းက အမှန်တရားဖြစ်ကြောင်းကို စစ်သူကြီးသိသည်။


လက်ထောက် စစ်သူကြီးကဆက်ပြောသည်။


" ပြီးတော့ ကျွန်တော်တို့တွေ ဒီနေရာကို စောင့်ကြပ်နေတာပဲ... ချန်အန်းမြို့ထဲကို ယင်ကောင်တစ်ကောင်တောင် ဝင်သွားလို့မရဘူး... အဲ့တော့ ခုချိန်ရောက်မှတော့ ဘာမှမပြောင်းလဲတော့ပါဘူး... အဲ့တော့ စစ်သူကြီးစိတ်ထဲက အရာတွေကို ပြောပြမယ်‌ဆိုလည်း ရပါတယ်..."


စစ်သူကြီး၏စိတ်က ယိမ်းယိုင်သွားမိသည်။


" ဒါဆိုလည်း ပြောပြရတာပေါ့..."


လက်ထောက်စစ်သူကြီးက ခေါင်းငြိမ့်ပြလိုက်သည်။


" စစ်သူကြီးရှုပြောတာတော့ ဒီကိစ္စအောင်မြင်သွားပြီဆိုရင်..."


သူ့စကားသံက ချက်ချင်းပြတ်တောက်သွားသည်။ 


လက်ထောက်စစ်သူကြီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ 


လေထဲမှ ပျံသန်းလာသော ချွန်ထက်သည့်မြှားတစ်စင်းက မတုံ့ပြန်နိုင်မီအချိန်မှာပင် သူ့ရှေ့ရောက်လာသည်။


မြှားက ခေါင်းဆောင်စစ်သူကြီး၏လည်မျိုကို ဖောက်ထွင်းသွား၍ မျှော်စင်၏ ကျောက်တုံးနံရံပေါ် တွင် သူ့တစ်ကိုယ်လုံး ကပ်သွားသည်။ 


မျက်လုံးမမှိတ်နိုင်မီအချိန်မှာပင် အသက်ထွက်သွားခဲ့သည်။


တစ်ချိန်တည်းမှာပင် ‌ဓားအချင်းချင်းထိသံနှင့် ခြေသံများ၊ တိုက်ခိုက်အော်ဟစ်နေသံများက မျှော်စင်၏အောက်မှ ထွက်ပေါ်လာသည်။ 


လက်ထောက်စစ်သူကြီးက ‌မြို့တံခါးကို ငေးငိုင်ကြည့်နေလိုက်သည်။   


အရေအတွက်မများပြားလှသော်လည်း အနက်ရောင်သံချပ်ကာဝတ်ဆင်ထားသော တပ်စုတစ်စုက ညာသံမပေးပဲ ရောက်ရှိလာသည်။ သူတို့ ချီတက်လာစဉ်တွင် သံချပ်ကာအျားအချင်းချင်းပွတ်တိုက်သံကိုသာ ကြားနေရ၍ မြေအောက်ကမ္ဘာမှ တစ်ဟုန်ထိုးထွက်‌လာသော တစ္ဆေစစ်သည်များနှင့်ပင်တူနေသည်။ သူတို့က တိတ်ဆိတ်ပြီး ပေါ့ပါးသွက်လက်နေကာ စစ်သည်များကို သတ်ဖြတ်နေသည်။


မနီးမဝေးမှ စခန်းတစ်ခုက မီးစွဲသွားပြီဖြစ်သည်။ မီးကပြင်းလွန်းသောကြောင့် အချို့စစ်သားများမှာ စခန်းထဲမှ ကပျာကသီဖြင့် ထွက်ခွာလာကြသည်။ အချို့စစ်သားများမှာမူ အနက်ရောင်သံချပ်ကာဝတ်တပ်စုနှင့် တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း ဓားမထုတ်နိုင်မီအချိန်မှာပင် ထိုလူများ၏ဓားချက်အောက် အသက်ပျောက်သွားရသည်။ 


အချိန်တိုအတွင်းမှာပင် စခန်းထဲမှ စစ်သည်အများသု အဖမ်းခံလိုက်ရပြီး တပ်ဖွဲ့နှစ်ခုအကြားမှစစ်ပွဲက မစတင်မီတွင် အဆုံးသတ်သွားရသည်။


လက်ထောက်စစ်သူကြီးက အသက်မဲ့နေသောမျက်ဝန်းများဖြင့် အဝေးကိုကြည့်လိုက်သည်။


သူတို့နှင့် ဆယ်မီတာခန့်ကွာဝေးသောနေရာတွင် လူတစ်ယောက်က မြင်းတစ်ကောင်ပေါ်တွင် ငြိမ်သက်စွာထိုင်နေသည်။ 


မြင်းနက်ကြီးပေါ်မှလူက အနက်ရောင်ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့်နှင့်ဖြစ်သည်။ 


သူ့ကျောပေါ်တွင် လေးကိုသယ်ထား၍ တစ်ချက်ကြည့်လိုက်ရုံဖြင့် စစ်သူကြီးကို မြှားဖြင့်သတ်လိုက်သူမှာ ထိုလူဖြစ်ကြောင်း သိနိုင်သည်။ 


ထိုအခါမှသာ လက်ေထာက်စစ်သူကြီး အသိစိတ်ပြန်ကပ်သွားပြီး မျှော်စင်ပေါ်မှ ဆင်းလာသည်။ 


မျှော်စင်အောက်တွင်မူ တိုက်ခိုက်နေသံများကို ကြားရဆဲဖြစ်သည်။ ခြေနှစ်လှမ်းသာ ‌လှမ်းရသေးသည့်အချိန်တွင် သတင်းပို့ရန် အပေါ်တက်လာသော ဒဏ်ရာရနေသည့် စစ်သားတစ်ယောက်နှင့် လှေကားတွင် ဆုံမိကြသည်။ 


" လက်ထောက်စစ်သူကြီး... သူတို့တွေက အများကြီးပဲ ကျွန်တော်တို့ မတားနိုင်တော့ဘူး..."

ထိုစစ်သားက အမြန်ပြောလိုက်သည်။


" တခြားမြို့တံခါးတွေရော ဘယ်လိုလဲ... ငါတို့စခန်းက တောင်ဘက်အကျဆုံးနေရာမှာလေ...ဒါကြောင့်မို့ အရင်ဆုံးတိုက်ခိုက်ခံရတာဖြစ်မယ်... ချက်ချင်းပဲ လူနည်းနည်းရှာပြီး မြို့က်ိုဝိုင်းထားကိုဖျက်သိမ်းပြီး တခြားမြို့တံခါးတွေဘက်ကို သတင်းပို့ဖို့လွှတ်လိုက်စမ်း..."


ထိုစစ်သားက ခေါင်းခါလိုက်သည်။


" အတောက်ဘက်ဂိတ်မှာလည်း တစ်ယောက်ယောက်က ရောက်နေပြီးပြီ စစ်သူကြီး...ကျန်တဲ့ ဂိတ်ခုနစ်ခုလုံးကို လွန်ခဲ့တဲ့ တစ်ရှီချန်လောက်တည်းက  တိတ်တဆိတ် ထိန်းချုပ်ထားလိုက်ကြပြီ... သူတို့အားလုံး အချက်ပြဖို့အချိန်တောင် မရလိုက်ကြဘူး..."


လက်ထောက်စစ်သူကြီးမှာ အံ့အားသင့်သွားရသည်။


" စစ်သားတွေကို ဦးဆောင်လာတာ ဘယ်သူလဲ..."

သူ မှင်သက်နေလျက် မေးလိုက်သည်။


စစ်သားက သူ့မျက်ကို သုတ်လိုက်သည်။


"  မြင်လိုက်တဲ့လူတွေ ပြောကြတာတော့ ကွမ်းလင်ဘုရင်ခံနဲ့ သူခေါ်လာတဲ့ ယွင်ယန်သံမဏိမြင်းစစ်သည်တွေပါတဲ့... အခု ကျန်နေတဲ့ တံခါး၇ချပ်လုံးကို သူတို့ သိမ်းလိုက်ကြပြီ... သတင်းကြားမိတဲ့လူတစ်ယောက်ပြောတာတော့ ကွမ်းလင်ဘုရင်ခံက ချန်လဲ့ဂိတ်ထဲကနေ နန်းမြို့တော်ကို ဝင်တော့မှာတဲ့ စစ်သူကြီး..."


 ——

    

တစ်ရှီချန်အတွင်းမှာပင် ချန်အန်း၏ဂိတ်တံခါးအားလုံး အသိမ်းခံလိုက်ရသည်။


ချင်မန်မှစစ်သည်များက နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရသူများ မဟုတ်သည့်အပြင် ဤရက်ပိုင်းအတွင်းတွင် စိတ်အေးလက်အေးနေမိကြသည်။ ယနေ့တွင် ယွင်ယန်သံမဏိမြင်းစစ်သည်များ တိုက်ခိုက်ကြချိန်၌ သူတို့ ထမင်းချက်ရန် မီးမွှေးနေကြသည့်အချိန်နှင့် ဆုံမိသွားသည်။ ယွင်ယန်သံမဏိမြင်းစစ်သည်များက မြောက်ဘက်ဆုံးဂိတ်မှ စတင်တိုက်ခိုက်ကြပြီး ပထမဦးစွာ ဂိတ်ကို ပိတ်ဆို့ထားလိုက်ကြသည်။ ထို့နောက် မြို့အပြင်ဘက်မှ ချင်မန်စစ်သည်များကို ထိန်းချုပ်လိုက်ကြသည်။ မြင်းစစ်သည်များက အဖွဲ့နှစ်ဖွဲ့ခွဲထားပြီး တံခါးများကို နှစ်ဖက်ညှပ်၍ တိုက်ခိုက်ကြခြင်းဖြစ်ကာ နောက်ဆုံးတွင် ချန်လဲ့တံခါးတွင် စုဝေးခဲ့ကြ၍ အစောင့်များကို သတ်ဖြတ်ကာ ချန်လဲ့ဂိတ်ကို အေးအေးဆေးဆေးရယူနိုင်ခဲ့သည်။ 


တိုက်ပွဲအကြောင်းသတင်းပို့ချက်က မင်သား၄ထံသို့ ချက်ချင်းရောက်ရှိသွားသည်။ 


သူ့လက်များ မတုန်ယင်ပဲ မနေတော့ပေ။  


" အမတ်ကြီးရှု... ရွှယ်ယန်က ချန်လဲ့တံခါးကိုပါ သိမ်းနိုင်သွားပြီလို့ သတင်းလာပို့တယ်..."


ခဏအကြာမှ တော်၀င်စာကြည့်ဆောင်ထဲတွင်ရပ်နေသည့် ရှုရှန့်ကို ပြောလိုက်သည်။


ရွှယ်ယန်က အခြားသော တံခါးခုနစ်ခုမှ မဝင်ရောက်ခဲ့ပေ။  ထိုတံခါးများက သူ့ကို တားဆီးနိုင်သွားသောကြောင့်မဟုတ်ပဲ ရွှယ်ယန်က ထိုတံခါးများကိုပိတ်ဆို့ပြီး သူတို့ကို ချန်အန်းမြို့ထဲတွင် ပိတ်ထားလိုက်ခြင်းဖြစ်ကြောင်းကို ရွှယ်ယွင်ဟုန်သိသည်။


ရှုရှန့်မှာ ခဏတာ စကားမပြောနိုင်ဖြစ်သွားရသည်။ 


ရွှယ်ယွင်ဟုန် နောက်ဆုံးတွင် မတ်တပ်ထရပ်လာသည်။


" ရွှယ်ယန်က ဒီသတင်းကို ဘယ်လိုသိသွားရတာလဲ... သူ့မှာ ဘာလို့ စစ်သားတွေရှိနေရတာလဲ... အမတ်ကြီးရှု ကျွန်တော့်ကိုပြောတော့ ဘာမှလွဲချော်မှုမရှိဘူး‌ဆို..."


ရွှယ်ယွင်ဟုန်က ဒေါသတကြီးပြောလိုက်သည်။


ရှုရှန့်က ရွှယ်ယွင်ဟုန်၏ဒေါသကို ငြိမ်သက်စွာ တောင့်ခံထားရသည်။ 


ယနေ့တွင် ဖြစ်ခဲ့သည့်အကြောင်းများကို သူလည်း မမျှော်လင့်ထားပေ။ ချင်မန်စစ်သည်များကို မြို့အပြင်ဘက်တွင် စခန်းချပြီး ဘာမှမလှုပ်ရှားရန် ဟန့်တားသည်မှာလည်း သူကိုယ်တိုင်ဖြစ်သည်။


သို့သော် ထိုဟန့်တားမှုက အကျိုးသက်ရောက်မှု မရှိသည့်အပြင် ဝံပုလွေများကိုပါ ဆွဲဆောင်မိသွားခဲ့သည်။ 


ယခုချိန်တွင် သူတို့ကို မည်သူမျှ မကယ်နိုင်တော့သည်ကို ရှုရှန့်သိသည်။


သူတို့က အန္တရာယ်များသော လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ရွှယ်ယန့်ကို သေရေးရှင်ရေး အခြေအနေတစ်ခုထဲ တွန်းပို့ခဲ့သည်။ 


ယခုအခါတွင် ရွှယ်ယန်က ကစားပွဲကို ချုပ်ကိုင်ထားပြီးဖြစ်၍ အဆုံးသတ်ရမည့်လူများက သူတို့သာဖြစ်သည်။ 


ထိုအကြောင်းကို ရွှယ်ယွင်ဟုန်လည်း ရှင်းလင်းစွာသိသည်။ 


သူ အသက်ပြင်းပြင်းရှုလိုက်ပြီး ခဏအကြာတွင် ပါးစပ်ဟလိုက်သည်။  သူ့အသံက အက်ရှရှဖြစ်နေသည်။


" အမတ်ကြီးရှု့ ကျွန်တော်မသေနိုင်ဘူး... ရွှယ်ယန်ရဲ့လက်ထဲမှာ လုံးဝမသေနိုင်ဘူး..."


ရှုရှန့်လည်း ထိုကိစ္စကိုသိပေသည်။


သူ့ရှေ့မှ ကလေးက သမီးဖြစ်သူချန်ထားရစ်ခဲ့သော သွေးသားဖြစ်ကာ ရှုမိသားစုနှင့် တော်ဝင်မိသားစုကို သက်ဆိုင်စေသော တစ်ယောက်တည်းသော သွေးသားဖြစ်သည်။ 


သူ အသက်ရှင်နေသေးပါက ရှုမိသားစုတွင် အခွင့်အရေးရှိနေသေးပြီး အကယ်၍ သူ သေဆုံးသွားပါက ရှုမိသားစုလည်း လမ်းဆုံးရောက်ပြီဖြစ်သည်။


" အဖိုး အခုပဲ တစ်ခုခုစီစဉ်လိုက်ပါ့မယ်... အရှင့်သားက ချန်အန်းကနေ ဘေးကင်းကင်းထွက်သွားနိုင်ဖို့ပဲ ပြင်ထားပါ..."


ရွှယ်ယွင်ဟုန် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ခေါင်းခါလိုက်ပြန်သည်။


" မရသေးဘူး..."


" အခု  နောက်ဆုံးကျန်နေတဲ့ အချိန်လေးမှာ ကျွန်တော် အသက်ရှင်ချင်ရုံမကဘူး...ရွှယ်ယန့်ရဲ့ ဆွေမျိုးတွေ သူ့ဘက်က ရပ်တည်ပေးတဲ့ ကျွင်းမိသားစု ကျန်းမိသားစုဝင်တွေ အားလုံးကိုပါ သေသွားစေချင်တယ်..."


.........


ချန်လဲ့ဂိတ်တံခါးကြီးက ရုတ်တရက် ပွင့်လာသည်။ 


မင်းအပြောင်းအလဲဖြစ်ချိန်တွင် စစ်ရေးဆိုင်ရာ အငြင်းပွားစရာကိစ္စများ ရှိနေသရွေ့ ပြည်သူများက မလွဲမသွေ ထိခိုက်ခံစားရမည်သာဖြစ်သည်။ ရက်အနည်းငယ်ခန့်က ချန်အန်းမြို့ကို စစ်တပ်ကြီးတစ်ခုက ဝန်းရံထားပြီး မြို့ကိုပိတ်လှောင်ထားလုနီးပါးဖြစ်ခဲ့သည်။ 


မြို့တွင်းမြို့ပြင်မှ ပြည်သူများနှင့် ကုန်သည်များမှာ ဝင်ထွက်သွားလာလိုပါက အရေပြားအထက်မှ အင်္ကျီသုံးလွှာလုံးကို လှစ်ဟပြပြီး စစ်ဆေးမခံရသည့်လူမရှိပေ။ ခန္ဓာကိုယ်ကို ဂရုတစိုက်ရှာဖွေခံရရုံသာမက ဂိတ်အတွင်းအပြင်မှ စစ်သားများကို လာဘ်ထိုးရသေးသည်။ ထိုသို့လုပ်ဆောင်ရသော်လည်း ကံကောင်းမှသာ  ဖြတ်သန်းခွင့် ရပေသည်။ 


မြို့တွင်းတွင်လည်း ကုန်သည်များ၊ ကုန်စည်လှည်းများ ပိတ်မိနေပြီး အပြင်ထွက်ခွင့် မရရှိသကဲ့သို့ မြို့ထဲတွင် ရောက်ရှိနေသော အခြားနေရာမှ လူများမှာလည်း အိမ်ပြန်ခွင့်မရရှိပေ။ သူတို့အားလုံး မြို့ထဲတွင်ပိတ်‌မိနေကြပြီး ဘယ်မှမသွားနိုင်ဖြစ်နေသည်။


သို့ရာတွင် မည်သူမှ ဘာမှမပြောရဲကြပေ။ 


ယခုအချိန်တွင် နန်းမြို့တော်၌ ဖရိုဖရဲဖြစ်နေပြီး ဧကရာဇ်ကိုယ်တိုင်ကလည်း ထူးဆန်းသည့်ရောဂါကြောင့် သတိလစ်နေ၍ မည်သူမှ တစ်ခွန်းမှ မဟရဲကြပေ။


နောက်ဆုံးတိုက်ပွဲကြီးကို မြို့ထဲတွင် မတိုက်ခိုက်ရန်ကိုသာ မျှော်လင့်နေကြသည်။ 


သို့ရာတွင် ယနေ့မနက်စောစော၌ မြို့အပြင်ဘက်တွင် တိုက်ပွဲက ရုတ်ချည်းဖြစ်ပေါ်ခဲ့သည်။ 


နေ့လည်ခင်းအချိန်တွင် မြောက်ဘက်မှ တောင်ဘက်အထိ မြို့တံခါးများကို တစ်ခုပြီးတစ်ခု ပိတ်သွားခဲ့သည်။ ချန်အန်းမြို့တစ်ခုလုံး လှောင်ပိတ်ပြီး အကျဉ်းချခံလိုက်ရသကဲ့သို့ဖြစ်သွားကာ အပြင်ဘက်မှ တိုက်ခိုက်နေသံများနှင့် ဓားသံလှံသံနှင့် မီးလောင်ကျွမ်းနေသံများကိုသာ ကြားနေရသည်။ 


မွန်းလွဲအချိန်တွင် ချန်လဲ့တံခါးကြီးပွင့်လာသည်။ 


ချန်လဲ့ဂိတ်တံခါးကြီးက ချန်လဲ့ လမ်းမတည့်တည့်ကို ဦးတည်ထားပြီး မြောက်ပိုင်းကို တည့်တည့်သွားပါက နန်းမြို့တော်အပြင်ဘက်မှ ရွှမ်ဝူတံခါးသို့ ရောက်သွားနိုင်သည်။ 


ယခုအချိန်တွင်မူ မြင်းလှည်းရှစ်စီးခန့်ယှဉ်၍ သွားလာနိုင်သော ချန်လဲ့လမ်းမကြီးမှာ ဗလာကျင်းနေပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ကိုမှ မမြင်ရတော့ပေ။ မြို့ထဲမှလူများမှာ သတင်းရရှိထားပြီးဖြစ်၍  တံခါးများ၊ ပြတင်းပေါက်များကို ပိတ်ထားလျက် အိမ်ထဲတွင် ပုန်းနေကြသည်။ 


မည်သည့်ဘက်မှ အနိုင်ရသည်ဖြစ်စေ မြို့ထဲသို့ စစ်တပ်ကြီးဝင်လာမည်ကို သူတို့သိကြသည်။ 


စစ်တပ်ကြီးများ မြို့ထဲဝင်လာပြီးသည်နှင့် ပျက်စီးဆုံးရှုံးမှုများရှိလာမည်ဖြစ်ကာ မြို့ထဲတွင် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်ခြင်းလည်း ရှိလာနိုင်သည်။ သူတို့က လက်ဗလာဖြင့် ပြန်သွားရန်အကြောင်း မရှိပေ။ ပြည်သူများ၏အိမ်ထဲမှ ပစ္စည်းများ လုယူခိုးဝှက်ခြင်းလည်း ရှိလာနိုင်ပေသည်။ သို့ဖြစ်၍ တံခါးများ၊ ပြတင်းပေါက်များ ပိတ်ထားပါကလည်း အသုံးမဝင်နိုင်ပေ။ 


အဘယ့်ကြောင့်ဆိုသော် ချန်အန်းကို လွန်ခဲ့သည့်ရက်အနည်းငယ်တည်းက စစ်တပ်ကြီးဖြင့်ဝန်းရံထားခြင်းဖြစ်၍ ဖရိုဖရဲဖြစ်နေခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် စစ်တပ်က မြို့ထဲဝင်လာခဲ့ပြီဖြစ်သောကြောင့် အလွယ်တကူပြန်ထွက်သွားမည့်အကြောင်း မရှိတော့ပေ။ 


မြို့ထဲမှလူအားလုံးက အိမ်များထဲတွင် ပုန်းအောင်းနေကြပြီး လမ်းကိုမျက်နှာမူထားသောအိမ်များကမူ ပြတင်းပေါက်ဟရာများအကြားမှ အပြင်ဘက်ကို ချောင်းကြည့်နေကြသည်။ 


မြို့တံခါးကြီးကို ဖွင့်လိုက်ပြီဖြစ်၍ မြင်းခွာသံများနှင့် ချပ်ဝတ်တန်ဆာများထိသံတို့ကို အဝေးမှပင် ကြားနေရသည်။ ၎င်းတို့က မိုးခြိမ်းသံတမျှ ကျယ်လောင်လှပြီး ဝေးရာမှ တဖြည်းဖြည်းနီးလာသည်။ 


စစ်တပ်တစ်ခုလုံးက ငြိမ်သက်၍ သေသပ်စွာဖြင့် စီထားပြီး ချန်လဲ့တံခါးမှတစ်ဆင့် မြို့ထဲဝင်လာသည်။ ပြတင်းပေါက်များမှ လှမ်းကြည့်သည့်အခါ အနက်ရောင်သံချပ်ကာဝတ်စစ်သည်များက ချန်လဲ့လမ်းအတိုင်း မြောက်ဘက်သို့လာနေသည်ကို တွေ့လိုက်ရသည်။ 


လူတန်းကရှည်လျားလွန်းပြီး ထောင်နှင့်ချီသောလူများ မြို့ထဲဝင်လာသည်ကို မြင်နိုင်ပေသည်။ စစ်တပ်ကြီးက လမ်းမထက်မှသာ ငြိမ်သက်အေးဆေးစွာဖြတ်သန်းသွားပြီး အခြားလူများကို ထိခိုက်စေခြင်းမရှိပေ။ 


သူတို့အားလုံး ဘေးအန္တရာယ်ကြီးမှ လွတ်မြောက်သွားပြီဖြစ်ကြောင်းကို မြို့တွင်းမှလူများ သိလိုက်ကြသည်။ 


Xxxxxx