အပိုင်း (၂၁)
ဤလောကတွင် ဘုရားသခင်ကို ကိုးကွယ်သူများနှင့် ဗုဒ္ဓကို ယုံကြည်သူတို့သည် အမြောက်အမြားရှိကြ၏။
သို့သော်လည်း လူတို့သည် ဆုတောင်းသည့်အခါတိုင်း စိတ်ရင်းစေတနာနှင့် အမြဲတစေ 'တောင်းဆို' နေကြသည်သာဖြစ်သည်။ ဘုရားရှင်နှင့် ဗုဒ္ဓတို့အား တစ်စုံတစ်ရာ ပူဇော်ပသသည့်အခါ၌ပင် မိမိတို့၏ ဆန္ဒများကို ဖြည့်ဆည်းပေးရန် တောင်းဆိုမှုဟူသော ခေါင်းစဉ်အောက်တွင် ပြုလုပ်ကြသည်သာ ဖြစ်၏။
ချန်လျိုတစ်ယောက် သူ့တစ်သက်လုံး နေထိုင်ခဲ့ရသော်လည်း ဤကဲ့သို့ နတ်တစ်ပါးနှင့် အပေးအယူပြုလုပ်လိုသူမျိုးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းဖြစ်သည်။
သူက အလွန်အမင်း ထိတ်လန့်သွားကာ ခဏတာမျှ စကားပင်ပြောဖို့ မေ့သွားခဲ့၏။ ခဏအကြာမှသာ သူ၏အသံကို ပြန်ရှာတွေ့ပြီး လေးတွဲစွာ ရေရွတ်လိုက်၏။ "အဲ့… အဲ့ဒါ… နတ်မင်းလေ…"
ယန်ကျစ်သည် ချန်လျို၏ မျက်နှာအမူအရာကို ဂရုမစိုက်တော့ပေ။ သူသည် ချန်လျိုက မိမိတို့အား လိမ်နေသည်ဟု ယုံကြည်နေသည်။ အကယ်၍ နတ်မင်းများသာ အမှန်တကယ်ရှိပါက ဤကဲ့သို့သော သေမျိုးအား အဘယ်ကြောင့် အစေခံစေမည်နည်း။ ချန်လျိုတစ်ယောက် သူ့ကိုယ်သူ မသိဘဲ အသုံးချခံနေရခြင်းသည် အမှန်တရားဖြစ်သည်မှာ ရှင်းနေ၏။ သို့သော်လည်း မည်သူက ချန်လျိုအား အသုံးချနေသည်ကို ယန်ကျစ်ဂရုမစိုက်ခဲ့။ သူသိသည်မှာ တောင်ပိုင်းသို့ သွားရောက်ရမည်ဟူသော အချက်ပင်။
သူသည် မြောက်ဘက်တွင် ဆက်လက်နေထိုင်ရန် ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်လျှင်မူ တောင်ပိုင်းသို့ ပထမဆုံး ရောက်ရှိခဲ့သူများတွင် ပါဝင်ခဲ့မည်သာဖြစ်သည်။
သူ၏အသက်က အရေးမကြီးသော်လည်း အချို့သောအရာများကို ဧကရာဇ်ထံသို့ သေချာပေါက် ပေးအပ်ရန် လိုအပ်၏။ သို့မှသာ အသက်ဆုံးရှုံးရပါစေ၊ နောက်ဆုံးတစ်ကြိမ်မိဘများကို တွေ့ဆုံနိုင်မည်ဖြစ်သည်။
ယန်ကျစ်သည် ရုတ်တရက်ဆိုသလို ပြောလိုက်သည်။ "ကောင်းပြီ၊ မင်းပြောတဲ့ နတ်မင်းက လူကောင်းတွေကို ကယ်ချင်တယ်ဆိုရင် လီချင်း၊ လာခဲ့စမ်း"
မီးပုံအနီးတွင် သူတို့အား စောင့်ကြည့်နေခဲ့သော အမျိုးသားက ထရပ်လိုက်သည်။ ထိုသူသည် ပုသော်လည်း ခေါင်းကြီးပြီး လက်မောင်းများတွင် အမာရွတ်များစွာ ရှိသည်။
"လီချင်းက လူတစ်ခါမှ မသတ်ဖူးဘူး" ယန်ကျစ်က ချန်လျို၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်၏။ "တစ်စုံတစ်ယောက်ကို ကယ်ဖို့အတွက် ဒဏ်ရာတောင် ရခဲ့သေးတယ်။ အဲ့ဒါဆို သူက လူကောင်းတစ်ယောက် ဖြစ်နေပြီလား?"
ချန်လျို တံတွေးကို မျိုချလိုက်၏။ လီချင်းက လူကောင်းတစ်ယောက်မဟုတ်ကြောင်း သူပြောနိုင်မည့် စကားလုံးများကို ရှာမတွေ့ခဲ့ပေ။ လီချင်းသည် သူ့အားကယ်ခဲ့ပြီး သူ့အတွက် အထိနာခဲ့ရသည်။
"နတ်မင်းက သူ့ကို ကယ်နိုင်မှာလား?" ယန်ကျစ်က ထပ်မံမေးမြန်းလိုက်၏။
ချန်လျို နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။ လီချင်းသာ တစ်ယောက်တည်းဆိုလျှင် သူသည် လွန်ခဲ့သည့်အချိန်များကတည်းက စူပါမားကတ်သို့ ခေါ်သွားခဲ့ပြီး ဖြစ်သည်။
တောင်ပေါ်တွင်ရှိစဉ်က ဤလူများသည် သူ့အတွက် ညီအစ်ကိုများ ဖြစ်ခဲ့ကြသည်။ မည်သည့်အတားအဆီးမှမရှိဘဲ အတူတူ သေခြင်းတရားကို ရင်ဆိုင်ခဲ့ကြ၏။ သို့သော် ယခုအချိန်တွင်မူ သူသည် သူတို့၏ ညီအစ်ကို မဟုတ်တော့ကြောင်းကို ရုတ်တရက် သိလိုက်ရသည်။ တောင်ပေါ်မှ သူဆင်းသက်ခဲ့သည့် အချိန်မှစ၍ သူက သူတို့၏ ညီအစ်ကိုမဟုတ်တော့ပေ။
ချန်လျို၏ ဆံပင်များမှာ ထောင်ကုန်တော့၏။
ယခုအချိန်မှသာ သူ၏အမှားကို သဘောပေါက်တော့သည်။
နတ်မင်းများတွင် ထူးခြားသည့် စွမ်းအားများရှိပြီး နတ်မင်းများကို ထိခိုက်အောင် မလုပ်နိုင်ကြပေ။ သို့သော် ချန်လျိုက သေမျိုးလူသားတစ်ဦးမျှသာ ဖြစ်၏။ အကယ်၍ နတ်မင်းက သူနှင့် မိဘများကို မောင်းထုတ်လိုက်ပါက သူ၏ မိသားစုသည် သေခြင်းကို စောင့်ဆိုင်းနေရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ချန်လျို၏ နှုတ်ခမ်းများ တုန်ရီလာပြီး "ကျွန်တော် အဆာခံပြီးတော့ ခင်ဗျားတို့အတွက် ရိက္ခာတွေ ပို့ပေးဖို့ လာခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့ကို ကျွန်တော် ပြစ်မှားခဲ့မိလား? ကျွန်တော် ခင်ဗျားတို့ကို နာကျင်အောင် လုပ်ခဲ့မိလား?"
သူသည် သူတို့၏ ကြင်နာမှုကို အမှတ်ရနေသောကြောင့် ဆာလောင်မှုအားခံယူကာ သူတို့၏ကျေးဇူးကို ပြန်ဆပ်ရန် ဆန္ဒရှိခဲ့သည်။ ဘာလို့ သူတို့က သူ့ကို ဒီလို ဆက်ဆံနေကြရတာလဲ။
"ယန်တ-ကော…" ချန်လျို၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လာပြီး ယန်ကျစ်အား အော်လိုက်၏။ "ခင်ဗျားက လူကောင်းတစ်ယောက်ပါ။ ကျွန်တော်သိတယ် ခင်ဗျားက လူကောင်းတစ်ယောက်ဆိုတာ… ခင်ဗျားက လယ်သမားတွေအတွက် အစိုးရဆီကနေ တရားမျှတမှု ရအောင် ကူညီပေးခဲ့ဖူးတယ်… ယန်တ-ကော ကျွန်တော်တို့ကြားမှာ ရန်ငြိုးရန်စတွေ မရှိဘူးလေဗျာ…"
ယန်ကျစ်၏အကြည့်က မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ "မင်း တောင်ပေါ်ကနေ ဆင်းလာတဲ့အချိန်ကတည်းက မင်းက ငါ့ရဲ့ညီအစ်ကို မဟုတ်တော့ဘူး"
ချန်လျိုတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ချလိုက်တော့သည်။
ဤအခြေအနေသို့ ရောက်ရှိလာပြီဖြစ်ရာ သူ၏မိဘများပါ အတူတူ ဒုက္ခရောက်စေ၍ မဖြစ်ပေ။ ချန်လျိုသည် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ခေါင်းမော့လိုက်ပြီး ယန်ကျစ်အား အော်ဟစ်လိုက်၏။ "နတ်မင်းမရှိရင် ဘာမှမရှိဘူး။ ခင်ဗျား ကျွန်တော့်ကို သတ်ချင်သတ်၊ ခုတ်ချင်ခုတ်ပါ။ ဂရုမစိုက်ဘူး…"
"ကျွန်တော့်ခေါင်းမှာ ဇလုံတစ်လုံးစာလောက် ကြီးတဲ့အမာရွတ် ဖြစ်သွားရင်တောင်မှ ကျွန်တော် ချန်လျိုဆိုတဲ့ ကောင်က အသံတစ်ချက်မှတောင် ပေးမိမှာ မဟုတ်ဘူး…"
ချန်လျို၏ ရဲရင့်ပြတ်သားသော ပုံပန်းသဏ္ဍာန်ကို မြင်သောအခါ သူ၏ကံကြမ္မာကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသည့်ပုံပေါ်နေသဖြင့် ယန်ကျစ်တစ်ယောက် နှုတ်ခမ်းကိုက်လိုက်၏။ သူ၏မျက်နှာသည် နူးညံ့ပျော့ပြောင်းသွားကာ နူးညံ့သောအသံဖြင့် "မင်းက ငါတို့ရဲ့ညီအစ်ကို မဟုတ်တော့ဘူးဆိုပေမဲ့ တစ်ချိန်က မိတ်ဆွေတွေတော့ ဖြစ်ခဲ့ဖူးပါတယ်။ ငါတို့က ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊ ဘယ်သူ့ကိုမှ အတင်းအကြပ် မလုပ်ဘူး။ မင်း ကြားခံလူအနေနဲ့ပဲ နတ်မင်းကို ငါတို့မှာရှိတဲ့အရာတွေလိုချင်လားဆိုတာကို မေးပေးပါ"
"ခင်ဗျား ကျွန်တော် ထွက်ပြေးသွားမှာ မကြောက်ဘူးလား?" ချန်လျိုက ယန်ကျစ်အား မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ "ကျွန်တော် လူတွေခေါ်ပြီး ခင်ဗျားတို့ကို လာသတ်မှာ မကြောက်ဘူးလား?"
ယန်ကျစ်က ခေါင်းခါလိုက်ပြီး "မင်းက အဲ့လိုလူမျိုး မဟုတ်ဘူး။ ငါ စောစောက ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမိတာ တောင်းပန်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက ပေါ့ဆလို့မရဘူး။ အဲ့ဒါကြောင့် ငါ မင်းကို စမ်းသပ်ကြည့်တာ"
သူသည် မိမိကိုယ်ကို လူကြီးလူကောင်းတစ်ဦးဟု ယူဆခဲ့သော်လည်း ဤ 'ရွှံ့ခြေထောက်' ချန်လျိုက သူ့ထက်ပို၍ လူကြီးလူကောင်းဆန်သည့် အပြုအမူကို ပြသနေခြင်းကို မမျှော်လင့်ခဲ့ပေ။
ချန်လျိုတစ်ယောက် ဘာလုပ်ရမှန်းမသိဖြစ်ကာ တီးတိုးရွတ်လိုက်၏။ "စမ်းသပ်တယ်?"
ယန်ကျစ်သည် ချန်လျို၏ စကားကို အပြည့်အဝ နားလည်ခြင်း ရှိမရှိ ဂရုမစိုက်တော့ပေ။ သူက ဆက်လက်၍ ပြင်းထန်သောလေသံဖြင့် "တောင်ပေါ်က ညီအစ်ကိုတွေအားလုံး တောင်ပိုင်းကို သွားခဲ့ကြပြီ။အစောင့်အဖြစ် ကျန်ခဲ့တာက နည်းနည်းလေးပဲရှိတယ်။ ငါတို့က တစ်စုံတစ်ခုကို တောင်ပိုင်းကို အစောင့်အရှောက်အဖြစ် လိုက်ပို့နေတာ။ ဒီပစ္စည်းက ငါတို့အတွက် အရမ်းအရေးပါတယ်။ ငါတို့ရဲ့ အသက်တွေ၊ ပစ္စည်းဥစ္စာတွေထက်ကို ပိုအရေးကြီးတယ်။ ဒါကြောင့် ငါတို့ သတိထားရမယ်ဆိုတာက သဘာဝပဲလေ"
"ဒီပစ္စည်းကို လျှို့ဝှက်နေရာတစ်ခုမှာ ဝှက်ထားတာ" ယန်ကျစ်က ချန်လျို၏ မျက်နှာအမူအရာကို ကြည့်လိုက်၏။
ထို့နောက် သူသည် မီးပုံအနီးသို့ လျှောက်သွားပြီး စုတ်ပြတ်နေသော အဝတ်စတစ်ထုတ်ကို ကောက်ယူလိုက်သည်။ စုတ်ပြတ်နေသော်လည်း အတွင်းရှိအရာများကို ဖုံးကွယ်ထားနိုင်ရန် အလွှာများစွာဖြင့် ထုပ်ပိုးထား၏။
ယန်ကျစ်သည် အဝတ်ထုတ်ကို ချန်လျိုရှေ့တွင် ချထားလိုက်ပြီး ခေါင်းငုံ့ကာ တောင်းပန်သည့်ပုံစံဖြင့် "ပုံမှန်ဆိုရင် ဒီပစ္စည်းတွေက ငါတို့အတွက် အစားအသောက်တွေ အများကြီး ဝယ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အခုတော့ အသုံးမဝင်တဲ့ သတ္တုအပိုင်းအစတွေပဲလေ။ ငါတို့ အများကြီးမလိုပါဘူး၊ အစားအသောက်အပိုအနည်းငယ်လောက်ပဲ လဲလှယ်ချင်တာ။ မြင်းတွေရနိုင်ရင်တော့ ပိုကောင်းတာပေါ့။ မရနိုင်ရင်တောင်မှ အစားအသောက်မပါဘဲ မြင်းခြောက်ကောင်ဆိုရပြီ။ လီချင်းနဲ့ စွင်းဖုန်က သေးတော့ မြင်းတစ်ကောင်တည်း အတူစီးနိုင်တယ်"
ထိုသို့ပြောရင်း ယန်ကျစ်က အဝတ်ထုတ်ကို အလွှာလိုက် ဖွင့်လိုက်ရာ အတွင်းမှ တောက်ပနေသော ရွှေများကို မြင်လိုက်ရသည်။
ချန်လျိုတစ်ယောက် အံ့အားသင့်ကာ စကားမပြောနိုင်ဖြစ်သွားသော်လည်း တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိ၏။ သူ၏စိတ်ထဲတွင် တွေးလိုက်မိသည် ။ "ဘုရားရေ၊ ငါ့ဘဝတစ်သက် ဒီလောက်များတဲ့ ရွှေထည်တွေ တစ်ခါမှ မမြင်ဖူးခဲ့ဘူး"
ရွှေထည်များစွာတွင် အမျိုးမျိုးသော ကျောက်မျက်ရတနာများကို တွေ့ရသည်။ သူသည် ကျွမ်းကျင်သူတစ်ဦးမဟုတ်သော်လည်း ဤပစ္စည်းများသည် အဖိုးမဖြတ်နိုင်ကြောင်း သိသည်။ တောင်များစွာကိုပင် ဝယ်နိုင်လောက်သော ပမာဏ ဖြစ်ပေလိမ့်မည်။
ဟွမ်ရှန်တောင်မှာ ဒီလောက် ကြွယ်ဝချမ်းသာမှုတွေ ရှိနေမှန်း သူ ဘာလို့ မသိခဲ့ရတာလဲ?
ယန်ကျစ်က ပြောလိုက်သည်။ "ဒါတွေက အကျင့်ပျက်ခြစားတဲ့ အရာရှိတွေနဲ့ လောဘကြီးတဲ့ သူခိုးဓားပြတွေရဲ့ မတရားရယူထားတဲ့ ပစ္စည်းတွေပဲ"
"အဲ့အကျင့်ပျက်ခြစားတဲ့ အရာရှိတွေ…" ချန်လျိုက ပြန်ဖြေလိုက်၏။
ယန်ကျစ်သည် ချန်လျိုအား ခါးကိုင်းကာ ဦးညွတ်ပြီး "ချန်ကော၊ ဒီပစ္စည်းတွေဟာ မင်းအတွက်ပဲ။ မင်းသာ ယူသွားဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အဲ့ဒါက မင်းရဲ့ ဖြောင့်မတ်မှုကြောင့်ပဲ။ မယူသွားဘူးဆိုရင်လည်း ငါတို့ အပြစ်မတင်ဘူး။ ငါတို့ မင်းကို ဒုက္ခပေးခဲ့တာအတွက် တောင်းပန်ပါတယ်"
ယန်ကျစ်က သူ့အား ဖိထားစဉ်က ရဲရင့်ပြတ်သားမှုကို ထိန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း တစ်ချိန်က သူလေးစားခဲ့ရသည့် ဤလူကြီးလူကောင်းက ဤကဲ့သို့ နှိမ့်ချစွာ တောင်းပန်လာသောအခါ သူ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။ သူ၏စိတ်နှလုံးက ထင်ရှားစွာ ပျော့ပြောင်းသွားခဲ့၏။
"ခင်ဗျားသာ ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် ယုံပေးမယ်" ချန်လျိုသည် ယန်ကျစ်၏ မျက်လုံးများအား စိုက်ကြည့်ရင်း ပြောလိုက်၏။
ယန်ကျစ်က ပြန်ဖြေလိုက်၏။ "ငါမင်းကို တားမှာမဟုတ်ဘူး"
ချန်လျိုသည် ယန်ကျစ်က ပြန်လည်ထုပ်ပိုးပေးထားသည့် စုတ်ပြတ်နေသော အထုပ်ကို ကိုင်ရင်း သတိထားကာ ထရပ်လိုက်သည်။ သူက သစ်တောအစပ်သို့ ရောက်သည်အထိ ဖြည်းဖြည်းချင်း နောက်ဆုတ်သွား၏။ ထို့နောက် ရုတ်တရက် လှည့်ကာ ပြေးထွက်သွားတော့သည်။
သူ့ရင်ထဲတွင် သူ့နှလုံးသား၏ ခုန်သံနှင့် နားထဲမှ လေတိုးသံများကိုသာ ကြားနေရ၏။ ရာသီဥတုက ပူပြင်းနေသော်လည်း ချွေးအေးများက သူ့ကိုယ်ပေါ်တွင် ရွှဲရွှဲစိုနေသည်။ အင်္ကျီလက်ပြတ်က ချွေးများစိုရွှဲနေသဖြင့် ပူပြင်းသည့် ဤညတွင်ပင် ကျောချမ်းစရာ အေးစိမ့်စိမ့် ခံစားမှုတစ်ခုကို ပေးနေသည်။
ပြေး၊ ရှေ့ကိုသာ ဆက်ပြေး!
ချန်လျိုသည် မပြေးနိုင်တော့ဟု ခံစားရသည့်တိုင်အောင် ပြေးသွားခဲ့သည်။ သူက ပင်ပန်းနွမ်းနယ်စွာဖြင့် မြေပြင်ပေါ် ထိုင်ချပြီး သူပြေးလာခဲ့သည့် လမ်းကြောင်းကို နောက်လှည့်ကြည့်လိုက်၏။
တစ်စုံတစ်ယောက်က သူ့နောက်သို့ လိုက်လာမည်ကို သူကြောက်ရွံ့နေပြီး ယန်ကျစ်က သူ့အား ထပ်မံလှည့်စားမည်ကို စိုးရိမ်နေသည်။
ချန်လျိုသည် မျက်နှာကို သုတ်လိုက်၏။ သူသည် သက်သောင့်သက်သာမရှိသလို ရင်ဘတ်ကလည်း အလွန်အမင်း နာကျင်နေသဖြင့် အသက်ရှူပင် မဝနိုင်တော့ပေ။
ခဏအကြာတွင် ချန်လျိုသည် သူပြေးလာခဲ့သည့် လမ်းမှ အလင်းရောင်တစ်ခု လာနေသည်ကို မြင်လိုက်ရသည်။
ဝူယန်၏ အသံကို ကြားရသောအခါတွင်မူ သူ့အတွက် နတ်တေးသွားကဲ့သို့ပင် ဖြစ်နေတော့သည်။
"ဘာလို့ ဒီလောက် မြန်မြန်ပြေးနေတာလဲ?" ဝူယန်တစ်ယောက် ရူးတော့မလို ဖြစ်နေပြီ။ သူတို့က ချန်လျိုကို မဝေးကွာလှသည့်နေရာမှ စောင့်ကြည့်နေခဲ့ကြသည်။ အကယ်၍ ယန်ကျစ်နှင့် အဖွဲ့က ချန်လျိုကို တကယ်တမ်း ထိခိုက်အောင် လုပ်ရန် ကြိုးစားခဲ့ပါက သူတို့သည် ဝင်ရောက်တိုက်ခိုက်ရမည်သာ။
ထိုအဖွဲ့က လူအနည်းငယ်သာ စားခဲ့ကြပြီး ရေအနည်းငယ်သာ သောက်ခဲ့ကြသည်။ သူတို့နှင့် ယှဉ်လျှင် ဘာမှမဟုတ်ကြပေ။
သူတို့က သိုင်းပညာရှင်များပင် ဖြစ်နေပါစေ၊ ဗိုက်ဆာနေစဉ် တိုက်ခိုက်နိုင်သည့် ပညာရှင်မျိုး အကြောင်းကိုတော့ မကြားဖူးခဲ့ပေ။
ထို့ကြောင့် ထိုအဖွဲ့က ချန်လျိုကို လွှတ်ပေးပြီး အထုပ်တစ်ထုပ် ပေးလိုက်သောအခါ ချန်လျိုသည် တောထဲသို့ မြင်းရိုင်းတစ်ကောင်နှယ် ပြေးဝင်သွားရာ သူတို့က နောက်ကနေ အကြာကြီး လိုက်ခဲ့ကြရသည်။
ချန်လျိုက ရေရွတ်လိုက်သည်။ "သူတို့ ကျွန်တော့်နောက် လိုက်လာမှာကို ကြောက်တယ်"
ဝူယန်သည် မျက်နှာတွင် အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်၏။ "မြင်းတောင် မင်းနောက် အပြိုင်လိုက်နိုင်မယ် မထင်ဘူး"
"ဘာတွေဖြစ်ခဲ့တာလဲ? သူတို့က မင်းကို ဘာလုပ်ခိုင်းလဲ? ဘာလို့ မင်းကို ဖမ်းလိုက်ပြီးတော့ ပြန်လွှတ်ပေးလိုက်တာလဲ? အထုပ်ထဲမှာ ဘာတွေပါလဲ?" ဝူယန်က မေးခွန်းများ တစ်ခုပြီးတစ်ခု မေးလိုက်သည်။
အခြားဝန်ထမ်းများသည်လည်း ဘေးတွင် ရပ်လျက် ချန်လျိုကို စောင့်ကြည့်နေကြသည်။ ချန်လျိုက ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ပါက သူတို့သည် ဒီနေရာတွင်ပင် ကိစ္စကို ဖြေရှင်းရန်နှင့် "တရားမျှတမှု" ရယူရန် ဆုံးဖြတ်နေကြသည့်ပုံပေါ်နေသည်။
ချန်လျိုသည် စကားအရာတွင် ထက်မြက်သူတစ်ယောက် မဟုတ်ပေ။ အခြေအနေကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်ရန် နာရီဝက်နီးပါး အချိန်ယူခဲ့ရ၏။
ဝူယန်က အထုပ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ နတ်ဘုံအကြောင်း အတွေ့အကြုံရှိပြီးနောက်တွင်မူ သူသည် လောကီပစ္စည်းများကို တန်ဖိုးရှိသည်ဟု မယူဆတော့ပေ။
ရွှေတွေနဲ့ နတ်ဆီမီးခွက်ကို ဝယ်လို့ရမလား၊ ဒါမှမဟုတ် သူ့အလိုလို ရေထွက်လာတဲ့ ရေသန့်စက်ကိုရော ဝယ်လို့ရမလား။
"ဒါတွေက လူ့အသက်တွေနဲ့ ညစ်ညမ်းနေတဲ့ဟာတွေပဲ…" ဝူယန်က သူတို့ ဤခရီးကို သွားသင့်၊ မသွားသင့် စဉ်းစားနေသည်။
ချန်လျိုသည် ရုတ်တရက် ထူးခြားစွာ ဥာဏ်ကောင်းသွားသည့် အခိုက်အတန့်ကို ပြသလိုက်၏။ "အဲ့ဒါတွေက လူ့အသက်တွေနဲ့ ညစ်ညမ်းနေပေမဲ့ ဗုဒ္ဓဘာသာမှာ ဒေါသထွက်နေတဲ့ ဝဇီရာတွေ ရှိနေသေးတယ်လေ…"
ဝူယန်တစ်ယောက် အံ့အားသင့်သွားပြီး "မင်းက ဒေါသထွက်နေတဲ့ ဝဇီရာတွေအကြောင်း သိတယ်ပေါ့လေ?"
ချန်လျိုသည် ထိုအချက်ကို ဂုဏ်ယူခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။ "အရင်ဆုံး ပြန်ကြရအောင်။ ပြီးတော့ နတ်မင်း ဘာပြောလဲဆိုတာကို နားထောင်ကြတာပေါ့။ နတ်မင်းသာ အဲ့ဒါတွေကို လက်ခံမယ်ဆိုရင် နောက်တစ်ခါ ဘယ်ပစ္စည်းတွေက လက်ခံနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိရမှာပေါ့"
ဝူယန်သည် ကျန်သူများကို မေးလိုက်သည်။ "မင်းတို့အားလုံး ဘယ်လိုထင်လဲ?"
အဖွဲ့က ပြန်ဖြေသည်။ "ချန်လျိုပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ကျွန်တော်ထင်တယ်"
"နတ်မင်းက လူကောင်းတွေကို ကယ်တင်ချင်တယ်လို့ ပြောခဲ့တာလေ။ အဲ့တော့ ကျွန်တော်က တွေးမိတာ၊ သူတို့ကို ကယ်ဖို့အတွက် လူသတ်တဲ့သူတွေကရော လူကောင်းလို့ သတ်မှတ်နိုင်တာလား?"
"ကျွန်တော်တို့ ထွက်ပြေးတုန်းက ကျွန်တော့်ဇနီးကို ဒုက္ခပေးချင်တဲ့ လူဆိုးတစ်ယောက်ကို ကျွန်တော် သတ်ခဲ့တာ။ ဒါတောင်မှ နတ်မင်းက ကျွန်တော့်ကို လက်ခံခဲ့သေးတယ်"
လူတိုင်းက ခုနကမှ ပြောလိုက်သည့် အမျိုးသားကို လှည့်ကြည့်လိုက်ကြသည်။ သူသည် ပုံမှန်အားဖြင့် ရိုးသားပြီး စကားနည်းသူတစ်ဦး ဖြစ်၏။ သူ၏ဇနီးနှင့် သားသမီးများကလည်း ရိုးသားသူများ ဖြစ်ကြသည်။ သူက လူတစ်ယောက်ကို သတ်ခဲ့သည်ဆိုသည်မှာ ယုံကြည်ရန် ခက်ခဲလှသည်။
ထိုအမျိုးသားက လေးတွဲစွာ ပြောလိုက်၏။ "သူ…သူ ကျွန်တော့်ဇနီးကို ဒုက္ခပေးချင်ခဲ့တာ။ ပြီးတော့ ကျွန်တော့်သားကို ခေါ်သွားပြီး အသား…စားဖို့ စီစဉ်ခဲ့တာ။ ကျွန်တော့်မှာ ရွေးစရာ မရှိခဲ့လို့"
သူသည် တစ်ကိုယ်လုံး တုန်ရီနေပြီး "ကျွန်တော် တကယ် ရွေးစရာမရှိခဲ့တာပါ။ ကျွန်တော်သာ သူ့ကို မသတ်ခဲ့ရင် ကျွန်တော်..."
ဝူယန်သည် လက်ဝှေ့ယမ်းလိုက်ပြီး "ဆက်မပြောနဲ့တော့။ နတ်မင်းက မင်းကို လက်ခံခဲ့တယ်ဆိုကတည်းက မင်းမှာ ကောင်းတဲ့သဘောထားရှိနေလို့ပဲ။ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုက်တာ။ မင်းရဲ့ အတိတ်က လုပ်ရပ်တွေက အရေးမပါတော့ဘူး"
"ဒါဆိုရင် ပြန်ကြတာပေါ့…"
.
"ဒီလောက်ပဲ" ယဲ့ကျိုးတစ်ယောက် သူ့မှာရှိသည့် စုဆောင်းငွေများကို ကျိုမင်အား ပြလိုက်သည်။ "သေနတ်တစ်လက် ဝယ်နိုင်ဖို့ ကျွန်တော် သုံးထောင်လိုနေသေးတယ်"
ကျိုမင်က မျက်မှောင်ကြုတ်လိုက်ပြီး "ဒီလောက်တောင် ဈေးကြီးတာလား?"
ယဲ့ကျိုးသည် ကျိုမင်ဘက်သို့ လှည့်လိုက်ပြီး မျက်လုံးများက အရောင်တောက်ပနေသည်။ "ခင်ဗျားကလည်း ဈေးကြီးတယ်လို့ ထင်တယ်ပေါ့လေ… ဒီစနစ်က တကယ်ကို အရမ်းတရားလွန်တာပဲ။ ခင်ဗျားရဲ့သေနတ်က ဘယ်လောက်ကုန်လဲ? ကျွန်တော့်ကို တစ်လက်လောက် ဝယ်ပေးလို့ရမလား?"
သူက ဝယ်ယူမှုကို အပြင်လူကို အကူအညီတောင်းရန်ပင် တွေးလိုက်မိ၏။
ကျိုမင်က ခေါင်းအသာအယာ ခါလိုက်ပြီး "ကျွန်တော်တို့ရဲ့ အလုပ်စာချုပ် ကုန်ဆုံးတဲ့အထိ ကျွန်တော့်ရဲ့ မူရင်းလောကကို ပြန်သွားလို့မရဘူး"
ယဲ့ကျိုး : “...”
သူသည် အပြင်လူကို အကူအညီတောင်းခြင်းက သူ့အတွက် ငွေကုန်သက်သာစေမည်ဟု တွေးခဲ့သော်လည်း ဤနည်းလမ်းကိုလည်း စနစ်က ပိတ်ဆို့ထားသည်ဟု တွေးကာ သက်ပြင်းချလိုက်သည်။
"ကျွန်တော့်ရဲ့နေရာက အရမ်းခေါင်တာ၊ ပြီးတော့ အခု ဒီမှာ ဘေးအန္တရာယ်တွေနဲ့ အငတ်ဘေးတွေ ဖြစ်နေတယ်" ယဲ့ကျိုးက ညည်းတွားလိုက်၏။ "ကျွန်တော် လူတွေကို ခန့်ပြီးတော့ ဖောက်သည်တွေခေါ်ခိုင်းလို့ရပါတယ်။ ဒါပေမဲ့ သူတို့က ဆင်းရဲသားတွေဖြစ်နေနိုင်တယ်။ ကျွန်တော် သူတို့ကို မကူညီချင်လို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငွေဆုံးရှုံးနိုင်ခြေက ပိုများနေတယ်"
ဒုက္ခရောက်နေတဲ့လူတွေ သူ့ဆီ ရောက်လာရင် သူ အကူအညီပေးဖို့ ငြင်းပယ်လိုက်နိုင်မှာလား?
အများဆုံးဆိုလျှင် သူက ၎င်းတို့အား နေထိုင်ခွင့်မပေးနိုင်ခြင်းသာ ဖြစ်သည်။
"ဖောက်သည်တစ်ယောက်ဆီကနေ ဆယ်ယွမ်၊ နှစ်ဆယ်လောက် ရရင်ပဲ ကံကောင်းနေပြီ" ယဲ့ကျိုးက ညည်းတွားလိုက်သည်။
အာရုံစူးစိုက်စွာ နားထောင်နေသည့် ကျိုမင်က ရုတ်တရက် ပြောလိုက်၏။ "သူတို့က တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ယူလာနိုင်တယ်"
ယဲ့ကျိုးက ခါးသီးစွာ ရယ်မောပြီး "အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့။ အဲ့လိုသာဖြစ်လာရင် ကျွန်တော် နောက်ဂျွမ်းပါထိုးပစ်မှာ"
ကျိုမင်သည် သူ့အားကြည့်လိုက်ပြီး ယဲ့ကျိုး၏ ခါးကို ငုံ့ကြည့်လိုက်သည်။
နောက်ဂျွမ်းထိုးမယ်?