အပိုင်း ၁၅၃
Viewers 36k

Chapter 153


အခန်းထဲတွင် ကျန်ရှိနေသည့် စစ်သည်များကလည်း အံ့ဩတကြီးဖြစ်ပြီး ကြောက်လန့်နေကြသည်။ 


ကျွင်းလင်ဟွမ်ကို ဆွဲခေါ်လာသည့် စစ်သားက အကြောက်လွန်ပြီး သူမကို တွန်းထုတ်လိုက်သည်။


ကလေးမလေးက  ဒယိမ်းဒယိုင်ဖြစ်သွားပြီး ကြမ်းပေါ်လဲကျတော့မည့်အချိန်တွင် သွေးများစွန်းထင်းနေသည့်လူတစ်ယောက်က သူမကို ချက်ချင်းပွေ့ထားလိုက်သည်။

  

ကျွင်းလင်ဟွမ် ငိုရှိုက်နေမိသည်။  


ထိုလူပွေ့ဖက်ထားခြင်းက သူမအစ်ကိုကြီးနှင့်မတူပဲ  သူ့ခန္ဓာကိုယ်က ကျစ်လျစ်နေကာ သွေးနံ့အနည်းငယ်လည်း ရနေသည်။


မျက်ရည်များဝိုင်းလျက် ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့မျက်နှာကို ရှင်းလင်းစွာမမြင်ရသော်လည်း မေးရိုးချွန်ချွန်နှင့် ထိုမေးရိုးမှ ကျနေသည့်သွေးများကို မြင်လိုက်ရသည်။


ထိုကောင်လေး၏ နာမည်က သွမ့်ရှီးရှီးဖြစ်သည်ကို သူမ မသိသေးပေ။


သွမ့်ရှီးရှီးက ထိုစစ်သားကို ကြည့်လိုက်သည်။


ယခုချိန်တွင် သူ့ပုံစံက မည်မျှကြောက်စရာကောင်းနေကြောင်းကို သူ မသိပေ။ သူ့မျက်နှာတွင် သွေးများပေကျံနေပြီး အမူအရာကင်းမဲ့နေကာ အနက်ရောင်မျက်ဝန်းများက သာမန်လူနှင့်မတူပဲ အေးစက်နေပြီး သွေးစွန်းနေသောဓားတစ်ချောင်းနှင့် တူနေသည်။


သူက ကျွင်းလင်ဟွမ်အပေါ် မှီထားမိသကဲ့သို့ ဖြစ်သွားသည်။ ယခုအချိန်တွင် သူ့လက်တစ်ဖက်တွင် ဓားတစ်ချောင်းကိုင်ထားပြီး အခြားလက်တစ်ဖက်နှင့် အဝါဖျော့ရောင်ဝတ်ရုံရှည်နှင့် ကလေးမလေးကို ဖက်ထားသည်။


ထိုစစ်သားက ပုန်းကွယ်နေပြီးနောက် ရှေ့ကိုထွက်လာသည်။ 


ဓားဖျားက သူ့လည်မျိုကို ထိုးဖောက်သွားကာ သွေးများက ကောင်လေး၏မျက်နှာပေါ် စင်ကုန်သည်။


လူသားဆန်စိတ်မရှိသော ကောင်လေး၏ရင်ထဲတွင် အမျက်ဒေါသ ဖြစ်ပေါ်သွားသည်ကို ထိုစစ်သားက မသိလိုက်ပေ။ 


သူ ငယ်ရွယ်စဉ်အချိန်က အခန်းထောင့်တစ်နေရာတွင် ဓားစာခံအဖြစ် အဖမ်းခံထားရပြီး သူ့မိဘများကို သွမ့်ချုံးက ဓားနှင့်ထိုးနေခဲ့သော သူ၏မှတ်ဉာဏ်ဆိုးများကို ပြန်လည်သတိရလာသည်။


ထိုစစ်သားမှာ မျက်လုံးဖွင့်ထားလျက်နှင့်ပင် သွမ့်ရှီးရှီး၏ ဓားအောက်တွင် အသက်ဆုံးသွားရသည်။ 


သူ ဓားကို ပြန်သိမ်းလိုက်သည်။


သူ၏ ပုံမှန်အကျင့်အရဆိုပါက တာဝန်တစ်ခုပြီးသည်နှင့် သူ့သခင်ကို သွားရောက်သတင်းပို့ကာ အခြတာဝန်တစ်ခု ပေးအပ်ရန် စောင့်ဆိုင်းနေမည်ဖြစ်သည်။


သို့ရာတွင် သူ ဘေးပတ်ပတ်လည်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ 


ပင်မအိမ်တော်ထဲတွင် အလောင်းများ ပြန့်ကျဲကာ။ဖရိုဖရဲဖြစ်နေသည်။ 


သူ မေ့သွားတာပဲ...

 

သူ့သခင်က ယုံနင်မြို့စားအိမ်တော်ထဲတွင် သွေးမစွန်းစေနှင့်ဟု ပြောလိုက်သည်ကို သူလုံးဝ မေ့သွားခဲ့သည်။ သူ အသိစိတ်မကပ်ဖြစ်သွား၍ သူ့သခင်က ဤနေရာတွင် မည်သူ့ကိုမှ မသတ်ခိုင်းသည်ကို မေ့သွားရသည်။


သွမ့်ရှီးရှီး စိတ်အနှောင့်အယှက်ဖြစ်မိသွားသည်။


ထိုအချိန်တွင် သူ့ရင်ခွင်ထဲရှိ သူနှင့်မရင်းနှီးသော ချိုမြသည့် မွှေးရနံ့ကို နောက်ကျမှ သတိထားမိသွားသည်။


သူ ခေါင်းငုံ့ကြည့်လိုက်သည်။


ကလေး‌မလေးပဲ...


သူမကို သက်မဲ့ပစ္စည်းတစ်ခုကဲ့သို့ ဖမ်းယူလိုက်၍ အသက်ရှိသောလူတစ်ယောက်ဖြစ်သည်ကို မေ့သွားခဲ့ရသည်။


သူ ကျွင်းလင်ဟွမ်ကို လွှတ်ပေးတော့မည့်အချိန်တွင် ကလေးမလေးက ခေါင်းမော့ကြည့်လာသည်။ 


မက်မွန်စေ့နှင့်တူသော မျက်ဝန်းများက မျက်ရည်ဝဲနေပြီး အလွန်နူးညံ့သိမ်မွေ့ကာ လှပသောအညိုရင့်ရောင်လေးဖြစ်သည်။ ယခုအချိန်တွင် သူမ မျက်ဝန်းထဲ၌ မျက်ရည်များဝဲနေ၍ မျက်တောင်ခတ်လိုက်ချိန်တွင် မျက်တောင်ပေါ်တွင် ရေစက်လေးများ တွဲလဲခိုနေသည်။


ထိုကလေးမလေးမှာ သူ့ကိုကြောက်လန့်သွား၍ ငိုရှိုက်နေပုံရသည်။ 


သွမ့်ရှီးရှီးမှာ ဤကဲ့သို့ ကြောက်လန့်နေသည့်အကြည့်များဖြင့် အသားကျနေသည်ဖြစ်၍ သူမကို လွှတ်ပေးပြီး ‌ကြမ်းပြင်ပေါ် ချပေးလိုက်သည်။


ထိုကလေးမလေးက အသံတိုးတိုးလေးဖြင့် ပြောသည်ကို သူကြားလိုက်ရသည်။ 


" ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..."


သွမ့်ရှီးရှီး၏ရင်ထဲတွင် တစ်စုံတစ်ရာက လှုပ်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။


သူ ကျွင်းလင်ဟွမ်နှင့် တိတ်ဆိတ်စွာ အကြည့်ချင်းခလှယ်လိုက်သည်။ 


သူ့ပုံစံက မည်မျှကြောက်စရာကောင်းပြီး သူ့မျက်ဝန်းများက မည်မျှအေးစက်နေသည်ကို သူ မသိ၍  ကလေးမလေးက လန့်သွားပြီး မျက်ရည်များအဆက်မပြတ်ကျဆင်းလာသည်။


သူ ကျွင်းလင်ဟွမ်ကို ကျောပေးလိုက်ပြီး သခင်မကျွင်းဘက်ကို လှည့်လိုက်ပြီး ဓားကိုရှေ့တွင်ထားလိုက်သည်။


" ကျွန်တော်မျိုး အသုံးမကျလို့ သခင့်ရဲ့အမိန့်ကို မနာခံခဲ့မိပါဘူး... အပြစ်ကို ခံယူပါ့မယ်..."


သူ့သခင်၏ တောင်းဆိုချက်ကို ‌ဖြည့်ဆည်းပေးရန် ကျရှုံးခဲ့သည့်အပြင် မြို့စားအိမ်တော်ကို သွေးစွန်းစေခဲ့၍ သူ အပြစ်ကျူးလွန်မိသည်ဟု ခံယူလိုက်သည်။


ပြီးတော့ ယုံနင်အိမ်တော်က သခင်မကို လန့်သွားစေပြီး အငယ်ဆုံးသခင်မလေးကို ကြောက်ပြီးငိုအောင်လုပ်မိတဲ့ အပြစ်နှစ်ခုလည်း ရှိသေးတယ်...


........


ကျွင်းဟွိုင်လန်နှင့် ရွှယ်ယန်က မြင်းစီး၍ ခရီးနှင်လာခဲ့ပြီးနောက် မှောင်မိုက်နေဆဲအချိန်မှာပင် ချင်ဒေသကို ရောက်လာခဲ့သည်။ 


ချင်ဒေသက ချန်အန်းမြို့သို့မရောက်မီ နောက်ဆုံးဒေသဖြစ်သည်။ ချင်ဒေသကိုကျော်သွားပါက ချန်အန်းသို့ရောက်ပြီဖြစ်သည်။ ချန်အန်းသို့မရောက်မီနေရာဖြစ်၍ ချင်ဒေသ၏ အကာအကွယ်က အခြားဒေသများထက် ပိုတင်းကြပ်ကာ သတင်းအရမြန်သည်။


သူတို့ မြောက်ပိုင်းသို့ ခရီးပြင်းနှင်လာခဲ့စဉ်တွင် ရွှယ်ယန်က ကွမ်းလင်ဘုရင်ခံဟူသော ရာထူးကိုအသုံးပြု၍ မြို့ရွာများ ဒေသများကို ကျော်ဖြတ်နိုင်ခဲ့သည်။ 


သို့ရာတွင် ချင်ဒေသသို့ရောက်ရှိချိန်၌ ရွှယ်ယန်က  ဧကရာဇ်ကိုယ်တိုင် တောင်ပိုင်းသို့ စေလွှတ်ထားသည့် မှူးမတ်တစ်ယောက် ဖြစ်နေသည်။  အမိန့်တော်မရှိပဲ ချန်အန်းမြို့သို့ စိတ်တိုင်းကျ ပြန်သွား၍မရပေ။ အကယ်၍ ချင်ဒေသမှ အရာရှိများက မတားမြစ်နိုင်ခဲ့လျှင်ပင် ရွှယ်ယန် ချန်အန်းသို့ ပြန်ရောက်လာသည့်သတင်းက ချန်အန်းသို့ ချက်ချင်းရောက်သွားမည်ဖြစ်သည်။ 


အကယ်၍ သူတို့၏ မှန်းဆချက် မှန်ကန်ပါက ချင်မန်စစ်တပ်က ချန်အန်းမြို့အပြင်ဘက်တွင် အခိုင်အမာခြေကုပ်ယူထားမည်ဖြစ်သည်။ သတင်းကို ချန်အန်းသို့လျှောက်တင်ရမည်ဆိုပါက ထိုစစ်တပ်ကြီးကို မဖြစ်မနေဖြတ်ကျော်ရမည်ဖြစ်သည်။ ထိုအချိန်တွင် သူတို့က အဆင်သင့်ပြင်ထားမည်ဖြစ်ပြီး တိုက်ခိုက်မည် မတိုက်ခိုက်မည်က အခြားကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်။ အကယ်၍ ထိုစစ်တပ်ကြီးက ချန်အန်းမြို့ထဲဝင်သွားပါက နောက်ဆက်တွဲကိစ္စရပ်များက မတွေးရဲစရာဖြစ်သည်။


ကျွင်းဟွိုင်လန်က ထိုကိစ္စကို စိတ်ပူနေခြင်းဖြစ်သည်။ 


ချင်ဒေသသို့ နီးကပ်လာလေ သူ၏စိုးရိမ်ပူပန်မှုက ပိုများလာလေဖြစသည်။ သို့ရာတွင် ရွှယ်ယန်က ချန်အန်းမြို့သို့ ပြန်သွားမှရမည်ဖြစ်သောကြောင့် ချင်ဒေသကို မဖြစ်မနေကျော်ဖြတ်ရမည်ဖြစ်သည်။


ကျွင်းဟွိုင်လန်က ထိုကိစ္စကို ရွှယ်ယန်အား မပြောပြမိသော်လည်း ဖြေရှင်းရန် တန်ပြန်နည်းလမ်းများကို တွေးတောနေမိသည်။ 


ချင်ဒေသသို့ရောက်ရှိပါက ဒေသတွင်းမှ အရာရှိများကို ဦးစွာတွေ့ဆုံပြီး ထိုလူများက မည်ကဲ့သို့သော လူမျိုးများဖြစ်သည်ကို လေ့လာကာ ချန်အန်းမြို့မှ ရုတ်ချည်းပြောင်းလဲမှုများအပေါ် မည်သို့သဘောထားသည်ကို လေ့လာရမည်ဖြစ်သည်။ 


အကယ်၍ သူတို့နှင့် သဘောထားတူညီပြီး တစ်စိတ်တစ်ဝမ်းတည်းဖြစ်သူများဆိုပါက သူတို့ကိုလွှတ်ပေးလိုက်မည်ဖြစ်၍ အကောင်းဆုံးဖြစ်သည်။ ထိုသို့မဟုတ်ပါက အခွင့်အရေးကို အရယူပြီး ဖျောင်းဖျရမည်လား သွေးဆောင်ရမည်လားကို ကြည့်ရဖြစ်သည်။ အကယ်၍ တစ်ဖက်လူက ရှုမိသားစုဘက်မှလူဖြစ်နေပါက ဤအခွင့်အရေးကို အရယူပြီး ထိုလူကို သတ်ပစ်ရမည်ဖြစ်သည်။ 


ကျင်းယီဝေ့တွေကတော့ အဲ့လိုစွမ်းရည်မျိုးရှိမယ်လို့ ထင်တာပဲ...


တစ်လမ်းလုံး ‌စဉ်းစားတွေးတောလာပြီး နောက်ဆုံးတွင် ချင်ဒေသ၏အပြင်သို့ ရောက်ရှိလာသည်။ 


ယခုချိန်က အာရုဏ်တက်ချိန်သာ ရှိသေးသော်လည်း ချင်ဒေသ၏ ဂိတ်တံခါးများက ဖွင့်ထားပြီးပြီဖြစ်သည်။ မြို့ပြင်တွင် မြို့သားများနှင့် ကုန်သည်များက ဝင်ထွက်သွားလာနေပြီး မြို့အဝင်ဂိတ်ဝတွင် အရာရှိများ စစ်သည်များက တင်းကြပ်စွာ စောင့်ကြပ်နေသည်။ 


သူတို့အုပ်စုက မြို့အပြင်ဘက် မလှမ်းမကမ်းနေရာတွင် ရပ်လိုက်ကြသည်။


" တစ်လမ်းလုံး စကားလည်းမပြောဘူး ဘာတွေတွေးနေတာလဲ..."


ရွှယ်ယန်က မြင်းဇာက်ကြိုးကိုဆွဲပြီးနောက် သူ့ဘက်လှည့်ကာ မေးလိုက်သည်။ 


ကျွင်းဟွိုင်လန်က ခေါင်းခါပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။


" ချင်ဒေသကို ဘယ်လိုဖြတ်သွားရမလဲ တွေးနေတာပါ..."


သူက လမ်းတစ်လျှောက်လုံးတွင် ‌များပြားလှသော ဖြစ်နိုင်ချေများကို စဉ်းစားလာခဲ့ပြီးဖြစ်၍ ယခုအချိန်တွင် ရင်ဆိုင်ရန်နည်းလမ်းများကို ပြင်ဆင်ထားပြီးပြီဖြစ်သည်။ 


သို့ရာတွင် ရွှယ်ယန်က သင်္ကာမကင်းစွာဖြင့် မျက်ခုံးပင့်လိုက်သည်။ 


" ဘာတွေများ တွေးစရာလိုလို့လဲ..."


စကားပြောနေလျက်နှင့် ကြာပွတ်ကိုမြှောက်ပြီး  ဘေးနားမှ ကျင်းယီဝေ့တစ်ယောက်ကို ရှေ့ဆက်သွားရန် အချက်ပြလိုက်သည်။  


ကျင်းယီဝေ့က မြင်းကိုခပ်သုတ်သုတ်စီး၍ မြို့ဂိတ်တံခါးသို့ ထွက်သွားသည်။ 


စောင့်ကြပ်နေသည့်လူကို စကားအနည်းငယ်ပြောလိုက်သည့်အခါ ထိုလူက ခေါင်းငြိမ့်ပြီးနောက် သူ့နောက်မှ လိုက်လာသည်။ 


ရွှယ်ယန်က မြင်းပေါ်တွင်ထိုင်နေပြီး သူ အနားကပ်လာမည်ကို စောင့်နေသည်။ 


" အရှင်..."


ထိုလူက သူ့ရှေ့သို့ရောက်သောအခါ စစ်တပ်ထုံးစံအတိုင်း ဂါရဝပြုနှုတ်ဆက်လိုက်သည်။


" အရှင့်သားကို မတွေ့ရတာတောင် တော်တော်ကြာပြီ... ယန်ဒေသမှာရှိတုန်းကထက်ပိုပြီး ခံ့ညားလာတာပဲ..."


ထိုအခါမှသာ ရွှယ်ယန် စိတ်မပူရသည့်အကြောင်းကို ကျွင်းဟွိုင်လန်သိသွားသည်။


ချင်ဒေသမှ စစ်သူကြီးက ယန်ဒေသတွင် သူနှင့်သိကျွမ်းခဲ့သောလူတစ်ယောက်ဖြစ်ပုံရသည်။


ရွှယ်ယန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။


" ငါ ချန်အန်းကိုပြန်မှာ မင်း သွားပြီးတော့ စီစဉ်စရာရှိတာ စီစဉ်လိုက်..."


ဧကရာဇ်ချင်းဖျင်၏ကိစ္စက ယမန်‌နေ့ညကမှ ဖြစ်ပွားခဲ့ခြင်းဖြစ်၍ ခရိုင်ဒေသငယ်လေးများမှ လူများက မသိလောက်သေးသော်လည်း ချင်ဒေသမှ ရာထူးကြီးပိုင်းများက သိနိုင်ပေသည်။ ထိုအရာရှိ၏မျက်နှာက တည်ကြည်သွားပြီး မေးလိုက်သည်။


" အရှင့်သား မနေ့ညက ချန်အန်းမှ ဘာဖြစ်သွားတာလဲ သိပြီးပြီလား..."


ထိုစကားများ ကြားသည့်အခါ ကျွင်းဟွိုင်လန် လန့်သွားပြီး ရွှယ်ယန်ကို တစ်ချက်ကြည့်လိုက်သည်။


ရွှယ်ယန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်ကို သူမြင်လိုက်သည်။ 


" မနေ့ညက ချန်အန်းမှာ ဘာဖြစ်သွားလို့လဲ..."


ထိုအရာရှိက ဘေးပတ်ပတ်လည်ကိုတစ်ချက်ကြည့်ပြီးနောက် အနားကပ်လာပြီး အသံတိုးတိုးဖြင့်ပြောရသည်။ 


" စောစောကမှ သတင်းရောက်လာတာပါ... ဧကရာဇ်က အဆိပ်ခတ်ခံရလို့ ခန္ဓာကိုယ်ထဲ အဆိပ်တွေပျံ့သွားပြီး အသက်ပဲရှုနိုင်တော့လို့ ရှင်လျက်နဲ့ သေနေသလိုဖြစ်သွားပါပြီ... ဒီမနက်မှာပဲ အမတ်တွေက မင်းသား၄ကို တိုင်းပြည်ရေးရာတွေ လွှဲပေးလိုက်ပြီးတော့ မကြာခင် အိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်တော့မှာပါ..."


အရာရှိမှာလည်း ထိုအကြောင်းပြောနေစဉ် ထူးဆန်းသည်ဟု ခံစား‌မိလာသည်။


ထိုကိစ္စက ယမန်နေ့ညကမှ ဖြစ်သွားခဲ့ခြင်းဖြစ်၍ ချင်ဒေသက ယခုချိန်မှ သတင်းရရှိခြင်းဖြစ်သည်။ 

မင်းသား၅က တော်တော်လေးဝေးတဲ့ ကျန်းနန်မှာ ရှိနေရာကနေ ချန်အန်းကို ရက်အနည်းငယ်အတွင်း ဘာလို့ရောက်လာပါလိမ့်...


ထိုအစောင့်စစ်သူကြီးက ရွှယ်ယန့်ကို တွန့်ဆုတ်စွာကြည့်လိုက်သည်။


" အရှင့်သားကို အရှင်မင်းကြီးက ခေါ်ထားသေးတာလား..."


သို့ရာတွင် ရွှယ်ယန်က ချက်ချင်း ပြန်မဖြေနိုင်ပေ။


သူ‌ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ရွှယ်ယန်က မြင်းပေါ်တွင် တောင့်တောင့်ကြီးထိုင်နေကာ ဇက်ကြိုးကိုဆွဲထားပြီး မျက်နှာသေကြီးဖြစ်သွားသည်။


သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး မေးရိုးနေရာတွင်လည်း အနည်းငယ်တုန်ယင်နေသည်။


ထိုအရာရှိက စကားထပ်မပြော‌ရဲတော့ပေ။


ကျွင်းဟွိုင်လန်လည်း ရွှယ်ယန့်ကိုကြည့်လိုက်သည်။ ရွှယ်ယန်က ဒေါသနှင့် မိမိကိုယ်ကိုအပြစ်တင်မှုတို့ကို တောင့်ခံထားသည်ကို သူမြင်နိုင်သည်။ 


သူနှင့် ရွှယ်ယန်က လွန်ခဲ့သည့်ရက်အနည်းငယ်တွင် လမ်းခရီး၌ အတူတကွရှိခဲ့ကြ၍ မှန်းဆမှုအချို့ ပြုလုပ်ခဲ့သည်။ ရှုမိသားစုဘက်မှ အစွမ်းကုန်ကြိုးစား၍ ချင်းမန်စစ်တပ်ကြီးကို မြို့အပြင်ဘက်သို့ ရောက်အောင် ခေါ်ဆောင်လာပြီး စစ်အင်အားအလုံးအရင်းဖြင့် နန်းတွင်းကို ဖိအားပေးလာနိုင်သည်။ သို့ရာတွင် ချန်အန်းမြို့ကို ပိတ်ဆို့ထားရန်က လွယ်ကူသော်လည်း အကယ်၍ မြို့တွင်းသို့ ဝင်ရောက်လာလိုပါက စီစဉ်မှုအချို့ ပြုလုပ်ရဦးမည်ဖြစ်၍ မလွယ်ကူနိုင်ပေ။ 


သူတို့ မည်မျှပင် မြန်ဆန်သည်ဖြစ်စေ အစီအစဉ်ကို တစ်ရက်နှစ်ရက်အတွင်း အောင်မြင်အောင်လုပ်ဆောင်ရန် မလွယ်ကူပေ။ 


သို့ဖြစ်၍ သူတို့အချိန်မီရောက်ရှိသွားနိုင်ပါက ရှုမိသားစုက ပုန်ကန်ရန်ကြံစည်နေပြီး ချန်အန်းနှင့် ဧကရာဇ်ချင်းဖျင်ကို တိုက်ခိုက်ရန် ကြံရွယ်နေခြင်းအား တားဆီးနိုင်မည်ဟု တွေးခဲ့ကြသည်။ 


သို့ရာတွင် ရှုမိသားစုဘက်က အဆိပ်ခတ်လိုက်မည်ဟု သူတို့မထင်ထားခဲ့ပေ။ 


အဆိပ်ခတ်သည့်ကိစ္စက ရေရာမှုမရှိသေးသော်လည်း နန်းတွင်းထဲမှ မည်သူတစ်ဦးတစ်ယောက်ကမှ ဧကရာဇ်ကို ပစ်မှတ်ထားပြီး အဆိပ်ခတ်မည်မဟုတ်ပေ။ 


ဤအခြေအနေဖြစ်လာမည်ဟု သူတို့နှစ်ယောက်လုံး မမျှော်လင့်ခဲ့မိ၍ ရွှယ်ယန် သူ့ကိုယ်သူအပြစ်တင်နေမည်ကို ကျွင်းဟွိုင်လန်သိသည်။


သူ ရွှယ်ယန့်ဝတ်ရုံလက်ကို ဂရုတစိုက်ဖြင့် အသာအယာဆွဲလိုက်သည်။ 


 ရွှယ်ယန်က အတန်ငယ်ကြာပြီးမှ သူ့ဘက်လှည့်လာသည်။


ကျွင်းဟွိုင်လန် သူနှင့်အကြည့်ချင်းဆုံသည့်အခါ မျက်တောင်ခတ်လိုက်ပြီး သူ့ကို ငြိမ်သက်စွာကြည့်နေသည်။


ရွှယ်ယန်က သူ့ကို ခေါင်းအနည်းငယ်ငြိမ့်ပြသည်။


မြင်းရှေ့တွင် ရပ်နေသူက ကျွင်းဟွိုင်လန်၏ သိမ့်မွေ့သော လှုပ်ရှားမှုကို မမြင်လိုက်ပဲ ရွှယ်ယန်က သူ့နောက်မှလူနှင့် အကြည့်ချင်းဖလှယ်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်မှ အရောင်အဝါက မတူတော့သည်ကိုသာ သိလိုက်သည်။ 


သူက စစ်မြေပြင်တွင်သာ နေခဲ့ရသော ကြမ်းတမ်းသည့် စစ်သူကြီးတစ်ယောက်ဖြစ်၍ ကွာခြားချက်ကို နားမလည်ပေ။ သို့ရာတွင် ကွမ်းလင်ဘုရင်ခံ၏ အန္တရာယ်များပြီး အသက်ရှုကြပ်စေသည့်အရှိန်အဝါက နောက်သို့ခဏလှည့်လိုက်ချိန်တွင် အလွန်လျော့ပါးသွားသည်ဟု ခံစားလိုက်ရသည်။


သူ မော့ကြည့်နေချိန်တွင် ရွှယ်ယန်က သူ့စကားများကို ပြန်ဖြေသည်။


" ငါ သိပါတယ်... ဒီတစ်ကြိမ် ချန်အန်းကိုပြန်လာတာ အဲ့လိုကိစ္စဖြစ်လာမယ်လို့ထင်ထားလို့ ဖြေရှင်းဖို့ ရောက်လာတာပဲ.. မင်း စီစဉ်စရာရှိတာတွေ သွားစီစဉ်ပေးမှ ငါချက်ချင်း ပြန်သွားလို့ရမှာ..."


ရွှယ်ယန် လုပ်ဆောင်မည့်ကိစ္စကို ထိုအရာရှိက ချက်ချင်းသဘောပေါက်သွားသည်။


——

Xxxxxxx