အပိုင်း (၁၅)
လေက ညင်သာစွာ တိုက်ခတ်နေပြီး မြက်ပင်များကလည်း လှုပ်ခါနေသည်။ အေးမြမှုမရှိသော နွေးထွေးသည့် လေပြေတစ်ခုဖြစ်လေ၏။
တောအုပ်ထဲတွင် လမ်းလျှောက်နေသည်မှာ လူအုပ်စုတစ်စု ဖြစ်သည်။ သူတို့သည် ဟောင်းနွမ်းညစ်ပတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး၊ နောက်ကျောတွင် ကြီးမားသည့် အိတ်တစ်လုံးစီကို သယ်ဆောင်ထားသည်။ မညီညာသော လမ်းကြောင်းပေါ်တွင် တစ်ချက်မျှ ညည်းညူခြင်းမရှိဘဲ လျှောက်လှမ်းနေကြသည်။
လူအုပ်၏ ရှေ့ဆုံးမှ လျှောက်နေသောလူမှာ အခြားသူများထက် အရပ်ပိုရှည်၏။ သူသည် သေးငယ်သော ပုံသဏ္ဌာန်ဝိုင်းဝိုင်းလေးတစ်ခုကို ကိုင်ဆောင်ထား၏။ နတ်မင်းက ထိုအရာအား သံလိုက်အိမ်မြှောင်လို့ ခေါ်သည်ဟု ဆို၏။
ဝူယန်တစ်ယောက် နေနာရီအကြောင်း ကြားဖူးခဲ့သော်လည်း တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ထို့အပြင် သူကြားဖူးခဲ့သော နေနာရီများသည် ဤမျှသေးငယ်မည် မဟုတ်သည်ကတော့ သေချာပေ၏ ။ ၎င်းမှာ လက်တစ်ဖက်ဖြင့် ကိုင်ဆောင်နိုင်လောက်အောင် သေးငယ်ပြီး အပြင်ဘက်၌ “ကျောက်သားအဖုံး” တစ်ခု ပါရှိ၏။ ဘယ်လောက်တောင် နူးညံ့ပြီး သေသပ်လိုက်သလဲ?
“ခဏနားကြရအောင်။ နေ့လယ်ကျမှ ဆက်သွားကြမယ်” ဝူယန်က သစ်ပင်တစ်ပင်အောက်တွင် ရပ်လိုက်ပြီး ပြောလိုက်သည်။
ကောင်းကင်သို့ မြင့်မားစွာ ထိုးထွက်နေသော သစ်ပင်ကြီး၏ အကိုင်းအခက်များနှင့် အရွက်များက နေရောင်ခြည် အများစုကို ကာဆီးထား၏။ သစ်ရွက်များ၏ ဟာကွက်များမှ နေရောင်ခြည် အနည်းငယ်သာ မြေပြင်ပေါ်သို့ စိမ့်ဝင်လာပြီး မညီညာသော အရိပ်များကို ဖြစ်ပေါ်စေခဲ့သည်။
ဝန်ထမ်းများသည် သူတို့၏အိတ်များကို ချွတ်ကာ သစ်ပင်,ပင်စည်ဘေးတွင် ထားလိုက်ကြ၏။ ထို့နောက်တွင် အေးဆေးတည်ငြိမ်စွာ ရေကို သောက်ကြပြီး စားသောက်ကြသည်။
အပြင်ဘက်၌ အအေးခံ အစားအစာများကို စားရသည်က အကောင်းဆုံးမဟုတ်သော်လည်း ရာသီဥတုကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ပူနွေးသော အစားအစာကို မတောင့်တကြချေ။
“ငါတို့သာ စူပါမားကတ်မှာ ရှိနေတုန်းဆိုရင် ဒီနေ့ အအေးစာတွေ စားရမှာ အသေအချာပဲ” ပုလင်းဖုံးကို လှည့်ဖွင့်လိုက်ပြီး ရေတစ်ငုံသောက်လိုက်သောအခါ လူတစ်ယောက်က စိတ်သက်သာရာ ရသည့်အမူအရာဖြင့် ပြောလိုက်သည်။ သူတို့က ရှည်လျားစွာ သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။ “ကြက်သားသုပ် ခေါက်ဆွဲအေး…”
ကြက်သားသုပ် ခေါက်ဆွဲအေးမှာ တကယ်ကို အရသာရှိလှပေသည်။ အခုဆိုလျှင် ချောင်အာ၏မိခင်က ဟင်းခတ်အမွှေးအကြိုင်များကို သုံးတတ်နေပြီ ဖြစ်သည်။ ဆားနှင့်ရှာလကာရည်များပင် ပါပြီး၊ အစပ်ကြိုက်သူများအတွက် ငရုတ်ဆီအနည်းငယ်ကိုပါ ထည့်ပေး၏။ သကြားအနည်းငယ် ထည့်လိုက်သည့်အခါ ဆန်ပြုတ်အေးတစ်ပန်းကန်နှင့် တွဲဖက်လိုက်ပါက လျှာပင် မြိုချချင်လာလောက်အောင် အရသာရှိလှသည်။
၎င်းက အရသာရှိရုံသာမကဘဲ ပြင်ဆင်ရန်လည်း လွယ်ကူ၏။ စူပါမားကတ်တွင် အသားများ မရှားပါးသည့်အပြင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများလည်း ပေါများ၏။ နေ့စဉ် ရိက္ခာများရှိသော်လည်း ဝန်ထမ်းများက သူတို့ရရှိသော သစ်သီးအားလုံးကို တစ်နေ့တည်းနှင့် တစ်ထိုင်တည်းမစားနိုင်ခဲ့ကြချေ။
သူတို့သည် နောက်နေ့အတွက် အမြဲတမ်း ချန်ထားတတ်ကြ၏။ နောက်နေ့အတွက် သစ်သီးအသစ်များ ရရှိမှသာ အရင်နေ့မှ ကျန်ရှိနေသည့် သစ်သီးများကို စားကြသည်။
ထို့ကြောင့် လူတိုင်းတွင် အပိုစာအနည်းငယ်စီ စုဆောင်းမိနေကြသည်။
“စွံပလွန်သီးအကြွပ်လေးတွေက အရသာရှိလိုက်တာ…” လူတစ်ယောက်က သူ့မျက်လုံးများတွင် တောင့်တမှုများ ပြည့်နှက်နေလျက် ပြောသည်။ “လုံးဝမချဉ်ဘူး၊ အရမ်းချိုပြီး အရည်လည်း အရမ်းရွှမ်းတယ်”
နောက်တစ်ယောက်က ထပ်ပြောသည်။ “နာနတ်သီးတွေက အကောင်းဆုံးပဲ။ ဆားရည်နဲ့ စိမ်ပြီးတာနဲ့ အတွင်းသားက ကြွပ်ကြွပ်လေး၊ ဘေးသားတွေက နူးညံ့လာတယ်၊ အချဉ်ဓာတ်လေးလည်း နည်းနည်းရှိနေတာမို့၊ လုံးဝပြီးပြည့်စုံနေရော…”
သူတို့၏ ခရီးစဉ်အတွင်း၌ ဆွေးနွေးရတာ အကြိုက်ဆုံးအကြောင်းအရာမှာ စူပါမားကတ်မှ အစားအစာနှင့် သစ်သီးများသာ ဖြစ်သည်။
အထူးသဖြင့် သစ်သီးများပင် ။
အရင်တုန်းကတော့ ဗိုက်ပြည့်အောင် စားဖို့ပင် ခက်ခဲခဲ့သည်။ လယ်ကွင်းများအားလုံးမှာ သီးနှံစိုက်ပျိုးရန်အတွက်သာ အသုံးပြုခဲ့ရာ၊ မြေပိုင်ရှင်ကြီးများမှလွဲ၍ မည်သူက သစ်သီးပင်များ စိုက်ပျိုးရဲပါ့မလဲ?
တောတောင်ထဲက သစ်သီးရိုင်းများမှအပ၊ သူတို့သည် သင့်တော်သော သစ်သီးများကို တစ်ခါမှ မမြည်းစမ်းဖူးခဲ့ကြချေ။ သစ်သီးရိုင်းများကလည်း အရသာမရှိ။ ခါးလျှင်ခါး သို့မဟုတ် ချဉ်သည်။ ချိုသော သစ်သီးများကို ရှာတွေ့ခဲ့လျှင်ပင် ဘုရားသခင်၏ ကျေးဇူးတော်ဟုသာ သတ်မှတ်နိုင်မည် ဖြစ်သည်။
အထူးသဖြင့် သူတို့အတွက် အသီးမှည့်များကို ငှက်ရိုင်းများက မကြာခဏဆိုသလို စောင့်ကြည့်နေတတ်သည်။ ထို့ကြောင့် သူတို့က ဤအသီးများကို ရှာဖွေတွေ့ရှိသည့်အခါ ငှက်ရိုင်းများ၏ စားကြွင်းစားကျန်များနှင့်သာ တွေ့ရလေ့ရှိပြီး ကောင်းမွန်သည့်အသီး အနည်းငယ်သာ ကျန်ရှိတော့သည်။
“နတ်မင်းက သကြားတောင် ယူခိုင်းတယ်” ဝန်ထမ်းတစ်ဦးက သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး “ဒီလိုနေ့မျိုး ရောက်လာမယ်လို့ တစ်ခါမှ အိပ်မက်မမက်ဖူးဘူး”
လယ်သမားများနှင့် အသင့်အတင့် ချမ်းသာသော မိသားစုများအတွက် သကြားမှာ ဇိမ်ခံပစ္စည်းတစ်မျိုးပင် ဖြစ်သည်။
ပွဲတော်များနှင့် စုဝေးပွဲများတွင် မုယောစပါးမှပြုလုပ်သော သကြားက အတွေ့ရအများဆုံး ဖြစ်သည်။ သို့သော်လည်း ၎င်း၏ ထုတ်လုပ်မှုအတွက် သီးနှံများ လိုအပ်သည်ဖြစ်ရာ၊ ဗိုက်ကို ပြည့်စေသော သီးနှံများကို အရသာအတွက်သာ သုံးဖို့ လူအနည်းငယ်ကသာ ဆန္ဒရှိကြ၏။
ရောင်းချသူများ ရှိနေသည့်တိုင် ပိုက်ဆံကို ဂရုတစိုက်သုံးစွဲသော သာမန်လူများအတွက် သကြားဝယ်ယူခြင်းသည် ကောင်းသော ကုန်သွယ်မှု မဟုတ်ချေ။
သကြားညိုနှင့် ပျားရည်တို့ကိုဆိုလျှင်တော့ ပြောစရာပင်မလိုချေ။ ချမ်းသာကြွယ်ဝသူများသာ အရသာခံစားနိုင်ကြသည်။
ဗိုက်ပြည့်အောင် သကြားစားရဖို့ဆိုတာ မဖြစ်နိုင်လောက်သော အိပ်မက်တစ်ခုပမာသာ ဖြစ်၏။
အမြဲတမ်း အဆုံးမသတ်နိုင်သော အိပ်မက်ထဲတွင်ပင် ဤမျှများပြားသော သကြားများ မပါရှိခဲ့ချေ။
ဝူယန်က ရယ်မောလိုက်ပြီး “အမြဲတမ်း အစားအသောက်အကြောင်းပဲ ဘာလို့ စဉ်းစားနေကြတာလဲ?”
ဝန်ထမ်းများက ဝိုင်းဖွဲ့ကာ တစ်ယောက်တစ်ခွန်း ပြောကြသည်။ “အစားအသောက်အကြောင်း မစဉ်းစားရင် ဘာကို စဉ်းစားရမှာလဲ? ကျွန်တော့်မိဘတွေကိုလည်း ကျွန်တော် ထောက်ပံ့စရာ မလိုတော့ဘူး။ သူတို့ကိုယ်တိုင်လည်း အလုပ်လုပ်နေကြပြီး နတ်မင်းက လစာ ပေးနေတာပဲ။ ကျွန်တော်က အစားအသောက်အကြောင်းပဲ တွေးလို့ရတာ မဟုတ်လား?”
“နောင်တစ်ချိန်ကျ နတ်မင်း တကယ်နတ်ပြည်ပြန်သွားရင်လည်း ကျွန်တော့်ရဲ့ နောက်မျိုးဆက်တွေကို ပြောပြနိုင်တာပေါ့၊ သူတို့ရဲ့ ဘိုးဘွားတွေက တစ်ချိန်က စိတ်ရှိလက်ရှိ သကြားစားခဲ့ဖူးတယ်ဆိုတာကိုလေ..”
“မင်းကော နတ်မင်း နတ်ပြည်ပြန်သွားမယ်လို့ ထင်လား”
ဝန်ထမ်းများက ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
သူတို့ ရရှိထားသော အရာအားလုံးသည် နတ်မင်းကို မှီခိုနေရသည်ချည်းပင်။ နတ်မင်းသာ ထွက်ခွာသွားခဲ့လျှင် သူတို့က ဘာမှမရှိတော့ဘဲ၊ ခြေနင်းပြားဘဝသို့ ပြန်ရောက်သွားကြမည် ဖြစ်သည်။
သူတို့၏ မျက်နှာငယ်နေသော အမူအရာများကို မြင်သောအခါ ဝူယန်က ချက်ချင်းပင် စိတ်သက်သာရာရစေရန် ပြောလိုက်သည်။ “နတ်မင်းက ကောင်းကင် ဘေးအန္တရာယ် ကျော်လွှားဖို့အတွက် ဒီနေရာကို ရောက်လာတာ... သူက ကျွန်တော့်ကို ပြောပြဖူးတယ်၊ သူက လူကောင်းပေါင်း ထောင်နဲ့ချီပြီး ကယ်တင်ဖို့ လိုတယ်တဲ့...”
ထောင်နဲ့ချီ…
ဝန်ထမ်းများက အံ့ဩတကြီးဖြင့် ဝူယန်ကို ကြည့်လိုက်ကြပြီး “ထောင်နဲ့ချီဆိုတာ ဘယ်လောက်လဲဟင်?”
“ငါက တစ်ရာအထိပဲ ရေတတ်တာ...”
“ငါကတော့ တစ်ထောင်အထိ ရေတွက်တတ်တယ်။ လူတစ်ထောင်ဆိုရင်တောင် ပြည့်နေမှာပဲ”
ဝူယန်က “ထောင်နဲ့ချီ” ဆိုသည်မှာ မည်မျှများပြားသည်ကို အမှန်တကယ် မသိချေ။ သို့သော်လည်း ၎င်းက သူ့ကို ဆက်ပြောရန် မတားဆီးနိုင်ခဲ့ချေ။ “ကျွန်တော်တို့အားလုံး သေသွားနိုင်တယ်၊ ဒါပေမဲ့ နတ်မင်းကတော့ ဒီမှာပဲ ရှိနေလိမ့်မယ်...”
ထိုစကားများကြောင့် ဝန်ထမ်းများမှာ စိတ်သက်သာရာ ရသွားကြသည်။
“နတ်မင်းက အိုခြင်းနဲ့ သေခြင်း မရှိဘူး။ ကျွန်တော့်မြေးလေးတောင် သူ့ကို ဆက်ပြီး အမှုတော်ထမ်းနိုင်ဦးမယ် ထင်တယ်...”
“နတ်မင်းကို အကောင်းဆုံး အမှုတော်ထမ်းကြရအောင်။ သူသာ တစ်နေ့ကျ တကယ် ထွက်သွားရင်တောင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဂရုစိုက်လို့ရနိုင်သေးတယ်”
စားသောက်အနားယူပြီးနောက် ဝန်ထမ်းများသည် သူတို့၏ အိတ်များကို ပြန်လည်သယ်ဆောင်ပြီး ထွက်ခွာကြသည်။ သူတို့က ကျန်းမာရေးများ တိုးတက်လာခဲ့ပြီး အရွယ်ကောင်းသော ယောက်ျားများဖြစ်ကြသည်။ လက်ထဲတွင် ဓာတ်မီးများ ရှိနေသဖြင့် မှောင်သွားပြီးနောက်တွင်ပင် လမ်းဆက်လျှောက်နိုင်ကြ၏။ ထို့ကြောင့် တောအုပ်အစွန်းသို့ ရောက်ရှိရန် နှစ်ရက်သာ ကြာခဲ့သည်။
နှစ်လကြာပြီးနောက် တောအုပ်အစွန်းတွင် လူများ မရှိတော့ချေ။ ကျန်ရှိနေသူများမှာလည်း ထွက်ပြေးနေကြသည် သို့မဟုတ် သေဆုံးနေကြပြီး၊ ပုပ်ပွနေသော ရုပ်အလောင်းများကိုသာ ချန်ထားခဲ့ကြသည်။
လူသေကောင်များမှ ထွက်သော အနံ့ဆိုးသည် သည်းမခံနိုင်လောက်အောင် ဖြစ်ပြီး၊ ပူပြင်းသော ရာသီဥတုကလည်း အနံ့ကို ပို၍ ပြင်းထန်စေသည်။ ဝူယန်တစ်ယောက် သူ့နှာခေါင်းကို မထိန်းနိုင်ဘဲ ဖုံးလိုက်မိသည်။ အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် ပြောလိုက်၏။ “တောင်ဘက်ကို ဆက်သွားကြမယ်”
သူတို့ ထွက်ပြေးစဉ်က ရုပ်အလောင်းများကို အနည်းငယ် အသားကျလာခဲ့ကြသော်လည်း ယခုအခါတွင် ပုပ်ပွဆွေးမြည့်နေသော အကြွင်းအကျန်များကို ကြည့်ပြီး၊ ထူးဆန်းသော သနားကြင်နာမှုကို ခံစားနေရသည်။ ၎င်းက သူတို့၏ မျိုးနွယ်တူများအတွက် ဝမ်းနည်းခြင်းမျိုး ဖြစ်၏။
“နောက်ပြန်လာတဲ့အခါ အချိန်ရရင် ကျင်းလေး တူးပြီး မြေမြှုပ်ပေးသင့်တယ်” တစ်ယောက်ယောက်က တိုးတိုးလေးပြောသည်။
ဝူယန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်၏။ “အချိန်ရောက်မှ ဆုံးဖြတ်ကြတာပေါ့”
လူအုပ်က တောအုပ်၏အစွန်းအတိုင်း တောင်ဘက်သို့ ဆက်လက် လျှောက်သွားကြသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် လူသေအလောင်းများ သို့မဟုတ် အရိုးစုများကိုသာ တွေ့ကြရသည်။ သစ်ပင်များမှ သစ်ခေါက်များကိုလည်း ခွာယူထားကြပြီး၊ တောဟင်းသီးဟင်းရွက်များ၏ အရိပ်အယောင်ပင် မရှိချေ။ တစ်ခါတစ်ရံတွင် ခြောက်သွေ့နေသော မြစ်အနီးအနားတွင် ကျင်းများကို တွေ့ကြရသည် — ထိုနေရာများက လူများ ရေတူးရန် ကြိုးစားခဲ့သော နေရာများ ဖြစ်၏။
ဆယ်ရက်ကျော်ခန့် လမ်းလျှောက်ခဲ့ကြပြီးနောက်၊ ညရောက်ခါနီးအချိန်တွင် သူတို့က မီးရောင် မှိန်မှိန်လေးတစ်ခုကို အဝေးမှ တွေ့လိုက်ရသည်။ တစ်ယောက်ယောက်က ရှေ့မှာရှိနေသည်!
ဝူယန်က သူ့အုပ်စုကို တောထဲသို့ ချက်ချင်း ဦးဆောင်သွားပြီး သစ်ပင်များ၏ အကွယ်ကို အသုံးပြုကာ မီးရောင်ရှိရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။
လူများမှာ အတော်လေး များပြားသည့်အတွက် အခြေအနေကို ပိုမိုနီးကပ်စွာသိစေရန်၊ ဝူယန်က အသေးငယ်ဆုံးနှင့် အပိန်ဆုံးလူနှစ်ဦးကိုသာ ရှေ့သို့ ဆက်သွားရန် ခွင့်ပြုလိုက်၏။
ဤလူနှစ်ဦးထဲမှ လီရှစ်မှာ ပိန်သူဖြစ်ပြီး ချန်လျိုမှာတော့ သန်မာသူဖြစ်သည်။ သူတို့က လယ်သမားများထဲမှ အဆင်းရဲဆုံး အုပ်စုတွင် ပါဝင်သည်။ သူတို့၏ မိသားစုများက ပညာသင်ကြားပေးနိုင်ခြင်းမရှိသလို သင့်လျော်သော နာမည်တစ်ခု ပေးနိုင်ရန်အတွက် နက္ခတ်ဆရာကိုပင် ငွေပေးနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူတို့သည် “ခွေးဥ” နှင့် “နွားချေး” စသော မနှစ်မြို့ဖွယ်ရာ နာမည်များဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ အသက်ကြီးလာသည်နှင့်အမျှ ထိုသို့သော နာမည်များဖြင့် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရန် စိတ်အားထက်သန်မှု နည်းပါးလာပြီး၊ သူတို့၏ အဆင့်များကိုသာ အသုံးပြုကြတော့သည်။
လီရှစ်ခမျာ သစ်ပင်နောက်၌ ပုန်းနေလျက် မီးပုံပတ်လည်ရှိ ပုံရိပ်များကို လျင်မြန်စွာ တွေ့လိုက်ရသည်။
ထိုသူများကို မြင်သည်နှင့် သူ့မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူလျော်ဖြစ်ကာ သွေးများပင် ခြောက်သွားသည်။
သူ ဒီလူတွေကို မှတ်မိတာပေါ့!
သူတို့က ဓားပြတွေ!
မိုးခေါင်ရေရှားမှု မဖြစ်ပွားမီကပင် မြောက်ပိုင်းဒေသများမှာ ဓားပြများ၏ဘေးနှင့် ကြုံတွေ့နေရပြီး၊ သူတို့၏ ခေါင်းဆောင်များက မြစ်ထဲရှိ ငါးများကဲ့သို့ ပေါများလှသည်။
သူတို့ တောင်များပေါ်မှ ဆင်းလာသည့်အခါ သို့မဟုတ် တောအုပ်များမှ ထွက်လာသည့်အခါတိုင်း လမ်းတစ်လျှောက်ရှိ အရာအားလုံးကို မီးရှို့ သတ်ဖြတ်ကြသည်။ ဓားပြများကို အကြိမ်ပေါင်းများစွာ နှိမ်နင်းရန် ကြိုးစားခဲ့၏။ သို့သော် အဖွဲ့တစ်ဖွဲ့ကို နှိမ်နင်းလိုက်တိုင်း ၎င်း၏နေရာ၌ အခြားအဖွဲ့ပေါင်းများစွာ ပြန်လည် ပေါ်ပေါက်လာလေတော့သည်။
သာမန်လူများက မိမိတို့၏ ကလေးများကို ဆက်သရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ ဓားပြခေါင်းဆောင်များက သူတို့ကိုတော့ အသက်ရှင်လျက် ချန်ထားခဲ့ရန် မျှော်လင့်၍သာ ဖြစ်၏။
မီးပုံပတ်လည်တွင် စုဝေးနေသော ယောက်ျားများအားလုံးသည် ဓားရှည်များကို သယ်ဆောင်ထားကြပြီး အဝါရောင်ခါးပတ်များကို ဝတ်ဆင်ထားကြ၏။ သူတို့သည် နာမည်ဆိုးဖြင့် ကျော်ကြားသော ဓားပြဝါများပင်!
လီရှစ်တစ်ယောက် ဓားပြဝါများကို တစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း သူတို့၏ နာမည်ကိုတော့ သေချာပေါက် ကြားဖူးခဲ့သည်။ ဓားပြဝါများက သူတို့၏ အရွယ်ကောင်းများတွင် ကြမ်းကြုတ်ရက်စက်သော စစ်သည်တော်များဖြစ်ကြသည်။ သူတို့၏ နာမည်ကို ရိုးရိုးလေး ဖော်ပြလိုက်ရုံနှင့် ကလေးများက ညဘက်တွင် ငိုခြင်းကို ရပ်တန့်သွားကြသည်။
ဤဓားပြများမှာ မျက်တောင်ပင်မခတ်ဘဲ သတ်နိုင်သည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။
သူတို့မှာ သေချာပေါက် လူကောင်းများ မဟုတ်ချေ!
—
ဝန်ထမ်းများ ထွက်ခွာသွားပြီးနောက် ယဲ့ကျိုးသည် မငြိမ်မသက် ဖြစ်နေခဲ့ပြီး လင်းယိုယွမ်၏ အဝတ်အစားများကိုပင် စစ်ဆေးရန် မေ့လျော့သွားခဲ့သည်။
သူ သတိရလိုက်သည့်အခါတွင် ချောင်အာ၏မိခင်က လင်းယိုယွမ်၏ အဝတ်အစားများကို နှစ်ကြိမ်တိုင်အောင် လျှော်ဖွတ်ပြီး ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အဝတ်အစားများတွင် ဆိုးဆေး အများအပြား မရှိသည့်အပြင် အရည်အသွေးလည်း ကောင်းမွန်သောကြောင့် ပျက်စီးမသွားခဲ့ချေ။
ယဲ့ကျိုးမှာ ချောင်အာ၏မိခင်ကို မဆူနိုင်ခဲ့ချေ။ သူ(မ)တွင် စေတနာကောင်းများ ရှိခဲ့သည် မဟုတ်ပါလား?
လူတိုင်း အိပ်ပျော်သွားပြီးနောက် သူသည် ငွေရှင်းကောင်တာသို့ သွားကာ အဝတ်အစားများကို စစ်ဆေးလိုက်၏။
“တန်ဖိုးရှိမဲ့ပုံပဲ” ယဲ့ကျိုးတစ်ယောက် အထည်များကို ထိတွေ့ကြည့်ရာ ခေတ်သစ်အထည်များထက် သိပ်မကောင်းလှကြောင်း သိလိုက်ရသည်။ သို့သော်လည်း အထည်၏ ပစ္စည်းများကြောင့် ထိတွေ့ရန် နူးညံ့နေသော်လည်း ပုံစံက အလွယ်တကူ မပျက်စီးနိုင်ချေ။
ယဲ့ကျိုးက အဝတ်အစားများကို စကန်ဖတ်ပြီးနောက် မျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်သည်။
အဖြူရောင်ပိတ်ချောဝတ်ရုံ ၁ ထည်
ဝင်ငွေ- ၁၆၀,၂၀၀ ယွမ်
တိမ်ပျံဖိနပ် ၁ ရံ
ဝင်ငွေ- ၈၄,၃၆၂ ယွမ်
ယဲ့ကျိုး သူ့မျက်လုံးများကိုပင် မထိန်းနိုင်ဘဲ ပြူးကျယ်သွားခဲ့သည်။ သူ အံ့ဩသွား၏။
ဒီပစ္စည်းလေးနှစ်ခုက... ဒီဘက်ခေတ်မှာ ဒီလောက်တောင် တန်ဖိုးရှိတာလား?
သရဖူကို ငွေဖြင့် လဲလှယ်ပြီး ဝူယန်နှင့် အခြားသူများအတွက် ကိုယ်ပိုင်ကာကွယ်ရေး ပစ္စည်းများ ဝယ်ယူပြီးနောက် သူ့တွင် ၂၂၀,၀၀၀ ယွမ်ခန့် ကျန်ရှိနေသေးသည်။ အဝတ်အစားနှင့် ဖိနပ်များမှ ငွေများကို ပေါင်းလိုက်သည့်အခါ သူသည် စုစုပေါင်း ၄၇၀,၀၀၀ ယွမ်နီးပါး ရရှိခဲ့သည်။
ဈေးအသက်သာဆုံး လက်နက်ငယ်ကိုပင် ဝယ်ယူနိုင်ရန် မလောက်သေးသော်လည်း သူ့ပန်းတိုင်နှင့် ၃၀,၀၀၀ ယွမ်သာ လိုတော့သည်။
ယဲ့ကျိုးတစ်ယောက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူက မျှော်လင့်ချက်၏ အရုဏ်ဦးကို တစ်ဖန် ပြန်လည်မြင်လိုက်ရသည်!
ယဲ့ကျိုးသည် လင်းယိုယွမ်၏ ခါးပတ်ကို ရုတ်တရက် သတိရလိုက်သည်။ ထိုခါးပတ်သည်လည်း တန်ဖိုးရှိပုံရသည်။ ဖိနပ်များထက်ပင် ပိုမိုတန်ဖိုးရှိနိုင်၏။
ယဲ့ကျိုး- “…”
လင်းယိုယွမ်က ခါးပတ်ကို ဘာလို့ မထားခဲ့တာပါလိမ့်?
လူချမ်းသာများက အမှန်တကယ် ကွဲပြားကြသည်။ သူတို့၏ အဝတ်အစားနှင့် အသုံးအဆောင်များက စုစုပေါင်းခုနစ်သိန်းမှ ရှစ်သိန်းအထိ တန်ကြေးရှိနေနိုင်၏။
တစ်ဖက်တွင်တော့ ဘေးဒဏ်ခံနေရသော ဒုက္ခသည်များမှာ သူတို့၏ အဝတ်အစားတစ်ခုလုံးအတွက် ယွမ်တစ်ရာပင် မရရှိနိုင်ခဲ့ကြချေ။
ယဲ့ကျိုးတစ်ယောက် လင်းယိုယွမ်၏ ခါးပတ်ကို လက်လွှတ်လိုက်ရသည်ကို ဝမ်းနည်းရမည်လား သို့မဟုတ် အလုပ်သမားလူတန်းစားများ၏ ဆင်းရဲဒုက္ခများကို ဝမ်းနည်းရမည်လားဆိုသည်ကိုတော့ မသိခဲ့ချေ။
ငွေရှင်းကောင်တာတွင် အဝတ်အစားနှင့် ဖိနပ်များ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ယဲ့ကျိုးက အနားယူဆောင်သို့ ပြန်လာခဲ့သည်။ သူသည် instant coffee ကို သောက်လိုက်ပြီး ကွန်ပြူတာမျက်နှာပြင်ကို ကြည့်လိုက်၏။ သူက စူပါမားကတ်၏ စာရင်းကို ပြန်ဖြည့်ဖို့ ပြင်ဆင်နေ၏။
ဘာပဲဖြစ်ဖြစ် စူပါမားကတ်ဝန်ထမ်းများက ဤအချိန်အတွင်း၌ အစားအသောက်များ အတော်အတန် သုံးစွဲခဲ့ကြသည်။
ဤပစ္စည်းများအားလုံးကို ကုန်သွယ်မှုစနစ်မှ ပြန်လည်ဖြည့်တင်းနိုင်မည် ဖြစ်သည်။
ယဲ့ကျိုးက ကွန်ပြူတာကို ဖွင့်ပြီး စာရင်းကဏ္ဍသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်စဉ် Pixel ပုံစံ မီးရှူးမီးပန်းများက မျက်နှာပြင်ပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။
၎င်းမှာ သူ မူလတန်းကျောင်းတုန်းက ဆော့ဖူးသည့် ဂိမ်း console graphics နှင့် ဆင်တူပြီး၊ high-definition screen မပါရှိသောကြောင့် pixel ပွိုင့်များဖြင့်သာ တည်ဆောက်ထားသည်။
မီးရှူးမီးပန်းများ “ပြသ” ပြီးနောက် ငါးစက္ကန့်ကြာသောအခါ အဝါရောင် စာသားတစ်ကြောင်း ပေါ်လာသည်။
“ဂုဏ်ယူပါတယ်၊ မင်းရဲ့ credit ကောင်းမွန်သဖြင့် အလုပ်ခန့်ခွင့်ရရှိပါပြီ။”
ယဲ့ကျိုးတစ်ယောက် ဤစာသားကို ရှုပ်ထွေးစွာ ကြည့်နေမိသည်။ သူ အစကတည်းက ဝန်ထမ်းတွေ ခန့်ထားပြီးသား မလား? “အလုပ်ခန့်ခွင့်ရရှိပါပြီ" ဆိုတာ ဘာကိုဆိုလိုတာလဲ?
ဤစာသား ပျောက်ကွယ်သွားပြီးနောက် မူလ စာမျက်နှာတွင် အလုပ်ခန့်အပ်မှု ကဏ္ဍအသစ်တစ်ခု ပေါ်လာသည်။
ယဲ့ကျိုးက နောက်တွန့်မနေဘဲ ဤကဏ္ဍတွင် မည်သည့်အရာများ ရှိသည်ကို ကြည့်ရန် ချက်ချင်း clickကို နှိပ်လိုက်သည်။
သူ ဝင်ရောက်လိုက်သည်နှင့် ယဲ့ကျိုး၏ အသက်ရှူနှုန်း ရပ်တန့်သွားပြီး သူ့ကိုယ်ခန္ဓာက မထိန်းနိုင်ဘဲ ရှေ့သို့ ကိုင်းညွတ်သွားကာ မျက်နှာပြင်နှင့်ပင် ထိလုနီးပါး ဖြစ်သွားသည်။
ဒီကွန်ပျူတာက နောက်ဆုံးတော့ လူသားဆန်လာပြီ!
အလုပ်ခန့်အပ်မှုကဏ္ဍတွင် “စားဖိုမှူး”၊ “ကိုယ်ရံတော်”၊ “လုံခြုံရေး”၊ “စျေးဝယ်လမ်းညွှန်” စသည်ဖြင့် အမျိုးအစားများစွာရှိသော အလုပ်အကိုင်များ ပါရှိပြီး၊ ၎င်းတို့က စူပါမားကတ်နှင့် နီးနီးကပ်ကပ် ဆက်စပ်နေ၏။
ထို့အပြင် ဓာတ်ပုံများကို နှိပ်လိုက်ပါက လူတစ်ဦးချင်းစီ၏ အချက်အလက်များ ပေါ်လာမည်ဖြစ်သည်။
အလုပ်ခန့်အပ်မှုတွင် အချိန်ကန့်သတ်ချက် ရှိသည်။ ဥပမာအားဖြင့် credit ၁၀,၀၀၀ ဖြင့် တစ်စုံတစ်ဦးကို အလုပ်ခန့်အပ်ခြင်းမှာ တစ်လအတွက်သာ ဖြစ်ပြီး၊ အနည်းဆုံး အလုပ်ခန့်နိုင်သည့် အချိန်မှာ တစ်လ ဖြစ်သည်။
အလုပ်အကိုင် အများစုမှာ သုံးလမှ စတင်၏။
ယဲ့ကျိုးတစ်ယောက် ကွန်ပျူတာကို "ချစ်မြတ်နိုးသော" အကြည့်ဖြင့် ကြည့်နေခဲ့ပြီး ၎င်း၏ "ဦးခေါင်း"ကို ပုတ်ရန်ပင် လက်ကို ဆန့်တန်းလိုက်သည်။ “နောက်ဆုံးတော့ မင်းမှာ ကိုယ်ချင်းစာတရားရှိလာပြီပဲ”
သူ ကိုယ်ရံတော် ခန့်ဖို့ လိုနေပြီ!
၎င်းတို့သည် ကိုယ်ပိုင်လက်နက်များ သယ်ဆောင်ခွင့်ရှိမရှိကို သူ မသိသော်လည်း တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားသည့် အမျိုးအစားကိုသာ ခန့်လိုသည်။
ဘာပဲဖြစ်ဖြစ် သူက သေနတ်သေးသေးလေးတောင် မဝယ်နိုင်တဲ့ ဆင်းရဲသားလေးတစ်ယောက်ပဲလေ။
စာရေးသူ၏ မှတ်ချက် :
နောက်ဆုံးတော့ top ပေါ်လာတော့မှာပဲ ဖြစ်ပါတယ်!
ကျွန်တော်ရေးခဲ့သမျှ ဝတ္ထုတွေတည်းက Top ပါတာ အနောက်ကျဆုံး ဝတ္ထုပါပဲ {ဒါပေမဲ့ သူ့နာမည်ကတော့ ဝတ္ထုအစပိုင်းမှာတည်းက ပါခဲ့တာပဲလေနော့်}