အပိုင်း (၁၉)
ချောင်အာ၏မိခင်တစ်ယောက် အမြဲတမ်းလိုပင် မိုးမလင်းမီကတည်းက အစောကြီး နိုးလာခဲ့၏။ သူ(မ)၏ မျက်လုံးများ ပွင့်လာသည်နှင့် တစ်ပြိုင်နက် တစ်ဖန်ပြန်၍ အိပ်ပျော်နိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် သူ(မ)သည် အိပ်ရာမှ ထကာ အလုပ်စလုပ်ရန် ပြင်ဆင်ရတော့သည်။
စူပါမားကတ်မှာ ညစ်ပတ်နေခြင်း မရှိသော်လည်း အလုပ်ကို များစွာလုပ်လေ့ရှိသည့် သူ(မ)တို့ကဲ့သို့ လူမျိုးများအတွက် အချိန်အလွန်အကျွံ အားနေလျှင် အဆင်မပြေပေ။
သူ(မ)သည် ကိုယ်တိုင်နိုးလာပြီးနောက် ချောင်အာနှင့် အခြားသူများကိုလည်း လှည့်၍ နှိုးခဲ့တော့သည်။
ကလေးအချို့မှလွဲ၍ လူကြီးများအားလုံး နိုးထလာခဲ့ကြ၏။
အမျိုးသမီးဝန်ထမ်းများက အပေါ်ဝတ်များကို ဝတ်ဆင်ကြပြီး မိမိတို့တာဝန်ယူရမည့် နေရာများကို သန့်ရှင်းရေးလုပ်ရန် လိုက်ကာများကို လှန်တင်ကြသည်။ သူတို့တွင် ရှင်းလင်းသော အလုပ်ခွဲဝေမှုများ ရှိပြီး လူတစ်ဦးစီတွင် သတ်မှတ်ထားသော သန့်ရှင်းရေးနေရာများ ရှိပေ၏။
အသက်အကြီးဆုံး လူကြီးနှစ်ဦးက ကလေးများကို စောင့်ရှောက်ရန် ဂိုဒေါင်တွင် ကျန်ခဲ့ကြပြီး ကျန်သူများကမူ လုပ်စရာမရှိသော်လည်း အလုပ်များကို ရှာဖွေလုပ်ကိုင်ကြသည်။
ကလေးများမှာ ယခုအခါ ပြန်လည် နိုးကြားလာကြပြီး အင်အားအပြည့် ရရှိထားကြ၏။ လူကြီးများနှင့် နှိုင်းယှဉ်ပါက သူတို့သည် ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာပြီး သတ္တိလည်း ပိုရှိလာကြသည်။
မည်သူမျှ မစောင့်ကြည့်ပါက သူတို့သည် နေရာအနှံ့ ပြေးလွှားကြလိမ့်မည်။ ထိုသို့ စူပါမားကတ်အပြင်ဘက် သို့မဟုတ် တောထဲတွင် ပျောက်ဆုံးသွားပါက ကံဆိုးမိုးမှောင် ကျပေလိမ့်မည်။
အမျိုးသမီးများက တစ်လှည့်စီ မျက်နှာသစ်၊ သွားတိုက်ကြသည်။ သူတို့၏ ဆံပင်များက အနည်းငယ် ရှည်လာခဲ့ပြီး အနည်းဆုံးတော့ ယခင်ကလို ကတုံးကြီးများ မဟုတ်တော့ပေ။
သူတို့က ဆံပင်များကို ဂရုမစိုက်ဟုဆိုလျှင် လိမ်ရာရောက်လိမ့်မည်။
နတ်မင်းက မပြောဆိုခဲ့လျှင်၊ ပြီးလျှင် တစ်ဖန်ပြန်၍ မောင်းထုတ်ခံရမည်ကို မကြောက်ခဲ့လျှင် သူတို့ ဆံပင်များကို ဘယ်လိုလုပ်ပြီး အမြန်ဖြတ်နိုင်ခဲ့ကြပါ့မလဲ?
လက်တစ်ဆုပ်စာ ဆံပင်လေးက ဘဝနဲ့ တကယ်ပဲ နှိုင်းယှဉ်နိုင်ပါရဲ့လား?
“မနက်စာ ဘာစားကြမှာလဲ?” အမျိုးသမီးများက စုဝေးပြီး စကားပြောကြရင်း ပြုံးနေကြသည်။
ချောင်အာ၏မိခင်က ယခုအခါ သူတို့နှင့် ရင်းနှီးလာခဲ့ပြီဖြစ်သောကြောင့် ယခင်ကလို မျက်နှာထားတင်းနေခြင်း ၊ မျက်မှောင်ကြုတ်နေခြင်းမျိုး မရှိတော့ပေ။ သူ(မ)က ပြောလိုက်သည်။ “ဒီမနက် မီးမွှေးရတာ ပျင်းလို့ မုန့်ပဲစားကြတာပေါ့။ တစ်ယောက်ကို ဝက်အူချောင်းနှစ်ချောင်းရယ်၊ ကြက်ဥတစ်လုံးစီရယ် စားကြတာပေါ့”
ကလေးများက ရွှင်လန်းစွာ အော်ဟစ်ကြသည်။ “ဝက်အူချောင်းတဲ့…”
“ဝက်အူချောင်းက အရမ်းစားကောင်းတယ်…”
သူတို့၏ ရယ်မောသံများက ကောင်းကင်ပေါ်ရှိ မိုးတိမ်များကိုပင် ဖောက်ထွင်းနိုင်လောက်အောင် ကျယ်လောင်နေခဲ့၏။
လူကြီးများ၏ အနည်းငယ် ဆူပူကြိမ်းမောင်းမှုကြောင့် ကလေးများက အသံတိတ်သွားကြသော်လည်း သူတို့အားလုံးက ချောင်အာ၏မိခင်ကို တမ်းတသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထိုအရာများက ကစီဓာတ်များစွာ ပါဝင်သည့် ဝက်အူချောင်းများသာ ဖြစ်သော်လည်း ကလေးရော လူကြီးပါ ၎င်းတို့ကို အသားထက် မနိမ့်ကျဟု ယူဆထားကြ၏ — အဆီများသော အသားများထက် အနည်းငယ်သာ ပိုဆိုးလိမ့်မည်။
သို့သော် ယခုအခါတွင်မူ သူတို့အားလုံး အဆီပါသော အစားအစာများကို စားရသောကြောင့် အဆီများသော အစားအစာများအပေါ် စိတ်ဝင်စားမှု မရှိတော့ပေ။
အမျိုးသမီးဝန်ထမ်းများ သန့်ရှင်းရေးလုပ်ပြီးနောက် သူတို့၏ သန့်ရှင်းရေးလုပ်သော ရေပုံးများကို ကိုင်ဆောင်ကာ စူပါမားကတ်၏ အရောင်းနေရာသို့ ဝင်ရောက်လာကြသည်။ သူတို့၏ မျက်နှာများတွင် အပြုံးများ ရှိနေဆဲဖြစ်သော်လည်း ရုတ်တရက် အေးခဲသွားကြ၏။
သူတို့၏ မျက်လုံးများက စင်များဘေးတွင် မတ်တပ်ရပ်နေသော မိန်းကလေးကို စိုက်ကြည့်ရင်း အလိုလို ပြူးကျယ်လာခဲ့ကြသည်။ ထိုမိန်းကလေးကို သူတို့မှာ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ မြင်နေကြ၏။
သူ(မ)သည် အဖြူရောင်ဖြစ်ပြီး သွေးမရှိသကဲ့သို့ ဖြစ်နေသော အရေပြားကို ပေါ်လွင်စေသည့် အနက်ရောင်အလွှာဝတ်စုံများကို ဝတ်ဆင်ထားသည်။ သူ(မ)၏ ရွှေရောင်ဆံပင်က အလင်းရောင်အောက်တွင် အလွန်ပင် ဖြူဖျော့နေပြီး ရွှေထက် ငွေနှင့် ပိုနီးစပ်လှ၏။ သူ(မ)က လက်ထဲတွင် ပန်းတုတစ်ပွင့်ကို ကိုင်ထားပြီး အပေါ်ဆုံးစင်ပေါ်ရှိ ချောကလက်များကို လှမ်းယူရန် ခြေဖျားထောက်ကာ ကြိုးစားနေခဲ့သည်။
“မကောင်းဆိုးဝါး…” ဝန်ထမ်းတစ်ဦးက တုန်ယင်စွာဖြင့် နောက်သို့ ဆုတ်လိုက်သည်။
သူတို့က မျိုးဆက်ပေါင်းများစွာ ကျေးလက်ဒေသတွင် နေထိုင်ခဲ့ကြပြီး မျက်စိတစ်ဆုံး လယ်ကွင်းများနှင့် တောင်တန်းများသာ ရှိသည်။ သူတို့သည် လူများကိုပင် သိပ်မမြင်ခဲ့ဖူးသလို နိုင်ငံခြားသားများကိုတော့ ပြောစရာပင် မလိုပေ။
သူ(မ)တို့အထဲတွင် ဉာဏ်ပညာအရှိဆုံးဟု ကိုယ်ကိုကိုယ် ယူဆထားသည့် ချောင်အာ၏မိခင်ပင်လျှင် ထိုအချိန်တွင် တုန်ယင်မိခဲ့သည်။
ထိုမိန်းကလေးက သူတို့ကို သတိမထားမိခင်အထိ အချိန်က ရပ်တန့်နေခဲ့သလိုပင်။
မိန်းကလေးသည် သူ(မ)၏ ခေါင်းကို လှည့်လိုက်ပြီး နီညိုရောင်မျက်လုံးများက အမျိုးသမီးဝန်ထမ်းများကို စိုက်ကြည့်နေသည်။ သူ(မ)၏ မျက်လုံးများတွင် ကလေးတစ်ယောက်၏ ဖြူစင်ခြင်း သို့မဟုတ် ကလေးဆန်သော အမူအရာများ လုံးဝမရှိချေ။
သူ(မ)၏ လှုပ်ရှားမှုတစ်ခုက ဝန်ထမ်းများအားလုံးကို နေရာအနှံ့သို့ လူစုကွဲသွားစေသည် ။
“မကောင်းဆိုးဝါး... မကောင်းဆိုးဝါး...” နောက်ဆုံးတွင် တစ်စုံတစ်ယောက်က အော်လိုက်တော့သည်။
သူတို့က ဤနေရာမှာ စူပါမားကတ်ဖြစ်ပြီး “နတ်မင်း၏အိမ်” ဖြစ်သည်ကိုပင် မေ့လျော့သွားကြ၏ ။
ဝန်ထမ်းများမှာမူ သူတို့၏ မိသားစုများ ရှိနေသေးသော ဂိုဒေါင်ဆီသို့ အပြေးအလွှား သွားခဲ့ကြသည်!
လှုပ်ရှားခြင်းမရှိသူမှာ ချောင်အာ၏မိခင်တစ်ဦးသာ။ သူ(မ)ခမျာ သူ(မ)ရှေ့မှ မိန်းကလေးကို တွေတွေကြီး စိုက်ကြည့်နေမိသည်။
သူ(မ)က မပြေးလိုခြင်း မဟုတ်ပေ။ သူ(မ)၏ ခြေထောက်များက အားမရှိသကဲ့သို့ ဖြစ်နေသဖြင့် ထွက်ပြေးနိုင်ခြင်း မရှိခဲ့ချေ။
ဆာရာက ထွက်ပြေးနေသော ဝန်ထမ်းများကို အနည်းငယ် ရှုပ်ထွေးနေဟန်ဖြင့် ကြည့်နေသည်။ သူ(မ)၏ ပုံပန်းသဏ္ဌာန်တွင် မည်သည့်အရာကမှ မှားနေသည်ဟု သူ(မ) မထင်ခဲ့ချေ။ သူ(မ)၏ အသားအရေသည် အနည်းငယ် ဖြူဖျော့နေသော်လည်း ထိုကဲ့သို့ အသားအရေရှိသော လူသားများ ရှိတတ်သည်မှာ မဆန်းပေ။ သူ(မ)၏ ဆံပင်ကလည်း အနည်းငယ် ပို၍ ဖျော့နိုင်သော်လည်း ရွှေရောင်ဖြစ်ပြီး သာမန်မဟုတ်သော အရာများ မဟုတ်ပေ။
“ဘာလို့ ထွက်ပြေးသွားကြတာလဲ?” နောက်ဆုံးတွင် ဆာရာတစ်ယောက် ချောကလက်ဘူးကို ရရှိခဲ့သည်။ ၎င်းကို ဖွင့်ပြီးနောက် သူ(မ)သည် ချောင်အာ၏မိခင်ဆီသို့ လျှောက်သွားကာ ချောကလက်တုံး တစ်တုံးကို ထုတ်ယူပြီး သူ(မ)အား ပေးလိုက်သည်။
ဆာရာကိုယ်တိုင်ကတော့ ဘာမျှ မစားခဲ့ချေ။ သူ(မ)သည် တစ်တုံးကို ဖွင့်ကာ အနံ့ကို ရှူရှိုက်နေခဲ့သည်။
ချောင်အာ၏မိခင်မှာ သူ(မ)၏ ဝိညာဉ်သုံးပါးနှင့် အာရုံခုနစ်ပါးတို့က ပျောက်ကွယ်သွားသလိုဖြစ်နေပြီး ချောကလက်ကို ယူဖို့ လက်လည်းမလှမ်းနိုင်သလို မည်သည့် တုံ့ပြန်မှုမှလည်း မလုပ်နိုင်ဖြစ်နေသည်။
“နင်… ငါ့အမေဆီကနေ ဝေးဝေးနေ...”
ချောင်အာက နောက်သို့ ပြေးလာပြီး အသီးလှီးဓားတစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။ ၎င်း၏ ဓားဦးကို ဆာရာဆီသို့ ချိန်ရွယ်ထားသည်။ သူ(မ)က တုန်ယင်နေသော်လည်း ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့ပြီး ခွန်အားအပြည့်ဖြင့် အော်ဟစ်လိုက်သည်။ “ငါ့အမေနဲ့ ဝေးဝေးနေဟဲ့... မကောင်းဆိုးဝါးမ...”
ဆာရာက သူ(မ)ကို အထူးအဆန်း အမူအရာဖြင့် ကြည့်နေခဲ့သည်။ “မကောင်းဆိုးဝါးတဲ့လား? နင်ပြောချင်တာက ငါက မကောင်းဆိုးဝါးတစ်ကောင်တဲ့လား?”
ဆာရာက သူ(မ)၏ မေးစေ့ကို မြှောက်လိုက်ပြီး အသိအမှတ်ပြုလိုက်သည်။ “အဲဒါက လူသားတွေ ငါ့တို့ကို ခေါ်တဲ့ အမှတ်သညာတစ်ခုပဲ”
“သူကတော့ ငါ့ကို အဲဒီလို မခေါ်ဘူး” ဆာရာခမျာ သာယာသော အကြောင်းအရာတစ်ခုခုကို သတိရသွားဟန်တူပြီး ချောင်အာကို ပြုံးပြလိုက်သည်။ “ချောကလက် စားဦးမလား?”
“စကားမစပ်၊ ငါက ဆာရာပါ” သူ(မ)က ကိုယ်ကိုကိုယ် မိတ်ဆက်လိုက်သည်။ “နင့်နာမည်က ဘာတဲ့လဲ?”
ဆာရာက ဆက်ပြောသည်။ “ငါက အခုကစပြီး ဒီမှာ အလုပ်လုပ်တော့မယ့် ကိုယ်ရံတော်အသစ်ပါ”
“အလုပ်” ဟူသော စကားကို ကြားသောအခါ ချောင်အာမိခင်၏ ဆင်ခြင်တုံတရားက ပြန်လည်ဝင်ရောက်လာခဲ့ပြီး သူ(မ)၏ ကြောက်ရွံ့မှုက တဖြည်းဖြည်း လျော့ပါးလာခဲ့လေသည်။
ဤသည်မှာ နတ်မင်း ဘုံဗိမာန်ဖြစ်၏။ မည်သည့်မကောင်းဆိုးဝါး သို့မဟုတ် နတ်ဆိုးမျိုးပင် ဖြစ်စေကာမူ နတ်မင်းနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။
အရပ်ရှည်ရှည်၊ နှာခေါင်းချွန်ချွန် ဆံပင်ဝါဝါနှင့် မကောင်းဆိုးဝါးမက သူ(မ)၏ အပြစ်များကို ဆေးကြောရန် နတ်မင်း၏ လက်အောက်တွင် အလုပ်သမားအဖြစ် ဖမ်းဆီးခံထားရခြင်း ဖြစ်လိမ့်မည်။
သို့မဟုတ် ထိုမကောင်းဆိုးဝါးမက မကောင်းဆိုးဝါးကောင်း ဖြစ်ပြီး နတ်မင်း၏ ကယ်တင်ခြင်းကို ခံရခြင်းလည်း ဖြစ်နိုင်၏။
ချောင်အာ၏မိခင်က တုန်ယင်နေဆဲဖြစ်သော်လည်း ဆာရာကို ရဲရဲရင့်ရင့် ပြောလိုက်သည်။ “နင်က ငါတို့လိုပဲ အလုပ်လုပ်ရမှာဆိုတော့ ဆိုင်ထဲက ပစ္စည်းတွေကို ပိုက်ဆံမပေးဘဲ မယူသင့်ဘူး...”
လက်ထဲမှ ချောကလက်ကို ကြည့်၍ ဆာရာတစ်ယောက် မျက်တောင်ခတ်လိုက်သည်။ “ငါက ဒီမှာ ဈေးအပေါဆုံးဆိုတဲ့ဟာကိုပဲ ယူခဲ့တာပါနော်။ အဲဒါကို Boss ဆီကနေလည်း လစာထဲကနေ ဖြတ်လို့ ပြောထားတယ်”
သူတို့ စကားပြောနေကြတာကြောင့် ဖြစ်နိုင်၏။ ချောင်အာ၏မိခင်သည် ကြောက်ရွံ့မှုအား ကျော်လွှားကာ တာဝန်ယူလိုစိတ်က အနိုင်ယူသွားခဲ့၏။ သူ(မ)က လည်ချောင်းထဲသို့ တံတွေးများကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ “ခွင့်ပြုချက်မရှိဘဲ ယူတာက ခိုးတာပဲ… ပိုက်ဆံပေးစားတာဆိုရင်တောင် နတ်မင်းကို အရင်ဆုံး အကြောင်းကြားသင့်တယ်..”
ဆာရာတစ်ယောက် တွေတွေကြီး ရပ်နေခဲ့ပြီး တိတ်ဆိတ်နေသည်။
ခဏကြာသည်အထိ သူ(မ)က တွေဝေစွာ နေခဲ့ပြီးမှ ချောင်အာ၏မိခင်၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ငါ မှားသွားတယ်နော်၊ ဆောတီး၊ နောက်တစ်ခါ ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူး”
သူ(မ)၏ မိခင်ဘေးသို့ ရောက်ရှိလာခဲ့သော ချောင်အာသည် မိခင်၏ မျက်နှာထားတင်းတင်းဖြင့် မတ်မတ်ရပ်နေသော ပုံစံကို ကြည့်ပြီး ရုတ်တရက် အကြောင်းပြချက်မရှိသော ယုံကြည်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ(မ)၏ မိခင်က နတ်မင်းမှ အလေးအပေးဆုံး သေမျိုးဖြစ်သောကြောင့် မကောင်းဆိုးဝါးများကို ကြောက်စရာအကြောင်း မရှိချေ။
သူ(မ)က သမီးတစ်ယောက်ဖြစ်သည့်တိုင် မကောင်းဆိုးဝါးများကို ကြောက်စရာအကြောင်း လုံးဝမရှိတော့ပေ။ အထူးသဖြင့် ဤမကောင်းဆိုးဝါးမသည် မိခင်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရသောကြောင့်ပင်။
သူ(မ)၏ မိခင်ဆီမှ ဆူပူကြိမ်းမောင်းခြင်းကို ခံရသည့် ဤမကောင်းဆိုးဝါးမမှာ ကြောက်စရာ တစ်စက်မျှမကောင်းတော့ပေ။
“နင်က ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ?” ချောင်အာတစ်ယောက် မနေနိုင်ဘဲ စပ်စပ်စုစုဖြင့် မေးလိုက်သည်။
ဆာရာက ရိုးသားစွာ ပြန်ဖြေလိုက်၏။ “ငါက သွေးကို သောက်ပြီး အသက်ရှင်တဲ့ မကောင်းဆိုးဝါး”
ချောင်အာ၏ မျက်လုံးများက ပြူးလာခဲ့ပြီး မိခင်၏ အင်္ကျီကို ဆွဲကာ ပြောလိုက်သည်။ “အမေ… သူ(မ)က ကျွတ်ကောင်းဆိုးဝါးမ…”
ချောင်အာ၏မိခင်တစ်ယောက် ဆာရာ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်လိုက်သည်။ သူ(မ)သည် ထိုဖြူဖျော့သော မိန်းကလေးနှင့် အနက်ရောင် ကျွတ်များနှင့် မချိတ်ဆက်နိုင်သော်လည်း သူ(မ)က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။ “ဒီဘက်ခေတ်မှာ ဘာမဆို မကောင်းဆိုးဝါအဖြစ် သတ်မှတ်လို့ရပုံပါပဲ”
ပုံပြင်ပြောပြသူများပင်လျှင် ကျွတ်များ မကောင်းဆိုးဝါးဖြစ်လာသည့် ဇာတ်လမ်းမျိုးကို ဖန်တီး၍ မရနိုင်ချေ!
ယေဘုယျအားဖြင့် ပိုးမွှားတစ်မျိုးမှ မကောင်းဆိုးဝါးဖြစ်လာနိုင်ခြင်း မရှိ။
ချောင်အာ၏မိခင်သည် ဆာရာက သူ(မ)၏သွေးကို စုပ်မည်ကို စိုးရိမ်ခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က နတ်မင်း၏ အိမ်တော်တွင် ရှိနေကြသောကြောင့်ပင်။ အစွမ်းအထက်ဆုံးဆိုသော မကောင်းဆိုးဝါးများပင်လျှင် ဤနေရာတွင် သက်သတ်လွတ် စားရပေလိမ့်မည်!
သက်သတ်လွတ် မကောင်းဆိုးဝါးများကို အဘယ်ကြောက်စရာများ ရှိပါ့မလဲ?
“ဂိုဒေါင်ကို သွားပြီး သူတို့ကို အသိပေးလိုက်” ချောင်အာ၏မိခင်က ယုံကြည်မှု အပြည့်ဖြင့် ညွှန်ကြားလိုက်သည်။ သူ(မ)က ကြောက်လန့်တကြား အော်ဟစ်နေခဲ့သည်ကိုပင် လုံးဝမေ့လျော့သွားခဲ့ပြီး အခုတော့ အလေးအနက်ထား၍ ပြောနေသည်။ “နတ်ဘုံနတ်နန်းမှာ မကောင်းဆိုးဝါးတွေကို ကြောက်နေတယ်ဆိုတာ ဘာပုံစံတုန်း?”
“ဟုတ်တယ်… သွားပြောလိုက်မယ်…” ချောင်အာကလည်း ပြန်ဖြေလိုက်၏။
ယဲ့ကျိုး နိုးလာသောအခါ သူသည် ဆာရာက အခြားသူများနှင့် အလွန်ပင် အဆင်ပြေပြေဖြင့် ဝန်ထမ်းများဘေးတွင် ထိုင်၍ စားသောက်နေသည်ကို တွေ့လိုက်ရ၏။
ဆာရာ၏ ရှေ့တွင် သွေးဝက်အူချောင်းများ ပါဝင်သည့် ပန်းကန်တစ်ချပ်ရှိပြီး သူ(မ)က ၎င်းကို အလွန်ပင် ကြိုက်နှစ်သက်နေပုံရသည်။
ယဲ့ကျိုးက သူတို့နှင့် နီးလာသည်နှင့် သူတို့၏ စကားပြောသံများကို ကြားလိုက်ရသည်။
“နင့်မှာ မိသားစုရှိသေးတယ်ပေါ့?...” အမျိုးသမီးများက ဆာရာကို အံ့ဩစွာဖြင့် ကြည့်နေကြသည်။
ကျွတ်တစ်ကောင် မကောင်းဆိုးဝါးဖြစ်လာဖို့ မလွယ်ဘူးနော်?! ကျွတ်တွေမှာရော မိဘရှိတာပဲလား?
ဆာရာက သွေးဝက်အူချောင်းကို တစ်ကိုက်စားလိုက်ပြီး သူ(မ)၏ နှုတ်ခမ်းများကို ကွေးလိုက်သည်။ “သူတို့ထဲက တစ်ယောက်မှ လူကောင်းတွေ မဟုတ်ဘူး။ ငါက အငယ်ဆုံးနဲ့ အားအနည်းဆုံးမို့ သူတို့က ငါကို အလေးအနက် မထားကြဘူး။ တစ်နေ့နေ့တော့ ငါ့ရဲ့ အရည်အချင်းတွေကို မြင်ပြီး သူတို့ နောင်တရပြီး ဝမ်းနည်းနေရအောင် လုပ်ပြမယ်”
ထိုအခြေအနေကို စိတ်ကူးယဉ်နေပုံရပြီး ဆာရာက မထိန်းနိုင်ဘဲ ရယ်လိုက်သည်။
အမျိုးသမီးများက စကားစပြောကြသည်။ “နင်က မိန်းကလေးငယ်ငယ်လေးပဲဟာ၊ ဘာလို့ ဒီလောက်တောင် အပြိုင်အဆိုင် များနေရတာလဲ?”
“ဒီလို စိတ်နေစိတ်ထားနဲ့ဆို တစ်သက်လုံး ယောက်ျား ရမှာမဟုတ်ဘူး…”
“ဟုတ်တယ်… ငါတို့ရွာမှာဆို စိတ်ထားမကောင်းတဲ့ မိန်းကလေးတွေဆီကို တွဲဖက်ပွဲစားတွေတောင် မလာကြဘူး”
သို့သော် သူတို့က အကြောင်းအရာကို ပြောင်းလိုက်ကြသည်။ “အိမ်ထောင်ပြုပြီးသွားရင်တော့ အဆင်ပြေသွားမှာပါ”
“အိမ်ထောင်ကျပြီးရင်တော့ သန်မာအောင် နေရမယ်….မဟုတ်ရင် အနိုင်ကျင့်ခံရမှာ”
“မိန်းကလေးငယ်ဘဝမှာ နူးညံ့သိမ်မွေ့ရမယ်၊ ဟန်ဆောင်တာဖြစ်ရင်တောင်မှ ကောင်းကောင်း ဟန်ဆောင်ရမယ်”
ဆာရာက မေးခွန်းထုတ်လိုက်သည်။ “လက်ထပ်ရမယ်? ဘာလို့ လက်ထပ်ရမှာလဲ?”
အမျိုးသမီးများကလည်း သူ(မ)၏ မေးခွန်းကို နားမလည်နိုင်ခဲ့ကြပေ။ “လက်မထပ်ရင် ဘယ်လိုလုပ်ပြီး နင့်အမေရဲ့ မိသားစုက နင့်ကို ထောက်ပံ့နိုင်မှာလဲ?”
ဆာရာက သွေးဝက်အူချောင်းကို နောက်တစ်ကိုက် စားလိုက်သည်။ “ငါ့ဘာသာငါ ထောက်ပံ့နိုင်ပါတယ်”
အမျိုးသမီးများက ပထမတော့ ထိတ်လန့်သွားကြပြီးမှ လျင်မြန်စွာ ပြန်လည်တည်ငြိမ်လာကြသည်။ “နင်က မကောင်းဆိုးဝါး…”
“ငါတို့ကတော့ အဲဒီလို လုပ်လို့မရဘူးလေ။ ငါတို့ အပြင်ထွက်ပြီး ချမ်းသာတဲ့မိသားစုတွေရဲ့ အိမ်ဖော်လုပ်ရင်တောင် အာမခံပေးမယ့် ယောက်ျားတစ်ယောက် လိုနေတုန်းပဲ”
“ယောကျ်ားတစ်ယောက်မှ မရှိရင် ငါတို့ရဲ့ မိသားစုပိုင်ဆိုင်မှုတွေနဲ့ မြေတွေကို မျိုးနွယ်စုကနေ သိမ်းသွားလိမ့်မယ်၊ ပြီးရင် စားဖို့တောင် လောက်မှာ မဟုတ်ဘူး”
ဆာရာတစ်ယောက် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ “နင်တို့မှာ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေ မရှိဘူးပေါ့?”
အမျိုးသမီးများက ထိုအချိန်တွင် ရယ်မောခြင်းကို ရပ်လိုက်ကြသည်။
ဆာရာက ဆက်ပြောလိုက်သည်။ “လူသားတွေက ဒီလိုပဲလို့ ငါ ကြားခဲ့ဖူးတယ်။ ငါ့ကမ္ဘာမှာဆိုရင် လူသားယောကျ်ားတွေက သူတို့ရဲ့ ဇနီးမယားတွေကို လဲလှယ် ရောင်းဝယ်လို့ရတယ်”
ယဲ့ကျိုးသည် ဆက်လက်နားထောင်ချင်သော်လည်း ဝန်ထမ်းများက သူ့ကို သတိပြုမိသွားခဲ့ချေပြီ။
“အိုး၊ နတ်မင်းကြီး…” ဝန်ထမ်းများက လျင်မြန်စွာ မတ်တပ်ရပ်ပြီး သူ့အား ဦးညွှတ်လိုက်ကြသည်။
ယဲ့ကျိုး: “…”
အဟားဟားဟားဟားဟား…
“အိုး၊ ဘုရားရေ… သူ့ကို ခေါ်သွားကြပါတော့…”
ဆာရာနှင့် ကျိုမင်တို့ မရောက်ခင်က ဝန်ထမ်းများက သူ့ကို “နတ်မင်း” ဟု ခေါ်သည်မှာ သည်းခံနိုင်သေးသည်။
သို့သော် ဆာရာနှင့် ကျိုမင်တို့ရှေ့တွင် “နတ်မင်း” ဟု အခေါ်ခံရသည်မှာ — ယခုတော့ မြေကြီးထဲတွင် တွင်းတစ်တွင်းတူးပြီး ပုန်းချင်စိတ် ပေါက်သွားတော့သည်။
သူ့မှာ တစ်ခုခု ထူးခြားတဲ့ ဝါသနာရှိတယ်လို့ သူတို့ တွေးနေကြမှာ မဟုတ်ဘူးလား?
သူ့ကို သူတို့စိတ်ထဲမှာ ဘယ်လိုများ သဘောထားနေကြမလဲ?
လူစိတ်မရှိတဲ့ ရူးကြောင်ကြောင်ကောင်လို့ တွေးနေကြမလား?
ယဲ့ကျိုးသည် ဆာရာနှင့် ကျိုမင်တို့၏ အမူအရာများကို ကြည့်ရန်ပင် မဝံ့မရဲဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေပြီး ကြိုတင်ပရိုဂရမ်ရေးဆွဲထားသည့် စက်ရုပ်တစ်ရုပ်ကဲ့သို့ပင် ပြောလိုက်သည်။ “ယဉ်ကျေးစရာ မလိုပါဘူး”
ထိုအချိန်၌ အမျိုးသမီးဝန်ထမ်းများကလည်း မချင့်မရဲ မတ်တပ်ရပ်နေကြသည်။
ယဲ့ကျိုး: “…ခင်ဗျားတို့ ထိုင်ပြီး ဆက်စားကြပါ”
ဝန်ထမ်းများက အချင်းချင်း အကြည့်ဖလှယ်ကြသော်လည်း မည်သူမျှ ထိုင်ရဲခြင်းမရှိချေ။ သူတို့က ထိုင်ခုံတွင် ထိုင်နေဆဲဖြစ်သော ဆာရာကို အလိုလို ကြည့်လိုက်ကြသည်။
အဲ.. ဒီမကောင်းဆိုးဝါးမလေးကတော့ အရမ်းဆိုးသွမ်းပြီး စည်းမရှိ ကမ်းမရှိနဲ့။ နတ်မင်းကိုတောင် ဘယ်လိုလေးစားရမယ်ဆိုတာ မသိဘူး။
သူတို့သည် ယဲ့ကျိုး၏ မျက်နှာအမူအရာကို ဂရုမစိုက်ခဲ့ကြပေ။ ယဲ့ကျိုးသည် သူ၏ ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်ဟု ခံစားနေရသည်။ လူမှုရေးအရလည်း လုံးဝ အရှက်ကွဲသွားပြီဟု တွေးနေခဲ့သည်။
စာရေးသူ၏ မှတ်စု:
ယဲ့ကျိုး: “မတားကြနဲ့… တွင်းထဲဝင်ပြီး ပုန်းနေပါရစေ…”
အားလုံး: “…”
ယဲ့ကျိုး (ခေါင်းလှည့်ကာ): “တကယ်ကြီး မတားကြတော့ဘူးလား?”