အပိုင်း (၂၂)
ထိုသူတို့နှင့် အတူတူ အချိန်အနည်းငယ်ကုန်ဆုံးခဲ့ပြီးနောက်တွင် ယဲ့ကျိုးသည် ကျိုမင်နှင့် ဆာရာတို့၏ နောက်ခံအကြောင်းအရာများကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။
ဆာရာက ကမ္ဘာပေါ်ရှိ အနောက်တိုင်း အလယ်ခေတ်နှင့် ဆင်တူသော ခေတ်ကာလတစ်ခုမှ ရောက်ရှိလာသူပင်။ သူ(မ)က မိသားစုတွင် အငယ်ဆုံးဖြစ်ပြီး အားအနည်းဆုံးသူလည်း ဖြစ်နိုင်သည်။ ဗန်ပိုင်းယားဖြစ်သော်လည်း သူ(မ)၏ အပြုအမူနှင့် အလေ့အထများက လူသားများနှင့် သိပ်ကွာခြားမှုမရှိပေ။
သို့သော်လည်း သူ(မ)၏ သေးငယ်သည့် ခန္ဓာကိုယ်ထဲတွင် အသက်လေးရာကျော်ရှိသည့် ဝိညာဉ်တစ်ခု ပူးကပ်နေသေး၏။ အချို့သောအချိန်များတွင် သူ(မ)၏ စကားများနှင့် လုပ်ရပ်များက ထူးဆန်းစွာဖြင့် နေရာနှင့်မကိုက်ညီသကဲ့သို့ ဖြစ်နေသည်။
ကျိုမင်၏ ပုံပန်းသဏ္ဍာန်ကမူ ခပ်အေးအေးနှင့် ခပ်ဆိုးဆိုးပုံပေါက်သော်လည်း နူးညံ့သိမ်မွေ့သူတစ်ဦး ဖြစ်ပေ၏။
ထူးဆန်းသည်မှာ ဝန်ထမ်းများက 'မကောင်းဆိုးဝါး' ဟု သတ်မှတ်ခံထားရသည့် ဆာရာနှင့် ရင်းနှီးရန် ဆန္ဒရှိကြသော်လည်း လူသားဖြစ်သည့် ကျိုမင်နှင့်မူ မရင်းနှီးလိုကြပေ။
ထို့ကြောင့် ကျိုမင်တစ်ယောက် အထီးကျန်မနေစေရန် ယဲ့ကျိုးက တစ်ခါတစ်ရံ သူ့နှင့် စကားစမြည် ပြောဆိုပေးနေရသည်။
"ခင်ဗျားတို့ဆီက မြေတွေက စိုက်ပျိုးရေးလုပ်လို့မရဘူးလား?" ယဲ့ကျိုးက ကျိုမင်နှင့်အတူ နားနေခန်းတွင် စကားစမြည်ပြောဆိုနေ၏။
သူတို့နှစ်ယောက်သည် ဆိုဖာပေါ်တွင် ထိုင်နေကြပြီး စားပွဲပေါ်၌ လက်ဖက်စိမ်းနှင့် မုန့်မျိုးစုံ ခင်းကျင်းထား၏။ ယဲ့ကျိုးက မေးလိုက်သည်။ "ဒါဆို လူသားတွေက မျိုးမတုံးသေးဘူးပေါ့?”
မြေနှင့် ရေအရင်းအမြစ်များက လူသားတို့၏ ရှင်သန်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။
မြေယာများ စိုက်ပျိုး၍မရတော့ပါက မည်သို့ဖြစ်သွားမည်ကို ယဲ့ကျိုးတစ်ယောက် စိတ်ပင်မကူးဝံ့ပေ။
ကျိုမင်သည် လိမ္မော်သီးတစ်လုံးကို ကိုင်ကာ အခွံခွာနေသည်။ လိမ္မော်သီး၏ရနံ့နှင့် အချဉ်ဓာတ်သည် လက်ဖက်ရည်၏ရနံ့ကို ဖုံးလွှမ်းသွားကာ အခန်းတစ်ခုလုံးကို ပြည့်နှက်သွားစေ၏။
သူက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ "ညစ်ညမ်းမှုမရှိသေးတဲ့ မြေနေရာနည်းနည်းတော့ ရှိနေသေးတယ်"
ယဲ့ကျိုးက မေးလိုက်သည်။ "ခင်ဗျားနေတဲ့နေရာမှာရော အဲ့လိုမြေတွေ ရှိလား?"
ကျိုမင်သည် ခေတ္တမျှ ချီတုံချတုံဖြစ်ပြီးနောက် ခေါင်းအသာအယာ ခါလိုက်သည်။
ယဲ့ကျိုးကတော့ တစ်စုံတစ်ရာကို သဘောပေါက်လိုက်သော်လည်း ထိုအတွေးကို ဖျောက်ကာ မေးခွန်းကို ဆက်မေးလိုက်သည်။ "ဒါဆို ခင်ဗျားက အလုပ်အကိုင်စနစ် မရခင်တုန်းက ဘယ်လို အသက်မွေးဝမ်းကျောင်းပြုခဲ့လဲ?"
"ကျွန်တော်က အခြေစိုက်စခန်း A35 မှာ မွေးခဲ့တာ" ကျိုမင်က အခွံခွာပြီးသား လိမ္မော်သီးကို တစ်ဝက်ခွဲလိုက်ပြီး တစ်ခြမ်းကို ယဲ့ကျိုးအား ပေးလိုက်သည်။
ယဲ့ကျိုးသည် အလိုအလျောက်ပင် ၎င်းကိုယူလိုက်ရင်း ပြောလိုက်၏။ "ကျေးဇူးပါပဲ"
ကျိုမင်က ဆက်လက်၍ "အခြေစိုက်စခန်း A35 မှာ စိုက်ပျိုးနိုင်တဲ့မြေ မရှိပေမဲ့ ရေအရင်းအမြစ်တော့ ရှိတယ်"
ယဲ့ကျိုးက အကြံပေးလိုက်သည်။ "အဲ့ဒါဆို ခင်ဗျား တခြားသူတွေနဲ့ ကုန်သွယ်လို့ရတာပေါ့?"
ကျိုမင်က ခေါင်းခါလိုက်၏။ သူ၏ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းတို့ ကင်းမဲ့နေသော နက်မှောင်သည့် မျက်ဝန်းများဖြင့် ယဲ့ကျိုးအား လှမ်းကြည့်လိုက်၏။ ထိုမျက်လုံးများသည် အဆုံးမရှိသော ရေတွင်းတစ်တွင်းကဲ့သို့ပင်။ "ဥပဒေမဲ့ နေရာတွေမှာ ဘယ်သူမှ ကုန်သွယ်ချင်ကြမှာ မဟုတ်ဘူး"
ယဲ့ကျိုးက မဝံ့မရဲဖြင့် မေးလိုက်၏ "…ဒါဆို လုယက်တာပေါ့?"
ကျိုမင်က ခေါင်းညိတ်ပြလိုက်သည်။
သူ့နှုတ်ခမ်း၏ထောင့်စွန်းကို ဆွဲလိုက်ရင်း အဓိပ္ပါယ်မရှိသော အပြုံးတစ်ပွင့်ကို ဖော်ပြလိုက်၏။
ယဲ့ကျိုးသည် ထိုခေါင်းစဉ်အပေါ် ပိုမိုနက်နဲစွာ မစူးစမ်းတော့ပေ။ သူက အသံတိုးတိုးဖြင့် မေးလိုက်၏။ "တခြားအသီးလေးတွေ စားဦးမလား?"
ကျိုမင်က ခေါင်းအသာအယာ ညိတ်ပြပြီး "ဘာဖြစ်ဖြစ် ရပါတယ်"
ယဲ့ကျိုးသည် နားနေခန်းမှ ထွက်ခွာသွားတော့သည်။
သူသည် ရုပ်ရှင်နှင့် စာပေလက်ရာများစွာကို ကြည့်ဖူးပြီးပြီဖြစ်ရာ ကမ္ဘာပျက်ပြီးနောက် အခြေအနေများနှင့် ပတ်သက်သော ရုပ်ရှင်များသည် ရက်စက်ကြမ်းကြုတ်ပြီး မှောင်မိုက်သော အငွေ့အသက်များသာ ရှိကြသည်။ အရင်းအမြစ်များ ရှားပါးလာသောအခါ လူသားမျိုးနွယ်သည် အဆုံးမဲ့သော ပဋိပက္ခများထဲသို့ မလွဲမသွေ ကျရောက်သွားမည်သာ ဖြစ်၏။
ပူးပေါင်းဆောင်ရွက်မှု၏ အခြေအနေမှာ အရင်းအမြစ်များသည် လူအများစု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းပင်။
ထင်ရှားသည်မှာ ကမ္ဘာပျက်ပြီးနောက် ခေတ်က ဤလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။
သို့သော်လည်း ပဋိပက္ခများသည် အရင်းအမြစ်များကို ပိုမိုရှားပါးစေပြီး ဆိုးဆိုးဝါးဝါး သံသရာလည်နေစေသည်။
ယဲ့ကျိုးသည် ရုပ်ရှင်ကြည့်ရင်း၊ ဝတ္ထုနှင့် ကာတွန်းများ ဖတ်ရင်း ထိုအချက်ကို နားလည်ခဲ့သည်။ ဤကဲ့သို့သော လူမှုဖွဲ့စည်းပုံကို သူက အထူးအဆန်းဟု မထင်မှတ်တော့ပေ။ သူသည် ထိုထက်မက ပို၍ မှောင်မိုက်ပြီး ပုံမှန်မဟုတ်သော အကြောင်းအရာများကို တွေ့ဖူးခဲ့သည်။
သို့သော် စိတ်ကူးယဉ်နှင့် လက်တွေ့ဘဝက ပေးသည့် ခံစားချက်များက မတူညီသည်မှာ အသေအချာပင်။
အသီးရွေးနေစဉ်တွင် ယဲ့ကျိုးတစ်ယောက် နောင်တအနည်းငယ် ရနေသည်။
သူ ဘာလို့ ဒီလောက်တောင် သေသေချာချာ စုံစမ်းဖို့ လိုရတာလဲ? တခြားလူက ဒီမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပြီး သူ့ရဲ့ဘေးကင်းလုံခြုံမှုကို သေချာစေနိုင်ရင် မလုံလောက်ဘူးလား? သူက Blind Date လုပ်ဖို့ရောက်လာတာမှ မဟုတ်တာ၊ ဘာလို့ မေးခွန်းတွေ အများကြီး မေးနေရတာလဲ
မည်သို့ပင်ဆိုစေကာမူ စာချုပ်တစ်ခု ရှိနေသည်ပင်။ တခြားသူက 'လူဆိုး' ဖြစ်နေပါစေ၊ အနည်းဆုံးတော့ သူ့အား ထိခိုက်အောင် ပြုလုပ်မည်မဟုတ်ပေ။
နားနေခန်းသို့ ပြန်ရောက်သောအခါ ယဲ့ကျိုးသည် ကျိုမင်၏ကမ္ဘာအကြောင်း မေးခွန်းများ ထပ်မမေးတော့ပေ။ ထိုအစား သူသည် TV ကို ဖွင့်ကာ ကျိုမင်နှင့်အတူ ရုပ်ရှင်ကြည့်နေတော့သည်။
ရုပ်ရှင်၏ အထွတ်အထိပ်သို့ ရောက်လုနီးပြီဖြစ်သောအခါ ယဲ့ကျိုးသည် စူပါမားကတ်အပြင်ဘက်မှ ခြေသံများနှင့် အသံများကို ကြားလိုက်ရသည်။
သီအိုရီအရဆိုလျှင် သူသည် နားနေခန်းထဲတွင်ရှိနေစဉ် အပြင်ဘက်မှ ဆူညံသံများကို ကြားနိုင်မည် မဟုတ်ပေ။ သို့သော် အချို့သောအခြေအနေများတွင် သူက သူ့ပတ်ဝန်းကျင်ရှိ အသံများအားလုံးကို ထူးခြားစွာ အာရုံခံနိုင်စွမ်းရှိလာခဲ့သည်။ သူ့ကို အလွန်အမင်းစွမ်းအားရှိသော အကြားအာရုံနှင့် လူသားတစ်ဦးဟု မဆိုနိုင်သော်လည်း ယဲ့ကျိုးသည် လူသားတစ်ယောက်အတွက် လုံလောက်သည်ဟု ခံစားခဲ့ရ၏။
ပထမတွင် ထိုစွမ်းရည်က အနည်းငယ်ဆန်းသစ်သည်ကို သူတွေ့ရှိခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုစွမ်းရည်က ထူးခြားသည့်အရာတစ်ခု မဟုတ်တော့ကြောင်း သူသဘောပေါက်လာသည်။
ပိုဆိုးသည်မှာ ၎င်းက သူ့အား မည်သည့်သိသာထင်ရှားသည့် အကျိုးကျေးဇူးမှ မပေးခဲ့ဘဲ သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို ပိုမိုဆူညံစေခဲ့သည်။
"ကျွန်တော် သွားကြည့်လိုက်ဦးမယ်" ယဲ့ကျိုးက ထရပ်လိုက်၏။
ကျိုမင်ကလည်း ထရပ်လိုက်ပြီး ယဲ့ကျိုး၏နောက်မှ လိုက်ပါလာခဲ့သည်။ သူတို့က အပြင်ဘက်သို့ လျှောက်လာကြသည်။
ယဲ့ကျိုးသည် စူပါမားကတ်အဝင်ဝသို့ လျင်မြန်စွာ ရောက်ရှိလာ၏။ ကျိုမင်ကမူ သူ၏သေနတ်ကို ကိုင်ထားပြီးဖြစ်သလို တစ်နေရာရာတွင် ကစားနေခဲ့သော ဆာရာကလည်း အပြေးအလွှား ရောက်ရှိလာခဲ့သည်။ သူ(မ)တွင် မည်သည့်လက်နက်မှ မရှိသော်လည်း မူလက အနည်းငယ်နီရဲနေသော သူ(မ)၏ မျက်လုံးများက အနီရင့်ရောင်သို့ ပြောင်းလဲသွားခဲ့၏။
ယဲ့ကျိုးမှလွဲ၍ ကျန်နှစ်ဦးသည် လိုအပ်လာပါက တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။
"နတ်မင်း…" ချန်လျိုတစ်ယောက် ယဲ့ကျိုး၏ ခြေရင်းတွင် ဝုန်းခနဲ လဲကျလာတော့သည်။
သူ၏အသွင်အပြင်က မသပ်ရပ်တော့ပေ။ သူ့အဝတ်အစားများက သပ်သပ်ရပ်ရပ်ရှိနေသည်မဟုတ်ဘဲ ထိုအချိန်တွင် သူပြသနေသည့် မျက်နှာအမူအရာနှင့် ခံစားချက်ကြောင့် ဖြစ်သည်။ သူက ကယ်တင်ခြင်းမခံရဘဲ အမြဲတစေ ပူပန်သောက ရောက်နေသည့် သနားစရာကောင်းသော လူတစ်ယောက်အဖြစ် ပြန်လည်ပြောင်းလဲသွားသည့်နှယ်။
ဝူယန်နှင့် အခြားသူများကမူ ပြန်လာသည့်လမ်းတစ်လျှောက်လုံး အပြေးအလွှားလာခဲ့သည့်ပုံစံဖြင့် ပြင်းပြင်းထန်ထန် အသက်ရှူနေကြသည်။
ယခုအချိန်တွင် ယဲ့ကျိုးတစ်ယောက် မရှက်တော့ပေ။ ဤရက်များတွင် ကျိုမင်ဖြစ်စေ၊ ဆာရာဖြစ်စေ သူအား ဝန်ထမ်းများက နတ်မင်းဟု ခေါ်ဆိုနေသည်ကို မတုံ့ပြန်ခဲ့ကြသည့်အပြင် သူ့အား လှောင်ပြောင်ခြင်းလည်း မပြုခဲ့ကြပေ။ ထို့ကြောင့် ယဲ့ကျိုးတစ်ယောက် ထိုနာမည်ပြောင်ကို တဖြည်းဖြည်းနှင့် သည်းခံလာနိုင်ခဲ့သည်။
၎င်းသည် သူ့၏ ရှင်သန်ရပ်တည်ရေးအတွက် မဟာဗျူဟာတစ်ရပ်ပင်။ ရှက်စရာကောင်းသည်၊ စိတ်ပျက်စရာကောင်းသည်ဟူ၍ ဘာမျှ မရှိတော့။
ဝူယန်နှင့် အခြားသူများ၏ အရေးတကြီး ပုံစံကို မြင်သောအခါ ယဲ့ကျိုးသည် သူတို့ အန္တရာယ်တစ်ခုခုနှင့် တွေ့ဆုံခဲ့ကြသည်ဟု ထင်လိုက်မိသည်။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာတွေဖြစ်ခဲ့တာလဲ။ ဘာဖြစ်လို့လဲ?"
ချက်ချင်းပင် ယဲ့ကျိုး၏ စိတ်ကူးထဲတွင် သူတို့ ရင်ဆိုင်ခဲ့ရနိုင်သည့် အန္တရာယ်များစွာကို မြင်ယောင်လာသည်။ ဒုက္ခသည်များက တိုက်ခိုက်ခြင်းခံရသလား။ ဓားပြများက လုယက်ခြင်းခံရသလား။
"နတ်မင်း…" ဝူယန်က သူတို့ဘာတွေဖြစ်ခဲ့သည်ကို မရှင်းပြမီ အသက်ကို အောင့်ထားလိုက်၏။
ချန်လျိုသည် အထုပ်ကို ဖွင့်လိုက်ပြီး တလက်လက်တောက်ပနေသည့် လက်ဝတ်ရတနာများက ယဲ့ကျိုး၏ မျက်လုံးများကို စူးလုနီးပါး ဖြစ်စေသည်။
— သူ၏မိဘများကလည်း ရွှေကို ဝယ်ယူခြင်းသည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ယူဆကြသော်လည်း ဘဏ်ထဲတွင်သာ ထားတတ်ကြသည်။ အပြင်သို့ မထုတ်ကြပေ။
သူ့မိခင်က ရွှေထည်များ ဝယ်ခဲ့ဖူးသည်။ သို့သော် အများဆုံးဆိုလျှင် နားကပ်၊ လက်စွပ်နှင့် လက်ကောက်တို့သာ။ ဤမျှ ရှုပ်ထွေးသော ဒီဇိုင်းများကား မရှိခဲ့ပေ။
မိမိကိုယ်ကို 'အသိပညာကြွယ်ဝသူ' ဟု ယူဆထားသည့် ယဲ့ကျိုးသည်ပင် ဤခေတ်မှ ပညာရှင်များ ဖန်တီးခဲ့သည့် လက်ဝတ်ရတနာများကြောင့် အံ့အားသင့်နေတော့သည်။
"သူတို့မှာ ဒီပစ္စည်းတွေထက် ပိုပါလာနိုင်တယ်" ဝူယန်က မြေပြင်ပေါ်တွင် ရှိုက်ကြီးတငင်ငိုနေသော ချန်လျိုကို မကြည့်ဘဲ ယဲ့ကျိုးရှေ့တွင် အနည်းငယ် ခေါင်းငုံ့ကာ ရပ်နေသည်။ "သူတို့က တောင်ဘက်ကို တန်ဖိုးအရှိဆုံးပစ္စည်းတစ်ခုကို အစောင့်အရှောက်အဖြစ် လိုက်ပို့နေတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့က ဒီရတနာတွေကို တန်ဖိုးမရှိတဲ့ အရာတွေလို သဘောထားတယ်။ ကျွန်တော်မျိုးထင်တာတော့ သူတို့မှာ ရှိတာတွေက အလေးချိန် အလွန်ပေါ့ပါးလိမ့်မယ်လို့"
"လက်ရှိအခြေအနေကို လွှမ်းမိုးနိုင်မယ့် သတင်းအချက်အလက်မျိုး ဖြစ်နိုင်ပါတယ်" ဝူယန်က သူ၏မှန်းဆချက်ကို ထုတ်ဖော်လိုက်သည်။
ဝူယန်ခမျာ သူသည် သေမျိုးမဟုတ်တော့ဘူးလို့ ယုံကြည်နေသော်လည်း အမှန်တကယ်တော့ သူသည် လျန်မင်းဆက်၏ နိုင်ငံသားအဖြစ် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရသည်။ ထို့ကြောင့် ဤကိစ္စများသည် သူ့အတွက် အရေးကြီးနေဆဲ ဖြစ်သည်။
သို့သော် ယဲ့ကျိုးကမူ 'လက်ရှိအခြေအနေ' ဟူသော ခေါင်းစဉ်ကို ဂရုမစိုက်။ သူသည် ဤ ပျက်စီးနေသောလူ့အဖွဲ့အစည်းတွင် ဧကရာဇ်ဖြစ်လိုသည်၊ သို့မဟုတ် လွှမ်းမိုးလိုသည်ဟူ၍ မရှိပေ။ သူက ပိုက်ဆံရှာချင်ရုံသာ။
ယဲ့ကျိုး၏ တိတ်ဆိတ်မှုကို မြင်သောအခါ ဝူယန်က သတိထား၍ ဆက်ပြောလိုက်သည်။ "သူတို့က ဓားပြတွေ ဖြစ်ခဲ့ဖူးတယ်ဆိုပေမဲ့ ချန်လျိုပြောတာတော့ သူတို့က အပြစ်မဲ့တဲ့လူတွေကို တစ်ခါမှ မလုယက်ဖူးဘူးတဲ့။ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေနဲ့ မသမာတဲ့သူဌေးတွေကိုပဲ ပစ်မှတ်ထားခဲ့တာတဲ့… ကျွန်တော်တို့ လက်ခံသင့်လားလို့… မရနိုင်ရင်လည်း ဒီပစ္စည်းတွေကို သူတို့ဆီ ပြန်ပေးလိုက်လို့ ရပါတယ်"
မျက်စိရှေ့မှ ရတနာတို့၏ ဖြားယောင်းမှုမှာ ယဲ့ကျိုး၏ ၏နှုတ်ဖျားမှ "သင့်တယ်" ဟူသော စကားကို ထွက်လုနီးပါးပင်။
သူက သူ့ကိုယ်သူ စိတ်မလှုပ်ရှားဟန်ဖြင့် အတင်းအကျပ် ထိန်းချုပ်ထားလိုက်၏။
သူက မျက်နှာဖုံးစွပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။
ဝူယန်နှင့် သူ၏အဖွဲ့က ယဲ့ကျိုးသည် အိမ်ထဲမှပင် အရာအားလုံးကို သိနိုင်သည်ဟု ယုံကြည်နေကြသည်။ ထိုသို့သော အမြင်ကို ယဲ့ကျိုးတစ်ယောက် မပျက်စီးစေချင်ပေ။
ယဲ့ကျိုးတစ်ယောက် အတွေးနယ်ချဲ့နေစဉ်တွင် ဝူယန်နှင့် သူ၏အဖွဲ့သားများကလည်း ကျိုမင်နှင့် ဆာရာတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
ယဲ့ကျိုးရှိနေသောကြောင့်လားတော့ မသိပေ။ လုံခြုံရေးအစောင့်များက ထိတ်လန့်တကြား ထွက်မပြေးခဲ့ကြပေ။ သို့သော် ဆာရာကို မြင်လိုက်ရပြီးနောက် သူတို့၏ မျက်နှာများမှာ ဖြူဖတ်ဖြူရော် ဖြစ်သွားကြ၏။
သို့သော် ဝူယန်ကမူ အနည်းငယ် ပညာတတ်ထားသဖြင့် ကမ္ဘာပေါ်တွင် အသားဖြူဖြူ၊ ဆံပင်ရွှေရောင်ရှိသော လူများ ရှိကြောင်း သိ၏။ သူ အနည်းငယ် လန့်သွားသော်လည်း ဆာရာအား မကောင်းဆိုးဝါး သို့မဟုတ် နတ်ဆိုးတစ်ကောင်ဟု မမြင်ခဲ့ချေ။
ခဏတာမျှ ဟန်ဆောင် စဉ်းစားဟန်ပြုပြီးနောက် ယဲ့ကျိုးက ဝူယန်အား ပြောလိုက်သည်။ "မင်းတို့အားလုံး သွားနားကြတော့။ ငါ့မှာ ငါကိုယ်ပိုင် စီစဉ်ထားတာတွေ ရှိတယ်"
ဝူယန်နှင့် သူ၏အဖွဲ့သားများက ချန်လျိုကို ကူပြီး စူပါမားကတ်၏ နောက်ဘက်အဝင်ဝသို့ အတူတူ ထွက်ခွာသွားကြသည်။
သူတို့မထွက်ခွာမီ ယဲ့ကျိုးက စူပါမားကတ်သို့ ပြန်လာသောအခါ တိုက်ရိုက်မဝင်သွားဘဲ နောက်ဘက်အဝင်ဝတွင် ရေချိုးပြီး သန့်ရှင်းသော အဝတ်အစားများ လဲလှယ်ရမည်ဟု အလေးအနက်ထား ပြောကြားလိုက်သည်။
စူပါမားကတ်က အရမ်းကြီးတော့ ပိုးမွှားတွေ ဝင်ရောက်လာလျှင် ပိုးသတ်ဆေး ဘယ်နှပုလင်းလိုမယ်ဆိုတာတောင် မသိနိုင်တော့ပေ။
ရာသီဥတုက ပူနေသောကြောင့် ရေအေးဖြင့် ချိုးလျှင်ပင် အအေးမိမည်မဟုတ်ပေ ။
ဝူယန်နှင့် သူ၏အဖွဲ့သားများ ထွက်ခွာသွားပြီးနောက် ကျိုမင်သည် ရွှေထည်များဖြင့် ပြည့်နေသည့် အိတ်ကို ကောက်ယူလိုက်၏။
ဆာရာလည်း လျှောက်လာခဲ့သော်လည်း သူတို့နှစ်ဦးစလုံးသည် ဤပစ္စည်းများကို စိတ်မဝင်စားကြသည်မှာ ရှင်းနေ၏။
သူတို့သည် မူလကမ္ဘာသို့ ပြန်ရောက်သောအခါ ယဲ့ကျိုးပေးသည့် လစာကိုသာ ဈေးဝယ်ရာတွင် အသုံးပြုနိုင်သည်။ ဤပစ္စည်းများကို ကျိုမင်၏ ကမ္ဘာသို့ ယူသွားနိုင်သည်ဆိုသော်လည်း ရွှေကျောက်တုံးများသာ ဖြစ်နေလိမ့်မည်။ ဆာရာကဲ့သို့ အသက်လေးရာကျော် အသက်ရှင်နေခဲ့သည့် ဗန်ပိုင်းယားတစ်ဦးအတွက် ရွှေလက်ဝတ်ရတနာများကား ရှားပါးသောအရာ မဟုတ်ခဲ့ပေ။
"တကယ်ကောင်းကောင်း လုပ်ထားတာပဲ" ဆာရာက ရွှေလက်ဝတ်ရတနာပေါ်ရှိ ရှုပ်ထွေးသောပုံစံများကို ကြည့်လိုက်သည်။ "ဒီလက်မှုပညာရှင်တွေကိုသာ ကျွန်မရဲ့ကမ္ဘာကို ခေါ်သွားနိုင်ရင် သိပ်ကောင်းမှာပဲ"
ယဲ့ကျိုးက မေးလိုက်သည်။ "ခင်ဗျားတို့ဆီမှာတော့ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေ မရှိဘူးလား?"
ဆာရာက ပုခုံးတွန့်လိုက်ပြီး "အဲ့ဒီကလူတွေက ဆင်းရဲကြတယ်။ ဘုရင်နဲ့ မိဖုရားတောင် သန်းပေါင်း သောင်းခြောက်ထောင်နဲ့"
ယဲ့ကျိုးတစ်ယောက် စကားမပြောနိုင်ဖြစ်သွားသည်။
ဘုရင်တစ်ပါးဖြစ်ပြီး ဒီလိုဖြစ်နေရင် ဘုရင်မလုပ်တာက ပိုကောင်းလိမ့်မည်ဟု တွေးလိုက်မိ၏။
ယဲ့ကျိုး၏ သမိုင်းဆိုင်ရာ ဗဟုသုတများက သာမန်မျှသာဖြစ်ပြီး အထူးသဖြင့် အနောက်တိုင်းသမိုင်းနှင့် ပတ်သက်လျှင် ပို၍ပင် သာမန် ဖြစ်သည်။ အလယ်ခေတ်အပေါ် သူ၏နားလည်မှုသည် နတ်သမီးပုံပြင်များထဲမှ ရဲတိုက်များနှင့် စုန်းမများအကြောင်းသာ ဖြစ်သည်။
ဆာရာ၏ အလယ်ခေတ်လောကမှ ဘုရင်များတွင် သန်းများကပ်နေလိမ့်မည်ဟု ယဲ့ကျိုးတစ်ယောက် ဘယ်တော့မှ စိတ်ကူးမယဉ်ခဲ့ပေ။
"သူတို့ကို ဘယ်လို ချဉ်းကပ်ရမလဲဆိုတာ စဉ်းစားပြီးပြီလား?" ကျိုမင်က မေးလိုက်သည်။
ယဲ့ကျိုးက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။ "အင်း… အဲ့ဒီလူတွေက သူတို့ကို လွှတ်ပေးလိုက်တယ်ဆိုကတည်းက သူတို့အားလုံးက လူဆိုးတွေတော့ မဖြစ်နိုင်ဘူး"
သို့သော် သူသည် နောက်တစ်ကြိမ် ထပ်စဉ်းစားမိပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ "အဲ့ဒီလူတွေက ဒုက္ခသည်တွေ ဖြစ်နိုင်တယ်။ သူတို့က ဝူယန်တို့အဖွဲ့ကို လုံးဝ မနိုင်ဘူး။ ဒီအချိန်မှာ ရွှေ၊ ငွေနဲ့ လက်ဝတ်ရတနာတွေက အသုံးမဝင်တဲ့ အပျက်အစီးတွေပဲ။ အသုံးမဝင်ဘဲထားမယ့်အစား သူတို့က အလောင်းအစားလုပ်တာဖြစ်နိုင်တယ်"
"ဒါပေမဲ့ ဒါက ကောင်းတဲ့အကြံလား၊ ဆိုးတဲ့အကြံလားဆိုတာတော့ မသေချာဘူး" ယဲ့ကျိုးက မေးစေ့ကို လက်ဖြင့်ထောက်ရင်း တွေးလိုက်သည်။
သူသာသိခဲ့လျှင် လူကောင်းတွေကို ကယ်တယ်ဆိုပြီး စကားပလ္လင်ခံနေမှာ မဟုတ်။ သူသည် ဤထောင်ချောက်များဖြင့် သူ့ကိုယ်သူ ထောင်ချခဲ့မိပြီ။
လူတွေကို ကယ်တင်တာပါလို့ ရိုးရိုးရှင်းရှင်း ပြောလိုက်တာက ပိုကောင်းပေလိမ့်မည်။
ကျိုမင်က ရုတ်တရက်ဆိုသလို ပြောလိုက်၏။ "ပစ္စည်းနည်းနည်းကို ရွေးလိုက်။ ပြီးတော့ အကြောင်းပြချက်မပေးဘဲ ဒီပစ္စည်းတွေကို လက်မခံဘူးလို့ပဲ ပြောလိုက်"
ယဲ့ကျိုးက သူ့ကို ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဘာလို့လဲ?"
ကျိုမင်၏ အတွေးကို သူ မလိုက်နိုင်ပေ။
ကျိုမင်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ "မီးခိုးဗုံးပေါ့။ ဘာလို့ အဲ့ဒီပစ္စည်းတွေကို လက်မခံနိုင်လဲဆိုတာ သူတို့ကိုယ်တိုင် တွေးခိုင်းလိုက်။ ဒါမှ သူတို့က လူကောင်းလား၊ လူဆိုးလားဆိုတာ စိတ်ပူနေမှာ မဟုတ်တော့ဘူး"
ယဲ့ကျိုးသည် ရုတ်တရက် သဘောပေါက်သွားပြီး "သူတို့ရဲ့ အာရုံကို လမ်းလွှဲလိုက်တာပေါ့…. ကောင်းလိုက်တဲ့ အကြံ…”
ပစ္စည်းလဲလှယ်မည့် လူများနှင့် ထပ်ပြီး တွေ့စရာမလိုတော့တဲ့အတွက် ဤနည်းဗျူဟာ ထုတ်ဖော်ခံရမှာကိုလည်း ပူစရာမလိုပေ။
ယဲ့ကျိုးသည် ကျိုမင်အား လက်မထောင်ပြလိုက်သော်လည်း သူ့အား ပိုမိုချီးကျူးရန် မမီလိုက်ပေ။ ဆာရာက ရုတ်တရက်ဆိုသလို ထိုင်ချလိုက်ပြီး အိတ်ထဲမှ ပစ္စည်းအနည်းငယ်ကို ရွေးကာ ဘေးသို့ ချထားလိုက်၏။ သူ(မ)၏ မျက်လုံးကြီးများတွင် စိတ်လှုပ်ရှားမှုများအပြည့်ဖြင့် ယဲ့ကျိုးအား ကြည့်လိုက်ပြီး ပြောလိုက်၏။ "ကျွန်မ ရွေးပြီးပြီ"
ယဲ့ကျိုးတစ်ယောက် နားမလည်နိုင်ဖြစ်သွားသည်။ သူ(မ) ဘာကိုဆိုလိုတာလဲ? သူ(မ)ကိုပါ ချီးကျူးစေချင်တာလား?
.
နေမွန်းတည့်ချိန်ကို ချဉ်းကပ်လာသောအခါ သစ်ပင်ရိပ်သည် နေရောင်ခြည်မှ အနည်းငယ် သက်သာရာရစေသော်လည်း အရပ်လေးမျက်နှာမှ လာသော အပူကိုကား မကာကွယ်နိုင်ပေ။
"ယန်တ-ကော… သူတို့ ပြန်လာလိမ့်မယ်လို့ ထင်လား?" လီချင်းက ရေတစ်ငုံ သောက်လိုက်သည်။ တကယ်တော့ တစ်ငုံဆိုသော်လည်း သူ့နှုတ်ခမ်းကိုသာ အနည်းငယ် စိုစွတ်စေခဲ့သည်။
ယန်ကျစ်သည် ခါးသီးစွာ ပြုံးလိုက်ပြီး "ဘယ်လိုလုပ် သိနိုင်မှာလဲ?"
ကျောက်စန်းက ဒေါသကို မထိန်းနိုင်တော့ပေ။ "ဒီနတ်မင်းက ဘယ်ကလာတာလဲ? နတ်ဘုရားတစ်ပါးဖြစ်နေရင်တောင် အခုလိုအချိန်မျိုးမှာ မြင်းခြောက်ကောင်ကို ဖန်ဆင်းလို့ရမှာ မဟုတ်ဘူး…ချန်လျိုက ကျွန်တော်တို့ကို သေချာပေါက် လှည့်စားနေတာ ကျွန်တော်တို့ သူ့ကို မလွှတ်ပေးသင့်ခဲ့ဘူး။ ကျွန်တော်တို့က ညီအစ်ကိုတွေဖြစ်ခဲ့ဖူးတာပဲ၊ ကျွန်တော်တို့ ဒုက္ခရောက်နေတာကို သူတစ်ယောက်တည်း ဇိမ်ကျကျနေလို့ ဖြစ်မလား?"
ယန်ကျစ်က ပေါင်မုန့်တစ်ချပ်ကို ဝါးလိုက်၏။ ဘီစကစ်ကဲ့သို့ လည်ချောင်းမနင်စေပေ။ သူသည် သူ့လက်ထဲမှ 'ပေါင်မုန့်ချပ်' ကို ကြည့်လိုက်ပြီး နှုတ်ခမ်းစွန်းကို ဆွဲလိုက်၏။ "သူ့ကို ဒီမှာ ထားခဲ့ရင် ငါတို့အားလုံး အတူတူ သေရမှာလား?"
"သူ ဒီမှာနေခဲ့ရင် ကျွန်တော်တို့အားလုံး အတူတူ သေလိမ့်မယ်။"
"သူသာ ထွက်သွားရင် ငါတို့မှာ အခွင့်အရေးရှိသေးတယ်။ သူပြန်လာတာနဲ့ ငါတို့အားလုံး အသက်ရှင်နိုင်မှာ"
ယန်ကျစ်သည် ဝိုးတဝါးနေရောင်ခြည်ကို ကြည့်ရင်း ပေါင်မုန့်၏ နောက်ဆုံးတစ်ကိုက်ကို မျိုချလိုက်၏။
သူတို့သည် ခရီးရှည်ကြီးကို ပင်ပန်းဆင်းရဲစွာ သွားလာခဲ့ကြရသည်။ မြင်းခုနစ်ကောင် ဆုံးရှုံးခဲ့ရပြီး ခက်ခဲမှုများစွာကို ကြံ့ကြံ့ခံခဲ့ရသည်။ ဤအချိန်တွင် သေရန်စောင့်နေဖို့ဆိုတာ မဖြစ်နိုင်ပေ။
"နတ်မင်း" တစ်ပါး အမှန်တကယ်ရှိနေပါက "နတ်မင်း" က သူတို့၏အသက်များကို ကယ်တင်နိုင်ပါ့မလား။ သူတို့အား ဆင်းရဲဒုက္ခပင်လယ်မှ ကယ်တင်ပြီး ကမ္ဘာပေါ်ရှိလူများအားလုံးကို ဆင်းရဲဒုက္ခမှ ကယ်တင်နိုင်ပါ့မလား။