Chapter 20
Viewers 2k

အပိုင်း (၂၀)

 

 

ယဲ့ကျိုးတစ်ယောက် တစ်ခဏတာ သေဆုံးသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ဝိညာဉ်မှာ လေထဲတွင် လွင့်မျောနေပြီး မြေပြင်ပေါ်၌မူ ကိုယ်ခန္ဓာဗလာချည်းသာ ကျန်ရစ်နေ၏။ 

 

သို့သော် သူက သေဆုံးခြင်းမရှိဘဲ အသက်ရှင်လျက်ရှိသကဲ့သို့ နတ်မင်းအဖြစ်သို့ ရောက်ရှိသွားခြင်းလည်း မဟုတ်ချေ။

 

"ဗိုက်ပြည့်ပြီ" ဆာရာက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

 

ယဲ့ကျိုးလည်း ဆာရာနှင့် ကျိုမင်တို့၏ မျက်နှာအမူအရာများကို မျက်လုံးထောင့်ဖြင့် ဂရုတစိုက် လှမ်းကြည့်လိုက်၏။ 

 

ကံကောင်းသည်မှာ သူတို့နှစ်ဦးစလုံးသည် အံ့ဩခြင်းနှင့် ရွံရှာခြင်းတို့ကို မပြသဘဲ ပုံမှန်အတိုင်းပင် ရှိနေကြရာ ယဲ့ကျိုး၏ ရင်ထဲ၌ အတော်ပင် စိတ်သက်သာရာရသွားခဲ့သည်။

 

သူသည် ဝန်ထမ်းများကို "နတ်မင်း" ဟု ခေါ်ဆိုရန် တိုက်တွန်းခြင်း မရှိသော်လည်း သူ၏ ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ငြင်းဆိုခြင်း၊ ပြင်ဆင်ပေးခြင်းမျိုး မပြုခဲ့ချေ။ သူ့ အခက်အခဲများကို မသိသူများကမူ သူ့ကို ရူးကြောင်ကြောင်ကောင်ဟု တွေးနေကြမည်မှာ အသေအချာပင်။

 

သူတို့၏ စိတ်ထဲတွင် ဘာတွေတွေးနေကြသည်ကို မျက်နှာပေါ်တွင် မပြသကြသောကြောင့် ယဲ့ကျိုးတစ်ယောက် မသိကျိုးကျွန်ပြုရတော့သည်။

 

"ဒီလူတွေက အသစ်ခန့်ထားတဲ့လူတွေ" ယဲ့ကျိုး သူ့ကိုယ်သူ စကားပြောနေသကဲ့သို့ပင် ခံစားနေရ၏။ "သူတို့နဲ့ အဆင်ပြေအောင် နေကြနော်"

 

ဤသို့ဆိုပြီးနောက် သူက နားနေခန်းသို့ မျှောပါသွားတော့သည်။ 

 

ယခုအချိန်တွင် သူသည် စောင်အောက်သို့ တွားဝင်ကာ ခေါင်းမြှုပ်ပြီး ငှက်ကုလားအုတ်တစ်ကောင်ကဲ့သို့သာ နေချင်နေတော့သည်။

 

သူသည် နားနေခန်းထဲသို့ လွင့်ဝင်ခါနီးတွင် တစ်စုံတစ်ယောက်က သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။ လက်ကောက်ဝတ်ကို ကိုင်ထားသော လက်က ပါးလွှာသော်လည်း အလွန်ပင် သန်မာ၏။ ယဲ့ကျိုးတစ်ယောက် သူ၏ နဖူးကို တံခါးနှင့် ဖိကပ်ထားပြီး ပိတ်ပင်သံဖြင့် ရေရွတ်လိုက်၏။ "ရယ်ချင်ရင် ရယ်ကြ" 

 

ကွဲကြေသွားတဲ့ မာနတွေလည်း ပြန်ဆက်လို့မရတော့ဘူ။ သူက လူစိတ်မရှိတဲ့ကောင်ဖြစ်နေရင်လည်း ဖြစ်ပါစေတော့! 

 

​သူ့မှာသာ အရှက်မရှိဘူးဆိုရင် တခြားလူတွေပဲ အရှက်ရမှာပေါ့!

 

"မင်း လုပ်တာ မှန်ပါတယ်" မျှော်လင့်ထားသော လှောင်ပြောင်သံများ မထွက်လာဘဲ တည်ငြိမ်ပြီး နှစ်သိမ့်သံများသာ ထွက်ပေါ်လာခဲ့၏။ "မင်းမှာ ကိုယ်ခန္ဓာအားမရှိတဲ့အတွက် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းတွေ ရှာရမှာပေါ့"

 

ကျိုမင်၏ လေသံက အေးစက်တည်ငြိမ်နေပြီး အာရုံခံစားမှု ကင်းမဲ့သူတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သို့သော် သူက လူတစ်ဦးကို နှစ်သိမ့်သည့်အခါ အထူးပင် ယုံကြည်မှုရှိနေ၏။

 

ယဲ့ကျိုးတစ်ယောက် ထိုစကားများကို ကြားရသည်ကို နှစ်သက်သဘောကျမိပြီး ကျိုမင်၏ စကားတိုင်းက သူ့အတွက် တန်ဖိုးရှိလှသည်ဟု ခံစားရသည်။

 

ယဲ့ကျိုးက ကျိုမင်၏ မျက်နှာကို လှည့်ကြည့်လိုက်သောအခါ မယုံနိုင်လောက်အောင်ပင် နှစ်လိုဖွယ်ကောင်းနေသည်ကို တွေ့ရ၏။ 

 

ထို့ကြောင့် သူသည် ကျိုမင်အား သူ၏ မိတ်ဆွေရင်းချာအဖြစ် တစ်ဖက်သတ် သတ်မှတ်လိုက်တော့သည်!

 

ယဲ့ကျိုးက လျင်မြန်စွာ ပြောလိုက်သည်။ "အဲ့ဒါပဲလေ၊ ကျွန်တော် ဒီကို စစရောက်လာတုန်းက လူတစ်ယောက်တောင် မမြင်ရဘူး။ အပြင်ဘက်မှာလည်း ဒုက္ခသည်တွေချည်းပဲ။ ကိုယ့်ကိုယ်ကိုတော့ အရင်ဆုံး ကာကွယ်ဖို့ လိုတာပေါ့။ ဒါပေမဲ့ သေနတ်ကလည်း မရှိတော့ ဒီမှာ သရဲအယောင်ဆောင်ပြီး နေခဲ့ရတာ။ အခု ခင်ဗျားရောက်လာပြီဆိုတော့ ကျွန်တော်လည်း စိတ်အေးလို့ ရပြီ"

 

"ခင်ဗျား အရင် ဝင်နှင့်၊ ကျွန်တော် ခင်ဗျားအတွက် မုန့်တစ်ခုခု ယူလာပေးမယ်" ယဲ့ကျိုးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ "ဘီယာ သောက်တတ်လား?"

 

ကျိုမင်က ခေါင်းကို အသာအယာ ခါလိုက်သည်။

 

ယဲ့ကျိုး : "အင်း၊ ဒါဆို မစ်တီး နှစ်ခွက် ဖျော်လာခဲ့မယ်" 

 

အသင့်ဖျော် မစ်တီးသာ ရနိုင်သော်လည်း အရသာကတော့ ကောင်း၏။ စူပါမားကတ်တွင် အရသာထုပ်အချို့ရှိနေသောကြောင့် အရသာကို မိမိနှစ်သက်သလို ပြုပြင်၍ ရနိုင်သည်။

 

"ဒါနဲ့လေ၊ ဆာရာရော သောက်မလားလို့ မေးပေးပါဦး" ယဲ့ကျိုးက ကျိုမင်ကို ပြောပြီးမှ ထွက်ခွာသွားသည်။

 

သူက ကျိုမင်နှင့် တစ်ညလုံး စကားပြောခဲ့သော်လည်း ဆာရာကိုတော့ ဘာမှ မမေးခဲ့ချေ။ 

 

သူ(မ)သည် သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဟု သတ်မှတ်ခံထားရသည်။  ယဲ့ကျိုးက အနည်းငယ် မယုံကြည်နိုင်သေးသော်လည်း သူ့အတွေးအများစုကို သိလိုစိတ်က လွှမ်းမိုးထားသည်။

 

ယဲ့ကျိုးတစ်ယောက် ဒီမနက် အိပ်ရာမှ နိုးလာသောအခါ ကွန်ပျူတာကို ဖွင့်ကာ စာချုပ်ကို ထပ်မံစစ်ဆေးကြည့်သည်။ — အမှန်ပင် ခန့်အပ်လိုက်‌သော ဝန်ထမ်းက ဆာရာဖြစ်နေသည်။ 

 

ဒါဆို ပြဿနာက သူပေါ့? အဲ့တုန်းက  ကလစ်မှား နှိပ်လိုက်မိတာာလား? မောက်စ်ဘီးကို အရမ်းအမြန်ကြီးရွှေ့လိုက်တာလား? 

 

ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့မျက်လုံးတွေ ဝါးနေတာများလား?

 

သို့သော်လည်း ယခုတော့ လူက ရောက်နေပြီဖြစ်ရာ ယဲ့ကျိုးကလည်း ပြန်မပို့နိုင်ချေ။ စာချုပ်ကို စောစောစီးစီး ရုပ်သိမ်းလျှင်လည်း နစ်နာကြေး ပေးရမည်ဖြစ်၏!

 

 

သူက အခြားတစ်ဖက်ကို တစ်လလျှင် သုံးထောင်ပေးရသည်။ သို့သော် စာချုပ်ကို ရုပ်သိမ်းခြင်းသည် လက်ရှိလ၏ လစာကိုသာမကဘဲ သုံးလစာကိုပါ လျော်ကြေးပေးရမည် ဖြစ်၏။

 

သူက သုံးလစာ,စာချုပ်ကိုသာ ချုပ်ဆိုထားခြင်း ဖြစ်၏။ 

 

ထို့ကြောင့် စောစောစီးစီး ဖျက်သိမ်းလျှင် ပိုနစ်နာရလိမ့်မည်။ ထို့အပြင် ယဲ့ကျိုးတွင် ငွေအသင့်အတင့်ရှိသော်လည်း စာရွက်ပေါ်တွင်သာ ဖြစ်၏။ သူက ငွေအများကြီး စုဆောင်းရန် လိုနေသေးသည်။

 

ပြီးတော့ ဆာရာက ဝန်ထမ်းများနှင့် အဆင်ပြေနေပုံရသည်။ သူ(မ)၏ ပုံပန်းသဏ္ဌာန်ကြောင့်လည်း အပယ်ခံရခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းကို ခံရမည် မဟုတ်ချေ။

 

ကျိုမင်က ယဲ့ကျိုးကို ခေါင်းညိတ်ပြလိုက်သည်။

 

ယဲ့ကျိုး ထွက်သွားသည်နှင့် ကျိုမင်တစ်ယောက် အကြည့်ကို ရုပ်သိမ်းပြီး ဆာရာဆီသို့ လျှောက်သွား၏။

 

ဆာရာသည် အသက် ၁၇ နှစ်ပင် မပြည့်သေးသော အငယ်ဆုံး အမျိုးသမီးဝန်ထမ်း ချောင်အာနှင့် စကားပြောနေသည်။ အရင်ခေတ်ကဆိုလျှင် သူ(မ)မှာ အရွယ်ရောက်ပြီး‌ မိန်းမပျိုတစ်ဦး ဖြစ်နိုင်သော်လည်း ဆာရာအတွက်မူ သူ(မ)က ကလေးမလေးတစ်ဦးသာ ဖြစ်၏။

 

"နင်က အသက်အခု လေးရာကျော်နေပြီ…" ချောင်အာတစ်ယောက် ပါးစပ်ဟောင်းလောင်း ဖြစ်သွားတော့၏။ "ဒါဆို ဘာလို့ အရမ်းနုနေရတာလဲ?"

 

ပုံပြင်များထဲမှ မကောင်းဆိုးဝါးမများသည် အများအားဖြင့် လှကြသည်။ သို့သော် ဆာရာသည်တော့ ဘယ်လိုပင် ကြည့်ကြည့် အရုပ်မလေးတစ်ရုပ်နှင့်သာ တူ၏။ လှပသော်လည်း "သာမာန်" အမျိုးသမီးတစ်ဦး၏ ပုံပန်းသဏ္ဌာန်မျိုး မရှိဘဲ သူ(မ)၏ အလှက မိန်းကလေးတစ်ဦး၏ အလှသာဖြစ်ပြီး "အမျိုးသမီးတစ်ဦး" အဖြစ်နှင့် မသက်ဆိုင်ပေ။

 

ဆာရာကလည်း သူ(မ)၏ ပုံပန်းသဏ္ဌာန်အပေါ်တွင် မကျေမနပ်ဖြစ်နေပုံရသည်။ သူ(မ)က မေးစေ့ကို မြှောက်ပြီး ပြောသည် "ငါ့အမေကို အပြစ်တင်" 

 

ချောင်အာက အံ့ဩစွာဖြင့် "ကလေးတွေက သူတို့ရဲ့အမေကို အပြစ်မတင်သင့်ဘူးလေ" 

 

ဆာရာက မျက်မှောင်ကြုတ်လိုက်သည်။ "ငါလည်း သွေးစုပ်ဖုတ်ကောင် ဖြစ်ချင်ခဲ့တာမှ မဟုတ်တာ"

 

ချောင်အာက သက်ပြင်းချပြီး သူ(မ)ကို နှစ်သိမ့်လိုက်သည်။ "ဒါက ကံကြမ္မာပဲလေ၊ ဒါပေမဲ့ အခုတော့ နတ်မင်းနဲ့ အတူရှိနေပြီ။ တစ်နေ့နေ့တော့ နင် အရွယ်ရောက်ပြီး လူသားတစ်ယောက် ဖြစ်လာမှာ"

 

ဆာရာတစ်ယောက် တစ်ခုခုပြောတော့မလို ပြုနေစဉ် ဘေးမှ ကျိုမင်၏အသံကို ကြားလိုက်ရ၏။ "ဆာရာ၊ ဘော့စ် ခေါ်နေတယ်"

 

ဆာရာက ကျိုမင်ကို လှည့်ကြည့်ပြီး ရိုးရိုးရှင်းရှင်း "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူ(မ)က ချောင်အာဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "နင် အလုပ်သွားလုပ်တော့လေ"  

 

ချောင်အာတစ်ယောက် နဖူးကိုရိုက်လိုက်ပြီး ပြောလိုက်၏။ "ဟုတ်ပါ့… အလုပ်တွေ လုပ်ဖို့ ရှိသေးတာ မေ့တော့မလို့"  

 

သူ(မ)သည် ထိုသို့ပြောပြီးနောက် အသုံးအဆောင်ခန်းမှ တံမြက်စည်းတစ်ချောင်းကို လျင်မြန်စွာ သွားယူတော့သည်။

 

ဆာရာက ကျိုမင်အနားသို့ လျှောက်သွားပြီး နှုတ်ခမ်းကို လှုပ်လိုက်၏။ "နင့်ကြည့်ရတာ အမြဲတမ်း တည်တည်ငြိမ်ငြိမ်ပဲနော်။ မပင်ပန်းဘူးလား?"

 

ကျိုမင်က ရှေ့သို့သာ ဆက်ကြည့်နေသည်။ "မပင်ပန်းပါဘူး"

 

ဆာရာက ရုတ်တရက် သက်ပြင်းချလိုက်သည်။ "နင်က အမြဲတမ်း ဒီလိုပဲ"

 

သူ(မ)က နှုတ်ခမ်းကို ဆူလိုက်ပြီး "နင် ဘာတွေးနေလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါ ဘာလိုချင်လဲဆိုတာကိုတော့ ငါ သိတယ်။ နင်သာ ငါ့ဆီကနေ ယူဖို့ ကြိုးစားလို့ကတော့ ငါ ရက်ရက်စက်စက် လုပ်မှ အပြစ်မတင်နဲ့နော်" 

 

ကျိုမင်က သူ့၏ တည်ငြိမ်သော ပုံစံကို ဆက်ထိန်းထားရင်း ပြောလိုက်သည်။ “မင်း ဘာမှ နားမလည်သေးပါဘူး”  

 

ထိုစကားတစ်ခွန်းကြောင့် ဆာရာတစ်ယောက် အမြီးနင်းခံလိုက်ရသော ကြောင်တစ်ကောင်နှယ် တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ကုန်တော့သည်။ “ငါက နင်ထက် ရာစုနှစ်ပေါင်းများစွာ ပိုအသက်ကြီးတာကို ဘာမှနားမလည်ဘူးလို့ ပြောရဲတယ်ပေါ့လေ?...”

 

“ညကျရင်တော့ တံခါးသေချာ ပိတ်အိပ်နော်…”

 

ဆာရာက ခေါင်းလှည့်ကာ ကျိုမင်အား ကြည့်နေခြင်းကို ရပ်လိုက်တော့၏။

 

ကျိုမင်ကလည်း ဘာမှ ထပ်မပြောတော့ပေ။

 

"ဟေး… ဒီမှာ လာကူပါဦး" ယဲ့ကျိုးက ရေသန့်ဘူးဘေးမှာ ရပ်ပြီး သူတို့နှစ်ဦးကို လက်ပြလိုက်သည်။

 

သူသည် မစ်တီး သုံးခွက်နှင့် မုန့်များစွာကို တစ်ပုံတစ်ခေါင်းကြီး ယူလာခဲ့သည်။ သူ့တစ်ယောက်တည်းနဲ့ အားလုံးကို တစ်ခါတည်း ယူဖို့ မလွယ်ဘူး။ ဗန်းလည်း ရှာမတွေ့ဘူးလေ။

 

 

သူ၏မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခုရှိနေသည်။ ဝန်ထမ်းအသစ်များကို နွေးနွေးထွေးထွေး ကြိုဆိုရန်မှာ အရေးကြီးသည်။ ထို့အပြင် ဤနှစ်ဦးက သူ၏ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ယူရမည့်သူများဖြစ်သောကြောင့် သူတို့နှင့် ဆက်ဆံရေးကောင်းမွန်ခြင်းက တင်းမာသော ဆက်ဆံရေးထက် ပိုအဆင်ပြေသည်။

 

"ဒါက မက်မွန်သီးအရသာလား?" ဆာရာတစ်ယောက် မစ်တီးတစ်ခွက်ကို ကိုင်ရင်း အနည်းငယ် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ "ကျွန်မက ပုံမှန်အရသာကို ပိုကြိုက်တာ"

 

ယဲ့ကျိုးက သူ(မ)ကို တခြားတစ်ခွက် လှမ်းပေးလိုက်ပြီး "ဒါဆိုလည်း မက်မွန်သီးအရသာကို ကျွန်တော့်ကိုပေး။ ဒီတစ်ခွက်က ပုံမှန်အရသာ"

 

 

ယဲ့ကျိုး ကျိုမင်ကိုလည်း လှမ်းကြည့်လိုက်ပြီး "ခင်ဗျားအတွက်တော့ ပဲနီလေး မစ်တီး ယူလာပေးတယ်။ မကြိုက်ဘူးဆိုရင် တခြားအရသာပြောင်းပေးမယ်လေ။ ကျွန်တော် နှစ်ခွက်လုံး သောက်လို့ရတယ်"

 

ကျိုမင်က ပြန်ဖြေလိုက်သည်။ "ကျွန်တော် အစားအသောက် မရွေးတတ်ပါဘူး"  

 

ဆာရာ၏ မျက်နှာအမူအရာက ခဏတာ မည်းမှောင်သွားခဲ့သည်။ သို့သော် သူ(မ)က ယဲ့ကျိုးကို ပြန်လှည့်ကြည့်ကာ ချိုသာသော အပြုံးတစ်ပွင့်ကို ဖန်တီးလိုက်ပြီး "Boss က အရမ်း ကြင်နာတတ်သားပဲ"

 

ယဲ့ကျိုးက ပြန်ပြုံးပြလိုက်၏။ သူက ဆာရာအပေါ် အထူးတလည် ကြင်နာခဲ့သည်ဟုတော့ မထင်။ အမှန်ဆိုရသော် သူ(မ)အား စစရောက်ချင်းတုန်းက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့သည်ကိုသာ အမှတ်ရနေမိ၏။

 

ဘာပဲဖြစ်ဖြစ် မစ်တီးတစ်ခွက်လောက်ကိုတော့ သူ တတ်နိုင်ပါသေးသည် ။

 

 

အဟွတ်!

 

ချန်လျိုတစ်ယောက် မြေပြင်ပေါ်လဲကျသွားစဉ်တွင် သူ့ကို ဖိထားသော အမျိုးသားကို လှည့်ကြည့်ရင်း မယုံနိုင်ဖြစ်နေသည်။

 

"ယန်ကော…" နာကျင်စွာ အော်ဟစ်လိုက်ရင်း ချန်လျိုက ဆက်ပြော၏။ "ကျွန်တော်ပါ… ကျွန်တော် ချန်လောင်လျိုပါ…"  

 

ယန်ကျစ်သည် သူ့ကို လွှတ်မပေးဘဲ ဒူးနှစ်ဖက်ဖြင့် ချန်လျို၏ ကျောပေါ်တွင် ဖိထားဆဲဖြစ်ပြီး လက်နှစ်ဖက်ကိုလည်း နောက်ပြန်လှန်ကာ ချုပ်ထားသည်။ "ချန်လောင်လျို?"

 

ဤသူကို သူ မမှတ်မိချေ။

 

"ကျောက်စန်းကော…" ချန်လျိုတစ်ယောက် ထပ်မံအော်ခေါ်လိုက်ပြန်သည်။ "ကျောက်စန်းကော… ကျွန်တော်ပါ…"  

 

ဤတစ်ကြိမ်တွင်မူ သူက ယန်ကျစ်နှင့်အတူ ထိုင်နေခဲ့သော အမျိုးသားကို လှမ်းခေါ်လိုက်ခြင်းပင်။

 

ကျောက်ကောက သူ့ထံသို့ တယိမ်းတယိုင် လျှောက်လာသည်။ အစားစားထားခြင်းကြောင့် ဗိုက်ထဲတွင် အားအနည်းငယ်ရှိနေသဖြင့် သူ့ခြေလှမ်းများက အနည်းငယ် ယိမ်းထိုးနေသည်။

 

သူသည် ချန်လျိုအနီးတွင် ထိုင်ချကာ မီးရောင်ဖြင့် သူ့မျက်နှာကို အကဲခတ်သည်။ ထုံထိုင်းနေသော အာရုံက ခေတ္တမျှ စဉ်းစားပြီးမှ အသံဝဲဝဲဖြင့် ပြောလိုက်၏။ "ယန်ကော၊ သူက ချန်လျိုပါ။ လွန်ခဲ့တဲ့ငါးနှစ်က တောင်ပေါ်ကို တက်သွားတဲ့သူ" 

 

ချန်လျိုခမျာလည်း အသက်ကယ်ကြိုးကို ဆုပ်ကိုင်မိသူတစ်ဦးနှယ် အော်လိုက်တော့သည်။ "ဟုတ်တယ်… ကျွန်တော်ပါ…"  

 

ယန်ကျစ်ကတော့ သူ့ချုပ်ကိုင်မှုကို လွှတ်မပေးသေးချေ။ သူ့ပုံစံက ပိန်ပါးသော်လည်း လက်များကတော့ အားသန်လှသည်။ "ရိက္ခာတွေ ပစ်လိုက်တာ မင်းလား?"

 

အဖြစ်မှန်ကို ဖုံးကွယ်၍ မရနိုင်ကြောင်း ချန်လျိုက သိလိုက်သည်နှင့် ဖြေလိုက်၏။ "ဟုတ်ပါတယ်၊ ကျွန်တော်ပါ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အစာတွေပါ"  

 

"မင်းကို ဒီလိုလုပ်ဖို့ ဘယ်သူက အမိန့်ပေးခဲ့တာလဲ?" ယန်ကျစ်၏ မျက်လုံးများက အရောင်လက်သွားသည်။ "ပြောစမ်း…"

 

ချန်လျိုသည် နာကျင်မှုကြောင့် မအော်မိအောင် သွားများဖြင့် တင်းတင်းစေ့ထားလိုက်သည်။ မကျေနပ်မှုများကို ခံစားနေရသော်လည်း ထိုထက်မက ကြောက်ရွံ့မှုများက သူ့ကို လွှမ်းမိုးနေသည်။ "ဘယ်သူမှ အမိန့်မပေးပါဘူး… ကျွန်တော်က ညီအစ်ကိုတွေအတွက် လုပ်ပေးခဲ့တာပါ…"

 

ကျောက်ကောက အနီးတွင် ထိုင်နေပြီး ပို၍ နူးညံ့သောအသံဖြင့် "ချန်လျို၊ မင်းရဲ့ မိသားစုက သာမန် လယ်သမားတွေဆိုတာ ငါမှတ်မိပါတယ်။ ဒီလိုအချိန်မျိုးမှာ မင်းက အစားအသောက်နဲ့ ရေတွေကို ဘယ်ကရခဲ့တာလဲ?"

 

ကျောက်ကောက ချန်လျို၏ မျက်နှာကို ကြည့်လိုက်သည်။ နေလောင်ထားသော်လည်း သူ့မျက်နှာတွင် အသားများရှိနေဆဲဖြစ်ရာ သူနှင့် အတူရှိနေခဲ့ကြသောအချိန်များထက် အများကြီး ပိုအဆင်ပြေနေပုံရသည်။

 

ဒီလိုအချိန် မြောက်ဘက်ဒေသတစ်ခုလုံးမှာ အစိုးရကလွဲရင် သယ်သူတွေကများ ကောင်းကောင်းမွန်မွန် နေနိုင်မှာလဲ?

 

"မင်း အညံ့ခံလိုက်တာလား?" ကျောက်ကောက ရုတ်တရက် အော်ဟစ်လိုက်သည်။ "အဲ့ဒါ?...”

 

"ချန်လျို… မင်းမှာ သတ္တိမရှိဘူးလား.… မင်းနဲ့အတူပါလာတဲ့လူတွေ ဘယ်မှာလဲ?... သူတို့ကို ထွက်လာခိုင်းလိုက်…"

 

ချန်လျိုက ဝူယန်နှင့် အခြားသူများအကြောင်းကို ထုတ်ပြော၍ မရနိုင်ကြောင်း သိနေသည်။ သူက ခေါင်းကို မော့ရန် ကြိုးစားရင်း "ကျွန်တော့်မှာ သတ္တိမရှိဘူးဟုတ်လား? ကျွန်တော်သာ သတ္တိမရှိရင် ခင်ဗျားတို့အတွက် ပစ္စည်းတွေ ယူလာပေးပါ့မလား?... ကျွန်တော်သာ အညံ့ခံပြီး ခင်ဗျားတို့ကို ဒုက္ခပေးချင်ခဲ့ရင် ခင်ဗျားတို့ အခုအချိန်ဆို အဆိပ်သင့်ပြီး ငရဲရောက်နေလောက်ပြီ…"

 

ယန်ကျစ်က သူ့ချုပ်ကိုင်မှုကို ဖြေလျှော့လိုက်သည်။

 

သို့သော် ချန်လျိုကတော့ မထနိုင်သေးချေ။ သူက လှိမ့်လိုက်ပြီး ကျောဖြင့် လဲလျောင်းကာ အပေါ်မှ ညကောင်းကင်ကို ငေးကြည့်နေ၏။ သူ့အသံက ဝဲနေသည်။ "ကျွန်တော့်ကို အရေးပါတဲ့လူတစ်ယောက်က ကယ်ခဲ့တာ။ ကျွန်တော်က ဟွမ်ရှန်တောင်ပေါ်က လူတစ်ယောက် မဟုတ်တော့ဘူး။ ဒီတစ်ခါ ရိက္ခာတွေ ပို့ပြီးရင် ကျွန်တော် ထွက်သွားတော့မယ်"

 

"ဘယ်လို အရေးပါတဲ့လူလဲ?" ကျောက်ကောက မေးသည်။ "မင်းက သာမန်လူတွေကို ဒုက္ခပေးတဲ့ လူချမ်းသာ သခင်လေးတစ်ယောက်ရဲ့ နောက်လိုက်ခွေးဖြစ်သွားတာလား?"

 

ချန်လျိုက ရယ်မောလိုက်ပြီး "ဟုတ်တာပေါ့၊ အစားအသောက် ပြည့်ပြည့်ဝဝနဲ့ ကောင်းကောင်းမွန်မွန် စားသောက်နေရတာ ဟွမ်ရှန်တောင်ပေါ်မှာ ဓားပြဆက်လုပ်နေစရာ ဘာအကြောင်းရှိတော့မှာလဲ?"

 

 

ချန်လျိုတစ်ယောက် ရုတ်တရက် ထထိုင်လိုက်သည်။ သူက ကျောက်ကော၏ မျက်လုံးများကို စူးစိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ခင်ဗျားက အရည်မရအဖတ်မရတွေ ပြောနေတာ… ကျွန်တော်သာ မိုးကြိုးပစ်ခံရပြီး ဒီနေရာမှာ သေသွားရင်တောင်မှ အဲ့လူချမ်းသာ သခင်လေးတွေရဲ့ နောက်လိုက်ခွေး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး…"

 

ယန်ကျစ်ကလည်း ဘေးတွင် ထိုင်လိုက်ပြီး ခေတ္တမျှ စဉ်းစားပြီးမှ "ငါ စောနက မှားသွားတယ်။ ဒါပေမဲ့ ငါတို့ရဲ့အခြေအနေကို မင်း မြင်ပါတယ်။ ညီအစ်ကိုနည်းနည်းရဲ့ အသက်ကလွဲရင် တကယ်တမ်း ဘာမှမရှိတော့ဘူး"

 

"မင်းကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်ရှိတယ်လို့ ပြောခဲ့တာနော်။ အဲ့ကျေးဇူးရှင်က ဘယ်သူလဲ?" ယန်ကျစ်က မေးလိုက်သည်။

 

ချန်လျို တစ်ခဏမျှ စဉ်းစားလိုက်ပြီး အမှန်တရားကို ပြောပြခြင်းက ဘာမှ မထိခိုက်နိုင်ဟု ဆုံးဖြတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သေမျိုးလူသားတွေက နတ်တွေကို ပရိယာယ်ဆင်ရဲမှာ မဟုတ်ဘူးလေ? နတ်တွေက သူတို့ရဲ့ လက်ကို တစ်ချက်ဝှေ့ရုံနဲ့တင် သူတို့ကို အလွယ်တကူ သတ်နိုင်တာပဲဟာ?

 

"သူက နတ်မင်းတစ်ပါးပါ" ချန်လျိုက ပြောလိုက်သည်။ "အရှင် နတ်မင်း…"  

 

မီးပုံအနီးတွင် စုရုံးနေသော လူအများအပြားက သူ့ကို လှည့်ကြည့်လိုက်၏။

 

သူတို့က သူ့ကို ဝါးစားတော့မလို ကြည့်နေကြသည်။

 

ချန်လျိုက ပြောလိုက်သည်။ "မာစတာနတ်မင်းက လူကောင်းတွေကို ကယ်ချင်လို့တဲ့… အဲ့ဒါကြောင့် ကျွန်တော့်ကို လွှတ်လိုက်တာ"  

 

သူသည် သွားများကို ကြိတ်ကာ ဆက်ပြော၏။ "ဒါပေမဲ့ ခင်ဗျားတို့လက်ပေါ်မှာ သွေးတွေပေနေတော့ ခင်ဗျားတို့ကို လူကောင်းတွေလို့ သတ်မှတ်လို့မရဘူး"

 

ကျောက်ကောက လှောင်ပြောင်လိုက်ပြီး "ချန်လျို၊ မင်း အရူးလား? ဒီလောကကြီးမှာ နတ်မင်းတွေ ဘယ်မှာရှိလို့လဲ? အကုန်လုံး အလိမ်တွေချည်းပဲ…"

 

"သာမန်ပြည်သူတွေ အကြွင်းအကျန်တွေ စားရတုန်းက ဘယ်မှာတုန်း အဲ့နတ်မင်းဆိုတဲ့သူတွေက?" ဟု သူက ထပ်မံမေးလိုက်၏။

 

"အဲ့အစိုးရအရာရှိတွေက ငါတို့ကို ခေါင်းပုံဖြတ်နေတုန်းကရော ဘယ်ကမ္ဘာရောက်နေတာလဲ အဲ့နတ်မင်းဆိုတဲ့သူတွေ?"

 

"မင်း အလိမ်ခံလိုက်ရပြီ…"

 

ချန်လျို၏ မျက်နှာအမူအရာက ပြောင်းသွားသည်။ သူက ကျောက်ကောကို စူးစိုက်ကြည့်လိုက်ပြီး "အရှင်နတ်မင်းကို မကောင်းမပြောနဲ့။ မာစတာနတ်မင်းက နတ်မဟုတ်ရင် ဘာလို့ ကျွန်တော့်ကို ကယ်ခဲ့ရတာလဲ? ကျွန်တော်က တခြားသူတွေထက် ပိုဝနေလို့လား၊ ပိုဥာဏ်ကောင်းနေလို့လား?"

 

ယန်ကျစ်က ရုတ်တရက် စကားပြောလာသည်။ "မင်း ပြောတဲ့ နတ်မင်းက တကယ်ပဲဖြစ်ဖြစ်၊ အတုပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မင်းမှာ ရိက္ခာတွေ အများကြီးရှိနေတဲ့ပုံထောက်ရင် မင်းလူတွေ အခြေအနေမဆိုးဘူးဆိုတာ ရှင်းနေတာပဲ"

 

"ငါတို့လက်ထဲမှာ ပစ္စည်းတွေရှိနေပြီ။ ငါတို့အားလုံးလည်း အစားအသောက်၊ ရေနဲ့ ရိက္ခာတွေ လိုအပ်တယ်"