အခန်း (၂၀) ထိန်းချုပ်မှုများအောက်မှ အစီအစဉ်တကျ ထွက်ပြေးခြင်း။
စုကျီဆွေ့သည် အန်ကယ်ပရီယဒ်ထံမှ မက်ဆေ့ချ်ကို စိုက်ကြည့်နေပြီး လက်ကို မြှောက်လိုက်၊ ချလိုက်၊ ပြန်မြှောက်လိုက်နှင့် ဖြစ်နေသည်။ သို့သော် နောက်ဆုံးတွင် တစ်စုံတစ်ယောက်၏ မက်ဆေ့ချ်ကို လျစ်လျူရှုထားနိုင်စွမ်းမရှိပေ။
[User1947296: မဟုတ်ဘူး]
[。: စိတ်အခြေအနေမကောင်းလို့လား]
စုကျီဆွေ့သည် Ahoo မှ ထွက်ပြီး WeChat ကို စစ်ဆေးကြည့်သည်။ ကုယီလန်ထံမှ မက်ဆေ့ချ်မတွေ့ရသည့်အခါ သူ နှုတ်ခမ်းကို အနည်းငယ်စူလိုက်ပြီး စိတ်မပါလက်မပါဖြင့် Ahoo သို့ ပြန်လာကာ အန်ကယ်ပရီယဒ်ကို စကားအနည်းငယ် ပြန်ပြောလိုက်သည်။
[User1947296: ဟုတ်တယ်။]
[。: ဘာဖြစ်လို့လဲ။]
သူ့စေ့စပ်ထားသူက မက်ဆေ့ချ်မပို့သောကြောင့်ဟု ထိုသူအား မပြောပြချင်ပေ။ ထိုသူက “မင်းတို့နှစ်ယောက် ဘယ်တော့မှ လက်ထပ်ရမှာ မဟုတ်ဘူး” ကဲ့သို့ ပြောလာလိမ့်မည်ဟု သူတွေးမိသည်။
သူသည် ထိုအကြောင်းအရာကို အချိန်အတန်ကြာ တွေးတောနေခဲ့သည်။ သူ့လျှို့ဝှက်ချက်လေးကို ကုယီလန်နှင့် မျှဝေချင်သော်လည်း အချိန်အခါကောင်းကို မတွေ့နိုင်ခဲ့ပေ။
[User1947296: ဘာကြောင့်လဲဆိုတော့ ကျွန်တော်မပျော်နေလို့ ]
စုကျီဆွေ့ စိတ်မပါ့တပါဖြင့်သာ ဆက်လက်ပြန်ဖြေနေခဲ့သည်။
[。: (လင့်ခ်) – သင့်ရဲ့ စိတ်ခံစားချက် ကောင်းမွန်အောင် လုပ်ဆောင်နည်း ငါးမျိုး]
စုကျီဆွေ့ ထိုလင့်ခ်ကို မနှိပ်ခဲ့ပေ။ သူသည် နိုင်ငံတော် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး အက်ပ်ကို ဒေါင်းလုဒ်လုပ်ထားပြီးသား ဖြစ်သည်။ သူနှိပ်လိုက်ပါက ဘဏ်အကောင့် စကားဝှက်ကို တောင်းခံသည့် စာမျက်နှာသို့ ရောက်သွားမည်ကို စိုးရိမ်ခဲ့သည်။
သို့ရာတွင် တစ်ဖက်လူမှာမူ ပုံမှန်မဟုတ်စွာနှင့် အလွန်ဇွဲရှိနေခဲ့သည်။
[。: ဒါဆိုရင် ဘယ်လိုလုပ်မှ စိတ်သက်သာရာရမလဲ။]
စုကျီဆွေ့ ခေတ္တမျှ စဉ်းစားလိုက်ပြီး သူ၏ အကြည့်တို့သည် ထိန်းချုပ်မရစွာဖြင့် သူ့ရှေ့တွင် ဖွင့်ထားသော ပြိုင်ပွဲပြင်ဆင်ရေးစာအုပ်ထံသို့ အလိုလို ရောက်ရှိသွားတော့သည်။
[User1947296: (ပုံ)(ပုံ)(ပုံ)(ပုံ)(ပုံ)]
သိပ္ပံပညာ လေ့လာသင်ယူသူ ကျောင်းသားများတွင် အကျင့်တစ်ခု ရှိသည်။ ၎င်းမှာ ပြဿနာတစ်ခုကို မဖြေရှင်းတတ်ပါလျှင် ဘေးဖယ်ထားပြီး အိပ်ရာမဝင်မီ ပြန်စဉ်းစားခြင်းပင် ဖြစ်သည်။ တစ်ခါတစ်ရံတွင် မမျှော်လင့်ဘဲ စိတ်ကူးများ ရုတ်တရက် ပေါ်လာပြီး ထိုပြဿနာကို ဖြေရှင်းနိုင်သည်။
သို့သော် ပြိုင်ပွဲဆိုင်ရာ ပြဿနာများသည် အခြားအဆင့်တစ်ခုတွင် ရှိသည်။
စုကျီဆွေ့ ဘေးဖယ်ထားသည့် ပြဿနာများမှာ ဆယ်ပုဒ်ကျော်အထိ စုပုံနေခဲ့ပြီး သူသည် မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
ညဘက်တွင် ကုယီလန်က သူ့ကို ကူညီပေးခဲ့သည့် ပြဿနာအနည်းငယ်မှာ ပင်လယ်ရေတစ်ပေါက်စာမျှသာ ဖြစ်သည်။
ရိုးရိုးသားသားပြောရလျှင် စုကျီဆွေ့သည် ကုယီလန်မှလွဲ၍ အခြားမည်သူနှင့်မျှ စကားပြောချင်စိတ်မရှိခဲ့ပေ။
အပြင်ပန်းဆက်ဆံရေး ကောင်းမွန်သူများ/လူပေါင်းဆန့်သူများ (Extroverts) အတွက် လူမှုဆက်ဆံရေးသည် အင်အားပြန်လည်ဖြည့်တင်းသည့် နည်းလမ်းဖြစ်သည်။ သို့သော် စုကျီဆွေ့အတွက်မူ ဆန့်ကျင်ဘက်ဖြစ်ပြီး လူအများနှင့် ဆက်ဆံခြင်းက သူ့အားအင်ကို ကုန်ဆုံးစေသည်။ ပြန်လည်နာလန်ထူနိုင်ရန် ပြိုင်ပွဲပြဿနာများစွာကို ဖြေရှင်းရလေ့ရှိသည်။
နှင်း၊ ကြယ်နှင့် လတို့အကြောင်း၊ သို့မဟုတ် ကဗျာမှ ဒဿနိကဗေဒအထိ အရာအားလုံးကို ပြောဆိုဆွေးနွေးနေမည့်အစား အခြားသူက သူ့အား ပြဿနာအနည်းငယ်ကို ဖြေရှင်းနည်း သင်ပေးပါလျှင် ပိုကောင်းပေလိမ့်မည်။
သူသည် အန်ကယ်ပရီယဒ် ထိတ်ထိတ်ဖျာဖျာဖြစ်သွားအောင် ပုံများကို ဆက်တိုက် ပို့လိုက်သည်။
သို့သော် သူ အံ့သြရလောက်အောင် ထိုသူသည် အမှန်တကယ်တွင် အကူအညီပေးချင်စိတ် ရှားရှားပါးပါး ပေါ်နေပြီး ပိုမိုအသေးစိတ်၍ ဆန်းသစ်သော ဖြေရှင်းနည်းများကိုပင် ပြန်ပို့ပေးခဲ့သည်။ ၎င်းအဆင့်များအားလုံးကို ကွန်ပျူတာပေါ်တွင် စာစီထားခြင်းဖြစ်ပြီး လက်ရေးစာလုံး လုံးဝမပါခဲ့ပေ။
ရုတ်တရက်ဆိုသလို Ahoo ပေါ်ရှိ အန်ကယ်ပရီယဒ်၏ မူရင်းပရိုဖိုင်ပုံသည် စုကျီဆွေ့အမြင်တွင် ပိုမိုကြင်နာပြီး နူးညံ့သိမ်မွေ့နေဟန် ပေါ်လာခဲ့တော့သည်။
. . . . .
တစ်နာရီခွဲကြာပြီးနောက်
[User1947296: ကျေးဇူးတင်ပါတယ်။ အိပ်တော့မယ်။]
[。: စိတ်သက်သာရာရသွားပြီလား]
မည်သည့်အကြောင်းကြောင့်မသိ၊ ထိုစကားလုံးများသည် ဂရုစိုက်ဟန်ပေါက်နေသော်လည်း၊ စုကျီဆွေ့ဖတ်လိုက်တိုင်း ထူးဆန်းသော ခံစားချက်မျိုးသာရနေသည်။
[User1947296: မရသေးဘူး။]
[。: ?]
အတော်ကြာကြာ အကူအညီရယူပြီးနောက် စုကျီဆွေ့သည် နောက်ဆုံးတွင် အမှန်တရားကို ဝန်ခံလိုက်သည်။
[User1947296: သူ အခုထိ ကျွန်တော့်ကို မက်ဆေ့ချ် မပို့သေးဘူး။]
တစ်ဖက်လူသည် အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။
စုကျီဆွေ့က “သူ” ဆိုသည်မှာ မည်သူဖြစ်ကြောင်းကို အန်ကယ်ပရီယဒ် သေချာသိလိမ့်မည်ဟု ထင်မြင်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုအမည်တစ်ခုတည်းသာ ၎င်းတို့၏ စကားပြောဆိုမှုအားလုံးတွင် အမြဲရှိနေခဲ့သော အရာဖြစ်သောကြောင့်ပင်။
[。: ??]
[。: သူက မင်းကို ဘာလို့ မက်ဆေ့ချ် ပို့ရမှာလဲ]
[User1947296: ကျွန်တော် Moments မှာ ပို့စ်တင်ထားတာတောင် သူက စိတ်မဝင်စားဘူး။ (စက်ဝိုင်းဆွဲနေသည့် ပုံ)]
[。: ဘာကို စိတ်ဝင်စားရမှာလဲ]
စုကျီဆွေ့ ခေတ္တမျှ စဉ်းစားပြီးနောက် စာရိုက်လိုက်သည်။
[User1947296: ခင်ဗျား နားလည်မှာ မဟုတ်ပါဘူး။]
[。: …]
[User1947296: တော်ပြီ။ ကျွန်တော် အိပ်တော့မယ်။]
. . . . .
ထိုအချိန်တွင်၊ စာကြည့်ခန်းထဲ၌။
အိမ်တော်ထိန်းသည် စိုးရိမ်စိတ်ဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။ မီးဖွားခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေရသော ဖခင်တစ်ဦးကဲ့သို့ သူ ခံစားနေရသည်။
သခင်လေးကုသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ တစ်စုံတစ်ယောက်ကို နှစ်နာရီနီးပါး နှစ်သိမ့်ပေးနေခဲ့သည်။ သို့သော်လည်း အဖြေမထွက်သေးပေ။ သူ နှစ်သိမ့်ပေးရာမှာ မအောင်မြင်ခဲ့ဘူးလား…. ။
နောက်ဆုံးတွင် ကုယီလန်သည် မျက်နှာမပျက်ဘဲ သူ၏ လက်ပ်တော့ပ်ကို ဝုန်းခနဲ ပိတ်လိုက်သည်။
“အဆင်ပြေရဲ့လား။”
အိမ်တော်ထိန်းက စိတ်ပူပန်စွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လျက် ရှေ့သို့ အမြန်တိုးလာသည်။
“သူ ပျောက်သွားပြီ” ကုယီလန်က တည်ငြိမ်သောအသံဖြင့် ပြန်ဖြေလိုက်ရာ ကြားရသူအတွက် စိတ်မသက်မသာ ဖြစ်သွားစေသည်။
“ဘယ်လို” အိမ်တော်ထိန်း ထိတ်လန့်သွားသည်။
“သခင်လေး နေမကောင်းဘူးလား။ ဘယ်လိုရောဂါမျိုးလဲ ”
ကုယီလန်က သူ့ပါးစပ်ကို ဖွင့်၍ လေးတွဲ့စွာ ပြန်ဖြေလိုက်သည်။
“Chuunibyou (ချူနီဗျူး)”
အိမ်တော်ထိန်း - ???
—ညဉ့်နက်ပိုင်းတွင် စိတ်ခံစားမှု ပြင်းထန်သော Moments ပို့စ်တင်ခြင်း၊ သူ့အိမ်ရှေ့တံခါးတွင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချတော့မည့် ပုံစံမျိုး။— သို့သော် မေးမြန်းလိုက်သောအခါ မည်သည့်ပြဿနာမှ မရှိဟု ဆိုခြင်း။
ဒါကမှ chuunibyou မဟုတ်ရင် ဘာဖြစ်မှာလဲ။
(TN:
Chuunibyou : အလယ်တန်းဒုတိယနှစ်ရောဂါ။ တကယ့်ဆေးဘက်ဆိုင်ရာဝေါဟာရမဟုတ်ဘဲ အရပ်သုံးစကားလုံး။ ဂျပန်ဝေါဟာရဖြစ်ပြီး ဆယ်ကျော်သက်အရွယ်တွင်ဖြစ်တတ်သော စိတ်နေစိတ်ထား သို့မဟုတ် အပြုအမူတစ်မျိုးကို ရည်ညွှန်းသည်။ လူငယ်တစ်ဦးသည် သူ့ကိုယ်သူ သာမန်လူများနှင့်မတူဘဲ ထူးခြားသော စွမ်းအားများ၊ ဗဟုသုတများ သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာများ ရှိသည်ဟု ထင်မြင်ယူဆခြင်း၊ ဒရာမာဆန်သော စိတ်ခံစားမှုပြသခြင်းမျိုးကို ဆိုလိုသည်။)
ထိုကောင်လေးက “သူက စိတ်တောင်မဝင်စားဘူး” ဟု ပြောသည့်အခိုက်အတန့်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ကုယီလန်ခံစားမိလိုက်သည်။
သို့သော် သူ သဘောပေါက်ချိန်တွင် နောက်ကျသွားခဲ့ပြီ။ သူသည် စုကျီဆွေ့အား ပြိုင်ပွဲအဆင့် သင်ကြားမှုကို လုံးဝ အခမဲ့အနေဖြင့် တစ်နာရီခွဲကြာ ပေးခဲ့ပြီးပြီဖြစ်သည်။
ကုယီလန်: …
ထိုသို့တိုင်၊ ကုယီလန်သည် သူ၏အဓိက WeChat အကောင့်သို့ ဝင်ရောက်ကာ စုကျီဆွေ့ထံ မက်ဆေ့ချ် တစ်စောင် ပို့လိုက်သည်။
[11th Dimension: အိပ်တော့။]
ပြန်စာ ချက်ချင်းရောက်လာသည်။
[(o^^o): အင်း၊ အခု အိပ်တော့မယ်]
[(o^^o): (ယုန်လေး-ဂွတ်နိုက်.ပုံ)]
. . . . .
နောက်တစ်နေ့ နံနက်တွင် ကုယီလန်သည် ကုမ္ပဏီမိတ်ဖက်အစည်းအဝေးများအတွက် စောစောသွားရသည်။ သူ ထွက်သွားချိန်၌ အပြင်ဘက်ဝယ် မှောင်နေဆဲဖြစ်သည်။
စုကျီဆွေ့က သူ၏ နေ့စဉ်အချိန်ဇယားအတိုင်း အိပ်ရာမှထကာ မနက်တစ်ပိုင်းလုံး အိမ်စာများ လုပ်နေခဲ့သည်။
တစ်နေ့က သူသည် ဒုတိယထပ်ရှိ နောက်ဘက်စာကြည့်ခန်းကို လှည့်ပတ်ကြည့်ရှုခဲ့သည်။
မနေ့က တတိယထပ်ရှိ ဓာတ်ခွဲခန်းသို့ သွား၍ နှစ်ခုကွဲ အလင်းဖြတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုကို လုပ်ခဲ့သည် ။ ယနေ့တွင်မူ စတုတ္ထထပ်သို့ သွားရောက်ရန် သူ စီစဉ်ထားသည်။ ထိုအပေါ်တွင် အားကစားခန်းမရှိသည်။
သူ့အား အိမ်တော်ထိန်းမှ နေ့လယ် ၂ နာရီတိတိတွင် အပေါ်သို့ လိုက်ပို့ခဲ့သည်။
အိမ်တော်ထိန်း ထွက်သွားပြီးနောက် သူသည် ပြေးစက်ကို ဖွင့်လိုက်သော်လည်း ငါးမိနစ်ပင် မပြည့်သေးခင် အသက်ရှူကျပ်လာတော့သည် ။ ထို့ကြောင့် သူသည် အားကစားခန်းမရှိ ထိုင်ခုံပေါ်တွင် ပုံ့ခနဲ ထိုင်ချလိုက်ကာ မိနစ်နှစ်ဆယ်အထိ ထိုင်နေခဲ့သည်။
သူ၏ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင် နှလုံးခုန်နှုန်းများ မြန်နေသည်။
အိမ်ရှိလူတိုင်းသည် အချိန်ဇယားအတိုင်း အတိအကျ လိုက်နာကြသည်။ ဥပမာအားဖြင့်၊ အန်တီဖန့်ကား နေ့လယ် ၂ နာရီခွဲတိတိတွင် သူ့အတွက် အသီးများလှီး၍ အမြဲလာပို့ပေးလေ့ရှိပြီး၊ ၃ နာရီတိတိတွင် ပန်းကန်အလွတ် ပြန်သိမ်းရန် ပြန်လာတတ်သည်။
၂ နာရီ ၂၅ မိနစ်တွင် စုကျီဆွေ့က သူမထံ WeChat မက်ဆေ့ချ် ပို့လိုက်သည်။
[(o^^o): အန်တီ၊ ကျွန်တော် အခန်းထဲမှာပါ။ ကျွန်တော် နဂါးမောက်သီးအနီ စားချင်တယ်။]
[အန်တီဖန့် : ဟုတ်ကဲ့ပါ သခင်လေး။ ခဏနေရင် လာပို့ပေးပါမယ်။]
သက်တောင့်သက်သာရှိသော သားရေကုလားထိုင်ပေါ်တွင် ထိုင်ကာ စုကျီဆွေ့က ပျင်းရိစွာ ဖုန်းကို ကြည့်ရှုနေသည်။
“လျှို့ဝှက်ချက်လေး ဝေမျှမယ်” ဆိုသော နည်းဗျူဟာမှာကား ခေတ္တဆိုင်းငံ့ထားရချေပြီ။
သူသည် နှစ်လိုဖွယ်ကောင်းအောင် ပြုလုပ်နိုင်သည့် နည်းလမ်း နံပါတ်လေးသို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။
သူ့ကို စိတ်ရင်းမှန်ဖြင့် ချီးမွမ်းခြင်း။
သူသည် ချီးမွမ်းစကားများကို မှန်ကန်စွာ ပြောဆိုနည်းကို အချိန်အတော်ကြာ လေ့လာနေခဲ့သည်။ သူ မော့ကြည့်လိုက်ချိန်တွင် ၂:၅၇ မိနစ်ရှိနေပြီ။ အိမ်တော်ထိန်းထံသို့ နောက်ထပ် မက်ဆေ့ချ် တစ်စောင် သူပို့လိုက်သည်။
[(o^^o): ဦးလေး၊ ကျွန်တော် အန်တီကို အခန်းထဲမှာ မရှိတော့ဘူးလို့ ပြောဖို့ မေ့သွားတယ်။ အသီးတွေကို ရေခဲသေတ္တာထဲ ထည့်ပေးပါဦး။ ပြီးတော့ အအေးခံထားတဲ့ စပါကလင် တစ်ဘူးလည်း ယူလာပေးလို့ရမလား ။]
[AAA Butler: သခင်လေး။ အခုချက်ချင်း လုပ်ဆောင်နေပါပြီ။]
စုကျီဆွေ့ တဒိန်းဒိန်းခုန်နေသော နှလုံးကို ထိန်းချုပ်ရန် သူ၏ ဖြူဖျော့သောလက်ကို ရင်ဘတ်ပေါ်ဖိထားခဲ့သည်။
ဟုတ်ပေသည်။ သူသည် ထွက်ပြေးရန် ကြိုးစားတော့မည် ဖြစ်သည်။
သူသည် အားကစားခန်းမကို ရွေးချယ်ရသည့် အကြောင်းရင်းရှိသည် : လေ့ကျင့်ခန်းလုပ်ခြင်းသည် သဘာဝအတိုင်း နှလုံးခုန်နှုန်းမြန်စေခြင်းကြောင့် ဖြစ်၏ ။ ၎င်းသည် သူ့ရင်ထဲမှ စိုးရိမ်ပူပန်စိတ်မှုကြောင့် ပြင်းထန်စွာခုန်နေသည့်အသံကို အပြည့်အဝ ဖုံးကွယ်ထားနိုင်သည် ။
ကုယီလန်သည် နှလုံးခုန်နှုန်း ကြည့်သည့်ဆော့ဖ်ဝဲလ်ကို စစ်ဆေးလျှင်ပင်၊ ထိုနှုန်းမြင့်တက်မှုကို ကြည့်၍ မည်သည့်အရာမှ သိနိုင်မည်မဟုတ်ပေ။
စုကျီဆွေ့ ပြေးစက်ကိုပင် မပိတ်ခဲ့ပေ။
Smart Home စနစ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အားကစားစက်တိုင်းသည် ၎င်း၏ “အသုံးပြုချိန်” ကို ကလောက်ဒ် (Cloud) သို့ အပ်လုဒ်လုပ်သည်။ ယင်းသည် သူ တစ်ချိန်လုံး ပြေးနေခဲ့သကဲ့သို့ ပုံပေါ်စေနိုင်သည်။
သူသည် ဤထွက်ပြေးရေးအစီအစဉ်ကို ရူပဗေဒပုစ္ဆာတစ်ခု ဖြေရှင်းသကဲ့သို့ သဘောထားသည်။ သိရှိထားသော အချက်အလက်များဖြင့် သူသည် ပထမအဆင့်ကို တွက်ချက်ပြီးဖြစ်သည်။
သူ အဖမ်းမခံရဘဲ ထွက်ခွာလိုပါလျှင်၊ အိမ်တော်ထိန်းနှင့် အန်တီဖန့်တို့ မည်သည့်နေရာတွင် ရှိနေသည်ကို ဦးစွာ အတည်ပြုရမည်။
ထို့ကြောင့် သူသည် လိုအပ်နိုင်သည့် အချက်အလက်အား တမင်တကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။
ရေခဲသေတ္တာသည် ပထမထပ်၏ အရှေ့ဘက်ခြမ်းရှိ ထမင်းစားခန်းတွင် ရှိသည်။ အန်တီဖန့်က အရှေ့ဘက်ခြမ်းကို သန့်ရှင်းရေးလုပ်နေပါလျှင် ၊ အသီးများကို ယူသွားသည်ကို မြင်ပြီး အိမ်တော်ထိန်းအား “ဘာဖြစ်လို့လဲ” ဟု မေးနိုင်သည်။
သူတို့နှစ်ဦး၏ အချက်အလက်ကို နှိုင်းယှဉ်ကြည့်ပါက တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်ကာ သူ ထွက်ပြေးရန် ကြိုးစားနေသည်ဟု သံသယဝင်နိုင်ပြီး၊ ထို့နောက် ကုယီလန်ကို အကြောင်းကြားကာ အဝေးထိန်းစနစ်ဖြင့် တံခါးများကို ပိတ်ချလိုက်နိုင်သည်။
တစ်ဖက်တွင်မူ၊ ၎င်းတို့နှစ်ဦးစလုံး တုံ့ပြန်မှုမရှိပါက ၎င်းတို့ လမ်း၌မဆုံခဲ့ကြဟု ဆိုလိုသည်။
အိမ်တော်ထိန်းသည် အသီးများကို အရှေ့ဘက်ခြမ်း ထမင်းစားခန်းတွင် ထားခဲ့ပြီး အန်တီဖန့်က အနောက်ဘက်ခြမ်းကို သန့်ရှင်းရေး လုပ်နေသည်။
၅၀/၅၀ ကံစမ်းရခြင်းမျိုး ဖြစ်သော်လည်း ဤနည်းလမ်းသည် စနစ်ကို တိုက်ရိုက်စမ်းသပ်ခြင်းထက် အန္တရာယ်ပိုနည်းသည်။
အကယ်၍ အဖမ်းခံရပါလျှင် “ကျွန်တော် အားကစားခန်းမထဲ ရောက်နေမှန်း မေ့သွားတယ်” ဟု ယုံကြည်အောင် ပြောနိုင်သေးသည်။ ၎င်းတို့ သတိမပြုမိပါက၊ ရှင်းပြရန် မလိုအပ်၊ အန္တရာယ် : သုည။
စုကျီဆွေ့ အားကစားခန်းမ တံခါးပေါက်တွင် ခန္ဓာကိုယ်အား ညှပ်ထားလျက် ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားကာ ဧည့်ခန်းအဆုံးရှိ ဓာတ်လှေကားကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။
သူ အသင့်အနေအထားသို့ ရောက်နေပြီ။
ကုယီလန်က သူ့အား ယခင်က ပြောထားသည်။
အကယ်၍ ရှေ့တံခါးကို အဝေးထိန်းစနစ်ဖြင့် သော့ခတ်လိုက်ပါက၊ သူ မက်ဆေ့ချ် ရရှိမည်ဖြစ်သည်။
ထို့ကြောင့် သူ လုပ်ရမည့်အရာမှာ စောင့်ကြည့်နေရန်သာ။ မက်ဆေ့ချ် မဝင်လာပါက အစီအစဉ်ကို မတွေ့ရှိသေးဟု ဆိုလိုသည်။
ဤကဲ့သို့သော အန္တရာယ်ကြီးပြီး လုပ်မလား သေမလား ပုံစံမျိုးက သူ့ကို စိတ်လှုပ်ရှားစေသည်။
စုကျီဆွေ့၏ ရင်ဘတ်သည် ဗုံတီးသကဲ့သို့ ခုန်နေပြီး ဖုန်းကို ဆုပ်ကိုင်ထားသော သူ၏လက်တွင် ချွေးများ စိုရွှဲနေသည်။
“ဘစ်ဇ်ဇ်ဇ်”
သူ၏ဖုန်း တုန်ခါသွားသည်။
စုကျီဆွေ့ နှလုံးကြေကွဲမတတ် ခံစားလိုက်ရသည်။
ကံမကောင်းလိုက်တာ။
၅၀/၅၀ မျှပင် အနိုင်ရလောက်အောင် ကံမကောင်းခဲ့ချေ။
သူသည် မျက်နှာငယ်ဖြင့် အောက်သို့ငုံ့ကြည့်ကာ ဖုန်းကို ဖွင့်လိုက်သည်။
[အစ်ကိုကြီး : မင်း ဘာလုပ်နေတာလဲ။ ဘယ်တော့ အိမ်ပြန်လာမှာလဲ။]
စုကျီဆွေ့ : …
သူ့အစ်ကိုသာ ဖြစ်နေခဲ့သည်။
သူ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားပြီး ပထမဆုံးအကြိမ်အဖြစ် ချက်ချင်း ပြန်မဖြေခဲ့ပေ။ ဧည့်ခန်းအဆုံးရှိ ဓာတ်လှေကားသည် ရွေ့လျားနေသောကြောင့်ဖြစ်သည်။
၎င်းသည် ဒုတိယထပ်တွင် ရပ်တန့်သွားသည်။ အိမ်တော်ထိန်းကား အသီးများသွားယူနေချေပြီ။
ဓာတ်လှေကားကို သုံးနေသူမှာ အိမ်တော်ထိန်းဖြစ်ကြောင်း သူ သေချာသည်မှာ အန်တီဖန့်သည် အမြဲတမ်း လှေကားကိုသာ အသုံးပြုသောကြောင့် ဖြစ်သည်။
ပထမအချက်၊ ၃ နာရီတိတိ မထိုးသေးသောကြောင့် အန်တီဖန့် လာဦးမည်မဟုတ်သေးပေ။
ဒုတိယအချက်၊ အားကစားခန်းမသည် စတုတ္ထထပ်တွင် ရှိသောကြောင့် အိမ်တော်ထိန်းသည် ဓာတ်လှေကားကိုသာ ရွေးချယ်မည်ကား သေချာပေသည်။
ဓာတ်လှေကား အသုံးပြုနေသည်ကို မြင်ပါက ရှောင်ရန်အတွက် အန်တီဖန့်က လှေကားကိုသာ အသုံးပြုမည်ဖြစ်သည်။
ဓာတ်လှေကား တက်သွားသည်ကို ကြည့်ပြီး စုကျီဆွေ့ အောက်ထပ်သို့ အပြေးဆင်းခဲ့သည်။
သူ အားကစားခန်းမမှ ထွက်လိုက်သည်နှင့် အာရုံခံကိရိယာ လင်းလာပြီး အားကစားခန်းမအတွင်းရှိ လူရေတွက်မှုသည် သုညသို့ရောက်သွားသည်။
ဤအရာသည် အိမ်တော်ထိန်းကို စောင့်ကြည့်ရေးခန်းမှ ခေါ်ထုတ်ရန် လိုအပ်ရသည့် အကြောင်းရင်းပင်ဖြစ်သည်။
အိမ်တော်ထိန်းသာ စောင့်ကြည့်နေပါက လူအရေအတွက် နည်းသွားခြင်းကြောင့် အချက်ပေးသံများမြည်လာမည်ဖြစ်သည်။ သူသည် ရှေ့တံခါးကို အာရုံစိုက်ကာ စောင့်ကြပ်ပြီး စုကျီဆွေ့ထွက်ပြေး၍ မရနိုင်ရန် လုပ်ဆောင်မည်ဖြစ်သည်။
သို့သော် ကုယီလန်က အဝေးမှ စောင့်ကြည့်နေပါက စုကျီဆွေ့လေ့ကျင့်ခန်းလုပ်ပြီး၍ အားကစားခန်းမမှ ထွက်သွားပြီဟုသာ ယူဆလိမ့်မည်။
ကုယီလန်မှ တစ်ခုခု မှားယွင်းနေကြောင်း သိချိန်တွင် စုကျီဆွေ့သည် အတော်ကြာ ထွက်ပြေးပြီးသား ဖြစ်နေပေလိမ့်မည်။
သူသည် ဒုတိယထပ်ရှိ ခရုပတ်လှေကား၏ ထောင့်သို့ ရောက်အောင် အားကုန်သုံးပြီးနောက် ရပ်လိုက်သည်။
ပထမထပ်၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းကို ခရုပတ်လှေကားနှင့် ကန့်လန့်ကာများ ဖုံးကွယ်နေသော်လည်း၊ အကယ်၍ တစ်စုံတစ်ဦးသည် အရှေ့ဘက် ခရုပတ်လှေကားမှ ဆင်းလာပါက နှစ်ဖက်စလုံးရှိ လူများသည် အပေါ်သို့ အလွယ်တကူ မော့ကြည့်ပြီး အချင်းချင်း မြင်နိုင်ကြသည်။
စုကျီဆွေ့ သူ၏ဖုန်းကို ကြည့်လိုက်က်သောအခါ စက္ကန့်နှင့်အမျှ အတိအကျဖြစ်သည်။
၃ နာရီ တိခနဲ ထိုးပြီးနောက် သူ အချိန်အနည်းငယ် ထပ်စောင့်လိုက်သည်။
ဓာတ်လှေကားသည် ပထမထပ်မှ အပေါ်သို့ ပြန်တက်လာမှသာ သူ ခရုပတ်လှေကားမှ အပြေးအလွှား ဆင်းသွားသည်။
နွေလေညင်းကား သူ၏နားရွက်နားသို့ တိုက်ခတ်သွားသည်။
စုကျီဆွေ့ ဤမျှ မြန်မြန် တစ်ခါမျှ မပြေးဖူးပါ။ သူသည် ဤမျှ လွတ်လပ်မှုကို တစ်ခါမျှ မခံစားဖူးပါ။
ထိုအချိန်တွင်
ကုယီလန်သည် အစည်းအဝေးတစ်ခုသို့ သွားနေပြီး၊ အိမ်တော်ထိန်းက ရေဘူးတစ်ဘူးယူကာ စတုတ္ထထပ်သို့ ဓာတ်လှေကား စီးနေကာ၊ အန်တီဖန့်က ပန်းကန်အလွတ် ပြန်သိမ်းရန် အနောက်ဘက်လှေကားကို အသုံးပြုနေသည်။
သူ ထွက်ပြေးနေသည်။
သူ အရမ်းတော်တယ်။ သူ အရမ်းကံကောင်းတာပဲ။
သူသည် အချက်ပေးသံကိုပင် အနည်းငယ်သော်မျှ မမြည်စေခဲ့။ တသမတ်တည်း အပိုလှုပ်ရှားမှုမရှိသည့် လူနှစ်ဦး၏ စောင့်ကြည့်မှုအောက်၊ သူတို့၏ မျက်စိအောက်တွင်ပင် ထွက်ပြေးလာခဲ့သည်။
သူသည် ကုယီလန်ကို လက်ထပ်ရန် စိတ်ရင်းနှင့် တောင်းဆိုတော့မည်။
သူသည် မည်သူနှင့်မျှ မတွေ့ဘဲ ရှေ့တံခါးသို့ ရောက်အောင်သွားခဲ့သည်။
တံခါးလက်ကိုင်ကို လက်လှမ်း၍ ကိုင်လိုက်သည်။
ထိုစဉ် ရုတ်တရက် သူ၏ အိတ်ကပ်အတွင်းရှိ ဖုန်းသည် ထပ်မံ၍ တုန်ခါလာသည်။
ထိုထိတ်လန့်မှုကြောင့် စုကျီဆွေ့၏ နှလုံးသည် ပေါက်ကွဲလုနီးပါး ဖြစ်သွား၏။
လက်တစ်ဖက်က တံခါးလက်ကိုင်ပေါ်တွင် ရှိနေပြီး၊ ကျန်တစ်ဖက်က ဖုန်းကို ထုတ်ယူရန် အိတ်ကပ်ထဲသို့ လှမ်းလိုက်သည်။
၎င်းက သူ့အစ်ကိုမှ နောက်ဆက်တွဲပို့ခြင်းဖြစ်ပါစေ ဟုသာ တိတ်တိတ်ကလေး ဆုတောင်းနေမိသည်။
သူ WeChat ကို ဖွင့်လိုက်ရုံမျှပင် ရှိသေးသည်။ မက်ဆေ့ချ်ကိုပင် ဖတ်ရန် အခွင့်မသာသေး။ ထိုစဉ် သူ၏လက်သည် တံခါးလက်ကိုင်ကို အောင်မြင်စွာ ဖိချလိုက်သည်။ ရှေ့တံခါးကို သော့ခတ်မထား။
စုကျီဆွေ့ : !
သို့သော် ပျော်ရွှင်မှုကို ခံစားရန်ပင် အခွင့်မသာလိုက်ချေ။
သူ တံခါးကို တွန်းဖွင့်ပြီး အပြင်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်
ကုယီလန်၏ ဒေါသမုန်တိုင်းထန်နေသည့် မျက်လုံးများနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။
စုကျီဆွေ့၏ နှလုံးသည် ရပ်တန့်သွား၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထိုနေရာ၌ပင် တောင့်တင်းသွားသည်။
ထိုစက္ကန့်ပိုင်းအတွင်း WeChat မက်ဆေ့ချ်ကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်မိသည်။
ကုယီလန်ထံမှ ဖြစ်သည်။
ထိုလူသည် အနက်ရောင် SUV ကားကို မှီထားပြီး၊ မျက်ခုံးတစ်ဖက်ကို ပင့်တင်ကာ၊ သူ၏အသံသည် မက်ဆေ့ချ်ပါ စကားလုံးများနှင့် တစ်ထပ်တည်းကျနေပြီး လှောင်ပြောင်မှုများ ရောနှောနေသည်။
“ထွက်ပြေးဖို့ စီစဉ်နေတာလား။”
စုကျီဆွေ့၏ နှလုံးခုန်နှုန်းသည် ဗလောင်ဆူနေပြီဖြစ်သည်။ ဦးနှောက်ကမူ ဗလာဖြစ်နေပြီး မေးခွန်းများသာ ရှိနေတော့သည်။
သူ ဘယ်လိုသိသွားတာလဲ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူသည် ထောင့်တိုင်းကို ကာဗာယူခဲ့သည်။
အိမ်တော်ထိန်းလည်း သတိမထားမိ။ အန်တီဖန့်လည်း သတိမထားမိခဲ့။
သူ၏ စိတ်သည် လောကကြီးနှင့် ယာယီပြတ်တောက်သွားသော်ငြား၊ သူ၏ နှုတ်ဖျားမှ မကြာသေးမီက သင်ယူထားသော ချီးမွမ်းစကားတစ်ခု ထွက်ကျလာသည်။
“ခင်ဗျား တကယ်ကို… အံ့ဩစရာပဲ။”
သူ့နှုတ်ခမ်းကို အနည်းငယ် စူလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“အရမ်းကို အံ့ဩစရာကောင်းတာပဲ။”
ကုယီလန် ခေတ္တမျှ ရပ်သွားပြီးနောက် ကိုယ်ကို မတ်မတ်ရပ်လိုက်ကာ သူ့ထံသို့ နှစ်လှမ်း လှမ်းလာသည်။
သူ့ထံမှ ထွက်လာသော ဖိအားမူကား အသက်ရှူရခက်ခဲစေသည်။
စုကျီဆွေ့ နောက်သို့ အလိုလို ဆုတ်မိလိုက်သည်။ သို့သော် သူ တံခါးအပြင်ဘက်တွင် ရပ်နေသည်ကို မေ့လျော့သွားခဲ့သည်။
ထိုနောက်သို့ ဆုတ်လိုက်သည့် တစ်လှမ်းကြောင့် သူသည် တံခါးခုံပေါ်သို့ ချော်လဲတော့သည်။
ပထမဆုံးအကြိမ်အဖြစ်၊ သူ့နှလုံးခုန်ခြင်း ရပ်တန့်သွားသည်။
သူ ဖင်ထိုင်လဲကျရန် ကိုယ်ကို ပြင်လိုက်သော်လည်း မြေပြင်နှင့် မထိမီတွင် ကုယီလန်၏ လျင်မြန်သော တုံ့ပြန်မှုကြောင့် လက်မောင်းမှ ဖမ်းဆွဲခြင်းခံရပြီး အချိန်မီ ပြန်ဆွဲလိုက်ရာ သူသည် ကုယီလန်၏ ရင်ဘတ်ထဲသို့ လဲကျသွားတော့သည်။
ဟန်ချက်ပြန်ထိန်းနေရင်း စုကျီဆွေ့၏ လက်သေးသေးလေးများသည် ကုယီလန်၏ လက်မောင်းကို အလိုအလျောက် ဆုပ်ကိုင်မိလိုက်သည်။
သို့သော် လှေကားပေါ်တွင် ခလုတ်တိုက်မိစဉ်ကနှင့် မတူဘဲ၊ ဤတစ်ကြိမ်တွင် သူသည် အခြားလက်မောင်းကို ဆုပ်ကိုင်မိပြီးနောက် အသေအချာခံစားမိလိုက်သည်မှာ—
တင်းတင်းရင်းရင်းရှိနေသော ကြွက်သားများအောက်တွင် အမာရွတ်ဟောင်းများ၏ မညီမညာ အမြှောင်းများ။
တစ်ခုပြီးတစ်ခု။ တစ်နေရာပြီးတစ်နေရာ။
ကြမ်းတမ်းပြီး ချွန်ထက်သော အရာတစ်ခုခုဖြင့် ထွင်းထုထားသကဲ့သို့ ဖြစ်နေသည်။
စုကျီဆွေ့ တုန်လှုပ်သွားကာ ကြက်သေ,သေသွားသည်။
သူ ဟန်ချက်ပင်မထိန်းနိုင်တော့ဘဲ ကုယီလန်၏ လက်မောင်းကို ချက်ချင်း လွှတ်ချလိုက်သည်။
နောက်ဆုံးတွင် ကုယီလန်ကသာ လက်လှမ်းကာ သူ၏ လည်ကုပ်ကို ဆွဲကိုင်၍ ထိန်းပေးလိုက်ရသည်။
ယခုအခါ သူတို့နှစ်ဦးသည် အလွန့်အလွန် နီးကပ်နေပြီဖြစ်သည်။
၎င်းသည် သူ၏ စိတ်အထင်သာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စုကျီဆွေ့ ထိုလူ၏ ခန္ဓာကိုယ်မှ ထိတ်လန့်စရာကောင်းသည့် အပူဓာတ်များ ထုတ်လွှတ်နေသည်ကို ခံစားမိပြီး၊ လှိုင်းလုံးများကဲ့သို့ သူ့ကို ရစ်ပတ်ကာ နွေရာသီ လေထုအတွင်း ပျံ့နှံ့သွားသကဲ့သို့ ခံစားမိ၏။
ဤကဲ့သို့ ထူးထူးဆန်းဆန်း နီးနီးကပ်ကပ်အနေအထားမှနေ၍ ကုယီလန်၏ နှုတ်ခမ်းများ မည်မျှ တင်းကျပ်စွာ ပိတ်ထားသည်ကိုပင် သူ မြင်နိုင်သည်။ ထို့ပြင် သူ၏ နားရွက်များ အနည်းငယ် နီရဲနေပုံရသည်။
နေဦး။ ချီးမွမ်းစကားက တကယ် အလုပ်ဖြစ်သွားတာများလား။
ထွက်ပြေးရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သော်လည်း Ahoo ၏ “နှစ်သက်မှုအမှတ်များ တိုးမြှင့်နည်း” လမ်းညွှန်က အောင်မြင်သွားတာများလား။
စုကျီဆွေ့၏ မျက်နှာသည် ပန်းရောင်သမ်းသွားသည်။
သူသည် “အဖမ်းခံရသော်လည်း အမုန်းမခံရ” သည့် စိတ်လှုပ်ရှားမှုကို ခံစားရန်ပင် အချိန်မရသေး။ ထိုစဉ် ရုတ်တရက် သူ့အောက်ရှိ ထိုလူ၏ ရင်ဘတ် တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး တိုးလျသောအသံက သူ့ဦးနှောက်ထဲသို့ ပဲ့တင်ထပ်သွားသည်။
တစ်ချိန်တည်းမှာပင် ရည်ရွယ်ချက်ရှိသော ခပ်ပြတ်ပြတ် အသံတစ်သံက အပေါ်မှ လွင့်မျောလာသည်။
“အဖမ်းခံလိုက်ရပြီဆိုတော့ မင်းရဲ့ ပြစ်ဒဏ်အကြောင်း ပြောကြရအောင်လား။”
စုကျီဆွေ့ : !!!