ဝမ်ကျုံးသည် ထူးဆန်းသည့် ခံစားချက်တစ်ခုကြောင့် သူ့ကို ပွေ့ဖက်ထားသော ရွှမ်မင်အား မော့ကြည့်လိုက်သောအခါ သွေးဆာပြီး အေးစက်နေသော မျက်လုံးနက်များတွင် ရုတ်တရက် နွေးထွေးသောအပြုံးများ ပြည့်လျှံလာသည်ကို တွေ့လိုက်ရချေသည်။ သူ့ရှေ့၌ တစ်ခါမျှမပြဖူးသော ပျော်ရွှင်မှုသည် ပန်းကန်လုံးတစ်ခုမှ လျှံကျနေသော ရေကဲ့သို့ ဖုံးကွယ်၍ မရနိုင်ပေ။
ထိုစဉ် ချောက်ကမ်းပါးပေါ်တွင် ရပ်နေသည့် ဝတ်စုံအဖြူရောင်နှင့် ဆံပင်အဖြူရောင်ရှိသူသည်လည်း ရွှမ်မင်၏ ပျော်ရွှင်မှုကို ခံစားမိသည့်အလား ပြုံးလျက် နောက်သို့ လှည့်ကြည့်လိုက်သောအခါ မိန်းမဆန်သောအလှနှင့် ရွှမ်မင်နှင့် ပခုံးချင်းယှဉ်နိုင်သော လှပသည့် မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့၏။
ပန်းကို ကိုင်ထားသော ဝမ်ကျုံး၏လက်သည် အနည်းငယ် တင်းကျပ်သွားခဲ့၏။ သူသည် နေဝင်ဆည်းဆာအောက်မှာ တစ်ဦးနှင့်တစ်ဦး စိတ်အားထက်သန်စွာ ပွေ့ဖက်ထားပြီး မျက်နှာများကို ပျော်ရွှင်စွာ လျက်နေသည့် ထိုလူနှစ်ဦးကို ကြည့်နေခဲ့သည်။ ထိုနှစ်ဦးမှာ စကားတစ်ခွန်းမျှ မပြောကြသော်လည်း သူတို့၏ ပျော်ရွှင်မှုသည် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်ပေ။
သူ၏မျက်နှာတစ်ပြင်လုံး အခြားသူ၏ တံတွေးများဖြင့် ပြည့်သွားသောအခါမှ ရွှမ်မင်သည် သူ့ရင်ခွင်ထဲသို့ မှီလာသည့် ထိုလူကို မြှောက်တင်လိုက်ပြီး ညီဖြစ်သူ၏ အဖြူရောင် ဆံပင်ရှည်များကို ပွတ်သပ်ကာ ရယ်မောလိုက်လေသည်။
"ထျန်းရှန်း၊ မင်း ဘာလို့ ဒီနေရာကို ရောက်နေတာလဲ?"
"အစ်ကို... ကျွန်တော် အစ်ကို့ကို အရမ်းလွမ်းနေတာ..."
ထို့နောက် ထျန်းရှန်းဟု အမည်တွင်သော ထိုလူသည် ဘောလုံးတစ်လုံးကဲ့သို့ ခုန်လိုက်ပြီး ရွှမ်မင်၏လည်ပင်းကို ဖက်လိုက်ကာ သူ့မျက်နှာကို နမ်းလိုက်လေသည်။ အစ်ကို၏ ရင်ခွင်ထဲတွင် ခေါင်းကို လူးလိမ့်ပြီးနောက် သူ၏ခြေထောက်များသည် မြွေဖြူအမြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှမ်မင်၏ မြွေနက်အမြီးကို ထိလိုက်လေသည်။ ထိုအခါ သူ၏အသံတွင် ငိုသံသဲ့သဲ့လေးများပင် ပါဝင်နေခဲ့သည်။ "အစ်ကိုနဲ့ မတွေ့ရတာ နှစ်တစ်ရာနီးပါးတောင် ရှိနေပြီ။ အစ်ကို ကျွန်တော့်ကို လွမ်းနေလားဟင်? လွမ်းနေလားလို့?"
ရွှမ်မင်သည် သူ၏ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးကာ အလွန်ပင် ချစ်မြတ်နိုးစွာ ခေါင်းညိတ်၍ ဆို၏။ "လွမ်းနေတာပေါ့"
သူတို့ ညီအစ်ကိုနှစ်ဦးသည် အလွန်ခင်မင်သူများ ဖြစ်ကြသည်။ သို့သော် အကယ်၍ လူများက မသိခဲ့ကြပါလျှင်…
ဝမ်ကျုံးသည် ရွှမ်မင်တွင် ညီဖြစ်သူ မြွေဖြူတစ်ကောင် ရှိသည်ကို သိခဲ့သော်လည်း သူတို့ ဘယ်သူတွေဖြစ်ကြောင်း၊ သို့မဟုတ် မိခင်တစ်ဦးတည်းက မွေးဖွားလာသော ညီအစ်ကိုများလားဆိုသည်ကိုမူ တစ်ခါမျှ မမေးခဲ့ပေ။
ဒီလိုဆိုရင်တောင် သူတို့နှစ်ယောက်က နည်းနည်းလေး ရင်းနှီးလွန်းမနေဘူးလားလို့?
မဟုတ်ရင်တောင် ဒီလိုညီအစ်ကိုတွေရဲ့ မေတ္တာက နည်းနည်းများလွန်းနေတယ် မဟုတ်ဘူးလား?
.
ဝမ်ကျုံးတွင်လည်း အစ်ကိုတစ်ယောက် ရှိခဲ့သော်လည်း သူနှင့် မတွေ့ဆုံမီတွင်ပင် ရုတ်တရက် မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရချေသည်။ ထို့ကြောင့် အခြားသော ညီအစ်ကိုများ တစ်ယောက်နှင့်တစ်ယောက် မည်သို့ဆက်ဆံကြသည်ကို သူ မသိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် သူတို့ကို ကြည့်ကာ နည်းနည်းတော့ ပိုလွန်းနေပြီဟု ခံစားလိုက်ရသည်။
ဝမ်ကျုံးသည် လက်ထဲမှ ပန်းများကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ ပြီးနောက် လှည့်ထွက်မည်အပြု ရွှမ်မင်က သူ့ကို ဘေးသို့ ဆွဲခေါ်ကာ ပွေ့ဖက်လိုက်သည်။ ထို့နောက် ညီဖြစ်သူအား မိတ်ဆက်ပေးလိုက်လေသည်။
"ထျန်းရှန်း၊ ဒါက မင်းအစ်ကိုရဲ့ အိမ်ထောင်ဖက် နာမည်က ဝမ်ကျုံးတဲ့၊ ဝမ်ကျုံး၊ ဒါက ကိုယ့်ညီလေး ပိုင်ထျန်းရှန်း၊ ဒီနေ့ကစပြီး ကိုယ်တို့အားလုံး မြွေမိသားစုဝင်တွေ ဖြစ်သွားပြီ။ မင်းတို့နှစ်ယောက် သင့်သင့်မြတ်မြတ် နေကြရမယ်နော်"
ဝမ်ကျုံးသည် ရွှမ်မင်၏ အမြီးအား ရစ်ပတ်ထားသော မြွေဖြူအမြီးကို စိတ်မသက်မသာဖြစ်စွာ ကြည့်လိုက်မိသည်။ ထို့နောက် ရွှမ်မင်၏ ပခုံးပေါ်ရှိလက်ကို ဖယ်ထုတ်ကာ အနည်းငယ် နောက်သို့ ဆုတ်လိုက်သည်။
လူတစ်ဦးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံသောအခါ ယဉ်ကျေးစွာ နှုတ်ဆက်သင့်သည်။
သို့သော် အဘယ်ကြောင့်မှန်းမသိ ဝမ်ကျုံးသည် ရွှမ်မင်၏လည်ပင်း၌ တွယ်ကပ်နေသော ပိုင်ထျန်းရှန်းအား မကြိုက်ခဲ့ပေ။ ပိုင်ထျန်းရှန်းသည်လည်း ဝမ်ကျုံးကို မနှစ်သက်ခဲ့ပေ။ သူ၏မျက်လုံးများက ဝမ်ကျုံး၏မျက်နှာပေါ်သို့ ကျရောက်လိုက်သည့် ပထမဆုံး တုံ့ပြန်မှုမှာ အော်ဟစ်လိုက်ခြင်းပင် ဖြစ်ချေသည်။ "အာ့... သေပါပြီ..."
ဝမ်ကျုံးသည် ထိုအော်သံကြောင့် လန့်သွားခဲ့သည်။
ရွှမ်မင်သည်လည်း သူ၏နားများကို လက်ဖြင့် ပိတ်လိုက်ပြီး ဆို၏။ "မင်း ဘာပြဿနာရှိလို့လဲ?"
ပိုင်ထျန်းရှန်းသည် သူ့အစ်ကို၏ ပခုံးပေါ်သို့ အမြန်မှီလိုက်ပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆို၏။ "သူ... သူက အရမ်းရုပ်ဆိုးတာပဲ... ကျွန်တော် လန့်ပြီး သေတော့မလို့..."
"..." ဝမ်ကျုံးက ထိုအရာကို လျစ်လျူရှုလိုက်ပြီး ရွှမ်မင်အား ပြောလိုက်၏။ "ခင်ဗျား စကားဆက်ပြောနှင့်ကြဦးနော်၊ ကျွန်တော် အစားအသောက်တစ်ခုခု သွားလုပ်လိုက်ဦးမယ်"
ရွှမ်မင်သည် မျက်မှောင်ကြုတ်သွားပြီး ညီဖြစ်သူအားခေါ်ဆောင်ကာ သစ်ကိုင်းမြင့်တစ်ခုပေါ်သို့ တက်သွားခဲ့သည်။ သူ၏ခေါင်းကို အားမလိုအားမရ ပွတ်သပ်ပေးပြီး "ထျန်းရှန်း၊ အဲဒါ မင်းအစ်ကို အတည်ပြုထားတဲ့ အိမ်ထောင်ဖက်၊ အရေးမပါတဲ့သူ မဟုတ်ဘူး။ ငါ သူ့ကို အရမ်းသဘောကျတယ်။ စကားကြမ်းကြမ်းတွေတောင် မပြောဘူး။ နောက် မင်း သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံရဘူးနော်၊ နားလည်လား?"
ပိုင်ထျန်းရှန်းသည် သစ်သားရုပ်ထုတစ်ရုပ်ကဲ့သို့ အံ့ဩမှင်သက်သွားခဲ့သည်။ သူ၏စိတ်ထဲရှိ အတွေးများအားလုံးသည် ဝမ်ကျုံး၏မျက်နှာပေါ်၌သာ ရှိနေခဲ့၏။
ခုနကလူက... သူ ပင်လယ်ထဲတွန်းချလိုက်တဲ့ ကံဆိုးတဲ့လူ မဟုတ်လား?
ပိုင်ထျန်းရှန်းက ရွှမ်မင်အား စိုးရိမ်တကြီး မေးလိုက်သည်။ "အစ်ကို... သူနဲ့... အစ်ကို... ဘယ်လို သိခဲ့ကြတာလဲ? ဘာလို့ သူ့နဲ့ အတူရှိနေတာလဲ?"
ရွှမ်မင်က အမှန်အတိုင်း ပြန်ပြောပြလိုက်သည်။ သူသည် ညီဖြစ်သူ၏ နဖူးမှ ချွေးများကို လက်ဖြင့် သုတ်ပေးရင်း "ဘာဖြစ်ခဲ့လို့လဲ? ရုတ်တရက်ကြီး ချွေးတွေ ဒီလောက် အများကြီး ထွက်နေရတာလဲ?"
"အတူတူ နေလို့ မရဘူး..." ပိုင်ထျန်းရှန်းက ရွှမ်မင်၏လက်ကို ဆုပ်ကိုင်၍ ပြတ်သားစွာ ပြောလိုက်သည်။ "ကျွန်တော် သူ့ကို မကြိုက်ဘူး... ကျွန်တော် သဘောမတူဘူး..."
ဝမ်ကျုံးသည် ချောက်ကမ်းပါးပေါ်၌ ထင်းများပုံပြီး မီးမွှေးနေစဉ် ခေတ္တရပ်တန့်သွားသည်။ ထို့နောက်တွင်တော့ သူ၏အလုပ်ကို ဆက်လုပ်နေခဲ့၏။ သူသည် သစ်ရွက်ခြောက်အချို့ကို ယူကာ မီးခိုးများထွက်နေသော သစ်သားစုထဲသို့ ထည့်လိုက်သည်။ ဖြည်းညှင်းစွာ မှုတ်လိုက်သောအခါ မီးပွားများ လွင့်ထွက်လာပြီး အားနည်းသော မီးတောက်တစ်ခုကို ထွန်းညှိလိုက်ချေသည်။
.
ရွှမ်မင်: "ဘာလို့ မကြိုက်ရတာလဲ?"
ပိုင်ထျန်းရှန်း: "ဘာလို့ဆို ကျွန်တော် သူ့ကို မုန်းလို့... သူ့ကို မြင်တာနဲ့ စိတ်တိုလာလို့..."
ရွှမ်မင်က ပို၍ပင် နားမလည်တော့ချေ။ "ဒါပေမဲ့ မင်းတို့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ ရှိသေးတာလေ။ စကားတောင် မပြောရသေးဘဲ ဘာလို့ သူ့ကို ဒီလောက်မုန်းနေရတာလဲ?" သူက ညီဖြစ်သူ၏အမြီးကို နားလည်မှုအပြည့်ဖြင့် ရစ်ပတ်ပေးလိုက်သည်။ နှစ်သိမ့်ပေးရင်း "မင်းဘာတွေးနေလဲဆိုတ ငါသိတယ်။ ဘာမှစိတ်မပူနဲ့၊ ငါ့မှာ အိမ်ထောင်ဖက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မင်းက အစ်ကို့ရဲ့ အချစ်ဆုံး ညီလေးပဲ။ ငါ မင်းအပေါ် အမြဲကောင်းကောင်းမွန်မွန် ဆက်ဆံပေးမှာမို့ ဒါက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး"
ပိုင်ထျန်းရှန်း: "..."
ရွှမ်မင်: "မင်း ဘာဖြစ်နေတာလဲ? တစ်ခုခု ဖြစ်ခဲ့လို့လား?"
ပိုင်ထျန်းရှန်း တုံ့ဆိုင်းသွားခဲ့သည်။ သူ သူ့အစ်ကိုကို ဘယ်လိုပြောပြရမလဲ?
အားထုတ်မှုနည်းပါးသောကြောင့် သူသည် အပြစ်ဒဏ်ကို မကျော်ဖြတ်နိုင်ခဲ့ချေ။ ထို့ကြောင့် သူသည် မတူညီသောချဉ်းကပ်မှုကို အသုံးပြုခဲ့ပြီး လမ်းမှားသို့ ရောက်သွားခဲ့၏။
ကောင်းကင်အပြစ်ဒဏ်ကို ရှောင်ရှားရန်အတွက် သူသည် ကောင်းကင်၏ စည်းမျဉ်းများကို ဆန့်ကျင်လျက် လူ့လောကထဲသို့ ခိုးဝင်ခဲ့ကာ တန်ဖိုးကြီးသော ဝမ်ကျုံးကို ပင်လယ်ထဲသို့ တွန်းချခဲ့ပြီး အလွန်ချမ်းသာ၍ ထင်ပေါ်ကျော်ကြားသော မိသားစုတစ်စု၌ သူ (ဝမ်ကျုံး) ၏အမည်ကို ခံယူခဲ့သည်…
အမှန်စင်စစ် သူ၏အပြစ်ဒဏ်ကို အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့သော်လည်း ဝမ်ကျုံးတို့မိသားစု၏ ကံကောင်းခြင်းများမှာမူ ကုန်ဆုံးသွားခဲ့ချေပြီ။
မိသားစုအတွင်းရှိ ကလေးငယ်များသည် အရွယ်မတိုင်မီ သေဆုံးခဲ့ကြရပြီး သက်ကြီးရွယ်အိုများသည်လည်း ငြိမ်းချမ်းစွာ အသက်မရှည်နိုင်ကြတော့ချေ။ အမျိုးသမီးများက ဖောက်ပြန်၍ အမျိုးသားများတွင်လည်း အရှုပ်အရှင်းများနှင့် အဆက်မပြတ် ရင်ဆိုင်နေရတော့သည်။ အလားအလာရှိသော အိမ်ထောင်ဦးစီးများသည်လည်း မတော်တဆမှုများ ဖြစ်ပွားခြင်း သို့မဟုတ် ရုတ်တရက် ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်းများ ကြုံတွေ့ခဲ့ကြရသည်။ ရာနှင့်ချီသောနှစ်များစွာ ဂုဏ်သရေရှိခဲ့သော ထိုချမ်းသာကြွယ်ဝသည့် မိသားစုသည် အချိန်တိုအတွင်း၌ ထူးဆန်းစွာ ပြိုလဲပျက်စီးသွားခဲ့သည်။
လူတိုင်းက သူ့ကို ကပ်ဆိုးကြယ်ဟု ခေါ်ခဲ့ကြသော်လည်း သူသည် မိသားစု၏ ကံကောင်းခြင်းများကို အသုံးပြု၍ သူ၏အပြစ်ဒဏ်ကို ရှောင်ရှားခဲ့သည်မှာ အမှန်ပင်။
ပြီးခဲ့သည့် ရက်အနည်းငယ်ကပင် သူနှစ်သက်သောလူ၊ ဝမ်ကျုံး၏ အစ်ကိုအရင်းသည် ပထမဦးစွာ ငွေကြေးအကူအညီရယူရာတွင် မအောင်မြင်ခဲ့ သောကြောင့် ဒေဝါလီခံရမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး သတင်းထောက်များ၏ လိုက်လံမေးမြန်းခြင်းကို ခံခဲ့ရသောကြောင့် အလွန်ပြင်းထန်သော ကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်တွင် အခုထိ လဲလျောင်းနေရဆဲပင်။
ဆရာဝန်များကမူ…
မသေသေးလျှင်ပင် အပင်သေကဲ့သို့နှယ် ဖြစ်သွားမည်ဟု ဆိုကြသည်။
နိုးလာခဲ့လျှင်တောင်မှ လမ်းလျှောက်၍မရနိုင်သော မသန်မစွမ်းတစ်ဦး ဖြစ်သွားမည်ဟု ဆိုကြသည်။
ယခုအခါ ပိုင်ထျန်းရှန်းမှာ အလွန်ကြောက်ရွံ့၍ ဝမ်းနည်းနေပြီး ဘာလုပ်ရမှန်းကို မသိတော့ချေ။
သူသည် အမှန်အတိုင်းပြောပြပြီး သူ့အစ်ကိုအား အရင်ကဲ့သို့ပင် ဤပြဿနာကို ရှင်းပေးစေချင်သော်လည်း ဒါပေမဲ့ သူတွန်းချခဲ့လို့ သေဆုံးသွားခဲ့တယ်လို့ ထင်ခဲ့တဲ့လူက သူ့အကိုရဲ့ အိမ်ထောင်ဖက်ဖြစ်နေလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး ထင်နိုင်မှာလဲ?
ရွှမ်မင်ကတော့ သူ့ညီနှင့် ဝမ်ကျုံးကြားရှိ မကောင်းသော ဆက်ဆံရေးအကြောင်းကို လုံးဝမသိခဲ့ပေ။ သူက သူ့ကို မေးလိုက်သည်။ "အပြစ်ဒဏ်က မရောက်သေးပါဘူး၊ ကျွန်းကလည်း ကန့်သတ်ထားတုန်းပဲ၊ မင်းဘယ်လိုရောက်လာတာလဲ?"
ထိုနတ်များသည် ရွှမ်မင်ကို နေ့ဘက်တွင် ရှောင်တတ်ကြပေသည်။ သူ့ကို ကြည့်၍ ပိုင်ထျန်းရှန်းက ပြော၏။ "အစ်ကို... တကယ်လို့၊ ကျွန်တော်ပြောတာက တကယ်လို့နော်၊ ကျွန်တော် အပြစ်ဒဏ်ကို ရှောင်ဖို့ ချမ်းသာတဲ့မိသားစုတစ်ခုဆီ သွားခဲ့ရင် ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်လဲ?"
"တကယ်လို့ မင်း တစ်ခြားသူတွေကို ဘေးဒုက္ခရောက်စေခဲ့ရင်တော့ မင်းကိုယ်တိုင် အကျိုးဆက်တွေ ခံစားရလိမ့်မယ်။ ပိုင်ထျန်းရှန်း၊ မင်း မပြောနဲ့နော်-"
""ဟင့်အင်း... ကျွန်တော် တခြားသူများကို ဒုက္ခမပေးခဲ့ပါဘူး... အစ်ကိုကလည်း၊ စိတ်ကူးပေါက်ရာတွေ လျှောက်မပြောပါနဲ့..." ပိုင်ထျန်းရှန်းက အလွန်စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
.
ရုတ်တရက် အော်ဟစ်လိုက်သော အသံကြောင့် ဝမ်ကျုံးသည် လန့်သွားခဲ့သည်။ သူ၏လက်ထဲမှ ငါးကင်သည် ပွက်ပွက်ဆူနေသော ကျောက်အိုးထဲသို့ ကျသွားခဲ့ပြီး သူ၏လက်ဖမိုးကို ရေနွေးပူများ စင်ပြီး အပူလောင်သွားခဲ့သည်။
"ဟင့်~"
ဝမ်ကျုံးသည် နာကျင်စွာ ညည်းညူလိုက်ပြီး လက်ကို ဆွဲထုတ်လိုက်သောအခါ မတော်တဆ ကျောက်အိုးကို တိုက်မိခဲ့ကာ ဆူပွက်နေသော ဟင်းရည်တစ်အိုးလုံးသည် သူ၏ ခြေသလုံးနှင့် ခြေထောက်များပေါ်သို့ ဖိတ်စင်ကျလာခဲ့သည်။ သူ အလျင်စလိုထရပ်လိုက်ချိန်တွင် အလွန်အေးစက်သော ရင်ခွင်တစ်ခုသည် သူ့ကျောပြင်နှင့် ကပ်လျက်ရှိနေ၏။
ရွှမ်မင်သည် ဝမ်ကျုံးက သူ၏မြွေအရေခွံကို ဝတ်ဆင်ထားသောကြောင့် ဝမ်ကျုံး၏ ခန္ဓာကိုယ်သည် မည်သည့်ဒဏ်ရာမှ မရှိဘဲ ကောင်းမွန်နေသည်ကို တွေ့ရသဖြင့် ရွှမ်မင် ပို၍ပျော်ရွှင်သွားသည်။ သူသည် မြွေလျှာကို ထုတ်၍ ဝမ်ကျုံး၏လက်ဖမိုးပေါ်ရှိ ဒဏ်ရာကို လျက်ပေးပြီး ဆူလိုက်သည်။ "ဘာလို့ ဒီလောက်တောင် ပေါ့ဆရတာလဲ?"
ဝမ်ကျုံးသည် မရှင်းပြနိုင်သော မလုံခြုံမှုကို ခံစားနေရသည်။ မကောင်းသည့်အရာတစ်ခုခု ဖြစ်တော့မည်၊ သို့မဟုတ် ဖြစ်နှင့်ပြီးဖြစ်မည်ဟု အမြဲခံစားနေရသည်။
သူသည် ရွှမ်မင်အား မေးလိုက်၏။ "ခင်ဗျားရဲ့ညီ ဘယ်ရောက်သွားတာလဲ?"
"ပြန်သွားပြီ" ရွှမ်မင်က ဝမ်ကျုံးကို အနောက်မှ ပွေ့ဖက်လိုက်သည်။ "ပိုင်ထျန်းရှန်းက ချောတယ်နော်?" သူသည် ခွေးကြီးတစ်ကောင်ပမာ ကိုက်လိုက်၊ နမ်းလိုက်ဖြင့် အနည်းငယ်မာနထောင်လွှားစွာ မေးလိုက်သည်။ "ဘယ်လိုလဲ? ပိုင်ထျန်းရှန်းက ချောတယ်မလားလို့?"
ဝမ်ကျုံး: "... ရုပ်ရည်ထက် သူ့စိတ်နေစိတ်ထားက ကျွန်တော့်ကို ပိုပြီး အထင်ကြီးစေတယ်"
ရွှမ်မင်က ပြုံး၍ ဆို၏။ "ကိုယ် သူ့ကို ညီလေးဆိုပြီး အလိုလိုက်ထားလို့ ဆိုးချင်တိုင်း ဆိုးနေတာ၊ မင်း ဗွေမယူပါနဲ့နော်"
ဝမ်ကျုံးသည် လှောင်ပြုံးပြုံးလိုက်ပြီး အလေးအနက် မထားတော့ပေ။
.
အနားယူချိန်အတွင်း၌ သူ၏ပခုံးပေါ် လဲလျောင်းနေသော ခေါင်းကြီးကို ထိလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ဆို၏။ "ခင်ဗျား ဒီလို ဖက်ထားတာ ဘယ်လောက်ကြာဦးမှာလဲ? ခင်ဗျားအလေးချိန်ကြောင့် ကျွန်တော့်ကိုယ်တွေ ထုံနေပြီ။ လွှတ်ပေးပါတော့"
"မလွှတ်ပေးချင်ပါဘူး" ရွှမ်မင်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်ပြီး ဝမ်ကျုံးကို ပို၍တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။
သူ၏အေးမြသော အသက်ရှူသံသည် ဝမ်ကျုံး၏ ထိလွယ်ရှလွယ် နားရွက်နုနုနားသို့ လာရောက်ထိတွေ့နေသည်။ "မင်းကိုမှ မဖက်ထားရရင် လက်ထဲမှာ တစ်ခုခုလိုနေသလို မသက်မသာကြီး ခံစားရတယ်"
ဝမ်ကျုံးသည် ခေါင်းကို ငုံ့ကာ ရွှမ်မင်၏ လက်မောင်းများကို ညင်သာစွာ ဖြုတ်လိုက်ပြီး သူနှင့်ဝေးရာသို့ ရှောင်ထွက်လိုက်သည်။ ရွှမ်မင်၏ တဖြည်းဖြည်းအေးစက်လာသော အကြည့်များအောက်တွင် ခြေဖျားထောက်၍ သူ၏ပခုံးများကို ဆုပ်ကိုင်လျက် ရွှမ်မင်၏ခါးပေါ်၌ ထိုင်လိုက်လေသည်။
ရွှမ်မင်သည် အံ့ဩသွားပြီး ခဏတာမျှ စကားမပြောနိုင်ဖြစ်နေခဲ့သည်။
ဝမ်ကျုံးသည် ရွှမ်မင်၏ထူထဲသော ဆံပင်နက်များကို သူ၏ခေါင်းနောက်သို့ စုစည်းလိုက်ပြီး မြွေအရေခွံတစ်ခုဖြင့် ညင်သာစွာ စည်းလိုက်သည်။
ထို့နောက် ရွှမ်မင်သည် သူ၏ခေါင်းကို ဝမ်ကျုံး၏ကျောပေါ် တင်ထားပြီး ပြောလိုက်သည်။ "ဒီည မင်းကို မစားသေးဘူး၊ မနက်ဖြန်ကျမှ ပျိုးပင်တွေရှာဖို့ ခေါ်သွားမယ်"