Chapter 23.2
Viewers 2k

အပိုင်း (၂၃.၂)

 

 

“သူ(မ)ရဲ့ မျက်လုံးတွေကလည်း ဆန်းတယ်နော်၊ ရဲတွတ်နေတာပဲ” 

 

“ပုံပြင်တွေထဲမှာတော့ မကောင်းဆိုးဝါးတွေက ဒီလိုပုံမပေါ်ပါဘူး” 

 

ချောင်အာ၏မိခင်က ပြန်ဖြေလိုက်၏။ “သူ(မ)က မကောင်းဆိုးဝါးလောကမှာ နေတာလေ။ မကောင်းဆိုးဝါးလောကက ဘယ်လိုပုံလဲဆိုတာကို ငါတောင် မသိဘူး” 

 

ယခုအခါတွင် ချောင်အာ၏မိခင်တစ်ယောက် အရင်ကထက် သိသိသာသာ သတ္တိရှိလာခဲ့သည်။ သူ(မ)အနေဖြင့် ဆာရာကို မကြောက်သကဲ့သို့ မည်သည့် မကောင်းဆိုးဝါးကိုမျှလည်း မကြောက်ဟု ယုံကြည်နေ၏။ 

 

ယောကျ်ားများက ဝိုင်းဖွဲ့ကာ မှတ်ချက်ပေးကြ၏။ “ယောက်ျားမကောင်းဆိုးဝါးတွေက မျက်နှာစိမ်းစိမ်း၊ အစွယ်ချွန်ချွန်တွေနဲ့ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေပုံစံရှိတယ်တဲ့၊ မကောင်းဆိုးဝါးမတွေကျတော့ လူပုံစံရှိတယ်လို့ ကြားဖူးတယ်” 

 

“ဆာရာက ကောင်းတဲ့မကောင်းဆိုးဝါးဖြစ်နေတာနဲ့ပဲ မကောင်းဆိုးဝါးတွေအားလုံးက ကြောက်စရာ မဟုတ်ဘူးလို့ ပြောလို့မရဘူး” 

 

… 

 

“နင်လုပ်တာ မှားနေပြီ” တစ်နေရာတွင်မူ ချောင်အာတစ်ယောက် မြက်ပုစဉ်းရင်ကွဲကို ရက်လုပ်နေရင်း ဆာရာကို လုပ်ပုံလုပ်နည်းပြရန် လှမ်းကြည့်လိုက်၏။ “ဒီဘက်က မြက်ကို အရင် ထိုးထည့်ရမှာလေ” 

 

သို့သော် ဆာရာခမျာ အကြိမ်ကြိမ် ကြိုးစားသော်လည်း မှန်ကန်စွာ မရက်လုပ်နိုင်ပေ။ ချောင်အာက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “အိုး၊ ထပ်မှားပြန်ပြီ…”   

 

ဆာရာက ထက်ဝက်ရက်ပြီးသွားသော ပုစဉ်းရင်ကွဲကို ချောင်အာဆီသို့ လှမ်းပေးရင်း ပြော၏။ “ငါ့အတွက် ဒီလိုလေး ထပ်ထည့်ပေးပါလား၊ နော်”   

 

ချောင်အာက ယူလိုက်ပြီး သက်ပြင်းချကာ ‌ဆို၏။ “အင်း၊ သေချာကြည့်နော်။ ဒီလိုမျိုး လုပ်ရတာ”  

 

ဆက်လက်၍ ရက်လုပ်နေစဉ် ချောင်အာက မေးလိုက်သည်။ “နင့်မိဘတွေက နင့်အပေါ် မကောင်းဘူးလား?”   

 

ဆာရာက ပြန်ဖြေလိုက်၏။ “ငါ့မှာ အမေပဲရှိတယ်။ အဖေမရှိဘူး” 

 

ချောင်အာက လျင်မြန်စွာပင် ပြန်ပြောလိုက်၏။ “ငါ ရည်ရွယ်ပြီး မေးလိုက်တာမဟုတ်…”   

 

ဆာရာက လက်ကို တားမြစ်ဟန်ပြကာ ပေါ့ပေါ့ပါးပါးပြောလိုက်၏။ “ဘာမှမဟုတ်ပါဘူး။ အမေကလည်း ကောင်းကောင်းမဆက်ဆံတော့ အမေ,မရှိတာနဲ့ အတူတူပဲ”   

 

ချောင်အာတစ်ယောက် ခေတ္တမျှ ရပ်တန့်သွားသည်။ ယခုမူ သူ(မ)က ဆာရာကို သနားသွား၏။ သူ(မ)၏မိခင်သည် မုဆိုးမတစ်ဦးဖြစ်ပြီး ဆာရာကို ကောင်းကောင်းမဆက်ဆံခဲ့ကြောင်း သိလိုက်ရသည့်အခါ မကောင်းဆိုးဝါးမိသားစုများကြားတွင်လည်း အခက်အခဲများရှိကြောင်း သိလိုက်သည်။ 

 

“နင့်မှာ အစ်ကိုတွေရှိသေးတာပဲ” ချောင်အာက နှစ်သိမ့်ပေးလိုက်၏။ “သူတို့က အခု နင့်အပေါ် မကောင်းတာတောင်မှ နင်က သူတို့အပေါ် ကောင်းနေသရွေ့ သူတို့လည်း နင့်အပေါ် ကောင်းလာလိမ့်မယ်” 

 

ဆာရာသည် ချောင်အာ၏လက်လှုပ်ရှားမှုကို စိုက်ကြည့်နေပြီး အာရုံသိပ်မစိုက်ဘဲ ပြောလိုက်သည်။ “တစ်နေ့ကျရင်တော့ သူတို့ အကုန်လုံးကို သတ်ပစ်မယ်”  

 

ချောင်အာ၏လက်မှာ တုန်ယင်သွားသည်။ ရက်လုပ်ရန် ပြီးခါနီးဖြစ်နေသော ပုစဉ်းရင်ကွဲက မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ချောင်အာက ဆာရာကို အံ့ဩတုန်လှုပ်နေသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ပြီး တုန်တုန်ရီရီပြောလိုက်၏။ “နင်… နင်…”   

 

ဆာရာက ပေါ့ပေါ့ပါးပါးဖြင့် ပြန်ဖြေလိုက်သည်။ “ငါ့မှာ အမေတစ်ယောက်ပဲရှိတာ။ သူ(မ)ရဲ့ပိုင်ဆိုင်မှုကလည်း အကန့်အသတ်နဲ့လေ။ သူတို့က ငါ့အပေါ် မကောင်းတာကို  သူတို့ကို မသတ်ဘဲ ဘယ်လိုလုပ် ငါ့ဝေစုရမှာလဲ?” 

 

ချောင်အာခမျာ စကားပင် မပြောနိုင်အောင် ဖြစ်နေ၏။ 

 

ဆာရာက မေး၏။ “ပြီးပြီလား? ဒါပဲလား? နင် တော်တော်တော်တာပဲ”   

 

ချောင်အာက ရက်လုပ်ထားခြင်းပင်ဖြစ်သော်လည်း မြေပြင်ပေါ်၌ ထားလိုက်ပြီး အမြီးကို ဖိလိုက်သည့်အခါ ပုစဉ်းရင်ကွဲက ခုန်ပေါက်သွားနိုင်၏။ တစ်ကြိမ်တည်းသာ ခုန်နိုင်သည်ဆိုဦးတော့ ဆာရာအနေနှင့် အတော်ပင် ကျွမ်းကျင်သည်ဟု ယူဆလိုက်သည်။ 

 

ချောင်အာက ပြန်ဖြေလိုက်၏။ “မဟုတ်ဘူး… နင်က ပိုတော်တာ”  

  

“သူတို့ ငါ့ကို ရေဆိုးမြောင်းထဲ တစ်ခါတွန်းချဖူးတယ်” ဆာရာက ပုစဉ်းရင်ကွဲကို ကြည့်လိုက်ပြီး ဆက်ပြောသည်။ “ငါရဲ့ လက်တွေ၊ ခြေထောက်တွေကို ဖြတ်ပြီး မြေအောက်ခန်းထဲ ပစ်ချတယ်၊ နောက်ပြီး ဗိုက်ထဲက အူတွေတောင် ဆွဲထုတ်ပစ်လိုက်သေးတယ်။ သူတို့က ငါ့ကို အဲ့လိုဆက်ဆံခဲ့တာပဲ၊ ဘာကိစ္စ သူတို့အပေါ်  ကောင်း‌ပေးရမှာလဲ?” 

 

ချောင်အာမှာ ကြောက်ရွံ့သွားပြီး တုန်တုန်ရီရီဖြင့် မေးလိုက်၏။ “ဘာ-ဘာလို့ အဲ့လိုဆက်ဆံတာလဲ…” 

 

ဆာရာက မျက်နှာအမူအရာ မပြောင်းလဲဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ ငါက အားအနည်းဆုံးမို့လို့လေ။ သူတို့က ငါကို မိသားစုအတွက် အရည်အသွေးမပြည့်မီတဲ့ ပစ္စည်းတစ်ခုလို့ သဘောထားကြတာ။ ငါ့ကို သတ်ပစ်လိုက်ရင် မိသားစုက ပိုပြီး အားကောင်းလာလိမ့်မယ်လို့ ထင်နေကြပုံရတယ်။ ရယ်စရာကြီးမလား?” 

 

“ဒါပေမဲ့ သူတို့က ငါ့ကို မသတ်နိုင်ခဲ့ဘူး” ဆာရာ၏ နှုတ်ခမ်းများက ကွေးသွားသည်။ “အဲ့ဒါကြောင့်ပဲ ငါ သူတို့ကို သတ်ချင်တာ” 

 

“ငါ ခံစားခဲ့ရတဲ့ အခက်အခဲတွေကို သူတို့ကိုလည်း ခံစားစေချင်တယ်၊ အဲ့နောက်မှပဲ သူတို့ကို သတ်ပစ်လိုက်မှာ”

 

ဆာရာက ချောင်အာကို မေးလိုက်သည်။ “နင့်အစ်ကိုတွေက နင့်ကို နေ့တိုင်း ရိုက်နှက်ပြီး ဒုက္ခပေးနေမယ်ဆိုရင် နင် သူတို့အပေါ် ကောင်းနိုင်သေးလား”   

 

ချောင်အာက ပြန်ဖြေလိုက်၏။ “သူတို့နဲ့အတူပဲ ကျသွားမှာ…”   

 

ကျေးလက်ဒေသ၌ မွေးဖွားပြီး အစ်မကြီးဖြစ်နေသော်လည်း သူ(မ)၏မိဘများက တစ်ခါမျှ မကောင်းမမွန် မဆက်ဆံခဲ့ပေ။ သူ(မ)၏ ညီငယ်၊ ညီမငယ်များကလည်း သူ(မ)၏စကားကို နားထောင်ကြပြီး တစ်ခါတရံတွင် မလွန်ဆန်မိရင်တောင် သူ(မ)ကို ဒုက္ခမပေးခဲ့ပေ။ ချောင်အာတစ်ယောက် ဆာရာခံစားခဲ့ရသည့် ဝမ်းနည်းမှုများကို သူ(မ)အနေဖြင့် မခံစားနိုင်ဟု ထင်မိသည်။ 

 

ဆာရာက ရယ်မောလိုက်၏။ “နင်က အဲ့လိုစကားပြောတဲ့ ပထမဆုံးလူပဲ” 

 

“မဟုတ်ဘူး၊ ဒုတိယမြောက်” 

 

“ဒီကစပြီး နင့်ကို ငါစောင့်ရှောက်ပေးမယ်” ဆာရာက ရုတ်တရက်ပြောလိုက်၏။ “နင်က ငါ့ရဲ့ ညီမလေး ဖြစ်သွားပြီ” 

 

ချောင်အာက အနည်းငယ် မဝံ့မရဲဖြစ်နေသည်။ မိန်းကလေးချင်း သွေးသောက်ညီအစ်မ ဖြစ်တယ်ဆိုတာကို သူ(မ)တစ်ခါမျှ မကြားဖူးပေ။ သူ(မ)သိသည်မှာ ခေါင်းကိုင်အမေများကိုသာ ဖြစ်သည်။ “ဒါဆို  ငါ့အမေကိုလည်း ခေါင်းကိုင်အမေအဖြစ် အသိအမှတ်ပြုသင့်တယ်” 

 

“ပြီးတော့… နင်က ငါထက် ငယ်တဲ့ပုံပဲ” 

နောက်ဆုံးတွင် ဆာရာက သူ(မ)၏ သွေးသောက်ညီအစ်မ မဖြစ်ခဲ့ပေ။ သို့သော် ချောင်အာက ဆာရာအား သူ(မ)၏ အစ်မတစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်သည်။ 

 

… 

 

ညသန်းခေါင်ယံတွင် အလင်းတန်းတစ်ခုနှင့်အတူ မြင်းခြောက်ကောင် ထပ်မံရောက်ရှိလာ၏။ ဤ အညိုရောင်မြင်းများမှာ ကျန်းမာသန်စွမ်းပြီး ခန့်ညားထည်ဝါသော ဟန်ပန်ရှိသည်။ ၎င်းတို့က လင်းယိုယွမ်နှင့် အခြားသူများ စီးလာသော မြင်းများနှင့် လုံးဝကွဲပြားခြားနားကြ၏။ ထိုမြင်းများမှာ ယခုမြင်းများကဲ့သို့ သန်စွမ်းခြင်းမရှိပေ။ 

 

ယဲ့ကျိုးတစ်ယောက် မြင်းမစီးတတ်သော်လည်း မြင်းများသည် သူ့စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသည့် သဘာဝစွမ်းအားနှင့် အလှကို ပိုင်ဆိုင်ကြောင်း သိ၏။ 

 

ယဲ့ကျိုးက မြင်း၏ခေါင်းပေါ်ရှိ အမွေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ မြင်းစီးတတ်မည်ဆိုပါက ယခုအချိန်တွင် သူ စီးနင်းလိုက်ပါမိမှာ အသေအချာပင်။ 

 

ကံမကောင်းစွာပင် ကျောင်းတုန်းက မြင်းစီးပညာသင်ယူရန် အချိန်မရှိခဲ့ပေ။ 

 

ယခုတစ်ကြိမ်တွင်မူ စနစ်မှာ သဘောထားကြီးခဲ့သည်။ မြင်းများကို ပေးရုံသာမက မြင်းခွာနှင့် ကုန်းနှီးများကိုပါ တပ်ဆင်ထားပြီးဖြစ်ရာ မည်သူမဆို ချက်ချင်း စီးနင်းလိုက်ပါနိုင်ပေသည်။ 

 

“မြင်းစီးတာ သင်ချင်လိုက်တာ…” ယဲ့ကျိုးက ကျိုမင်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ခင်ဗျား မြင်းစီးတတ်လား?”  

 

ကျိုမင်က ပြန်ဖြေလိုက်၏။ “တတ်ပါတယ်”  

  

ယဲ့ကျိုးက မေးလိုက်သည်။ “အရင် အလုပ်လုပ်တုန်းက သင်ခဲ့တာလား?”   

 

ကျိုမင်က ခေါင်းညိတ်လိုက်သည်။ “ကမ္ဘာအများစုမှာ သွားလာရေးအတွက် မြည်းတွေ၊ မြင်းတွေ၊ နွားတွေကို အသုံးပြုကြတယ်။ တချို့နေရာတွေမှာဆိုရင် မြည်းတွေတောင် မရှိဘူး”  

 

ယဲ့ကျိုးတစ်ယောက် ကျိုမင် မြည်းတစ်ကောင်ကို စီးနေသည်ဟု စိတ်ကူးလိုက်မိသည်။ 

 

ဟင်း… မြင်းစီးတာက ပိုကောင်းပါလိမ့်မည်။ 

 

“ဒါနဲ့… ဝူယန်တို့အဖွဲ့ မြင်းစီးတတ်ကြရဲ့လား?” ယဲ့ကျိုးက ရုတ်တရက် ဤမေးခွန်းကို တွေးလိုက်မိသည်။ 

 

ကျိုမင်မှာ စိုးရိမ်ခြင်းမရှိပေ။ “မြင်းမစီးတတ်ဘူးဆိုရင်တောင် မြင်းကို ဦးဆောင်ပြီး ခေါ်သွားလို့ရသေးတယ်” 

 

ရေနှင့် စားသောက်ကုန်များကို သယ်ယူပို့ဆောင်ရန် ယဲ့ကျိုးက မြင်းများ ဆွဲနိုင်မည့် သစ်သားလှည်းတစ်စီးကိုလည်း ဝယ်ယူလိုက်၏။ ထိုလှည်း၏ ဘီးများက လေအပြည့်ဖြည့်ထားပြီး ပုံမှန်တာယာများထက် ပိုမိုကြီးမားသည်ဖြစ်ရာ လှည်းကို မြေပြင်အမျိုးမျိုးပေါ်၌ ခုတ်မောင်းနိုင်ပြီး တာယာပေါက်ခြင်းကိုလည်း စိုးရိမ်ရန် မလိုပေ။ ၎င်းတို့က လှည်း၏အလေးချိန်ကို အချိုးကျ ခွဲဝေပေးနိုင်၏။ 

 

အဆိုပါ ဖော်ပြချက်မှာ အတော်ပင် ရှင်းလင်းသည်။ ဤတာယာများ တပ်ဆင်ထားသော ထရပ်ကားကြီးတစ်စီးက လူတစ်ယောက်ပေါ်မှ ဖြတ်သွားရင်တောင် ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်စေမည် မဟုတ်ချေ။ 

 

မူလက ယဲ့ကျိုးက ဤသည်မှာ အနာဂတ်၏ထုတ်ကုန်ဟု ထင်ခဲ့သည်။ သို့သော် သူ၏ “ခေတ်”ကို စစ်ဆေးကြည့်သည့်အခါတွင်မူ ဤတာယာများမှာ သူ့ထက်ပင် အသက်ပိုကြီးနေသည်ကို သိလိုက်ရ၏။ 

 

လှည်းထဲတွင် လူသားများအတွက်သာမက မြင်းများအတွက်ပါ အစားအသောက်နှင့် ရေများကို ထည့်ထားသည်။ ယဲ့ကျိုးက ၎င်းနှင့်အတူ ခရီးသွားလာမည့်သူများအနေနှင့် မြင်းများကို ကောင်းမွန်စွာ ပြုစုပေးမည်ဟု မျှော်လင့်သည်။ အကယ်၍ ဤခမ်းနားထည်ဝါသော တိရစ္ဆာန်များ တစ်စုံတစ်ရာ ဖြစ်ပျက်မည်ဆိုလျှင် သူ အလွန်ပင် နှမြောမိပေလိမ့်မည်။ 

 

ယဲ့ကျိုးကို အံ့အားသင့်စေသည်မှာ ဤ “ပို့ဆောင်ရေး” ခရီးစဉ်တွင် ဝူယန်၏အဖွဲ့အပြင် ချောင်အာနှင့် ဆာရာတို့နှစ်ဦးလုံးလည်း လိုက်ပါမည် ဖြစ်ခြင်းပင်။ 

 

ချောင်အာတစ်ဦးတည်းသာ ယောကျ်ားများကြားတွင် လိုက်ပါမည်ဆိုပါက ယဲ့ကျိုးတစ်ယောက် သူ(မ)အား လိုက်ပါခွင့်ပြုရဲလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ လက်တွေ့ကျသော စိုးရိမ်မှုတစ်ရပ်ပင်။ ဝူယန်၏အဖွဲ့ကို လူကောင်းများဟု ယုံကြည်သည်ဆိုဦးတော့ အနည်းငယ်မျှသော မသေချာမှုရှိနေသရွေ့ ချောင်အာ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုနိုင်မည်မဟုတ်ပေ။

 

သို့သော် ချောင်အာ လိုက်ပါမည်ကို သိလိုက်ရသည့်အခါတွင် ဆာရာကလည်း စေတနာ့ဝန်ထမ်းအဖြစ် လိုက်ပါချင်လာခဲ့၏။ ဆာရာ သူတို့နှင့်အတူ ရှိနေခြင်းကြောင့် ယဲ့ကျိုးက သဘောတူလိုက်သည်။ 

 

ဆာရာ၏ စွမ်းဆောင်ရည်ကို မမြင်ဖူးသော်လည်း သူ(မ)က ဗန်ပိုင်းယားတစ်ဦးဖြစ်၏။ အားအနည်းဆုံး ဗန်ပိုင်းယားတွင်ပင် အရည်အချင်းအချို့ရှိသင့်သည်။ ထို့အပြင် ဆာရာမှာ ဆယ်ကျော်သက်မဟုတ်တော့ပေ။ သူ(မ)အနေဖြင့် လိုက်ပါရန် ဆန္ဒရှိသည်ဆိုသည်က သူ(မ)၏ အရည်အချင်းများကို ယုံကြည်မှုရှိပေလိမ့်မည်။ 

 

လူငယ်များက ပူပြင်းသည့် ဆုံးဖြတ်ချက်များကို ချတတ်သော်လည်း အရွယ်ရောက်ပြီးသူများသည် ကောင်းစွာ ချင့်ချိန်စဉ်းစားပြီးမှသာ ဆုံးဖြတ်ချက်များကို ချတတ်ကြသည်။ 

 

“လိုက်သွားမယ်ဆိုတော့ မြင်းစီးတာကို သင်လို့ရတာပေါ့” ယဲ့ကျိုးက စိတ်မပါတပါဖြင့် မြင်း၏ခေါင်းကို ပုတ်လိုက်သည်။ “ဒါက အရေးကြီးတဲ့ အတတ်ပညာတစ်ခုပဲ” 

 

ယဲ့ကျိုးနှင့် ကျိုမင် စကားပြောသည့်အခါ ချောင်အာက အနီးအနားတွင်ရှိနေသည်မို့ သူတို့က တမင်တကာ အသံကိုနှိမ့်ထားကြ၏။ 

 

ဆာရာ : “ကျွန်မ မြင်းစီးတတ်ပါတယ်”  

 

ချောင်အာကတော့ ရိုးသားစွာ ပြော၏။ “ကျွန်မကတော့ နွားစီးတတ်တယ်”  

  

နွားကျောင်းသားတစ်ယောက်အနေနှင့် နွားစီးမတတ်ဘဲ နေပါ့မလား? 

 

ယဲ့ကျိုး : “…” 

 

ငါက ဘာမှ မတတ်တဲ့ တစ်ဦးတည်းသောသူ ဖြစ်နေတာပဲ။ 

 

ချောင်အာသည် ယဲ့ကျိုးက မြင်းကို ပွတ်သပ်နေသည်ကို ကြည့်ပြီး ဤမြင်းများက နတ်များ၏ ကရုဏာကိုပင် ရရှိသည်ဟု ခံစားမိ၏။ 

 

ဤမြင်းများအတွက် ဤလူများနောက်သို့ လိုက်ခြင်းက ကောင်းသောနေရာတစ်ခုဖြစ်နိုင်ပေသည်။ 

 

ဘယ်သူသိမှာလဲ၊ ဒီမြင်းတွေတောင် အောင်မြင်မှုကြီးကြီးမားမားတွေ ရလာနိုင်တာပဲ! 

 

ချောင်အာတစ်ယောက် သူ(မ)၏မိခင်က ဝူယန်အဖွဲ့ထဲသို့ တွန်းပို့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ(မ)သည် ကြောက်ရွံ့ပြီး မသွားချင်ခဲ့ပေ။ သို့သော် သူ(မ)က မိခင်၏ ညွှန်ကြားချက်များကို လိုက်နာနေကျဖြစ်ရာ ငြင်းဆိုရန်နှင့် ချေပရန် မရဲခဲ့ပေ။ 

 

ထို့ကြောင့် ချောင်အာက လက်နက်များကို စိတ်လိုလက်ရ ရွေးချယ်နိုင်ခဲ့၏။ အချိန်ကြာပြီးနောက်တွင်မူ crossbow တစ်လက်ကို ရွေးချယ်လိုက်သည်။ 

 

သူ(မ)သည် ပစ်ခတ်ရာတွင် ကျွမ်းကျင်သောကြောင့် မဟုတ်ပေ။ အဆုံးတွင် ကလေးဘဝကတည်းက လောက်လေးခွကို အသုံးပြုနိုင်ခဲ့သော်လည်း ငှက်များစွာကိုပင် မပစ်ချနိုင်ခဲ့ပေ။ သူ(မ)သည် ထို crossbow ကို ရွေးချယ်ရခြင်းမှာ ရန်သူနှင့် အနီးကပ် တိုက်ခိုက်ရန် မလိုဘဲ အဝေးက တိုက်ခိုက်နိုင်သောကြောင့်ပင်။ 

 

ချောင်အာက မိခင်၏ ရည်ရွယ်ချက်များကို နားမလည်ခဲ့ပေ။ သူ(မ)၏မိခင်က သူ(မ)ကို စိတ်ပျက်နေပြီဟု ထင်ခဲ့သည်။ ကံကောင်းစွာပင် သူ(မ)၏ အစ်မကြီးဖြစ်သူက သူ(မ)နှင့်အတူ လိုက်ရန် ဆန္ဒရှိနေ၏။ 

 

ချောင်အာက ဆာရာ၏လက်ကို တင်းတင်းဆုပ်ကိုင်ရင်း တိုးတိုးလေး ပြောလိုက်၏။။“ကျဲကျဲ၊ ငါ ကြောက်တယ်”  

  

ဆာရာက ချောင်အာ၏လက်ကို ညင်သာစွာပုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည်။ “မကြောက်နဲ့။ ငါ နင့်ကို ကာကွယ်ပေးမယ်။ တစ်ယောက်ယောက်က နင့်ကို ဒုက္ခပေးရဲရင် အဲ့မိသားစု တစ်ခုလုံးကို ကိုက်သတ်ပစ်မယ်”   

 

ချောင်အာ : “…” 

 

သူ(မ)သည် ယခုမူ ပို၍ပင် ကြောက်သွားခဲ့၏။ 

 

ဆာရာက အစ်မတစ်ဦးဖြစ်ရသည်ကို ပျော်ရွှင်နေသည်။ ချောင်အာက ကောင်းကင်ပေါ်ရှိ လကို လှမ်းယူချင်သည်ဟု ပြောလာလျှင်တောင် “ဒီကျဲကျဲက  ကူညီပေးမယ်” ဟု ပြောနိုင်ပေ၏။ 

 

စာချုပ်ပါ သဘောတူညီချက်များ မရှိလျှင် ဆာရာတစ်ယောက် ချောင်အာကို ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်ချင်ခဲ့မိသည်။ 

 

သို့ဆိုလျှင် သူ(မ)က အစ်မတစ်ဦးအဖြစ်သာမက မိခင်တစ်ဦးလည်းဖြစ်လာပေလိမ့်မည်။