Chapter 12
Viewers 2k

အပိုင်း (၁၂)

 

တစ်ခါသုံး ဆေးဘက်ဆိုင်ရာ အပြာရောင် နှာခေါင်းစည်းတစ်ခုကို လင်းယိုယွမ်၏ မျက်နှာတွင် စွပ်ထားပြီး၊ သူ၏ အဖြူရောင်လျှော်ဝတ်ရုံနှင့်အတူ စူပါမားကတ်ထဲသို့ ဝင်လာသောအခါ ယဲ့ကျိုးအား အချိန်ကာလများကို ရှုပ်ထွေးသွားစေခဲ့သည်။

 

ယဲ့ကျိုးက စောင့်ကြည့်ရေးအခန်းတွင် ဆက်ထိုင်နေခဲ့သည်။ သူသည် ပုံရိပ်ကို ထိန်းရန်အတွက်သာမက စကားအဆက်မပြတ်ပြောတတ်သူ ဖြစ်သောကြောင့် ဒေသခံများနှင့် အပြန်အလှန်ဆက်ဆံလိုခြင်း မရှိခဲ့ချေ။ သူက Social Chatter Syndrome ရှိသူများ အဖွဲ့ထဲတွင် ပါဝင်သူဖြစ်ခဲ့သည်။

 

{T/N : Social Chatter Syndrome = မလိုအပ်ဘဲ စကားများများပြောခြင်း၊ အကြောင်းအရာမဲ့ စကားဆက်တိုက်ပြောခြင်း}

 

သူသည် Taxi စီးသည့်အခါတွင်ပင် ယာဉ်မောင်းနှင့်အတူ စကားစလိုက်သည်နှင့် ခရီးဆုံးထိ တရစက် စကားပြောနိုင်ခဲ့သည်။

 

သူသည် ဒေသခံများနှင့် ပြောဆိုဆက်ဆံခဲ့မည်ဆိုလျှင် ထိုအချိန်များအတွင်း သူ့အကြောင်းများကို ပြောပြမိမည်ကို စိုးရိမ်ခဲ့သည်။

 

ဤကာလအတွင်း ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်လိုစိတ်ကို လျှော့ချရန်အတွက် ယဲ့ကျိုးက သူ့ဖုန်းထဲတွင် နေ့စဉ် ဒိုင်ယာရီရေးခဲ့သည်။

 

— ဘယ်လိုမျိုး တည်ငြိမ်တဲ့လူက ဒိုင်ယာရီရေးမှာလဲလို့? ဒါက အရူးဖြစ်လာဖို့ နီးနေပြီဆိုတာကို ပြနေသည် ။

 

ယဲ့ကျိုးက စောင့်ကြည့်ကင်မရာများမှတစ်ဆင့် လင်းယိုယွမ်ကို ကြည့်လိုက်ပြီး ရှေးခေတ်က လူမှုအလွှာ ခွဲခြားမှုများကို လူတစ်ဦး၏ ရုပ်ရည်သွင်ပြင်တွင်ပါ ရောင်ပြန်ဟပ်နေနိုင်ကြောင်း ပထမဆုံးအကြိမ် သိရှိလာခဲ့သည်။

 

လင်းယိုယွမ်သည် လက်ချောင်းများ၊ ခြေထောက်များ သွယ်လျပြီး၊ အရပ်ပိုရှည်သည်။ သူက နေမကောင်းသောကြောင့် ပိန်နေသော်လည်း၊ သူ၏အကြည့်များက ကြည်လင်ပြီး ကိုယ်ဟန်က မားမားမတ်မတ်ရှိနေခဲ့သည်။

 

တစ်ဖက်တွင်မူ ကျောက်အာနှင့် အခြားသူများမှာ လက်နှင့်ခြေများ ကြီးမားကြမ်းတမ်းပြီး၊ လက်ချောင်းများ တိုပြီး တုတ်နေသည်။ သူတို့၏ အရပ်အမောင်းမှာ ၁.၆ မီတာခန့်သာရှိသည်။ အရပ်အရှည်ဆုံးဟုထင်ရသော ကျန့်ကောပင်လျှင် ၁.၇ မီတာအောက်တွင် ရှိပုံရသည်။ သူတို့၏ လှုပ်ရှားမှုများက အမြဲတမ်း မငြိမ်မသက် ဖြစ်နေပုံရပြီး၊ သူတို့၏ ကျောများက ဘယ်တော့မှ မတ်မနေခဲ့ပေ။

 

ယဲ့ကျိုး သက်ပြင်းချလိုက်သည်။ ရှေးခေတ်က လူမှုအလွှာ ခွဲခြားမှုများသည် လူမှုရေးရာအဆင့်အတန်းနှင့် အမှတ်လက္ခဏာများသာ မဟုတ်ချေ။

 

ခေတ်သစ်တွင် မိသားစု၏ အခြေအနေများ မကောင်းလျှင်တောင်မှ ပညာသင်ကြားပြီး တက္ကသိုလ်တက်ရန် အခွင့်အရေးရလျှင် သူတို့က ပိုမြင့်သော စမှတ်တစ်ခုမှ စတင်နိုင်၏။ သူတို့၏ ပညာရေး စွမ်းဆောင်ရည်များ မကောင်းခဲ့လျှင်တောင်မှ၊ ကြိုးစားလုပ်ကိုင်ရန် ဆန္ဒရှိလျှင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ခြင်းမှ ရရှိသော လစာမှာ သာမန် အဖြူရောင်-ဂျူတီကုတ်ဝတ် ဝန်ထမ်းများထက် မနိမ့်ပေ။

 

လူတိုင်းတွင် သူတို့၏ ကံကြမ္မာနှင့် လူမှုအလွှာကို ပြောင်းလဲရန် အခွင့်အရေးရှိသည်။ သူတို့ မပြောင်းလဲခဲ့လျှင်တောင်မှ၊ သူတို့သည် သူတို့ကိုယ်သူတို့ အဆင့်နိမ့်သူများ သို့မဟုတ် ချမ်းသာသောလူများထက် နိမ့်ကျသည်ဟု မယူဆကြချေ။ သူတို့ကို အောက်ခြေလူတန်းစားများဟုလည်း မသတ်မှတ်ခဲ့ကြချေ။

 

သို့သော် ဤနေရာတွင်တော့ လူမှုအလွှာက လူများကို ကွဲပြားသော အုပ်စုများအဖြစ် ပိုင်းခြားထားသည်။ အထက်တန်းလွှာသည် စားဝတ်နေရေး ပြေလည်ပြီး ပညာတတ်များဖြစ်ရန် အခွင့်ထူးများဖြင့် မွေးဖွားလာခဲ့ကြသည်။ သူတို့တွင် သူတို့၏ ကံကြမ္မာကို ပြောင်းလဲရန် စိတ်အားထက်သန်မှုမရှိခဲ့ချေ။

 

အခြားတစ်ဖက်တွင်တော့ အောက်ခြေလူတန်းစားများက သူတို့၏ဘဝတစ်လျှောက်လုံး အားသွန်ခွန်စိုက် လုပ်ကိုင်ကြသော်လည်း ဘဝပြည့်စုံမှုအဆင့်သို့ ရောက်ရှိရန် ခက်ခဲပြီး ပညာရေးနှင့် စာတတ်မြောက်မှုကို လိုက်စားမည်ဆိုလျှင် ပို၍ပင် ခက်ခဲသည်။

 

သူတို့က အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်ကိုင်ရသောကြောင့် လက်ချောင်းများ တိုပြီး ထူကာ ခြေထောက်များ ကြီးပြီး ပြားနေသည်။ သူတို့၏ စိတ်ထဲတွင် ပထမဆုံးတွေးသည့် အရာများက နောက်ဘာစားရမလဲ၊ မနက်ဖြန် စားဖို့ကော လုံလောက်ပါ့မလား စသည်တို့နှင့်သာ ပတ်သက်နေသည်။ သူတို့တွင် သူတို့၏ ကံကြမ္မာကို ပြောင်းလဲရန် နည်းလမ်းမရှိချေ။

 

ရှုပ်ထွေးသောကာလများတွင် သူတို့က အကြီးမားဆုံး ဒုက္ခကို ခံစားရမည့်သူများ ဖြစ်သည်။

 

ယဲ့ကျိုးက အချို့အရာများကို နားလည်လာပြီဟု ခံစားမိ၏။

 

ယခင်က သူသည် လူမှုအလွှာနှင့် ပတ်သက်ပြီး ရှင်းလင်းသော အမြင်တစ်ခု မရှိခဲ့ချေ။ သူ၏မိသားစုသည် ချမ်းသာသော်လည်း၊ သူသည် သာမန်မိသားစုမှလာသော သူ၏အတန်းဖော်များနှင့် ကိုယ့်ကိုယ်ကိုယ် ကွဲပြားသည်ဟု တစ်ခါမျှ မခံစားခဲ့ရချေ။

 

သူတို့သည် တူညီသောကျောင်းကို တက်ခဲ့ကြပြီး၊ တူညီသောဆရာများထံမှ ပညာသင်ကြားခဲ့ကြသည်။ တူညီသောစာမေးပွဲ မေးခွန်းများကို ဖြေဆိုခဲ့ကြပြီး၊ တူညီသော တက္ကသိုလ်များအတွက် လျှောက်ထားခဲ့ကြသည်။

 

သူက သူတို့ထက် သာသည်ဟု တစ်ခါမျှ မခံစားခဲ့ရသလို၊ သူ၏ မိသားစုနောက်ခံက  ပိုသာသည်ဟူသော ခံစားချက်မျိုးလည်း မရှိခဲ့ချေ။

 

 

သို့သော် ဤနေရာတွင်တော့ သူသည် လူမှုအလွှာ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။ ၎င်းက ပုဂ္ဂိုလ်ရေး ကြိုးပမ်းမှုများ သို့မဟုတ် မိသားစုနောက်ခံများဖြင့် ပြောင်းလဲနိုင်သည့် အရာတစ်ခုမဟုတ်ခဲ့ချေ။

 

၎င်းက အလွန်ကြီးမားသော အရာတစ်ခုကဲ့သို့ ဖြစ်နေပြီး၊ အောက်ခြေတွင် အလုပ်လုပ်နေသော လူများကို တင်းတင်းကျပ်ကျပ် ဖိနှိပ်နေခဲ့သည်။

 

သူတို့ ပိုလုပ်လေလေ၊ ပိုဆင်းရဲလေလေပင်။

 

.

 

လင်းယိုယွမ်တစ်ယောက် “နှာခေါင်စည်း”   တပ်ရသည်ကို အနည်းငယ် အသက်ရှူကြပ်သော်လည်း လက်ခံနိုင်ခဲ့သည်။ သူက အရာတစ်ခုခုကို မတော်တဆ တိုက်မိမည်ကို စိုးရိမ်သောကြောင့် အလွန်သတိထားနေခဲ့၏။

 

ဤနေရာမှ အရာရာတိုင်းက သူ့အတွက် အသစ်အဆန်းဖြစ်နေ၏။ ဘီးများပါသည့် တွန်းလှည်းများဖြစ်စေ သို့မဟုတ် ထူးခြားသော ပစ္စည်းများဖြင့် ပြုလုပ်ထားသော ထူးခြားသည့် ပုံသဏ္ဍာန်ရှိသည့် စင်များဖြစ်စေ၊ ဤအရာများအားလုံးက သူ့မျက်လုံးများကို ပွင့်စေခဲ့သည်။ သူသည် စူပါမားကတ်ထဲတွင် ပေါ့ပေါ့ပါးပါး လျှောက်သွားနေသော်လည်း ဘာကိုမှ မထိခဲ့ချေ။

 

ယဲ့ကျိုးက လင်းယိုယွမ်သည် ကျောက်အာနှင့် အခြားသူများကဲ့သို့ အစားအသောက်များပြည့်နေသော စင်များအား သိပ်အာရုံမစိုက်သည်ကို သတိပြုမိသည်။

 

လင်းယိုယွမ်၏ အာရုံစိုက်မှုမှာ သံနှင့် သံမဏိ ထုတ်ကုန်များပေါ်တွင်သာ ရှိနေခဲ့သည်။ သူက ရေနွေးဓာတ်ဘူးစင်တွင် အချိန်အကြာကြီး ရပ်နေခဲ့သည်။ ယဲ့ကျိုးက စိတ်မရှည်တော့ဘဲ ဂိမ်းကစားရန် အာရုံပြောင်းတော့မည့်အချိန်တွင်မှ လင်းယိုယွမ်က ရေနွေးဓာတ်ဘူးတစ်ခုကို ကောက်ကိုင်လိုက်သည်။

 

သူက အပြင်ပိုင်းကို ညင်သာစွာပုတ်ပြီး၊ မျက်ခုံးများ တွန့်ကွေးသွားသည်။ သို့သော် ခဏအကြာတွင် စိတ်များဖြေလျော့သွား၏။

 

သူက ဖန်ထည်ပစ္စည်းများကိုလည်း စိတ်ဝင်စားသော်လည်း၊ ကြွေထည်များကိုမူ စိတ်ဝင်စားခြင်း မရှိခဲ့ချေ။

 

ယဲ့ကျိုးသည် ဤခေတ်၏ ကြွေထည်များကို တစ်ခါမှ မမြင်ဖူးခဲ့သော်လည်း၊ ၎င်း၏ ပုံစံများနှင့် အရည်အသွေးတို့သည် သူ့စူပါမားကတ်ရှိ အစုလိုက်အပြုံလိုက် ထုတ်လုပ်ထားသော ကြွေထည်များထက်တော့ မဆိုးကြောင်း စိတ်ကူးနှင့်ပင် ခန့်မှန်းနိုင်ခဲ့သည်။

 

လင်းယိုယွမ်က မနက်ကနေ ညအထိ လျှောက်သွားခဲ့ပြီး ဘာကိုမှ မဝယ်ခဲ့ချေ။

 

သူ့ထံမှ အမြတ်အချို့ရရန် မျှော်လင့်ခဲ့သော ယဲ့ကျိုး၊ “…”

 

ချောင်အာ၏မိခင်က စကားပြောစက်တစ်ခုကို ကိုင်ဆောင်ပြီး ယဲ့ကျိုး၏ ညွှန်ကြားချက်များကို ရရှိပြီးနောက်  နှာခေါင်းစည်းကို တပ်လိုက်သည်။ သူ(မ)သည် လင်းယိုယွမ်ရှိရာသို့ တည့်တည့်လျှောက်သွားပြီး နှစ်မီတာအကွာတွင် ရပ်လိုက်သည်။ သူ(မ)က လင်းယိုယွမ်၏ မျက်နှာကို မကြည့်ခဲ့ချေ။ သူထိုင်နေသောအခါတွင်တော့ သူ(မ)က သူ့ကို ကြည့်ဝံ့ခဲ့သော်လည်း၊ ယခု သူမတ်တပ်ရပ်နေသောကြောင့် သူ့အကြည့်များကို တည့်တည့်ရင်ဆိုင်ဝံ့ခြင်း မရှိတော့ချေ။

 

ချောင်အာ၏မိခင်က မေးလိုက်သည်။ “သခင်လေး ဘာလို့ ဘာမှမရွေးတာလဲ?”

 

သူ(မ)က သခင်လေးဟု ခေါ်ဝေါ်ရန် သင်ယူခဲ့သည်။ ယခင်က သူ(မ)သည် လင်းယိုယွမ်ကဲ့သို့ လူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် ပုဂ္ဂိုလ်ရေးအရ သူ့ကို မင်းမျိုးမင်းနွယ်ဟု ရည်ညွှန်းခဲ့သည်။

 

လင်းယိုယွမ်က ပြုံးပြပြီး ပြောလိုက်သည်။ “လင်းမှာ ပေးစရာ ဘာမှ မရှိလို့ပါ”

 

သူသည် နတ်မင်းကို ပေးစရာ သိပ်မရှိခဲ့ချေ။ သူ၌ ရှိသည့် တစ်ခုတည်းသောအရာမှာ သူ၏ဘဝဖြစ်သော်လည်း၊ သူ၏ဘဝတွင် အခြားစီစဉ်ထားသည့် အရာများရှိနေသောကြောင့် ပေါ့ပေါ့တန်တန်နှင့် ပေးအပ်ဝံ့ခြင်း မရှိခဲ့ချေ။

 

ချောင်အာ၏မိခင်က လင်းယိုယွမ်၏ ခေါင်းပေါ်ရှိ သရဖူကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “သခင်လေး သရဖူကို နတ်မင်းကို ပေးဖို့ ဆန္ဒမရှိဘူးလား?”

 

လင်းယိုယွမ်က ခဏတာ ရပ်တန့်သွား၏။

 

ချောင်အာ၏မိခင်က အံ့ဩစွာဖြင့်၊ “သခင်လေး ဆင်းရဲမှုဆိုတာကို တစ်ခါမှ မခံစားဖူးဘူးလား?”

 

လင်းယိုယွမ်က လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ပြောလိုက်သည်။ “ဒါက လင်းရဲ့ အမှားပါ၊ လင်း နားလည်မှုလွဲခဲ့တာ”

 

သူက သရဖူကို ချွတ်လိုက်ပြီး ချောင်အာ၏မိခင်အား ပေးလိုက်သည်။ သူ၏ ရှည်လျားသော ဆံပင်နက်များကို ချလိုက်ပြီး သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

 

ချောင်အာ၏မိခင်က သရဖူကို လက်ခံလိုက်သည်။ သူ(မ) ဤကဲ့သို့သော ပစ္စည်းကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် ၎င်း၏ တန်ဖိုးကို မသိခဲ့ချေ။ သို့သော် ၎င်း၏ လက်ရာမြောက်သော လက်မှုပညာမှတစ်ဆင့် တန်ဖိုးရှိရမည်ဟု သူ(မ) ခန့်မှန်းနိုင်ခဲ့သည်။

 

သို့သော်လည်း ယခုအခါတွင် သူ(မ)က ဤ “နောက်ကမ္ဘာ” သို့ ရောက်ရှိလာသောကြောင့် ထိုကဲ့သို့သော အရာများကို အဖိုးတန်သည်ဟု မယူဆတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ(မ)က “ကြည်လင်နေသော ဖန်ခွက်” မှပင် ရေသောက်နိုင်ခဲ့သည် မဟုတ်ပါလား… ဧကရာဇ်ပင်လျှင် ထိုကဲ့သို့ ကောင်းမွန်သော အရာများကို မြင်ဖူးမည်မဟုတ်!

 

သရဖူကို ပေးအပ်ပြီးနောက် လင်းယိုယွမ်က ဦးစွာ ခေါင်းစည်းတစ်ခုကို ယူပြီး သူ၏ဆံပင်များကို မြင်းမြီးပုံစံဖြင့် ပေါ့ပေါ့ပါးပါး စည်းလိုက်သည်။

 

 

သူ့၌ သန်းများ မရှိခဲ့ချေ။ ခရီးသွားစဉ်တွင် သူက ရထားလုံးပေါ်၌ တစ်ယောက်တည်း အများဆုံး နေခဲ့သောကြောင့် ဖြစ်နိုင်ချေရှိသည်။ ချောင်အာ၏မိခင်က စစ်ဆေးပြီးနောက် ရေချိုးခေါင်းစွပ်ကို ဝတ်ရန် မတိုက်တွန်းတော့ချေ။

 

သူက ခရီးလမ်း ကြမ်းနိုင်သည်ကိုသိသောကြောင့် ကွဲလွယ်သော ပစ္စည်းများကို မယူလာခဲ့ချေ။ အစားထိုးအနေဖြင့် လက်မှုပစ္စည်းငယ်များနှင့် ပလတ်စတစ် ပစ္စည်းများကိုသာ ယူလာခဲ့သည်။

 

သူက အပ်ချုပ်အပ်များ တစ်ဘူးအပြည့် ပါလာခဲ့၏ — ဤပစ္စည်းလေးက သူ အများဆုံး ယူလာခဲ့သည့် ပစ္စည်းလေးဖြစ်သည်။

 

ယဲ့ကျိုးက သိပ်နားမလည်သောကြောင့် ချောင်အာ၏မိခင်ကို အထူးတလည် မေးမြန်းခဲ့သည်။

 

ချောင်အာ၏မိခင်က စောင့်ကြည့်ရေးအခန်းထဲမှ ယဲ့ကျိုးအား ရှင်းပြ၏။ “နတ်မင်း၊ အပ်တွေက ရဖို့မလွယ်ဘူး။ အငတ်ဘေးမဖြစ်ခင်တုန်းကတောင်မှ ကျွန်မတို့ မိသားစုမှာ အပ်တစ်ချောင်းမှ မရှိဘူး၊ အဲ့ဒါကြောင့် သူများတွေဆီက ချေးရတယ်၊ အဲဒါအတွက် ကျွန်မတို့ အစားအစာတွေ ပြန်ပေးရတယ်…”

 

“စဉ်းစားကြည့်၊ သံအပ်တစ်ချောင်း လုပ်ဖို့အတွက် တူနဲ့ အများကြီး  ထုရတယ်။ အပ်တစ်ချောင်းတည်း လုပ်ဖို့အတွက် ပစ္စည်းတွေ အများကြီး အလဟသ ဖြစ်ရတယ်”

 

“ချမ်းသာတဲ့ မိသားစုက အမျိုးသမီးတွေကပဲ ပန်းထိုးပညာကို သင်ယူနိုင်တာ...”

 

ပိုးချည်က ရဖို့မလွယ်သလို အပ်တွေကလည်း ရဖို့မလွယ်ခဲ့ချေ။ ပစ္စည်းက သေးလေလေ၊ လုပ်ဖို့ ခက်လေလေဖြစ်ပြီး၊ ပိုပြီး အလဟသ ဖြစ်နှုန်းလည်း ပိုမြင့်လေလေဖြစ်သည်။

 

ချောင်အာ၏မိခင်က တိုးတိုးလေး ပြောသည်။ “အပ်တစ်ချောင်း ဝယ်ဖို့အတွက် အိမ်မှာစုထားတဲ့ ကြက်ဥတွေကို ကြေးနီဒင်္ဂါးပြားနဲ့ လဲရတယ်၊ ပြီးတော့လည်း ကြေးနီဒင်္ဂါးပြားပြည့်ဖို့ လနဲ့ချီပြီး အချိန်ယူရတယ်”

 

“သခင်လေး လင်းက အပ်တစ်ချောင်းကို ရွေးလိုက်တယ်။ သူက အဲဒီကြမ်းတမ်းတဲ့ လူတွေထက် အမြင်ပိုရှိတယ်”

 

ယဲ့ကျိုးက ရှေးခေတ်ကာလတွင် အရင်းအမြစ်များ ရှားပါးမှုက ဤမျှလောက်အထိ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သူက စူးစမ်းလိုစိတ်ဖြင့်၊ “ခင်ဗျားတို့ ဈေးမသွားကြဘူးလား?”

 

ချောင်အာ၏မိခင်၏ မျက်လုံးများ တောက်ပသွားသည်။ နတ်မင်းက ဈေးသွားတာကို သိနေလိမ့်မည်ဟု သူ(မ) မမျှော်လင့်ခဲ့ချေ။ သူ(မ)က စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောသည်။ “ဟုတ်ကဲ့၊ ကျွန်မတို့ ဈေးသွားပါတယ်၊ ဒါပေမယ့် အမြဲတမ်းတော့ မဟုတ်ဘူး။ ကျွန်မတို့ ရွာမှာ လူသိပ်မများတော့ ကုန်သည်တွေက အဲ့ကိုလာရတာ သိပ်မကြိုက်ကြဘူး။ သူတို့ လာခဲ့ရင်တောင် ကျွန်မတို့က အများကြီး ဝယ်ဖို့မှမတတ်နိုင်ကြတာ”

 

“ဈေးမှာ ဘာတွေ ရနိုင်လဲ?” ယဲ့ကျိုးက မေးစေ့ကို လက်ဖြင့် ထောက်၍ မေးလိုက်သည်။

 

ယခုအခါတွင် ယဲ့ကျိုးက ချောင်အာ၏မိခင်ရှေ့တွင် ပိုပြီး သက်သောင့်သက်သာ ခံစားရသည်။ ဖြစ်နိုင်ချေက ချောင်အာ၏မိခင် သူ့ကို ကြည့်သည့်အခါတိုင်း ဖောက်ထွင်းမမြင်နိုင်အောင် တားဆီးထားသော ဖန်သားပြင်ကို အမြဲတမ်း တပ်ဆင်ထားသည်ကို သူသိသောကြောင့် ဖြစ်နိုင်သည်။

 

ချောင်အာ၏မိခင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ “ဆီ၊ ဆား၊ ပဲငံပြာရည်နဲ့ ရှာလကာရည်လိုမျိုး ပစ္စည်းတွေပဲ ရှိတာပါ။ အိမ်လုပ်အထည်တွေလည်း ရပေမယ့် လူသိပ်မဝယ်ကြဘူး။ သူတို့ရဲ့ အဝတ်တွေ လုံးဝ စုတ်ပြဲမသွားမချင်း ဘယ်သူမှ အထည်တွေ ဝယ်ဖို့ ပိုက်ဆံ မဖြုန်းချင်ကြဘူး။ အသားရောင်းတဲ့လူတွေလည်း ရှိသေးတယ်… ဒါပေမယ့် စောစောသွားမှရမယ်၊ မဟုတ်ရင် အဆီများတဲ့ အသားတွေ အကုန်လုံး ရောင်းကုန်သွားပြီး အဆီနည်းတဲ့ အသားတွေပဲ ကျန်တော့မှာ”

 

ယခုအချိန်တွင် ချောင်အာ၏မိခင်တွင် အသားနှင့်အဆီ လိုအပ်မှု မရှိတော့သောကြောင့် အဆီများသည့်အသားကို ပြောသည့်အခါ ယခင်ကလို သားရည်ကျခြင်းကို မထိန်းနိုင်ခြင်းမျိုး မရှိတော့ချေ။

 

ယဲ့ကျိုးက မေးလိုက်သည်။ “လက်ဝတ်ရတနာတွေ ဒါမှမဟုတ် အလှကုန်တွေလိုမျိုး တန်ဖိုးရှိတဲ့ ပစ္စည်းတွေရော မရှိဘူးလား?”

 

ချောင်အာ၏မိခင်က အနည်းငယ် ရှက်ရွံ့စွာ ပြုံးပြီး ပြောလိုက်သည်။ “အိမ်ထောင်ဦးစီးက ကျွန်မအတွက် လက်ဝတ်ရတနာတွေ ဝယ်ပေးဖူးတယ်”

 

ယဲ့ကျိုးက သူ(မ)ကို ကြည့်လိုက်သည်။

ချောင်အာ၏မိခင်- “အနီရောင် ခေါင်းစည်းကိုလေ၊ အဲ့တုန်းက အဲ့တာက ခေတ်စားနေတာ”

 

ယဲ့ကျိုး- “…”

 

ချောင်အာ၏မိခင်က ဆက်ပြောသည်။ “ကျွန်မတို့ နေရာမှာဆိုရင် မင်္ဂလာဆောင်တဲ့အခါ အနီရောင်ဝတ်စုံ ဝတ်နိုင်တဲ့သူတွေက ဆယ်မိုင် ရှစ်ရွာပတ်ဝန်းကျင်မှာ လေးစားခံရတဲ့ မိသားစုကလို့ သတ်မှတ်ကြတယ်၊ ဝတ်စုံက နည်းနည်းဟောင်းနေရင်တောင်မှပေါ့…”

 

သူ၏ဘဝတွင် အကြီးမားဆုံး နောင်တကတော့ မင်္ဂလာဆောင်သည့်နေ့တွင် အနီရောင်ဝတ်စုံကို မဝတ်ဆင်နိုင်ခဲ့ခြင်းပင်။

 

ထိုအချိန်တွင် သူ(မ)က ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးသာ ဖြစ်ပြီး အပြာရောင်ဝတ်စုံအသစ်ကို ဝတ်ဆင်ကာ ရင်ခွင်ထဲတွင် အထုပ်လေးတစ်ခုကို ပိုက်ထားသည်။ သူ(မ)၏ မိဘများက သူ(မ)ကို တံခါးအပြင်သို့ လိုက်ပို့ခဲ့ပြီး တံခါးဝတွင် စောင့်နေသော သူမ၏ ခင်ပွန်းနောက်သို့ လိုက်ခဲ့သည်။

 

မင်္ဂလာပွဲ သို့မဟုတ် အခမ်းအနားများ မရှိခဲ့သောကြောင့် အဝတ်အစားအသစ်တစ်စုံရခြင်းကပင် သူ(မ)အတွက် အကြီးကျယ်ဆုံးသော အရာဖြစ်သည်။

 

 

ယဲ့ကျိုး ရယ်မောလိုက်သည်။ “ခင်ဗျား အနီရောင် ဝတ်စုံတွေ ဝတ်ရတာ ကြိုက်တာကို အံ့ဩစရာမရှိပါဘူး”

 

ချောင်အာ၏မိခင်က အနီရောင် ကမ်းခြေဝတ်စုံများကို အများဆုံး ရွေးချယ်ခဲ့သည်။

 

အခြားတစ်ယောက်က ထိုကဲ့သို့ ပြောခဲ့မည်ဆိုလျှင် ချောင်အာ၏မိခင်က ရှက်ရွံ့နေလိမ့်မည်။ သို့သော် နတ်မင်းထံမှ လာခဲ့သော စကားဖြစ်နေသော အခါတွင်မူ သူ(မ)က ရှက်စရာမရှိဟု ခံစားခဲ့ရသည်။

 

ချောင်အာ၏မိခင်က ခေါင်းငုံ့လိုက်ပြီး ယဲ့ကျိုးက သူ(မ)အား ပြောလိုက်သည်။ “သွားနားတော့”  

 

သူ ငွေသွားစုရဦးမယ်။

 

ပစ္စည်းများကို ရွေးချယ်ပြီးသော လင်းယိုယွမ်က တွန်းလှည်းကို တွန်းကာ ဝန်ထမ်းများ၏ လမ်းညွှန်မှုအတိုင်း ငွေရှင်းကောင်တာသို့ လိုက်သွားသည်။

 

သူသည် စားပွဲပေါ်ရှိ သံချည်ထုံးများကို ကြည့်ရင်း ၎င်းတို့က ဘာအတွက်မှန်း မသိဖြစ်နေခဲ့သည်။ သို့သော်လည်း ၎င်းက သူ့ကို အာရုံတစ်စိုက် စိုက်ကြည့်ခြင်းမှ မတားဆီးနိုင်ခဲ့ချေ။

 

ယဲ့ကျိုး ထွက်လာသောအခါမှ လင်းယိုယွမ်သည် သူ့အကြည့်များကို လွဲဖယ်လိုက်သည်။

 

လင်းယိုယွမ်တစ်ယောက် နတ်မင်း၏ ပုံပန်းသဏ္ဍာန်ကို စိတ်ကူးယဥ်ခဲ့ဖူးသည်။ — ပိုးသားကဲ့သို့ ဝဲကျနေသော ဆံပင်ဖြူများ၊ မုတ်ဆိတ်ဖြူများနှင့် တာအိုဘုန်းကြီးတစ်ပါးပုံစံမျိုး၊ ငှက်မွှေးတံမြက်စည်းကို ကိုင်ထားပြီး၊ အေးတိအေးစက်နှင့် ဘာကိုမှ ဂရုမစိုက်သောပုံစံဖြင့် ကမ္ဘာပေါ်ရှိ အရာအားလုံးကို အရေးမပါဟု သဘောထားမည့်သူမျိုးဟု သူ စိတ်ကူးခဲ့သည်။

 

သို့သော်လည်း နတ်မင်းက လူငယ်တစ်ဦးအဖြစ် ပေါ်လာလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ခဲ့ချေ!

 

ဆံပင်ရှည်လည်း မရှိ၊ မုတ်ဆိတ်ဖြူလည်း မရှိ။ သူက အရပ်ရှည်ရှည်နှင့် ကိုယ်ဟန်မတ်မတ်ရှိသည်။ သူ၏ မျက်လုံးများက တောက်ပနေပြီး၊ အသားအရေက ကျောက်စိမ်းကဲ့သို့ ဖြူစင်ကာ ထူးခြားသော စိတ်နေစိတ်ထားရှိသည်။

 

သူသည် အထက်တန်းလွှာမှ ဂုဏ်သရေရှိလူကြီးမင်းတစ်ဦးကဲ့သို့ ယဉ်ကျေးသိမ်မွေ့သည်။

 

သို့သော်လည်း သူက ဂုဏ်ရည်ရှိသော မိသားစုမှ လူကြီးမင်းများနှင့် လုံးဝ မတူခဲ့ချေ။

 

လင်းယိုယွမ်သည် ဘယ်အချက်က သူ့ကို ကွဲပြားနေစေတာလဲဆိုသည်ကို အတိအကျ ပြောနိုင်စွမ်းမရှိချေ။ သို့သော် သူ့ကို မြင်လိုက်သည်နှင့် သူသည် ဤကမ္ဘာမှ မဟုတ်ကြောင်း သူသိ၏။

 

သို့သော်လည်း နတ်မင်း၏ ဆံပင်တိုများကတော့….. သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။

 

ဤတစ်ကြိမ်တွင် လင်းယိုယွမ်က သေသေသပ်သပ် ဒူးထောက်လိုက်၏။

 

သူက သူ့မိဘများ၊ ဆရာများ၊ ဘုရားများနှင့် ဗုဒ္ဓများရှေ့တွင် ဒူးထောက်ခဲ့ဖူးသည်။ သူ၏ ဒူးများက ဤမျှလောက် အဖိုးမတန်ခဲ့ချေ။

 

ယဲ့ကျိုးက အကျွမ်းတဝင်ဖြစ်နေပြီဖြစ်သည်။ သူသည် မျက်လုံးများကို ချလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ “ဒူးထောက်ဖို့ မလိုပါဘူး၊ ထပါ”  

 

ပြောပြီးနောက် သူက ငွေရှင်းကောင်တာသို့ လျှောက်သွားသည်။

 

လင်းယိုယွမ်သညိ ခဏစောင့်ပြီးမှ ဖြည်းဖြည်းချင်း ထရပ်လိုက်၏။

 

နတ်မင်းတွင် နတ်ပညာရှိပြီး ထာဝရ နုပျိုနေနိုင်သည်။ သူက လူငယ်တစ်ဦး၏ ရုပ်ရည်နှင့် အနည်းငယ် ရင့်ကျက်မှုမရှိသော မျက်နှာရှိသော်လည်း၊ သူသည် နှစ်ပေါင်းထောင်ချီကြာအောင် အသက်ရှင်နေနိုင်ပြီး သေမျိုးလောကမှ ထုံးတမ်းစဉ်လာများကို သိပ်အလေးမထားခဲ့ချေ။

 

ဒါက နတ်မင်းတစ်ပါး၏ သင့်လျော်သော အမူအကျင့်ပင်၊ နတ်မင်းဟန်ဆောင်ထားသော တာအိုဆရာများလိုမျိုး နတ်အသွင်ကို အသုံးပြုပြီး လောကီစည်းစိမ်များကို ခံစားခြင်းမရှိ။

 

သူ့ကိုယ်သူ နတ်မင်း၏ အမူအကျင့်အား မပိုင်ဆိုင်ဟု ယူဆထားသော ယဲ့ကျိုးက QR code တွေကို ပျော်ရွှင်စွာ ဖတ်နေသည်။

 

ဒီ သရဖူက တော်တော်လေး တန်ဖိုးရှိပုံပဲ!

 

ဤတစ်ကြိမ်မှာတော့ ယဲ့ကျိုးက သရဖူကို ချက်ချင်း ငွေဖြင့် လဲလှယ်ခြင်းမျိုး မပြုဘဲ ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားလိုက်သည်။

 

စနစ်ကတော့ ပြောင်းလွယ်ပြင်လွယ်ရှိနေတုန်းပင်။ သူ ရရှိသော ပစ္စည်းများကို ဒေသစျေးနှုန်းအရ ငွေနှင့် လဲလှယ်နိုင်သလို အခြားကမ္ဘာများတွင် ရောင်းဝယ်ဖောက်ကားရန်အတွက်လည်း ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားနိုင်သည်။

 

သူသာ ဒီကို အတင်းအဓမ္မ ခေါ်လာခဲ့ခြင်း မခံခဲ့ရပါက ဒီ ရောင်းဝယ်ဖောက်ကားသောစနစ်မှာ တရားမျှတသည်ဟု ယူဆနိုင်သည်။

 

ဒီလူငယ်လေးရဲ့ အဝတ်အစားတွေကိုပါ ချွတ်နိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ။

 

စာရေးသူ၏ မှတ်ချက် :

 

လင်းယိုယွမ် : “ဒါက နတ်မင်းတစ်ပါးရဲ့ အမူအကျင့်ပဲ...”

 

ယဲ့ “အမြတ်ကြီးစားတဲ့ စီးပွါး‌ရေးသမား” ကျိုး : “ပိုက်ဆံရှာမယ်၊ ဟဲဟဲ၊ ပိုက်ဆံရှာမယ်...”