Chapter 14
Viewers 2k

အပိုင်း ( ၁၄)

 

တစ်ယောက်တည်း လာခဲ့ပြီး အတွေ့အကြုံများစွာနှင့် ပြန်သွားမည်။

 

ကျန့်ကောသည်  မြင်းကျောပေါ်တွင် တင်ထားသော အထုပ်အပိုးများနှင့်အတူ နေရောင်အောက်တွင် ရပ်နေလေသည်။ မိုးနှင်းမြူများ ကင်းစင်သွားသည့်အခါ သူ့ခန္ဓာကိုယ်ထဲတွင် ခွန်အားများ စီးဆင်းလာသည်ဟု ခံစားရလေ၏။

 

ရထားလုံးမပါသည့်အတွက် လင်းယိုယွမ်မှာလည်း မြင်းစီးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။ သူသည် အရင်ကလို ချောင်းမဆိုးတော့သည်ကို တွေ့ရသဖြင့် အပြည့်အဝ ပြန်လည်ကျန်းမာလာပုံရသည်။

 

မထွက်ခွာမီ ကျောက်အာတစ်ယောက် မြင်းပေါ်မှာ ထိုင်နေရင်း အမေကို လွမ်းဆွတ်တမ်းတနေသော ကလေးတစ်ယောက်နှယ် စူပါမားကတ်ကို ပြန်လှည့်ကြည့်နေသည်။

 

“သွားကြမယ်” ကျန့်ကောက မြင်းကြိမ်ကို မြှောက်လိုက်၏။

 

ဤရက်များအတွင်း မြင်း၏အခြေအနေက တော်တော်ကောင်းမွန်နေခဲ့သည်။ အမွေးအမျှင်များက ချောမွတ်တောက်ပနေပြီး အရင်ကထက်ပင် ပိုမိုတက်ကြွနေဟန်ရသည်။ 

 

မြင်းကြိမ်ကို ပစ်လိုက်ရာ “ဖြောင်း” ဟူသော အသံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ မြင်းကလည်း ဖြောင့်တန်းစွာ မတ်တပ်ရပ်ပြီး အရှိန်အဟုန်ပြင်းစွာနှင့် ထွက်ခွာသွားလေတော့၏။

 

လင်းယိုယွမ်တစ်ယောက် မြင်းကျောပေါ်တွင် ဗြုန်းခနဲ လှုပ်ခါသွားရသည်။ သူ့က ရှေ့ကို ကြည့်ပြီး ခါးသက်သက် ပြုံးလိုက်မိသည်။ အခုဆိုလျှင် သူ့ဖင်က နောက်တစ်ခါ ထပ်နာတော့မည် ဖြစ်သည်။ တောင်ပိုင်းမှ ထွက်လာခဲ့သည့်အခါကလည်း သူ့မှာ လမ်းပင် မလျှောက်နိုင်လောက်အောင် ဖြစ်ခဲ့ဖူးသည်။

 

“သူတို့ သွားကြပါပြီ နတ်မင်း” ချောင်အာ၏မိခင်က အနားယူဆောင်တံခါးကို ဖွဖွလေး ခေါက်လိုက်သည်။

 

“ကျွန်တော် သိတယ်” ယဲ့ကျိုး၏အသံက အထဲမှ ထွက်လာသည်။

 

“ဝူယန်ကို ခေါ်လိုက်” ယဲ့ကျိုးက ရုတ်တရက်ဆိုသလို ပြောလိုက်၏။

 

ချောင်အာ၏မိခင်မှာ အံ့ဩသွားပြီး ရင်ဘတ်ထဲက နှလုံးသားသည် လေထဲတွင် ရပ်တန့်နေသလို ခံစားလိုက်ရသည်။ နတ်မင်းက သူ့ကို အရေးတယူ ဆက်ဆံဖူးခဲ့တာကြောင့် အဲဒီခံစားချက်ကို ပြန်မဆုံးရှုံးချင်ပေ။ သို့သော်လည်း နတ်မင်း၏ စကားကို ငြင်းပယ်နိုင်ခြင်း မရှိသည့်အတွက် “ဟုတ်ကဲ့ပါ” ဟုသာ ပြန်ပြောလိုက်ရတော့သည်။

 

သူ(မ) ဂိုဒေါင်သို့ ပြန်ရောက်လာသည့်အခါ မျက်နှာတစ်ခုလုံး ပြာနှမ်းနေပြီး ပြာတစ်ထပ်ကိုပင် ခြစ်ထုတ်နိုင်လောက်အောင် ဖြစ်နေသည်။ သူ(မ)သည် ဇနီးသည်နှင့် စကားပြောနေသော ဝူယန်ကို ကြည့်ကာ မျက်နှာသေနှင့် လျှောက်သွားပြီး ပြောလိုက်သည်။ “နတ်မင်းက နင့်ကို တွေ့ချင်တယ်တဲ့”  

 

ပြုံးနေသော ဝူယန်က ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။ သူ့မျက်နှာအမူအရာက အကြိမ်ကြိမ် ပြောင်းလဲသွားပြီး၊ မျက်ဝန်းများကလည်း တောက်ပလာသည်။

 

သူသည် ချောင်အာ၏မိခင်၏ မျက်နှာကို ဂရုမစိုက်တော့ဘဲ ဂိုဒေါင်ထဲမှ တန်းတန်းမတ်မတ် ထွက်သွားခဲ့သည်။

 

“အမေ၊ နတ်မင်းက သူ့ကို ဘာလုပ်ခိုင်းမလို့လဲ?” ချောင်အာက သူ့အမေအနား ကပ်ပြီး အသံတိုးတိုးဖြင့် မေးလိုက်၏။

 

ချောင်အာ၏မိခင်က ခေါင်းကို အနည်းငယ် ခါလိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ “သိချင်ရင် နတ်မင်းကို ကိုယ်တိုင်သွားမေးပါလား…” 

 

ထိုသို့ပြောပြီးနောက် သူ(မ)က ဂိုဒေါင်ထဲမှ လှည့်ထွက်သွားလေသည်။

 

ချောင်အာမှာ ဘာကိုမှ နားမလည်ဘဲ ကြောင်သွားပြီး ခဏအကြာတွင် တိုးတိုးလေး ရေရွတ်လိုက်မိတော့၏။ “ဒီနေ့ အမေ ဘာဖြစ်နေတာလဲ၊ ဘာလို့ ဒီလောက်တောင် စိတ်ဆိုးနေတာလဲ?” 

 

နတ်မင်း၏ အနားယူဆောင်ရှေ့တွင် ဝူယန်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူသည် သူ့ဆံပင်ကိုပင် ဖီးသင်လိုက်ပြီး၊ မရှိသော ဖုန်များကိုလည်း ခါချလိုက်သည်။ နောက်ဆုံးတွင်တော့ တံခါးကို ခေါက်လိုက်ပြီး ပြောလိုက်သည်။ “နတ်မင်း၊ ကျွန်တော်မျိုး ရောက်ပါပြီ”  

 

“တံခါး မပိတ်ထားဘူး၊ ဝင်ခဲ့”  ယဲ့ကျိုးက ဆိုဖာပေါ်တွင်ထိုင်နေပြီး ပြောလိုက်၏။

 

ဝူယန်တစ်‌ယောက် တံခါးကို တွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်သွားလေသည်။

 

သူက နတ်မင်းကို တိုက်ရိုက် မကြည့်ရဲခဲ့ချေ။ ဝူယန်သည် ခေါင်းကို ငုံ့ပြီးမှ ချဉ်းကပ်လိုက်ပြီး မေးလိုက်သည်။ “နတ်မင်းရဲ့ အမိန့်တော်က ဘာပါလဲခင်ဗျ?”  

 

ယဲ့ကျိုးတစ်ယောက် သူ့ရှေ့ရှိ ဆိုဖာကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ “မင်းနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်၊ ထိုင်ပါဦး”  

 

ဆိုဖာနှစ်လုံးကြားက စားပွဲအသေးလေးပေါ်တွင် လက်ဖက်ရည်နှစ်ခွက် တင်ထားသည်။ ယဲ့ကျိုးက ဝူယန်ကို ပြုံးပြပြီး ပြောလိုက်၏။ “မကြောက်ပါနဲ့”  

 

ဝူယန်သည် တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး ယဲ့ကျိုး၏ မျက်နှာချင်းဆိုင်တွင် တောင့်တောင့်ကြီး ထိုင်လိုက်သည်။ သူ၏ လက်များနှင့် ခြေထောက်များကိုပင် မည်သည့်နေရာတွင် ထားရမည်ကို မသိတော့ဘဲ၊ ရှေ့တွင်ရှိနေသည့် လက်ဖက်ရည်ခွက်ကိုသာ စိုက်ကြည့်နေတော့သည်။

 

“မင်းကို ခိုင်းစရာ အလုပ်တစ်ခု ရှိတယ်” ယဲ့ကျိုး စိုးရိမ်စိတ် အနည်းငယ် ရှိနေလေသည်။ ချောင်အာ၏မိခင်မှလွဲ၍ ဒေသခံတစ်ဦးနှင့် ပထမဆုံးအကြိမ် ဤမျှ ရင်းနှီးစွာ ဆက်ဆံဖူးခြင်း ဖြစ်သည်။ သူက လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်ပြီး ၂ စက္ကန့်ကြာအောင် ရပ်တန့်နေလိုက်၏။ ထို့နောက်တွင် ဆက်ပြောလိုက်သည်။ “ဒီအလုပ်က အန္တရာယ်ရှိတယ်။ မင်း မလုပ်ချင်ဘူးဆိုရင် အတင်း မလုပ်ခိုင်းပါဘူး” 

 

 

ဝူယန်တစ်ယောက် တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့အသံကလည်း တုန်တုန်ရီရီ ဖြစ်နေလျက် ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ပြောပါ နတ်မင်း”  

 

ယဲ့ကျိုးတစ်ယောက် သူ ကြိုတင်ပြင်ဆင်ထားသော စကားလုံးများကို ပြောလိုက်သည်။ “ငါ့မှာ ပြဿနာတစ်ခုရှိတယ်။ လူကောင်းတွေ အများကြီးကို ကယ်တင်နိုင်ရင် ဒီပြဿနာကို ဖြေရှင်းနိုင်မယ်။ လူအများကြီးကို ကယ်တင်ဖို့က လွယ်ပေမဲ့၊ လူကောင်းတွေ အများကြီး ရှာဖို့ကျ မလွယ်လှဘူး။ ငါက သေမျိုးလောက အရေးအရာတွေကို ဝင်မစွက်ဖက်နိုင်တဲ့အတွက် မင်းကို အကူအညီတောင်းရတာ။”

 

ဝူယန်တစ်ယောက် ချက်ချင်းပင် ခေါင်းကို မော့လိုက်သည်။ သူ့မျက်လုံးများက တောက်ပနေပြီး ပြောလိုက်၏။ “နတ်မင်း၊ ကျွန်တော်မျိုး သွားပါ့မယ်…”  

 

ယဲ့ကျိုးက ထပ်မံ၍ အလေးအနက်ထားကာ ပြောလိုက်သည်။ “ဒီခရီးက အန္တရာယ်ရှိတယ်၊ ငါရော မင်းရော အာမခံချက် အပြည့်အဝ မရှိ…”  

 

ဝူယန်က ချက်ချင်း ဖြတ်ပြောလိုက်သည်။ “နတ်မင်း၊ ကျွန်တော်မျိုး လုပ်နိုင်ပါတယ်…”

 

သူ့က အခုချက်ချင်းပင် စစ်ရေးအမိန့်စာတစ်စောင် လက်မှတ်ထိုးချင်နေမိတော့၏။

 

သူ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် ယဲ့ကျိုးတစ်ယောက် အံ့ဩသွားပြီး တုံ့ဆိုင်းနေခဲ့သည်။ “မင်း အပြင်မှာ တစ်ယောက်တည်းဖြစ်နေမှာ၊ ငါလည်း မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး။ သေချာ စဉ်းစားနော်။”

 

ဝူယန်၏ မျက်လုံးများက ပြောင်လက်နေပြီး သူ့စိတ်ကလည်း တက်ကြွကာ ပြောမပြတတ်လောက်အောင် ဆွဲဆောင်မှုရှိနေ၏။ “နတ်မင်း၊ ကျွန်တော်မျိုး မကြောက်ပါဘူး။ တကယ်လို့ ကျွန်တော်မျိုး တစ်ခုခု ဖြစ်ခဲ့ရင် ကျွန်တော်မျိုးရဲ့ ဇနီးနဲ့ သမီးကို စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်” 

 

ယဲ့ကျိုးခမျာ ခဏတာ တိတ်ဆိတ်သွားလေသည်။ သူက ဤကမ္ဘာကို ထွက်ခွာသည့်အခါ မားကတ်ထဲရှိ လူများကို ခေါ်သွားနိုင်မလားဆိုသည်ကို မသိခဲ့ချေ။ သူက ဇနီးနှင့်သမီးအတွက် စိုးရိမ်နေသည့် ဤလူကို လိမ်ညာရန်လည်း မလိုလားခဲ့ချေ။ ထို့ကြောင့် ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည်။ “အဲဒါကိုတော့ မကတိပေးနိုင်ဘူး”  

 

“ငါ ဘယ်တော့ ထွက်မယ်ဆိုတာ မသိသေးဘူး” ယဲ့ကျိုးက ဆက်လက်ပြောလိုက်၏။ “ငါ ထွက်သွားတဲ့အခါ မင်းရဲ့ဇနီးနဲ့ သမီးကို ငါနဲ့အတူ ခေါ်သွားနိုင်မလားဆိုတာလည်း မသိဘူး”

 

“မင်း မလုပ်ချင်ရင်လည်း ငါ တခြားတစ်ယောက်ကို ရှာလိုက်မယ်။”

 

ဝူယန်၏ မျက်ဝန်းများက မှိန်ဖျော့သွားပြီး အချိန်အတော်ကြာပြီးနောက် ပြောလိုက်၏။ “နတ်မင်း၊ ကျွန်တော်မျိုး သွားပါ့မယ်”  

 

ယဲ့ကျိုးက သူ့ကို ကြည့်ပြီး အနည်းငယ် ရှေ့သို့ ကိုင်းလိုက်ကာ မေးလိုက်သည်။ “မင်း တကယ် ဆုံးဖြတ်ပြီးပြီလား?”  

 

ဝူယန်တစ်ယောက် ခေါင်းကို မော့လိုက်ပြီး နတ်မင်း၏ မျက်နှာကို ပထမဆုံးအကြိမ်အဖြစ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူက ပြုံးလိုက်ပြီး ပြော၏။ “နတ်မင်း၊ ကျွန်တော်မျိုး ဆုံးဖြတ်ပြီးပါပြီ”  

 

ယဲ့ကျိုးက သတိပေးလိုက်၏။ “အရာရာတိုင်းမှာ သတိထား၊ အန္တရာယ်နဲ့ ကြုံလာရင် လှည့်ပြီးသာ ပြေး။ သူရဲကောင်းလုပ်ဖို့ မကြိုးစားနဲ့။ လူတွေကို ကယ်တင်တာက အရေးကြီးပေမဲ့ မင်းရဲ့ဘဝကလည်း အရေးကြီးတယ်” 

 

ဝူယန်တစ်ယောက် အနားယူဆောင်မှ ထွက်ခွာသွားသည့်အခါ သူက တည်ငြိမ်နေပုံရသည်။

 

သူသည် သေခြင်းတရားကို မကြောက်ရွံ့သည်လည်း မဟုတ်၊ လိုချင်တပ်မက်မှု မရှိသည်လည်း မဟုတ်ချေ။

 

ဝူယန်သည် ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ နတ်မင်း၏ အကာအကွယ်မရှိလျှင် သူ့မိသားစု သုံးယောက်မှာ အသက်ရှင်ဖို့ အခွင့်အရေး မရှိချေ။ သူတို့က အငတ်ဘေးနှင့် သေဆုံးသွားမည် ဒါမှမဟုတ် တစ်ယောက်ယောက်၏ အစာ ဖြစ်သွားရမှာ ဖြစ်သည်။

 

သူသာ နတ်မင်း၏ ညွှန်ကြားချက်များကို လိုက်နာပြီး လုပ်ငန်းများကို ပြီးမြောက်ခဲ့လျှင် နတ်မင်းက သူ့ဇနီးနှင့် သမီးကို နတ်ပြည်သို့ မခေါ်သွားနိုင်သည့်တိုင် သူတို့ ရှင်သန်ရန်အတွက် တစ်ခုခုကို ချန်ထားခဲ့လိမ့်မည်ဟု သူ ယုံကြည်သည်။

 

သူက အရေးမပါသော သေမျိုးတစ်ဦးသာ ဖြစ်၏ သူ့မိသားစုလည်း ပြိုကွဲသွားပြီ၊ မိဘများလည်း သေဆုံးသွားကြပြီ ဖြစ်သည်။ တစ်ခုတည်းသော ပူပန်မှုမှာ သူ့ဇနီးနှင့် သမီးငယ်လေးသာ ဖြစ်သည်။

 

ကိုယ့်အတွက် တစ်သက်စာ၊ ဇနီးနဲ့သမီးအတွက် နှစ်သက်စာ။ ဒါ တန်ပါတယ်လေ။

 

ဝူယန်တစ်ယောက် သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ ထို့အပြင် သူသာ အပြင်တွင် သေဆုံးရမည့် ကံပါသည်ဟုလည်း မယုံကြည်ခဲ့ချေ။ နတ်မင်းက ပစ္စည်းများ ပေးထားသည့်အပြင် သူလည်း သတိထားနေမည်ဆိုလျှင် ဘာတွေများ မှားယွင်းနိုင်ပါဦးမလဲ။ ယနေ့ခေတ်တွင် ဓားပြများသည် ဗိုက်မှောက်အောင် အစာစားရန် ရုန်းကန်နေရသည်ဖြစ်ရာ၊ သူသာ ထိုသူများနှင့် တွေ့ဆုံခဲ့ပါက အပြေးပြိုင်လျှင် အနိုင်ရမည်ဟု သူ ယုံကြည်ထားသည်။

 

လူတွေက အစာငတ်နေပြီဆိုလျှင် ဓားပြများက မြင်းများကို ဗိုက်ပြည့်အောင် ကျွေးနိုင်လိမ့်မည် မဟုတ်ချေ။

 

ဤသို့ စဉ်းစားလိုက်သည်နှင့် ဝူယန် စိတ်သက်သာရာ ရသွားတော့သည်။

 

ယခုအချိန်တွင် အပြင်ဘက်၌ ဘာအန္တရာယ်များ ရှိနိုင်ပါမည်နည်း။ အပြင်ဘက်ရှိ လူများမှာ အစာငတ်နေသည် သို့မဟုတ် သေဆုံးနေပြီဖြစ်ရာ၊ ကျန်းမာသန်စွမ်းသူ အနည်းငယ်သာ ရှိသည်။

 

ထို့အပြင် ခန္ဓာကိုယ်သန်စွမ်းသူများက တောင်ဘက်သို့ ဦးတည်သွားနေကြပြီ ဖြစ်၏။

 

ဂိုဒေါင်သို့ ပြန်ရောက်သည့်အခါ ဝူယန်က အခြေအနေများကို အခြားယောက်ျားသားများအား ရှင်းပြလိုက်၏။ သူသည် ထိုသူများကို စည်းရုံးရန် မကြိုးစားခဲ့ချေ။ “ကျွန်တော် သေချာ စဉ်းစားပြီးပြီ။ ပင်ပန်းနိုင်ပေမဲ့ အန္တရာယ်ရှိတာ မဟုတ်ဘူး။ ကျွန်တော်တို့ အဝေးကြီး သွားကြမှာ မဟုတ်ဘူး၊ စားစရာတွေ ကုန်သွားရင် ပြန်လာခဲ့ကြမယ်။ ခင်ဗျားတို့ မလိုက်ချင်လည်း ကျွန်တော် အတင်း မလိုက်ခိုင်းပါဘူး နတ်မင်းလည်း ကျွန်တော့်ကို အတင်း မသွားခိုင်းဘူး”  

 

ယောက်ျားသားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ချက်ချင်း ပြန်မပြောခဲ့ချေ။

 

ဝူယန်သည်လည်း ထိုသူများကို အတင်းမခိုင်းခဲ့ချေ။ “စဉ်းစားဖို့ အချိန်ယူလိုက်ကြပါ။ ကျွန်တော် မနက်ဖြန်မနက် ထွက်တော့မှာမို့ လိုက်မယ့်သူတွေက ဒီညမှာ အကြောင်းကြားပေးကြ” 

 

တစ်ချိန်တည်းတွင် ယဲ့ကျိုးတစ်ယောက်လည်း အလုပ်ရှုပ်နေခဲ့သည်။ သူက ဝူယန်အတွက် လက်နက်များ ရှာဖွေပေးနေသည်။ သွားများကို တင်းတင်းကြိတ်ကာ လင်းယိုယွမ်၏ တန်ဖိုးရှိသော သရဖူကိုပင် ငွေဖြင့် လဲလှယ်လိုက်ပြီး၊ ကုန်ပစ္စည်းအခန်းတွင် တစ်နေကုန် ရှာဖွေနေခဲ့သည်။

 

ကံကောင်းစွာပင် သေနတ်များမှအပ အခြားကိုယ်ပိုင်ကာကွယ်ရေးကိရိယာများသည် တော်တော်လေး တန်ဖိုးနည်းနေခဲ့၏။

 

ယဲ့ကျိုးက လျှပ်စစ်တုတ်၊ ငရုတ်ကောင်းဖြန်းဆေး နှင့် semi-automatic crossbow လိုမျိုး လေးလက်နက် တစ်ခုကိုပါ ဝယ်ယူလိုက်သည်။

 

ဤပစ္စည်းအားလုံး ပေါင်းလိုက်သည့်တိုင် တစ်သောင်းပင် မကုန်ကျချေ။

 

ဤကုန်သွယ်မှုစနစ်တွင် အပူပေးလက်နက်များက အစျေးအကြီးဆုံး ဖြစ်ပုံရသည်။

 

အခြားအရာများအားလုံးမှာမူ စျေးပေါနေခဲ့၏။

 

ကောင်းသည်ဟု ယူဆရမလား၊ ဆိုးသည်ဟု ယူဆရမလားဆိုသည်ကို သူ မသိခဲ့ချေ။

 

ထိုညနေစာကို ယဲ့ကျိုးတစ်ယောက် မစားနိုင်ခဲ့၊ အစာစားချင်စိတ်လည်း မရှိခဲ့ချေ။ အခြားသူများကို သူ့ကိုယ်စား စွန့်စားမှုများ လုပ်ခိုင်းမိသည်ဟု သူ ခံစားနေရသည်။

 

နေ့လယ်ခင်းတစ်လျှောက်လုံး သူက လက်နက်များကို ကြည့်နေခဲ့သည်။ ရွေးချယ်ပြီးနောက် သူသည် သူ့နဖူးကို ရိုက်လိုက်ပြီး ဝူယန်နှင့် အခြားသူများနှင့်အတူ လိုက်သွားရန် ခဏတာ စဉ်းစားခဲ့သည်။

 

ဝူယန်နှင့် လုံခြုံရေးများ ရောက်လာမှသာ သူတို့နှင့်အတူ အပြင်ထွက်လိုသော ဆန္ဒကို ချုပ်တည်းထားလိုက်တော့၏။

 

“ဒီပစ္စည်းတွေကို မင်းတို့ကြားမှာ ခွဲဝေလိုက်မယ်၊ ပြီးရင် ဘယ်လိုသုံးရမယ်ဆိုတာကို ငါ သင်ပေးမယ်” ယဲ့ကျိုးက ပြောလိုက်သည်။ “မင်းတို့ ပစ္စည်းတွေတော့ ပိုသယ်သွားရလိမ့်မယ်” 

 

လက်နှိပ်ဓာတ်မီး၊ မှန်ပြောင်းနှင့် လက်နက်များအပြင် ယဲ့ကျိုးသည် ပတ်တီးများ၊ Yunnan Baiyao၊ အိုင်အိုဒင်းပိုးသတ်ဆေးနှင့် ပိတ်ပါးစများကို အရေးပေါ်အခြေအနေများအတွက် ပြင်ဆင်ပေးခဲ့သည်။

 

{ T/N : Yunnan Baiyao - တရုတ်တိုင်းရင်းဆေးမှုန့်}

 

ဤပစ္စည်းများမှအပ သူတို့သည်  အစာခြောက်များကိုလည်း သယ်သွားရန် လိုအပ်လိမ့်မည်။

 

သယ်ယူပို့ဆောင်ရေးယာဉ်များ မရှိသည့်အတွက် ခရီးကလည်း ကြမ်းတမ်းပေလိမ့်မည်။

 

ထိုယောက်ျားများသည် ယဲ့ကျိုးကို မျက်နှာချင်းဆိုင် မကြည့်ရဲခဲ့ကြချေ။ သူတို့ မပြောခဲ့ကြသော်လည်း ဝူယန်က သူတို့၏ လက်တွေ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ဝူယန်က ရိုသေစွာဖြင့် ပြော၏ “နတ်မင်း၊ ကျွန်တော်မျိုးတို့အားလုံး လိုက်ဖို့ ဆန္ဒရှိပါတယ်” 

 

တစ်နေ့လုံး ဆွေးနွေးပြီးနောက် ထိုသူများအားလုံးက ဤခရီးသည် အချည်းနှီး ဖြစ်လိမ့်မည် မဟုတ်ဟု ခံစားခဲ့ကြသည်။

 

သို့သော် ဝူယန်မှာ လူတိုင်းကို လိုက်ပါခွင့် မပြုခဲ့ချေ။ သူသည် လူ ရှစ်ဦးထဲမှ သုံးဦးကို ချန်ထားခဲ့ရမည် ဖြစ်သည်။

 

ထိုယောက်ျားများမှာ ခရီးအကြောင်းကို စတင်ကြားသည့်အခါ ကြောက်လန့်သွားကြသည်။ သို့သော်လည်း ပြန်လည်စဉ်းစားကြည့်သည့်အခါ ခရီးက ထင်ထားသလောက် ခက်ခဲလိမ့်မည် မဟုတ်ဟု သိရှိလာကြသည်။

 

အပြင်မှာ ဘာအန္တရာယ်တွေ ရှိနိုင်မှာလဲ? အခုက သူတို့ ဗိုက်ဝနေတဲ့အချိန်ပဲလေ။ မတိုက်နိုင်ရင်လည်း ပြေးနိုင်တာပဲ မဟုတ်လား? ပြေးလို့မမီရင် သစ်တောထဲ ဝင်ပုန်းလို့ရတာဘဲဟာကို

 

ထို့အပြင် နတ်မင်းက သူတို့ကို နတ်လက်နက်များ ပေးလိမ့်မည်ဟုလည်း သူတို့ ယုံကြည်ကြသည်။

 

အပြင်ဘက်ရှိသူများက အသွေးနှင့်အသားဖြင့် ပြုလုပ်ထားသော သာမန်သေမျိုးများသာ ဖြစ်သည်။ မဖျက်ဆီးနိုင်သော ဘီလူးများ မဟုတ်ချေ။ ဘာကိစ္စကြောက်နေစရာ လိုလို့လဲ?

 

ယဲ့ကျိုးတစ်ယောက် ဝူယန်သည် လူများစွာကို စည်းရုံးနိုင်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ဝူယန်အပေါ် သူ၏အမြင်က သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့သည်။

 

မမျှော်လင့်ဘဲ သူ့စူပါမားကတ်တွင် အစွမ်းထက်သူများ၊ ထူးချွန်သူများ ရှိနေခဲ့သည်။

 

“ဒီပစ္စည်းတွေ ယူပြီး ငါနဲ့ အပြင်ကို လိုက်ခဲ့ကြ” ယဲ့ကျိုးက တန်းတန်းမတ်မတ် လျှောက်ထွက်သွားသည်။

 

ဝန်ထမ်းများက ပစ္စည်းများကို အလျင်အမြန် ကောက်ယူကြ၏။

 

 

ထိုပစ္စည်းများကို မည်သို့ အသုံးပြုရမည်ကို သင်ပေးရန်မှာ လုံးဝ မခက်ခဲ့ချေ။ ယဲ့ကျိုးက သင်္ချာဂဏန်းများကို မသင်ပေးနိုင်ခဲ့သော်လည်း လက်နှိပ်ဓာတ်မီးနှင့် မှန်ပြောင်းများကိုတော့ မည်သို့ အသုံးပြုရမည်ကို ရှင်းပြရာတွင် ဖိအားတစ်စုံတစ်ရာ မရှိခဲ့ချေ။

 

ဒူးလေးကိုပင် သူတို့ လျင်မြန်စွာ သင်ယူနိုင်ခဲ့ကြသည်။ တိကျမှုအတွက်တော့ အလေ့အကျင့်အနည်းငယ်သာ လိုအပ်ခဲ့၏။

 

သို့သော်လည်း ပစ်မှတ်ပြမျဉ်းပါရှိသည့်အတွက် တိကျမှု မရှိသည့်တိုင် ပစ်မှတ်ကို အများကြီး လွဲချော်မည် မဟုတ်ချေ။

 

ဝန်ထမ်းများ၏ မျက်နှာများက စိတ်လှုပ်ရှားမှုဖြင့် နီမြန်းနေခဲ့သည်။ ဤပစ္စည်းများမှာ အပြင်ဘက်တွင် အသက်ရှင်သန်နိုင်မည့် သူတို့၏ အာမခံချက်များ ဖြစ်သည်။

 

နတ်ပစ္စည်းများ။ ဒဏ္ဍာရီများထဲမှ အရာများက ယခုအခါတွင် သူတို့၏ လက်ထဲ၌ အမှန်တကယ် ရှိနေခဲ့ပြီ။

 

ယဲ့ကျိုးက မှာကြားလိုက်၏။ “ဒီပစ္စည်းတွေက တခြားသူတွေကို ထိခိုက်စေနိုင်သလို မင်းတို့ကိုလည်း ပြန်ထိခိုက်စေနိုင်တယ်။ လေ့ကျင့်တဲ့အခါ သတိထားကြ၊ ကိုယ့်ကိုယ်ကို မထိခိုက်စေနဲ့”

 

ဝန်ထမ်းများက ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။ “စိတ်ချပါ နတ်မင်း။ ကျွန်တော်မျိုးတို့ သေချာပေါက် သတိထားပါ့မယ်…”

 

ယဲ့ကျိုးက ခေါင်းညိတ်လိုက်သည်။ “ငါ လီရှစ်နဲ့ တခြားသူတွေကို မင်းတို့ ပစ္စည်းတွေ  ထုပ်ပိုးခိုင်းထားလိုက်မယ်။ မနက်ဖြန် ထွက်ကြ၊ ပတ်ဝန်းကျင်နဲ့ ရင်းနှီးသွားပြီဆိုမှ အဝေးကို ဆက်သွားကြ။ နားလည်လား?”

 

ဝန်ထမ်းများက သူ့ကို အကြိမ်ကြိမ် အာမခံလိုက်ကြသည်။ သို့သော်လည်း ယဲ့ကျိုးတစ်ယောက် စိတ်ပူနေသေးသည်။ “ငါ့အမြင်မှာတော့ မင်းတို့ရဲ့ အသက်က အရေးကြီးသလို တခြားသူတွေရဲ့ အသက်ကလည်း အရေးကြီးတယ်။ ဘယ်သူ့အသက်ရယ်ကမှ ပိုအရေးကြီးတယ်လို့ မရှိဘူး။ အပြင်ထွက်တဲ့အခါကျ ကိုယ့်လုံခြုံရေးကို အရင် ဦးစားပေးနော်”

 

ဝန်ထမ်းများက တိတ်ဆိတ်သွားကြသည်။ သူတို့က ယဲ့ကျိုးကို မကြည့်ခဲ့ကြသော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာ အနည်းငယ် တုန်ယင်နေသည်။

 

သူတို့ကိုယ်တိုင်ကပင် သူတို့၏ အသက်များကို အရေးကြီးသည်ဟု မယူဆခဲ့ကြချေ။ သို့သော် နတ်မင်းကမူ သူတို့၏ အသက်များကို တန်ဖိုးထားပေးခဲ့သည်။

 

တကယ်လို့ မင်းမှုထမ်းတွေသာ နတ်မင်းလို စိတ်ဓာတ်မျိုး ရှိခဲ့မယ်ဆိုရင် လယ်သမားတွေဟာ ဒီလောက်ဆိုးဆိုးရွားရွား အခြေအနေမှာ နေနေရပါ့မလား?

 

နှစ်တိုင်း အထွက်ကောင်းတဲ့အချိန်မှာတောင် သူတို့ ဗိုက်ကို ပြည့်အောင် မစားနိုင်ခဲ့ကြချေ။ ရွှေရောင်ဂျုံခင်းကြီးတွေ သူတို့မျက်စိရှေ့မှာရှိနေလျက်နဲ့ အငတ်ဘေးနဲ့ သေဆုံးနေခဲ့ကြရတယ်။ ဘယ်လိုတောင် ယုတ္တိရှိချက်လဲ။

 

အငတ်ဘေးလိုမျိုး ကပ်ဘေးများ ရောက်လာသောအခါ ရာထူးကြီး အရာရှိများက ပထမဆုံး ထွက်ပြေးကြပြီး သူတို့ကိုတော့ ဒီနေရာမှာပင် သေဖို့ ပစ်ထားခဲ့ကြသည်။

 

သူတို့သည် ရိုးသားပြီး ကြိုးစားကြသော်လည်း သူတို့၏ ဘဝများက ပိုပြီး ဆိုးရွားလာရုံသာ ရှိသည်။

 

တစ်သက်လုံး ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ကြသော်လည်း နေထိုင်ဖို့ သင့်တော်သော နေရာတစ်နေရာကိုပင် မပိုင်ဆိုင်နိုင်ခဲ့ကြချေ။ သူတို့၏ နောက်မျိုးဆက်များမှာလည်း ပိုပြီး ဆိုးရွားလာရုံသာ ရှိမည်။ နောက်မျိုးဆက် ရှိခဲ့ရင်ပေါ့လေ။

 

ယဲ့ကျိုးက စကားဆုံးသွားသောအခါ မည်သူတစ်ဦးတစ်ယောက်မှ ပြန်မဖြေသည်ကို သတိပြုမိသည်။ စကားအနည်းငယ် ထပ်ပြောရန် ပြင်ဆင်လိုက်စဉ် ဝန်ထမ်းအချို့၏ မျက်လုံးများတွင် မျက်ရည်များကို တွေ့လိုက်ရ၏။

 

ဒုက္ခများစွာကို ခံစားခဲ့ရသော လူများမှာ အနည်းငယ်မျှသော ချိုမြိန်မှုကိုပင် ခံစားနိုင်ခြင်း မရှိခဲ့ချေ။ သို့သော်လည်း နောက်ဆုံးတွင် ချိုမြိန်မှုကို မြည်းစမ်းခွင့် ရလာသည့်အခါ သူတို့၏ ရင်ထဲတွင် ကြေကွဲဝမ်းနည်းမှုကို မထိန်းနိုင်အောင် ခံစားလိုက်ရသည်။