အပိုင်း (၁၈)
ဝန်ထမ်းနှစ်ဦးက နေ့စဉ်သုံးပစ္စည်း တစ်ခုမျှ မပါရှိဘဲ ရောက်ရှိလာခဲ့ကြသည်။ ဆာရာ၏ အခန်းတွင် မျက်နှာသစ်၊ သွားတိုက်နိုင်သည့် ရိုးရှင်းသော ရေချိုးခန်းတစ်ခုသာ ရှိ၏။ ယဲ့ကျိုးသည် သူ(မ)ကို သွားတိုက်ဆေး၊ သွားတိုတ်တံ၊ မျက်နှာသုတ်ပုဝါ၊ နှင့် ကလေးညအိပ်ဝတ်စုံတစ်စုံတို့ကိုသာ ပေးခဲ့သည်။
ကျိုမင်နှင့် ယဲ့ကျိုးတို့သည် ဧည့်ခန်းတွင် နေခဲ့ကြပြီး သူတို့မှာ ကုတင်နှင့် ရေချိုးခန်းသုံး ပစ္စည်းများမှလွဲ၍ အခြားဘာကိုမျှ မလိုအပ်ခဲ့ကြပေ။
ယဲ့ကျိုးတစ်ယောက် စိတ်လှုပ်ရှားနေသဖြင့် မိုးလင်းသည်အထိ အိပ်မပျော်နိုင်ခဲ့ချေ။ ကျိုမင် ဆေးကြော သန့်စင်သည်ကို သူ စောင့်နေခဲ့သည်။ ကျိုမင် ပြန်ရောက်လာသည်နှင့် ယဲ့ကျိုးခမျာ စိတ်မထိန်းနိုင်ဘဲ မေးမြန်းတော့သည်။ “ခင်ဗျားက တရုတ်လူမျိုးလား? အထူးတပ်ဖွဲ့ဝင်လား? ဘယ်လိုလုပ်ပြီး စနစ်ရဲ့ စာရင်းထဲ ရောက်လာတာလဲ?”
သူသည် ကျိုမင်နှင့် ဆာရာ နှစ်ဦးစလုံးအကြောင်းကို သိလိုစိတ် ပြင်းပြနေခဲ့ပြီး၊ စနစ်အကြောင်းကို ပို၍ပင် သိလိုနေ၏။
ယခင်က မလေ့လာနိုင်ခဲ့သည့် အခွင့်အရေးကို ယခုတွင် ရရှိခဲ့ပြီဖြစ်သောကြောင့် ယဲ့ကျိုးတစ်ယောက် သတင်းအချက်အလက်များကို ပိုမို သိရှိရန် စိတ်အားထက်သန်နေတော့သည်။
ကျိုမင်က ယဲ့ကျိုး ပေးထားသော အပြာနုရောင် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကုတင်ပေါ်တွင် လှဲလျောင်းကာ ခေါင်းအုံးကို မှီထား၏။ ညအိပ်ဝတ်စုံ၏ အပေါ်ကြယ်သီးနှစ်လုံးက ဖြုတ်ထားသောကြောင့် ရင်ဘတ်အများစုကို မြင်တွေ့နိုင်သည်။ သူ၏ ပျားရည်ရောင် အသားအရေက အလင်းရောင်အောက်တွင် အထူးပင် ဆွဲဆောင်မှုရှိနေ၏။ သူက ယဲ့ကျိုးကို လှည့်ကြည့်လိုက်ပြီး သူ၏ အသံနေအသံထားက ငြိမ်သက်နေသော်လည်း အေးစက်စက် သို့မဟုတ် အထက်စီးဆန်သော ခံစားချက်မျိုး လုံးဝ မရှိချေ။
“ကျွန်တော်က အထူးတပ်ဖွဲ့ဝင် မဟုတ်ပါဘူး”
“ပြီးတော့ တရုတ်လူမျိုးပါ” ကျိုမင်က ပြောသည်။
ယဲ့ကျိုး၏ မျက်နှာပေါ်မှ အပြုံးများက ရုတ်တရက် ပိုပို ကျယ်လာသည်။ တိုင်းပြည်တစ်ခုတည်းမှ လူမျိုးချင်း တွေ့ဆုံရသည်ဖြစ်ရာ သူက ကျိုမင်အပေါ်တွင် နွေးထွေးသော ခံစားချက်တစ်ခုကို ရုတ်ချည်း ခံစားလိုက်ရသည်။
သို့သော် ကျိုမင်က ချက်ချင်းပင် ထပ်ဖြည့်ပြောသည်။ “ဒါပေမဲ့ ကျွန်တော်တို့ခေတ်မှာတော့ နိုင်ငံဆိုတဲ့ သဘောတရားက ပျောက်ကွယ်သွားပြီ”
ယဲ့ကျိုး၏ မျက်နှာပေါ်တွင် အပြုံးများက ဆက်လက်ရှိနေဆဲဖြစ်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသော “ဪ…” ဟူသော အသံဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
ကျိုမင်၏ ရှင်းပြချက်ကို ကြားပြီးမှသာ ထိုစကားကို ပြောရခြင်းအကြောင်းရင်းကို ယဲ့ကျိုး နားလည်ခဲ့ရသည်။
ကျိုမင်က အထူးတပ်ဖွဲ့ဝင် မဟုတ်သော်လည်း သူက တရုတ်လူမျိုးတစ်ဦးဖြစ်သည်ဟု သူ့ကိုယ်သူ ခံယူထားပေ၏။ သူ နေထိုင်ခဲ့သောခေတ်မှာ ကမ္ဘာကြီး ပျက်သုဉ်းပြီးနောက် ကျန်ရှိနေသည့် လူသူကင်းမဲ့သော မြေဖြစ်သည်။
လူသားတို့၏ ယဉ်ကျေးမှုက စစ်ပွဲများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အလျင်အမြန်ပင် ဆုတ်ယုတ်သွားခဲ့သည်။ မြေဆီလွှာက စိုက်ပျိုးရေးအတွက် မသင့်လျော်တော့သလို၊ အမျိုးမျိုးသော အကြောင်းများကြောင့် သံမဏိများနှင့် သံများပင် အလွယ်တကူ ပျက်စီးနိုင်ခဲ့သည်။
ဒေသအများအပြားမှာ နျူကလီးယား ညစ်ညမ်းမှုများဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်၏။
စိုက်ပျိုးနိုင်သော မြေယာများ ရှားပါးလာပြီး ရေအရင်းအမြစ်များမှာလည်း အလွန်လိုအပ်နေသည်။
ကျိုမင်၏ခေတ်တွင် လူသားတို့၏ အခြေအနေမှာ ယဲ့ကျိုး ရင်ဆိုင်နေရသော ဒုက္ခသည်များထက်ပင် ပိုမို ဆိုးရွားနေခဲ့သည်။
အရင်းအမြစ် ရှားပါးမှုကြောင့် လူအချင်းချင်း ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာခဲ့ရာ လူများ တိုက်ခိုက်နေကြသည် သို့မဟုတ် တိုက်ပွဲဝင်ရန် သွားနေကြသည်ဟု ဆိုနိုင်သည်။
ကျိုမင်က စနစ်ကို မမျှော်လင့်ဘဲ ရရှိခဲ့ပြီး စေတနာ့ဝန်ထမ်းအဖြစ် စာရင်းပေးခဲ့သည်။ အကြောင်းမှာ ငွေရှာရန် တစ်ခုတည်းသော နည်းလမ်းမှာ စနစ်မှတစ်ဆင့်သာ ဖြစ်သည်။ ဤငွေကြေးကို အခြားသော ဖလှယ်ရေးစနစ်များအတွင်း ကုန်ပစ္စည်းများ ဝယ်ယူရန် အသုံးပြုနိုင်သောကြောင့်ပင် ဖြစ်သည်။
ဤအရာအားလုံးကို နားထောင်ပြီးနောက် ယဲ့ကျိုးတစ်ယောက် အံ့အားသင့်သွားသည်။ သူ အနည်းငယ် ချီတုံချတုံ ဖြစ်သွားပြီးနောက် မေးလိုက်၏။ “ဒါဆို ကျွန်တော်တို့က ကမ္ဘာတစ်ခုတည်းမှာ မဟုတ်ဘူးပေါ့?”
“ဟင့်အင်း၊ မဟုတ်ဘူး” ကျိုမင်က ပြန်ဖြေသည်။
ယဲ့ကျိုး သက်ပြင်းချလိုက်သည်။ အနာဂတ်တွင် ဖြစ်လာမည့် အရာဖြစ်သော်လည်း ယခုအချိန်တွင် သူ့ကမ္ဘာ၌ ဖြစ်ပျက်နေသည်ဆိုလျှင်တော့ အနည်းငယ် လက်ခံရန် ခက်ခဲနေလိမ့်မည်။
ထိုမျှကြာအောင် စကားပြောပြီးနောက် ယဲ့ကျိုးတစ်ယောက် အချိန်ကို ကြည့်လိုက်သောအခါ မနက်လေးနာရီပင် ကျော်လွန်နေပြီ ဖြစ်သည်။
“ကျွန်တော့်ကြောင့်နဲ့ အိပ်ရေးပျက်သွားတဲ့အတွက် တောင်းပန်ပါတယ်” သူက ကျိုမင်အား ပြောလိုက်သည်။ “အိပ်ကြရအောင်။ နောက်မှ ထကြတာပေါ့”
မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် သူ့အား မည်သူမျှ လာနိုးလိမ့်မည် မဟုတ်ချေ။
.
ချန်လျိုတစ်ယောက် နတ်မင်း သူ့အတွက် ပြင်ဆင်ပေးထားသော ရိက္ခာအပြည့်ပါသည့် အိတ်ကို ရင်ခွင်တွင် ပိုက်ထား၏။ သူ၏ လက်ရှိ အုပ်စုနှင့် ခွဲထွက်ကာ ဓားပြဝါဂိုဏ်းဝင်များနှင့် တွေ့ဆုံရန် မဖြစ်နိုင်တော့ပေ။ အကြောင်းမှာ သူက နတ်မင်း၏ တာဝန်ကို ယူထားပြီးဖြစ်ရာ ဝူယန်၏ စကားကိုလည်း နားထောင်ရမည် ဖြစ်၏။
သူသည် နတ်မင်း၏ တံခါးသို့ ရောက်ရှိခဲ့ပြီဖြစ်ရာ သူ့၏ အတိတ်ဘဝနှင့် ဆက်နွှယ်မှုအားလုံးကို ဖြတ်တောက်ခဲ့သည်ဟု ဆိုရပေမည်။ သို့သော် နတ်မင်းသည် သူ့အား အသက်ကယ်တင်ခဲ့သကဲ့သို့ သူ၏ ညီအစ်ကိုများကလည်း သူ့အား ကယ်တင်ခဲ့ပေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်တစ်ခုတည်းနှင့် အသက်တစ်ချောင်းတည်းသာ ရှိသည့်အတွက် တစ်ဦးတည်းကိုသာ ပြန်ပေးဆပ်နိုင်မည်။
ဤရိက္ခာများသည် သူ ပေးဆပ်နိုင်သည့် တစ်ခုတည်းသော အရာများ ဖြစ်၏။
မီးပုံပတ်လည်တွင် လူငယ် ခုနစ်ယောက် ရှစ်ယောက် ထိုင်နေကြသည်။ သို့သော် သူတို့သည် ခွန်အားကြီးခြင်း သို့မဟုတ် ကြမ်းတမ်းသော ပုံစံမျိုးရှိသူများ မဟုတ်ပေ။ သူတို့မှာ ဓားပြဝါဂိုဏ်း၏ ဂုဏ်သတင်းကျော်ကြားသော သူရဲကောင်းဆန်ပြီး ယုံကြည်မှုရှိသည့် အရှိန်အဝါမျိုးလည်း မရှိကြပေ။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် မှီလျက် ထိုင်နေကြပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများမှာ အကြိမ်ကြိမ် ကွဲအက်ကာ ပြန်ကျက်နေခဲ့သည်။ သွေးထွက်ခြင်းမရှိတော့သော်လည်း နက်ရှိုင်းသော အက်ကွဲကြောင်းများမှာမူ ရှိနေဆဲပင်။
ဤမျှကြာအောင် အသက်ရှင်ကျန်ရစ်ခဲ့သည်မှာ သူတို့အတွက်တော့ ကံကောင်းခြင်းပင်။
အစပိုင်းတွင် ထွက်ပြေးခဲ့ကြသူများက လမ်းပေါ်တွင် သေဆုံးခဲ့ကြသည်။ အသက်ရှင်ကျန်ရစ်ခဲ့ကြသူများမှာ ကံကောင်းခြင်း သို့မဟုတ် ခန္ဓာကိုယ် ကြံ့ခိုင်သန်မာခြင်းများကြောင့်ပင် ဖြစ်သည်။
ထိုသူများအထဲတွင် ခန္ဓာကိုယ် သန်မာသော အမျိုးသားတစ်ဦးလည်း ပါဝင်သည်။ သူ၏ အဝတ်အစားများမှာ အခြားသူများနှင့် မကွာခြားသော်လည်း ပင်ပန်းနွမ်းနယ်နေပြီး ရှည်လျားသော၊ မသပ်မရပ်ဖြစ်နေသော၊ ဝါကြန့်ကြန့် ဆံပင်များလည်း ရှိသည်။ သူတို့သည် မီးပုံကို ငေးစိုက်ကြည့်နေကြပြီး စကားတစ်လုံးမျှ မပြောခဲ့ကြပေ။
ချန်လျိုက အနီးအနားတွင် တွားသွားပြီး ပုန်းနေသည်။ သူကလည်း ဒုက္ခများစွာကို ရင်ဆိုင်ခဲ့ရသူဖြစ်ရာ ချောက်ကမ်းပါးအဆုံးသို့ ရောက်သည့်အခါ စကားပြောနိုင်သည့် ခွန်အားပင် မရှိတော့သည်ကို သူ သိခဲ့သည်။
ထိုအချိန်တွင် ဘယ်အရာက သူ့စိတ်ထဲမှာ ရှိနေသည်ကို သူ မမှတ်မိနိုင်ခဲ့ချေ။ ယခုအချိန်တွင် ပြန်စဉ်းစားကြည့်သောအခါ သူသည် အသက်ရှူနေသော ရုပ်အလောင်းတစ်လောင်းကဲ့သို့ ဖြစ်ခဲ့သည်ဟု ခံစားမိ၏။
မီးပုံဘေးမှ လူတစ်ဦးက အိပ်စက်ရန် မျက်လုံးများကို မှိတ်လိုက်သည့်အချိန်၌ ချန်လျိုက အိတ်ကို မြှောက်လိုက်ပြီး မီးပုံဘေးသို့ ပစ်ချလိုက်တော့သည်။
သူ၏ အရပ်က ပုသော်လည်း လက်မောင်းများက သန်မာသောကြောင့် အိတ်သည် အရပ်အမြင့်ဆုံး လူ၏ ဘေးတွင် တိကျစွာ ကျရောက်ခဲ့သည်။
“ဘယ်သူလဲ?..” ကြမ်းတမ်းသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
ချန်လျိုတစ်ယောက် ထိတ်လန့်သွားရ၏ ။ သူက သူ၏ အုပ်စုမှ ထွက်ခွာခဲ့သည်ကို ဘယ်သူ့ကိုမှ မသိစေလိုခဲ့ချေ။ သူ့မိဘများမှာ စူပါမားကတ်တွင် ရှိနေဆဲဖြစ်ပြီး သူသည် ရိက္ခာများကို ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း အသိအမှတ်ပြုခံရခြင်းကတော့ ပြဿနာတစ်ခုပင် ဖြစ်နေဆဲ ဖြစ်သည်။
ထို့ကြောင့် ချန်လျိုသည် သစ်ပင်တစ်ပင်၏ နောက်သို့ ပုန်းအောင်းကာ အပြင်ဘက်မှ ဆူညံသံများကို စိုးရိမ်တကြီး နားထောင်နေတော့သည်။
အိတ်ထဲမှ အစားအစာများကို မူရင်းထုပ်ပိုးမှုများမှ ဖယ်ရှားပြီးဖြစ်သည်။ နတ်မင်းက ထုပ်ပိုးမှုများကို မလွှင့်ပစ်ဘဲ စူပါမားကတ်သို့ ပြန်ယူလာရန် အတိအကျ ညွှန်ကြားခဲ့သည်။
သူတို့သည် မည်သည့် ကန့်ကွက်မှုမျှ မရှိခဲ့သလို ထူးဆန်းသော အရာလည်း မရှိခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့က နတ်မင်း၏ ကမ္ဘာမှဖြစ်ပြီး လူ့ဘုံတွင် ချန်ထားခဲ့သင့်သည်ဟု မထင်ခဲ့ကြပေ။
“တ-ကော... အိတ်တစ်လုံး...” ပိန်သွယ်ကာ အရပ်ပုသော အမျိုးသားတစ်ဦးက သူ့ဘေးမှ လူ၏ ပခုံးကို အမှီပြုပြီးနောက် သူက အိတ်ဆီသို့ လျှောက်သွားပြီး အံ့ဩသော ပုံစံဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
အိပ်ပျော်နေခဲ့သော သူများလည်း နိုးလာခဲ့ကြ၏။ သူတို့က ဘာဖြစ်နေသည်ကို မသိသေးသလို သူတို့၏ မှုန်မှိုင်းနေသော မျက်လုံးများတွင် စိတ်လှုပ်ရှားမှု လက္ခဏာ လုံးဝ မရှိခဲ့ပေ။
“တ-ကော” ဟု အမည်ရသော ထိုအမျိုးသားတစ်ယောက်သာ သူတို့အထဲတွင် မတ်တပ်ရပ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။
ထို့ကြောင့် ထိုင်နေသော သူတို့မှာ မရွေ့လျားနိုင်ကြဘဲ မြေပြင်ပေါ်ရှိ အိတ်ကိုသာ ငေးကြည့်နေခဲ့ကြသည်။
အိတ်က ဘယ်ကလာသည်၊ ဘယ်သူ ပစ်ချသည်၊ ဘာကြောင့်လဲ ဆိုသည်ကိုပင် သူတို့ မတွေးနိုင်ခဲ့ကြပေ။
သို့သော် ထိုအိတ်အတွင်းတွင် ရေနှင့် အစားအသောက်များ ပါဝင်လိမ့်မည်ဟုလည်း သူတို့ မထင်ခဲ့ကြပေ။
ရေနှင့် အစားအသောက်များမှာ ဤအချိန်တွင် အလွန်ပင် တန်ဖိုးရှိလှ၏။ ငြိမ်းချမ်းသော အချိန်များတွင် အစားအသောက်ဈေးနှုန်းက ပေါသော်လည်း၊ ပရမ်းပတာအချိန်များတွင်တော့ အလွန်ပင် ဈေးကြီးတတ်သည်။
ယနေ့ခေတ်တွင် ရေတစ်ငုံကပင် လူတစ်ဦး၏ အသက်ကို ကယ်တင်နိုင်စွမ်း ရှိနေ၏။
“တ-ကော” တစ်ယောက် ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ ထိုသို့ လုပ်ဆောင်နေစဉ်တွင်ပင် သူသည် ခဏတာ ယိမ်းခနဲ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။
သူသည် မိမိကိုယ်ကို ပြန်ထိန်းကာ အားအင်များ ပြန်ရရှိပြီးနောက်မှ “တ-ကော” သည် လက်ကို ဆန့်ကာ အိတ်ကို ဖွင့်လိုက်တော့သည်။
အိတ်ကို ဖွင့်လိုက်သည်နှင့် အတွင်းရှိ အရာများကို မြင်လိုက်ရသော လူတိုင်းက အသက်ပင် ထိန်း၍ မရှူနိုင်ခဲ့ကြချေ။ သူတို့၏ မျက်လုံးထဲသို့ ဦးစွာ ဝင်ရောက်လာသည်မှာ ဖောင်းကြွနေသော ရေအိတ်တစ်ခု ဖြစ်သည်။ “တ-ကော” တစ်ယောက် အနီးအနားရှိ သစ်တောကို အလိုလို ကြည့်လိုက်သည်။
“ရေ…” တစ်စုံတစ်ယောက်က နွမ်းနယ်သော အသံဖြင့် အော်လိုက်သည်။
“တ-ကော” က အခြားမည်သည့်အရာကိုမျှ အာရုံမစိုက်နိုင်တော့ပေ။ လွန်ခဲ့သည့် မိနစ်ပိုင်းကသာ အင်အားမရှိခဲ့သော သူ၏ လက်များမှာ ရုတ်တရက် ခွန်အားများ ပြည့်လာပြီး ရေအိတ်ကို လက်တစ်ဖက်တည်းဖြင့် ကောက်ယူလိုက်သည်။ ထို့နောက် အပေါ်မှ သစ်သားပိတ်ထားသော အရာကို ဖယ်ရှားကာ အနံ့ခံလိုက်သည်။ ဘာအနံ့အသက်မျှ မရှိခဲ့ချေ။
၎င်းသည် ရေဖြစ်ကြောင်းကို သေချာအောင် သတိထားကာ သောက်ကြည့်ပြီးနောက် စိတ်အားထက်သန်စွာပင် အငမ်းမရ သောက်ချလိုက်တော့သည်။
သို့သော် သူက သူ၏ ညီအစ်ကိုများနှင့် ခွဲဝေရန် မမေ့ခဲ့ချေ။
“ရေပဲ” “တ-ကော” က ရေအိတ်ကို သူနှင့် အနီးဆုံးရှိသူအား ပေးလိုက်သည်။ “အများကြီး မသောက်ကြနဲ့။ ငါတို့ ညီအစ်ကိုတွေအတွက်လည်း ချန်ထားဦး”
သူ့ဘေးမှလူသည် ရေအိတ်ကို အငမ်းမရ လက်ခံယူပြီး စကားတစ်ခွန်းမျှ မပြောဘဲ သောက်ချလိုက်သည်။
ရေအိတ်က အတော်အတန်ကြီးသော်လည်း လူတိုင်းတစ်ငုံစီ သောက်ပြီးသည့်အခါ အနည်းငယ်သာ ကျန်တော့၏။
၎င်းတို့ ရေငတ်နေသေးသော်လည်း မည်သူမျှ ပိုသောက်ရဲခြင်း မရှိခဲ့ကြချေ။
ဤမျှ ရက်ပေါင်းများစွာအတွင်း ယခုသည် သူတို့ အများဆုံး သောက်ခဲ့ရသည့်အချိန်ပင်။
များသောအားဖြင့် ကံကောင်းလျှင် တိရစ္ဆာန်ရိုင်းများ သောက်ခဲ့ဖူးသည့် ရွှံ့တွင်းကို ရှာဖွေနိုင်ကြသည်။ မျိုချရန် ခက်ခဲသော်လည်း အနည်းငယ်တော့ ရေငတ်ပြေစေခဲ့၏။
ကံမကောင်းလျှင်တော့ မိမိတို့၏ ဆီးကိုပင် သောက်ရတတ်သည်။
ထိုအရာကိုပင် အမြဲတမ်း ရနိုင်ခဲ့ကြသည်တော့ မဟုတ်ချေ။
အားလုံးကို သောက်လိုက်ချင်သည့် စိတ်ဆန္ဒက ပြင်းပြသော်လည်း တစ်ခါကုန်သွားလျှင် ထပ်မံရရှိနိုင်တော့မည် မဟုတ်ကြောင်းကို သူတို့ သိရှိကြသည်။
ရေကို သောက်ပြီးနောက် “တ-ကော” က ရေအိတ်အောက်မှ ပစ္စည်းများကို စတင် ကြည့်ရှုတော့သည်။
“အစားအသောက်တွေချည်းပဲ” “တ-ကော” က အမှတ်မထင် မျိုချရင်း ပြောလိုက်၏။
ထူးဆန်းသော ပေါင်မုန့်ချပ်များ၊ အပြင်ဘက်က အဝါရောင်ရှိပြီး အတွင်းပိုင်းကတော့ အဖြူရောင် ရှိသည်။ ထို့အပြင် ဝက်သားနှင့်မတူဘဲ အမဲသားနှင့် ပိုတူသည့် အလွန်ကြမ်းတမ်းသော အသားခြောက်များ၊ သကြားခဲများနှင့် ဘီစကစ်များလည်း ပါဝင်သည်။ ပစ္စည်း အမျိုးအစားများက မများသော်လည်း ပမာဏကတော့ အများကြီး ဖြစ်လေ၏။
“ဘယ်လို စေတနာရှင် သူရဲကောင်းကြီးလဲမသိဘူး...” “တ-ကော” က မျက်နှာလွှဲလိုက်ပြီး မတ်တပ်ရပ်ကာ တောအုပ်ဘက်သို့ အော်လိုက်သည်။ “ကျုပ်က ဟွမ်ရှန်က ယန်ကျစ်ပါ... သူရဲကောင်းကြီးကို ရှေ့ထွက်လာဖို့ တောင်းဆိုချင်ပါတယ်။ ကျုပ်နဲ့ ညီအစ်ကိုတွေက ခင်ဗျားကို အရိုအသေပေးချင်လို့ပါ...”
အရိပ်ထဲတွင် ပုန်းနေသော ချန်လျိုခမျာ သွားများကို တင်းတင်းကြိတ်ကာ အသံတစ်ချက်ပင် မပေးရဲချေ။
ဘာတုံ့ပြန်မှုမျှ မကြားရသောအခါ “တ-ကော” သည် သူ၏ နောက်ဆုံး ခွန်အားဖြင့် ထပ်မံ အော်ခေါ်သည်။ “သူရဲကောင်းကြီးက ရုပ်လုံးထုတ်မပြချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ ဒီမှာ အမှတ်တရပစ္စည်းတစ်ခု ဒီနေရာမှာ ထားခဲ့ပါမယ်။ ကံကောင်းပြီး အသက်ရှင်ခဲ့ရင် ကျုပ်ကို လာရှာပါ။ ကျုပ် ယန်ကျစ် တတ်နိုင်သမျှ လုပ်ဆောင်ပေးပါ့မယ်။ ခင်ဗျားရဲ့ ကျေးဇူးကို သေချာပေါက် ပြန်ဆပ်မှာပါ...”
ထိုသို့ပြောပြီးနောက် ယန်ကျစ်က သူ၏ အိတ်ကပ်မှ တစ်စုံတစ်ခုကို ထုတ်ယူကာ ကျောက်တုံးတစ်ခုပေါ်တွင် လေးလေးစားစား တင်လိုက်သည်။
သူသည် အိတ်ထဲမှ အနည်းငယ်သော အရာများကိုသာ ယူခဲ့ပြီး လူတိုင်းအား ခွဲဝေပေးခဲ့သည်။
သူတို့က အစားအသောက်များကို အငမ်းမရ စားကြသည်။ အများကြီး မဝါးနိုင်ကြသော်လည်း အရသာ မရှိရင်တောင်မှ အားထုတ်ပြီး မျိုချကြကာ ဗိုက်ထဲသို့ အစားအသောက်များကို အတင်းထည့်နေကြသည်။
ယန်ကျစ်က သစ်တောအစွန်းကို ကြည့်နေသည်။ သူသည် အိတ်ကို ပစ်ချခဲ့သူမှာ သစ်တောထဲတွင် ပုန်းနေသည်ဟု ယုံကြည်ထား၏။
သူ၏ ရည်ရွယ်ချက်ကို မသိသော်လည်း ထိုသူက ရန်သူ မဟုတ်ဟု သူ ယုံကြည်ထားသည်။ သူတို့သည် ၎င်းတို့ ဓားပြဝါဂိုဏ်းနှင့် ဆက်စပ်မှု ရှိနေနိုင်ဖွယ် ရှိနေသည်။
သို့သော် မည်သို့ပင် တွေးတောနေပါစေ၊ ယန်ကျစ်က ဤမျှ များပြားသော ရေနှင့် အစားအသောက်များကို ရနိုင်သည့် ဓားပြဝါဂိုဏ်းဝင်များနှင့် ဆက်စပ်နေသူ မရှိနိုင်ဟု ထင်ခဲ့သည်။
သူတို့က ဓားပြများသာ ဖြစ်ကြ၏။ သူတို့ ဘာပဲလုပ်လုပ်၊ သာမန်ပြည်သူများ၏ မျက်လုံးထဲတွင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရက်စက်ကြမ်းကြုတ်သော တောင်ပေါ်ဓားပြများသာ ဖြစ်ကြသည်။ ဟွမ်ရှန်၏ တောင်ခြေရှိ ကျေးရွာအနည်းငယ်မှလွဲ၍ လူများက “ဓားပြဝါများ” ဟူသော စကားကို ကြားသည်နှင့် ထွက်ပြေးကြပေလိမ့်မည်။
ဓားပြများက ထင်ရာစိုင်းနေကြပြီး ၎င်းတို့နှင့် ဆက်စပ်နေသူတိုင်းကို သာမန်လူများက မိစ္ဆာတစ်ကောင်ကဲ့သို့ ရှုမြင်ကြသည်။
သူ၏ ညီအစ်ကိုများက ရိက္ခာ၏ ရင်းမြစ်ကို မမေးခဲ့ကြပေ။ သူတို့သည် ၎င်းကို လေ့လာရန် မလိုအပ်သလို တွေးတောရန်လည်း ခွန်အားမရှိခဲ့ကြပေ။ အစာအိမ်ထဲတွင် အစားအသောက်များ ရောက်ရှိသွားသည်နှင့် သူတို့သည် ပင်ပန်းနွမ်းနယ်လာပြီး သစ်ပင်များကို မှီကာ အိပ်ပျော်သွားကြတော့သည်။
ချန်လျိုက ယန်ကျစ်ကို ကြည့်နေသည်။ အမှန်ဆိုလျှင် သူက ယန်ကျစ်နှင့် တစ်ခါမျှ စကားမပြောဖူးသလို သူသည် အုပ်စုအတွင်းမှ သေးငယ်သော လူတစ်ဦးသာ ဖြစ်ခဲ့ပြီး သူနှင့် အချိုးအစားတူညီသူများနှင့်သာ လုပ်ဆောင်ခဲ့သည်။ ယန်ကျစ်ကို မြင်ဖူးသော်လည်း စကား မပြောဖူးခဲ့ချေ။
သူ၏ ညီအစ်ကိုများပြောသည်ကို သူ ကြားခဲ့ဖူးသည်။ ယန်ကျစ်က မြေပိုင်ရှင်သားဖြစ်ပြီး မိသားစုကောင်းမှ ဆင်းသက်လာခဲ့သည်။ သို့သော် သူက အသဲနှလုံးမရှိသော ဗီလိန်တစ်ဦး မဟုတ်ပေ။
သူ၏ လက်အောက်ခံ ရွာသားများကို ကာကွယ်ရန် ယန်ကျစ်က ခရိုင်သို့ သွားကာ ဗုံတီးပြီး တိုင်ကြားခဲ့သည်။ ဒေသဆိုင်ရာ ခရိုင်ဝန်က အသက်များကို ပေါ့ပေါ့ဆဆ ယူဆောင်ကာ အာဏာရှင်ဆန်ဆန် ပြုမူသည်ဟု စွပ်စွဲတိုင်ကြားခဲ့သည်။ ရလဒ်အနေဖြင့် ယန်ကျစ်မှာ ထောင်ထဲသို့ ရောက်ရှိခဲ့ပြီး သူ၏ မိသားစုပိုင်ဆိုင်မှုများကိုလည်း သိမ်းယူခဲ့ကြသည်။
ထိုအခါ တောင်ဘုရင်က လူများ စေလွှတ်ကာ သူ၏ မိဘများ၊ မောင်နှမများကို ပြန်ပေးဆွဲစေခဲ့ပြီး ကွပ်မျက်ကွင်းကိုပင် ဝင်စီးခဲ့ရာ နောက်ဆုံးတွင် သူ၏ အသက်ကို ကယ်တင်ခဲ့လေသည်။
ယန်ကျစ်တစ်ယောက် ဓားပြဝါများ၏ တောင်ဘုရင် မဟုတ်သော်လည်း သူ၏ စာတတ်ခြင်းနှင့် ခိုင်မာသော ကိုယ်ခန္ဓာ၊ ပြီးလျှင် မယိမ်းယိုင်သော သစ္စာရှိမှုတို့ကြောင့် ဒုတိယ တောင်ဘုရင်နှင့် မခြားနားခဲ့ပေ။
သူက လူကောင်းတစ်ယောက် ဖြစ်လေ၏။
ဤအကြောင်းကို တွေးလိုက်သည်နှင့် ချန်လျိုမှာ သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။
သို့သော် ဤကမ္ဘာကြီးတွင် ကောင်းသော လူများက မကြာခဏဆိုသလို အဆိုးဆုံးကို ခံစားကြရသည်။
သူသည် ယန်ကျစ်က ကျောက်တုံးပေါ်တွင် တင်ထားခဲ့သော “အမှတ်တရပစ္စည်း”ကို ကြည့်လိုက်သည်။ ရုတ်တရက် အရာအားလုံးက သူ့အတွက် ရှင်းလင်းသွားတော့၏။
နတ်မင်းမှာ မှော်အစွမ်းများ ပိုင်ဆိုင်ထားပေ၏။ နတ်မင်းက ဤပစ္စည်းကို မြင်ခဲ့လျှင် ယန်ကျစ်မှာ ကောင်းသော လူတစ်ယောက်ဖြစ်ကြောင်းကို သေချာပေါက် သိလိမ့်မည်။
ထိုသို့ဖြစ်လာသောအခါ နတ်မင်းက သူတို့ကို ကယ်တင်ရန် ရောက်ရှိလာလိမ့်မည်။
ဤနေရာတွင် ပင်မလမ်းမကြီး တစ်ခုတည်းသာ ရှိသည်။ ချန်လျိုသာ မြန်ဆန်ပြီး နေ့ရောညပါ ခရီးသွားပါက အသွားအပြန် ခရီးစဉ်ကို ပြုလုပ်နိုင်သည်။
ချန်လျိုက ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည်။ သူက ကိုယ်ကို ကိုင်းလိုက်ပြီး ယန်ကျစ်နှင့် သူ့ဂိုဏ်းသားများ အိပ်ပျော်နေစဉ်တွင် “အမှတ်တရပစ္စည်း” ကို ယူရန် ကြိုးစားတော့သည်။