အပိုင်း (၁၈) အပိုင်းခွဲ သုံး
သူ့အခန်းအတွင်းသို့ ပြန်ရောက်သောအခါ စာအုပ်ပုံကြီးအား ကြည့်မိသည်။ သူ ပထမဦးဆုံး ဖွင့်ဖတ်လိုက်သောစာအုပ်သည် သမ္မာကျမ်းစာဖြစ်သည်။ သူ၏ လက်ထပ်ချင်သော ဆန္ဒသည် မကြာမီတွင် ဖြစ်လာမည့်အခြေအနေ မရှိသောကြောင့် စုကျီဆွေ့ လမ်းကြောင်းဟောင်းသို့ ပြန်သွားပြီး Ahooထံမှ ဆက်ဆံရေးလမ်းညွှန်ကဲ့သို့ ဗျူဟာစာအုပ်အား ဆက်လက်သုံးစွဲရတော့မည်။
ပထမအဆင့်- “သူ၏ ဆိုရှယ်မီဒီယာအသိုင်းအဝိုင်းတွင် ထူးခြားသော ကောမန့်တစ်ခု ရေးပါ” ဤ တစ်ချက်က ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ ကုယီလန်သည် (…) ဟူသော အရာလေးနှင့် သူ့အား တုံ့ပြန်ခဲ့သော်လည်း သူ့အနေဖြင့် အောင်မြင်ခဲ့ပြီဟု ခံစားရသည်။
ထို့ပြင် ထိုကဲ့သို့ တုံ့ပြန်ခြင်းသည် ထူးခြားသောတုံ့ပြန်မှုဟု မဆိုနိုင်လျှင် ကုယီလန်ကဲ့သို့ အချိန်ပြည့်အလုပ်ရှုပ်နေသော လူသည် ပို့စ်တစ်ခုအား အဘယ်ကြောင့် အရေးလုပ်နိုင်မည်နည်း။
သူသည် ချစ်ခင်မြတ်နိုးစုံမက်မှုအား မြှင့်တင်ရန် နည်းလမ်းငါးသွယ်ကို ချရေးခဲ့သည်။ “အခက်ခဲဆုံးအချိန်များတွင် နွေးထွေးကြင်နာခြင်း” နှင့် “အဆင့်မြင့်စိတ်ခံစားမှုစွမ်းရည်ဖြင့်ဆက်သွယ်ခြင်း” များအပြင် နောက်ထပ် နှစ်ချက် ရှိသေးသည်။
စတုတ္ထအဆင့်- သူ့ကို စိတ်ထဲမှ နှစ်နှစ်ကာကာ ချီးကျူးပြောဆိုပါ။
ပဥ္စမအဆင့်- မိမိ၏ လျှို့ဝှက်ချက်အသေးလေးများကို သူ့အား ဝေမျှပါ။
စုကျီဆွေ့သည် နောက်ဆုံးဗျူဟာနှစ်ချက်ကို နောက်မှလုပ်ဆောင်ရန် မှတ်သားထားလိုက်သည်။ သူသည် သမ္မာကျမ်းကို မြင်သောအခါ ကုယီလန်အား လက်ဆောင် အသေးလေးတစ်ခု ပေးသင့်သည် ဟူသော အကြံဥာဏ် ရုတ်တရက်ရလာခဲ့သည်။ “ခက်ခဲသောအချိန်များတွင် နွေးထွေးကြင်နာပေးပါ” ဟူသော ဒုတိယမြောက် နည်းလမ်းနှင့်အညီ ကုယီလန် အလုပ်ရှုပ်နေချိန်တွင် အဓိပ္ပါယ်ရှိသော လက်ဆောင်တစ်ခုခုနှင့် သူအံ့ဩစေရန် လုပ်ရမည်။
သူတို့နှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံရာတွင် ကုယီလန်သည် သူ့ကို “ဘုရားသခင်ကောင်းချီးပေးပါစေ” ဟူသော စကား ပြောခဲ့သည်ကို မှတ်မိနေသေးသည်။ ထို့ကြောင့် ကုယီလန်သည် ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်လိမ့်မည်ဟု စုကျီဆွေ့ ကောက်ချက်ချမိသည်။
သူ၏ လက်ချောင်းများကို ကိုက်နေလျက် ခရစ်ယာန်ဘာသာဝင်များအတွက် မည့်သည့်လက်ဆောင်များ ပေးသင့်သလဲဆိုသည့်အချက်ကို Ahooတွင် စိတ်ဝင်တစား ရှာဖွေနေမိသည်။
အချိန်အတော်ကြာရှာဖွေပြီးနောက် သူသိချင်သောအချက်ကို ရခဲ့သည်။ စုကျီဆွေ့ မတ်တပ်ထရပ်ပြီး ကိုယ်တိုင်ပြုလုပ်နိုင်သည့် လက်ဆောင်ပေးရန် ခရီးဆောင်အိတ်အတွင်းတွင် ကျောက်လုံးလေးများ တွေ့လိုတွေ့ငြား ရှာနေမိသည်။ တခဏကြာ ပြုလုပ်ပြီးနောက် စာအုပ်ကြား၌ ညှပ်သည့် bookmarkတစ်ခု ရလာသည်။
ဘာသာပြန်အက်ပလီကေးရှင်း၏ အကူအညီဖြင့် သမ္မာကျမ်းကို ဖွင့်ကာ သူပြောခဲ့သည့် စာကြောင်းအား သေသေချာချာကူးရေးသည်။ ထို့နောက် ထိုစာစုကို bookmarkပေါ်တွင် သေသေချာချာ ဂရုတစိုက် ချရေးသည်။
“ဘုရားသခင်နဲ့သာဆို အရာအားလုံး ဖြစ်နိုင်တယ်”
ထို့နောက် အဆင့်မြင့်စိတ်ခံစားမှုစွမ်းရည်ကို အသုံးပြုရမည့်အချိန် ဖြစ်သည်။ သူသည် noteစာရွက်တွင် နှလုံးသားနွေးထွေးစေမည့်စာအား ရေးကာ ထိုစာဘေးတွင် ပြူးကြောင်ကြောင်ယုန်ရုပ်လေးကို ရေးဆွဲခဲ့ပေးသည်။
သူ၏ မကျွမ်းကျင်သော ပုံဆွဲစွမ်းရည်ကြောင့် ချစ်ဖို့ကောင်းပြီး သွက်သွက်လက်လက်ယုန် ဖြစ်ရမည့်အစား ခပ်ဝဝယုန်လေးတစ်ကောင် ဖြစ်သွားသည်။ ထိုယုန်တွင် ဝိုင်းစက်နေသောမျက်ဝန်းတစ်စုံ၊ ပြုံးနေသောနှုတ်ခမ်းနှင့် နီမြန်းနေသောပါးနှစ်ဖက်ပါနေသည်။
သူက လက်ဆောင်ကို ပြင်ဆင်ပြီးချိန်တွင် ကုယီလန်သည် သူ့ဒူးခေါင်းအား ဆေးထည့်ပေးရန် အပေါ်ထပ်သို့ တက်လာခဲ့သည်။ စုကျီဆွေ့က ကုတင်တိုင်ကိုမှီပြီး မျက်လုံးများကို မှိတ်ထားခဲ့သည်။ ဆေးသေတ္တာကို ပိတ်သည့်အသံကို ကြားရမှသာ သူ၏မျက်လုံးတစ်ဖက်ကို ဖွင့်ပြီးချောင်းကြည့်ခဲ့သည်။
ကုယီလန်ပြန်မထွက်သွားသေးကြောင်း သေချာမှသာ သူ့အိပ်ရာဘေးမှ ခုံပေါ်တွင်တင်ထားသော လက်ဆောင်ကိုယူ၍ ကုယီလန်၏ အနောက်ဘက်တွင် ခြေဖျားထောက်ကာ ရပ်နေခဲ့သည်။ သူ၏လက်ထဲတွင် bookmarkနှင့် noteစာရွက်သေးသေးလေးကို ကိုင်ထားခဲ့သည်။
ကုယီလန်သည် ဆေးသေတ္တာကို စင်ပေါ်ပြန်တင်ပြီး အနောက်သို့လှည့်လိုက်ချိန်တွင် လက်ထဲ၌ bookmarkနှင့် ထိုအောက်တွင် noteစာရွက်လေးတစ်ရွက်ကိုထားပြီး သူ့အား ပြူးကြောင်ကြောင်နှင့် ရပ်ကြည့်နေသော ကောင်လေးကို မြင်လိုက်ရသည်။
Noteစာရွက်ပေါ်တွင် ယုန်ဝတုတ်လေးတစ်ကောင်၏ စကားများ ပါသေးသည်။
“ကျွန်တော် အဲ့လို လက်ဆောင်မျိုး ဘယ်သူ့ကိုမှ မပေးခဲ့ဖူးဘူး။ ဒါပေမဲ့ ခင်ဗျားက အမြဲတမ်း ချွင်းချက်တစ်ခုဆိုတာ အမှတ်ရနေပေးပါ”
“ဟမ်?”
ကုယီလန် အပေါ်သို့ မော့ကြည့်လိုက်သောအခါ သူ့အား မျက်လုံးအဝိုင်းသားဖြင့် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသော ကောင်လေးကို တွေ့လိုက်ရသည်။ သူ၏ ချောမောလှပသော မျက်နှာပေါ်တွင် “ခင်ဗျားကြိုက်ရဲ့လား” ဟူသော စာလုံးတစ်လုံးက အတိုင်းသားရေးထားသကဲ့သို့ ပေါ်လွင်နေသည်။
ကုယီလန်သည် bookmarkကို သူ၏သွယ်လျသောလက်ချောင်းလေးများဖြင့် ဆွဲယူရင်း မျက်မှောင်ကြုံ့ကာ စကားပြန်ပြောသည်။
“ကျေးဇူး”
ထိုစကားကို ကြားရချိန်တွင် သူ၏လှပသောမျက်ဝန်းလေးများက လခြမ်းကွေးများကဲ့သို့ ဖြစ်သွားသည်အထိ စုကျီဆွေ့က ရုတ်တရက်ပြုံးမိသည်။ စုကျီဆွေ့လည်း ညင်ညင်သာသာ ပြန်ပြောလိုက်သည်။
“ရပါတယ်”
သူ၏ စကားလုံးများက တောင့်တောင့်ကြီးဖြစ်နေပြီး သူပြောနေကျပုံစံမဟုတ်သော်လည်း သူ အလွန်ပျော်နေသည့်ပုံ ပေါက်နေသည်။ ထိုစကားလုံးသုံးလုံးကို သူ့ဘဝတွင် တစ်ခါမှ မပြောခဲ့ဖူးသည့် ပုံပေါ်နေသည်။
“မင်းဘာလို့ ကိုယ့်ကို ဒီလက်ဆောင်ပေးရတာလဲ” ကုယီလန်သည် စားပွဲပေါ်တင်ထားသော စာအုပ်များအား ကြည့်လျက် သမ္မာကျမ်းစာပိုဒ် ရေးထားသော bookmark ကို တစ်ချက်စိုက်ကြည့်၍ စုကျီဆွေ့ကို မေးလိုက်သည်။ စုကျီဆွေ့သည် မဖြေခင် မျက်နှာကို ရှုံ့မဲ့ပြီး စဉ်းစားနေသည်။ “ခင်ဗျားကို အကူအညီဖြစ်စေချင်လို့”
နှစ်ပေါင်းများစွာတွင် လူများစွာသည် သူ့ထံမှ အကူအညီအများအပြား တောင်းဆိုခဲ့ကြသည်။ တစ်စုံတစ်ယောက်က သူ့အားကူညီပေးရန် ကမ်းလှမ်းလာခြင်းသည် သူ့ဘဝဝယ် ပထမဆုံးအကြိမ်ဖြစ်သည်။
ကုယီလန်သည် စေတနာပါပါဖြင့်ပြုလုပ်ပေးထားသော bookmarkကို သူ၏လက်ချောင်းကြားတွင် ညှပ်ပြီး စကားကို တစ်လုံးချင်းစီပြောသည်။ “မင်းက တကယ်ပဲ ကိုယ့်ကိုကူညီပေးချင်တာလား”
စုကျီဆွေ့က ခေါင်းကို အဆက်မပြတ်ငြိမ့်ပြသည်။
“ဟုတ်ပြီလေ”
ကုယီလန်က bookmarkကို လွှင့်ပစ်ပြီး မျက်လုံးတစ်ချက်လှန်ကြည့်ကာ ခပ်ယဲ့ယဲ့ရယ်ပြသည်။
“မနက်ဖြန် ငါအိမ်မှာ နေ့လည်စာလာစားမယ်။ ငါ့အတွက် ပါဆယ်ကို အိမ်ရှေ့မှာ ထွက်ယူပေး”
“ဟမ်?”
“မနက်ဖြန်ဆို..အန်တီ”
ထိုအခြေအနေကို အကောင်းဆုံးတုံ့ပြန်ရန် သူကြိုးစားနေမိသည်။ ပြန်ပြောရမည့် စကားလုံးများကို ရွေးချယ်ရုံသာမက သူ၏ လက်သေးသေးလေးဖြင့် ဟင်းချက်သည့်ပုံစံကို လုပ်ပြနေသည်။
သူ၏ စကားနှင့် လုပ်ပြသည့် အမူအရာကို ကြည့်ပါက သူပြောချင်သည့်စကားသည် ရှင်းရှင်းလင်းလင်း မြင်ရသည်။ “အရသာရှိတဲ့ ဟင်းတွေချက်ကျွေးတဲ့ အန်တီရှိပါရက်နဲ့ ဘာကြောင့် ဆိုင်ကနေ ပါဆယ်ဝယ်စားမှာလဲ” ဟူသော စကားဖြစ်သည်။
သူ၏ နှလုံးခုန်သံများမြန်ဆန်လာသဖြင့် ကုယီလန်၏ ဖုန်းတွင် “ပီ ပီ ပီ” ဟူသော သတိပေးချက် သုံးချက် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
ကုယီလန် ပြုံးလက်စအပြုံးကိုရပ်ပြီး သူ၏ နဂိုမူလ ခပ်တည်တည်ပုံစံသို့ ပြန်ပြောင်းလိုက်သည်။ သို့သော် သူ့အသံတွင်မူ ရွှင်ပျပျလေသံပါနေသည်။
“မနက်ဖြန်က အပြည်ပြည်ဆိုင်ရာပါဆယ်ဝယ်စားတဲ့နေ့လေ”
“ဟမ်?”
သို့သော် ကတိက ကတိသာ ဖြစ်သည်။ ယခုအချိန်၌ သူ့အနေဖြင့် မည်မျှတွန့်ဆုတ်နေစေကာမူ ရှက်ရွံ့နေသော စုကျီဆွေ့က သူ့အား မည်သည့်စကားတစ်ခွန်းမှ ပြန်မပြောနိုင်ပေ။
မနက်ဖြန် သူ့ကိုယ်သူ တစ်လက်မမှ မပေါ်စေရန် ဦးထုပ်၊ နှာခေါင်းစည်းနှင့် နေကာမျက်မှန်ကို ဝတ်ပြီး ပစ္စည်းလာပို့သည့် လူနှင့် မျက်နှာချင်းဆိုင်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
“မင်း ဒီနေ့ထဲက ထွက်ပြေးဖို့ ကြိုးစားနေတာလား”ကုယီလန်က မျက်ခုံးတစ်ဖက်ကိုပင့်၍ သမားရိုးကျ မေးခဲ့သည်။
စုကျီဆွေ့က အိမ်တော်ထိန်းသတိပေးထားသော “အပြစ်ဒဏ်” ဟူသည့် စကားလုံးကို သတိရပြီး ခေါင်းခါပြသည်။
“မင်းရဲ့ အခန်းရှေ့မှာ စောင့်ကြည့်စက်တွေတပ်ထားတာမို့ ကိုယ့်ဖုန်းထဲကနေ အကုန်မြင်နေရတယ်။ မင်းက ထွက်ပြေးဖို့ကြိုးစားနေတယ်လို့ ကိုယ့်စိတ်ထဲထင်လာရင် အရှေ့တံခါးမကြီးကို အဝေးထိန်းစနစ်နဲ့ ပိတ်ပစ်မယ်”
စုကျီဆွေ့ မည်သည်မှ ပြန်မပြောနိုင်တော့ပေ။ အခြေအနေများက အရင်ကထက် ပိုမိုခက်ခဲလာသည်။ “ကိုယ်က မအားလပ်နေတော့ အချိန်ပြည့်တံခါးပိတ်ထားလိုက်မယ်”
ကုယီလန်က သူ့ကို ငုံ့ကြည့်ကာ အသံကို နှိမ့်ပြီးပြောသည်။ “ကိုယ်တံခါးပိတ်ထားလိုက်ပြီဆိုရင် မင်းဆီကို WeChatကပဲ စာပို့တော့မယ်”
“ကိုယ်က မင်းအဲ့လိုလုပ်တာကို မိခဲ့ရင် ဘာလုပ်မလဲဆိုတာ သိချင်တယ်မလား။ စမ်းကြည့်လိုက်လေ”
ကုယီလန်က မျက်လုံးကို မှေးပြကာ ဟန်လုပ်ပြီးရယ်ပြသည်။
နောက်တစ်နေ့ နေ့လည်တွင် ကုယီလန်နှင့် စုကျီဆွေ့သည် ဧည့်ခန်းထဲရှိ ထမင်းစားပွဲ၌ ထိုင်နေကြသည်။ အိမ်တော်ထိန်းက သူတို့နှစ်ဦးအတွက် ရေတစ်ခွက်ဆီ ယူလာပေးသည်။ အနေအထားသည် အနည်းငယ်ထူးဆန်းနေသည်။ နေ့လည်စာစားချိန်ရောက်သော်လည်း စားပွဲပေါ်ဝယ် ဟင်းတစ်ပွဲမှ မတွေ့ရသေးပေ။
စုကျီဆွေ့သည် လွယ်အိတ်ကို အနောက်တွင်လွယ်ထားလျက် ထိုင်ခုံတွင် မသက်မသာထိုင်နေသည်။ သူသည် ဂနာမငြိမ်ဖြစ်ကာ လက်ကိုဆွဲဆိတ်နေသည်။ ရံဖန်ရံခါ အရှေ့တံခါးသို့ ကြည့်လိုက် ကုယီလန်အား လှမ်းကြည့်လိုက် လုပ်နေသည်။ ကုယီလန်က ထိုင်ခုံတွင်ထိုင်၍ ကောင်လေးအား တိတ်တဆိတ် ထိုင်ကြည့် နေသည်။
သူ၏ စိတ်လှုပ်ရှားမှုသက်သာစေရန် စုကျီဆွေ့ ပြတင်းပေါက်အား လက်ညှိုးထိုးပြကာ အော်ပြောသည်။ “ဟမ် နေ့လည်တောင်ရောက်နေပြီကို… လက အခုထိရှိနေတုန်းပဲ”
စုကျီဆွေ့သည် မနေ့ညက အိမ်တော်ထိန်း ပြောပြခဲ့သော ကုယီလန်၏ လျှို့ဝှက်ဇာတ်ကြောင်းဖြစ်သော လအကြောင်းကို ပြောနေခြင်းဟု သူမသိလိုက်မီ အိမ်တော်ထိန်းသည် ခေတ္တမျှ အံ့အားသင့်ခဲ့ရသည်။ ထိုအကြောင်းကို ကောင်လေး ချက်ချင်းပြောလိုက်မည်ဟု အိမ်တော်ထိန်း မထင်ထားပေ။
အရမ်းမိုက်တဲ့ အကျိုးသက်ရောက်မှုပါလား!
သူ့စိတ်ထဲမှ စုကျီဆွေ့အား လက်မထောင်ပြပြီး ချီးကျူးနေမိသည်။ ထိုသို့ လျင်လျင်မြန်မြန်စဉ်းစားနိုင်မှုနှင့် အဓိပ္ပါယ်နှစ်ခုပေါင်းစပ်လျှင် လိုချင်သည့်အချက်ကို တိုက်ရိုက်ထိခဲ့သည်။ ကုယီလန်၏ နှစ်ရှည်လများ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကို ဦးတည်ပြီး သူ့နှလုံးသားအား အနိုင်သိမ်းပိုက်နိုင်မည့် နည်းလမ်းကို အသုံးပြုခြင်းကား အလွန်ကောင်းမွန်ပေသည်။
ကုယီလန် မျက်မှောင်အနည်းငယ်ကြုံ့လိုက်သော်လည်း ချက်ချင်းတုံ့ပြန်သည်။ “လရဲ့ ဝင်ရိုးက တချို့ရက်တွေမှာ နေရောင်ကို အလင်းပြန်ခွင့်ပြုတယ်လေ။ နေရောင်ခြည်က တိမ်ပြာပြာကို ထိုးဖောက်ပြီး ထွန်းလင်းနိုင်တာမလို့ ငါတို့မြင်နေရတာ”
“…”
“…”
စုကျီဆွေ့ နှင့် အိမ်တော်ထိန်းတို့ နှစ်ယောက်လုံး သူ့တုံ့ပြန်မှုကြောင့် အံ့အားသင့်ခဲ့ရသည်။
“လလေ”
စုကျီဆွေ့သည် သတ္တိအကုန်ထုတ်၍ တဖန်ထပ်ပြောသည်။
“လက တကယ်ကြီး စစ်မှန်တာပဲ”
ကုယီလန်သည် မျက်မှောင်ကြုံ့ပြီး စိတ်ရှုပ်ထွေးနေသည့် ကောင်လေးကို တစ်ချက်လှမ်းကြည့်သည်။ ထို့နောက် အပြစ်လုပ်ထား၍ မလုံမလဲဖြစ်နေသော အိမ်တော်ထိန်းအား လှမ်းကြည့်ကာ မေးသည်။
“ခင်ဗျား သူ့ကို ဘာတွေပြောထားသေးလဲ”
အိမ်တော်ထိန်းသည် သူဌေးနှင့် အကြည့်ချင်းဆုံနိုင်ရန် အလွန်အမင်း ကြိုးစားနေရသည်။ သို့သော် သူက သူဌေး၏ မေးခွန်းကို ပြန်ဖြေရတော့သည်။ “သူဌေး မှတ်မိမလားတော့မသိဘူး။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက လရောင်မရှိတော့ဘူးဆိုပြီး ကျွန်တော့်ကို တစ်ခါပြောပြဖူးတယ်။ သူဌေးစိတ်ထဲ အဲ့အဖြစ်အပျက်က ကျန်နေသေးတယ်ထင်လို့ အဲ့အကြောင်းကို ကျွန်တော်ဘယ်တော့မှ မမေ့ဘူး”
ကုယီလန်ထံမှ မည်သည့်စကားမှမထွက်လာဘဲ အသံတိတ်နေသည်။
သူဌေး၏ မျက်ဝန်းအတွင်းမှ ဇဝေဇဝါဖြစ်နေခြင်းကို အိမ်တော်ထိန်း မြင်နေရသည်။ ထိုအရာသည် ယခင်က စိတ်ဒဏ်ရာကြောင့်မဟုတ်ဘဲ သူဌေးကိုယ်တိုင် ထိုအဖြစ်အပျက်ကို မမှတ်မိခြင်း ဖြစ်နိုင်သည်။
အိမ်တော်ထိန်းသည် သူမှတ်မိလာစေရန် သဲလွန်စနောက်တစ်ခု ထပ်ပေးသည်။ “အဲ့အချိန်တုန်းက သူဌေးက အထက်တန်းပထမနှစ်ပဲရှိသေးတာ။ ကျွန်တော်တို့တွေ အရင်အိမ်မှာ နေကြတုန်းကလေ။ အဲ့ညတုန်းက သူဌေးက ပြတင်းပေါက်ကို ငေးကြည့်ပြီး ပြောခဲ့တာ”
ကုယီလန် ခပ်ကြာကြာ တွေးတောနေမိသည်။ နောက်ဆုံးတွင်မူ သူသည် ခပ်ရေးရေး မှတ်မိလာပုံရသည်။ ထိုအဖြစ်အပျက်ကို သူ့မျက်လုံးထဲ ပြန်မြင်ပြီး ရယ်မိတော့သည်။
“ကျွန်တော်က ဒီတိုင်းပြောလိုက်တာပါ။ အဲ့တာကို ခင်ဗျားက အခုချိန်ထိ မှတ်မိနေသေးတာလား”
ထိုစကားကို ကြားရချိန်တွင် အိမ်တော်ထိန်း ခါးကိုမတ်နေအောင်ရပ်ပြီး သူ၏ရင်ဘတ်အား ကြွားဝါသည့်ပုံစံဖြင့် ပုတ်ပြသည်။ သူ၏ သစ္စာရှိမှုနှင့် စိုးရိမ်ပူပန်တတ်မှုအား ဂုဏ်ယူဝံ့ကြွားစွာ လှစ်ဟပြနေခြင်း ဖြစ်သည်။
စုကျီဆွေ့သည်လည်း အိမ်တော်ထိန်း၏ လုံးဝိုင်းဝိုင်းဗိုက်နားတွင် လက်မထောင်ပြသည်။
ဟိုးလွန်ခဲ့သောနှစ်များမှ စကားတစ်ခွန်းအား မှတ်မိနေခြင်းက အိမ်တော်ထိန်းသည် မစ္စတာကုကို အမှန်တကယ်ဂရုစိုက်သည်ဟု ဆိုနိုင်သည်။
ကုယီလန်သည် ခေတ္တမျှ အသံတိတ်နေပြီးနောက် အသံတိုးတိုးဖြင့် ပြောသည်။
“ကျွန်တော်ရှင်းပြမယ်။ အဲ့စာကြောင်းက အဲ့ကာလတုန်းက quantum သီအိုရီသမားတွေရဲ့ နှုတ်ဖျားမှာ နာမည်ကြီးနေတာ။ “ငါတို့သာ လကိုမကြည့်နေဘူးဆိုရင် လဆိုတာမရှိတော့ဘူး” ဆိုတဲ့ စကားပေါ့ ။ ဒါက ကိုပင်ဟေဂင် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ကြည့်ရှုသူရဲ့ အကျိုးသက်ရောက်မှုကို လှောင်ပြောင်ပြောဆိုတဲ့ သရော်စာလိုပေါ့”
သူ့စကားမဆုံးမီတွင် စုကျီဆွေ့သည် လက်မထောင်ပြခြင်းကို ပြန်ရုပ်သိမ်းပြီး ထိုင်ခုံ၌ မတ်မတ်ပြန်ထိုင်နေသည်။ စုကျီဆွေ့သည် အရှေ့တည့်တည့်သို့ စိုက်ကြည့်နေပြီး ဤကိစ္စသည် သူနှင့် မဆိုင်သည့်အတိုင်း ပြုမူနေသည်။
အိမ်တော်ထိန်းသည် နေရာ၌ မလှုပ်မယှက်ရပ်နေသည်။ သူ၏လက်များသည် ရင်ဘတ်ကို ထုနေသည့်ပုံစံအတိုင်းရှိနေသည်။ မတ်မတ်ရပ်နေသော သူ၏ခါးရိုးသည် မမြင်ရသောအလေးချိန် တစ်ခုအောက်ဝယ် ရုတ်တရက် ချိုးဖျက်ခံလိုက်ရသည့်အတိုင်း ခံစားရသည်။
“ဖြစ်လာတဲ့ အရာမှန်သမျှကို ရင်ဆိုင်ပါ” ဆိုသော အကြောင်းနှင့် ပတ်သက်၍ သူ မည်သည်မှ မသိပေ။
သို့သော် ကုယီလန် ယခင်ကပြောခဲ့သည့်အရာသည် အမှန်တကယ်တွင် ဟာသတစ်ခုဖြစ်နေခြင်းကို သူ့အနေဖြင့် ယခုမှ နားလည်သဘောပေါက်တော့သည်။
ယခုမူ သူသည် ဟာသဖြစ်ခဲ့ရသည်။
“…”
“…”
သူ နှစ်ပေါင်းများစွာထမ်းပိုးလာခဲ့ရသော ခံစားချက်များသည် ကုယီလန်ဘက်မှ သာမန်ပြောလိုက်သည့် စာပေဆိုင်ရာ ဟာသတစ်ခုဖြစ်နေခဲ့ခြင်းကို ယခုမှ သိခဲ့ရသည်။
အိမ်တော်ထိန်းသည် ငိုရမလိုရယ်ရမလို ဖြစ်နေသည်။ သူသည် ထိုနေရာ၌ မလှုက်မယှက်ရပ်ပြီး သူ့နှုတ်ခမ်းများသည် ကသိကအောက်ပုံစံဖြင့် လှုပ်နေသည်။ ထိုနေရခက်သော တိတ်ဆိတ်မှုသည် ဧည့်ခန်းတစ်ခွင် ပျံ့နှံ့သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အရှေ့တံခါးမှ ဘဲလ်တီးသံက ထိုတိတ်ဆိတ်မှုအား ဖြိုခွင်းခဲ့သည်။ ဖိအားသည် သိသိသာသာ ရွေ့လျားလာသည်။ စုကျီဆွေ့သည် သူ၏ ခေါင်းကို ဆက်ခနဲ လှည့်ကြည့်ပြီး သေစေနိုင်သော အန္တရာယ်တစ်ခုနှင့် ကြုံတွေ့နေရသကဲ့သို့ တံခါးဝထံ စိုက်ကြည့်နေခဲ့သည်။
“သွားလေ”
ကုယီလန်သည် စားပွဲပေါ်သို့ သူ၏လက်ချောင်းလေးများဖြင့် ခပ်ဖွဖွခေါက်ပြီး ပြောသည်။ အရှေ့တွင်ဖြစ်ပျက်ခဲ့သော ရှက်စဖွယ်ကိစ္စအား ထပ်မပြောသော်ငြား အိမ်တော်ထိန်းကို သတိပေးသည့် အကြည့်တစ်ချက် လှမ်းကြည့်ခဲ့သည်။
စုကျီဆွေ့သည် ခေါင်းညိမ့်ပြပြီး တံခါးထံသို့ ဦးတည်ပြီး လျှောက်သွားခဲ့သည်။ သူ လမ်းလျှောက်နေသော ပုံစံသည် သတ်ကွင်းသို့ သွားနေရသကဲ့သို့ တစ်လှမ်းချင်းစီ လှမ်းနေသည်။ ကုယီလန် အဘယ်ကြောင့် သူ့အား ပါဆယ်ထွက်ယူခိုင်းရသနည်းကို သူနားမလည်ခဲ့ပေ။ သို့သော် သူ့ကို ကူညီပေးခြင်းသည် သူ၏ချစ်ခင်မြတ်နိုးမှုအား တိုးမြှင့်ပေးနိုင်သည်။ ထိုသို့ဖြစ်လာခဲ့လျှင် သူတို့နှစ်ဦး လက်ထပ်နိုင်တော့မည်။
သူသည် တံခါးရှေ့၌ မတ်တပ်ရပ်ပြီး သက်ပြင်းတစ်ချက်ချသည်။ ထို့နောက် ခြေဖျားထောက်ပြီး တံခါးပေါ်ရှိ ချောင်းကြည့်သည့်အပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်သည်။
ထို့နောက် မြင်လိုက်ရသော မြင်ကွင်းကြောင့်သူ၏ ဒူးများပျော့ခွေပြီး လဲကျမတတ်ဖြစ်သွားသည်။ တံခါးအပြင်ဘက်တွင် အဘယ်ကြောင့် ပစ္စည်းပို့သမား လေးယောက်၊ ငါးယောက်တောင် ရှိနေရသနည်း။
သူသည် စားပွဲ၌ တည်တည်ငြိမ်ငြိမ်ထိုင်နေသော ကုယီလန်အား တစ်ချက်လှမ်းကြည့်သည်။ ကုယီလန်သည် နှုတ်ခမ်းထောင့်များကွေးတက်လာသည်အထိ ပြုံးပြသည်။
“ငါ အရင်က မှာတာထက် ပိုပြီး များများ မှာထားမိတယ်”
စုကျီဆွေ့၏ ပါးနှစ်ဖက်သည် ဘောလုံးလေးနှစ်လုံးသဖွယ် ဖောင်းတက်လာသည်။ သူသည် ဆောင့်ကြောင့်ထိုင်ပြီး လွယ်အိတ်ကိုချွတ်သည်။ ထို့နောက် သူ၏ တန်ဆာပလာ အစုံအလင်ကို ထုတ်လိုက်သည်။ သူယူလာခဲ့သမျှ နှာခေါင်းစည်း၊ မျက်မှန်၊ ဦးထုတ်တို့ကို အပြည့်အစုံဝတ်ဆင်ပြီး သူ၏ မျက်နှာသေးသေးလေးကို အပြည့်အဝကာကွယ်လိုက်သည်။
သူ့ကိုယ်သူ စိတ်ခွန်အားပေးသည့် စကားကို တိတ်တဆိတ်ပြောပြီးနောက် တံခါးကို ဖွင့်ခဲ့သည်။ ပစ္စည်းပို့သမားများသည် ဝင်ပေါက်နားတွင် ပြည့်နှက်နေသည်။ သူ တံခါးဖွင့်လိုက်သည့်အချိန် သူတို့၏ အကြည့်များသည် သူ့ထံ ကျရောက်လာသည် ။
ကုယီလန်သည် ကောင်လေး၏ တုံ့ပြန်မှုများကို အသံတိတ် အကဲခတ်နေမိသည်။
စုကျီဆွေ့သည် အစားအစာပါဆယ်ကို တောင့်တောင့်ကြီးရပ်ပြီး ယူနေခြင်းသည် အသက်မရှိသည့် စက်ရုပ်တစ်ရုပ်နှင့် တူနေသည်။ သူ့ကို ပစ္စည်းပို့သမားက ရင်းရင်းနှီးနှီးပုံစံဖြင့် ပုခုံးပုတ်သော်ငြား ကောင်လေးသည် စိတ်မသက်မသာနှင့် အထူးအဆန်းဖြစ်ပြီး ဆက်လက်ရပ်နေသည်။ သူ့ပုံစံသည် ထွက်ပြေးချင်နေသော်လည်း သူ့ခြေထောက်များက တုပ်တုပ်မှမလှုပ်နိုင်ဘဲ မည်သည့်စကားတစ်ခွန်းမှ ပြန်မပြောနိုင်သည့် ပုံစံပေါက်နေသည်။
“မင်းက လူ တကယ်ကြောက်တာပါလား”
ကုယီလန် မျက်ခုံးတစ်ဖက်ကို ပင့်တင်လျက် သူ့တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
ထိုအကြောင်းကို ယခင်က သူနားမလည်ခဲ့ရခြင်းမှာ ကောင်လေးက သူ့အား ကလပ်၌ မကြောက်မဝံ့နှင့် စကားပြန်ပြောရဲသောကြောင့် ဖြစ်မည်။ ကုယီလန်မှာ မကောင်းသတင်း ကျော်စောခြင်းတစ်ခုရှိသည် ။ သူ့ကို စကားပြောရန် သို့မဟုတ် ထိပ်တိုက်တွေ့ရန် မဆိုထားနှင့်။ သူ မည်သည့်နေရာရောက်ရောက် လူများက သူ့အား ရှောင်ကြသည်။
ကောင်လေးက အကြောက်အလန့်မရှိဘူးဟု ယခင်တုန်းက ထင်ခဲ့ဖူးသည်။ အိမ်တော်ထိန်းလည်း အံ့အားသင့်နေသည်။ ကောင်လေး၏ သူတစ်ပါးနာကျင်ဒုက္ခရောက်မှုအပေါ်သာယာခြင်း ရှိမရှိဆိုသော အချက်အား ပထမဆုံးအကြိမ် မေးခွန်းထုတ်မိသည်။
သခင်လေးက သခင်လေးကုကို တစ်နေ့နေ့တွင် လက်ထပ်လိမ့်မည်ဟု သူ့စိတ်ကြိုက်မျှော်လင့်မိသော်ငြား သူကမူ အိမ်တော်ထိန်းတစ်ဦး၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်။ ထို့ကြောင့် သူက မဝံ့မရဲမေးမိသည်။
“သူထွက်ပြေးသွားမှာဆိုးလို့ အော်ဒါတွေကို ဖျက်ပစ်လိုက်ရမလား”
“မလိုပါဘူး။ သူထွက်ပြေးရင်တောင် ဝေးဝေးကိုမပြေးနိုင်ပါဘူး” ကုယီလန်က ညင်ညင်သာသာ ပြန်ဖြေသည်။
“ပြီးတော့ သူ့ကိုအပြစ်ပေးဖို့ အကြောင်းပြချက်တစ်ခု ကျွန်တော်လိုအပ်နေတာ”
“သွား..သူ့ကို သွားခေါ်လာခဲ့”
သူ၏ သူဌေးသည် စိတ်နှလုံးသား နူးညံ့ပြီး ကောင်လေးထိခိုက်စေရန် မလုပ်ပါ ဆိုသောအချက်ကို အိမ်တော်ထိန်းက သိနေသည်။
အမိန့်ရသည်နှင့် ချက်ချင်းဆိုသလို တချိန်လုံး မတ်တပ်ရပ်ပြီး နေနေသော အိမ်တော်ထိန်းသည် ကြောက်လန့်ပြီး ကတုန်ကရီဖြစ်နေသော စုကျီဆွေ့အား ကူညီရန် အလျင်အမြန် ပြေးထွက်လာခဲ့သည်။
ကုယီလန်သည် ခေါင်းကိုငုံ့ပြီး သူ့ဖုန်းထဲတွင် ရှိနေသော WeChatကို ဖွင့်လိုက်သည်။
သူ့အတွက် သက်သေအထောက်အထားရှိဖို့ လိုအပ်သည်။ လူကြောက်တတ်သောလူမျိုးက တင်တတ်သော ပို့စ်များကို ကြည့်ရန် စုကျီဆွေ့၏ မူလWeChatကို ဖွင့်ကြည့်သည်။
လွန်ခဲ့သောတစ်ပတ်ခန့်တွင် “On the way” ဟူသော စာသားကို မည်သည့်ပုံမှ မတွဲဘဲ တင်ထားခဲ့သည်။ ထိုအချိန်ကို ကြည့်ကည အကဲခတ်ကြည့်လျှင် သူအိမ်ပြောင်းသည့် နေ့ဖြစ်နိုင်သည်။
လွန်ခဲ့သောဆယ်ရက်ခန့်တွင် ယုန်ကလေးခုန်ပေါက်နေသောပုံဖြင့် “Happy” ဆိုသော စာကို တွဲတင်ထားခဲ့သည်။ ထိုနေ့သည် သူတို့နှစ်ဦး၏ blind date ဖြစ်နိုင်သည်။
လွန်ခဲ့သော တလခန့်က တင်ခဲ့သော ပို့စ်များကို ကြည့်နေမိသည်။ “ဘယ်သူကများ ငါ့ကားကို ခြစ်သွားတာလဲ။ သေစမ်းကွာ”ဟူသော ပို့စ်ကို ဓာတ်ပုံဖြင့် တွဲပြီး တင်ထားသည်။
ထိုအရာများကို ကြည့်ခြင်းဖြင့် မည်သည့်အထောက်အကူမှမရပေ။ သူသည် ထိုမူလအကောင့်ကို ပိတ်ပြီး စုကျီဆွေ့ ဖုန်းလဲပြီးနောက် ဖွင့်ထားသော WeChat အသစ်ကို ဖွင့်လိုက်သည်။
ပို့စ်တင်သည့်ပုံစံသည် ဆင်တူနေသည်။ မကြာသေးမီကမှ “Like”ဟူသော စာရေးပြီး ပို့စ်တစ်ခုတင်ထားသည်။ ထိုပို့စ်အား မနေ့နေ့လည်ခင်းတွင် တင်ထားခြင်းဖြစ်ပြီး ပုံတစ်ပုံ ပါဝင်သေးသည်။
ကုယီလန်သည် ထိုပုံကို ထိပြီး ကြည့်သောအခါ ပြိုင်ပွဲနှင့် ပတ်သက်သည့်စာအုပ်လေး ဖြစ်နေကြောင်း တွေ့ရသည်။ ထိုစာအုပ်ပေါ်တွင် အထက်တန်းကျောင်းသားဘဝ သူ့လက်ရေးဖြင့် ရေးထားသော စာများ ရှိနေသည်။ ပုစ္ဆာနှင့် ပတ်သက်သည့် ဖြေရှင်းနည်းမျိုးစုံကို ရေးချထားခြင်းဖြစ်သည်။ သူသည် ဖတ်စာအုပ်က တွက်ပြထားသော ဖြေရှင်းနည်းကို မှင်နီဖြင့် (x)ပုံစံတောင်မှ ခြစ်ထားခဲ့သေးသည်။
ထိုအချိန်က သူသည် ငယ်ရွယ်ပြီး မောက်မာသည့်ပုံ အနည်းငယ်ပေါ်ပြီး ထိုပုံစံကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။
သူသည် ဖတ်စာအုပ်ထဲတွင် မမှန်ကန်သော ဖြေရှင်းနည်းကို တွေ့ပါက အမှားခြစ်ခြစ်ပြီး ထိုအရာကို အမှတ်အသားပြုထားခဲ့သည်။ ယခုတော့ ထိုအပြုအမူများသည် ကလေးဆန်ပြီး လုပ်ရန်မလိုသောအရာများဟု ထင်မြင်လာသည်။
နှစ်ပေါင်းများစွာဖြတ်သန်းလာပြီးနောက် သူရရှိခဲ့သည့်အရာများရှိသကဲ့သို့ ဆုံးရှုံးခဲ့ရသည့် အရာများစွာလည်းရှိသည်။ သူသည် ကိစ္စများစွာကို အာရုံစိုက်ခြင်းကို ရပ်တန့်ခဲ့သည်။ ကုယီလန်သည် လက်ဖျားထိပ်ကို နှိပ်ပြီးနောက် ခံစားချက်မဲ့စွာ ထိုပို့စ်မှ ထွက်လာခဲ့သည်။
WeChat အကောင့်အသစ်ဖွင့်ချိန်မှစပြီး စုကျီဆွေ့ ထိုပို့စ်တစ်ခုသာ တင်ထားခဲ့သေးသည်။ ကုယီလန်သည် မျက်မှောင်အနည်းငယ်ကြုံ့ပြီး သူသိထားသမျှ ကောင်လေးအကြောင်း အနည်းငယ်ကို အခြေခံကာ အဖြေထုတ်ရန် ကြိုးပမ်းနေစဉ်တွင် စုကျီဆွေ့၏ WeChat၌ တင်ထားသော statusအား သူအာရုံစိုက်မိသည်။
[လူတွေကိုကြောက်ဖို့မွေးဖွားလာတာပါ။ တောင်းပန်ပါတယ်]
မည်သည့်ဖြေရှင်းချက်မှ ထပ်မံမလိုအပ်တော့သည်အထိ အဓိပ္ပါယ်က ရှင်းလင်းနေသည်။ အဖြေမှန်တခုကို လှစ်ဟပြလိုက်သကဲ့သို့ သူ့အတွေးထဲသို့ ညင်ညင်သာသာ ဝင်ရောက်လာသည်။
…