Chapter 154
သူက စစ်မြေပြင်တွင်သာ နေခဲ့ရသော ကြမ်းတမ်းသည့် စစ်သူကြီးတစ်ယောက်ဖြစ်၍ ကွာခြားချက်ကို နားမလည်ပေ။ သို့ရာတွင် ကွမ်းလင်ဘုရင်ခံ၏ အန္တရာယ်များပြီး အသက်ရှုကြပ်စေသည့်အရှိန်အဝါက နောက်သို့ခဏလှည့်လိုက်ချိန်တွင် အလွန်လျော့ပါးသွားသည်ဟု ခံစားလိုက်ရသည်။
သူ မော့ကြည့်နေချိန်တွင် ရွှယ်ယန်က သူ့စကားများကို ပြန်ဖြေသည်။
" ငါ သိပါတယ်... ဒီတစ်ကြိမ် ချန်အန်းကိုပြန်လာတာ အဲ့လိုကိစ္စဖြစ်လာမယ်လို့ထင်ထားလို့ ဖြေရှင်းဖို့ ရောက်လာတာပဲ.. မင်း စီစဉ်စရာရှိတာတွေ သွားစီစဉ်ပေးမှ ငါချက်ချင်း ပြန်သွားလို့ရမှာ..."
ရွှယ်ယန် လုပ်ဆောင်မည့်ကိစ္စကို ထိုအရာရှိက ချက်ချင်းသဘောပေါက်သွားသည်။
ဧကရာဇ်က ရုတ်တရက် အဆိပ်ခတ်ခံလိုက်ရပြီး ညီလာခံတွင်ပင် အမှုမထမ်းရသေးသော မင်းသား၄က ရုတ်ချည်း ပလ္လင်ပေါ် ရောက်သွားသည်။ သူက ချန်အန်းတွင် နေခဲ့ခြင်းမဟုတ်သော်လည်း ထီးနန်းနှင့် အထိုက်တန်ဆုံးလူက သူ့မျက်စိရှေ့မှ မင်းသားမှလွဲ၍ အခြားလူ မရှိနိုင်ပေ။
ယခုချိန်တွင် မင်းသားက ချန်အန်းမြို့သို့ ပြန်ရောက်လာပြီဖြစ်၍ သူပိုင်ဆိုင်သောအရာအားလုံးကို ပြန်လည်ရယူတော့မည်ဖြစ်သည်။
စစ်သူကြီး၏မျက်လုံးက အရောင်လက်သွားပြီး လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
" ဒီငယ်သား ချက်ချင်းပဲ သွားလုပ်လိုက်ပါ့မယ်... ကျွန်တော်မျိုးနောက်က လိုက်ခဲ့ပေးပါ..."
နေ့လည်ခင်းအချိန်တွင် သူတို့အုပ်စုက ချင်ဒေသကို ဖြတ်ကျော်လာပြီးနောက် ချန်အန်းမြို့ပြင်သို့ ရောက်ရှိလာသည်။ အဝေးမှကြည့်လိုက်ရုံဖြင့် ချန်အန်းမြို့ဂိတ်တံခါး၏အပြင်ဘက်မှ အရေအတွက်များပြားလှသော တပ်မကြီးကို မြင်လိုက်ရသည်။
အကယ်၍ သူတို့က ထွက်ခွာရန်စောင့်ဆိုင်းနေခြင်းဆိုပါက တပ်မကြီးက တစ်နေရာတည်းတွင် သေချာပေါက် စုဝေးနေမည်ဖြစ်ပြီး ဤသို့ ပြန့်ကျဲနေလိမ့်မည်မဟုတ်ပေ။
သူတို့က မြို့တံခါးတစ်ခုစီတိုင်းတွင် စောင့်ကြပ်နေကြသည်။ မြို့တံခါးတိုင်းကို တင်းတင်းပိတ်ထားပြီး ဂိတ်၏ထောင့်နေရာလေးမှ တံခါးငယ်လေးများကိုသာ လူအဝင်အထွက် ပြုလုပ်၍ရအောင် ဖွင့်ထားသည်။ သို့ရာတွင် မြို့တံခါးမှ အဝင်အထွက်ပြုလုပ်သူတိုင်းကို တင်းကြပ်စွာစစ်ဆေးပြီး အဝတ်အစားများနှင့် အိတ်များကိုပါ အကြိမ်ပေါင်းများစွာ ရှာဖွေစစ်ဆေးကြသည်။
အကယ်၍ ပြဿနာမရှိပါက ရွှေငွေများကို သိမ်းယူထားပြီးမှ လွှတ်ပေးသည်။
ဤမြို့စောင့်တပ်မှ စစ်သည်များမှာ အလွန်ရဲတင်းလွန်းကြသည်။ ချင်မန်တံခါးတွင် ခြေကုပ်ယူထားခဲ့ရစဉ်က သူတို့အားလုံးမှာ မချမ်းသာကြပဲ အစားအစာအနည်းငယ်နှင့် နည်းပါးသောလစာငွေများဖြင့်သာ နေထိုင်ခဲ့ကြရသည်။
ယခုအချိန်တွင်မူ သူတို့က ချန်အန်းသို့ ရောက်နေကြပြီး သူတို့၏ စစ်သူကြီးကလည်း အမတ်ချုပ်ကြီးရှု၏ မွေးစားသားဖြစ်ကာ ယခုလက်ရှိ ပလ္လင်ပေါ်ရောက်နေသော မင်းသား၄ကလည်း သူတို့စစ်သူကြီး၏ တူဖြစ်သည်။
သို့ဖြစ်၍ သူတို့က မြို့ပြင်တွင် တပ်စွဲနေထိုင်ပြီး တင်ထွက်သွားလာသူများကို စစ်ဆေးကာ ချန်အန်းတစ်မြို့လုံးကို ချုပ်နှောင်ထားသည် မင်းသား၄ က အိမ်ရှေ့စံမင်းသားဖြစ်လာသည်နှင့် တစ်ပြိုင်နက် နဂါးဧကရာဇ်၏နောက်လိုက်ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်သည်။
ထို့နောက်တွင် သူတို့အားလုံး ရာထူးတိုးမြှင့်ခံရပြီး လစာများလည်း တိုးသွားနိုင်သည်ဟု တွက်ဆနေကြသည်။
သို့ဖြစ်၍ ချန်းအန်းမြို့ပြင်ဘက်တွင် ခြေကုပ်ယူထားသည့် စစ်စခန်းမှလူများမှာ ဂုဏ်ယူဝံ့ကြွားပြီး ထောင်လွှားနေကြသည်။
ရွှယ်ယန်နှင့် ကျွင်းဟွိုင်လန်တို့က တည်ငြိမ်အေးဆေးစွာဖြင့်ပင် ချန်အန်းမြို့ပြင်ဘက်သို့ မြင်းစီးလာကြပြီး တောင်ကုန်းတစ်ခုနားအရောက်တွင် ရပ်တန့်လိုက်ကြသည်။
ရွှယ်ယန် မြင်းဇက်ကြိုးဆွဲလိုက်ချိန်တွင် တစ်ဖွဲ့လုံးက အရှိန်လျှော့လိုက်ကြသည်။
" ဒီနေရာလား..."
ကျွင်းဟွိုင်လန် မေးလိုက်သည်။
ရွှယ်ယန်က အရှေ့ကိုသာ ကြည့်နေသည်။
အဝေးမှ တောင်ကုန်းများကို လှမ်းကြည့်ပါက ဘာမှမရှိသည်ဟု ထင်ရသော်လည်း လွန်ခဲ့သည့်သုံးနှစ်ခန့်က ယွင်ယန်တိုက်ပွဲတွင် ကျန်ရစ်ခဲ့သော ယွင်ယန်သံမဏိမြင်းစစ်သည်များက ထိုနေရာတွင်ရှိသည်ကို သူသိသည်။
သူ မှတ်မိသရွေ့ သူကိုယ်တိုင်ကလည်း ယွင်ယန်သံမဏိမြင်းစစ်သည်များ၏ စစ်တန်းလျားတွင် ကြီးပြင်းလာခြင်းဖြစ်သည်။
သံမဏမြင်းစစ်သည်များက အနက်ရောင်ချပ်ဝတ်နှင့် ရွှေရောင်အလံများကို ကိုင်ဆောင်ကြသည်။ ဆောင်းရာသီ၌ နယ်ဒေသ၏ ကျယ်ပြန့်လှသော နှင်းတောထဲတွင် တောင်တန်းများပေါ်မှ အနက်ရောင်နှင့် ရွှေရောင်များမှာ သူကလေးဘဝတည်းက မှတ်ဉာဏ်ထဲ စွဲထင်နေခဲ့သောအရာဖြစ်သည်။
သူ ကျွင်းဟွိုင်လန်ကို လှည့်ကြည့်လိုက်သည်။
ကျွင်းဟွိုင်လန်ကလည်း သူ့အနားရောက်သည်အထိ မြင်းစီးလာပြီး စစ်တပ်ကြီးကို ရှာဖွေနေသည်အား မြင်လိုက်ရသည်။
သုံးနှစ်တာခန့် ငြိမ်သက်နေခဲဲ့သော အနက်ရောင်နှင့် ရွှေရောင်စစ်တပ်ကြီးက ထိုတောင်ကုန်းများအကြားကိန်းဝပ်နေမည်ကို ရွှယ်ယန်သိသည်။
ထူးဆန်းစွာဖြင့် ရွှယ်ယန်၏ နှလုံးခုန်နှုန်းများ မြန်ဆန် လာရသည်။
သူက ကလေးဘဝတည်းက အခြေတကျမနေထိုင်ခဲ့ရသော်လည်း ယခုအချိန်တွင် ကျွင်းဟွိုင်လန်ကို သူ့အိမ်သို့ ခေါ်လာသည်ဟု ခံစားနေမိသည်။
ထိုခံစားချက်ကြောင့် ရင်ခုန်သံ မြန်ဆန်လာရခြင်းဖြစ်သည်။
" လက်ဖြန့်လိုက်..."
သူ ကျွင်းဟွိုင်လန်ကို ရုတ်တရက် ပြောလာသည်။
ကျွင်းဟွိုင်လန်က မြင်းဇက်ကြိုးကိုင်ထားသော လက်တစ်ဖက်ကိုလွှတ်ပြီး သူ့ဘက်သို့ ကမ်းပေးလာသည်။
မြင်းပေါ် ထိုင်နေလျက်နှင့်ပင် ရွှယ်ယန်က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
ကျွင်းဟွိုင်လန် လန့်သွားပြီး သူ့လက်ထဲမှ ရုန်းလိုက်မိသည်။
အကြိမ်အနည်းငယ်ခန့် ရုန်းကန်နေသော်လည်း သူ့လက်ကိုမလွှတ်ပေးပေ။ ထိုအစား ရွှယ်ယန်က သူ့လက်ကို ကိုင်ထားလျက်နှင့်ပင် သူနှင့်ဘေးချင်းယှဉ်ပြီး မြင်းကို ရှေ့သို့ တဖြည်းဖြည်းချင်း စီးသွားလိုက်ပြီးမှ ပြုံးပြကာလွှတ်ပေးလိုက်သည်။
ကျွင်းဟွိုင်လန်က သူ့လက်ကိုအမြန်ပြန်ရုတ်ပြီး ရွှယ်ယန့်ကို စိုက်ကြည့်လိုက်သော်လည်း သူ့အပြုံးများနှင့်သာရင်ဆိုင်လိုက်ရသည်။
မိမိပိုင်ဆိုင်သောအရာကို ရှာတွေ့သွားရခြင်းဟူသည့် စိတ်အေးချမ်းမှုကို မည်သည့်အရာကမှ မလှည့်ဖျားနိုင်ပေ။
ကျွင်းဟွိုင်လန်က ချေပပြောဆိုမည့်စကားများကို ပြန်လည်သိမ်းဆည်းထားလိုက်ရတော့သည်။
" နောက်တစ်ခါ အဲ့လိုမလုပ်နဲ့..."
ခဏအကြာမှ သူတီးတိုးပြောလိုက်သည်။
ရွှယ်ယန်က အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
" ကိုယ့်ရဲ့ ယွင်ယန်သံမဏိမြင်းစစ်သည်တွေက ဘယ်လိုပုံစံမျိုးဆိုတာ နောက်မှပြမယ်..."
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်၍ တုံ့ပြန်လိုက်သော်လည်း သူ့ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို ဖော်ပြလိုက်သည်။
" ငါတို့ဖြတ်လာခဲ့တာ မြို့တံခါးနည်းနည်းပဲဆိုပေမယ့် လူအင်အားက များလွန်းတယ်... တွက်ကြည့်ရင် သူတို့အင်အားက လူတစ်သိန်းထက်နည်းမှာမဟုတ်ဘူး..."
ရွှယ်ယန်က ချန်အန်းမြို့ပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
အနီးဆုံးမြို့တံခါးကိုလှမ်းကြည့်လိုက်ပါက နေ့လည်ခင်းအချိန်မရောက်သေးသော်လည်း မီးမွှေးကာ စတင်ချက်ပြုတ်နေပြီဖြစ်ကြောင်း သူမြင်လိုက်ရသည်။
ရွှယ်ယန်က အထင်အမြင်သေးစွာဖြင့် စိတ်ထဲတွင် လှောင်ပြောင်သရော်လိုက်သည်။
ချင်မန်တံခါးက စစ်သည်တွေက ဒီထက် သုံးဆ ဒါမှမဟုတ် ငါးဆလောက် ပိုရောက်လာမယ်ဆိုလည်း ဘာကိုကြောက်ရမှာလဲ...
သူတစ်ဖက်ပြန်လှည့်လာပြီး လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ကျွင်းဟွိုင်လန်၏ပါးပြင်ကို လက်ဆစ်များဖြင့် အသာအယာပွတ်သပ်လိုက်သည်။
" ကြောက်စရာမလိုပါဘူး..."
ချန်အန်း၏တောင်ဘက်ဆုံးပိုင်းတွင်ရှိသော ချန်လဲ့တံခါးကို စောင့်ကြပ်ရသည့် စစ်သူကြီးသည်လည်း ဧကရာဇ်ချင်းဖျင်၏ကိစ္စဖြစ်သွားသောနေ့က ကျင်းပသည့် စားသောက်ပွဲကို တက်ရောက်ခဲ့ရသည်။
ချင်မန်တံခါးမှ အကြီးပိုင်းစစ်သူကြီး
တစ်ယောက်ချင်းစီက ရှုကျုံးလျန်၏လူယုံများဖြစ်သည်။ စစ်တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်သူများက ပြည်တွင်းရေးစီမံသည့်အမတ်များနှင့် ကွဲပြားကြသည်။ သူတို့က ရန်သူကို အတူတကွတိုက်ခိုက်ကြပြီး အထက်လူကြီးစကားကိုလည်း တစ်သွေမတိမ်းလိုက်နာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ အထက်လူကြီးနှင့် လက်အောက်ငယ်သားတို့အကြားမှ ဆက်ဆံရေးက ဖျက်ဆီးမရနိုင်တော့ပေ။
ထို့အပြင် ရှုကျုံးလျန်ကလည်း အလွန်အမင်းအရည်အချင်းပြည့်မီသော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။
ချင်မန်တံခါးက နယ်စပ်ဒေသနှင့် အခြားစီရင်စုများနှင့် ကွဲပြားသည်။ ရှေ့တန်း နယ်စပ်ဒေသမှ အစောင့်များမှာ ဧကရာဇ်နှင့် အနေဝေးလှ၍ ပို၍လွတ်လပ်မှုရှိသည်။ စီရင်စုဒေသမျိုးမှ အစောင့်များမှာမူ စစ်ရေးနှင့်ဆိုင်သော ကိစ္စကြီးကြီးမားမားမရှိ၍ နေ့စဉ်ဘဝက အေးအေးလူလူပင်ဖြစ်နေသည်။
သို့ရာတွင် ချင်မန်တံခါးမှလူများ၏ ဘဝက အဆိုးရွားဆုံးဖြစ်သည်။
ရှုကျုံးလျန်မရောက်လာမီအချိန်ထိ သူတို့က ခက်ခဲကြမ်းတမ်းစွာ နေထိုင်ခဲ့ရသည်။
သို့သော် ရှုကျုံးလျန် ချင်မန်တံခါးတွင် အစောင့်စစ်သူကြီးဖြစ်လာချိန်မှစတင်၍ အခြေအနေက ပြောင်းလဲသွားခဲ့သည်။
သူက နူးညံ့သိမ်မွေ့၍ စိတ်ထားကောင်းသူတစ်ယောက်ဖြစ်ကာ လက်အောက်ငယ်သားများကို ကောင်းကောင်းမွန်မွန်ဆက်ဆံသည်။ အရေးကြီးဆုံးအရာမှာ ဒုက္ခရောက်၍ ကြပ်တည်းနေသော စစ်သည်များနှင့် လောဘကြီးသော စစ်သူကြီးများကို မျက်ကွယ်ပြုထားတတ်သည့် ချန်အန်းမှအရာရှိများ စစ်ဆေးရန် ရောက်လာချိန်တွင်လည်း သူတို့ကို အရူးလုပ်နိုင်ခဲ့သည်။
အစပိုင်းတွင်မူ စစ်သူကြီးအချို့က ငွေအလွဲသုံးစားလုပ်ကြခြင်းဖြစ်သည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ သူတို့ အလွန်အကျွံမပြုလုပ်ပါက စစ်သူကြီးရှုက သူတို့ဘဝကို ပျက်စီးအောင် မပြုလုပ်မည်ဖြစ်ကြောင်း သိလိုက်ကြသည်။
ချင်မန်တံခါးမှ အစောင့်စစ်သူကြီးတိုင်းက ရှုကျုံးလျန်ကို အနည်းနှင့်အများ ကျေးဇူးရှိကြသည်။ နောက်ဆုံးတွင် ရှုကျုံးလျန်က သူတို့ထဲမှ လူအချို့ကိုရွေးချယ်ပြီး သူ့လူယုံများဖြစ်စေခဲ့သည်။
ဤတစ်ကြိမ်တွင် မင်းကြီးက သူတို့ကို မဆင့်ခေါ်မီအချိန်တည်းက ထိုလူများကို စုစည်းပြီး သူ့အကြံအစည်ကို ပြောပြခဲ့သည်။ သူတို့ထဲတွင် သဘောမတူသည့်လူတစ်ယောက်မှ မရှိပေ။
သူတို့အားလုံးက ခေါင်းဆောင်နောက်ကို သေမတူရှင်မကွာလိုက်ကြမည့်လူများဖြစ်သည်။ သူတို့စစ်သူကြီး၏ ကိစ္စကြီး ပြီးဆုံးသောအခါတွင်လည်း ရာထူးတက်ပြီး လူချမ်းသာများဖြစ်လာရန် အခွင့်အရေးများ ရှိကြသေးသည်။ ထိုသို့ဖြစ်ပါက ချင်မန်တံခါးတွင် အမြဲတစေ စောင့်ကြပ်နေရန် မလိုအပ်ကြတော့ပေ။
ထိုစစ်သူကြီးများက ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေကြသည်။
သို့ဖြစ်၍ ဤရက်ပိုင်းအတွင်း ဖြစ်ခဲ့သောကိစ္စများက သူတို့၏ မှန်းဆချက်အတိုင်းသာဖြစ်သည်။
သူတို့က ချန်အန်းမြို့ပြင်ဘက်တွင် စခန်းချထားပြီး မြို့တံခါးရှစ်ခုကိုသာစောင့်ကြပ်ရန် လိုအပ်ပြီး အခြားသောကိစ္စများကို စိတ်ပူရန်မလိုပေ။ သူတို့၏ တပ်မကြီးကိုကြည့်ပြီး မြို့တွင်းမှ လူများကလည်း လွယ်လွယ်နှင့်လှုပ်ရှားရဲမည်မဟုတ်ပေ။ တိုက်ခိုက်ရမည်ကိုကြောက်ရွံ့သော အရာရှိများနှင့် ကုန်သည်အချို့က သူတို့အနာဂတ်အတွက် မြို့ပြင်မှလူများကို မျက်နှာချိုသွေးပြီး လာဘ်ထိုးကြသည်။
၎င်းရက်အနည်းငယ်အတွင်း သူတို့ဘဝက အလွန်အဆင်ပြေနေခဲ့သည်။
တစ်ချိန်တည်းမှာပင် စစ်သူကြီးရှုက သူတို့ကို ကိစ္စတစ်ခုပြုလုပ်ပေးခဲ့သည်။
ချန်အန်းက အလွန်အမင်းကြွယ်ဝပြီး အေးချမ်းနေခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာပြီဖြစ်သည်။ ဤနေရာတွင် တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ခြင်းမရှိ၍ ဘဏ္ဍာတိုက်ကလည်း ပြည့်နေသည်။ ဤရက်ပိုင်းအတွင်းတွင် စစ်သူကြီးရှုက မြို့ပြင်သို့ စားနပ်ရိက္ခာနှင့် ငွေကြေးများ အမြဲမပြတ်ပို့ပေးပြီး ဖြန့်ဝေခဲ့သည်။ ရာထူးနိမ့်သောစစ်သည်များသည်ပင် ဆုကြေးအနေဖြင့် ငွေဒင်္ဂါးအနည်းငယ်ရရှိခဲ့ပြီး စစ်တပ်ကြီးတစ်ခုလုံးက နေ့စဉ်နေ့တိုင်း အသား စားနေနိုင်ပေသည်။
ဤကဲ့သို့သောနေ့ရက်မျိုးက ချင်မန်တံခါးတွင် ရှိနေခဲ့စဉ်က နှစ်သစ်ကူးပွဲပြုလုပ်ချိန်နှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။
အထွေအထူး လုပ်စရာကိစ္စမရှိသည့်အပြင် ငွေကြေးဆုလာဘ်များလည်း ရရှိသောကြောင့် ရက်အနည်းငယ်ကြာသည့်အခါ စစ်သည်များက စိတ်အေးလက်အေးဖြစ်လာသည်။
၎င်းက ချန်လဲ့တံခါးတွင် ယနေ့ ဖြစ်ပျက်နေသော အကြောင်းအရာများဖြစ်သည်။
......
စစ်သူကြီး အိပ်ရာနိုးလာချိန်တွင် နေမြင့်နေပြီဖြစ်သည်။သူ. အပြင်ဘက်မှ အစောင့်စစ်သည်များကို စစ်ဆေးပြီးသည့်နောက်တွင် မျှော်စင်ပေါ်သို့ အေးအေးလူလူ တက်လာသည်။
တာဝန်ကျနေသည့် စစ်သည်များမှလွဲ၍ စခန်းမှ အခြားလူများမှာ အလှည့်ရောက်ရန် စောင့်ဆိုင်းနေကြသည်။ သို့ရာတွင် မြို့ပြင်ဘက်တွင်က သိန်းနှင့်ချီသောစစ်သည်များရှိနေသည့်အပြင် မြို့တံခါးကလည်း မကြီးမားလှပေ။ သို့ဖြစ်၍ ဤတစ်နေ့လုံးတွင် တပ်ရင်းတစ်ခုလုံး တာဝန်မကျပေ။
နေ့ခင်းခင်းအချိန်သို့ ရောက်ခါနီးသောအခါ လုပ်စရာမရှိသောစစ်သည်များမှာ စခန်းအပြင်ဘက်တွင် အိုးများချပြီး မီးမွှေးပြီး စတင်ချက်ပြုတ်ရန် ပြင်တော့သည်။
အစောင့်စစ်သူကြီးက မျှော်စင်ပေါ်တွင် ထိုင်နေသည်။
မျှော်စင်ပေါ်တွင် ရောက်နေနှင့်ပြီးဖြစ်သော လက်ထောက်စစ်သူကြီးက သူ ထိုင်နေသည်ကိုမြင်၍ သူနှင့်တူတူ စကားလာပြောသည်။
" စစ်သူကြီး အရှင့်သား မင်းသား၄ကို ဘယ်အချိန် အိမ်ရှေ့စံမင်းသားတင်မြှောက်မယ်ဆိုတာ နန်းတွင်းက သတင်းတစ်ခုခုများ ကြားသေးလား..."
စစ်သူကြီးက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
" ဘာတွေများ အလျင်လိုနေတာလဲ..."
လက်ထောက်စစ်သူကြီးက ပြုံးလိုက်သည်။
" အလျင်လိုတာလားဆိုတော့... ဒီရက်ပိုင်းအတွင်း ကျွန်တော်လည်း အေးဆေးနေနေရတော့ အလျင်တော့ မလိုပါဘူး... ဒါပေမဲ့ ဘဝတစ်လျှောက်လုံး ဒီမှာပဲ အေးဆေးနေသွားချင်တော့တယ်..."
စစ်သူကြီးက ထိုစကားကြားသည့်အခါ ရယ်လိုက်သည်။
" ဒါတော့ မဟုတ်သေးပါဘူး... မင်း ဒီမှာပဲ တစ်သက်လုံးနေမယ်ဆိုရင် ဘယ်တော့ရာထူးတိုးမှာလဲ..."
သူ့စကားကြောင့် လက်ထောက်စစ်သူကြီး၏ မျက်လုံးများ အရောင်လက်သွားသည်။
" ဒါတော့ အမှန်ပါပဲ... ဒါပေမဲ့ ကျွန်တော် ရာထူးတိုးသွားပြီးရင် ချင်မန်တံခါးကိုပြန်ပြီး အစောင့်စစ်သူကြီး မလုပ်ချင်တော့ဘူး..."
ခေါင်းဆောင်စစ်သူကြီးက ခနဲ့သံဖြင့် ပြောလိုက်သည်။
" ချင်မန်တံခါးတဲ့လား... ချင်မန်တံခါးက ဘယ်လောက်များ ကြီးလို့လဲ... "
သူ ဆိုလိုသည်ကို လက်ထောက်စစ်သူကြီးက ချက်ချင်းသဘောပေါက်လိုက်သည်။
" စစ်သူကြီး ပြောချင်တာက..."
ထိုအမေးကြောင့် ခေါင်းဆောင်စစ်သူကြီးက ခေါင်းငြိမ့်ပြလိုက်သည်။
" စစ်သူကြီးရှုက အရင်တည်းက ငါ့ကို ကတိပေးထားတယ်... ဒီကိစ္စကြီး အောင်မြင်သွားရင် ချင်မန်တံခါးကို ပြန်သွားစရာ မလိုတော့ဘူး..."
Xxxxxxx