Chapter 23.1
Viewers 2k

အပိုင်း (၂၃.၁)

 

 

ယဲ့ကျိုးတစ်ယောက် ချန်ရစ်ခဲ့သော ရွှေထည်များကို ဘားကုဒ်စကန်ဖတ်လိုက်သောအခါ မကြာမီပင် ထိုအရာများက အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွား၏။

 

ယဲ့ကျိုးမှာ သတိရှိသူဖြစ်သည်မို့ ရွှေထည်အားလုံးကို ငွေအဖြစ် ပြောင်းလဲလိုက်ခြင်းမပြုပေ။ ထို့ကြောင့် တစ်စိတ်တစ်ပိုင်းကို ဂိုဒေါင်ထဲ၌သာ ချန်ထားရစ်၏။

 

သေနတ်နှင့် ကျည်ဆန်များကို လဲလှယ်ပြီးနောက်တွင်မူ သူ၏စာရင်း၌ သုံးစွဲရန် ကျန်ရှိသောငွေမှာ ၁.၃ သန်း ရှိသေး၏။

 

ဤအချိန်တွင်မူ သူ အနည်းငယ်နောင်တရနေမိ၏။ အဘယ်ကြောင့်ဆိုသော် ခေတ်သစ်၏ စံချိန်စံညွှန်းများအတိုင်း ဤရှေးဟောင်းရွှေထည်များ၏ တန်ဖိုးကို တွက်ချက်မည်ဆိုပါက သန်းဆယ်ဂဏန်းကျော်အထိ ဝင်ငွေရရှိနိုင်သည်ဖြစ်သည် ။

 

ဤခေတ်တွင် ရောင်းလိုအားရှိသော ပစ္စည်းများအကြောင်း ပြောရမည်ဆိုပါလျှင် ကျောက်စိမ်းနှင့် လက်ရေးပန်းချီများက ပို၍တန်ဖိုးရှိပေသည်။ အဘယ်ကြောင့်ဆိုသော် လူအများစုကြားတွင် ရွှေနှင့်ငွေကို အသုံးပြု၍ ကုန်သွယ်မှုမလုပ်ကြဘဲ ကုန်ပစ္စည်းချင်း လဲလှယ်ခြင်း သို့မဟုတ် ကြေးနီဒင်္ဂါးများကိုသာ အသုံးပြုကြ၏။

 

ငွေကြေးအဖြစ် အသုံးပြုနိုင်သည့် တန်ဖိုးရှိသတ္တုတစ်မျိုးဖြစ်သည့် ရွှေမှာမူ အထက်တန်းစားများကြားတွင်သာ လည်ပတ်နေသည်။ ရွှေထည်လက်ဝတ်ရတနာများကား ၎င်းတို့သာ တတ်နိုင်သည့် အရာများဖြစ်၏။

 

ထိုအထက်တန်းစားများအတွက်မူ လှပသောကျောက်စိမ်းနှင့် အနုပညာလက်ရာများသည်သာ ငွေကုန်ကြေးကျခံထိုက်သည့် အရာများပင်။

 

ယင်းတို့နှင့် နှိုင်းယှဉ်လိုက်သောအခါ ရွှေလက်ဝတ်ရတနာများက တန်ဖိုးအလွန်ကြီးမားသည်ဟု မဆိုနိုင်ပေ။

 

ဒီကမ္ဘာမှာ တန်ဖိုးမရှိတဲ့အတွက် တခြားကမ္ဘာမှာရော တန်ဖိုးရှိနိုင်မလား?

 

ယဲ့ကျိုးတစ်ယောက် ဆာရာပြောပြခဲ့သည့် သူ(မ)၏ကမ္ဘာအကြောင်းကို မှတ်မိနေသေး၏။ ထိုကမ္ဘာရှိ လူချမ်းသာများတွင် ရွှေနှင့်ငွေရှားပါးမှု မရှိနိုင်သော်လည်း လက်မှုပညာကား အလွန်ပင် ညံ့ဖျင်းသည်ဟု ဆိုသည်။ ဒီလိုဆိုလျှင် သူ အဲဒီနေရာမှာ အချမ်းသာဆုံးလူတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးလား?

 

"စနစ်ရဲ့ စာရင်းထဲမှာ မြင်းတွေရှိပုံပဲ" ယဲ့ကျိုးတစ်ယောက် ကွန်ပျူတာရှေ့တွင် ထိုင်ရင်း သူ့ဘာသာ ရေရွတ်လိုက်၏။

 

ကျိုမင်က သူ့နောက်မှ လမ်းလျှောက်လာခဲ့သည်။ ယခုအခါ သူတို့နှစ်ဦးက အတူတကွ နေထိုင်နေကြပြီဖြစ်၏။ ယဲ့ကျိုးနှင့် ကျိုမင်သည် တစ်ဦးကိုတစ်ဦး လျှို့ဝှက်ချက်များမရှိသည့်အတွက် အလျင်အမြန်ပင် ရင်းနှီးသွားကြသည်။

 

ကျိုမင်၏အတိတ်ကိုမူ ယဲ့ကျိုးက  မေ့ထားလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးတွင် စာချုပ်ပါ သဘောတူညီချက်များ ရှိနေပြီးဖြစ်ရာ ကျိုမင်၏ ယခင်ဘဝက သိပ်အရေးမကြီးတော့ပေ။

 

တစ်ခါတစ်ရံတွင် လူကောင်းလား၊ လူဆိုးလားဟူသည်မှာ သူတို့ရှိနေသော ပတ်ဝန်းကျင်အပေါ်တွင်သာ မူတည်၏။

 

မည်သို့ပင်ဖြစ်စေ ယဲ့ကျိုးတစ်ယောက် စိတ်ရှုပ်ထွေးမနေတော့ပေ။ စိုးရိမ်မှုများနှင့် စိတ်မသက်မသာဖြစ်မှုအားလုံးက သူ့အပေါ်တွင်သာ ပုံကျနေ၏။

 

"တစ်ကောင်ကို တစ်သိန်းတဲ့…" ကျိုမင်တစ်ယောက် ဈေးနှုန်းကိုမြင်သောအခါ တစ်ခဏမျှ စကားမပြောနိုင်ဖြစ်သွား၏။

 

တစ်ဖက်တွင်မူ ယဲ့ကျိုးက စိတ်မပူမိပေ။ "စာရင်းထဲမှာ တစ်သန်းကျော် ကျန်သေးတယ်။ မြင်းခြောက်ကောင်ဆို ခြောက်သိန်း။ ကျွန်တော်တို့ တတ်နိုင်ပါတယ်။ ပြီးတော့ အစာဖိုးကလည်း သိပ်အများကြီးမှမဟုတ်တာ"

 

မြင်းများက ဈေးကြီးသော်လည်း ၎င်းတို့တွင် ဈေးကြီးရသည့် အကြောင်းရင်းရှိ၏။ စာရင်းတွင်ပါရှိသော မြင်းများအားလုံးမှာ ပြိုင်ပွဲအရည်အချင်းရှိသည့် အရွယ်ရောက်ပြီးသား မြင်းမ,များဖြစ်သည်။

 

ယဲ့ကျိုးက မြင်းလောင်းကစားကို မလုပ်သော်လည်း ကောင်းမွန်သည့် ပြိုင်မြင်းများမှာ မြင်းမ,များသာဖြစ်ကြောင်းကိုတော့ ကောင်းကောင်းကြီး သိ၏။ မြင်းမ,များက မြင်းထီးများထက် ပိုမြန်၊ ပိုတည်ငြိမ်ပြီး ပို၍ ကန်ကျောက်အားကောင်း၏။ ပြိုင်ကွင်းတွင် ပြိုင်ပွဲဝင်ရာ၌ အဖိုးတန်သော ပြိုင်မြင်းများကား မြင်းမများသာ ဖြစ်သည်။

 

စနစ်မှာ အံဩစရာကောင်းလောက်အောင် သဘောထားကြီးနေသည်။

 

ထိုသို့မဟုတ်ပါက ပုံပျက်နေသည့် ကုန်ပစ္စည်းများကို တစ်သိန်းနှင့် ဈေးဖြတ်လိုက်ပါက ယဲ့ကျိုးတစ်ယောက် ကွန်ပျူတာကို နောက်တစ်ကြိမ် ထပ်ခွဲပစ်ရန် စဉ်းစားမိလိမ့်မည်။

 

"အစာဖိုးနဲ့ တခြားကုန်ကျစရိတ်တွေပါ ထည့်တွက်ရင်တောင် အနည်းဆုံး လေးသိန်းနီးပါးလောက် အမြတ်ရနိုင်သေးတယ်" ယဲ့ကျိုးက လောဘမကြီးပေ။ "ဒါတောင် တော်တော်များနေပြီ။ ဒီလိုဝင်ငွေမျိုးကို အရင်က အိမ်မက်ထဲတောင် ထည့်မမက်ရဲခဲ့ဘူး"

 

ဝယ်ယူမည့်အရေအတွက်ကို ထည့်သွင်းပြီးနောက်တွင် ယဲ့ကျိုးက ဝယ်ယူရန်ခလုတ်ကို နှိပ်ကာ ကုလားထိုင်တွင် ပြန်မှီထိုင်လိုက်ပြီး သူ၏ပေါင်ကို ပုတ်ကာ ပြောလိုက်၏။ "ပိုက်ဆံဝင်တဲ့ခံစားချက်လေးက အရမ်း အရသာရှိတာပဲ"

 

သူ၏မူလကမ္ဘာသို့ ပြန်ရန် ပွိုင့်များသာ လုံလောက်တော့မည် မဟုတ်ကြောင်း သိရှိလိုက်သည့်အချိန်မှစ၍ ယဲ့ကျိုး၏ မျှော်လင့်ချက်များအားလုံးကို ငွေရှာခြင်းအပေါ်သို့သာ ပုံချလိုက်တော့၏။

 

 

ငွေပိုရှာနိုင်လေ၊ လက်နက်ပို၍ ဝယ်နိုင်လေဖြစ်ပြီး သော့ခတ်ထားသည့်အရာများကို ပိုဖွင့်နိုင်လေ ဖြစ်သည်။

 

ပိုမိုလုံခြုံလေ၊ အသက်ပိုရှင်သန်နိုင်လေဖြစ်ပြီး အိမ်သို့ပြန်နိုင်မည့်မျှော်လင့်ချက်လည်း ပိုရှိလေပင်။

 

သူသည် ငွေအမြောက်အမြား ရှာနိုင်သော်လည်း ကမ္ဘာနှစ်ခုကိုသာ ဝင်ခွင့်ရရှိခဲ့သည်။ ကွန်ပျူတာက ဘာမှ မပြောသော်လည်း ယဲ့ကျိုးက အကြောင်းရင်းကို ခန့်မှန်းမိ၏။

 

၎င်းသည် တစ်ကြိမ်လျှင် ကမ္ဘာနှစ်ခုသာ ဝင်ရောက်နိုင်မည် ဖြစ်သည်။ အခြားကမ္ဘာအသစ်များသို့ သွားရောက်ရန်အတွက် ဤကမ္ဘာနှစ်ခုသို့ ဦးစွာ သွားရောက်ရမည် ဖြစ်နိုင်၏။

 

ယဲ့ကျိုးတစ်ယောက် ပြင်ဆင်မှုမရှိဘဲ စစ်ပွဲထဲသို့ လက်လွတ်စပယ် ဝင်မတိုက်လိုပေ။

 

အနည်းဆုံးတော့ ဤကမ္ဘာက ရှေးတရုတ်နှင့် ဆင်တူနေသည့်အတွက် သူက ပို၍ ရင်းနှီးမှုရှိနေသည်။ ကမ္ဘာအသစ်များသို့ မသွားရောက်မီ ဤကမ္ဘာ၌ပင် ကြိုတင်ပြင်ဆင်မှုများ လုပ်ရလိမ့်မည်။

 

ယဲ့ကျိုးတွင် အသက်တစ်ခုတည်းသာရှိပြီး သူက ထိုတစ်ခုတည်း​ သော အသက်အပေါ်တော့ လောင်းကြေးမထပ်လိုပေ။

 

 

"ကျွန်တော်တော့ စိုးရိမ်မိတယ်။ ဒီပစ္စည်းတွေက ချမ်းသာတဲ့မိသားစုတစ်ခုက လာခဲ့တာဖြစ်နိုင်တယ်" ဝူယန်က ဆာရာမှ ပေးလိုက်သည့် ရွှေထည်လေးများ ထည့်ထားသော အိတ်ငယ်ကို ကြည့်ပြီး ဤအရာများက ပူပူနွေးနွေး အာလူးတစ်လုံးနှင့် တူနေသည်ဟု ခံစားမိ၏။ သူက ချန်လျိုနှင့် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "အချိန်တန်ရင် သူတို့ကို မူလပိုင်ရှင်တွေဆီ ပြန်ပေးလိုက်မယ်"

 

ချန်လျိုတစ်ယောက် ယန်ကျစ်နှင့် သူ့အဖွဲ့က လူကောင်းများဖြစ်ကြောင်း ယုံကြည်မှုမရှိတော့ပေ။ သူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ပြောလိုက်၏။ "ဝူ-ကော၊ ကျွန်တော်သာ မသွားလိုက်ရင်..."

 

သူက ယန်ကျစ်နှင့် သူ့အဖွဲ့ကြောင့် အလွန်ကြောက်လန့်နေ၏။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင်မူ သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်ကလည်း ပြောင်းလဲသွားပြီဖြစ်၏။ ပြန်ရောက်လာပြီးနောက်တွင် တစ်ညလုံး အိပ်မက်ဆိုးများ မက်နေခဲ့သည်။ ယန်ကျစ်နှင့် သူ့အဖွဲ့က သူ့ကို အရေခွံဆုတ်ပြီး ကိုယ်ခန္ဓာကို အပိုင်းပိုင်းဖြတ်ကာ အသားကင်ဖြစ်အောင် ပြုလုပ်သည်ဟု အိပ်မက်မက်ခဲ့သည်ပင်။

 

သို့သော် ဝူယန်မှာ သူ့အပေါ်တွင်မူ စာနာစိတ်မရှိပေ။ "မင်းက အဲ့လိုလူတွေနဲ့ ပတ်သက်နေတာလေကွာ…"

 

ချန်လျိုခမျာ တုန်လှုပ်စွာဖြင့် ပြန်ပြောလိုက်၏။ "သူတို့က အရင်တုန်းက ဒီလို မဟုတ်ပါဘူး…”

 

သူတို့ စကားပြောနေစဉ်ပင် ချောင်အာ၏မိခင်  လျှောက်လာ၏။ ချန်လျိုအား တစ်ချက်ခန့် မျက်နှာထား တည်တည်နှင့် ကြည့်ပြီးနောက် ဝူယန်ကို ကြည့်ကာ ပြောလိုက်သည်။ "ချန်လျိုကို မခေါ်သွားသင့်ဘူး၊ ရင်းနှီးတဲ့မျက်နှာတွေတွေ့ရင် လေးစားမှုဆိုတာ ကျန်တော့မှာမဟုတ်ဘူး" 

 

"ညမှောင်သွားရင် နတ်မီးအိမ်နဲ့ သူတို့ကို အလင်းပြလိုက်။ သူတို့ နတ်တွေကို မယုံဘူးလားဆိုတာ ကြည့်ရသေးတာပေါ့" ချောင်အာ၏မိခင်တစ်ယောက် ဝူယန်သည် ယောက်ျားများကြားတွင် ခေါင်းဆောင်ဖြစ်နေသည်ကို နားလည်လာခဲ့သည်။ ခေတ္တမျှ ချီတုံချတုံဖြစ်နေခဲ့သော်လည်း နောက်ဆုံးတွင် ဝူယန်၏နေရာကို သူ(မ)အနေဖြင့် အစားထိုးနိုင်မည်မဟုတ်ကြောင်း သိလိုက်သည်နှင့် သူ(မ)၏သဘောထားမှာ အတော်ပင် ပြောင်းလဲသွားလေ၏။

 

ချောင်အာ၏မိခင်က ပြောလိုက်သည် ။ "မင်းတို့ သွားကြရင် ချောင်အာကိုပါ ခေါ်သွားလိုက်၊ ငါ့မှာ အကြံဉာဏ်တချို့လည်း ရှိတယ်" 

 

လူအုပ်စုတစ်စုလုံး ခဏမျှ တိတ်ဆိတ်သွားသည်။ ဝူယန်က တိုးတိုးလေး ပြောလိုက်၏။ "လီကူး၊ ချောင်အာက ကလေးမလေးတစ်ယောက်လေ။ ကျွန်တော်တို့လို့ ယောက်ျားတွေနဲ့ အတူခရီးသွားဖို့ မသင့်တော်ဘူးလို့ ကျွန်တော်ထင်တယ်"  

 

သမီးအတွက် အန္တရာယ်များ ကြုံတွေ့ရမည်ကို သူ(မ)မပူပန်ပါ။ မည်သို့ပင်ဆိုစေကာမူ နတ်များရှိနေသည်ဖြစ်ရာ လမ်းခရီးတွင် ချောင်အာကို တစ်စုံတစ်ရာ ပြုလုပ်ရဲသူက အပြင်တွင်ပင် အသက်ဆုံးရှုံးကြလိမ့်မည်။ သူ(မ)လောက် နတ်များကို ယုံကြည်သူ ရှိတော့မည်ဟု မထင်ပေ။

 

"ငါ့မှာလည်း ဒီသမီးလေး တစ်ယောက်တည်းပဲ ရှိတာပါ…” ချောင်အာ၏မိခင်က သက်ပြင်းချလိုက်၏။ "ငါရှိနေသေးသမျှတော့ ဒီမှာ စောင့်ရှောက်ပေးနိုင်သေးတယ်။ ဒါပေမဲ့ ငါမရှိတော့ရင် သူ(မ) ဘယ်လိုလုပ်မလဲ?"

 

ဝူယန်က ပြန်ဖြေလိုက်သည်။ "ခင်ဗျားမရှိတော့ရင်လည်း ချောင်အာက ဒီနေရာကို ဆက်ပြီး စီမံနိုင်သေးတာပဲ မဟုတ်လား?" 

 

ချောင်အာ၏မိခင်က ခေါင်းကို ခါယမ်းလိုက်သည်။ "သူ(မ)က စိတ်ဓာတ်ပျော့ညံ့တယ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ စွမ်းရည်မရှိဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်သရွေ့ ငါလည်း သူ(မ)ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

 

"မင်းသွားတဲ့အခါ သူ(မ)ကို ခေါ်သွားလိုက်၊ သိပ်ပြီး အလိုမလိုက်ပါနဲ့။ ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ချနိုင်အောင်၊ အခက်အခဲတွေကို ခံနိုင်ရည်ရှိအောင် လွှတ်ထားလိုက်" ချောင်အာ၏မိခင်က မိခင်တစ်ယောက်၏ပူပန်မှု အပြည့်ဖြင့် ပြောဆိုနေ၏။

 

"ဒီပစ္စည်းတွေတော့ မင်းတို့ယူသွားပြီး ခွဲဝေလိုက််ကြ"

 

 

ချောင်အာ၏မိခင်က ပလတ်စတစ်ပုံးတစ်ပုံးကို ထုတ်လိုက်၏။ ယဲ့ကျိုးအား သူ(မ)ကူညီခဲ့သည့်အတွက် ယဲ့ကျိုးကလည်း သူ(မ)အား ပစ္စည်းများစွာ ပေးခဲ့၏။

 

ပလတ်စတစ်ပုံးထဲမှ ပစ္စည်းတစ်ခုပြီးတစ်ခု ထုတ်လိုက်သည်။ 

 

သီချင်းဖွင့်နိုင်သော နှင်းဖန်လုံး၊ ရွှေချထားသည့် ရုပ်တုများ နှင့် အခြားအရာများစွာတို့ ပါဝင်သည်။

 

ဤအရာများကား ယဲ့ကျိုးတစ်ယောက် သူ(မ)အား သတိထားမိပြီး လက်ဆောင်ပေးထားခြင်းများပင်။ ဤနေရာတွင် ချောင်အာ၏မိခင်က အခြားသူများထက် ပိုင်ဆိုင်မှု အများဆုံး ရှိလေ၏။

 

အခြားသူများအနေဖြင့် လစာရကြသော်လည်း ဤပစ္စည်းများကို မဝယ်ကြပေ။ အစားအသောက်နှင့် အဝတ်အစားများကိုသာ ဝယ်ယူလိုကြ၏။

 

"ခင်ဗျားသမီးကို ခေါ်သွားခိုင်းဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ?" ဝူယန်က မည်သည့်အရာကိုမျှ မယူဘဲ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

 

ချောင်အာ၏မိခင်တစ်ယောက် အနီးနားသို့ လှည့်ကြည့်လိုက်၏။ ချောင်အာမှာ ဆာရာနှင့်အတူ မြက်ပုစဉ်းရင်ကွဲများ ရက်လုပ်နေခဲ့သည်။ သူ(မ)၏မျက်ဝန်းများက နူးညံ့သွားပြီး တိုးတိုးလေး ပြောလိုက်၏။ "ဆာရာက မကောင်းဆိုးဝါးဖြစ်နေပေမဲ့လည်း ကောင်မလေးတစ်ယောက်ပဲ၊ အရာရာကိုလည်း နားလည်တယ်၊ အဲ့တာကြောင့် ဘာကိုမှလည်း သိပ်မကြောက်ဘူး"  

 

"ဆာရာ ခရီးဝေး သွားရင်တောင် မိဘတွေက စိတ်မပူကြဘူး" ချောင်အာ၏မိခင်က ပြော၏။ "မိဘတွေအနေနဲ့ ကလေးတွေကို ခဏလောက်ပဲ ကာကွယ်ပေးနိုင်တာ။ ဘဝတစ်သက်တာလုံး ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

 

"နောက်ပြီး ဒီနေ့ခေတ်မှာ အိမ်ထောင်ပြုဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ချောင်အာက ဘဝတစ်လျှောက်လုံး အိမ်ထောင်မပြုနိုင်ဘူးဆိုရင်တောင်  စူပါမားကတ်ထဲမှာပဲနေပြီး တစ်သက်လုံး အပြင်မထွက်ရဲဘူးဆိုရင်?" ချောင်အာ၏မိခင်က ဝူယန်အား ကြည့်ကာ ပြောလိုက်၏။ "မင်းမှာလည်း သမီးတစ်ယောက်ရှိတာပဲ၊ မင်းနားလည်မှာပါ"  

 

ဝူယန်က နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

 

သူ၏သမီးလေးအကြောင်းကိုလည်း တွေးတောမိ၏။

 

သူ၏သမီးက ကလေးငယ်လေးတစ်ယောက် ဖြစ်နေသေးသော်လည်း သူ့သမီးမှာ နတ်ဘုံသို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီဟု ဝူယန်က ယုံကြည်နေသည်။

 

ထိုသို့ဖြစ်မည်ဆိုလျှင် သူ၏သမီးက သာမန်မိန်းကလေးတစ်ယောက် မဟုတ်တော့ပေ။ နောင်တွင်လည်း စာမတတ်သည့် တောသူမ,တစ်ဦးအဖြစ်သာ ဆက်ရှိနေမည် မဟုတ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရမည်ဟူသော ချောင်အာ၏မိခင် စကားကို သူ သဘောတူ၏။

 

ဝူမိသားစုမှ နတ်တစ်ပါး ထွက်ပေါ်လာနိုင်မည်ဆိုလျှင် ဘိုးဘေးများအတွက် အမှန်တကယ် ဂုဏ်ယူစရာ ဖြစ်လိမ့်မည်။

 

သို့ဖြင့် ဝူယန်က ရွှေချထားသည့် ရုပ်တုကို ချောင်အာ၏မိခင်ထံမှ လှမ်းယူလိုက်သည်။ အခြားသူများကလည်း ဝူယန် လက်လှမ်းယူသည်ကို တွေ့မြင်သောအခါ တစ်ယောက်စီ တစ်ခုစီ ယူလိုက်ကြ၏။

 

ချောင်အာ၏မိခင်၏မျက်နှာထားက နောက်ဆုံးတွင် ပြေလျော့သွားပြီး အပြုံးတစ်ပွင့် ဖြစ်ပေါ်လာ၏။ သူ(မ)က အခြားသူများအား ပြုံးရယ်လျက် ပြောလိုက်သည်။ "သမီးလေးတွေ ရှိတဲ့သူတွေ၊ သမီးတွေကို ဒုက္ခတွေ ရင်ဆိုင်နိုင်အောင် သင်ပေးဖို့ မကြောက်ပါနဲ့။ အရင်တုန်းကတော့ သမီးတွေကို ကောင်းတဲ့မိသားစုနဲ့ ပေးစားဖို့ မျှော်လင့်နိုင်သေးပေမဲ့ အခုလိုအချိန်မှာ အဲဒီလိုမဟုတ်တော့ဘူး"  

 

အခြားသူများက သူ(မ)၏စကားများကို စိတ်ထဲတွင် မှတ်သားထားကြ၏။ ထိုအထဲမှ တစ်ယောက်က "လီကူးပြောတာ မှန်တယ်။ ဒါပေမဲ့ ကျွန်တော့်သမီးက ငယ်သေး‌တော့ ၁၂ နှစ်ကျော်မှပဲ အပြင်ကို ခေါ်သွားတော့မယ်" 

 

"ကျွန်တော့်သမီးက ရွာထဲမှာ သစ်ပင်တက်တော်တယ်။ အရင်ကဆိုရင် သစ်ပင်ပေါ်က ပြုတ်ကျပြီး ဒဏ်ရာရမှာကို စိုးရိမ်ခဲ့တာ။  ဒါပေမဲ့ အခုတော့ သူ(မ) လေ့ကျင့်လို့ရသွားပြီ။ သစ်ပင်တက်တတ်တာကလည်း အတတ်ပညာတစ်ခုပဲလေ"

 

"ကျွန်တော့်သမီးက အရင်က ပန်းထိုးပညာ သင်ခဲ့ဖူးပေမဲ့ သိပ်မတိုးတက်ခဲ့ဘူး။ သူထိုးတဲ့ မန်ဒရင်းဘဲတွေက ရိုးရိုးဘဲတွေနဲ့ ပိုတူတယ်။ ပန်းထိုးတဲ့ အရည်အချင်း သူ(မ)မှာမရှိဘူး။ ဒါဆို ကျွန်တော့်သမီးကို ခင်ဗျားသမီးနဲ့ သစ်ပင်တက်တာ သင်ခိုင်းလိုက်ရမလား?"

 

ချောင်အာ၏မိခင်က ဝမ်းမြောက်စွာဖြင့် ပြန်ပြောသည်။ "မင်းတို့အားလုံးက လူကောင်းတွေဆိုတာ ငါသိပြီးသား…"

 

ရွာထဲတွင် သမီးတစ်ယောက်ရှိတိုင်း တန်ဖိုးထားခြင်းခံရသည်မဟုတ်။ မိဘများသည် အလုပ်တွင် ကူညီရန်အတွက်သာ သမီးများကို မွေးမြူထားကြသည်။ အရွယ်ရောက်လာသည့်အခါတွင် မိသားစုအတွက် ငွေကြေးရရှိနိုင်ရန် အိမ်ထောင်ချပေးလိုက်ကြသည်။ ထိုမိန်းကလေးများ နောင်တွင် မည်သို့ဖြစ်လာမည်ကိုတော့ များသောအားဖြင့် စိုးရိမ်ခြင်းမရှိကြပေ။

 

မည်သို့ပင်ဖြစ်စေ မိသားစု၏ စိုက်ပျိုးမြေနှင့် ငွေကြေးအရင်းအမြစ်များက ကန့်သတ်ထားပြီး ဖြစ်၏။ မိဘများတွင်လည်း မိသားစုအမွေအနှစ်ကို ဆက်ခံနိုင်မည့် သားများကို ပြုစုပျိုးထောင်ရန်အတွက်သာ စွမ်းအင်ကန့်သတ်ထား၏။ သမီးတွေအတွက် ဘယ်လောက်အထိ အာရုံစိုက်မှုတွေ ကျန်နေသေးလဲ?

 

သို့သော် ဤယောက်ျားများက အကျပ်အတည်းများတွင် သူတို့၏သမီးများကို စွန့်ပစ်ခြင်းမရှိခဲ့ပေ။ ၎င်းက သူတို့မှာ သမီးများကို အမှန်တကယ် ဂရုစိုက်ကြသည်ကို ပြသ၏။ ထို့ကြောင့်လည်း ချောင်အာ၏မိခင်က ချောင်အာကို ခရီးစဉ်တွင် ခေါ်သွားနိုင်မလားဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

 

 

အသားခြောက်များ ဝါးနေသည့် ဝူယန်က စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။ "ဆာရာဆိုတဲ့ ကလေးမလေးက တကယ်ကြီး မကောင်းဆိုးဝါးလား။ ကျွန်တော်ကြည့်ရတာတော့ နိုင်ငံခြားသူလိုပဲ"  

 

ချောင်အာ၏မိခင်က လေးနက်စွာဖြင့် ပြော၏။ "သူ(မ)က ကျွတ်မကောင်းဆိုးဝါးလေ သူ(မ)က အသက်ရှင်ဖို့အတွက် သွေးစုပ်ရမယ်လို့ ပြောတယ်။ ဒီရက်ပိုင်းတော့ သူ(မ) ငါတို့နဲ့အတူရှိနေတုန်းကတောင် သွေးဝက်အူချောင်းပဲ စားတာ"

 

"သူ(မ)က အရမ်းထူးဆန်းတာပဲ။ လူတစ်ယောက်က အဲ့လောက်ကြီး နှာခေါင်းရှည်လို့လား?...”