Chapter 13
Viewers 2k

အပိုင်း (၁၃)

 

ညဘက်တွင် လသာ၍ ကြယ်များ တစ်မှိတ်မှိတ်တောက်ပနေပြီး၊ အနားယူဆောင်မှ မီးရောင်က အချိန်အတော်ကြာအောင် လင်းနေခဲ့သည်။

 

ယဲ့ကျိုးက ကွန်ပျူတာရှေ့တွင် ထိုင်နေပြီး၊ သူ့ရှေ့တွင် စာအုပ်တစ်အုပ်ဖွင့်ထားသည်။

 

“ကုန်ပစ္စည်းများ” အပိုင်းတွင် ပစ္စည်းများကို အမျိုးအစားခွဲထားပြီးဖြစ်သော်လည်း “Bookmark” ခလုတ် မပါခဲ့ချေ။ ယဲ့ကျိုး ရှာဖွေတိုင်း အစမှအဆုံးထိ ပြန်ရှာရသည်။ ဤအရာက အဆင်မပြေလွန်းပေ။ ထို့ကြောင့် ယဲ့ကျိုးက သူ အရေးတကြီးလိုအပ်သည့် ပစ္စည်းများကို တစ်ညလုံးထိုင်၍ ချရေးရန် စီစဉ်ခဲ့သည်။

 

မည်သည့်ပစ္စည်းက မည်သည့်စာမျက်နှာ၊ မည်သည့်လိုင်းတွင် ရှိသည်ကိုသာ သူ မှတ်သားထားရန် လိုအပ်သည်။

 

ယဲ့ကျိုး စိတ်အဝင်စားဆုံး အရာများမှာ သေနတ်များဖြစ်သည်။ သေးငယ်သော လက်ပစ်သေနတ်များ သို့မဟုတ် ပစ္စတိုများသာမက ရိုင်ဖယ်များပင်ရလျှင် သူ ဂရုမစိုက်ပါ။ သေနတ်တစ်လက်သာ ရှိခဲ့မည်ဆိုလျှင် သူ ပိုမိုလုံခြုံသည်ဟု ခံစားရမည်ဖြစ်ပြီး၊ ထို့နောက်တွင် သူက အပြင်သို့ထွက်၍ စီးပွားရေးလုပ်ရန် တွန့်ဆုတ်တော့မည်မဟုတ်ချေ။

 

သူက ကျန်းထိုက်ကုန်းပုံစံအတိုင်း ဆက်လက်နေထိုင်နိုင်ရုံသာ ရှိတော့သည်။

 

{T/N: ကျန်းထိုက်ကုန်း - တရုတ်နိုင်ငံမှ စစ်မှုရေးရာ ကျွမ်းကျင်သူတစ်ဦး၊ ယခုအခါတွင် သူတစ်ပါးလာရောက် ကူညီမှုကိုသာ ထိုင်စောင့်နေရသည့် အခြေအနေကို ရောက်နေသူ}

 

သူ၌ ပိုက်ဆံရှိခဲ့လျှင် လုံခြုံရေးအဖွဲ့ကိုလည်း လေ့ကျင့်ပေးရန် စီစဉ်ထားသည်။ သို့သော်လည်း ဤလုံခြုံရေးသမားများက သူ့ကို ပြန်မတိုက်ခိုက်ကြောင်း သေချာရန်တော့ လိုအပ်သည်။

 

သို့သော် ဤအရာက အနည်းငယ် ခက်ခဲသည်။ ယဲ့ကျိုးမှာ လူ့သဘာဝကို အထင်မသေးသလို၊ အထင်လည်း မကြီးခဲ့ချေ။

 

အကယ်၍ လုံခြုံရေးသမားများက သူသည် နတ်ဘုရားတစ်ပါးမဟုတ်ဘဲ၊ စူပါမားကတ်ပိုင်ဆိုင်သော သာမန်လူတစ်ဦးသာဖြစ်သည်ကို သိရှိသွားပါက သူ့စကားကို နားထောင်နေဦးပါ့မလား? ဒီလို အေးအေးချမ်းချမ်း နေရတာကို ကျေးဇူးတင်ကြပါ့မလား? လိုချင်တပ်မက်မှုတွေ ပေါ်လာလိမ့်မယ်မလား?

 

ဒီပစ္စည်းတွေ အကုန်လုံးကို လိုချင်လို့ သူ့ကို သတ်ဖို့အထိ တွေးမိကြမှာလား? ဒီလို ကိစ္စမျိုးဆိုရင် လုံခြုံရေးတွေက တကယ်ပဲ ဘာမှ မဖြစ်ဘဲနေပါ့မလား ?

 

အထူးသဖြင့် လုံခြုံရေးအများစုသည်လည်း ပညာတတ်‌များမဟုတ်ပေ ၊ ကျေးဇူးဆပ်တယ်ဆိုတဲ့ အသိစိတ်မျိုး သူတို့၌ ရှိချင်မှ ရှိမည်ဖြစ်သည်  ။ ရှိခဲ့လျှင်တောင်မှ တကယ်တမ်း ဘယ်နှယောက်လောက်များက ကျေးဇူးဆပ်ကြမည်နည်း ?

 

ဒါပေမဲ့ လုံခြုံရေးတွေကို လက်နက်တွေ မပေးထားရင်လည်း အရေးပေါ်အခြေအနေတစ်ခုခု ကြုံလာတဲ့အခါ သူတစ်ယောက်တည်းနဲ့ ဒီစူပါမားကတ်ကို ဘယ်လောက်ကြာကြာ ကာကွယ်နိုင်မှာလဲ?

 

ယဲ့ကျိုးတစ်ယောက် သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ မနက် ၃ နာရီ ရှိပြီဖြစ်သော်လည်း၊ သူ အိပ်ချင်စိတ် လုံးဝမရှိခဲ့ချေ။

 

သူက လမ်းဆုံးသို့ လျှောက်သွားမိပြီဟု ခံစားမိပြီး၊ ထွက်ပေါက်မရှိတော့ပေ​ ။ ဝင်ပေါက်ကလည်း ပိတ်ထားပြီး၊ သူ့တွင် မည်သည့် ရွေးချယ်စရာမှ မရှိတော့ချေ။

 

စိုးရိမ်ပူပန်မှုများစွာဖြင့်၊ သူက ဖြေရှင်းချက်ကို ချက်ချင်း မစဉ်းစားနိုင်ခဲ့ချေ။

 

ထားပါတော့လေ၊ ပိုက်ဆံအရင် ရှာမယ်၊ ပြီးမှ လက်နက်တွေ ဝယ်ဖို့ လုံလောက်အောင် ထပ်ရှာကြတာပေါ့။

 

သူက လင်းယိုယွမ်၏ သရဖူက ဤခေတ်၏ ဝယ်ယူနိုင်စွမ်းအရ ယွမ်သုံးသိန်းနီးပါး တန်ကြောင်း အရင်က စစ်ဆေးထားခဲ့သည်။

 

ယဲ့ကျိုးက ၎င်းကို  ငွေအဖြစ် ချက်ချင်း မလဲလှယ်သေးချေ။ သူက အခုအတွက်တော့ သိမ်းထားရန် စီစဉ်ခဲ့သည်။ သူ၌ လုံလောက်သော ပိုက်ဆံရှိလာခဲ့လျှင် လက်ပစ်သေနတ်တစ်ခုကို အရင်လဲလှယ်မည်။

 

စီးပွားရေးလုပ်ရသည်မှာ တကယ်ကို ခက်ခဲလှ၏။

 

အငတ်ဘေးကာလတွင် စီးပွားရေးလုပ်ရတာက ပို၍ပင် ခက်ခဲသည်။

 

·

 

“ထမင်းစားချိန်…” ချောင်အာ၏မိခင်က ဂိုဒေါင်တံခါးကို ခေါက်လိုက်သည်။

 

မနက်စောစောထပြီး ထမင်းစားရန် စောင့်နေသော ဝန်ထမ်းများက အိပ်ရာမှ အလူးအလဲထလာကြသည်။ သူတို့က အထည်များဖြင့် ပြုလုပ်ထားသော ခန်းစီးများကို ဆွဲဖွင့်ကာ ကြိုးများဖြင့် ချည်ထားလိုက်သည်။

 

ခန်းစီးများကို ညဘက်တွင် နေရာပိုင်းခြားရန် အသုံးပြုခဲ့ပြီး၊ နေ့ဘက်တွင် လေဝင်လေထွက်ကောင်းစေရန်အတွက် ချည်ထားရန် လိုအပ်သည်။

 

ဝန်ထမ်းများက ကိုယ်ပိုင်နေရာမရှိခြင်းကို ဂရုမစိုက်ကြပေ။ တစ်နည်းအားဖြင့် သူတို့က အိမ်တွင် လူများစွာနှင့် အခန်းတစ်ခန်းထဲ၌ နေသားကျခဲ့ပြီး၊ တစ်ယောက်နှင့်တစ်ယောက်၏ ခန္ဓာကိုယ်ပေါ်ရှိ မှဲ့တိုင်းကိုပင် သိနေခဲ့သည်။ သူတို့က ၎င်းတွင် မည်သည့်ပြဿနာမှ မရှိဟု ခံစားခဲ့ကြသည်။

 

ဆင်းရဲသော မိသားစုများတွင် အထူသားဘောင်းဘီတစ်စုံ သို့မဟုတ် နှစ်စုံသာ ရှိပြီး၊ တစ်လှည့်စီ ဝတ်ဆင်ကြသည်။

 

မောင်နှမများစွာက စောင်အောက်တွင် အတူတကွ ပူးကပ်နေကြပြီး၊ အားလုံးက ခြေဗလာနှင့် ဖြစ်သည်။ အပြင်သို့ သွားသူသာ ဘောင်းဘီဝတ်ဆင်ရ၏။

 

ယခုအခါတွင် မိသားစုတိုင်း၌ ကိုယ်ပိုင်အိပ်ရာရှိပြီး၊ နေရာကို ပိုင်းခြားရန်အတွက် ခန်းစီးများကို အသုံးပြုနိုင်သည်။ တကယ်တမ်းဆိုလျှင် တိုင်ကြားစရာ ဘာတစ်ခုမှ မရှိချေ။

 

 

“မနက်စာ ဘာစားကြမလဲ?” ငယ်ရွယ်သော ဇနီးသည်တစ်ဦးက တံတွေးမျိုချလိုက်ပြီး သူ(မ)၏ ခင်ပွန်းအား တိုးတိုးလေး မေးလိုက်သည်။ “ကျွန်မကတော့ ဆားဘဲဥစားချင်တယ်”

 

သူ(မ)၏ ခင်ပွန်းက ရည်မှန်းချက်ကြီးစွာဖြင့် ပြောလိုက်သည်။ “ဒီလရဲ့ လစာရရင် မင်းစားဖို့ တစ်ဗူး ဝယ်ပေးမယ်”

 

ငယ်ရွယ်သော ဇနီးသည်က ပြုံးပြီး ပြောလိုက်သည်။ “ကျွန်မလည်း လစာရမှာပါနော်…”

 

နတ်မင်းက သူတို့ အလကားအလုပ်လုပ်ရမည်မဟုတ်ကြောင်း ပြောခဲ့သည်။ သူတို့အား လစဉ် “လစာ သို့မဟုတ် ဝင်ငွေ” ပေးအပ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းက လစဉ် စားစရိတ်နှင့်တူသည်။

 

သူတို့က ဒင်္ဂါးပြားများ မရခဲ့သော်လည်း၊ “ပွိုင့်များ” ရရှိခဲ့သည်။ သူတို့သည် ပွိုင့်များက ဘာလဲဆိုသည်ကိုတော့ တကယ်တမ်း နားမလည်ခဲ့ကြသော်လည်း၊ နတ်မင်းက ပွိုင့်များကို စူပါမားကတ်တွင် ပစ္စည်းများဝယ်ယူရန် အသုံးပြုနိုင်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူတို့က လစာရမည့်နေ့ကို မျှော်လင့်နေခဲ့ကြ‌၏။

 

ဗိုက်ပြည့်အောင် စားပြီးနောက် ဝန်ထမ်းများ၏ အမူအရာနှင့် ခံစားချက်များက သိသိသာသာ တိုးတက်လာခဲ့သည်။

 

သူတို့သည် နဂိုကလို မိုင်တွေတွေ မဖြစ်တော့ဘဲ၊ သူတို့၏ မျက်နှာများတွင်လည်း စိုးရိမ်သော အမူအရာများ မပေါ်တော့ချေ။

 

ဝန်ထမ်းများ၏ စိတ်အားထက်သန်သော မျှော်လင့်မှုအောက်တွင် ချောင်အာ၏မိခင်က ပေါက်စီများ အပြည့်ပါသော ဇလုံကြီးတစ်လုံးဖြင့် ဂိုဒေါင်ထဲသို့ လျှောက်ဝင်လာသည်။ ချောင်အာက သူ(မ)၏နောက်မှ အသုပ်များပါသည့် ဇလုံတစ်လုံးကို ကိုင်ကာ လိုက်လာ၏။ ထိုအသုပ်များတွင် ဆား၊ ရှာလကာရည်နှင့် အချိုမှုန့်များဖြင့် သုပ်ထားသည့် ကြက်သားမျှင်များပါရှိပြီး၊ အချဉ်နှင့်အစပ်ရည် အနည်းငယ်လည်း ထည့်ထား၏။

 

ပန်းကန်များကို စားပွဲပေါ်တွင် တင်ပြီးနောက် ချောင်အာက အပြင်သို့သွားကာ ပဲကနေ ပြုလုပ်ထားသော ပဲနို့အိုးတစ်အိုးကို ယူလာသည်။

 

သူတို့၏ အစားအစာများက တော်တော်လေး ကောင်းမွန်နေပြီးဖြစ်သော်လည်း၊ အစားအစာတိုင်းသည် သူတို့အတွက် အံ့ဩစရာများကို ယူဆောင်လာပေးသည်။

 

သူတို့၏ အလုပ်ကလည်း ပင်ပင်ပန်းပန်းကြီး မဟုတ်ချေ။ စူပါမားကတ်က ကြီးမားသော်လည်း၊ လာရောက်သူ မများသောကြောင့် တကယ်တမ်း မညစ်ပတ်ခဲ့ချေ။

 

နတ်မင်းက သူတို့အပေါ်တွင် စည်းကမ်းများစွာ မချမှတ်ခဲ့ချေ။ နတ်မင်း၏ အနားယူဆောင်နှင့် “စောင့်ကြည့်ရေးခန်း” ထဲသို့ မဝင်နိုင်ခြင်းမှလွဲ၍ အခြားနေရာများသို့ လွတ်လပ်စွာ သွားလာနိုင်ကြသည်။

 

ဤနေရာတွင် အချိန်အနည်းငယ် နေထိုင်ပြီးနောက် သူတို့က သန့်စင်ခန်းထိုင်ခုံများကို မည်သို့အသုံးပြုရမည်ကို သင်ယူပြီးသားဖြစ်ခဲ့သည်။ နောက်ထပ် ရေဆွဲချပုံကို သင်ပေးရန် မလိုတော့ချေ။

 

သူတို့က ပစ္စည်းများစွာကို မည်သို့အသုံးပြုရမည်ကိုလည်း သင်ယူခဲ့ကြသည်။

 

“နတ်မင်းက ပုံမှန်ဆို ဘာတွေစားလေ့ရှိလဲ?” တစ်စုံတစ်ယောက်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ “ကျွန်မ ဟင်းသီးဟင်းရွက်တွေကို အချဉ်ဖောက်တတ်တယ်။ အဲ့ဒါတွေကို နတ်မင်းကို ပေးလို့ရမလားလို့ စဉ်းစားနေတာ”

 

ချောင်အာ၏မိခင်က မဲ့ရွဲ့ပြီး၊ “ကိုယ့်အစာကိုသာ စားစမ်းပါ။ နတ်မင်းက ကောင်းတာတွေ မြင်ဖူးမှာ မဟုတ်ဘူးလို့များ ထင်နေတာလား?”

 

ထိုသူက စိတ်လှုပ်ရှားစွာ ပြန်ပြောသည်။ “ဟုတ်သား၊ ဟုတ်သား။ ကျွန်မ စကားများမိသွားတာ”

 

ချောင်အာ၏မိခင်က ပေါက်စီကို တစ်ကိုက်စားလိုက်ပြီး ပြောလိုက်သည်။ “နတ်မင်းက ကောင်းကင်ဘေးကို ကျော်လွှားနိုင်ဖို့အတွက် ဆင်းလာတာဖြစ်ရမယ်။ နင်တို့အားလုံး သတိနဲ့နေနော်၊ စားလိုက် အိပ်လိုက်ပဲ လုပ်မနေနဲ့။ အထူးသဖြင့် ယောက်ျားတွေ။ ဘာမှမလုပ်စရာမရှိရင် ပိုပြီး လှုပ်လှုပ်ရှားရှားလေးနေ၊ ဝါးခြမ်းပြားလို ပိန်မသွားအောင်နေကြ၊ မဟုတ်ရင် နတ်မင်းအတွက် အသုံးမဝင်တော့မှာ မဟုတ်ဘူး”

 

ဝူယန်က ဂရုတစိုက် မေးလိုက်သည်။ “နတ်မင်းက ကျွန်တော်တို့ကို လိုအပ်တယ်လား?”

 

“အဲလိုမဟုတ်ရင်၊ ဘာလို့ သူက နင်တို့ကို ကယ်မှာတုန်း? သူ လူများများ ကယ်ဖို့အတွက် နင်တို့ကို ကယ်ခဲ့တာပေါ့…”

 

ချောင်အာ၏မိခင်က သူ(မ)၏ စကားများကြောင့်ပင် စိတ်လှုပ်ရှားလာသည်။ နတ်မင်းသည် ထိုသို့သော ကြီးမားသောနှလုံးသားမျိုး ရှိသည်။ သူက တစ်ဦး သို့မဟုတ် လူအနည်းငယ်ကိုသာ ကယ်တင်ခြင်း မဟုတ်။ သူသည် ပိုမိုများပြားသော ဒုက္ခသည်များကို ကယ်တင်လိုသည်။

 

တစ်ခြား နတ်မင်း‌တွေကျ ဘာလို့ သူ့လိုမျိုး မဆင်းလာရတာလဲ?

 

တကယ်လို့ နတ်မင်းသာ ဧကရာဇ်ဖြစ်လိုခဲ့ရင် ဒါဘယ်လောက်တောင် ကောင်းလိုက်မလဲ!

 

သို့သော် ဤကဲ့သို့သော စကားမျိုးက မလေးစားရာရောက်သောကြောင့် သူ(မ)က အသံထွက်၍ မပြောရဲခဲ့ချေ။

 

နတ်မင်းက မြင့်မြတ်သလို၊ ဧကရာဇ်ကလည်း မြင့်မြတ်သည်။

 

ဧကရာဇ်က စစ်မှန်သော နဂါးဖြစ်၏။ နဂါးများ၊ ဘယ်သူသိနိုင်မှာလဲ? သူတို့၏ ဘိုးဘေးများသည် နတ်မင်းနှင့်အတူ တစ်ခွက်တစ်ဖလားလောက် သောက်ခဲ့ဖူးသည်လည်း ဖြစ်နိုင်သည်။

 

ပုံပြင်ပြောသူများ ပြောသည်ကတော့ ထိုအတိုင်းပင်။

 

ဧကရာဇ် ကွယ်လွန်ပြီးနောက်၊ သူကလည်း ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။

 

 

ထမင်းစားပြီးနောက် ဝူယန်က စူပါမားကတ်အပြင်ဘက်ရှိ ကျောက်အာနှင့် အဖွဲ့၊ လုံခြုံရေးခန်းမှ လင်းယိုယွမ်တို့အတွက် မနက်စာ သွားပို့ပေးသည်။ ချောင်အာ၏မိခင်နှင့် သူ(မ)၏ သမီးက သွားလိုခြင်းမရှိသောကြောင့် ဝူယန်ကိုယ်တိုင် သွားပို့ပေးသည်။

 

သူက ပညာတတ်တစ်ဦးဖြစ်သောကြောင့် လုံခြုံရေးခန်းရှိ ပညာတတ်ပုဂ္ဂိုလ်ထံသို့ အရင်သွားသည်။ သူ၏ ပညာရေးက သိပ်မမြင့်သော်လည်း၊ သူက အထက်တန်းလွှာကို သိပ်မကြောက်တော့ချေ။

 

ဝူယန်သည် လုံခြုံရေးခန်း တံခါးကို ခေါက်လိုက်၏။

 

အတွင်းမှ ပြန်ထူးသောအခါတွင်မှ ဝူယန်က တံခါးကိုဖွင့်ပြီး ဝင်သွားသည်။

 

လင်းယိုယွမ်က အိပ်ရာဘေးတွင် ထိုင်နေသည်။ သူက သူ့အိပ်ရာကို တစ်ခါမှ မသိမ်းဆည်းဖူးသောကြောင့် စောင်ကို ခေါက်ထားသော်လည်း ရှုပ်ပွနေသေးသည်။ သူက ဝင်လာသော ဝူယန်ကို ပြုံးပြပြီး အနည်းငယ် အံ့ဩသွားသည်။ “ကျွန်တော့်အတွက်လည်း အစားအစာ ရှိတာလား?”

 

ဝူယန်က ပြန်ပြောသည်။ “အပြင်ဘက်က 

 လူကြီးမင်းတွေလည်း ရပါတယ်၊ ခင်ဗျားတစ်ယောက်တည်း မဟုတ်ပါဘူး”

 

လင်းယိုယွမ်က အနည်းငယ် စူးစမ်းလိုသည်။ ဝူယန် အစားအစာကို စားပွဲပေါ်တင်လိုက်သည်အထိ သူ စောင့်ပြီးမှ မေးလိုက်သည်။ “ခင်ဗျားတို့ ဒီကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ?”

 

ဝူယန်က ခဏစဉ်းစားလိုက်သည်။ “တစ်လကျော်လောက်ပေါ့၊ နတ်မင်းက သနားစိတ်ရှိတော့ ကျွန်တော်တို့ကို ထွက်သွားဖို့ မပြောခဲ့ဖူးဘူး”

 

ဝူယန်က ဆက်ပြောသည်။ “လူကြီးမင်းက ဘာလို့ အဝတ်အစား မလဲတာလဲ?”

 

သူက ယဲ့ကျိုး ဘာတွေးနေသည်ကို မသိခဲ့ချေ။ သို့သော် လမ်းတစ်လျှောက်လုံး ပြေးလွှားနေခဲ့ခြင်းကြောင့် အကောင်းဆုံး အဝတ်အစားများပင် အနံ့အမျိုးမျိုးစုပ်ယူကာ ညစ်ပတ်နေလောက်ပြီ။ အဝတ်အသစ်လဲခြင်းက ပိုကောင်းလိမ့်မည်။

လင်းယိုယွမ်က သက်ပြင်းချလိုက်သည်။ “စူပါမားကတ်ထဲမှာ ပစ္စည်းတွေ အများကြီးတော့ရှိပါတယ်။ ဒါပေမယ့်  အဝတ်အစားအသစ်တစ်စုံ ဝယ်ဖို့အတွက် ပွိုင့်မလောက်သေးဘူး”

 

သူက သူ၏ သရဖူသည် စူပါမားကတ်မှ ပစ္စည်းများထက် တန်ဖိုးမနည်းဟု ယူဆထားသောကြောင့် ထပ်လဲလှယ်ရန် မရဲခဲ့ချေ။

 

ဝူယန်က အံ့ဩစွာ မေးလိုက်သည်။ “အခုဝတ်ထားတဲ့ အဝတ်အစားတွေကို အသစ်နဲ့ လဲလို့မရဘူးလား?”

 

လင်းယိုယွမ်၏ မျက်လုံးများ ပြူးသွားသည်။ “အဲ့ဒါ ဖြစ်နိုင်လား?... ကျွန်တော် ဝတ်ခဲ့ဖူးတဲ့ အဝတ်တွေလေ?”

 

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝူယန်က ပြောလိုက်သည်။ “နတ်မင်းက ရုပ်ရည်ကို ကြည့်ပြီး မဆုံးဖြတ်ဘူး။ ခင်ဗျားရဲ့နှလုံးသားက ရိုးသားနေသရွေ့‌ပေါ့”

 

လင်းယိုယွမ်က ပြုံးပြုံးလေးနှင့် ခေါင်းခါလိုက်သည်။ “ဒါ ကျွန်တော်က အမြင်ကျဉ်းလို့ပါ”

 

“ဒါပေမယ့်… တကယ်လို့ ကျွန်တော် ဒီအဝတ်တွေကို ချွတ်လိုက်မယ်ဆိုရင်…” လင်းယိုယွမ်က အနည်းငယ် ရှက်ရွံ့သွားသည်။ သူသည် အဝတ်အစားပြည့်ပြည့်စုံစုံ မဝတ်ဆင်ဘဲ အခြားသူများရှေ့တွင် တစ်ခါမှ မထွက်ခဲ့ဖူးခဲ့ချေ။ အတွင်းဝတ်တစ်စုံသာ ဝတ်ထားသည်မှာတော့ ဝေးချေပြီ။

 

ဝူယန်က အကြံပေးသည်။ “လူကြီးမင်း အရင်လဲလို့ရပါတယ်။ လဲပြီးရင် အဝတ်အစားတွေကို ကျွန်တော့်ကို ပေးလိုက်ပါ”

 

လင်းယိုယွမ်က သက်ပြင်းချလိုက်သည်။ “ဒီလိုဆိုရင်တော့ ခင်ဗျားကို အလုပ်ရှုပ်စေမိပြီ”

 

ဝူယန်က နှုတ်ခမ်းကို မသိမသာ စေ့လိုက်ပြီး ပြုံးလိုက်သည်။ “ကျွန်တော်က နတ်မင်းကို အလုပ်အကျွေးပြုနေတာပါ၊ အလုပ်ရှုပ်စရာ မရှိပါဘူး”

 

သူက လုပ်စရာ အလုပ်များက အရမ်းနည်းနေသေးသည်ဟု ခံစားရသည်။ သူ၏ အရည်အချင်းများကို အလုံအလောက် ပြသနိုင်ခြင်းမရှိသလို၊ နတ်မင်းသည်လည်း သူ့နာမည်ကို ဤမျှလောက်နဲ့ မှတ်မိမည်မဟုတ်ပေ။ သူ့ကိုယ်သူ တိုးတက်အောင် ကြိုးစားချင်သည်။ ယခင်က သူက မိသားစု၏ ဆီကြိတ်စက်ကို မှီခိုခဲ့ရသော်လည်း ယခုအခါတွင်မူ ကိုယ်ပိုင်အလုပ်လုပ်ခြင်းဖြင့်သာ မှီခိုရတော့မည်။

 

သူက နတ်မင်းနှင့်အတူ တရားကျင့်လို့ မရခဲ့သော်လည်း၊ သူ့တွင် သမီးလေးတစ်ယောက် ရှိသည်။ သူ(မ)က ငယ်သေးသည်၊ မည်သူ သိနိုင်မည်နည်း? သူ(မ)က ဒီလို ကံကောင်းခြင်းမျိုး ရှိနိုင်သည်။

 

သူ၏ သမီးလေးက နတ်နို့ကိုပင် သောက်နေခဲ့သည်!

 

ဒါက နတ်ဘုံထဲကိုဝင်ဖို့ လမ်းတစ်ဝက် ရောက်သွားပြီလို့ သတ်မှတ်လို့ရပြီမလား?

 

ဖြစ်နိုင်ချေက သူ၏ ဝူမိသားစုမှာ နတ်တစ်ပါးကို မွေးထုတ်နိုင်သည်။

 

ထိုအကြောင်းကို စဉ်းစားရုံဖြင့် ဝူယန်၏ ခေါင်းအစခြေအဆုံးအထိ စွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။

 

လင်းယိုယွမ်နှင့် စကားပြောပြီးနောက် ဝူယန်က စူပါမားကတ်အပြင်ဘက်သို့ သွားသည်။ သူ ယူလာသော မနက်စာမှာ ပေါက်စီ၊ အသုပ်များနှင့် ပဲနို့များ ဖြစ်နေသေးသည်။

 

လင်းယိုယွမ်နှင့် နှိုင်းယှဉ်ပါက ကျန့်ကောနှင့် အခြားသူများက ပို၍ပင် စိတ်လှုပ်ရှားနေကြပြီး၊ တစ်ယောက်ချင်းစီတွင် ပျော်ပျော်ရွှင်ရွှင် အံ့ဩသော အမူအရာများ ပေါ်နေသည်။

 

သူတို့က ဤရက်အနည်းငယ်အတွင်း အခြောက်စာများ စားရန် ပြင်ဆင်ထားခဲ့ကြသည်။ အချို့ကမူ နှမြောတသဖြစ်နေ၏။ အစားအစာများက အရည်အသွေး ကောင်းမွန်သော်လည်း၊ ယခု အားလုံးစားပစ်ခဲ့လျှင် လမ်းတွင် အစားအစာ နည်းနည်းသာ စားရမည်။ အိမ်ပြန်ရောက်ဖို့ လမ်းမှာဘယ်လောက်ကြာမယ်ဆိုတာကိုလည်း ဘယ်သူသိမှာလဲ?

 

 

ဝူယန်က စူပါမားကတ်၏ လှေကားထစ်များပေါ်တွင် အစားအစာများကို တင်လိုက်ပြီး ထိုနေရာတွင်ပင် စားရန် ပြောလိုက်သည်။

 

“ခင်ဗျားတို့အားလုံး တောင်ပိုင်းကလား?” ဝူယန်က သူတို့ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။

 

ပေါက်စီတစ်ခြမ်းကို တစ်ကိုက်တည်း စားပြီး ပဲနို့တစ်ငုံသောက်ပြီးနောက် ကျန့်ကောက ပြန်ပြောလိုက်သည်။ “ဟုတ်တယ်…”

 

ဝူယန်က အနည်းငယ် မနာလိုဖြစ်သွားသည်။ “တောင်ပိုင်းက ကောင်းတာပေါ့။ ရေကောင်းမြေကောင်းဆိုတော့ လယ်လုပ်စားရင်ကို ဗိုက်ဖြည့်လို့ရတယ်”

 

ကျောက်အာက အေးစက်စက် ရယ်လိုက်သည်။ “အဓိပ္ပာယ်မရှိတာတွေကွာ။ မြေခွန်ရော၊ လူခွန်ပါ ဆောင်ရတာ။ မြေပိုင်ရှင်တွေကလည်း မြေငှားခတွေ ကောက်သေးတယ်။ မြေဈေးက မင်းတို့ မြောက်ပိုင်းဒေသတွေထက်တောင် ပိုလို့တောင် ဈေးကြီးနေသေး”

 

ဝူယန်က သက်ပြင်းချလိုက်သည်။ “တကယ်တော့ အကုန် အတူတူနဲ့အနူနူပါပဲ”

 

ကျောက်အာက ပြောလိုက်သည်။ “ဒီတစ်ခါ လုံလုံခြုံခြုံ ပြန်နိုင်ခဲ့မယ်ဆိုရင် နောက်တစ်ခါ ဒီနေရာကို ပြန်ရှာနိုင်ပါ့မလားတောင် မသိဘူး”

 

ကျောက်အာက ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်သည်။ သူက နတ်မင်းနောက်သို့ မလိုက်နိုင်ခဲ့သော်လည်း၊ ဤအခွင့်အရေးကို လက်လွှတ်မခံလိုတော့ချေ။ ဒီတစ်ခါ ပိုက်ဆံရှာနိုင်ခဲ့လျှင် သူ နောက်တစ်ခါ ထပ်လာချင်သည်။

 

သူက နတ်မင်းတစ်ပါးအဖြစ် တရားကျင့်လို့ မရခဲ့သော်လည်း၊ သေမျိုးဘဝတွင် သာမန်ထက်ကျော်လွန်သော ဘဝကို နေထိုင်လိုသည်။

 

ဝူယန်က ခေါင်းကို အနည်းငယ် ခါလိုက်သည်။ “အဲ့ဒါကိုတော့ ကျွန်တော် မသိဘူး။ နတ်မင်းက နတ်မင်းပဲလေ၊ သူ ဘယ်ကိုသွားတယ်ဆိုတာကို ကျွန်တော်မှာ ဘာမှ ပြောပိုင်ခွင့်မရှိဘူး”

 

ကျောက်အာက နှုတ်ခမ်းကို စေ့ပြီး ခေါင်းကို ငုံ့ကာ ဆက်စားနေသည်။

 

သူတို့ အစားစားပြီးသောအခါ ဝူယန်က ပန်းကန်များကို သန့်ရှင်းရေးလုပ်ပြီး ပြန်သွားသည်။ သူသည် အနားယူဆောင်ကို ဖြတ်သွားသောအခါ ရပ်တန့်မိသွား၏။

 

နတ်မင်းက ဒီမှာ နေတာပဲ။

 

နတ်မင်းတွင် ထူးခြားသော စွမ်းအားများရှိပြီး ကောင်းကင်အောက်ရှိ ဘာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ သို့သော်လည်း ဤနေရာက နတ်မင်းအတွက် သေမျိုးလောကတွင် ခဏတာ အနားယူရာ နေရာတစ်ခုသာ။

 

သူသည် နတ်မင်းကို မည်သို့ ကျေနပ်အောင် လုပ်ရမည်ကို မသိခဲ့ချေ။ သူလုပ်နိုင်သည်က အနည်းငယ်သာရှိသည်။

 

အထူးသဖြင့် ချောင်အာ၏မိခင်ကဲ့သို့သော အမျိုးသမီးတစ်ဦး အမြင့်တွင် ရှိနေသေးသောအခါတွင်ဖြစ်သည်။

 

သူ(မ)က အမျိုးသမီးတစ်ဦးဖြစ်သော်လည်း၊ သူ(မ)သည် နတ်မင်းကို အထူးသဖြင့် ကျေနပ်အောင် လုပ်ပေးနိုင်ပုံရ၏။

 

သူ(မ)က မည်သည့်စွမ်းရည်များကို အသုံးပြု၍ နတ်မင်းကို ကျေနပ်အောင် လုပ်ပေးနိုင်သည်ကို သူ မသိခဲ့ချေ။

 

ယခုတွင် သူက နတ်မင်းသည် သူ့၏ အရည်အချင်းများကို ပြသရန် အလုပ်တစ်ခုခု ပေးလိမ့်မည်ဟုသာ မျှော်လင့်ရတော့သည်။

 

သူက ပျင်းရိသောဘဝကို ဘယ်တော့မှ ဦးဆောင်မည်မဟုတ်။ မဟုတ်လျှင် နတ်မင်းရှိနေသောအခါတွင် သူ၏ ဗိုက်ကို ပြည့်စေနိုင်သော်လည်း နတ်မင်း ထွက်သွားခဲ့လျှင် သူ့ ဇနီးနဲ့ သမီးကို ထောက်ပံ့ဖို့အတွက် ဘာလုပ်စားရမှာလဲ?

 

.

 

အနားယူဆောင်တွင် ယဲ့ကျိုးက မျက်လုံးများကို ဖွင့်လိုက်သည်။

 

သူက ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။ ယခုအခါတွင် သူက အချည်းနှီး စောင့်ဆိုင်းနေ၍ မရတော့။ သူ ဦးဆောင်ရမည်။

 

သို့သော်လည်း သူနှင့်အတူ အပြင်သို့လိုက်ရန် မည်သူက ဆန္ဒရှိမည်ကိုတော့ သူ မသေချာခဲ့ချေ။

 

သူက လမ်းလည်း မသိသလို၊ တစ်ယောက်တည်း ထွက်သွားခဲ့လျှင် ပြန်လာရန် လမ်းရှာနိုင်မည်မဟုတ်ချေ။ သို့သော် အခြားသူတစ်ဦးနှင့်အတူ သွားခဲ့လျှင် သူ၏ ဟန်ဆောင်မှု ဖော်ထုတ်ခံရနိုင်ချေ အလွန်မြင့်ပြီး၊ သူက သာမန်လူတစ်ဦးသာဖြစ်ကြောင်း ပေါ်သွားလိမ့်မည်။

 

နောက်ထပ် ပြဿနာတစ်ခုလည်း ရှိသေးသည်။ အကယ်၍ သူ စူပါမားကတ်မှ ထွက်သွားခဲ့ပြီး ဝန်ထမ်းများက မတော်တဆ စက်ပစ္စည်းများကို ပျက်စီးစေခဲ့လျှင် သို့မဟုတ် မီးလောင်မှု ဖြစ်ပွားစေခဲ့လျှင် သူ ဘာလုပ်ရမလဲ?

 

ခက်ခဲလိုက်တာနော်…

 

စာရေးသူ၏ မှတ်ချက် :

 

ယဲ့ကျိုး : “ငါ တကယ်ကို အခက်တကာ့အခက်ခဲဆုံး အခြေအနေကို ရောက်နေပြီ…”