Chapter 19
Viewers 1k

အပိုင်း (၁၉) - လျှို့ဝှက်ချက်များ

 

 

 

ကုယီလန်က စုကျီဆွေ့ကို ထည့်ထားပြီးနောက် ပို့စ်များအား ကြည့်ရန် မဆိုထားနှင့် ၊ သူ၏လှုပ်ရှားမှုများကိုပင် စစ်ဆေးခဲသည်။ သူသည် သူတို့နှစ်ဦး၏ အပြန်အလှန်ဆက်သွယ်ခြင်းကို “စကားပြောရန်” သာ သတ်မှတ်ထားခဲ့သည်။

 

 

အမှန်တကယ် လက်တွေ့ဘဝတွင် ရှက်ပြီးကြောက်ရွံ့တတ်သော လူငယ်တစ်ဦးသည် အွန်လိုင်းပေါ်တွင် ထိုသို့ပွင့်လင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အဖြေမှန်များကို သူ၏လှုပ်ရှားမှုစာမျက်နှာတွင် သတ္တိရှိရှိ တင်ထားခြင်းဖြစ်သည်။

 

….

 

 

“လာပြီ လာပြီ”

 

 

အိမ်တော်ထိန်းက ရေးကြီးသုတ်ပျာ ပြေးထွက်လာသည်။ သခင်လေးပင်ပန်းမည်ကို စိုးရိမ်သဖြင့် သူ၏ လက်နှစ်ဖက်လုံးတွင် ပါဆယ်ထုတ်များနှင့် ပြည့်နေသည်။ 

 

 

သူဌေးနှင့် အစေခံများအတွက် အစားအစာများကို အချိန်ခွဲပြီး စီစဉ်ပေးရသည်။ အိမ်တော်ထိန်းသည် နေ့လည်စာစားခဲ့ပြီးဖြစ်သောကြောင့် သခင်လေးနှစ်ဦးအတွက် ဟင်းပွဲပြင်ဆင်ပေးရန် စားပွဲဘေးတွင် မတ်တပ်ရပ်နေသည်။

 

 

ကုယီလန် သူ့ဘေးတွင်ရပ်နေသော ကောင်လေးကို တစ်ချက်လှမ်းကြည့်သည်။ ကောင်လေးသည် စိတ်လှုပ်ရှားပြီး လက်ချောင်းများကို ကုတ်ဖဲ့နေသည်။ သူ့မေးကို ငေါ့ပြကာ ဘေးမှ ခုံတွင်ထိုင်ရန် အမူအရာလုပ်ပြလိုက်သည်။

“ထိုင်လေ”

 

 

လက်တစ်ဖက်ကို မ,လိုက်ပြီး ပါဆယ်ဘူးအထပ်လိုက်ထဲမှ လှမ်းယူ၍ ထို့နောက် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပါဆယ်ဘူးတစ်ဘူးကို ဆွဲထုတ်သည်။ သူသည် ပါဆယ်ဘူးအား ဖွင့်ကာ စုကျီဆွေ့၏ အရှေ့တွင် ချလိုက်သည်။

 

 

စုကျီဆွေ့ ထိုင်ခုံ၌ ဖြည်းဖြည်းချင်း နေရာယူ၍ သေသေချာချာ ထိုင်နေသည်။

 

 

သူ အမှားတစ်ခုခုလုပ်မိသဖြင့် ကုယီလန်က အိမ်တော်ထိန်းကို စေလွှတ်ပြီး သူ့အစား ပါဆယ်ထုပ်များ ယူခိုင်းသည်ဟု စုကျီဆွေ့၏ စိတ်ထဲ ထင်နေမိသည်။ ထို့ကြောင့် သူသည် စိတ်မသက်မသာဖြစ်ဆဲဖြစ်၏။  ထိုင်နေသည်ဖြစ်စေ မတ်တပ်ရပ်နေသည်ဖြစ်စေ သူ ခေါင်းကိုမော့ပြီး မည်သူ့ကိုမှ မကြည့်ရဲပေ။

 

 

ထို့နောက် နူးညံ့သော အသံတစ်သံကို ကြားလိုက်ရသည်။ သေးငယ်ပြီး ဖြူလျသောအရာတစ်ခုသည် သူ၏ အမြင်အာရုံထောင့်စွန်းသို့ ဝင်ရောက်လာသည်။

 

 

စုကျီဆွေ့ မော့ကြည့်သောအခါ ချစ်စဖွယ်ကိတ်မုန့်တစ်လုံး သူ့ဘေး၌ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ကိတ်၏ ထိပ်တွင် အရည်ရွှမ်းပြီး ခပ်ကြီးကြီး စတော်ဘယ်ရီအနီရဲရဲတစ်လုံးနှင့် ထိုအရာအောက်တွင် သရဖူသဖွယ် အစိမ်းရောင်သစ်ရွက်တစ်ရွက်လည်း ရှိနေသည်။ အစိမ်းရောင်တောက်တောက် သစ်ရွက်သည် ကိတ်မုန့်ပေါ်ရှိ ခရင်မ်ကို တိမ်တိုက်လေးတစ်ခုသဖွယ် ပိုမိုဖြူဖွေးလာစေရန် ပြုလုပ်ပေးနေသည်။

 

 

စုကျီဆွေ့ : “!”

 

 

စုကျီဆွေ့၏ မျက်ဝန်းများ လက်ခနဲဖြစ်လာပြီး သူ့ဘေး၌ရှိနေသော လူအား အလိုလိုကြည့်မိသည်။ “နေ့လည်စာစားပြီးရင် အဲ့တာကို စား” ကုယီလန်က အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ပြောသည်။

 

 

သူတို့နှစ်ဦး အတူနေထိုင်သည်မှာ အလွန်မကြာသေးသော်လည်း တချို့လူများက သူတို့ကိုယ်စား ဤအရာ သည်အရာများကို လိုက်၍ တွေးပူနေကြသည်။

 

 

မနေ့ညက မက်ဆေ့ချ်လှမ်းပို့ပြီး သူ၏ညီငယ်လေးသည် အဘယ်ကြောင့် ငိုယိုပြီး ထွက်မပြေးသေးသနည်းဟု လှမ်းမေးသော စုမင်ယွီကဲ့သို့ လူများလည်း ရှိသေးသည်။ ကုယီလန်က ခပ်ပေါ့ပေါ့ပြန်ဖြေသည်။ “သိပ်မကြာခင်ပေါ့”

 

 

ကုယီလန်၏ လက်ထပ်ထိမ်းမြားခြင်းအကြောင်းအရာနှင့် ပတ်သက်၍ အလွန်အမင်းဂရုစိုက်ပေးသော အဘိုးကုကဲ့သို့လူလည်း ရှိပေသည်။ အဘိုးကုက မကြာခဏဆိုသလို မက်ဆေ့ချ့်ပို့ပြီး သူတို့နှစ်ဦးကြား အခြေအနေအကြောင်းကို မေးမြန်းလေ့ရှိသည်။

 

 

ကုယီလန်ဘက်မှ မည်သည့်တုံ့ပြန်မှုမှ မရှိသောအခါ ကောင်လေးနှင့် အဆင်ပြေစေရန် လက်ဆောင်တချို့ဝယ်သင့်ကြောင်း အဘိုးကုမှ အကြံပေးခဲ့သည်။

 

 

သို့သော် ယခုကဲ့သို့ ငွေသည်သာ အရာရာဖြစ်နေသော လောကကြီးတွင် စုကျီဆွေ့ကား အတော်အသင့် ကြွယ်ဝသော မိသားစုမှ လာခဲ့သူဖြစ်သည်။ သူ့ကို စုမိသားစုသည် အဖိုးတန်လူသားလေးတစ်ဦးသဖွယ် ချစ်ခင်မြတ်နိုးကြပြီး လိုလေသေးမရှိအောင် ပြည့်ပြည့်စုံစုံ ထားပေးကြသည်။

 

 

ကုယီလန်ကဲ့သို့ အချိန်ပြည့်အလုပ်ရှုပ်နေသော လူသည် သူကိုယ်တိုင်လက်ဆောင်လုပ်ပေးရန် အချိန်မရှိသကဲ့သို့ လက်ဆောင်ဝယ်ပေးရန် အချိန်လည်း မရှိနေပေ။

 

 

တကယ့်လက်တွေ့တွင် ထိုသို့လက်ဆောင်ပေးရန် အကြံပေးချက်ကို ချက်ချင်းဆိုသလို အကောင်အထည် ဖော်သင့်သည်။

 

 

သို့သော် သူတို့နှစ်ဦးသည် နေ့လည်စာအတွက် အများကြီးစားလေ့စားထမရှိပေ။ ပါဆယ်လာပို့ရန်အတွက် အနည်းဆုံးပမာဏကို ပြည့်မီရန် ကုယီလန်သည် ကိတ်အသေးလေးတစ်လုံး ၊ နွားနို့တစ်ခွက်နှင့် သရေစာအနည်းငယ်ကို မှာယူလေ့ရှိသည်။

 

 

စိတ်မပါလက်မပါဆိုသော်ငြား အနည်းဆုံးတွင် အဘိုးကု၏ နားပူနားဆာ လုပ်ခြင်းမှ ကင်းဝေးရန် ဖြစ်သည်။ ကုယီလန်သည် ကျန်ရှိနေသေးသော ပါဆယ်ဘူးများကို ဖွင့်ကြည့်လိုက်ပြီး သူ့ဘေးတွင်ရှိနေသော စုကျီဆွေ့ကို တစ်ချက်လှမ်းကြည့်သည်။

 

 

ကောင်လေးကမူ သူ့ရှေ့၌ရှိနေသော ကိတ်အား အငမ်းမရစိုက်ကြည့်နေသည်။ သူ၏ ပါးနှစ်ဖက်သည် အနည်းငယ် နီမြန်းနေပြီး မျက်ဝန်းများက လခြမ်းသဖွယ်ဖြစ်နေသည်။ သူပြုံးလိုက်သည့်အခါ ချစ်စဖွယ်အစွယ်လေးနှစ်ချောင်းသည် ဘေးနှစ်ဖက်တွင် ထွက်နေသည်။

 

 

 

သူ၏ တောက်ပနေသော မျက်ဝန်းအစုံမှ ပြည့်လျှံထွက်လာသော ပျော်ရွှင်မှုများသည် ပါဆယ်ထုပ်သွားယူသည့် အချိန်မှ ကြောက်ရွံ့ထိတ်လန့်မှုများအား အစားထိုးနိုင်ခဲ့သည်။

 

 

ကုယီလန်၏ အိတ်ကပ်အတွင်းမှ ဖုန်းသည် သုံးကြိမ်မြည်လာခဲ့သည်။ သူက မျက်တောင်တစ်ချက်ခတ်ပြီး မေးလိုက်သည်။ “မင်း ပျော်လား”

 

 

စုကျီဆွေ့က ကြက်ပေါက်လေးတစ်ကောင်သဖွယ် ခေါင်းညိမ့်ပြသည်။

“အင်း ကျွန်တော်က ကိတ်ကြိုက်တယ်”

 

 

သူသည် စတော်ဘယ်ရီကိတ်ကို ကြိုက်သည်။ အထူးသဖြင့် ကုယီလန်ပေးသော စတော်ဘယ်ရီကိတ်အား ပို၍ပင် သဘောကျသေးသည်။

 

 

ကုယီလန်၏ အမူအရာက ပို၍ ဇဝေဇဝါဖြစ်လာသည်။ သူသည် နွားနို့နှင့် အာလူးကြော်ကို စုကျီဆွေ့၏ ဘေး၌ ချပေးခဲ့သည်။

“မင်း အပေါ်ပြန်တက်ရင် ဒါတွေယူသွားလေ”

 

 

“ကျေးဇူးပါ” စုကျီဆွေ့က အသံတိုးတိုးလေးဖြင့် ပြန်ပြောသည်။ “ခင်ဗျားက အရမ်းသဘောကောင်းတာပဲ”

 

 

ကုယီလန်၏ အစားအသောက်များကို ပြင်ဆင်ပေးနေသော လက်ကား လေထဲဝယ် ရုတ်တရက် ရပ်တန့်သွားသည်။

 

 

ကြည်နူးစရာ နေ့လည်စာပါလား……

 

 

ထမင်းစားခန်းအတွင်းတွင် အချိန်များရပ်တန့်သွားသကဲ့သို့ အသံတိတ်ဆိတ်သွားလေသည်။

 

 

ယခင်အတိုင်းပင် ကုယီလန်သည် တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေသည်။ လအကြောင်းနှင့် ပတ်သက်သော အထင်လွဲမှုဖြစ်ပြီးနောက် အိမ်တော်ထိန်းသည် ယခင်ကကဲ့သို့ စကားအား ပြီးစလွယ်မပြောရဲတော့ပေ။ စုကျီဆွေ့ကမူ နေ့လည်စာအား မြိန်ရေယှက်ရေ စားသောက်နေသည်။ သူ စားချင်နေသော ကိတ်ကို စားရရန် နေ့လည်စာကို မြန်မြန်စားရန် စိတ်ပိုင်းဖြတ်ထားသည်။

 

 

စုကျီဆွေ့ နေ့လည်စာ စားမပြီးမီတွင် ကုယီလန်က ပြီးခဲ့သည်။

 

 

ပုံမှန်ဆိုလျှင် ကုယီလန်က ထိုင်စောင့်နေရန် အလုပ်ရှုပ်သဖြင့် စားပြီးသည်နှင့် ချက်ချင်း ထွက်သွားနေကျ ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ သူသည် နေရာတွင် ဆက်ထိုင်နေခဲ့သည်။ သူသည် အနောက်ခုံကို မှီလျက် လက်ကိုပိုက်ကာ တိတ်တဆိတ်ထိုင်၍ ကောင်လေးအား ကြည့်နေခဲ့သည်။

 

 

စုကျီဆွေ့၏ အားပါးတရ စားသောက်​နေပုံက သတိထားမိချင်စရာကောင်းပေသည်။ နေ့လည်စာစားပြီးသောအခါ စုကျီဆွေ့သည် ထိုင်ခုံမှ ထပြီး ကိတ်၊ နို့ နှင့် အာလူးကြော်များကို တပွေ့တပိုက်သယ်၍ အပေါ်ထပ်တက်ရန် ပြင်ဆင်သည်။ သူ၏ လျှို့ဝှက်ချက်ပြင်ဆင်မည့်အပိုင်းအတွက် အပေါ်ထပ်သို့ တက်ချင်စိတ်များ တဖွားဖွားပေါ်နေသည်။

 

 

“စုကျီဆွေ့” 

ကုယီလန်က ရုတ်တရက် လှမ်းခေါ်သည်။ စုကျီဆွေ့သည် လှုပ်ရှားနေရာမှ ရပ်တန့်သွားသည်။ သူ့လက်အတွင်းမှ အာလူးကြော်ထုတ်များသည် လွတ်ကျလုနီးပါး ဖြစ်သွားသည်။ ကုယီလန်ကား သူ့နာမည်အပြည့်အစုံအား ခေါ်လေ့ခေါ်ထမရှိပေ။ သူ့တစ်ကိုယ်လုံး တောင့်တောင့်ကြီးဖြစ်လာသည်။ သူ၏ ရှည်လျားဖြူဖျော့သော လည်ပင်းသည်လည်း ခပ်တောင့်တောင့်ဖြစ်လာကာ သူ့ဘေးတွင် ရှိနေသောလူအား အသက်မဲ့စွာနှင့် လှမ်းကြည့်သည်။

 

 

အချိန်အတန်ကြာ အသံတိတ်နေပြီးနောက်မှ အကြောင်းအရင်းတစ်စုံတစ်ရာမရှိဘဲ သူ့နာမည်အား ကုယီလန်က ခေါ်မည်မဟုတ်ပေ။ ထိုလူက ခပ်ပြတ်ပြတ်လေသံဖြင့် ပြောလာသည်ကို စုကျီဆွေ့  ကြားလိုက်ရသည်။

“ကိုယ်က လူကောင်းမဟုတ်ဘူးနော်”

 

 

စုကျီဆွေ့ သူ့ခေါင်းကို အလိုလိုအဆက်မပြတ် ငြိမ့်မိသည်။ မဖြစ်နိုင်ပေ။ ကမ္ဘာနှစ်ခုလုံးတွင် သူ့မိသားစုအပြင် သူတွေ့ဖူးသမျှထဲတွင် ကုယီလန်ကား အကောင်းဆုံးလူတစ်ဦး ဖြစ်သည်။

 

ကုယီလန်က စကားအလွန်အမင်းပြော၍ သူ့အကြောင်းအား မရှင်းပြလို ။ သူပြောချင်သောအရာကို လုပ်ရပ်ဖြင့် သက်သေပြခြင်းအား ပိုမိုသဘောကျနှစ်ခြိုက်သူဖြစ်သည်။

 

 

ကုယီလန် အမူအရာဖြင့် လုပ်ပြသည်။

“မင်းရဲ့ဖုန်း”

 

 

စုကျီဆွေ့သည် မုန့်ထုပ်များကို ခုံပေါ်ပြန်ချပြီး တွေဝေတုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ သူ့အိတ်ကပ်အတွင်းမှ ဖုန်းကိုထုတ်ကာ ကုယီလန်အား လှမ်းပေးသည်။

 

 

ဖြစ်ရပ်တစ်ခုလုံးသည် ထူးဆန်းနေသည်။ ထိုလုပ်ရပ်သည် မိဘများက သူတို့သားသမီးများ၏ ဖုန်းကို ယူ၍ စစ်ဆေးသကဲ့သို့ ဖြစ်နေသည်။ ဘေး၌ရှိနေသော အိမ်တော်ထိန်းသည် စကားပြောချင်သော်လည်း ပြောသင့်သည့်အချိန်မဟုတ်ခြင်း သို့မဟုတ် စကားဖြတ်ပြောရန် အကြောင်းရင်းရှာမရသကဲ့သို့ ပါးစပ်အဟောင်းသားဖြစ်နေသည်။

 

 

စုကျီဆွေ့၏ ဖုန်းဝယ် passwordမရှိသည့်အပြင် မည်သည့် application ကိုမှ ထည့်သွင်းထားခြင်းမရှိ ။ ဖုန်း၏ မျက်နှာပြင်တွင် မည်သည်မျှ မရှိဘဲ ရှင်းလင်းနေသည်။ ရှင်းလင်းသည့် ဖုန်းမျက်နှာပြင်ပေါ်တွင် WeChat တစ်ခုသာရှိနေသည်။

 

 

“မင်း တစ်ယောက်ယောက်ကို addထားသေးလား”

ကုယီလန် ထိုသို့ပြော၍ WeChatကိုဖွင့်ကာ သူပြောသည့်အချက် မှန်မမှန် စစ်ဆေးသည်။ စုကျီဆွေ့သည် ခေတ္တခဏ ကြောင်အမ်းအမ်းဖြစ်သွားသည်။ ထို့နောက် ပရီယဒ်ဟူသော သုံးစွဲသူအမည်နှင့် လူထူးဆန်းတစ်ယောက်ကို အမှတ်ရသွားသည်။

 

 

သူသည် ထိုလူကို addခဲ့သည့် အကြောင်းရင်းမှာ အန်ကယ်ပရီယဒ်ကား ရှေ့ဖြစ်ဟောနိုင်သည်။ ထို့ပြင် သူသည် အွန်လိုင်းသူငယ်ချင်းတစ်ချို့ကို addနိုင်ကြောင်း ကုယီလန်မှ ပြောဖူးသောကြောင့် အန်ကယ်ပရီယဒ်အား addခဲ့ခြင်းဖြစ်သည်။

 

 

 

သို့သော် သူသည် အန်ကယ်ပရီယဒ်နှင့် စကားစမြည်မပြောချင်ပေ။ ထိုလူသည် ကုယီလန်အကြောင်း အမြဲတစေ မကောင်းပြောတတ်သည် ။ မက်ဆေ့ချ်တစ်ကြောင်းချင်းစီက ယခင်မက်ဆေ့ချ်ထက် ပို၍ ဆိုးရွားလာသည်။ သူတို့နှစ်ဦးသည် မည်သို့မျှ လက်ထပ်ဖြစ်ကြမည် မဟုတ်ကြောင်း ထပ်တလဲလဲ ပြောဆိုသဖြင့် စုကျီဆွေ့ မခံမရပ်နိုင်အောင် ဒေါသထွက်လာတော့သည် ။

 

 

အချိန်ကြာလာသည်နှင့် အမျှ ထိုမက်ဆေ့ချ်များမှ တဖြည်းဖြည်းစုလာသော အနှုတ်သဘောဆောင် လက္ခဏာများသည် ရှေ့ဖြစ်ဟောနိုင်ခြင်းကြောင့် အန်ကယ်ပရီယဒ်အား သဘောကျခဲ့ရသည့်စိတ်ကို သာလွန်သွားသဖြင့် ထိုလူကို ကြည့်မရတော့ပေ။

 

 

 

ထို့ကြောင့် အဘယ်သောအခါမှ သူ့ဘက်မှစပြီး စကားမပြောခဲ့ပေ။ သို့သော် သူသည် လူများအား ငြင်းဆိုရမည့်နည်းလမ်းကို မသိသကဲ့သို့ သူတို့ကို block ရမည့်နည်းလမ်းကိုလည်း မသိပေ။ ထို့ကြောင့် စုကျီဆွေ့သည် စာများကို ဖတ်မကြည့်ဘဲ ကျော်သွားလိုက်သည်။

 

 

 

ထိုကိစ္စကို တစ်ချိန်လုံး စိတ်ထဲ တွေးနေမိသည်။ ထိုအကြောင်းကို မည်သို့ရှင်းပြရမည်အား အချိန်အတော်ကြာ ခက်ခက်ခဲခဲ စဉ်းစားနေမိသည်။ သူသည် အဖြစ်အပျက်တစ်ခုကို စကားလုံးများနှင့် ဖွဲ့နွဲ့ရှင်းပြရာတွင် မကျွမ်းကျင်ပေ။

 

 

 

သူက ထိုအကြောင်းကို ရှင်းပြရမည့်နည်းလမ်းကို ခက်ခက်ခဲခဲတွေးနေချိန်တွင် ကုယီလန်၏ သွယ်သွယ်လျလျ လက်ချောင်းများသည် ဖုန်းမျက်နှာပြင်ကို ထိကာ Chatစာမျက်နှာကို ဖွင့်လိုက်သည်။

 

 

 

“မလုပ်နဲ့”

 

စုကျီဆွေ့ သူ့ကိုတားရန် အလိုလို လက်လှမ်းမိသွားသည်။ အန်ကယ်ပရီယဒ်က ကုယီလန် မကောင်းကြောင်းကို အများအပြားပြောထားသဖြင့် ထိုစာများကို ကုယီလန်အား မမြင်စေလိုပေ။

 

 

 

သို့သော် ကုယီလန်သည် သူ့ထက် အရပ်ပိုမြင့်သည်။ သူ မတ်တပ်ထရပ်ပြီး စုကျီဆွေ့လက်လှမ်းမမီနိုင်သော နေရာထိ ဖုန်းကို မြှောက်လိုက်သည်။

 

 

 

ထိုမြင်ကွင်းကို မြင်နေရသော အိမ်တော်ထိန်းက မကြည့်ရဲသဖြင့် သူ့မျက်နှာကို လက်ဖြင့်အုပ်လိုက်သည်။

 

 

 

ထိုအရာသည် များလွန်းပေသည်။ တကယ်တွင်မူ ကလေးတစ်ယောက်ကို အနိုင်ကျင့်သည့်ပုံစံ ဖြစ်နေသည်။

 

 

 

သူတို့ရှေ့တွင်ရပ်နေသော ကောင်လေးသည် သူ့လက်မောင်းကို ဆန့်နိုင်သမျှ အမြင့်ရောက်သည်အထိ ဆန့်တန်းနေသည်။ မျက်ဝန်းများကြားတွင် မြူခိုးလွှာပါးပါးလေးတစ်ခုဖြစ်လာသကဲ့သို့ တလက်လက်တောက်ပနေသည်။ ကုယီလန်သည် သူ၏ နှုတ်ခမ်းအစုံကို ခပ်စေ့စေ့ပိတ်ထားသည်။

 

 

 

နောက်ဆုံးတွင် သူသည် လက်ကိုအောက်ချပြီး ဖုန်းကို စားပွဲပေါ်တင်လိုက်သည်။ လူကြောက်တတ်သည့်ရောဂါရှိသော လူ၏ လူမှုအသိုင်းအဝိုင်းသည် သိသိသာသာ ကျဉ်းပေသည်။ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးရခြင်းသည် သူတို့အတွက်မူ ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူငယ်ချင်းတစ်ယောက်ချင်းစီကို အလေးထားကြသည်။

 

 

 

အန်ကယ် ပရီယဒ်ဘက်မှ သူ့အား ကူညီပေးခဲ့ခြင်းများလည်း ရှိပေသည်။ သူ၏ အမှတ်တရများကို ပြင်ဆင်ရန် ကူညီပေးခဲ့သည့်အပြင် ရှာဖွေသည့် ကိရိယာကိုလည်း အကြံပေးခဲ့သည်။ 

 

သူ့အား မည်သို့မေးခွန်းမေးရမည်ဆိုသည့်အကြောင်းကိုပင် သင်ပေးခဲ့ဖူးသည်။  ထို့ကြောင့် သူ့ကို စုကျီဆွေ့၏ သေးငယ်သော လူမှုအသိုင်းအဝိုင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်နိုင်ပေသည်။

 

 

 

ယခုမြင်တွေ့နေရသော ကောင်လေး၏ စိတ်လှုပ်ရှားမှုကို ကြည့်၍ ထိုကောက်ချက်ချမှုက မှန်ကန်သည်ဟု ဆုံးဖြတ်နိုင်သည်။

 

 

“မင်းကို တခြားလူတွေနဲ့ စကားမပြောခွင့် မပြုဘူးလို့ ကိုယ်ပြောခဲ့လား” ကုယီလန်က သူမှန်သည်ဆိုသောပုံစံဖြင့် ခပ်ပြတ်ပြတ်မေးသည်။

 

 

 

သူတို့နားတွင်ရှိနေသော အိမ်တော်ထိန်းသည် စုကျီဆွေ့ကိုယ်စား ချွေးစေးများထွက်လာသည်။

 

 

အကျိုးအကြောင်းမဆီလျော်ဘဲ မူမမှန်သောအချက်များ ပါနေသော်ငြား ထိုနည်းလမ်းသည် သမားရိုးကျလမ်းစဉ်ထက် ပို၍ ထိရောက်မှုရှိသည်။ သို့သော် သခင်လေးကုက မည်မျှကြောက်စရာကောင်းသည်ဆိုသောအချက်ကို သေချာမသိသော အပြစ်ကင်းသည့် သခင်လေးအတွက်မူ ထိုနည်းလမ်းက ပြင်းထန်သည်။

 

 

 

ကုယီလန်က လက်ညှိုးကိုကွေးပြပြီး ကောင်လေးကို သူ့အနားသို့ လာရန် အမူအရာလုပ်ပြသည် ။ ဇဝေဇဝါဖြစ်နေသော ပုံစံဖြင့် စုကျီဆွေ့သည် အမိန့်နာခံပြီး အနားသို့ကပ်လာသည်။ ထိုလက်ချောင်းရှည်ရှည်လေးများက ဖုန်းမျက်နှာပြင်အား ထိနေသည်ကို ရပ်ကြည့်နေမိသည်။

 

 

 

ထို့နောက် အန်ကယ်ပရီယဒ်အား blacklist ထဲထည့်လိုက်သည်။

 

 

စုကျီဆွေ့ :  “!”

 

 

Blockလိုက်သည်နှင့် တပြိုင်နက် စကားပြောထားသော Chatအား အလိုလိုဖျက်ပြီးသားဖြစ်သွားသည်။

 

 

 

မျက်တောင်တစ်ခတ်အတွင်း အခြေအနေတစ်ခုလုံးသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်ဘုံမှ လက်ဆောင်ရသကဲ့သို့ အံ့ဖွယ်အရာနှစ်ခုက သူ့ဦးနှောက်ထဲ ဝင်လာသည်။

 

 

 

ကုယီလန်က သူ့အား စိုက်ကြည့်နေသည်ကို သိသော စုကျီဆွေ့က တွေဝေတုံ့ဆိုင်းနေသည်။ ပြီးမှ အသံတိုးတိုးလေးဖြင့် ပြောသည်။

 

 

“ကျေးဇူးပါ”

 

 

ကုယီလန် :  “?”

 

 

သူ၏ ကျေးဇူးသိတတ်မှုကို ပြသရန် စုကျီဆွေ့သည် မုန့်ထုပ်ထဲမှ သူအကြိုက်ဆုံး အာလူးကြော်ကို ရွေးပြီး ကုယီလန်အား လှမ်းပေးသည်။ ထို့နောက် ကျန်ရှိနေသေးသောမုန့်များကို သူ့လက်ထဲပြန်ထည့်ကာ ထိုလူကို နောက်ထပ်တစ်ဖန် လှမ်းကြည့်သည်။ ထို ကြည်လင်တောက်ပနေသော မျက်ဝန်းအစုံသည် “အခုသွားလို့ရပြီလား” ဟူသော မေးခွန်းကို မေးနေပုံရသည်။

 

 

 

 

 

 

ကုယီလန်သည် လှေကားဘက်သို့ မေးငေါ့ပြသည်။ “သွားတော့”

 

 

 

ထိုမှသာ ကုယီလန်လည်း စိတ်သက်သာရာရပြီး အပေါ်ထပ်တက်ရန် ပြင်ဆင်တော့သည်။ ကောင်လေး၏ အရိပ်အယောင်ကို မမြင်ရတော့မှ အိမ်တော်ထိန်းသည် ကုယီလန်အား မေးမြန်းခဲ့သည်။

 

 

“သခင်လေး…သူ့ပုံစံကြည့်ရတာ ပျော်နေတယ်လို့ထင်လား။ သူစကားပြောနေကျ တစ်ယောက်ယောက်ကို သခင်လေးက ဖျက်လိုက်တာတောင်မှပေါ့”

 

 

သူ့စကားမဆုံးသေးမီ ကုယီလန်သည် သူ့အား အေးတိအေးစက်အကြည့်ဖြင့် ရုတ်တရက် လှမ်းကြည့်လိုက်သောအခါ အိမ်တော်ထိန်းလည်း ချက်ချင်းအသံတိတ်သွားတော့သည်။

 

 

 

သူ၏ စိတ်ထဲ သက်ပြင်းအခါခါ ချနေမိသည်။ ကုယီလန်အား နားမလည်သောကြောင့် မဟုတ် ။ သို့သော် ယခုတွင်မူ စုကျီဆွေ့၏ စိတ်ကိုပါ မဖတ်တတ်တော့ပေ။

 

….

 

ထိုနေ့ နေ့လည်ခင်းတွင် စုကျီဆွေ့သည် တတိယထပ်ကို လှည့်လည်ကြည့်နေသည်။ ရူပဗေဒဘာသာကို တစ်ဘဝလုံး စိတ်နှစ်ပြီး ကြိုးစားခဲ့သူပီပီ ကုယီလန်၏ တတိယထပ်သည်  စက်မှုပိုင်းဆိုင်ရာလက်တွေ့ခန်း၊  အလင်းအီလက်ထရောနစ်လက်တွေ့ခန်း၊ အီလက်ထရောနစ်လက်တွေ့ခန်း၊ တွက်ချက်မှုဆိုင်ရာရူပဗေဒ လက်တွေ့ခန်းနှင့်  သရုပ်ဖော်လက်တွေ့ခန်း စသည့် လက်တွေ့ခန်းများစွာ ရှိပေသည်။

 

 

 

စုကျီဆွေ့ နားမလည်သော တချို့လက်တွေ့ခန်းများပင် ရှိသေးသည်။ ဥပမာအားဖြင့် “AdS/CFT and Gravitational Quantization lab” သို့ “String and Holographic Duality Research lab” ဟု အမည်တပ်ထားသော အခန်းများဖြစ်သည်။

 

 

 

သူသည် scanဖတ်သည့်စက်ပေါ် သူ့လက်ချောင်းများတင်၍  အလင်းလက်တွေ့ခန်းအတွင်းသို့ ဝင်ခဲ့သည်။

 

 

သူသည် သိပ်မကြာသေးမီကပင် အလင်းအကြောင်း လေ့လာနေသဖြင့် အခြေခံလက်တွေ့လေ့လာမှု ရှိရန် ကြိုးပမ်းနေခဲ့ရသည်။ လေဆာသည် ကျဉ်းမြောင်းသော ဖြတ်ရာလေးနှစ်ခုဖြင့် ဘုတ်ပြားကိုဖြတ်ချိန်တွင် မျက်နှာပြင်ပေါ်၌ အလင်းတစ်လှည့်အမှောင်တလှည့် အတန်းလိုက်ကြီး ပေါ်လာခဲ့သည်။

 

 

 

အလင်းတန်းတစ်ခု၏ အလင်းအမှောင်ပမာဏသည် မတူညီပေ။ သို့သော် တောက်ပသောအလင်းတန်းများကြား၌ရှိသော အကွာအဝေးသည် မမျှော်လင့်ဘဲ အတူတူ ဖြစ်နေသည်။ ရူပဗေဒဘာသာရပ်အကြောင်း နားမလည်သူများအဖို့ ဤအရာသည် စကြာဝဠာကြီးကိုယ်တိုင်လက်ဖြင့် ထုဆစ်ပုံဖော်ထားသော ဆန်းကြယ်မှုတစ်ခုဟု ထင်ကြလိမ့်မည်။

 

 

 

လက်တွေ့ခန်း၌အသုံးပြုသော ကိရိယာများသည် အဆင့်မြင့်သည့်ကိရိယာများဆိုသည့်အတိုင်း အလွန်အမင်းတိကျပေသည်။ ၎င်းတို့အား  နောက်ဆုံးပေါ်အဆင်မြင့်ဒီဇိုင်း၊ အရည်အသွေးများဖြင့် သေချာစနစ်တကျ တည်ထောင်ထားခြင်းဖြစ်သည်။

 

 

 

စုကျီဆွေ့သည် သူ့အခန်းသို့ မပြန်မီ Poisson spotလက်တွေ့စမ်းသပ်မှုကို လုပ်ခဲ့သေးသည်။

 

 

 

စုကျီဆွေ့သည် စောင်များဖြင့် စီတန်းထားသော ရွှေရောင်လှောင်ချိုင့်အတွင်းတွင် ဘေးတစောင်းလှဲအိပ်နေသည်။  သူ့ဘေးဝယ် ချစ်စဖွယ် အရုပ်များက ပတ်ပတ်လည်ဝန်းရံနေသည်။ အရုပ်များ၏ ဦးခေါင်းထက်တွင် အာလူးကြော်အိတ်များဖြင့် အလှဆင်ထားပုံက ရူးကြောင်ကြောင်ဦးထုပ်များ ဆောင်းထားသကဲ့သို့ ဖြစ်နေသည်။

 

 

 

သူသည် လက်ထိပ်ပုံစံ အမွှေးပွအရုပ်တစ်ခုကို ပွေ့ပိုက်ထားပြီး  သူ၏ ပြိုင်ပွဲအတွက် ပြင်ဆင်သည့်စာအုပ်၌ ဟိုဟိုသည်သည် လျှောက်ခြစ်နေသည်။ ထို့နောက် သူမဖြေရှင်းတတ်သော ပုစ္ဆာများအား စက်ဝိုင်းပုံလိုက်ဝိုင်းနေသည်။ ညရောက်မှ ကုယီလန်အား ထိုပုစ္ဆာများကိုမေးရန် စီစဉ်ထားသည်။

 

 

 

အားတော့နာပါတယ် အန်ကယ်ပရီယဒ်!!

 

 

ခင်ဗျားကို အရင်ဆုံး လာမမေးချင်တာမဟုတ်ပါဘူး။ ခင်ဗျားကိုဆက်သွယ်လို့ရမဲ့ အချက်အလက်ကို ဖျက်လိုက်တာမို့ အခုတော့ ကုယီလန်ကိုပဲ မေးလို့ရတော့မယ်…

 

 

သူသည် စာရေးနေလျက်နှင့် သူ၏ “ချစ်ခင်စုံမင်မှုကို မြှင်တင်ခြင်းအကြံအစည်”၏  စတုတ္ထမြောက်အဆင့်ကို မသိလိုက်မီတွင် လုပ်ပြီးသားဖြစ်နေသည်ကို ချက်ချင်းသဘောပေါက်လာသည်။

 

 

 

သူ့ကိုယ်သူ စိတ်ထဲမှ ချီးကျူးနေမိသည်။

 

 

 

နေ့လည်စာစားချိန်၌ ကုယီလန်က “ကိုယ်က လူကောင်းမဟုတ်ဘူး”ဟု ပြောလိုက်ချိန်တွင် “ခင်ဗျားက အရမ်းကြင်နာတတ်တာပဲ” ဟု ပြန်ပြောခဲ့သည်။ ထိုစကားသည် တမင်တကာမြှောက်ပြောခြင်းမဟုတ်ဘဲ စိတ်အတွင်းမှ နှစ်နှစ်ကာကာ ခံစားပြီး ပြောလိုက်ခြင်းဖြစ်သည်။

 

 

 

ယခုတွင် နောက်ဆုံးအဆင့်သာ လှုပ်ရှားရန် ကျန်တော့သည်။

 

 

 

အဆင့်ငါး- မင်းရဲ့ လျှို့ဝှက်ချက်သေးသေးလေးတွေကို သူ့ကိုမျှဝေပါ။

 

 

သူ၏ ထိခိုက်လွယ်သောအပိုင်းအား အခွံမာဖြင့် ကာကွယ်ထားသည်။ 

 

 

ဒါပေမဲ့ ခင်ဗျားကို ကျွန်တော်လှစ်ဟပြပါ့မယ်! ကျွန်တော့်ရဲ့ အတွင်းပိုင်းကမ္ဘာထဲမှ ကြိုဆိုပါတယ်..ကျွန်တော့်ရဲ့ဖူးစာဖက်ရေ!!

 

 

 

ဤအဆင့်သည် စုကျီဆွေ့အတွက် အလွန်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ဘဝကူးပြောင်းချိန်တွင် သူ၏ ယခင်မှ မှတ်ဥာဏ်တချို့အား ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ယခုလက်ရှိကမ္ဘာ၏ “မူလလူနှင့်” သက်ဆိုင်သော အမှတ်တရများလည်း မရှိပေ။

 

 

 

သူ့လျှို့ဝှက်ချက်….

 

 

 

စုကျီဆွေ့သည် အိမ်တော်ထိန်းလုပ်နေကျ အမူအရာကို တုပလိုက်သည်။ သူ စဉ်းစားတွေးတောနေချိန်တွင် သူ့လက်က မေးစေ့ကိုထောက်ထားသည်။

 

 

 

သူမသိလိုက်မီတွင် သူသည် အတွေးကမ္ဘာထဲ နစ်မျောသွားတော့သည်။ သူ သတိပြန်လည်လာချိန်တွင် ပုံမှန် ညဘက် တီဗီကြည့်နေကျအချိန်သို့ ရောက်နေခဲ့ပြီးဖြစ်သည်။

 

 

 

သူသည် လက်ထဲတွင် ပြိုင်ပွဲအတွက် ပြင်ဆင်သည့် စာအုပ်အထူကြီးကို ကိုင်ထားလျက် ရွှေရောင်လှောင်အိမ်မှ လေးဖက်ထောက်ပြီး ထွက်လာသည်။ တံခါးခေါက်သံ ကြားရပြီးနောက် တံခါးပွင့်လာခဲ့သည်။

 

 

 

ကုယီလန်သည် လက်ပိုက်ထားပြီး အပြင်ဘက်၌ မတ်တပ်ရပ်နေသည်။ သူ့အပြုအမူများသည် ခပ်မိုက်မိုက်ဖြစ်နေသည်။ “အဆင်သင့်ဖြစ်ပြီလား။ သွားကြစို့လေ”

 

 

 

“အင်းအင်း”

 

 

စုကျီဆွေ့ အနည်းငယ်ရင်ခုန်မိသည်။ သူ၏အခန်းသည် ဧည့်ခန်းနှင့် မဝေးသော်လည်း ကုယီလန်က သူ့အား ကြိုရန် ဆင်းလာခဲ့သည်။ သူ၏ ကြင်နာတတ်ပြီး စဉ်းစားတွေးခေါ်တတ်သော အပြုအမူများကို ကြည့်ကာ ရင်ထဲနွေးခနဲဖြစ်လာသည်။

 

 

 

သူက စာအုပ်ကိုလက်၌ ပိုက်ထားလျက် စက်လှေကားစီးလာချိန်တွင် ကုယီလန်သည် သူ့အနောက်နားမှ ကပ်ပြီးလိုက်လာသည်။ ဆင်းလာသည့်တစ်လျှောက် ထိုလူ၏ စူးရှသည့်အကြည့်သည် သူ့ထံကပ်ပါလာသည်ကို သတိထားမိသည်။ သူ အနောက်သို့ လှည့်ကြည့်သည့်အချိန်တိုင်း ထိုမျက်ဝန်းနက်နက်ကြီးများဖြင့် အမြဲတစေ အကြည့်ချင်းဆုံမိသည်။

 

 

 

သို့သော် စုကျီဆွေ့က လည်ပင်းကိုခပ်တောင့်တောင့်ထားပြီး အနောက်သို့ပြန်လှည့်မကြည့်ပေ။

 

 

သိပ်မကြာမီက သူသည် တက်တက်ကြွကြွနှင့် လှည့်ပတ်ကြည့်နေခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင်မူ သူသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တောင့်ကြီးဖြစ်နေသည်။

 

 

 

အဘယ်ကြောင့်ဆိုသော် အောက်ထပ်ထမင်းစားခန်းတွယ် လူအပြည့်ဖြစ်နေသဖြင့် သူ၏ လှုပ်ရှားမှုများအား မသိသာစေရန် ခြေဖျားထောက်ပြီး လမ်းလျှောက်သည်။ ထိုသို့မဟုတ်ပါက သူ့ကို လူစိမ်းများက အာရုံစိုက်ကြမည်။

 

….

 

 

ခါတိုင်းကဲ့သို့ ယနေ့ကြည့်ရှုသည်မှာ ညနေခင်းသတင်းများဖြစ်ကြသည်။

 

“အားလုံးပဲ မင်္ဂလာညနေခင်းပါ။ ယနေ့ည သတင်းတင်ဆက်မှုကနေ အားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်”

 

 

အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာသည်။

 

 

“မကြာသေးခင်ကပဲ လူကြောက်တတ်တဲ့ လူတစ်ဦးကို ဝိုင်းပြီးနှိပ်စက်ကြတဲ့ ဖြစ်ရပ်က လူထုကြားမှာ အာရုံစိုက်ခံနေရပါတယ်”

 

 

အမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။

 

 

ပုံမှန်ဆိုလျှင် စုကျီဆွေ့သည် စိတ်လှုပ်ရှားပြီး မူးနောက်နေသည့် အခြေအနေ၌ သတင်းကြည့်နေကျ ဖြစ်သည်။

 

 

စိတ်လှုပ်ရှားရခြင်းမှာ သူ့အရှေ့မှ လူများသည် သူ့အား လှည့်ကြည့်မည်ကို ကြောက်၍ ဖြစ်သည်။ မူးနောက်ရခြင်းမှာ သတင်းက သူ့အား အိပ်ချင်စိတ်ဖြစ်ရန် ပြုလုပ်နေသောကြောင့် ဖြစ်၏။

 

 

သို့သော် ထိုစာကြောင်းကို ကြားလိုက်ရချိန်တွင် အံ့ဩမှင်သက်မိသည်။

 

 

“ဂျူလိုင်လ ၆ရက်နေ့ နေ့လည်ခင်းမှာ ကျန့်ဆိုတဲ့ လူငယ်တစ်ဦးက သူ့ရဲ့ အွန်လိုင်းပေါ်က မိတ်ဆွေဝမ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျန့်ရဲ့ လူကြောက်စိတ်ကြောင့် သူက ဆိုရှယ်မီဒီယာပေါ်မှာပဲ တက်တက်ကြွကြွ မြင်ရလေ့ရှိပြီး ပြင်ပဘဝက ဝမ်ရဲ့ သူငယ်ချင်းတွေ့ဆုံပွဲကိုတော့ အချိန်မီလာရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ် ။ ထိုအကြောင်းအရာတွေကြောင့်ပဲ နားလည်မှုတွေ လွဲကြပြီး မလိုအပ်တဲ့ ခိုက်ရန်ဖြစ်ပွါးမှုတွေအထိ ဖြစ်သွားခဲ့ပါတယ်”

 

 

စုကျီဆွေ့သည် တအံ့တဩဖြစ်ကာ ဖန်သားပြင်အား စိုက်ကြည့်နေသည်။

 

 

အကယ်လို့ လူကြောက်တဲ့စိတ်ရှိတဲ့လူတွေက အွန်လိုင်းက သူငယ်ချင်းတွေနဲ့ ဆုံခဲ့ရင် သူတို့က အရိုက်ခံရတာလား??

 

 

 

သူသည် အန်ကယ်ပရီယဒ်အကြောင်းကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။

 

 

 

ကုယီလန်သည် သူ့ကိုကူညီ၍ ထိုလူကို blockပေးခြင်းက ကျေးဇူးတင်စရာကောင်းပေသည်။

 

 

သို့မဟုတ်ပါက သူလည်း တချိန်ချိန်၌ အရိုက်ခံရကောင်း ခံရနိုင်သည်။

 

 

 

စုကျီဆွေ့သည် ကုယီလန်ကို ကျေးဇူးတင်စိတ်ဖြင့် တိတ်တခိုးလှမ်းကြည့်သည်။ ကုယီလန်နှင့် အတူရှိနေရသည်မှာ သူ့ကိုပျော်ရွှင်ပြီး စိတ်လုံခြုံမှုအား ပေးစွမ်းနိုင်သည်။ ထို့အပြင် သူ့ကို ရူပဗေဒပုစ္ဆာများကို မျက်နှာချင်းဆိုင်ထိုင်ပြီး ရှင်းပြပေးခြင်းကို ကြားရနိုင်ပြီး အဆင့်မြင့်လက်တွေ့ခန်းများကိုလည်း အလကား အသုံးပြုနိုင်သည့်အတွက် အလွန်တရာမှ ကောင်းလှပေသည်။

 

 

 

ကျန်ရှိနေသေးသည့် ငါးရက်အတွင်း အပြင်းအထန်ကြိုးစားပြီး သူ့ကို အနိုင်ယူနိုင်ရမည်။

 

 

 

စုကျီဆွေ့သည် သူ၏ ဖြူစွတ်စွတ်လက်ကို ကျစ်ကျစ်ပါသည်အထိ ဆုပ်ထားသည်။ ကြက်ပေါက်လေးကဲ့သို့ ခေါင်းတညိမ့်ညိမ့်လုပ်ပြီး မျက်လုံးအဝိုင်းသားဖြင့် သူ၏ လျှို့ဝှက်ချက်ကို မည်သို့ပြောပြရမည်ကို စဉ်းစားတွေးတောနေသည်။ သူပြောရမည့်လျှို့ဝှက်ချက်များကို ပြန်လည်ရှာဖွေသောအခါ အတိတ်က အမှတ်တရများကို ရှောင်လွဲ၍ မရနိုင်တော့ပေ။

 

 

 

သူအချိန်ကာလ မကူးလာခင်က အမှတ်တရ အပိုင်းအစများအား စဥ်းစားလျက် ထိုအချိန်များထံ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည် ။ တချို့အမှတ်တရများသည် ပျော်စရာကောင်းသကဲ့သို့ တချို့သည် ကြေကွဲဝမ်းနည်းစရာကောင်းပေသည်။ ထို့ကြောင့် အမှတ်တရများသည် အနိမ့်အမြင့်အတက်အကျများဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။ သူ၏ မျက်ဝန်းများက ဂဏာမငြိမ်ဖြစ်လာပြီး မှိုင်တွေတွေပုံပေါက်လာသည်။

 

 

 

 

အမှတ်တရများကြား နစ်မွန်းနေလျက် အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့သည်။

 

 

 

နောက်ဆုံးတွင် အမှတ်တရများသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး အမှောင်အတိကျသွားသည်။ စုကျီဆွေ့သည် ထိုအရာကို မတွေးမိစေရန် သူ့ကိုယ်သူ သတိပေးလိုက်သည်။ သူ၏ ပြိုင်ပွဲအတွက် လေ့ကျင့်သည့် စာအုပ်များကို ထမင်းစားပွဲထံယူလာကာ ကုယီလန်ကို မေးခွန်းများမေးနေမိသည်။

 

 

 

သို့သော် သူ ထိုနေရာ၌ ရပ်နေစဥ်တွင်  ကုယီလန်သည် ဟန့်တားရန် လက်ကိုထောင်ပြပြီး အေးတိအေးစက်လေသံဖြင့် ပြောသည်။

 

 

“ခဏလေး”

 

 

သူက အမိန့်ပေးလိုက်သည်နှင့် စုကျီဆွေ့က ချက်ချင်းနေရာတွင် ပြန်ထိုင်သည်။

 

 

 

သူသည် အရှေ့တွင်ရှိနေသော အစေခံများ မတ်တပ်ထရပ်ပြီး တီဗီကို သန့်ရှင်းရေးပြုလုပ်နေကြသည်ကို ကြည့်နေမိသည်။ ချက်ချင်းဆိုသလို ကောင်လေးက သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။

 

 

 

သူလက်ဖဝါးများ၏နောက်ကွယ်က မှောင်မဲမဲအခြေအနေတွင် သူ၏ အတွေးများသည် တစ်ဖန်ပြန်ပြီး အမှတ်တရများထံ ပြန်လည်ရောက်ရှိသွားသည်။ သူပထမဆုံး ကူးပြောင်းလာချိန်က မေ့နေခဲ့သော အရာများသည် ဖြတ်ခနဲပြန်ပေါ်လာသည်။

 

 

 

“ကိုယ့်ကိုအဲ့စာအုပ်ပေး”

 

 

ခပ်ဩဩနှင့် အကျွမ်းတဝင်ရှိသော အသံကို ကြားရမှ စုကျီဆွေ့သည် သူ့လက်ကိုဖယ်လိုက်ရာ နီမြန်းနေသော မျက်ဝန်းတစ်စုံကို မြင်ရသည်။ အမှတ်တရများသည် သူ့အပေါ် အလွန်လွှမ်းမိုးထားပြီး လွတ်မြောက်ရန် ခဲယဉ်းပေသည်။

 

 

 

သို့သော် သူမျက်လုံးဖွင့်လိုက်ချိန်တွင် ထိုအမှတ်တရများသည် သဲလွန်စတစ်စုံတရာမကျန်ဘဲ အကုန်ပျောက်ကွယ်သွားတော့သည်။

 

 

 

ထိုအမှတ်တရများနှင့် အတူ သူ၏ စိတ်ခံစားချက်များကလည်း လွင့်မျောသွားပုံရသည်။ သူ၏ အကြည့်များသည် ရီဝေဝေ ဖြစ်နေသည်။

 

 

 

ကုယီလန်၏ ကြီးမားသည့်လက်သည် သူ့ရှေ့သို့ ရောက်လာသောအခါ သတိပြန်လည်လာပြီး စာအုပ်ကို သူ့လက်ထဲထည့်ပေးလိုက်သည်။

 

 

ကုယီလန်၌ လှပသော လက်ချောင်းလေးများရှိသည်။ သူ၏ လက်ချောင်းလေးများသည် ရှည်လျားသွယ်လျပြီး အရေပြားအောက်ရှိသွေးကြောလေးများကို အတိုင်းသားမြင်နေရသည်။ သူသည် စုကျီဆွေ့၏ ယုန်ရုပ်ဘောပင်ကို လက်ကကိုင်ထားပြီး အကြမ်းစာရွက်ပေါ်တွင် ဖော်မြူလာများ ချရေးနေသည်။

 

 

 

သာယာနာပျော်ဖွယ်ကောင်းသော အသံတိုးတိုးလေးဖြင့် သူအသိချင်ဆုံးသော ရူပဗေဒပုစ္ဆာများကို ရှင်းပြနေသည်။

 

 

 

သို့သော် ဤတစ်ကြိမ်တွင် သူ့အာရုံများ လွတ်ထွက်သွားသည်ကို သတိထားမိသည်။

 

 

ရုတ်တရက်ဆိုသလို အကြံကောင်းတစ်ခုကို သူတွေးမိလိုက်သည်။ သူ၏ လျှို့ဝှက်ချက်များထဲမှ တစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ပြနိုင်မည့်နည်းလမ်းဖြစ်သည်။ 

 

 

ထိုနည်းလမ်းသည် အလွန်ပြည့်စုံသည်။ သူသည် ထိုအကြောင်းကို မတွေးဘဲမနေနိုင်သည်အထိ စိတ်လှုပ်ရှား နေမိသည်။

 

 

 

ယခုချိန်တွင် ကုယီလန်အား လက်ထပ်နိုင်ရန်ကား ပထမဦးစားပေးအရာဖြစ်သည်။ သူ မြတ်နိုးသော ရူပဗေဒပြိုင်ပွဲပင် ထိုအရာလောက် အရေးမကြီးတော့ပေ။

 

 

 

“မင်း နားမလည်တာ တစ်ခုခုရှိသေးလား”

 

 

ကုယီလန်သည် ဘောပင်ကိုလှည့်လျက် သူ့ကိုမေးသည်။

 

 

 

“အတွက်အချက်ပိုင်း….”

 

 

စုကျီဆွေ့သည် ယခု သူရှင်းပြနေသော အရာများအား တစ်လုံးပင် မမှတ်မိလိုက်ပေ။ သူသည် သေသေချာချာ လိုက်နားထောင်ချင်ယောင်ဆောင်ပြီး စိတ်ထဲမှ “အမြဲမှားတယ်”ဟု မသိမသာ ရေရွတ်နေမိသည်။

 

 

 

ကုယီလန်သည် သူ့ရှေ့တွင်ရှိနေသော algebraic သက်သေပြရမည့် ပုစ္ဆာကို လှမ်းကြည့်ပြီး ခေတ္တမျှ အသံတိတ်သွားသည်။

 

 

 

“အတွက်အချက်မှားတယ်ဆိုတာက မင်းက ပုစ္ဆာဖြေရှင်းတာနဲ့ အသားမကျသေးလို့ ဖြစ်တာများတယ်။ လူသားရဲ့ ဦးနှောက်မှာ အကန့်အသတ်ရှိတယ်လေ။ မင်းက နည်းလမ်းကို အသည်းအသန်စဉ်းစားနေချိန်မှာ တကယ့်တွက်ချက်မှုအပိုင်းကို အာရုံမစိုက်မိသလို ဖြစ်သွားရတာ”

 

 

 

ယောင်ဝါးဝါးဖြစ်နေသော စုကျီဆွေ့နှင့် သေချာပေါက် သက်ဆိုင်သည်။

 

 

ကုယီလန်သည် သူ့ကို စာအုပ်ပြန်ပေးရင်း ညင်ညင်သာသာပြောသည်။

 

 

“မင်း အတွက်ပိုင်းတွေကို သီးသီးသန့်သန့် လေ့ကျင့်ဖို့ မလိုဘူး။ ပုစ္ဆာသာ များများကြည့်”

 

 

 

စုကျီဆွေ့က စာအုပ်ကို ပိုက်ထားလျက် ကုယီလန်ကို လှမ်းကြည့်သည်။

 

 

“မနက်ဖြန်ဆို မင်း ထွက်ပြေးဖို့ နောက်ဆုံးအခွင့်အရေးပဲ”

 

 

ကုယီလန်သည် သူ့တစ်မျက်နှာလုံးကို စေ့စေ့စိုက်စိုက်ကြည့်ပြီး ပြောလိုက်သည်။

 

 

“ပြန်သွားတော့လေ”

 

 

 

ထိုစကားကိုကြားရချိန် စုကျီဆွေ့သည် နောက်သို့ပြန်လှည့်ပြီး လှေကားပေါ်ပြေးတက်သွားသည်။ သူ၏ အကြံကောင်းများအားလုံးကို ချရေးရမည်။

 

 

 

သူ၏ စိတ်အတွင်းဝယ် အကြံကောင်းများ ပြည့်နှက်နေသဖြင့် သူ၏ နောက်ကျောကို စိုက်ကြည့်နေသော ကုယီလန်၏ အကြည့်စူးစူးကို သတိမထားမိပေ။ သူသည် လှေကားအကွယ်နားသို့ ရောက်နေသည့်တိုင်အောင် ကုယီလန်က စိုက်ကြည့်နေမိသည်။

 

 

 

“သခင်လေးက ဖိအားဒဏ်တွေကို တုံ့ပြန်ရမှာ ကြောက်တတ်တာလား။ သူက တစ်ညနေလုံး စိတ်နဲ့ ကိုယ်မကပ်နေဘူး” အိမ်တော်ထိန်းက သခင်လေးအား မနေနိုင်ဘဲ ပြောမိသည်။

 

 

 

တီဗီအစီအစဉ်မစမီ သူသည် လှေကားခြေရင်းတွင် ထိုင်ကာ စုကျီဆွေ့၏ ဖြစ်စဉ်ကို တစ်ချိန်လုံး အကဲခတ်နေသည်။ စုကျီဆွေ့ကို တုန်လှုပ်စေသော အရာသည် သတင်းမဟုတ်ဘဲ ဧည့်ခန်းအတွင်း လူအပြည့်ရှိနေခြင်းကြောင့်ဟု သူနားလည်လိုက်သည်။

 

 

 

သခင်လေးသည် အမှန်တကယ် လူကြောက်တတ်သည်ဆိုသော အချက်က သိသိသာသာ ပေါ်လွင်နေသည်။ သူသည် သူတစ်ပါး ဒုက္ခရောက်ခြင်းအပေါ် သာယာသူဟု သတ်မှတ်ခဲ့ခြင်းမှာ နားလည်မှုလွဲခြင်းဖြစ်ကြောင်း ထင်ထင်ရှားရှားသိလာခဲ့သည်။

 

 

 

“သခင်လေးကု….သခင်လေးက သူ့ကိုယ်သူ ထိန်းချုပ်ခံရလိမ့်မယ်ဆိုတာ မယုံတာလား ဒါမှမဟုတ် ဂရုမစိုက်တာလား… ဘယ်လိုထင်လဲဟင်”

 

 

အိမ်တော်ထိန်းသည်  ကုယီလန်ကို မေးသည်။

 

 

 

ထိုအဓိပ္ပါယ်နှစ်ခုသည် ဆင်တူသော်ငြား လုံးဝကွဲပြားခြားနားမှု တစ်ခုရှိသည်။ ပထမတစ်ခုသည် စုကျီဆွေ့က ဂရုစိုက်သော်လည်း တစ်ဖက်လူက ထိုသို့ပြူမူမည်ဆိုသည်ကို မယုံသောကြောင့် ဖြစ်သည်။ ကျန်တစ်ခုသည် စုကျီဆွေ့က လုံးဝဂရုမစိုက်သည့် သဘောဖြစ်သည်။

 

 

 

ကုယီလန်သည် ကောင်လေး မနေ့ကပို့သည့် စာများကို ပြန်စဉ်းစားနေမိသည်။

 

 

[ငါ သူ့ရဲ့ ထိန်းချုပ်မှုဆေးတွေကို သောက်ခဲ့တယ်]

 

 

သူသည် အချိန်အတော်ကြာ အသံတိတ်ပြီးမှ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောသည်။

 

 

“သူ သဘောကျပါတယ်”

 

 

“ဘယ်လို”

 

 

အိမ်တော်ထိန်းသည် အလန့်တကြား ထအော်မိသည်။ ထို့နောက် သူ့ကိုယ်သူ မနည်းကိုယ်ရှိန်သတ်ရသည်။

 

 

 

ကုယီလန်၏ မှတ်ချက်ကြောင့် သူ့စိတ်ထဲတွင်ရှိသော တစ်ပိုင်းတစ်စ အတွေးများသည် အဓိပ္ပါယ်ရှိသည်ဟု ရုတ်တရက်တွေးမိလာသည်။

 

 

 

ဒါဆို သခင်လေးက ဘာလို့ တချို့အချိန်တွေမှာ သူများဒုက္ခရောက်တာကို ကြည့်ပြီး သာယာတဲ့လူ ပုံစံဖြစ်နေတာလဲ? တခြားသူတွေရှေ့မှာဆို သူမဟုတ်သလိုပဲ ဘာလို့ ပြုမူရတာလဲ?

 

 

 

အဘယ်ကြောင့်ဆိုသော် သူသည် လူများကို ကြောက်တတ်သောကြောင့်ဖြစ်သည်။

 

 

 

အမိန့်ပေးသော ထိန်းချုပ်မှုပုံစံသည် သူ့အား လူအများစုနှင့် ထိတွေ့ဆက်ဆံခြင်းမှ ကန့်သတ်ထားသဖြင့် သူသဘောကျရခြင်းဖြစ်သည်။ သို့သော် သူ့ကို လူအများအပြားနှင့် ထိတွေ့ဆက်ဆံခိုင်းသည့် ထိန်းချုပ်မှုပုံစံသည် သူ့အား ထိတ်လန့်စေသည်။

 

 

အိမ်တော်ထိန်းက တွေဝေတုံ့ဆိုင်းနေသည်။

 

 

“ဒါပေမဲ့ ဒီလောက်ကြီးကျ မလွန်ဘူးလား။ သခင်လေးပုံစံကြည့်ရတာ တကယ်ကို ကြောက်လန့်နေပုံပဲ”

 

 

 

ကုယီလန်သည် ထိုင်ခုံ၌ ထိုင်နေလျက် စုကျီဆွေ့ပျောက်ကွယ်သွားသည့် လှေကားထောင့်နားသို့ ကြည့်ရန် သူ့ခေါင်းကို လှည့်လိုက်သည်။ ခေတ္တအကြာတွင် သူ့ထံမှ အသံထွက်လာသည်။

 

 

“ကဲ သွားကြစို့”

 

 

ကောင်လေး၏ အသားရည်သည် ဖြူဖျော့သောကြောင့် ဒဏ်ရာအပြင်းအထန်ရသည့်ပုံစံပေါ်နေသည်။ အမှန်တကယ်တွင် သူ၏ ဒူးဒဏ်ရာသည် အလွန်အခြေအနေမဆိုးပေ။ သုံးရက်ကြာ ကုသပြီးနောက် ဒူးဒဏ်ရာများ အရှင်းပျောက်ခဲ့ရသည်။

 

 

 

ထို့ကြောင့် ဤညတွင် ကုယီလန် သူ့အနားသို့ ထပ်လာစရာမလိုတော့ပေ။

 

 

 

သူသည် စာကြည့်ခန်းတွင် ထိုင်နေပြီး သူ၏ လက်ချောင်းများက စားပွဲကို ခပ်ဖွဖွလေး ခေါက်နေသည်။ စောင့်နေစဉ်အတွင်းတွင် အိမ်တော်ထိန်းသည် ပျောက်ဆုံးနေသော စာရွက်စာတမ်းကို အသည်းအသန်ရှာဖွေနေသည်ကို ကုယီလန် သတိထားမိပြီး စိတ်ထဲ စိုးရိမ်ပူပန်လာမိသည်။

 

 

 

ထိုအချိန်တွင် ကုယီလန်သည် သူ၏ဖုန်းကို ဖွင့်လိုက်သည်။

 

 

သူသည် စုကျီဆွေ့၏ အကောင့်တွင် ရှိနေသော မပြုပြင်မစစ်ထုတ်ရသေးသော ပို့စ်ကို မြင်လိုက်ရသည့် အချိန်မှစပြီး ကောင်လေး၏ WeChatအကောင့်ကို စိတ်ဝင်တစားရှိလာသည်။

 

 

 

သူသည် ကောင်လေး၏ ပရိုဖိုင်ထဲဝင်ပြီး လှန်လှောကြည့်နေမိသည်။

 

 

 

လွန်ခဲ့သော ဆယ်မိနစ်ခန့်က စုကျီဆွေ့သည် စာချည်းသက်သက်ပါဝင်သော ပို့စ်တစ်ခုကို တင်ခဲ့သည်။

 

 

[တောင်းပန်ပါတယ်။ ငါမပြောနိုင်တာ မဟုတ်ပါဘူး။ ငါကြောက်နေလို့ပါ]

 

 

 

“အာ.. ဟုတ်ပြီ အခုမှပဲ သတိရတော့တယ်။ဒါက ဒီနေရာမှာ တစ်ချိန်လုံးရှိနေတာပဲ။ သခင်လေးကု…”

 

 

အိမ်တော်ထိန်း၏ အသံသည် စကားမဆုံးမီတွင်ပင် တစ်ဝက်တစ်ပျက်နှင့် ရပ်သွားသည်။

 

 

“ဘာဖြစ်လို့လဲ”

 

 

ကုယီလန်၏ မျက်မှောင်ကြုံ့နေသည့်ပုံစံကိုမြင်ပြီး တစ်ခုခုက လွဲနေပြီဆိုသည်ကို အိမ်တော်ထိန်း အလိုလိုသိလိုက်ရသည်။

 

 

 

ကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေ ကျသွားလို့များလား?

 

 

တက္ကသိုလ် Aကို သူ့ပြိုင်ဘက် တက္ကသိုလ် Bက ကျော်တက်သွားလို့လား?

 

 

ကုယီလန်သည် တစ်ခုခုကို အပြင်းအထန်  စဉ်းစားနေသည်။ ထို့နောက် သူ့ဖုန်းကို စားပွဲပေါ်သို့ ချလိုက်သောအခါ “ဝုန်း”ခနဲဟူသော အသံပင် မြည်သွားခဲ့သည်။ သူ၏ အသံသည် အသက်မဲ့နေသည်။

 

 

“သူက ဒါကိုတင်ခဲ့တာပဲ”

 

 

 

“သူဆိုတာ ဘယ်သူလဲ”

 

 

အိမ်တော်ထိန်းက အနောက်သို့မှီထားပြီး ရုတ်တရက် ထိတ်လန့်မှုကြောင့် ဖြူဖပ်ဖြူရော်ဖြစ်လာသည်။ 

 

 

“ဒါ..ဒါ သခင်လေးစု…သူရော အဆင်ပြေပါ့မလား။ သူ စိတ်ဖောက်ပြန်တာတော့ မဟုတ်ပါဘူးနော်”

 

 

ထိုစာကြောင်းကို ဖတ်လိုက်ရုံဖြင့် အကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး နီမြန်းသောမျက်ဝန်းတစ်စုံဖြင့် တုန်တုန်ရီရီ စကားပြောနေမည့် သခင်လေးစု၏ ပုံစံကို မျက်လုံးထဲ မြင်ယောင်လာသည်။ သူ့ပုံစံသည် အနိုင်ကျင့်စော်ကားခံရသောသူသည် ခေါင်မိုးပေါ်မှ ခုန်ချရန် ကြိုးစားနေသည့်အတိုင်း ဖြစ်နေမည်ကို မြင်ယောင်လာသည်။ ထိုသို့တွေးလိုက်ရုံဖြင့် စိတ်ထဲ နာကျင်ရသည်။

 

 

 

 

“တစ်ညနေခင်းလုံး သူ စိတ်နဲ့ကိုယ်နဲ့ မကပ်နေတာ မထူးဆန်းတော့ပါဘူး။ လူကြောက်တတ်တဲ့ လူကို အနိုင်ကျင့်ကြတဲ့ သတင်းကို သူကြားလိုက်ရတဲ့အပြင် သူ့ကိုလူကြားထဲမှာ အတင်းနေခိုင်းခဲ့တယ်လေ။ ငါတို့ သူ့ကို အနိုင်ကျင့်သလိုများ ဖြစ်သွားတာလား”

 

 

 

အိမ်တော်ထိန်းက ဂဏာမငြိမ်ဖြစ်လာသည်။

 

 

“သူ့ကိုသွားပြီး နှစ်သိမ့်လိုက်ရမလား”

 

 

ကုယီလန်သည် ကောင်လေး၏ မျက်စိထောင့်တွင်ရှိသော အနီရောင်ခပ်ရင့်ရင့်ကို ပြန်မြင်ယောင်လာမိသည်။ သူသည် ခံစားချက်မဲ့နေသည့်မျက်နှာအမူအရာဖြင့် သူ့ဘေး၌ ရှိသော အိမ်တော်ထိန်းကို တစ်ချက်လှမ်းကြည့်သည်။

 

 

ထို့နောက် လေသံအေးအေးဖြင့် မေးသည်။ “ကျွန်တော်လား”

 

 

 

အိမ်တော်ထိန်းသည် ထိတ်လန့်နေသော သူ့သူဌေးကို လှမ်းကြည့်မိသည်။ ကလေးများကို မျက်ရည်ထွက်သည်အထိ ခြောက်လှန့်သော သူဌေး၏ အကြောင်းမှာ ဟိုးလေးတကျော်ဖြစ်သည်။

 

 

 

ဤကိစ္စမှာ အဓိက တရားခံသည် သခင်လေးကုဖြစ်သည်။ သခင်လေးကုသည် သခင်လေးစုနှင့် ခပ်ဝေးဝေး၌ နေရန် လိုအပ်နေသည်။ နောက်ထပ် မည်သည့်ဆက်သွယ်မှုမဆို ထိုသူ့အား စိတ်ဒဏ်ရာပေးနေသကဲ့သို့ ဖြစ်နေလိမ့််မည်။

 

 

 

“အရမ်းကြီးမစိုးရိမ်ပါနဲ့ဦး သခင်လေးကု။ ကျွန်တော် အခြေအနေကို တစ်ချက်သွားကြည့်လိုက်ပါဦးမယ်”

 

 

အိမ်တော်ထိန်းက သူ့ဖုန်းကို ထုတ်လိုက်သည်။

 

 

သူသည် စုကျီဆွေ့၏ WeChatအသစ်ကို Addထားခဲ့သည်။ ဟိုဟိုသည်သည် လှန်လှောကြည့်ပြီးနောက် သူ့မျက်နှာ မအီမသာဖြစ်လာသည်။

 

 

“သခင်လေးကု”

 

 

ကုယီလန်သည် သူ့ကို ဆတ်ခနဲ လှမ်းကြည့်သည်။

 

 

“သခင်လေးစုက ကျွန်တော့်ကို ဘလော့လိုက်ပုံပဲ”

 

 

….

 

 

သူ့ သူဌေး မယုံမည်ကို စိုးရိမ်သဖြင့် သူ့ဖုန်းကို ကုယီလန် မြင်စေရန် ပြလိုက်သည်။ အိမ်တော်ထိန်း၏ ဖုန်းမျက်နှာပြင်တွင် မြင်ရသည့် တစ်ခုတည်းသောပို့စ်သည် စုကျီဆွေ့ မနေ့ကတင်ခဲ့သော “like” ဟု ရေးထားသည့် ပို့စ်ဖြစ်သည်။

 

 

 

ပို့စ်အသစ်ဖြစ်သော [တောင်းပန်ပါတယ်]ဟူသောပို့စ်ကို မမြင်ရပေ။

 

 

 

“ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

 

 

အိမ်တော်ထိန်းသည် စိုးရိမ်ပူပန်သည့်လေသံဖြင့် မေးသည်။

 

 

“သခင်လေးစု သူ့ကိုယ်သူ ထိခိုက်အောင်တော့ မလုပ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား”

 

 

ကုယီလန် ခေါင်းကိုက်လာခဲ့သည်။ သူ၏ မျက်ဝန်းနက်များကို မှိတ်ထားပြီး နှုတ်ခမ်းပါးလေးများကို ခပ်တင်းတင်းစေ့ထားသည်။

 

 

 

ထိုအချိန်၌ အိပ်ခန်းတွင် စုကျီစွေ့သည် အိပ်ယာပေါ်လှဲနေပြီး စိတ်ထဲမကျေမချမ်းဖြစ်နေသည်။ သူ၏ ဖုန်းကို ဘေးတွင်ထား၍ ပြိုင်ပွဲအတွက် ပြင်ဆင်သည့်စာအုပ်ကို ဟိုဟိုသည်သည် လှန်လှောနေသည်။

 

 

 

အဘယ်ကြောင့်ဆိုသော် စာအုပ်ထဲတွင် စာကြောင်းများကို ကျော်ပြီး ရှင်းပြထားသကဲ့သို့ မဟုတ်ဘဲ ကုယီလန်သည် ဖြေရှင်းချက်ကို တစ်ဆင့်ပြီးတစ်ဆင့် အကြမ်းစာရွက်၌ ချရေးပေးထားသည်။ ထို့ကြောင့် ကုယီလန် ရှင်းပြနေချိန်က အာရုံမစိုက်ခဲ့သော်လည်း အခုပြန်ဖတ်ကြည့်ချိန်တွင် စာများကို သဘောပေါက်နားလည်လာသည်။

 

 

 

ထူးထူးခြားခြား သူ့ဖုန်းကို ဘေးတွင် ထားပြီး စာကြည့်နေသည်။ အဘယ်ကြောင့်ဆိုသော် ပွင့်ပွင့်လင်းလင်းပြောပြရန် ခဲယဉ်းသော အရာဖြစ်သည့် လျှို့ဝှက်ချက်အကြောင်း စဉ်းစားမိသောကြောင့် ဖြစ်သည်။

 

 

 

Ahoo၌ ရှာဖွေပြီးနောက် WeChat၏ privacy settingsသည် မည်သို့ အလုပ်လုပ်သည်ကို သိခဲ့ရသည်။ ထို့ကြောင့် သူသည် ကုယီလန်တစ်ဦးတည်းသာ မြင်နိုင်မည့်အရာကို ပို့စ်တင်ခဲ့သည်။

 

 

 

သူရေးခဲ့သော စာကြောင်းသည် လူတစ်ယောက်၏ အာရုံကို ဖမ်းစားနိုင်သည်အထိ ဆန်းကြယ်သည်ဟု ထင်ထားခဲ့သည်။ ထိုလူသည် သူ ဆိုလိုချင်သည့်အရာကို သိရန် စိတ်ထဲ မရိုးမရွဖြစ်နေလိမ့်မည်ဟု သူစိတ်ကူးယဉ်ထားခဲ့သည်။

 

 

 

သူထင်ထားသည့်အတိုင်းပင် ပုစ္ဆာတစ်ပုဒ်အဖြေမရမီ သူ့ဖုန်းက နှစ်ကြိမ်တိုင်တိုင်မြည်လာခဲ့သည်။

 

 

 

စုကျီဆွေ့သည် ဘောပင်ကိုပစ်ချပြီး  ဖုန်းကို အလောတကြီးကောက်ကိုင်သည်။

 

 

[Ahooက သူစိမ်းထံမှ private မက်ဆေ့ချ်- မင်းဘာလို့ ငါ့ကို ဘလော့လိုက်တာလဲ]

 

 

[ငါ့ကို ပြန်addပေး]

 

 

ဟမ်?