Chapter 23
Viewers 2k

မြွေအရေခွံသည် ကြက်သားရေထက် ပိုသက်သောင့်သက်သာရှိ၍ ပိုခိုင်ခံ့သည်။ အရေးအကြီးဆုံးမှာ ဓားဖြင့်ထိုး၍ မပေါက်နိုင်ဘဲ သံချပ်ကာကဲ့သို့ ထိရောက်သော အကာအကွယ်ပေးနိုင်ခြင်းပင်။

ဝမ်ကျုံးက သူ အဖိုးတန်ပစ္စည်းကို ရှာဖွေတွေ့ရှိပြီဟု ခံစားမိပြီး မြွေနက်ကြီးကြောင့် ပျက်စီးသွားသည့် ကြက်သားရေကို ချက်ချင်း လွှတ်ချလိုက်သည်။

သူ ရိုးရှင်းသည့် အတွင်းခံအင်္ကျီ နှစ်ထည်ကို ဖန်တီးခဲ့သည်။ ထိုအင်္ကျီများကို အတွင်းခံကဲ့သို့ မြွေအရေခွံကြိုးများဖြင့် ချည်နှောင်၍ ဝတ်ဆင်နိုင်မည် ဖြစ်သည်။

ဝတ်လိုက်သောအခါ ထိုအင်္ကျီများသည် ကိုယ်ခန္ဓာပေါ်တွင် အေးမြမှု ခံစားရစေပြီး၊ အရေပြားကို ထိခိုက်မှုမရှိစေရုံသာမက အေးမြမှုနှင့် နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်သည်။

ဝမ်ကျုံး ဘောင်းဘီများ ပိုမိုပြုလုပ်လိုခဲ့သည်။ သို့သော် လိုအပ်သည့် စွမ်းရည် အပ်ချုပ်ပညာ မရှိခြင်းနှင့် မြွေအရေခွံကို မဖြုန်းတီးလိုခြင်းတို့ကြောင့် ထိုအကြံကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

နေရောင်ပြင်းပြင်းအောက်တွင် မြွေအရေခွံဖြင့် ပြုလုပ်ထားသည့် အတွင်းခံအင်္ကျီနှင့် အပေါ်ဝတ် အင်္ကျီကို သူ ဝတ်ဆင်ထားသည်။ နေရောင်ထိတွေ့သည့် အရေပြားများ အနီရောင်ပြောင်းကာ အဖတ်လန်နေသည်ကို သူ တွေ့လိုက်ရပြီး၊ မြွေအရေခွံဖြင့် ဖုံးအုပ်ထားသည့် အရေပြားမှာမူ အေးမြကာ မပျက်စီးဘဲ ရှိနေခဲ့သည်။

ပျော်ရွှင်နေစဉ် သူ ရုတ်တရက် မေးခွန်းတစ်ခုကို တွေးမိခဲ့သည်–

"မြွေနက်ကြီး ဒေါသထွက်နေမလား... ငါ့ကိုယ်ပေါ်က မြွေအရေခွံကို ကြက်သားရေလိုမျိုး အပိုင်းပိုင်း ဆုတ်ဖြဲပစ်ဦးမလား မသိဘူး"

"မြွေအရေခွံက ကြက်သားရေထက် အများကြီး ပိုတန်ဖိုးရှိတာလေ အဲဒီမြွေနက်ကြီးက ငါ့ကို မသုံးစေချင်ရင် ဒါမှမဟုတ် ဖျက်ဆီးပစ်လိုက်ရင် ဘာလုပ်ရမလဲ..."

ဝမ်ကျုံးသည် မြွေနက်ကြီး မည်သို့တွေးနေသည်ကို မှန်းဆ မရနိုင်ပေ။ ထို့ပြင် သူ၏ အပြုအမူများကိုလည်း နားမလည်နိုင်ခဲ့ပေ။

လိုဏ်ဂူအ၀င်ဝတွင် ပုန်းကွယ်နေသည့် အနက်ရောင် အရိပ်ကို လှမ်းကြည့်ရင်း သူအား လျှို့ဝှက်စွာ စောင့်ကြည့်နေသည်ကို မြင်သောအခါ မည်သည့်အရာကိုမျှ မလုပ်ဆောင်မီ မြွေနက်ကြီးကို လာဘ်ထိုးရန် လိုအပ်သည်ဟု သူခံစားမိခဲ့သည်။

ဝမ်ကျုံး မြွေရေခွံကို နောက်ထပ်တစ်စ ထပ်ဖြတ်လိုက်ပြီး ခေါင်းအစခြေအဆုံး ပတ်ကာ ကြယ်လေးများသကဲ့သို့ တောက်ပနေသော မက်မွန်ပွင့်သဖွယ် မျက်ဝန်းတစ်စုံကိုသာ ဖော်ထားလျက်။ ထို့နောက် သူ့ပစ္စည်းများကို ယူကာ အပြင်ထွက်သွားလေသည်။

မြွေနက်ကြီးသည် အမှောင်ထဲမှ ချောင်းကြည့်ရင်း သူ့နောက် လိုက်သွားလိုသော်လည်း၊ နေရောင်နှင့် ထိတွေ့သည်နှင့် ညှိုးနွမ်းသွားမည့်  သူ့အမြီးပေါ်မှ အကြေးခွံများကြောင့် မလိုက်နိုင်ဖြစ်ခဲ့သည်။ ကြောက်ရွံ့စွာဖြင့် သူသည် ထူထဲလှပသည့် သူ၏ မြွေကိုယ်လုံးကို ပွေ့ဖက်ပြီး သူ အိမ်ထောင်ဖက်   ထွက်ခွာသွားသည်ကို နောက်ကျောဘက်မှ ဝမ်းနည်းမှုကြီးစွာဖြင့် ကြည့်နေခဲ့သည်။

'ယောက်ျားက ဒီမှာပဲရှိသေးတာလေ ဇနီးလေးက ဘယ်သွားနေတာလဲ ထူးဆန်းလိုက်တာ  "

မြွေနက်ကြီးသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ အပေါ်ပိုင်း ခန္ဓာကိုယ်သို့ ပြန်ရောက်မလာသေးသည့် ပါးလွှာသော နတ်ဆိုးစွမ်းအားကို ခံစားလိုက်သည်။ သူ့ လက်ကို မြှောက်ကာ မှန်ပေါ်တွင် လင်းလက်နေသော အဝိုင်းသဏ္ဍာန် မန္တန်ကို ပစ်လွှတ်လိုက်သည်။

မူလက တောက်ပနေသည့် မှန်ပေါ်တွင် လှိုင်းတွန့်တစ်ခု ပေါ်လာပြီးနောက် မြွေအရေခွံဖြင့် ပတ်ထားသည့် ပိန်ပါးသော ပုံရိပ်တစ်ခုသည် သစ်တောကို ဖြတ်၍ ထွက်ပေါ်လာသည်။

မြွေနက်ကြီး၏ မျက်လုံးတို့သည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ မှန်ထဲ၌ မြွေအရေခွံအုပ်ထားပြီး ပိန်ပါးသည့် ခါးရှိသော လူ  ပုံရိပ်အပေါ်သို့ သူ့အကြည့်တို့ စူးစိုက်သွားခဲ့သည်။ ထိုလူ၏ ခါးကို အားအနည်းငယ်မျှဖြင့်ပင် လိမ်ချိုးဖျစ်ညှစ်ကာ အတွင်းအင်္ဂါအစိတ်အပိုင်းအားလုံးကို ကြေမွသွားစေနိုင်သည်ဟု သူ တွေးတောနေမိသည်။

မြွေနက်ကြီးသည် သူ၏ သွေးကဲ့သို့ နီရဲကာ လှပသော နှုတ်ခမ်းတို့ကို လျှာဖြင့် အကြိမ်ကြိမ်သပ်နေခဲ့သည်။ ထိုလူအား သူရစ်ပတ်ထားခဲ့သည်ဆိုလျှင် သူ၏ ကိုယ်ပိုင်အမြီးကို အများဆုံး ဂရုစိုက်မည်ဖြစ်သည်။

သူ့မြွေအမြီးကို လွှဲခါလျက် မြွေနက်ကြီးသည် ချစ်ရသူက သူ့အတွက် ဖန်တီးပေးထားသော ရွှံ့အသစ်ထဲသို့ လူးလှိမ့်ဝင်သွားခဲ့၏။ မှန်၏ မျက်နှာပြင်ကို နှစ်ခြမ်းခွဲရန် သူ၏ လက်ညှိုးကို ညင်သာစွာ မြှောက်လိုက်သည်။

မှန်တစ်ဝက်ကို သူ၏ အိမ်ထောင်ဖက်အား စောင့်ကြည့်ရန် အသုံးပြုခဲ့၏။

ကျန်တစ်ဝက်ကို သူ့ ကိုယ်ပိုင် အလှ ဓာတ်ပုံများရိုက်ရန် အသုံးပြုခဲ့သည်။

မှန်ထဲတွင် ဝမ်ကျုံးသည် မြွေအသိုက်နှင့် ဝေးသောနေရာသို့ ရောက်သွားသည်။ ထိုနေရာသည် အခြားသော သတ္တဝါများ ပေါ်ထွက်လာရာ နေရာလည်း ဖြစ်သည်။ ပတ်ဝန်းကျင်တွင် အန္တရာယ် မရှိကြောင်း သေချာစေပြီးနောက် ကြက်ခြေထောက်များကို ထုတ်ယူကာ မြေတူးရန် စတင်ခဲ့၏။

ဝမ်ကျုံးက မြွေနက်ကြီးအား လေးစားကြောင်း ပြရန် မြွေနက်ကြီး စားဖို့ မြေတီကောင်များကို ရှာဖွေလိုသည်။

သစ်တော၏ မြေဆီလွှာသည် သဘာဝဓာတ်မြေဩဇာ ကြွယ်ဝပြီး သဘာဝပတ်ဝန်းကျင်သည် မပျက်စီးဘဲ ရှိနေသည်။ မြေကြီးသည် ပွ၍ စိုစွတ်နေပြီး အတိုင်းအတာတစ်ခုအထိ စေးကပ်နေသည်။

တစ်နေကုန် ကြက်ခြေသည်းဖြင့် တူးဖော်ခဲ့ရာတွင် ပိုးမွှားအသေကောင်များစွာနှင့် ဆွေးမြေ့နေသော အရွက်များ၊ မြက်ပင်အမြစ်များကို တူးဖော်တွေ့ရှိခဲ့ရသည်သာမက မြေဩဇာကောင်းသော မြေကြီးထဲတွင် သူ၏ လက်မနီးပါး ထူထဲသော မြေတီကောင်များသည် တစ်ပိုင်းချင်းစီ ကွေးကောက်လှုပ်ရှားနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ဝမ်ကျုံး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ချေ။ သူ ချက်ချင်းပင် မြေကြီးပေါ်သို့ လက်ထောက်ကျသွားပြီး ခါးကို ကော့ကာ လည်ပင်းကို ဆန့်ရင်း "အော့..." ဟု အန်ထုတ်ခဲ့သည်။

သူ မြေတီကောင်များကို ငြင်းဆန်လိုစိတ် မရှိကြောင်း သူ့ကိုယ်သူ ကျိန်ဆိုလိုက်သည်။

သူက ပျော့ပျောင်းသော ကိုယ်ခန္ဓာရှိသည့် မည်သည့် အင်းဆက်ပိုးမွှားနှင့်မဆို စိတ်ပိုင်းဆိုင်ရာအရ မသက်မသာ ခံစားခဲ့ရသည်။

သူ ပျော့ပျောင်းသော မြေတီကောင်ကို ထိတွေ့ရခြင်းထက် ကျားကဲ့သို့ ရက်စက်ကြမ်းကြုတ်သော သားရဲတိရစ္ဆာန်နှင့် အကြိမ်တစ်ရာ တိုက်ခိုက်လိုပေသည်။

ထိုအေးစက်သော ခံစားမှုသည် သူ့အတွက် ကြောက်ရွံ့ခြင်းထက်ပင် ပိုမို၍ ဆိုးရွားသော ညှဉ်းပန်းနှိပ်စက်မှု ဖြစ်နေသည်။

မြွေနက်ကြီးသည် အတော်လေး ချစ်စရာကောင်းသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် ကြောက်စရာကောင်းသော်လည်း ဝမ်ကျုံးကို စက်ဆုပ်ရွံရှာစေခြင်း မရှိခဲ့ပေ။

သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူ၏ နှလုံးသားထဲမှ မသက်မသာဖြစ်မှုကို ဖိနှိပ်ရန် ကြိုးစားခဲ့ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် မြေတီကောင်များနှင့် မြေကြီးကို ဘောလုံးတစ်လုံးသဖွယ် လုံးလိုက်ကာ မြွေအရေခွံထဲသို့ ပစ်ထည့်ခဲ့ပြီး ထိုအရာကို ပတ်လိုက်သည်။ ထို့နောက် သူ၏ လက်များကို သစ်ပင်ပင်စည်နှင့် သုတ်လိုက်သည်။

ဝမ်ကျုံး သူအန်ထားသည်ကို မြေကြီးဖြင့် ဖုံးလိုက်သည်။

မြွေအသိုက်သို့ ပြန်ရောက်သောအခါ သူ ရေကန်သို့ ချက်ချင်း ရောက်လာခဲ့သည်။ သူ ရေကန်အောက်ခြေတွင် ပုန်းအောင်းနေသော မြွေနက်ကြီးအား လက်ဆောင်ပေးရန် မစောင့်နိုင်တော့ဘဲ "မြွေချောလေးရေ မြန်မြန် ထွက်ခဲ့ပါဦး... ခင်ဗျားအတွက် အရမ်းကောင်းမယ့် အရာတွေ ယူလာခဲ့တယ် ဘာလို့ထင်လဲ...အော့” ဟု ပြောဆိုခဲ့ပေသည်။

ရေကန်အောက်ခြေတွင် လဲလျောင်းနေသော မြွေနက်ကြီးသည် မှန်ကို ကြည့်နေခဲ့၏။ "???"

သူသည် ကမ်းစပ်၌ လဲလျောင်းနေသော သူ၏ အိမ်ထောင်ဖက်ကို ကိုယ်ဝန်ဆောင်များကဲ့သို့ နံနက်ခင်း မူးဝေခြင်း လက္ခဏာများ ထင်ရှားစွာဖြင့် တွေ့လိုက်ရသည်။ သူ၏မှန်ကို ကောက်ယူရင်း ပြောလိုက်သည်။

"ကြေးမုံကြီးရေ ကြေးမုံကြီးရေ"

"တစ်ခုခုတော့ မဟုတ်သေးဘူးလို့ ငါထင်နေတယ်"

မြွေနက်ကြီးသည် သူ၏ မျက်နှာကို ဖုံးကွယ်ရန် မှန်ကို အသုံးပြုခဲ့သည်။ နတ်ဆိုးစွမ်းအားကို အလွန်အကျွံ အသုံးပြုခဲ့ခြင်းကြောင့် သူ၏ မျက်နှာသည် ပိုမို ဖြူဖျော့ အားနည်းလာခဲ့သည်။ သူ့အိမ်ထောင်ဖက်တွင် ဘာဖြစ်နေသည်ကို ကြည့်တော့မည်အပြု ရုတ်တရက် သူ့ခေါင်းပေါ်ကို ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရကဲ့သို့ပင် နာကျင်သွားရသည်။

ဝမ်ကျုံးသည် မြေတီကောင်များဖြင့် ဖုံးအုပ်ထားသော မြေလုံးကို ရေကန်အလယ်သို့ ပစ်ပေါက်ခဲ့သည်။ သူ စကားမပြောရသေးမီ အနက်ရောင်ရေတိုင်တစ်ခု ကောင်းကင်သို့ ပန်းထွက်လာခဲ့ပြီး သူ့ကို မြေပြင်ပေါ်သို့ လဲကျစေကာ ကျောရိုးတစ်လျှောက် တုန်လှုပ်သွားစေခဲ့သည်။

"အဟွတ် အဟွတ် အဟွတ်..."

ဝမ်ကျုံး မြေပြင်တွင် တုန်ရီလျက် လဲလျောင်းနေသည်။ မြွေနက်ကြီး ရေထဲမှ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းများဖြင့် လွင့်စင်မသွားစေရန် သူ လေးဖက်ထောက်ကာ အသည်းအသန် ကြိုးစားနေခဲ့သည်။

သူ၏မျက်နှာမှ ရေစက်များကို သုတ်ဖယ်ကာ စိတ်ကိုငြိမ်သက်စေပြီးနောက် နောက်ဆုံးတွင် ပေါ်လာသည့်သူကို ကြည့်ကာ သူ၏လည်စလုပ်သည် အထက်အောက် လှုပ်ရှားသွားရသည်။

"အိုး ဘုရားရေ... အဟမ်း"

ကြောက်ဖို့ကောင်းပြီး အဓိပ္ပါယ်မရှိလိုက်တဲ့ မြင်ကွင်းပါလား...

လူတစ်ဝက်၊ မြွေတစ်ဝက် သတ္တဝါကြီးသည် ရေကန်အထက်တွင် ရပ်လျက်။ ၎င်း၏ ရှည်လျားသော မြွေနက်အမြီးသည် ရေပြင်ပေါ်တွင် ပွင့်လန်းနေသော လူသားစားပန်းတစ်ပွင့်နှယ် ကြမ်းတမ်းစွာ လိမ်ယှက်နေသည်။

ဝမ်ကျုံး ထူပူစွာဖြင့် ငေးမောလျက်ရှိသည်။

အံ့ဩစရာကောင်းသည်မှာ ကြောက်ရွံ့စရာကောင်းခြင်းထက် ပိုမမေ့နိုင်ဖွယ် မြင်ကွင်းမှာ ထိုသူ၏ ဖြူဖျော့ကာ ရုပ်အလောင်းနှယ် ပုံသဏ္ဍာန်ပင်ဖြစ်၏။ သို့သော်လည်း ထိုပုံသဏ္ဍာန်တွင်ပင် နတ်ဘုရားဆန်သည့် အရိပ်အယောင်ရှိနေခဲ့သည်။

သို့သော်လည်း ဆွဲဆောင်မှုရှိသော တစ်ခုတည်းသော အင်္ဂါရပ်မှာ သူ၏မျက်နှာသာ ဖြစ်ပေသည်။

ရုတ်တရက် ပေါ်လာသော ထိုသတ္တဝါကြီး၏ ကိုယ်အထက်ပိုင်းသည် လူနှင့်တူသော်လည်း ကြွက်သားများဖြင့် ပြည့်နေသော ခါးမှစ၍ အောက်ပိုင်းသို့ ဆင်းသွားသည်နှင့်အမျှ ပုံသဏ္ဌာန်ပြောင်းလဲကာ ထူထဲသော မြွေနက်အမြီးအဖြစ် ပေါင်းစပ်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် ဝမ်ကျုံး အိပ်မက်မက်နေသည်ဟုပင် ခံစားခဲ့ရသည်။

ဝမ်ကျုံး ထိုသတ္တဝါကြီး၏ လက်ချောင်းများတွင် ချိတ်ဆွဲထားသော မြွေနက်ကြီး၏ မှန်ကို စိုက်ကြည့်လိုက်သည်။ မြွေအရေခွံ အပြည့်အစုံလဲထားသည်ကို ပြန်လည်အမှတ်ရပြီးနောက် မြွေနက်ကြီးသည် သူ၏အရေခွံကို လဲခဲ့ခြင်း မဟုတ်ဘဲ ထိုလူတစ်ဝက်၊ မြွေတစ်ဝက် သတ္တဝါကြီးက အရေခွံခွာပြီး စားသောက်ခဲ့ကြောင်း နောက်ပိုင်းတွင် သူသဘောပေါက်လာခဲ့သည်။

ထိုရက်များတွင် မြွေနက်ကြီးသည် အဘယ်ကြောင့် သူ့အား ရှောင်ဖယ်နေခဲ့သနည်းဟု သူဒေါသတကြီး မေးခွန်းထုတ်ခဲ့သည်။ ဤသည်မှာ အကြောင်းအရင်းပင်...

ဝမ်ကျုံး ချက်ချင်းပင် ဒေါသထွက်ကာ မျက်လုံးများ ပြူးကျယ်လျက် ရုန်းကန်ထလိုက်သည်။ မြွေနက်ကြီးကို ဝါးမြိုခဲ့သော ထိုသတ္တဝါကြီးကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။ သို့သော်လည်း သူ့အမြင်မှာ မှောင်မိုက်သွားပြီး သတိလစ်သွားခဲ့သည်။

သူ၏နဖူး မြေပြင်ပေါ်သို့ မကျမီတွင် မြွေနက်ကြီး၏ အမြီးချောချောကြီးက သူ့အား ဖမ်းဆုပ်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် မြေကြီးတုန်လှုပ်လောက်စေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"အော့...!!!"

မြွေနက်ကြီးသည် သူ၏နတ်ဆိုးစွမ်းအားများ ကုန်ခန်းသွားပြီး မူလအခြေအနေသို့ ပြန်ရောက်သွားသည်ဖြစ်ရာ သူ့ခေါင်းပေါ်တွင် မြေတီကောင်များ၏ အထိအတွေ့ကို သည်းမခံနိုင်တော့ပေ။ 

သူ့အမြီးကို ကျစ်ကျစ်ပါအောင် ပတ်ကာ ကန်စပ်တွင် ခွေချလိုက်သည်။ သူ၏မြွေလျှာကို ဆန့်ထုတ်လိုက်ရင်း ရေကန်ထဲသို့ ဆက်တိုက်အန်ထုတ်ကာ မှန်ကို ပြောဆိုခဲ့သည်။

"ကြေးမုံကြီးရေ ကြေးမုံကြီးရေ"

"မျှော်လင့်ထားတဲ့အတိုင်းပဲ ငါ ဘယ်လိုပဲ ပုံပြောင်းပြောင်း အရမ်းချောလွန်းနေတယ် အော့..."

"သူ့ကိုကြည့်ပါဦး... ငါ မြွေဘဝတုန်းက ဘယ်လောက်ချောလဲဆိုတာ သူ နောက်ဆုံးတော့ ကျင့်သားရသွားပြီ... အော့...အခု ငါ့ပုံစံက ဘယ်လောက်ချောလဲဆိုတာ မြင်ပြီး သူ သတိလစ်သွားပြီ..."

"အော့"