Chapter 17
Viewers 2k

အပိုင်း (၁၇)

 

 

မနက်စောစောအချိန်၌ ဝန်ထမ်းများက အိပ်ပျော်နေကြပြီဖြစ်ရာ စူပါမားကတ်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး သေဆုံးနေသကဲ့သို့ ဖြစ်နေ၏။

 

ယဲ့ကျိုးတစ်ယောက်သာ အိပ်မပျော်နိုင်ခဲ့ချေ။ သူသည် အလုပ်ခန့်အပ်သည့် ခလုတ်ကို နှိပ်ခဲ့သည်မှာ ငါးနာရီ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူ၏ ကိုယ်ရံတော်မှာ ပေါ်မလာသေးပေ။

 

စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးနေရသောကြောင့် ယဲ့ကျိုးခမျာ ဘယ်လိုမှ အိပ်မပျော်နိုင်တော့ပေ။

 

သူသည် သရေစာများ၊ တက်ဘလက်တစ်ခုနှင့် ခေါက်ကုလားထိုင်တစ်လုံးကို ယူကာ စူပါမားကတ် ဝင်ပေါက်တွင် ထိုင်နေတော့သည်။

 

သူ ခန့်အပ်ထားသော ကိုယ်ရံတော်များသာ အရုဏ်တက်ချိန်အထိ ရောက်မလာသေးလျှင် သူသည် အနားယူဆောင်သို့ ပြန်သွားကာ အိပ်တော့မည်ဟု တွေးထားသည်။

 

ဤညတွင် ကြယ်များက လင်းလက်တောက်ပနေပြီး လမှာ မည်းနက်သော တိမ်များဖြင့် ဖုံးလွှမ်းနေကာ မနက်ဖြန်တွင် မိုးရွာနိုင်ကြောင်း ပြနေသကဲ့သို့ ဖြစ်၏။

 

သို့သော် မိုးသည် ရေငတ်နေသော မြေကို မစိုစွတ်နိုင်ပါ ။ ယဲ့ကျိုး၏ အကဲခတ်မှုအရ ထိုမည်းနက်သော တိမ်များက မနက်ဖြန် မနက်တွင် ပျောက်ကွယ်သွားလိမ့်မည်။

 

ယဲ့ကျိုးတစ်ယောက် သူ့ဘေးတွင် ကိုကာကိုလာနှင့် အာလူးကြော်များ၊ ပြီးလျှင် အစပ်သရေစာ အနည်းငယ်ကို ထားကာ ‘Plants vs. Zombies’ ဂိမ်းကို ဆော့နေသည်။ သူက မကြာခဏဆိုသလို ခေါင်းမော့ကာ ရှေ့သို့ ကြည့်နေ၏။

 

အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်နှင့် ယဲ့ကျိုး သမ်းဝေခြင်းကို မရပ်တန့်နိုင်တော့ပေ။ မနက်သုံးနာရီတွင် သူက အိပ်ငိုက်ခြင်းကို  ခက်ခက်ခဲခဲ တွန်းလှန်နေရသည်။

 

သူ၏ အပေါ်မျက်ခွံနှင့် အောက်မျက်ခွံတို့မှာ ကြာမြင့်စွာ ခွဲခွာနေခဲ့သော ချစ်သူများကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ကပ်တွယ်နေကြပြီး  အတူတူရှိနေချင်နေကြ၏။

 

ယဲ့ကျိုးတစ်ယောက် သူ့ပစ္စည်းများကို သိမ်းဆည်းကာ အနားယူဆောင်သို့ ပြန်ရန် ပြင်ဆင်နေစဉ်တွင် ရုတ်တရက် အလင်းရောင်တစ်ခုက မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာသည်။

 

ထိုအလင်းရောင်မှာ တစ်ခဏမျှသာ ကြာမြင့်ပြီး ည၏ ကောင်းကင်ကို လင်းလက်စေကာ လျှင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ကို တစ်ဖန် ပြန်လည်မှောင်မိုက်စေခဲ့သည်။

 

ယဲ့ကျိုးတစ်ယောက် စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။

 

သူ့စိတ်ကြိုက် ခန့်အပ်ထားသော လူများမှာ တရုတ်လူမျိုး မဟုတ်ဘဲ တရုတ်စကား နားမလည်မည်ကို အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။

 

ပြီးလျှင် အကြီးမားဆုံးသော ပြဿနာက သူက ဂျပန် သို့မဟုတ် ကိုရီးယားစကားကို မတတ်မြောက်သလို သူ့၏ အင်္ဂလိပ်စာ အရည်အချင်းမှာလည်း နေ့စဉ်သုံးစကားပြောဆိုမှုတွင်သာ အကန့်အသတ်ရှိပြီး ကျန်တာကိုတော့ — သူ့ဆရာက ထိမ်ချန်ထားခဲ့သည်ဟုသာ ယုံကြည်ထားသည်။

 

အတိအကျ ပြောရလျှင် စာမေးပွဲ အဆင့်လေးကို အောင်မြင်ပြီးနောက် သူသည် သူ၏ စာသင်ကြားမှုတွင် ပေါ့ပေါ့ဆဆ ဖြစ်လာခဲ့သည်။ နောက်ဆုံးတော့ အဆင့်လေးကို အောင်မြင်ခြင်းက သူ့အား ဘွဲ့လက်မှတ် ရရှိစေမည်ဖြစ်ပြီး၊ သူသည် စူပါမားကတ်ဖွင့်လှစ်ရန် ပန်းတိုင်ကို အခိုင်အမာ ချမှတ်ထားပြီးဖြစ်သောကြောင့် အင်္ဂလိပ်စာကို ကောင်းစွာ လေ့လာရန် မလိုအပ်ဟု ခံစားခဲ့ရသည်။

 

ယနေ့တွင် အသုံးဝင်လာမည်ကိုသာ သူ သိခဲ့လျှင် ဤမျှ လျင်လျင်မြန်မြန် မေ့ပျောက်သွားမည် မဟုတ်ချေ။

 

ယဲ့ကျိုးတစ်ယောက် ခြေလှမ်းများကို လျင်မြန်စွာ ဆင်းသွားသည်။ သူက မြေပြင်ပေါ်တွင် မတ်တပ်ရပ်သည်နှင့် တောအုပ်ထဲမှ လှုပ်ရှားမှုအသံကို ကြားလိုက်ရသည်။ ခြောက်သွေ့သော မြက်ပင်များသည် တရှပ်ရှပ်မြည်နေပြီး တိုးညှင်းသော အသံများလည်း ရှိနေ၏။

 

သူ၏ မျက်လုံးများက အရောင်တောက်လာပြီး အသံလာရာသို့ ကြည့်လိုက်ရာ မည်သို့မှ မဝေးကွာလှတော့ချေ။

 

ခြေလှမ်းသံများ နီးသည်ထက် နီးလာသည်နှင့် လူတစ်ယောက်၏ ပုံရိပ်ကလည်း ယဲ့ကျိုး၏ မျက်လုံးထဲသို့ ရောက်ရှိလာသည်။

 

ဓာတ်ပုံထဲကအတိုင်း ထိုလူမှာ မျက်လုံးနက်နက်များ ရှိပြီး မျက်ခွံနှစ်ထပ်ကြောင့် သူ၏ မျက်ခုံးများက အလွန်နက်ရှိုင်းနေသကဲ့သို့ ဖြစ်နေသည်။

 

သူ၏ မျက်ခုံးများမှာ ထူသော်လည်း ကြမ်းတမ်းခြင်းမရှိသလို၊ နှာခေါင်းကလည်း ဖြောင့်တန်းပြီး နှုတ်ခမ်းများက အနည်းငယ် ပါးသော်လည်း ခံစားချက်မရှိသကဲ့သို့ မဟုတ်ချေ။

 

သူ၏ ဆံပင်က တိုပြီး  ထိန်းသိမ်းရလွယ်သော်လည်း ရိုးစင်းသူတစ်ယောက်ဟုတော့ မထင်ရချေ။ တစ်နည်းအားဖြင့် ယဲ့ကျိုးအား အနည်းငယ် မယဉ်ပါးသေးသော ဝိညာဉ်တစ်ခုကဲ့သို့၊ ၎င်း၏ သားကောင်ကို မည်သည့်အချိန်တွင်မဆို ခုန်အုပ်ရန် အသင့်ပြင်ထားသော အားကောင်းသည့် ကျားသစ်နက်တစ်ကောင်ကဲ့သို့ ခံစားချက်မျိုးကို ပေးခဲ့သည်။

 

ထိုလူက အနက်ရောင် ဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ထားသည်။ အနက်ရောင် ဂျာကင်၊ အနက်ရောင် ဘောင်းဘီရှည်၊ ပြီးလျှင် သူ၏ နောက်ကျောတွင် လေးလံသော အနက်ရောင် စက်သေနတ်တစ်လက်ကို သယ်ဆောင်ထား၏။

 

သူ၏ ခါးတွင်လည်း လက်ပစ်ဗုံးတစ်လုံး ချိတ်ထားသည်။

 

သူသည် ရွေ့လျားနေသော ခံတပ်တစ်ခုနှင့်တူနေ၏။

 

 

ယဲ့ကျိုး၏ မျက်လုံးများက ပိုမို တောက်ပလာသည်။ — ကိုယ်တိုင်လက်နက်တွေပါ ယူလာတာ! သူ ပိုက်ဆံတွေ ချွေတာနိုင်ခဲ့ပြီ!

 

ဒီလိုကိုယ်ရံတော်မျိုးကို ခန့်ရတာ တကယ်တန်ချက်!

 

“ကျို…” ယဲ့ကျိုးတစ်ယောက် ထိုလူ၏ နာမည်ကို ခေါ်တော့မလို ရှိစဉ် ထိုလူ၏ နောက်ကွယ်မှ အခြားသူတစ်ဦး ထွက်လာသည်ကို မြင်လိုက်ရသည်။

 

ယဲ့ကျိုး : “!!!”

 

သူက အရွယ်ရောက်ပြီးသား အမျိုးသား နှစ်ဦးကို ခန့်အပ်ခဲ့သည်ကို မှတ်မိသည်!

 

သို့သော် ထိုလူ၏ နောက်ကွယ်မှ ထွက်လာသည်မှာ မိန်းကလေးငယ်တစ်ဦး ဖြစ်သည်။ သူ(မ)က အနက်ရောင် ကတ္တီပါသား စကတ်ကို ဝတ်ဆင်ထားပြီး၊ ခေါင်းတွင် အနက်ရောင် ပဝါအဆင်တန်ဆာတစ်ခုကို ဝတ်ဆင်ထားကာ စကတ်၏ အောက်နားတွင် ရှုပ်ထွေးလှသော ဇာပုံစံများ ပါရှိသည်။

 

ယဲ့ကျိုးတစ်ယောက် ဖက်ရှင်အကြောင်းကို လုံးဝ မသိနားမလည်သူ မဟုတ်သော်လည်း ထိုမိန်းကလေး၏ ဝတ်စားဆင်ယင်မှုက အနောက်တိုင်း ခေတ်ဟောင်းအဝတ်အစားများနှင့် ဆင်တူနေသည်ဟု ခံစားမိပြီး၊ ဤပုံစံက ‘Lolita’ ဟု လူသိများကြောင်းကိုတော့ သူ နားမလည်ခဲ့ပေ။

 

ပြီးလျှင် သူ(မ)မှာ အာရှသူတစ်ဦးကဲ့သို့ လုံးဝ မဟုတ်ချေ။

 

သူ(မ)တွင် ရွှေရောင် ဖျော့ဖျော့ရှိသော ဆံပင်ကောက်ကောက်များနှင့် မျက်လုံးနီနီများ ရှိသည်။

 

ယဲ့ကျိုး : “...”

 

သူ အခု မှတ်မိသွားသည်။ ဤမိန်းကလေးမှာ မယုံနိုင်လောက်အောင် စျေးသက်သာသည့် ယွမ်သုံးထောင်တည်းသာ ကုန်ကျသော ဗန်ပိုင်းယား ဖြစ်နေ၏။

 

အသက် 404 နှစ်ရှိသော “မိန်းကလေးငယ်” တစ်ဦး။

 

သို့သော် သူက သူ(မ)ကို သေချာပေါက် မခန့်ခဲ့ချေ! သူခန့်အပ်ခဲ့သောသူမှာ အာရှလူမျိုး၊ သဲအိတ်အရွယ်ရှိသော လက်သီးများနှင့် တောင်ကြီးတစ်ခုကဲ့သို့ ကြံ့ခိုင်သော ကိုယ်ခန္ဓာရှိသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူက ၎င်းတို့၏ ကိုယ်ခန္ဓာများအပေါ်တွင် အခြေခံ၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး၊ တစ်ဦးက တက်ကြွပြီး အခြားတစ်ဦးကတော့ သန်မာသောကြောင့် တစ်ဦးဦးမှာ ယုံကြည်စိတ်ချရလိမ့်မည်ဟု တွေးခဲ့သည်။

 

“ဆာရာ?” ယဲ့ကျိုးက သူ့ဆီသို့ လျှောက်လာသော မိန်းကလေးကို ကြည့်လိုက်၏။

 

ထိုမိန်းကလေးက ခေါင်းညိတ်ပြီး သူ(မ)၏ နားကပ်ကို လက်ညှိုးထိုးကာ ချိုသာသော ကလေးသံဖြင့် ပြောသည်။ “ကျွန်မမှာ ဘာသာပြန်စက် ရှိတယ်”

 

ယဲ့ကျိုးတစ်ယောက် သက်ပြင်းချလိုက်သည်။ ဘာသာပြန်စက် ရှိကြောင်းသာ သူသိခဲ့လျှင် ဘာသာစကား ပြဿနာအကြောင်းကို စိုးရိမ်ပူပန်နေမည် မဟုတ်ချေ။

 

“ခဏ” ယဲ့ကျိုးက မျက်မှောင်ကြုတ်သည်။ သူ(မ)က အသက် လေးရာကျော်ပြီး မိန်းကလေးငယ်တစ်ဦးကဲ့သို့ မဟုတ်ဘဲ အကာအကွယ်ပေးရန်ပင် မလိုအပ်ကြောင်းကို သူသိသော်လည်း ဘာမှ မတတ်နိုင်သော မျက်နှာဖြင့် မေးလိုက်၏။ “ဘာလို့ ခင်ဗျားက ဒီကိုရောက်နေတာလဲ? ကျွန်တော် ခင်ဗျားကို မခန့်ထားဘူးလေ…”

 

ဆာရာက ခေါင်းခါလိုက်ပြီး လုံးဝ နားမလည်သော ပုံစံဖြင့် “အဲဒါကတော့ ရှင့်ရဲ့ အပိုင်းပေါ့၊ ကျွန်မက စာချုပ်ကို လက်ခံရရှိပြီးတာနဲ့ လက်မှတ်ထိုးပြီးမှ လာခဲ့တာ”

 

ယဲ့ကျိုးက နောက်ထပ်တစ်ခုခု ထပ်ပြောတော့မလိုရှိစဉ် ဆာရာက ဖြတ်ပြောလိုက်သည်။ “ကျွန်မကို အထင်မသေးနဲ့နော်။ နည်းတာက အရည်အချင်းမရှိလို့ မဟုတ်ဘူး၊ ဘယ်သူမှ မခန့်လို့… ရှင်တို့အားလုံးက အပြင်ပန်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်ချင်ကြတာ။ ကျွန်မရဲ့ မျက်နှာကိုပဲ ကြည့်ပြီး ကလေးပဲ ရှိသေးတယ်လို့ ထင်ကြတာ။ ရှင့်လိုလူမျိုး အယောက်တစ်ရာကို ကျွန်မ တစ်ယောက်တည်း ရင်ဆိုင်နိုင်တယ်”

 

ယဲ့ကျိုးက ပြောလိုက်သည်။ “…အဲဒီဥပမာ ပေးဖို့ မလိုပါဘူး”

 

“အဲဒါက ပြဿနာ မဟုတ်ဘူး…” ယဲ့ကျိုးက ပြန်တုံ့ပြန်ခဲ့သည်။ “မင်းက ဗန်ပိုင်းယားလေ… ညီမလေး… မဟုတ်ဘူး၊ အဘွားလေး… မင်း ပုံမှန်ဆို ဘာတွေ စားလဲ?”

 

ဆာရာက လက်ကို ဝှေ့ယမ်းပြီး ပြောသည်။ “ကျွန်မက ဂျေးမများပါဘူး။ လူသွေးကတော့ အကောင်းဆုံးပဲ၊ ဒါပေမဲ့ လူသွေးမရှိဘူးဆို နွားသွေးလည်း ရတယ်၊ ပြီးတော့ ကြက်သွေးလည်း ရတယ်၊ ဝက်သွေးကတော့ လုံးဝမဖြစ်ဘူး၊ ဒါပေမဲ့ တခြားရွေးစရာ မရှိရင်တော့ ဝက်သွေးလည်း အဆင်ပြေပါတယ်”  

 

“ရှင် ကျွန်မအတွက် မပြင်ဆင်ထားဘူးဆိုရင်  လစာ ကြိုပေးလိုက်” ဆာရာက ဆက်ပြောသည်။ “ကျွန်မ ဘာသာ သွားဝယ်လိုက်မယ်”

 

ဗန်ပိုင်းယားများက… တော်တော်လေး လက်တွေ့ကျကြသည်ပင်။

 

ယဲ့ကျိုးတစ်ယောက် ဆာရာ၏ နောက်မှ လူကို ကြည့်လိုက်၏။ မိတ်ဆက်ပေးရန် မလိုအပ်တော့။ ယဲ့ကျိုးက သူ၏နာမည်ကို အလွန်ကောင်းစွာ သိသလို သူ၏ ဝါသနာနှင့် အထူးပြုချက်များကိုပင် သိနေခဲ့သည်။ သို့သော် ၎င်းတို့အားလုံးက အတိုချုပ် ကိုယ်ရေးအကျဉ်းများသာ ဖြစ်သည်။

 

“ကျိုမင်?” ယဲ့ကျိုးက ထိုလူ့ဆီသို့ လက်ဆန့်လိုက်သည်။

 

ကျိုမင်က ခေါင်းညိတ်ပြီး ယဲ့ကျိုးနှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ဆန့်လိုက်သည်။

 

ယဲ့ကျိုးတစ်ယောက် သက်ပြင်းချလိုက်သည်။ ၎င်းတို့က ပေါင်းရသင်းရ အဆင်ပြေမည့်ပုံပင်။

 

တစ်ဦးက အလုပ်ရှင်ဖြစ်ပြီး အခြားတစ်ဦးက ဝန်ထမ်း ဖြစ်သော်လည်း ရန်သူများကဲ့သို့ တွေ့ဆုံခြင်းထက် ဆက်ဆံရေးကောင်း ရှိနေခြင်းက ပို၍ ကောင်းမွန်သည်။

 

 

“ကျွန်တော် ခင်ဗျားတို့ နှစ်ယောက်အတွက် အခန်းတွေ ပြင်ဆင်ထားတယ်။ အစကတော့ အမျိုးသား နှစ်ယောက် ဖြစ်လိမ့်မယ်လို့ ထင်ထားတာ… အဲ့တာမို့ အခန်းတစ်ခန်းပဲ ပြင်ဆင်ထားတယ်” ယဲ့ကျိုးက ဆာရာကို တစ်ဖန် ကြည့်လိုက်သည်။

 

ဆာရာက တအံ့တဩ ပြောသည်။ “ကျွန်မ ယောက်ျားတစ်ယောက်နဲ့ တစ်ခန်းတည်း အတူတူမနေနိုင်ပါဘူး…”  

 

ကျိုမင်ကတော့ သိပ်ပြီး တုံ့ပြန်မှု မရှိခဲ့ချေ။ အနည်းငယ် တိတ်ဆိတ်နေပြီးနောက် သူက မေးသည်။ “တဲ ရှိလား?”  

 

ယဲ့ကျိုးက ပြန်ဖြေသည်။ “ခင်ဗျား စိတ်မရှိဘူးဆိုရင် ကျွန်တော့်အခန်းထဲမှာ အတူတူ နေလို့ရတယ်။ ကျွန်တော့်ရဲ့ ဧည့်ခန်းက ကျယ်လည်းကျယ် ကုတင်အပိုတစ်လုံးလည်း ထပ်ထားလို့ ရတယ်”

 

ကျိုမင်ကလည်း ကန့်ကွက်စရာ မရှိသလို ဆာရာကလည်း မကန့်ကွက်ခဲ့ချေ။

 

ဆာရာအတွက် ပြင်ဆင်ပေးထားသော အခန်းက စူပါမားကတ်၏ ဝင်ပေါက်ရှိ လုံခြုံရေးအခန်းဖြစ်သည်။ သို့သော် ၎င်းသည် ယဲ့ကျိုးက သေချာ ဂရုတစိုက် သန့်ရှင်းရေးလုပ်ထားသောကြောင့် အညစ်အကြေးများ ကင်းစင်ပြီး အလွန်သန့်ရှင်းနေ၏။ အိပ်ရာခင်းများကိုလည်း လဲလှယ်ထားပြီး၊ ကုတင်အပိုတစ်လုံးကိုလည်း ထားပေးထားသည်။

 

ယဲ့ကျိုးက ထိုနှစ်ဦး၏ နောက်ကြောင်းနှင့် အရည်အချင်းများအကြောင်းကို အလွန်အကျွံ မမေးတော့ပေ။

 

ထိုသူတို့၏ ကိုယ်ရေးအကျဉ်းများက အသေးစိတ် မပါရှိသော်လည်း ကိုယ်ရံတော် နှစ်ဦးမှာ အခုမှ ရောက်ရှိလာခြင်းဖြစ်ပြီး ညအချိန်လည်း ဖြစ်သောကြောင့် သူတို့သည် အနားယူရန် လိုအပ်ပေလိမ့်မည်။

 

ထိုသူတို့ အနားယူရန် မလိုအပ်ရင်တောင် အချိန်ဇယားနှင့် ချိန်ညှိရန် လိုအပ်ပေလိမ့်မည်။

 

ယဲ့ကျိုးက မည်သည့်မေးခွန်းမဆို မနက်ဖြန်မှ မေးရန် ဆုံးဖြတ်လိုက်သည်။

 

လုံခြုံရေးအခန်းကို မြင်သောအခါ ဆာရာက တောင်းဆိုမှုတစ်ခု ပြုလုပ်သည်။ “ခေါင်းတလားတစ်လုံးလောက် ရနိုင်မလား? ကျွန်မမှာ အများကြီးတောင်းဆိုတာ မရှိပါဘူး၊ သစ်သားနဲ့လုပ်ထားတာဆိုရင် ရပါပြီ။ ဒါပေမဲ့ သံနဲ့လုပ်ထားတဲ့ ခေါင်းတလားရှိရင်တော့ ပိုကောင်းတာပေါ့”

 

သူ(မ)က လုံခြုံရေးအခန်းနှင့် ပတ်သက်၍ အလွန်ကျေနပ်နေသည်။ အခန်းက သေးငယ်ပြီး သန့်ရှင်းသည်။

 

ဗန်ပိုင်းယားတစ်ဦးအတွက် အခန်းအရွယ်အစားသည် အရေးမကြီးပေ။ သူ(မ)က ရဲတိုက်တစ်ခုထဲတွင် နေနေရင်တောင် ရုပ်အလောင်းထည့်ထားသော သေတ္တာထဲတွင်သာ လှဲလျောင်းနေပေလိမ့်မည်။

 

ယဲ့ကျိုးက “ကျွန်တော် စနစ်ထဲမှာ  စစ်ကြည့်လိုက်ဦးမယ်။ ခေါင်းတလား ဝယ်လို့မရဘူးဆိုရင်တော့ သစ်သားနဲ့တစ်လုံး လုပ်ပေးမယ်”

 

ဆာရာက ယဲ့ကျိုးကို ပြုံးပြပြီး ပြောသည်။ “ခေါင်းတလားကို နည်းနည်း ပိုထူထူလေး လုပ်ပေးလို့ရမလား?”  

 

သူ(မ)က သဘာဝကျစွာ ပြုမူနေပြီး သူ(မ)၏ ကလေးဆန်သော ပုံသဏ္ဌာန်နှင့်အတူ ယဲ့ကျိုး စိတ်ထဲတွင် ဖြစ်ပေါ်နိုင်သော မကျေနပ်မှုများကို ပျောက်ကွယ်သွားစေခဲ့သည်။

 

ယဲ့ကျိုးသည် သူ(မ)အား အလုပ်ခန့်ထားသည်မှာ မှန်ရဲ့လားဟု သူ့ကိုယ်သူပင် သံသယဝင်နေသည်။ သူက အမှား ပြုလုပ်ခဲ့သည်ဆိုလျှင် ဤ “မိန်းကလေးငယ်” အပေါ်တွင် အပြစ်မတင်သင့်ပေ။

 

ထို့ကြောင့် ယဲ့ကျိုးက ပြုံးပြီး ပြောသည်။ “ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်။ ခင်ဗျားတို့ ဗိုက်ဆာနေပြီလား? မအိပ်ခင် တစ်ခုခု စားဦးမလား?”  

 

“မလိုပါဘူး” ကျိုမင်က ကုတင်ကို သပ်သပ်ရပ်ရပ် ခေါက်ထားပြီးဖြစ်သည်။ သူက ဂျာကင်ကို ချွတ်လိုက်သောအခါ အောက်တွင် အလွယ်တကူ လှုပ်ရှားနိုင်ရန် ဒီဇိုင်းပြုလုပ်ထားသော အနက်ရောင် ဝတ်စုံကို ဝတ်ထားသည်ကို တွေ့ရသည်။ ၎င်းက သူ၏ လက်မောင်းများနှင့် ရင်ဘတ်တို့၏ ပုံသဏ္ဌာန်ကို ထင်ရှားစေသည်။

 

ယဲ့ကျိုးသည် ကျိုမင်၏ လက်မောင်းများကို မကြည့်ဘဲ မနေနိုင်တော့ပေ။

 

ကျိုမင်၏ ခန္ဓာကိုယ်မှာ ကျစ်လျစ်ပြီး၊ ကိုယ်အလေးချိန် မမြှင့်ထားသောကြောင့် ကြွက်သားများ အလွန်အကျွံ ကြီးမားခြင်းမျိုး မရှိပေ။

 

ထို့အစား ၎င်းက တင်းတင်းကျပ်ကျပ် လေ့ကျင့်မှုများမှတစ်ဆင့် လူတစ်ဦး၏ အကန့်အသတ်သို့ ရောက်ရှိနိုင်သော ခန္ဓာကိုယ်ဖြစ်ပြီး၊ သူ၏ ခန္ဓာကိုယ်တွင် ပိုနေသော ကြွက်သားများ သို့မဟုတ် အဆီများ မည်သည့်နေရာမှ မရှိဘဲ လိုအပ်သလောက်သာ ရှိနေသည်။

 

သူ့တွင် သဲအိတ်အရွယ် လက်သီးများ မရှိသော်လည်း လက်သီးတစ်ချက်ဖြင့်ဆိုလျှင် ၎င်းကို ခုခံနိုင်မည့်သူ များများစားစား မရှိလောက်ပေ။

 

ဤသို့သော ခန္ဓာကိုယ်ကို သူ မနာလို မဖြစ်ဟု ပြောလျှင် ယဲ့ကျိုး လိမ်ရာရောက်ပေလိမ့်မည်။

 

သို့သော် ဤသို့သော ခန္ဓာကိုယ်ကို ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် ရရှိရန် မဖြစ်နိုင်ကြောင်းကိုလည်း သူသိသည်။

 

ယဲ့ကျိုးတစ်ယောက် အကောင်းဆုံး ခန္ဓာကိုယ်ပုံစံ ရှိခဲ့သည့်အချိန်က အထက်တန်းကျောင်းတက်စဉ်က ဖြစ်သည်။ ထိုအချိန်က သူသည် စာသင်ကြားခြင်းနှင့် ဘတ်စကတ်ဘော ကစားခြင်းတို့ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့သည်။ သူက သူ၏ အင်္ကျီကို မတင်လိုက်သည့်အခါတွင်တော့ ထင်ရှားသော ဆစ်ပတ် ရှိသည်။ သူ ဘတ်စကတ်ဘော ကစားတိုင်း မိန်းကလေးများက ရေနှင့် မျက်နှာသုတ်ပုဝါများကို ယူလာပေးပြီး၊ ရုပ်ရှင်ဇာတ်လမ်းများထဲက ဇာတ်လိုက်မင်းသားကဲ့သို့ သူ့အား ဆက်ဆံကြသည်။

 

 

ရလဒ်အနေဖြင့် သူက မိန်းကလေး သူငယ်ချင်းအချို့ကိုပင် ရရှိခဲ့သည်။

 

သို့သော် တက္ကသိုလ်သို့ ရောက်သောအခါ ဆက်ဆံရေးများက လွင့်မျောသွားပြီး သူတို့ အတူရှိနေချိန်မှာ ရှားပါးသွားခဲ့သည်။

 

အထက်တန်းကျောင်းတက်စဉ်က သူသည် ဂိမ်းများနှင့် ဘတ်စကတ်ဘော ကစားရာတွင် အလုပ်များနေသောကြောင့် လူငယ်သဘာဝ အချစ်ရေးကိစ္စအကြောင်းကို တစ်ခါမျှ မတွေးခဲ့သလို အချိန်လည်း မရှိခဲ့ပေ။

 

တက္ကသိုလ်သို့ ရောက်ရှိချိန်တွင် သူ၏ အိပ်မက်များကို အာရုံစိုက်နေပြီး သူ့ကိုယ်သူ အဆက်မပြတ် စောင့်ကြည့်နေရသောကြောင့် အချစ်ရေးကိစ္စများမှာ သူ၏ စိတ်ထဲတွင် လုံးဝ မရှိတော့ပေ။

 

တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်တွင်တောင် ယဲ့ကျိုးတစ်ယောက် ချစ်ကြိုက်သည့် ကိစ္စတွင် စိတ်မဝင်စားခဲ့ချေ။ ထိုအချိန်က သူ၏ စွမ်းအင်အားလုံးကို စူပါမားကတ် ဖွင့်လှစ်ရန်တွင်သာ ရင်းနှီးမြှုပ်နှံထားပြီး၊ အချစ်သည် သူ၏ အလုပ်အကိုင်အတွက် အဓိက အတားအဆီးတစ်ခုဟုပင် ယုံကြည်ခဲ့သည်။

 

သူ၏ မိန်းကလေး သူငယ်ချင်းများထဲမှ တစ်ယောက်က ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရှာဖွေရန် ခက်ခဲပြီး ပြင်းထန်သော ဖိအားကြောင့် သူ(မ)၏ ခြောက်နှစ်ကြာ ချစ်သူနှင့်ပင် လမ်းခွဲခဲ့ရသည်။

 

ယခုတွင် သူ ဒီကို ရောက်နေပြီဖြစ်ရာ ယဲ့ကျိုးက ‘အချစ်’ ကို လိုက်စားရန် စိတ်ဝင်စားမှု လုံးဝ နည်းပါးသွားသည်။

 

သို့သော် သူသည် ကျိုမင်ကို ကြည့်သောအခါ “ခန္ဓာကိုယ် အကျပ်အတည်း” တစ်ခုကို အနည်းငယ် ခံစားလိုက်ရသည်။

 

သူက နားနေခန်းထဲမှာပဲ အိမ်အောင်းနေလို့ မဖြစ်ဘူးဟု ထင်မြင်မိသည်။ သူ၏ ခန္ဓာကိုယ်ကို ပုံမှန် လေ့ကျင့်ခန်း လုပ်ရန် လိုအပ်သည်။

 

မဟုတ်လျှင် အန္တရာယ် ရောက်လာတဲ့အခါ သူ အလုံအလောက် အမြန်ပြေးနိုင်တော့မည် မဟုတ်ချေ။

 

ကျိုမင်ကလည်း ယဲ့ကျိုး၏ အကြည့်က သူ့အပေါ်တွင် ရှိနေသည်ကို သတိပြုမိပြီး ယဲ့ကျိုးကို မော့ကြည့်လိုက်၏။

 

လက်ပူးလက်ကြပ်မိသွားသောအခါ ယဲ့ကျိုးတစ်ယောက် အနည်းငယ် ရှက်သွားပြီး “ခင်ဗျားရဲ့ ခန္ဓာကိုယ်က တော်တော် ကောင်းတာပဲ”  

 

ကျိုမင်က စိတ်မဆိုးသော ပုံစံဖြင့် အနည်းငယ် ခေါင်းညိတ်သည်။ ထို့အစား သူက တည်တည်ငြိမ်ငြိမ်ဖြင့် မေးသည်။ “ကိုင်ကြည့်ချင်လား?”  

 

ယဲ့ကျိုး၏ နှုတ်ခမ်းက တွန့်ခနဲ ဖြစ်သွားပြီး “…အဲလောက်အထိတော့ မလိုပါဘူး” 

 

မူလက သူသည် ဝန်ထမ်း၏ စိတ်နေစိတ်ထားက ဆိုးလိမ့်မည်ကို စိုးရိမ်ခဲ့သည်။

 

အခုတော့ ပြဿနာက ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ထင်ရသည်။ ဝန်ထမ်း၏ စိတ်နေစိတ်ထားက အနည်းငယ် ကောင်းလွန်းနေ၏။

 

ကျိုမင်က ခေါင်းညိတ်ပြီး ခေါက်ထားသော ကုတင်ကို လက်တစ်ဖက်တည်းဖြင့် မလိုက်ကာ ယဲ့ကျိုးကို ပြောသည်။ “လမ်းပြပေးပါ”  

 

ယဲ့ကျိုးက လုံခြုံရေးအခန်းမှ ထွက်ပြီး ဧည့်ခန်းဘက်သို့ လျှောက်သွားတော့သည်။