" ခင်ဗျား ကြာနေတာက အရေခွံလဲနေတာကြောင့်ကိုး... ခင်ဗျား တစ်ခုခု ဖြစ်တယ်ထင်ပြီး ကျွန်တော် သေလောက်အောင် လန့်သွားတာ ဟုတ်သားပဲ ကျွန်တော်က ဘယ်လိုလုပ် ခင်ဗျားရဲ့အကြေးခွံတွေကို အလွယ်တကူ ခွာနိုင်လောက်အောင် ခွန်အားကြီးပါ့မလဲ..."
မြွေနက်ကြီးသည် အရေခွံလဲရုံမျှသာ ဖြစ်ကြောင်း သဘောပေါက်ပြီးနောက် ဝမ်ကျုံး သက်ပြင်းချကာ စိတ်သက်သာရာရလျက် ကမ်းစပ်သို့ ရောက်ရှိလာပြီး သူ့ကို ညင်သာစွာ ခေါ်လိုက်သည်။
"ခင်ဗျား အရေခွံလဲတာ ပြီးသွားပြီဆိုတော့ ရေကန်ထဲမှာ ဆက်မနေနဲ့တော့ အမြန်ထွက်လာခဲ့တော့လေ..."
"..."
"မြွေချောလေး..."
ရေကန်၏ မျက်နှာပြင်သည် ငြိမ်သက်နေပြီး ကန်ထဲ၌ ပုန်းအောင်းနေသော မြွေနက်သည် မည်သည့်တုံ့ပြန်မှုမှ မပြုခဲ့ချေ။
ဝမ်ကျုံးသည် ရေကန်တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းနေသော မြွေအရေခွံကို ကြည့်ကာ အနည်းငယ် ကြောက်ရွံ့သော်လည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ဤမြွေအရေခွံသည် ကောင်းမွန်သည့်အရာတစ်ခုပင်။
၎င်းသည် ကော်လဂျင် (collagen) များ ပါဝင်ရုံသာမက အာဟာရဖြည့်စွက်စာ ပြုလုပ်ရန်အတွက်လည်း အလွန်ကောင်းမွန်သည့် အရင်းအမြစ်တစ်ခု ဖြစ်သည်။ ၎င်းကို ဆေးဝါးအဖြစ်လည်း အသုံးပြုနိုင်ပြီး ထိုဆေးဝါးသည် အကြောဆွဲခြင်းကို ငြိမ်စေခြင်း၊ နာကျင်မှုကို သက်သာစေခြင်း၊ ဖျားနာခြင်းကို ပျောက်ကင်းစေခြင်း၊ ယားယံခြင်းကို သက်သာစေခြင်းနှင့် အမြင်အာရုံကို ကောင်းမွန်စေခြင်းစသည့် အကျိုးသက်ရောက်မှုများ ရှိသည်။
ထိုမြွေနက်သည် သာမန်မြွေတစ်ကောင် မဟုတ်သောကြောင့် ထိုအရေခွံ၏ အကျိုးသက်ရောက်မှုသည် ပိုမိုကောင်းမွန်နိုင်မည်။ ထိုအရေခွံကို စားသုံးခြင်းဖြင့် အံ့သြဖွယ်ရာ အကျိုးသက်ရောက်မှုများ ရှိနိုင်လောက်သည်။
ဝမ်ကျုံးသည် လက်ညှိုးနှစ်ချောင်းဖြင့် မြွေအရေခွံ၏ ထောင့်တစ်နေရာကို ကိုင်ကာ ဂရုတစိုက် ပွတ်သပ်ကြည့်ရှုနိုင်လောက်အောင် ရဲရင့်ခဲ့သည်။
ထိုမြွေအရေခွံ၏ အသားမှာ အလွန်အေးမြကာ ချောမွေ့နေသည်။ အကောင်းဆုံး ပိုးသားပင် ထိုခံစားမှုကို ပေးစွမ်းနိုင်မည် မဟုတ်ချေ။
"မြွေချောလေး ဒီအရေခွံကို...မင်းလိုချင်လားဟင်..."
ဝမ်ကျုံးသည် ခဏမျှ စောင့်ဆိုင်းခဲ့ပြီးနောက် ထိုမြွေနက်သည် တုံ့ပြန်မှုမရှိသည်ကို တွေ့မြင်ခဲ့ရာ သူ၏ နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး၊ မြွေအရေခွံကို ကမ်းပေါ်သို့ ဆွဲတင်ရင်း အသံတိုးဖြင့် ပြောခဲ့သည်မှာ "ကောင်းပြီ ခင်ဗျား မလိုချင်ရင် ကျွန်တော့်ကို ပေးပါနော် ရတယ်မလား အဲ့လိုဆို အလဟဿ မဖြစ်တော့ဘူးလေ နော်..."
မြွေနက်ကြီး ကြားနိုင်သည်ဖြစ်စေ မကြားနိုင်သည်ဖြစ်စေ အရေးမကြီးပေ။ မည်သို့ပင်ဆိုစေ သူ ပြောနှင့်ပြီးဖြစ်သည်။ မြွေနက်ကြီးသည် ငြင်းဆန်ခြင်းမရှိသဖြင့် သဘောတူသည်ဟု ဆိုနိုင်သည်။
မြွေနက်၏ အရေခွံသည် အလွန်ပြည့်စုံပြီး အသားသည် သိမ်မွေ့ပါးလွှာသည်။ နေရောင်အောက်တွင် ၎င်းသည် သံကဲ့သို့ မည်းနက်သောအရောင် ပေါ်လွင်နေသည်။ စိုစွတ်သော်လည်း စေးကပ်ခြင်းမရှိချေ။
ဝမ်ကျုံး ထိုအရေခွံကို ချောက်ကမ်းပါးယံပေါ်တွင် ပြန့်ပြူးစွာ ဖြန့်ခင်းကာ၊ နေရောင်ခြည်တွင် ခြောက်သွေ့စေရန်၊ အမှုန့်ဖြစ်အောင် ကြိတ်ချေရန်နှင့် နောက်ပိုင်း အသုံးပြုဖို့ သိုလှောင်ထားရန် စီစဉ်ခဲ့သည်။
ထိုကာလအတွင်း၌ မြွေနက်သည် ရေကန်ထဲတွင် ကွေးကွေးလေးနေခဲ့ပြီး အပြင်သို့ မထွက်လာခဲ့ချေ။
ဝမ်ကျုံးသည် ဂူအတွင်းရှိ ရွှံ့နှင့် ကျောက်စရစ်များကို ရှင်းလင်းနေစဉ် မြွေနက်ကြီးသည် ရေကန်ထဲမှ ကြေးမုံကို ထုတ်ကာ ချောင်းမြောင်းကြည့်လိုက်သည်။ ဝမ်ကျုံး ရေကန်အနီးသို့ ရောက်လာသည်နှင့် သူသည် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ထို့ကြောင့် ဤရက်များအတွင်း ဝမ်ကျုံး မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ သူ့အနားတွင် တံခါးချပ်ထက် ပိုကြီးသော ကြေးမုံတစ်ခု ရှိနေခဲ့သည်။ မြွေနက်ကြီးသည် အလွန်တွန့်တိုနေပြီး သု့အမြီးဖျားကိုပင် ဝမ်ကျုံးအား မပြချင်ပေ။
"မြွေချောလေးရေ၊ ခင်ဗျားရေထဲမှာ ဘယ်လောက်ကြာကြာနေဦးမှာလဲ...ရေမွန်းပြီး သေမှာ မကြောက်ဘူးလား..."
ဂူဒူဒူ
ရေကန်၏ မျက်နှာပြင်ပေါ်တွင် ပူဖောင်းအနည်းငယ် ပေါ်လာခဲ့သည်။
ဝမ်ကျုံး လှည့်ကြည့်လိုက်သည့်အခါ ရွှေရောင်ကြေးမုံတစ်ချပ်သည် သူ၏အမြင်ကို ချက်ချင်းပင် ပိတ်ဆို့လိုက်သည်။
"... "
ဝမ်ကျုံး သူ၏နဖူးကို ကိုင်လျက် ပြောလိုက်သည် "ကျွန်တော် ဂူကို ရှင်းပြီးပြီ ခင်ဗျားဆော့နေတဲ့ ရွှံ့တွေကို ရေနဲ့ ဆေးပြီးသွားပြီ ခင်ဗျားအတွက် ရွှံ့အသစ်တွေ ရောထားတယ်... တက်လာပြီး ထူလား၊ ပါးလားဆိုတာ လာကြည့်ပါဦး ဒါမှမဟုတ် ကျွန်တော် ထပ်လုပ်ပေးမယ်လေ"
"..."
"မြွေချောလေး"
ဂူသည် ရေလွှမ်းမိုးခံရပြီးနောက် အလွန်အမင်း စိုစွတ်နေခဲ့သဖြင့် သူ ကြာကြာ မနေနိုင်ချေ။ ညဘက်၌ မြွေနက်သည် သူကို လျစ်လျူရှုထားသဖြင့် သူ ထွက်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
ဂူထဲမှ ထွက်လာသည်နှင့် ရုတ်တရက် ရေကျသံကို ကြားရသည်။ လှည့်ကြည့်လိုက်သည်နှင့် “ပလုံ” ဟူသော နောက်ထပ်အသံတစ်ခုကို ကြားရပြန်သည်။
လေးလံသော အရာဝတ္ထုတစ်ခု ရေထဲသို့ ကျရောက်သွား၍ တိုးတိမ်သောအသံ ပေါ်ထွက်လာသည်။ ထိုအရာသည် အလွန်လျင်မြန်သောကြောင့် အရိပ်ပင် မကျန်ခဲ့ချေ။
ဝမ်ကျုံး မျက်နှာပျက်နေသည်။
တကယ်လို့ မြွေနက်ကြီးကို သူ ကြောက်အောင် ခြောက်မိသွားတယ်ဆိုရင် ဘယ်လိုလုပ်ပါ့မလဲ..
တစ်ခါတစ်ရံ သူတို့နှစ်ယောက်ထဲတွင် သူကသာ သားရဲကြီး ဖြစ်နေသကဲ့သို့ ခံစားနေရသည်။
ဝမ်ကျုံးသည် ချောက်ကမ်းပါးဆီသို့ သွားလိုက်သည်။ ရက်အနည်းငယ်အကြာတွင် မြွေအရေခွံသည် ရေစိုမနေတော့သော်လည်း ပိုးသားကဲ့သို့ နူးညံ့နေသေးပြီး ခြောက်သွေ့ခြင်း မရှိသေးချေ။
“ဟမ်၊ နေပူထဲမှာတောင် မခြောက်နိုင်သေးဘူးလား” ဝမ်ကျုံး ပြောလိုက်သည်။
ဝမ်ကျုံးသည် မြွေများအကြောင်းကို အများကြီး မသိချေ။ မြွေအရေခွံကို နေပူလှန်း၍ အခြောက်ခံနိုင်သည်ဟု သူ ထင်ခဲ့သည်။
ဒါပေမယ့် ဘာလို့ မြွေနက်ကြီးရဲ့ အရေခွံက နေပူထဲမှာတောင် မခြောက်သေးတာလဲ...
နောက်ရက်အနည်းငယ် ထပ်စောင့်ဆိုင်းပြီးနောက် မြွေအရေခွံသည် ခြောက်သွေ့ခြင်း မရှိသည်ကို မြင်သောအခါ သူ ထိုအရာကို လျစ်လျှူရှုလိုက်တော့သည်။
သူ မြွေအရေခွံကို ကော်ဇောကဲ့သို့ သေချာ ဖြန့်ချလိုက်သည်။ မြွေအရေခွံသည် နေရောင်ခြည်နှင့် မည်မျှကြာကြာ ထိတွေ့စေကာမူ အရိုးခိုက်အောင် အေးနေသေးသည်ကို တွေ့လိုက်ရသည်။
ဝမ်ကျုံး ထိုအရာကို သူ၏လက်များဖြင့် ဆွဲဖြဲရန် ကြိုးစားခဲ့သည်။
မြွေအရေခွံသည် ဆန့်နိုင်ကျုံ့နိုင်ခြင်း မရှိသော်လည်း မည်မျှပင် အားစိုက်ထုတ်၍ ဖြဲဖြဲ စုတ်ပြဲခြင်း မရှိလောက်အောင် သန်မာခဲ့သည်။
“ဒါက…”
ဝမ်ကျုံး ဤဆန်းကြယ်သော မြွေအရေခွံကို ချက်ချင်းပင် အလိုလို လေးစားသွား ထိုအရာကို စားသုံးရန် မည်သည့်အခါမျှ မစဉ်းစားရဲတော့ပေ။
ယခု သူ ထိုအရာကို မည်သို့ကိုင်တွယ်ရမည်ကို မသိချေ။ သူ ထိုအရာကို ချောက်ကမ်းပါးမှ ပစ်ချလိုသော်လည်း လက်လွှတ်ရန် အနည်းငယ် နှမြောနေသည်။
ဝမ်ကျုံး တွန့်ဆုတ်နေစဉ် သူ့နောက်မှ ပွင့်လင်းပြီး တိုက်ရိုက် ကြည့်နေသော အကြည့်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ မသိကျိုးကျွန် ပြုချင်သော်လည်း မပြုနိုင်။
ဝမ်ကျုံး ညင်သာစွာ သက်ပြင်းချကာ မတတ်သာဘဲ လှည့်ကြည့်လိုက်သည်။ ဂူဝတွင် ပုန်းအောင်း၍ သူ့ကို ချောင်းကြည့်နေသော မြွေနက်သည် သူ မတွေ့မီ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
နောက်ဆုံးအကြိမ်က မြွေနက်သည် မှန်ဖြင့် သူ့ကို ချောင်းကြည့်ကာ သူ့ခါးတစ်ဝိုက်ရှိ သစ်ရွက်များကို မီးရှို့ခဲ့ပြီးနောက် သူ လိမ်လိမ်မာမာ ပြုမူတတ်ခဲ့သည်။ ယခုအခါ မြွေနက်သည် ကိုယ်တိုင် ကိုယ်ကျ ချောင်းကြည့်ပြီး တိုက်ခိုက်ရန် ရောက်လာခဲ့သည်။ အကယ်၍ သူ ပိုမိုမြန်ဆန်စွာ တုံ့ပြန်နိုင်ခဲ့လျှင် မြွေနက်၏ အမြီးကို ဖမ်းမိနိုင်ပေမည်။
ဝမ်ကျုံးသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အကြေးခွံများကို ဂရုတစိုက်ရှောင်ရှားပြီး ဂူထဲသို့ ပြန်သွားခဲ့သည်။ ထို့နောက် အရှေ့တောင်ဘက်ထောင့်ရှိ ပူပေါင်းများ ထွက်နေသော ရေမျက်နှာပြင်ကို ကြည့်ကာ မေးလိုက်သည်။ " မြွေချောလေး နေကောင်းရဲ့လား...ဘာလို့ ရေကန်အောက်ခြေမှာပဲ ပုန်းနေပြီး အပြင်ကို မထွက်လာတာလဲ...ခင်ဗျား အရေခွံလဲပြီးပြီမို့ ရှက်ပြီး ကျွန်တော် မြင်မှာကို ကြောက်နေတာလား..."
အရေခွံလဲပြီးနောက် ချောင်းကြည့်သူအဖြစ်သို့ ပြောင်းလဲသွားသော မြွေတစ်ကောင်သည် အပြင်သို့ မထွက်ဘဲ ပူပေါင်းများကို ထွေးထုတ်နေခဲ့သည်။
ဝမ်ကျုံးသည် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ထိုမြွေသည် သူ့ကို မတွေ့ချင်ကြောင်း စိတ်ပိုင်းဖြတ်ထားသည်ကို သိလိုက်ရသည်။ ထို့ကြောင့် သူ ပြန်လှည့်လာပြီး မြွေအရေခွံကို ဘာလုပ်ရင် ကောင်းမလဲဟု ဆက်လက်စဉ်းစားနေခဲ့သည်။
သူ ထိုင်လိုက်သည်နှင့် နောက်ထပ် အစိမ်းရောင်အကြည့်တစ်ချက်သည် သူ့ကျောဘက်သို့ ချက်ချင်း ကပ်တွယ်လာခဲ့သည်။
ထိုအကြည့်သာ အရာဝတ္ထုတစ်ခုဖြစ်ခဲ့လျှင် သူ့ခန္ဓာကိုယ်တွင် အပေါက်နှစ်ပေါက် ဖြစ်နေလောက်ပြီ။
အစက ဝမ်ကျုံးသည် အလုပ်များ၍ သတိမထားမိဟန် ဆောင်ပြီးနောက် ရုတ်တရက် အသင့်မပြင်ဆင်ရသေးမီ လှမ်းကြည့်လိုက်ရာ မြွေနက်ကြီး၏ အမြီးဖျားသည် သူ့ကို ချောင်းကြည့်နေသည်ကို အမိအရ တွေ့လိုက်ရ၏။
"မြွေချောလေး..."
ဝမ်ကျုံး စကားမဆုံးမီပင် သူ့ကို ချောင်းကြည့်နေသော မြွေနက်ကြီးသည် အလျင်အမြန် ပြေးထွက်သွားသည်။ ထိုမြွေသည် ရေကန်ထဲ၌ ပြန်လည် ပုန်းအောင်းနေလောက်သည်။
ဝမ်ကျုံး ဘာစကားမှ မဆိုနိုင်ဘဲ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ ဇီဝဗေဒ ဆရာသည် မြွေများက အရေခွံလဲပြီးနောက် လူကို မတွေ့လိုလျှင် ဘာလုပ်ရမည်ကို ဘယ်သောအခါကမျှ သင်ကြားပေးခဲ့ခြင်း မရှိပေ။
ဝမ်ကျုံးသည် မြွေနက်ကြီး ရေစိမ်လွန်၍ သေဆုံးသွားမည်ကို အမှန်ပင် စိုးရိမ်ခဲ့သည်။ သို့သော် ထိုအရာကို ဂရုမစိုက်နိုင်တော့ဘဲ ခေါင်းငုံ့ကာ မိမိ၏ ကိစ္စကိုသာ ဆက်လက် လုပ်ဆောင်ခဲ့သည်။
သူ စိတ်ပိုင်းဖြတ်လိုက်ပြီး မြွေအရေခွံကို စူးစမ်းစမ်းသပ်ခဲ့သည်။ ဓားဖြင့် ခြစ်ကြည့်ခြင်း၊ ချွန်ထက်သော ပစ္စည်းဖြင့် ထိုးကြည့်ခြင်းများ ပြုလုပ်ခဲ့သည်။ မြွေအရေခွံသည် ပုံမပျက်ဘဲ ရှိနေကာ အရည်အသွေးသည် အံ့မခန်း ဖြစ်နေသည်။
ဝမ်ကျုံး အရိပ်အောက်၌ ထိုင်ကာ နဖူးမှ ချွေးများကို သုတ်လိုက်သည်။ မြေပြင်ပေါ်သို့ ကျနေသော မြွေနက်ကြီး၏ အကြေးခွံများမှာ နေရောင်အောက်၌ အေးစိမ့် တောက်ပသော အလင်းရောင် ထွက်ပေါ်နေသည်ကို သူ ကြည့်နေမိသည်။
သူ ယခင်က ထိုအကြေးခွံများကို ကောက်ယူရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ထိုအကြေးခွံတို့၏ အနားသားများသည် ဓားသွားများထက် ပိုမို ထက်ရှ၏။ အဝတ်ဖြင့် လက်ကို ပတ်ထားသော်လည်း အလုပ်မဖြစ်ခဲ့၍ မထိရဲဘဲ ထားခဲ့ရသည်။
အခု အဲ့ဒီအကြေးခွံတွေကို သုံးပြီး မြွေရေခွံကို ဖြတ်လို့ရမလား မသိဘူး...
ဝမ်ကျုံးသည် ခြေသလုံးခန့် အမြင့်ရှိသော အကြေးခွံတစ်ခု မြေကြီးထဲ စိုက်ဝင်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ မြွေအရေခွံကို ဖြန့်ချကာ အကြေးခွံ၏ အစွန်း၌ တင်လိုက်၏။ မြွေအရေခွံကို အထက်အောက် အကြိမ်အနည်းငယ် ဆွဲတင် ဆွဲချ ပြုလုပ်ပြီးနောက် မည်သို့မျှ မပျက်စီးနိုင်ခဲ့သော မြွေအရေခွံသည် ဖြည်းဖြည်းချင်း ပြတ်ထွက်လာခဲ့သည်။
ဝမ်ကျုံး နည်းလမ်းကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက် မြွေအရေခွံဖြင့် သူ့အတွက် အတွင်းခံအဝတ်အစားများ ပြုလုပ်ခြင်းကို မရပ်မနား စတင်လုပ်တော့သည်။
အရိပ်ထဲတွင် ပုန်းကွယ်နေသော မြွေနက်ကြီးသည် သူ့အိမ်ထောင်ဖက်၏ လှုပ်ရှားမှုတိုင်းကို မှန်ထဲမှ အကဲခတ်နေသည်။
ဝမ်ကျုံးသည် စွန့်ပစ်ထားသော မြွေအရေခွံမှ အဝတ်အထည်အမျိုးမျိုး ဖန်တီးနေသည်ကို မြွေနက်ကြီး ကြည့်နေခဲ့၏။ ဝမ်ကျုံးသည် ထိုအဝတ်အထည်များကို ဝတ်ဆင်ရုံသာမက၊ ဝမ်းသာအားရ ပြုံးရွှင်လျက် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် မြွေအရေခွံကို ပတ်ထားသည်ကိုလည်း သူ တွေ့ရလိုက်ရသည်။
တစ်စုံတစ်ယောက်သည် သူ၏ ဆွဲဆောင်မှုအောက်တွင် ကျရောက်သွားသည်ဟု သူ ထင်လိုက်သည်။ မြွေနက်ကြီးသည် သူ၏ ပါးလွှာသော နှုတ်ခမ်းများကို အနည်းငယ် ဖွင့်ဟ၍ နီမြန်းသော မြွေလျှာကို ထုတ်လိုက်၏။
"ကြေးမုံကြီးရေ ၊ ကြေးမုံကြီးရေ"
"သူ ငါ့ရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှူံးသွားပြီနဲ့တူတယ် သူ ငါ့ရဲ့ လှပြီး စွမ်းအားကြီးတဲ့ အမြီးအောက်မှာ အရှူံးပေးသွားပြီ"
"ဒါပေမဲ့ ငါ သိချင်တာက..."
"ငါတို့ နှစ်ယောက်ထဲမှာ ဘယ်သူက ကမ္ဘာပေါ်မှာ အချောဆုံး၊ အခန့်ဆုံး မျက်နှာပိုင်ဆိုင်လဲဆိုတာပဲ"
ရိုးရိုးလေးပြောရရင်...
"သူ ငါ့ကို အရင်ကလိုပဲ တန်ဖိုးထားနေဦးမှာလား..."