Chapter 48
Viewers 2k

ရွှမ်မင်၏ ဆံနွယ်ရှည်များသည် လေအေးနှင့်အတူ လွင့်မျောနေသည်မှာ မှင်တစ်စကို ပက်ဖျန်းလိုက်သကဲ့သို့ ပခုံးပေါ်တွင် ညင်သာစွာ ကျနေချေ၏။

ရွှမ်မင်သည် ခေါင်းငုံ့ကာ မှတ်စုစာအုပ်တစ်အုပ်ကို ရေးသားနေချိန်၌ သူ၏ပြေပြစ်လှသော ဘေးတိုက်မျက်နှာက ဝမ်ကျုံးအား မည်သည့်ဟန်ပန်မျှမရှိဘဲ ပေါ်လွင်နေခဲ့သည်။

ထိုဆံပင်ပုံစံသည် သူ၏မူလ အေးစက်သော မျက်နှာသွင်ပြင်ကိုပင် ပျော့ပျောင်းစေခဲ့သည်။

ဝမ်ကျုံးသည် ရွှမ်မင်၏ ညီညာသော ကျောပြင်ပေါ်တွင် မှီလျောင်းရင်း မျက်တောင်လေးများကို တဖျတ်ဖျတ်ခတ်လိုက်သည်။ သူ၏အကြည့်ကို သတိမပြုမိခင်မှာပင် အခြားတစ်ဖက်သို့ လွှဲလိုက်ပြီး ရွှမ်မင်၏လက်ထဲမှ အဘိဓာန်ထက်ပင် ထူထဲသော စာအုပ်ကို လက်ညှိုးထိုးကာ မေးမြန်းလိုက်၏။ "ဒါက ဘာလဲ?"

ရွှမ်မင်က နှုတ်ခမ်းကိုစူလိုက်ပြီး "ကိုယ့်ကို နမ်းရင် ပြောပြမယ်" 

ဝမ်ကျုံးသည် နောက်ပိုင်းတွင် ပျိုးပင်အချို့ကို ဆက်ရှာရန် စိတ်ကူးရှိနေသေးသဖြင့် အချိန်မရွေး လိုအင်ဆန္ဒ ပြင်းပြလာနိုင်သည့် ထိုမြွေကြီးကို စနောက်ရန် မရဲပေ။ သူက ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး ခေါင်းခါ၍ မသိချင်တော့ကြောင်း ပြသလိုက်သည်။

သို့သော်လည်း ရမ္မက်ကြီးလှသော မြွေကြီးတစ်ကောင်ဖြစ်သည့် ရွှမ်မင်သည် သူ၏ ချစ်လှစွာသော အိမ်ထောင်ဖက်လေးကို မည်သို့မှ အလွယ်တကူ လွှတ်ပေးနိုင်မည်မဟုတ်ပေ။

သူ၏ဒေါင်လိုက်မျက်ဝန်းများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဝမ်ကျုံး၏ကျောကို သူ၏အမြီးဖြင့် တင်းကျပ်စွာ ဖိနှိပ်လိုက်ရာ ရှောင်လွှဲစရာနေရာ မရှိတော့ချေ။ ထိုအခိုက်အတန့်တွင်ပင် သူ၏အမြီးထိပ်ဖျားကို ဝမ်ကျုံး၏ခေါင်းနောက်ဘက်သို့ ဖိထားလိုက်သည်။ ထို့နောက် အနီရောင်သန်းနေပြီး ပါးလွှာသော မြွေလျှာကို ထုတ်၍ ဝမ်ကျုံး၏လက်ချောင်းများကြားမှ ဖြတ်ကာ သူ၏နူးညံ့သော နှုတ်ခမ်းများကို အလိုရှိသလို လျက်ပေးလိုက်ပြီး စေ့ထားသော သွားများကိုပင် ဖွင့်ကာ ဝင်ရောက်သွားခဲ့၏…

ဝမ်ကျုံး တုန်ယင်သွားခဲ့၏။

ထိုရမ္မက်ကြီးသော မြွေကြီးက သူ့ကို အတင်းအကျပ် နမ်းလိုက်တိုင်း သူ့ပါးစပ်ထဲသို့ အေးစက်စက်ရေခဲချောင်းတစ်ချောင်းကို ဝါးမျိုလိုက်ရသကဲ့သို့ ခံစားရသည်။ ယင်းသည် စေးကပ်ကပ်နိုင်သော သွားများကို လွန်စွာ စူးရှနာကျင်စေသည်။

သို့သော်လည်း သူ၏အိမ်ထောင်ဖက်ဆီမှ ချိုသာသော အနမ်းကို ရရှိလိုက်သော ရွှမ်မင်ကမူ အလွန်မာနတက်နေပုံရသည်။ သူ၏အောက်ပိုင်းမြွေခန္ဓာကိုယ်ကို ပျော်ရွှင်စွာ လိမ်လိုက်ပြီး သွားရာလေးများ ထင်ကျန်နေသည့် မြွေလျှာကို ကျေနပ်စွာ ထုတ်ကာ 'ဟစ်' ဟူသော ပျော်ရွှင်သည့်အသံကို မှန်ထဲတွင် ပြုလုပ်နေခဲ့ချေသည်။

[မှန်ကြီးရေ၊ မှန်ကြီးရေ]

[သေချာကြည့်စမ်းပါဦး]

[ငါ ဘာလို့ မြွေတစ်ကောင်ဖြစ်ရက်နဲ့ ငါ့ရဲ့မြွေလျှာမှာ သွားရာတွေ ရှိနေတာလဲ?၊ အရမ်းထူးဆန်းတာပဲနော်]

.

ရွှမ်မင်သည် ဝမ်ကျုံးကို သူ၏ကျောပေါ်၌ သယ်ဆောင်ရင်း ဉာဏ်နည်းပြီး သတိမရှိသည့် ကြက်အချို့၏ အစာရှာရာနေရာဖြစ်သော မြက်ခင်းပြင်၏ အနောက်တောင်ဘက်ရှိ ချိုင့်ဝှမ်းငယ်လေးတစ်ခုဆီသို့ သွားခဲ့ကြသည်။

ခရီးတစ်လျှောက်တွင် ရွှမ်မင်က သူ၏အမြီးထိပ်ဖျားဖြင့် ဝမ်ကျုံးကို အဆက်မပြတ် စနောက်နေခဲ့သည်။ ဝမ်ကျုံးသည် မခံနိုင်တော့ဘဲ အဆီကင်းစင်သည့် ခိုင်မာသော ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "ကျွန်တော့်ကို ချပေး‌တော့၊ ကိုယ့်ဘာသာဘဲ လမ်းလျှောက်တော့မယ်"

သူ့ကို မြေပြင်ပေါ်သို့ ချပေးလိုက်သောအခါ မြက်ပင်များက ဝမ်ကျုံးထက် ပိုမိုမြင့်မားနေသဖြင့် သူသည် ဘာကိုမှ မမြင်ရတော့ချေ။

ဝမ်ကျုံးက ရှက်ရွံ့စွာ နှာခေါင်းကို ပွတ်လိုက်ပြီး ရွှမ်မင်၏အမြီးနောက်သို့ လျှောက်သွားခဲ့သည်။ သူ အမြီးကို ဖမ်းမိလုနီးပါးဖြစ်တိုင်း ရွှမ်မင်က ကြောင်တစ်ကောင်နှယ် အမြီးကို ယမ်းခါကာ ရှောင်တိမ်းနေခဲ့သည်။ သူ့ကို ဆက်လက်ဖမ်းရန် လှုံ့ဆော်သည့်အနေဖြင့် အမြီးထိပ်ဖျားကို သူ့နှင့်မလှမ်းမကမ်းနေရာ၌ ဆော့ကစားသည့်ဟန်ဖြင့် ချိတ်၍ ဝဲနေခဲ့၏။

ဝမ်ကျုံးက ဤကစားနည်းသည် အမှန်တကယ်ပင် ကလေးဆန်သည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ရှေ့သို့ ကိုယ်ကိုင်းပြီး "အာ့" ဟူသော အသံကို ပြုလုပ်လိုက်သည်။ ရွှမ်မင်သည် သူ့ကို စစ်ဆေးရန် အလျင်အမြန်ပြေးလာခဲ့သည့်အခါ ဝမ်ကျုံးက မြွေအမြီးကို ဖက်လိုက်ပြီး ပြောသည်။ "ဟားဟား၊ မိပြီ" သူ၏အမူအရာက အနည်းငယ်မာနကြီးနေခဲ့၏။

ရွှမ်မင်သည် ချက်ချင်းဆိုသလို ဝမ်ကျုံး၏တင်ပါးကို အကြိမ်အနည်းငယ် ရိုက်နှက်လိုက်ပြီး အေးစက်စက်အသံဖြင့် ဆူပူလိုက်သည်။ "မြွေကို လိမ်ပြောပြန်ပြီ ကြည့်"

ဝမ်ကျုံးသည် နာကျင်စွာ ညည်းညူရင်း
"ခင်ဗျားက ဘာလို့ ဒီလောက်တောင် ကြမ်းရတာလဲ? စတာလေးကို စိတ်ဆိုးစရာလား။ အဲဒါလေးတောင် မခံနိုင်ဘူးဆိုရင် ကျွန်တော် ခင်ဗျားနဲ့ မကစားတော့ဘူး" ဟု ဆိုကာ ရွှမ်မင်ကို တွန်းထုတ်လိုက်သည်။ ရွှမ်မင် စိတ်ဆိုးနေသည်၊ မဆိုးသည်ကို မသိသော်လည်း ဝမ်ကျုံးကမူ အမှန်တကယ်ပင် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ချေသည်။

သူ့ရင်ခွင်ထဲတွင် စိတ်ဆိုးပြီး စူပုတ်နေသည့် ဝမ်ကျုံးကို ကြည့်ရင်း ရွှမ်မင်က သူ၏အိမ်ထောင်ဖက်လေးသည် အလွန်ပင် သနားစရာကောင်းပြီး ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

ဝမ်ကျုံး၏ ပါးပေါ်ရှိ ပူတင်းကဲ့သို့ အိနေသော အသားစိုင်များ သူ၏လက်ချောင်းများဖြင့် ညှစ်ရင်း ပြန်ပြောလိုက်သည်။ "မင်းက ဘာလို့ ဆိုးနေရတာလဲ? ကိုယ်က မင်းကို ဂရုစိုက်တယ်ဆိုတာကို သိရက်နဲ့ ကိုယ့်ကို လိမ်ရက်တယ်ပေါ့"

ဝမ်ကျုံးသည် စိတ်မသက်မသာနှင့် ခေါင်းစောင်းလိုက်သည်။ ထို့နောက် "အင်းပေါ့လေ အပြောချိုတော့လည်း စကားချိုချိုလေးတွေ ပြောလို့ရတာပေါ့"

ရွှမ်မင်သည် ထိုသို့ မပြောတတ်သဖြင့် အလေးအနက်ထား၍ ပြန်ဖြေသည်။ "ကိုယ်က အမှန်ပြောနေတာ"

ဝမ်ကျုံးသည် တကယ်ကို လက်လျှော့လိုက်တော့သည်။ ရွှမ်မင်က သူ့ခါးကို ဆွဲကိုင်၍ သစ်ပင်တစ်ပင်နှင့်ကပ်လျက် တင်းကျပ်စွာ ထားကာ ပြင်းထန်စွာ အပြစ်ပေးလိုက်ချိန်တွင် သူ အမှန်တကယ်ပင် နားလည်သွားခဲ့ပေသည်။

နွေဦးရာသီသည် တိုတောင်းသော်လည်း ဤမြွေကြီးနှင့် အတူရှိနေချိန်တွင်မူ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ချေသည်။

.

ဝမ်ကျုံးသည် နာကျင်နေသော ခါးကို ကိုင်လျက် ချိုင့်ဝှမ်းထဲတွင် ပျိုးပင်များကို ရှာဖွေနေခဲ့၏။

အလွန်တက်ကြွနေသော ရွှမ်မင်ကမူ မြွေနက်အဖြစ်သို့ ပြောင်းလဲပြီး မြွေလျှာကို ထုတ်ကာ ကြက်များကို လိုက်လံခြောက်လှန့်နေခဲ့သည်။ ချိုင့်ဝှမ်းထဲရှိ သားရဲတိရစ္ဆာန်များနှင့် ငှက်များကို ခြောက်လှန့်ပြီးနောက် မြက်စိမ်းများကြားတွင် ငါးတစ်ကောင်နှယ် ကူးခတ်ဆော့ကစားရင်း ပျော်ရွှင်စွာပင် ပင်ပန်းနွမ်းနယ်သွားတော့သည်။ နောက်ဆုံးတွင် ဝမ်ကျုံးနောက်တွင် ခွေလိုက်၍ မှန်ကိုကြည့်ရင်း ဟောက်သံပေးကာ အိပ်ပျော်သွားတော့၏။

ဝမ်ကျုံးအတွက် ဂျုံပင်နှင့် ကြက်သွန်ပျိုးပင်များကို ရှာဖွေရာ၌ များစွာအားစိုက်ထုတ်ရန် မလိုခဲ့ပေ။ ထိုအပင်နှစ်မျိုးလုံးသည် ပေါက်ရောက်ရာနယ်မြေ အလွန်ကျယ်ပြန့်သဖြင့် အားရကျေနပ်စရာပင် ဖြစ်သည်။

သူသည် လက်မောင်းတစ်ဝက်ခန့်ရှိသည့် ကြက်သွန်များကို ဆွဲနုတ်ပြီး စိုက်ပျိုးရန်အတွက် ယူသွားရန် ရည်ရွယ်ခဲ့သည်။ ဂျုံပင်များအတွက်မူ ရင့်မှည့်ချိန်အထိ စောင့်ဆိုင်းပြီးမှ ရိတ်သိမ်းရန် ဆုံးဖြတ်လိုက်သည်။

ဝမ်ကျုံးသည် ကြက်သွန်များကို ကောက်ရိုးများဖြင့် အထုပ်နှစ်ထုပ် စည်းလိုက်ပြီး မြွေနက်ကြီးဘေးတွင် ထားကာ ပြောလိုက်သည်။ "မြွေချောကြီး၊ ဒီအပင်လေးတွေကို ကြည့်ပေးပါဦး၊ ကျွန်တော် တခြားနေရာတွေ သွားရှာလိုက်ဦးမယ်။ သူတို့ကို မဖိမိအောင် သတိထားပေးနော်"

မြွေနက်ကြီးသည် အိပ်ချင်မူးတူးဖြင့် ကြက်သွန်အထုပ်နှစ်ထုပ်ကို ကြည့်ပြီး တွေးတောနေခဲ့၏။ ဖိမိရင် ဘာဖြစ်မှာလဲ။ 

မြွေလျှာကို ထုတ်၍ စမ်းကြည့်ချင်စိတ် ပေါက်နေသော်လည်း သူ၏အိမ်ထောင်ဖက်ကို နာကျင်အောင်လုပ်တော့မည်မဟုတ်ဟု ကတိပေးထားသည်ကိုလည်း ပြန်သတိရလိုက်ပေသည်။

သို့သော် မစမ်းကြည့်ဘဲ မနေနိုင်သောကြောင့် စိတ်ထဲတွင် မသက်မသာဖြစ်နေခဲ့၏…

မြွေနက်ကြီးသည် သူ၏အမြီးကို ယမ်းခါလိုက်ပြီး မှန်ကို ခေါ်လိုက်သည်။

[မှန်ကြီးရေ၊ မှန်ကြီးရေ]

[မင်း အဲဒီပျိုးပင်အထုပ်နှစ်ထုပ်ကို မြင်လား?]

[ငါ့အတွက် အဲဒါမျိုး နှစ်ထုပ် သွားလုပ်ပေး]

မိနစ်အနည်းငယ်ကြာပြီးနောက်…

မြွေနက်ကြီးသည် မှန်မှပေးလာသော ကြက်သွန်အထုပ်နှစ်ထုပ်ကို သူ၏ခေါင်းနှင့် အမြီးအောက်တွင် ထားပြီး အားကုန်လူးလိမ့်တော့၏။ ထိတွေ့မှုက ကောင်းမွန်သော်လည်း ကြက်သွန်ရည်များက အကြေးခွံများတွင် ကပ်နေပြီး စပ်ဖျဉ်းဖျဉ်းအနံ့သည် အချိန်ကြာလာသည်နှင့်အမျှ ဆိုးရွားလာခဲ့၏။

"မှန်စုတ်မှန်နာ...  ငါ့ကို ဒုက္ခပေးတယ်ပေါ့..."

မြွေနက်ကြီးသည် ချက်ချင်းဆိုသလို အပေါက်တစ်ပေါက်တူးပြီး မှန်ကို မြေမြှုပ်တော့မည်ဖြစ်သည်။ သို့သော် မှန်ထဲတွင် တလှုပ်လှုပ်ရွေ့လျားနေသော မိမိကိုယ်ကို ပြန်ကြည့်လိုက်သောအခါ သူ့အလှကို သူကိုယ်တိုင်ပင် သဘောကျသွားခဲ့၏။ နောက်ဆုံးတွင်မူ မြွေနက်ကြီးသည် သူ့ကိုယ်သူ အလွန်လှပသည်ဟု ခံစားရသဖြင့် မျက်လုံးများကိုမှေးစင်းကာ ဟောက်သံပေးရင်း အိပ်ပျော်သွားလေတော့သည်။

အဝေးတစ်နေရာမှ အခြားပျိုးပင်များ ရှာဖွေနေသော ဝမ်ကျုံးသည် ချိုင့်ဝှမ်းထဲရှိ အမျိုးမျိုးသော အပင်များကို မည်သို့ခွဲခြားရမည်ကို မသိချေ။ ခဏမျှ စဉ်းစားလိုက်ပြီးနောက် အစားအစာ ရှာဖွေနေသော ကြက်များကို နောက်မှ လိုက်သွားသည်။ သူတို့ စားသမျှ အပင်များကို တစ်မျိုးစီ ကောက်ယူလိုက်၏။

ဤသို့ပြုလုပ်ရင်း အားရကျေနပ်စရာ အကောင်းဆုံးအရာမှာ ထိုကြက်များမှတစ်ဆင့် ရေကို အလွန်များပြားစွာ သိုလှောင်ထားနိုင်သည့် သစ်ပင်တစ်မျိုးကို ရှာဖွေတွေ့ရှိခြင်းပင်။

အစာရှာဖွေပြီးနောက် ခြေသုံးချောင်းပါကြက်များသည် သစ်တောက်ငှက်တစ်ကောင်နှယ် ထိုသစ်ပင်၏ ပင်စည်ကို ၎င်းတို့၏ချွန်ထက်သော နှုတ်သီးဖြင့် ခေါက်လိုက်တိုင်း လတ်ဆတ်ကြည်လင်သော ရေများ ထွက်လာသည်ကို သူ တွေ့လိုက်ရပေသည်။

ဝမ်ကျုံးသည် ဓားကို သစ်ပင်အတွင်းသို့ ထိုးသွင်း၍ စမ်းသပ်ကြည့်လိုက်ရာ အောက်ဘက်သို့ နက်ရှိုင်းစွာ ထိုးသွင်းလေလေ ရေပမာဏ ပိုမိုထွက်လာလေလေ ဖြစ်သည်ကို သိရှိရ၏။

ထိုသစ်ပင်၏ ထူးခြားချက်များကို ဂရုတစိုက် မှတ်သားထားပြီးနောက် ယင်းကို ရေသစ်ပင်ဟု အမည်ပေးလိုက်ချေသည်။

နေဝင်ရီတရောအချိန်တွင် ဝမ်ကျုံးသည် အပင်အမျိုးပေါင်း (၂၀) ကျော်နှင့်အတူ မြွေနက်ကြီးထံသို့ ပြန်လာခဲ့သည်။ သူ နီးကပ်လာသည်နှင့်အမျှ မြွေ၏အကြေးခွံများတွင် ကြက်သွန်စိမ်းတစ်ဝက် ကပ်နေသည်ကို တွေ့လိုက်ရပြီး ပျိုးခင်းတစ်ဝိုက်တွင်လည်း ကြက်သွန်ပင်များ၏ အဖျက်အဆီးများကို နေရာအနှံ့၌ တွေ့လိုက်ရ၏။

ဤအရာသည် တမင်တကာ သတ်ဖြတ်ခြင်းသဖွယ်ပင်…

ဝမ်ကျုံးသည် တစ်စုံတစ်ရာမျှ မပြောဆိုဘဲ လက်ထဲမှ ပျိုးပင်များကို အိပ်ချင်မူးတူးဖြစ်နေသော မြွေနက်ကြီး၏ ခေါင်းပေါ်သို့ ပစ်ပေါက်လိုက်သည်။ ထို့နောက် ပြေးသွားကာ အိုးအဖုံးထက်ပင် ကြီးမားလှသော မြွေ၏ကိုယ်လုံးအလယ်ရှိ အကြေးခွံတစ်ခုကို လက်ညှိုးထိုးပြကာ ရိုက်နှက်တော့သည်။

"ဘန်း..." လက်သီးနှစ်ချက်က ပြီးဆုံးသွားခဲ့ပြီ။

မြွေနက်ကြီးကို ရိုက်နှက်ရင်း သူက ဒေါသတကြီး ဆူပူလိုက်သည်။ "ခင်ဗျား ထပ်လုပ်ပြန်ပြီ... ခင်ဗျား ထပ်လုပ်ပြန်ပြီ... တစ်ရက်လေးပဲ ရှိသေးတာကို... ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောထားတာတောင် ဒီလိုလုပ်နေတုန်း... ခင်ဗျားက လူတွေကို လိမ်တတ်တဲ့ မြွေကြီး..."

ကြက်သွန်ပင်များက အများအပြားဖြစ်သောကြောင့် မြွေနက်ကြီးက ကြက်သွန်ပင်အထုပ်နှစ်ထုပ်ကို ဖျက်ဆီးလိုက်သည်ဆိုလျှင်ပင် အရေးမကြီးပေ။

ဝမ်ကျုံးကို ဒေါသဖြစ်စေသည်မှာ မြွေကြီးက ပြောင်းလဲမည်ဟု ကတိပေးခဲ့သော်လည်း မကြာမီမှာပင် ယင်းကို ထပ်မံပြုလုပ်ခြင်းပင်။

မြွေနက်ကြီးက ဘယ်အရာက ကောင်းလဲ၊ ဘယ်အရာက ဆိုးလဲဆိုတာကို မခွဲခြားတတ်တာလား?

သူသည် ဘာလုပ်ရမှန်းမသိဖြစ်နေပြီး စိတ်မသက်မသာဖြစ်နေချိန်တွင် မြွေနက်ကြီးက ပျက်စီးမသွားဘဲ သပ်သပ်ရပ်ရပ် ရှိနေသေးသော အထုပ်နှစ်ထုပ်ကို သူ၏အမြီးဖြင့် ဝမ်ကျုံး၏ခြေရင်းသို့ တိုးပေးလိုက်သည်။ ထို့နောက် မြွေလျှာကို ထုတ်၍ ဝမ်ကျုံးကို အလွန်ပင် စိတ်ပျက်ဝမ်းနည်းသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ခေါင်းကို ခါလိုက်သည်။ မြွေသည် မျက်နှာလွှဲသွားပြီး လျစ်လျူရှုလိုက်၏။

သူသည် ဝမ်းနည်းပက်လက်ဖြင့် သူ၏ကိုယ်လုံးကို ဘောလုံးတစ်လုံးကဲ့သို့ ရစ်ပတ်ထားပြီး မှန်ထဲတွင် ကြည့်နေခဲ့၏။ သူ့မျက်ဝန်းများကမူ ဒေါင်လိုက်အစိမ်းရောင်ရှိသော မျက်ဝန်းများသာ ဖြစ်ပေသည်။

[မှန်ကြီးရေ၊ မှန်ကြီးရေ]

[ဒီကမ္ဘာမှာ ငါ့ထက်ပိုပြီး သနားစရာကောင်း၊ ဝမ်းနည်းစရာကောင်း၊ မတရားစွပ်စွဲခံရတဲ့သူကို မင်း မြင်ဖူးလား? ဒီလောက်လှတဲ့ မြွေကြီးတစ်ကောင်က ဒီလိုမျိုး ဆက်ဆံခံရတယ်လို့]

ဝမ်ကျုံး: "..."

ထိုကြက်သွန်ပင်များသည် ကောက်ရိုးကြိုးများဖြင့် ချည်နှောင်ထားပြီး မည်သည့်အရာမျှ ပြေလျော့ခြင်းမရှိဘဲ သူ၏ပင်ကိုယ် ကြက်သွန်ပင်အထုပ်နှစ်ထုပ် ဖြစ်နေခဲ့သည်။

သူ၏ပျိုးခင်းထဲတွင် ရည်ရွယ်ချက်ရှိရှိ နင်းခြေထားသော ကြက်သွန်ပင်များက မည်သို့ဖြစ်ပျက်သွားသည်ကို မသိသော်လည်း မြွေနက်ကြီးသည် သူ၏ကြက်သွန်ပင်များကို လုံးဝမထိခဲ့သည်မှာ သေချာချေပြီ။

သို့သော် သူသည် စိတ်လိုက်မာန်ပါဖြင့် အထင်လွဲကာ မြွေကြီးကို ရိုက်နှက်လိုက်မိသည်…

ဝမ်ကျုံး၏မျက်နှာသည် နီရဲကာ ချက်ချင်းဆိုသလို ရှက်ရွံ့သွားခဲ့၏။ သို့သော် မြွေနက်ကြီးသည် လူစကားနားထောင်သော မြွေကောင်းတစ်ကောင်ဖြစ်နေသည်ဟု တွေးမိလိုက်သောအခါ သူ့ရှက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး အလွန်ပျော်ရွှင်နေခဲ့သည်။

သူသည် အကြေးခွံများကို ရိုက်နှက်ခြင်းကြောင့် နီရဲပြီး ရောင်ရမ်းနေသော လက်များကို ပွတ်သပ်ရင်း မြွေကြီး၏ ဘောလုံးကဲ့သို့‌ဝပ်နေ‌သော ကိုယ်လုံးဘေးသို့ လျှောက်သွားကာ တောင်းပန်စကားကို လေးလေးနက်နက် ဆိုလိုက်၏။ "တောင်းပန်ပါတယ်၊ မြွေချောကြီး။ ကျွန်တော် မှားသွားတယ်။ စိတ်မဆိုးပါနဲ့နော်"

ယခုအခါ မြွေနက်ကြီးသည် ဝမ်းနည်းပက်လက်နှင့် သေလုနီးပါး ဖြစ်နေခဲ့၏…

သူ၏အမြီးကို တုန်ယင်စွာ လှုပ်ခါပြီး မှတ်စုစာအုပ်၏စာမျက်နှာ (၁၀) ခုကို ချက်ချင်းဖြည့်လိုက်သည်။ ကောင်းကင်ကိုပင် ခွဲနိုင်လောက်အောင် ခန့်ညားသော ပြီးပြည့်စုံသည့် မြွေနတ်ဆိုးတစ်ကောင် မဟုတ်ခဲ့ပါလျှင် သူသည် ယခုအချိန်တွင် မျက်ရည်များပင် ကျလာလောက်ချေပြီ။

ဝမ်ကျုံးသည် ဘောလုံးကဲ့သို့‌ဝပ်နေ‌သော မြွေကိုယ်လုံးထဲသို့ လက်ကို ထည့်၍ မြွေနက်ကြီး၏ ဝမ်းနည်းတုန်ယင်နေသော အမြီးထိပ်ဖျားကို ဆွဲထုတ်လိုက်ပြီး အနည်းငယ်ပူနွေးနေသော နောက်ကျောရှိ အကြေးခွံများကို နမ်းလိုက်၏။ အချိန်အတော်ကြာအောင် ချော့မော့ပြောဆိုပြီးနောက် သူ၏အမြီးကို ဆွဲကိုင်၍ ရေသစ်ပင်အောက်သို့ ခေါ်သွားကာ မြွေခန္ဓာကိုယ်ပေါ်မှ ကြက်သွန်နံ့များကို ဆေးကြောပေးခဲ့သည်။

ထို့နောက် သူက မြွေကြီးနှင့် ဆွေးနွေးပြောဆိုလိုက်သည်။ "ဒီနေရာက မြွေအသိုက်နဲ့ တကယ် ဝေးတယ်။ ထွက်လာရတာလည်း ပင်ပန်းတယ်။ ကျွန်တော် ကြက်နည်နည်းလောက် ဖမ်းချင်လို့ ပြန်တာ နည်းနည်းနောက်ကျလို့ရလား?"

မြွေနက်ကြီးသည် ချော့မော့မှုကြောင့် ရောင်ကိုင်းနေခဲ့ပြီဖြစ်သဖြင့် ဦးနှောက်က သိပ်အလုပ်မလုပ်တော့ချေ။ ဂူမှ ဤနေရာသို့ လာခြင်းသည် သူ့အတွက် အိမ်အောက်ထပ်သို့ ဆင်းလာသကဲ့သို့သာ ဖြစ်ပေသည်။

မြွေနက်ကြီးသည် သူ၏အမြီးဖြင့် အလျင်စလို တွက်ချက်မှုများ ပြုလုပ်နေခဲ့သည်။ သူ့အိမ်ထောင်ဖက်က အဖြူရောင်ချိုသောအရည်များ ထုတ်နိုင်သော ဆန်းကြယ်သော လွမ်ရှန်းမုကိုစားပြီး  သူ့အမြီးပေါ်တွင် စီးနင်းကာ 'သဘောကျတယ်၊ ချစ်တယ်၊ ဘယ်တော့မှ ထားမသွားဘူး’ စသောစကားများသာ ပြောခဲ့မည်ဆိုလျှင် သူ၏အမြီးအတွက် ခွင့်လွှတ်ပေးဖို့ လမ်းရှိသေးသည်ဟု တွေးလိုက်ချေသည်။

ထို့နောက် ပိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး သည်းခံတတ်သည့် ထိုမြွေကြီးက သူ၏အိမ်ထောင်ဖက်ကို မကျေမနပ်ဖြင့် ခွင့်လွှတ်ပေးလိုက်လေတော့သည်။

.

ဝမ်ကျုံးသည် မှန်ကိုကြည့်၍ ပျော်ရွှင်စွာ အမြီးကို ပြန်ယမ်းနေသော မြွေနက်ကြီးကို တွေ့လိုက်ရသည်။ သူက အဆင်ပြေပြီဟု ထင်မှတ်ကာ သူ၏ အမဲလိုက်အစီအစဉ်ကို စတင်လေတော့သည်။

သူသည် မြွေ၏အရေခွံကို ဦးစွာချွတ်လိုက်ပြီး တစ်ကိုယ်လုံးကို ကြက်သွန်ရည်များ လိမ်းကျံကာ ရွှံ့စိုစိုများကိုလည်း အများအပြား သုတ်လိမ်းလိုက်သည်။ သူ့ကိုယ်ပေါ်ရှိ မြွေနတ်ဆိုး၏ အငွေ့အသက်များကို တတ်နိုင်သမျှ ဖုံးကွယ်လိုက်ပြီးနောက် ဓားကိုကိုင်၍ ထွက်ခွာတော့သည်။

မြွေနက်ကြီးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် သူ တားမြစ်ထားသော်လည်း ခြေသုံးချောင်းပါကြက်များသည် ဉာဏ်နည်းသူများ မဟုတ်ပေ။

သူ့ကိုယ်ပေါ်ရှိ မြွေနတ်ဆိုး၏ အငွေ့အသက်များသည် အတွင်းမှ အပြင်သို့ ပျံ့လွင့်နေပြီး သူကမူ ပြီးပြည့်စုံသည်ဟု ထင်ခဲ့သော သူ၏ဟန်ဆောင်မှုသည် မိမိကိုယ်ကို လှည့်စားခြင်းသက်သက်သာ ဖြစ်ခဲ့၏။

ကြောင်တောင်တောင် မျက်လုံးများနှင့် ထိုဝဝဖြိုးဖြိုး ကြက်များကို ဖမ်းရလွယ်ကူသော်လည်း ဝမ်ကျုံးကမူ အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။

နောက်ဆုံးတွင် အတော်ပင် အားထုတ်ရပြီးမှ လက်သီးအရွယ်အစားရှိသော ကြက်ဥအဖြူ (၅၀) ကျော်ကို ပြန်သယ်လာနိုင်ခဲ့သည်။ သူ၏ကိုယ်ပေါ်၌ ဒဏ်ရာများစွာ ရရှိခဲ့သော်လည်း မိမိကိုယ်တိုင် အစားအစာ ရှာဖွေရရှိသည့် ပျော်ရွှင်မှုက သူ့ကို  စိတ်ခွန်အား ဖြစ်စေခဲ့ချေသည်။

ပြန်လာသည့်လမ်းတွင် မြွေနက်ကြီးက ခေါင်းငိုက်စိုက်ကျနေဆဲဖြစ်ပြီး အနည်းငယ် ညှိုးငယ်နေခဲ့သည်။

ဝမ်ကျုံးသည် မြွေကြီး၏ကိုယ်ပေါ်တွင် သယ်ယူလာသော အိတ်ကြီးအိတ်ငယ်များကို ကြည့်လိုက်ပြီး သူ့အပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာနှင့် ကရုဏာကို ခံစားမိလိုက်သည်။ သူသည် မျက်ခုံးများကို နှိမ့်ချလိုက်ပြီး မြွေကြီးကို တိုးတိုးလေး မေးလိုက်၏။ "မြွေချောကြီး၊ ကျွန်တော့်ရဲ့ လည်ချောင်း အပူချိန်ကို သိချင်လား?"

မြွေနက်ကြီးသည် ချက်ချင်းရပ်တန့်သွားပြီး မီးအိမ်နှစ်လုံးနှယ် ကြီးမားလှသော အစိမ်းရောင်မျက်လုံးကြီးနှစ်လုံးဖြင့် ဝမ်ကျုံးကို လှည့်ကြည့်လိုက်သည်။

ဝမ်ကျုံးသည် ခေါင်းကိုစောင်းကာ နားရွက်ဖျားများ နီရဲလျက်ရှိ၏။ သူ၏နှုတ်ခမ်းများကို လက်ညှိုးဖြင့် ပုတ်ရင်း “ကျွန်တော် ခင်ဗျားကို မလိမ်တော့ပါဘူး” ဟု ပြောလိုက်သောအခါ နောက်တစ်စက္ကန့်အတွင်းမှာပင် သူတို့သည် မြွေအသိုက်သို့ ရောက်နှင့်နေပြီဖြစ်သည်။

ဝမ်ကျုံးသည် သူ့ကို နမ်းရှိုက်ရန် မစောင့်နိုင်တော့သော ရွှမ်မင်ကို တွန်းထုတ်လိုက်ပြီး လှည့်ပြောလိုက်သည်။

"ခဏ... တစ်ခုခု လိုနေတယ်လို့ မခံစားရဘူးလား?"

ရွှမ်မင်က အပေါ်သို့ မော့ကြည့်လိုက်သည်။

ဟာ... သူ့ရဲ့ရတနာတွေ အားလုံး ဘယ်ရောက်သွားပါလိမ့်?

အကုန်လုံး ပျောက်သွားပြီ…