Chapter 18.2
Viewers 1k

အပိုင်း (၁၈) အပိုင်းခွဲ နှစ်

 

ပုစ္ဆာများအား ဖြေရှင်းသည့် စာအုပ်များက တည်းဖြတ်မှုအသစ်နှင့် ထွက်လာဆဲဖြစ်သော်ငြား အဓိက ပြဿနာမှာမူ မပြောင်းလဲဘဲ တည်ရှိနေသေးသည်။ ထိုစာအုပ်များသည် လွန်ခဲ့သောရာစုနှစ်မှ သီအိုရီများအပေါ် အခြေခံထားခြင်းဖြစ်သည်။

 

 

သူက စာအုပ်ကိုလှန်လှောကြည့်သောအခါ နှစ်ပေါင်းများစွာ အခက်ကြုံခဲ့သော ပုစ္ဆာတစ်ပုဒ်ကို ရှာတွေ့ခဲ့သည်။ သို့သော် ထိုစာမျက်နှာတွင် ကုယီလန်က မည်သည်မှ မရေးမှတ်ထားပေ။ သူ့အတွက် ထိုပုစ္ဆာက မည်သည်မျှ မှတ်စရာမလိုအောင် လွယ်ကူသဖြင့် အပင်ပန်းခံပြီး မရေးထားခြင်း ဖြစ်မည်။

 

 

စုကျီဆွေ့ ထိုပုစ္ဆာကို သေချာအာရုံစိုက်ပြီး ကြည့်ကာ မည်သို့ဖြေရှင်းရမည်နည်းဟု တွေးတောနေသည်။ သို့သော် သူမည်သို့ပင်စဉ်းစားပါစေ အဖြေမထွက်လာပေ။ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သော ကျောင်းသားများက မည်သူ့အကူအညီမှမယူဘဲ ပြဿနာကို ကိုယ်ကိုယ်တိုင် ဖြေရှင်းလိုကြသည်။ ယခုတွင်မူ စုကျီဆွေ့ သူ့အနေအထားအား ကောင်းမွန်စွာ နားလည်သွားလေပြီ ။ ကုယီလန်က သူ၏ နည်းပြအဖြစ်လုပ်ပေးမည်ဟု ပြောထားခဲ့သောကြောင့် ထိုပုစ္ဆာအား ဓာတ်ပုံရိုက်ပြီး ဝီချက် (We Chat) မှတစ်ဆင့် ပို့လိုက်သည်။

 

 

ပုစ္ဆာများကို ဖြေရှင်းရခြင်းကား စွဲမက်ဖွယ်ကောင်းပေသည်။

 

 

ကုယီလန်ထံမှ စာပြန်လာသည်ကို စောင့်နေလျက် စုကျီဆွေ့က နောက်ထပ်ပုစ္ဆာတစ်ပုဒ်ကို ဖတ်ကြည့်နေသည်။ အိမ်တော်ထိန်းက သူအာရုံစိုက်နေသည့်အရာကို အနှောင့်အယှက်မဖြစ်စေဘဲ သူ့နံဘေးဝယ် ငြိမ်ငြိမ်လေးရပ်ကာ ကြည့်နေသည်။ 

 

 

မနက်အလင်းရောင်က ခပ်ဖျော့ဖျော့လေး ဖြစ်နေသည်။ ဘေးတွင် ဖုန်မသုတ်ဘဲ ဤအတိုင်းပစ်ထားသော စာအုပ်စင်များအား ဖုန်သုတ်ရန် ဆုံးဖြတ်လိုက်သည်။ ခေတ္တမျှအကြာတွင် အိမ်တော်ထိန်းက အနောက်သို့ လှမ်းကြည့်သည်။ 

 

 

ကောင်လေးက ကော်ဇောပေါ်ထိုင်လျက် စာရွက်ပေါ်၌ တွက်ချက်ထားသည့် ပုစ္ဆာများအား သေချာအာရုံစိုက်၍ ကြည့်နေသည်။ နေရောင်ခြည်က သူ့အပေါ်သို့ကျရောက်နေပြီး ရွှေရောင်ခပ်ဖျော့ဖျော့အလင်းတန်းကား သူ့အရိပ်နားတွင် ကျနေလေသည်။

 

 

ထိုအခိုက်အတန့်တွင် အိမ်တော်ထိန်း၏ အာရုံများက ဟိုးယခင်နှစ်များထံ ပြန်ရောက်သွားပြီး ဝမ်းနည်းလာသည်။

 

 

ယခင်အချိန်က လူပျိုပေါက်စ ကုယီလန်သည်လည်း ထိုခုံပေါ်၌ထိုင်ကာ ပုစ္ဆာများအား သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းလေ့ရှိသည်။ သူက မည်သည့်အရာကိုမဆို ပေါ့ပေါ့ပါးပါး လုပ်နိုင်သဖြင့် တခြားလူများက သူ့အား ပါရမီရှင်ဟု ခေါ်ဆိုကြသည် ။ သူ့အကြောင်းသိသူများက သူ့ကို မချီးမွမ်းဘဲ မနေနိုင်ပေ။

 

 

သို့သော် ကုယီလန်၏ အဖက်ဖက်မှ ပြီးပြည့်စုံလှသော ပုံရိပ်၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ဖိအားတစ်ခုက ကုယီလန်၏ ကိုယ်ပိုင်ဘဝပေါ် သက်ရောက်နေသည်ကို အိမ်တော်ထိန်း အသိဆုံးဖြစ်သည်။ ကုယီလန်က အစဥ်အမြဲ အောင်နိုင်သူဖြစ်နေသော်လည်း ခြေလှမ်းတစ်ချက် မှားလိုက်သည်နှင့် ဒုက္ခတွင်းထဲ သက်ဆင်းရပေလိမ့်မည်။ သူ့အတွက် အနိုင်နှင့်အရှုံးနှစ်ခုသာ ရွေးချယ်စရာရှိနေခြင်းကြောင့် ကုယီလန်က ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့ရသည်။

 

ကုယီလန်၏ အဖြစ်ကို ဘေးမှရပ်ကြည့်လျက် အိမ်တော်ထိန်း ရင်မောလာရသည်။ သို့သော် သူ့အနေဖြင့် ကူညီပေးနိုင်သည်က မည်သည်မျှ မရှိနေပေ။ သူကမူ သခင်လေးကုဘေးတွင် ညနက်သန်းခေါင်အထိနေ၍ လိုအပ်သည့် ဝေယျာဝစ္စများအား လုပ်ကိုင်ပေးရသည် ။ သူတတ်နိုင်တာက ဒါပဲရှိတယ် မဟုတ်ပါလား… ။ သူက နေ့လည်နေ့ခင်း တရေးတမော အိပ်နိုင်သေးသည်။ ကုယီလန်မှာမူ မျက်လုံးနှစ်လုံးပွင့်သည်နှင့် ဘက်ပေါင်းစုံမှ ပြဿနာများက ဆီးကြိုနေသည်။

 

 

ညတစ်ညတွင် ကုယီလန်က ပြတင်းပေါက်မှ အပြင်ဘက်သို့ ငေးကြည့်နေသည်ကို အိမ်တော်ထိန်း မြင်ဖူးသည် ။ ကုယီလန်က စို့နစ်ကြေကွဲနေသောအသံဖြင့် “လလည်း ကွယ်ပျောက်သွားပြန်ပြီ” ဟု ပြောသည်ကိုလည်း ကြားဖူးသည်။

 

ထိုအချိန်တွင် အိမ်တော်ထိန်းက တစ်စုံတစ်ရာအား စဉ်းစားမိသည်။ တခြားသူများ၏ ပြောစကားအရ ‘ လဟူသည် နှလုံးသားကို ကိုယ်စားပြုသည် ’ ဟူ၍ ဖြစ်သည် ။ လက လုံးဝမရှိတော့ဘူးဟု တစ်စုံတစ်ယောက်က ယုံကြည်သောအခါ မည်သည့်အဓိပ္ပါယ်ဖြစ်နိုင်မည်နည်း ။ ဝမ်းနည်းကြေကွဲမှုနှင့် နာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။ အိမ်တော်ထိန်း ထိုအကြောင်းကို တွေးတောင်မတွေးရဲပေ။

 

 

ထိုနေ့ည၌ ဟိုးအဝေးကြီးတွင် ရှိနေသော လအား တိုင်တည်၍ “သခင်လေးကို ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေနိုင်အောင်လုပ်ပေးပါ” ဟူ၍ ဆုတောင်းဖြစ်ခဲ့သည်။ ယခုတွင် ကုယီလန် ကြိုးစားခဲ့သမျှ အရာထင်ခဲ့ရုံသာမက သူထိန်းချုပ်ချင်ခဲ့သော အရာတိုင်းက သူ့လက်အတွင်း ရောက်နေလေပြီ ။

 

 

ဒီလိုအနေအထားထိရောက်အောင် ကြိုးစားခဲ့ရတာတွေက လွယ်တော့မလွယ်ကူနေပါ…

 

 

ထိုအချိန်များကို ပြန်တွေးမိကာ အိမ်တော်ထိန်း မျက်ရည်များပင် ဝဲတက်လာသည် ။ သူက ဒုတိယထပ်ရှိ လက်ဖက်ရည်ဖျော်ခန်းသို့ သွား၍ ရေနွေးကြမ်းတစ်ခွက်ယူလာကာ စုကျီဆွေ့ အနားတွင် ချထားလိုက်သည်။

 

 

ကောင်လေးက ပုစ္ဆာများကို အဖြေရှာနေလျက် “ကျေးဇူးပါ” ဟု ရေရွတ်လိုက်သည်။ “သခင်လေးက တကယ်ပဲ သခင်လေးကုယီလန်ကို လက်ထပ်မယ် မဟုတ်လား” အိမ်တော်ထိန်းက ပြုံးပြလျက် စုကျီဆွေ့အား ပြောသည်။ စုကျီဆွေ့ ချက်ချင်းပြန်မဖြေဘဲ စဉ်းစားလိုက်သေးသည်။ “အင်း ကျွန်တော် လက်ထပ်မှာပါ”

 

 

 

သူ့အဖြေအားကြားပြီး အိမ်တော်ထိန်းမှာမူ နှစ်ထောင်းအားရ ပြုံးမိသည်။ “သခင်လေးကုကို အနိုင်ရဖို့ မလွယ်ဘူးလို့ အားလုံးက ပြောကြတယ်။ သခင်လေး ကျေးဇူးကြောင့်နဲ့ သခင်လေးကုလည်း နူးနူးညံ့ညံ့ ဖြစ်လာနိုင်တာပဲ။ တကယ်တော့ သူက စိတ်လည်းနုတယ် နှလုံးသားလည်း နုပါတယ်”

 

 

စုကျီဆွေ့က သူပြောသည်အား နားမလည်သည့်ပုံဖြင့် ခေါင်းကို တဗျင်းဗျင်းကုတ်နေသည်။ “သူဝမ်းနည်းနေတဲ့အချိန် သခင်လေးက အနားမှာနေပေးပါ ။ သူ့ကို ရင်ထဲအသည်းထဲကနေပြီး နှစ်နှစ်ကာကာ နှစ်သိမ့်ပေးပါ”

 

 

အိမ်တော်ထိန်းက စကားကို ခေတ္တရပ်ပြီးမှသာ ဆက်ပြောလာသည်။ “အခုချိန်မှာ သူ့ပုံစံက ဝမ်းနည်းတဲ့ပုံမပေါ်နေပေမဲ့ အရင်အတိတ်က အကြောင်းတွေနဲ့ ပြန်ပြီး စတင်ကြည့်ပါလား” စုကျီဆွေ့က အိမ်တော်ထိန်းလုပ်သကဲ့သို့ လက်တစ်ဖက်က မေးကိုထောက်လျက် သေချာအာရုံစိုက်ကာ နားထောင်သည့်ပုံ လုပ်ပြသည်။

 

 

အိမ်တော်ထိန်း ပြောပြရန် တွန့်ဆုတ်နေမိသည်။ သူက ပြတင်းပေါက်မှ မြင်ရနေသော လကို လက်ညှိုးထိုးပြသည်။ ကုယီလန်၏ ဘဝတွင်မူ ဝမ်းနည်းဖွယ် အကောင်းဆုံးသော ဖြစ်ရပ်ကား လနှင့်ဆက်စပ်နေသည်။

 

 

ကုယီလန် ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို ခရေစေ့တွင်းကျ ပြောပြရန်ကား စိတ်ကူးမရှိပေ။  စိတ်ဝင်တစား နားထောင်နေသော စုကျီဆွေ့ကိုလည်း ထိုလရောင်နှင့် ပတ်သက်သည်များကိုသာ ပြောပြခဲ့သည်။

 

 

—အားတော့နာပါတယ် သခင်လေးကု။ သခင်လေးတို့နှစ်ယောက် လက်ထပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အကယ်၍ လက်ထပ်ဖြစ်ခဲ့ရင် ကျွန်တော့်ကို အရှေ့ဆုံးခုံမှာ ထားပေးကြပါ…

 

 

စုကျီဆွေ့က အိမ်တော်ထိန်း ရှင်းပြသည်ကို ခေါင်းတညိမ့်ညိမ့်နှင့် နားထောင်နေသည်။ ထို့နောက် အိမ်တော်ထိန်း ပြောသမျှအား စာရွက်အလွတ်တစ်ခုဖြင့် ချမှတ်ထားသည်။ ဒီလောက် တော်လွန်းအားကြီးနေတဲ့ ကုယီလန်ကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ သူပြန်လေ့လာရဦးမယ် —

 

 

ထိုကိစ္စပြီးသည့်နောက် သူ့လက်ထဲတွင် ဘောပင်ရှိသည်နှင့် တစ်လက်စတည်း ဤအိမ်၏ ဖွဲ့စည်းပုံအကြောင်း အိမ်တော်ထိန်းက ရှင်းပြသည်။ သူက အိမ်တော်ထိန်း ရှင်းပြနေသည်ကို လိုက်မှတ်လျက် အိမ်ပုံစံနှင့် ဖွဲ့စည်းပုံအကြမ်းကို စာရွက်အလွတ်ပေါ် ချဆွဲသည်။

 

 

အရှေ့ဘက်အခြမ်းတွင် ထမင်းစားခန်း၊ ဧည့်ခန်းနှင့် အိမ်ဝင်ပေါက်တို့ ရှိသည် ။ အလယ်တွင်မူ ဓာတ်လှေကားနှင့် အလှဆင်နံရံကြီးတစ်ခု ရှိသည် ။ ထိုအရာက အရှေ့နှင့် အနောက်မြင်ကွင်းအား ပိတ်ဆို့ထားသည်။ အနောက်ဘက်ခြမ်းတွင် အပန်းဖြေအနားယူခန်းများစွာရှိသည်။

 

 

အပေါ်တက်ရန်နှင့် အောက်ဆင်းရန် အရှေ့ဘက်ခြမ်းမှ ကြောင်လိမ်လှေကားကြီးနှင့် အနောက်ဘက်ခြမ်းရှိ လှေကားအသေးလေးတို့ကို အသုံးပြုနိုင်သည်။ ဓာတ်လှေကားကိုမူ နှစ်ဘက်စလုံးတွင် အသုံးပြုနိုင်စေရန် စီစဉ်ထားပေးသည်။

 

 

ထို့နောက် ရူပဗေဒပုစ္စာ ဖြေရှင်းရသည့်အလား စုကျီဆွေ့က သူသိထားသော အကြောင်းအရာများအား ချရေးထားသည်။

 

 

သိထားတဲ့အချက်- အန်တီဖန့်က အောက်ထပ်မှာနေတာ… ဒါပေမဲ့ အရှေ့ဘက်မှာအလုပ်လုပ်နေတာလား… အနောက်ဘက်မှာ အလုပ်လုပ်နေတာလားဆိုတာ မသဲကွဲဘူး…

 

 

သိထားတဲ့အချက်- အခန်းတစ်ခန်းမှာ လူဘယ်နှစ်ယောက် ဝင်နေလဲဆိုတာ သိဖို့  အခန်းတိုင်းလိုလို အနီအောက်ရောင်ခြည် အာရုံခံစက်တွေ တပ်ဆင်ထားတယ်။

 

 

သိထားတဲ့အချက်- ခပ်သွက်သွက် အိမ်တော်ထိန်းတစ်ဦးရှိတယ်။ သူက ဘယ်သူလဲ ဘယ်လိုလူမျိုးလဲဆိုတာ သေချာတော့မသိဘူး။ သူက ထိန်းချုပ်ခန်းထဲကနေပြီး အခန်းထဲက အချက်ပေးစနစ်တွေကို ကြီးကြပ်နေတာလား ဒါမှမဟုတ် ပထမအထပ်မှာ လှည့်လည်သွားလာနေတာလား…’

 

စုကျီဆွေ့ ဝေခွဲမရဖြစ်လာပြီး သူ့ဘေးတွင် ရပ်နေသော အိမ်တော်ထိန်းအား တစ်ချက်လှမ်းကြည့်သည်။

 

 

အိမ်တော်ထိန်းကမူ သူ့ပုံတူရုပ်ပြောင်ကို ပုံ​ကြမ်းစာရွက်ပေါ်တွင် ဆွဲထားပြီး သူ့ပုံဘေးတွင် “ခပ်သွက်သွက်လူ”ဟု ရေးထားသည်ကို ကြည့်၍ ရှက်လာသည် ။ သို့သော် သူ မည်သည်မှ မလုပ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေကာမူ စည်းကမ်းကား စည်းကမ်းဖြစ်၍ သူ့သခင်အား သစ္စာဖောက်၍ မဖြစ်ပေ။

 

 

စုကျီဆွေ့က အိမ်တော်ထိန်းအား စိုက်မကြည့်နေတော့ပေ။ ချက်ချင်းပင် သူ့ အာရုံက သူ့လက်ကောက်ဝတ်တွင် ပတ်ထားသော နှလုံးခုန်နှုန်းပြသည့် ကိရိယာထံ ရောက်သွားသည်။ ယင်းကား အားလုံးထဲတွင် စိတ်အနှောင့်အယှက်အပေးဆုံးသော ပစ္စည်းပင် ဖြစ်၏ ။

 

 

သူ၏ ပင်ကိုယ်စရိုက်ကြောင့် သူထွက်ပြေးရန် ကြိုးစားနေစဥ် အန်တီဖန့် သို့မဟုတ် အိမ်တော်ထိန်းနှင့် ထိပ်တိုက်တွေ့လာပါလျှင်  သူ လိမ်ညာပြောဆို၍ မရနိုင်ပေ။ ထိုအချိန်တွင် နှလုံးခုန်နှုန်းများက မြင့်တက်လာမည်ဖြစ်သည်— ကန့်သတ်ထားသည့် ပမာဏအား ကျော်လွန်သွားလိမ့်မည် ။ ထိုသို့ ဖြစ်နေပါမူ ၎င်းက သူထွက်ပြေးရန် ကြိုးစားနေကြောင်း ကုယီလန်အား သတိပေးလိမ့်မည် ။ 

 

 

 

သို့ဖြစ်၍ သူ သိရှိထားသည့် အချက်အလက်များအား အခြေခံကာ နောက်တစ်ဆင့်အတွက် အဖြေရှာရန် ကြိုးပမ်းရမည်။

 

 

 

သူက အဆင်ပြေပြေ ချောချောမွေ့မွေ့ လွတ်မြောက်ချင်ပါက မည်သူမျှ သတိမထားမိစေရန် အိမ်တော်ထိန်းနှင့် အန်တီဖန့်တို့အား ပြည့်စုံသော တိကျခြင်းနှင့်အတူ ရှောင်ရှားရန် လိုအပ်ပေသည် ။ ဆိုလိုသည်မှာ သူထွက်ပြေးမည့် လမ်းကြောင်းအား ကြိုတင်၍ သတ်မှတ်ထားရမည့်သဘော ဖြစ်သည်။

 

 

 

 

သို့သော် သူသည် သူတို့ထံသို့ စာရိုက်ပို့ခြင်း သို့မဟုတ်  အခြေအနေအား အကဲခတ်ရန် အောက်ထပ်သို့ ငုံ့ကြည့်၍လည်း မရပေ ။ထိုသို့ပြုလုပ်ခြင်းသည်ကား သူ့နဖူးပေါ်တွင် “ငါ ထွက်ပြေးဖို့ကြိုးစားနေတယ်” ဟူသည်အား ရေးထားသကဲ့သို့ ဖြစ်နေပေမည် ။ သူသည် နှလုံးခုန်းနှုန်းတိုင်းတာသည့် ကိရိယာအား ဝတ်ဆင်ထား၍ လိမ်ညာ၍လည်း မရနိုင်ရာ သူသည် သူ့ကိုယ်သူ ချက်ချင်းပင် ဖော်ထုတ်မိသကဲ့သို့ ဖြစ်သွားပေလိမ့်မည် ။

 

 

 

ဤအခြေအနေတွင် အတားအဆီးပေါင်းများစွာနှင့် ကြုံတွေ့ရပေဦးမည် ။ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ  ဤမစ်ရှင်ကား မဖြစ်နိုင်ဟု ထင်ရပေသည် ။

 

 

သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာမူ ဖြစ်နိုင်ချေအပေါ် အခြေခံကာ လောင်းကြေးစားကြေး ပြုလုပ်ရန်ဖြစ်သည် : အန်တီဖန့် နှင့် အိမ်တော်ထိန်းနှစ်ဦးစလုံးက အနောက်ဘက်တွင်ရှိသည်ဟု ယူဆ၍ အရှေ့ဘက်မှ ကြောင်လိမ်လှေကားအား အသုံးပြုကာ ထွက်ပြေးရန် ဖြစ်သည် ။

 

 

 

“တကယ်လို့ ငါကြိုးစားတာမအောင်မြင်ရင်ရော ဘယ်လိုအပြစ်ပေးခံရမှာလဲ” စုကျီဆွေ့က အသံ တိုးတိုးလေးနှင့် မေးလိုက်သည်။

 

 

အိမ်တော်ထိန်းက ခေတ္တမျှအကြာ စဉ်းစားနေသည်။ ထိုကောင်လေးက ကုယီလန်အား အောင်အောင်မြင်မြင် လက်ထပ်၍ အသက်ထက်ဆုံး ပျော်ပျော်ပါးပါးနေနိုင်ရန် စိတ်အတွင်းမှ စစ်မှန်စွာ မျှော်လင့်မိသည်။

 

 

ထို့ကြောင့် သူက ရည်ရွယ်ချက်ရှိရှိနှင့် ပြန်ဖြေသည်။ “ကျွန်တော်မသိဘူး။ ဖြစ်နိုင်တာတစ်ခုက…သခင်လေးကုက သခင်လေးကို ထာဝရထိန်းချုပ်ဖို့ ကြိုးစားတာ ရပ်တန့်သွားလိမ့်မယ်”

 

 

ထိုစကားကိုကြားရသောအခါ စုကျီဆွေ့က ခေါင်းအား ပြင်းပြင်းထန်ထန် ခါရမ်းမိသည်။

 

မဖြစ်ဘူး မဖြစ်ဘူး— သူဒီလိုမျိုး စွန့်စားလို့မဖြစ်ဘူး...

 

 

ဤပြဿနာမှာကား ဖြစ်နိုင်ချေအလွန်နည်းပြီး ရှုပ်ထွေးပုံရသော်လည်း အမှန်တကယ် ဖြေရှင်း၍မရနိုင်သော ပြဿနာမရှိနိုင်ဟု စုကျီဆွေ့ ယုံကြည်သည် ။ မေးခွန်းထုတ်သူသည် မည်သည့်ပြဿနာမဆို ​ပြောင်းလဲမှုများအား ပြင်ဆင်နိုင်ရန် နည်းလမ်းတစ်ခုတော့ ချန်ထားသင့်ပေသည်— စုကျီဆွေ့သည် ယခုထိတိုင် ပုစ္ဆာအား မဖြေရှင်းနိုင်သေးပေ။

 

 

သူသည် ယခုအခါ ယုံကြည်ချက် အနည်းငယ် ရှိလာသည်။ သူသည် ရူပဗေဒပြိုင်ပွဲအတွက် လေ့လာရမည့်အရာများအား ဖတ်ရှုရန် ဆုံးဖြတ်လိုက်သည်။ စိတ်ဝင်စားမှုသည် သူ့အတွက် မည်သို့အကျိုးရှိမည်နည်းအား သိချင်နေမိသည်။

 

သို့သော် သူ စာလေ့လာရန် စာအုပ်အား ဖွင့်လိုက်စဉ်တွင်ပင်၊ သူ့ ဖုန်းသည် ရုတ်တရက် တုန်ခါလာသည်—

 

​[。: ?]

 

 

၎င်းသည် အန်ကယ် ပရီယဒ်ထံမှ မက်ဆေ့ချ်ဖြစ်သည်။ ထိုအချိန်မှသာ သူသည် လူမှားပြီး မက်ဆေ့ချ်ပို့မိပြီကို သိလိုက်ရသည် ။ ယခုတွင်မူ သူ ထိုမက်ဆေ့ချ်အား ဖျက်ရန် နောက်ကျသွားခဲ့ပြီဖြစ်သောကြောင့် ရွေးချယ်စရာမရှိဘဲ ရှက်ရှက်နှင့်ပင် စာပြန်ရတော့မည် ။

 

 

[(o^^o): တောင်းပန်ပါတယ်။ လူမှားသွားတာ ]

 

[。: ဒါတွေက ဘယ်သူ့အတွက်ပို့တာလဲ။ သူ့အတွက်လား]

 

အကြောင်းပြချက်တစ်ချို့ကြောင့် တစ်ဖက်လူ၏ လေသံကမူ အေးစက်ပြီး ပြက်ရယ်ပြုနေသည့်ပုံစံဖြစ်နေသည်— အထူးသဖြင့်​ကုယီလန်နှင့် ပတ်သက်သော မည်သည့်ကိစ္စတွင်မဆို ဖြစ်သည် ။

 

[(o^^o): အွန်းး.]

 

[。: သူက မင်းကို ဒီပုံတွေပို့ဖို့ ပြောတာလား]

 

[。: ငါ မင်းကို အရင်ကတည်းက ပြောဖူးတယ်လေ ။ သူက မင်းကို လက်ထပ်မှာမဟုတ်ဘူးကွ]

 

[(o^^o): မဟုတ်ဘူး။ ငါတို့က သိပ်မကြာခင် လက်ထပ်ကြတော့မှာ]

 

 

တစ်ဖက်လူက  ခေတ္တမျှ တိတ်ဆိတ်သွားကာ နောက်ဆုံးတွင် စာပို့လာသည်  ။

 

[。: ??] 

 

ယခုတစ်ကြိမ်တွင် သူသည် အမှန်တကယ် ရှုပ်ထွေးသွားသည်ကို ပြောနိုင်ပေသည်—ထိုသူသည် ရှားရှားပါးပါး ?? နှစ်ခုအား ပို့ခဲ့သည်။

 

 

[(o^^o):  သူက လက်မထပ်ဘူးဆိုတာ မင်းဘယ်လိုသိတာလဲ]

 

[。: ဒီအတိုင်းပဲ သိတာပေါ့]

 

[。: မင်းကလူစိမ်းတွေဆို ကြောက်တယ်ဆိုပြီး ငါသိထားတယ် ။ ဟုတ်တယ်မလား]

 

စုကျီဆွေ့က ဖုန်းကိုကိုင်ထားသောလက်သည် တန့်သွားခဲ့သည်။ ထို့နောက် သူ့အလိုလို ဖုန်းကို တင်းကြပ်စွာ ကိုင်ထားမိတော့သည်။

 

​သူ့တွင် အလွန်အမင်း ပုံမှန်မဟုတ်သော အခြေအနေရှိရာ— လှုမှုရေးစိုးရိမ်ပူပန်မှု ရောဂါဝေဒနာ— ပုံမှန်ပုံစံထက် ပို၍ ပြင်းထန်သော ရောဂါဝေဒနာအား ခံစားနေရသည်။

 

ပုံမှန်အားဖြင့် လူအနည်းငယ်က သူ့အား လူကြောက်ကောင်ဟု ခေါ်ဝေါ်ကြသည်။ ယင်းအစား သူ့ဘေးတွင်ရှိသည့် လူတစ်ချို့က သူ့အား “ငအလေး”၊ “စကားထစ်သည့်ကောင်” စသဖြင့် ရည်ညွှန်းကာ ခေါ်ဝေါ်ကြသည် သို့မဟုတ် ထိုသို့ခေါ်ဆိုခြင်းထက် ပိုမိုဆိုးဆိုးဝါးဝါးခေါ်ဆိုခြင်းများပင် ရှိသေးသည်။ တချို့က သူ့အား စကားမပြောတတ်သည့် အရူး သို့မဟုတ် ဘာမှ သုံးစားမရသောအရူး စသဖြင့် ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိနေသူဟု ထင်မြင်ကြသည်။ 

 

ထိုအရာက မကြားဝံ့မနာသာ ကိစ္စရပ်တစ်ခုဖြစ်သည်နှင့် အညီ စုကျီဆွေ့သည် ထိုစွပ်စွဲချက်များအား အစဥ်အမြဲ ငြင်းဆန်ခဲ့သည်။ 

 

[(o^^o): ဒါက မမှန်ဘူးလေ]

 

​စုဇယ်ဆွေသည် လိမ်ညာရာတွင် မကျွမ်းကျင်ပေ။ တစ်ဖက်လူမှ သူ့အား ဖိအား အနည်းငယ် ပေးလိုက်ပါလျှင်  သူသည် သေချာပေါက် ဖော်ထုတ်ခံရပေလိမ့်မည်။

 

 

 

​ကံကောင်းစွာဖြင့်၊ တစ်ဖက်လူသည် ထိုမေးခွန်းအား ဆက်မမေးတော့ပေ။ ယင်းအစား၊ သူ ပို့ထားသော ပုစ္ဆာအား အရိုးရှင်းဆုံး၊ အပြောင်းအလဲအများဆုံးနည်းလမ်းကို အသုံးပြု၍ ကြင်နာစွာ ဖြေရှင်းပေးကာ အဖြေအား သူ့ထံ ပြန်ပို့ပေးခဲ့သည်။

 

 

​ဖြေရှင်းနည်း အဆင့်များကို ကွန်ပျူတာနှင့် ရိုက်နှိပ်ထားခြင်းကြောင့် စုကျီဆွေ့ ထိုသူ၏ လက်ရေး ပုံသဏ္ဌာန်က မည်သို့ပုံစံဖြစ်နိုင်မည်နည်းဆိုသည်ကို သိနိုင်ခြင်း မရှိပေ။

 

 

​သို့သော် သူတို့၏ ပြဿနာအား ကိုင်တွယ်ဖြေရှင်းနည်းကိုကြည့်၍ ဤပုဂ္ဂိုလ်သည် ကျွမ်းကျင်သူ အစစ်အမှန် ဖြစ်နိုင်သည်ဟု သူ သံသယရှိခဲ့သည်။

 

 

[。: ​မေးချင်တဲ့မေးခွန်း ရှိသေးလား] 

 

 

ထိုမေးခွန်းကြောင့် ချက်ချင်းဆိုသလို လူကြောက်သည့်ရောဂါ​ဝေဒနာအကြောင်း မေ့သွားပြီး ပြိုင်ပွဲအတွက် ပြိုင်ဆိုင် ခြင်းဘက်သို့ တစ်ဖန်ပြန်လည် အာရုံရလာသည်။ ထိုပြဿနာအား ဖြေရှင်းပြီးသည်နှင့် တစ်ပြိုင်နက် ထိုလူသည် နောက်ဆုံးစာတိုတစ်စောင်ကိုပင် ပို့ခဲ့သည်။

 

 

[。: မင်းမှာ တကယ်လို့ မေးစရာတွေ ရှိလာခဲ့ရင် ငါ့ဆီကို ပို့ထားလိုက် ။ သူ့ကို ထပ်ပြီး မနှောင့်ယှက်ပါနဲ့တော့]

 

 

စုကျီဆွေ့ ခေတ္တမျှ ရပ်တန့်သွားသည်။

 

 

​ဤသည်မှာ ကြုံရာကျပန်း ပို့လိုက်ခြင်းသာ ဖြစ်သည်။ “အန်ကယ် ပရီယဒ်” က အလွန်အသုံးဝင်သော ဖြေရှင်းချက်အား ပေးခဲ့သည်မှာ မှန်သော်ငြားလည်း၊ သူ နောက်ထပ် ခက်ခဲသော ပြဿနာတစ်ခုနှင့် ကြုံတွေ့ပါလျှငိ ကုယီလန်ကိုသာ ဆက်လက် ပို့ပေးမည် ဖြစ်သည်။

 

အဘယ်ကြောင့်ဆိုသော် သူသည် ကုယီလန်၏ ဘေး၌နေပြီး သူ့အား စကားစမြည်ပြောဆိုရခြင်းကို အလွန်သဘောကျ နှစ်သက်သည်။

 

 

စုကျီဆွေ့က မည်သို့လိမ်ရမည်ကို မသိပေ။ ထိုအကြောင်းကို အချိန်အကြာကြီး သေချာစဉ်းစားပြီးနောက် သူသည် နောက်ထပ်မက်ဆေ့ချ်တစ်စောင်ကို ထပ်ပို့ခဲ့သည်။

 

[(o^^o): ဟင့်အင်း။ မပို့ပေးနိုင်ဘူး။ ဘာလို့လဲသိလား။ ငါက သူ့ထိန်းချုပ်ဆေးတွေကို သောက်ထားပြီးသား။ ဒါကြောင့် ငါက သူကြိုးဆွဲရာ ကရမှာပဲ]

 

[(o^^o): အခုချိန်ကစပြီး ငါက သူနဲ့ပဲနေမှာ]

 

[。: ……. ]

 

 

သူသည် ထိုသို့ ပြန်ဖြေသော်ငြား တကယ့်လက်တွေ့တွင် ကုယီလန်ကား အလွန်အလုပ်များသောလူ ဖြစ်သည်။ သူသည် တစ်ချိန်လုံး အပြင်ထွက်နေရသူဖြစ်ပြီး စုကျီဆွေ့ တွေ့ချင်လျှင်မူ ရှာမတွေ့နိုင်ပေ။

 

 

သူ၏ နေ့လည်စာ၊ သစ်သီး နှင့် ညစာအားလုံးကို အလုပ်လုပ်ရင်းတစ်ဖက် စားရခြင်းဖြစ်သည်။

 

 

ထိုညနေခင်းတွင်—

 

 

ပြတင်းပေါက်အပြင်ဘက်မှ နေဝင်ချိန်သည် ကောင်းကင်ကြီးအား  ပန်းချီကားတစ်ချပ်သဖွယ် ဆေးခြယ်ထားရာ လိမ္မော်ရောင်နှင့် ရွှေရောင်၏ နူးညံ့သော အရောင်များသည် တစ်ခုနှင့်တစ်ခု ပျော်ဝင်နေကာ အလွန်တိတ်ဆိတ်ကာ လှပလွန်းပေသည်။

 

“သခင်လေး။ စာအုပ် နည်းနည်းယူသွားပြီး အခန်းထဲမှာ မဖတ်ချင်ဘူးလား”

 

အိမ်တော်ထိန်းက သူ့အား အကြံပေးသည်။

 

ထိုအကြံက ကောင်းလွန်းသဖြင့် စုကျီဆွေ့၏ မျက်ဝန်းများက လက်ခနဲဖြစ်လာပြီး အဆက်မပြတ်ခေါင်းညိမ့်နေပုံက ငှက်ပေါက်လေးတစ်ကောင်သည် သစ်ပင်ကို တတောက်တောက်ခေါက်နေပုံနှင့် တူသည်။

 

 

သူသည် မတ်တပ်ထရပ်ပြီး စာအုပ်စင်ကို ကြည့်လိုက်သည်။ ထို့နောက် စာအုပ်စင်ပေါ်မှ သူလိုချင်သော စာအုပ်များဖြစ်သည့် “အလယ်တန်းအဆင့် ရူပဗေဒအိုလံပစ်ဖတ်စာအုပ်” နှင့် “ရူပဗေဒပြိုင်ပွဲလက်ရွေးစင်ပုစ္ဆာများ”အား လက်ညှိုးထိုးပြသည်။ ထို့နောက် သေချာစဉ်းစားတွေးခေါ်ပြီးနောက် သမ္မာကျမ်းစာကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်ကိုလည်း လက်ညှိုးထိုးပြခဲ့သည်။

 

အိမ်တော်ထိန်းသည် စင်ပေါ်သို့တက်သည့် အိမ်သုံးလှေကားအား ယူလာပြီး သူလိုချင်သည့် စာအုပ်များကို ယူပေးခဲ့သည်။ သူသည် နှစ်အုပ်တွဲချည်ထားသည့် ဖတ်စာအုပ်ကို ဆွဲထုတ်လိုက်စဉ်  ဓာတ်ပုံဟောင်းလေးတစ်ပုံသည် စင်ပေါ်မှပြုတ်ကျကာ ကောင်လေး၏ ခြေထောက်နားသို့ ကျလာခဲ့သည်။

 

 

စုကျီဆွေ့က ခန္ဓာကိုယ်ကို ကွေးညွတ်ပြီး ဓာတ်ပုံကို ကောက်လိုက်သည်။

 

 

ဓာတ်ပုံဟောင်း၏ ထောင့်လေးများသည် အနည်းငယ်တွန့်ခေါက်နေပြီး ပုံသည်လည်း ခပ်ဝါးဝါးဖြစ်နေပုံသည် ။ ၎င်းသည် နှစ်ကာလများ၏ အမှတ်အသားများကို ချန်ထားခဲ့ပြီး၊ လွန်ခဲ့သော အချိန်များထံသို့ ပြန်ခေါ်သွားသကဲ့သို့ ဖြစ်နေသည်။

 

 

ထိုပုံသည် အသက် ၇နှစ် ၈ နှစ်အရွယ် ကောင်လေးနှစ်ဦးအား ရိုက်ထားပေးသည့် ဓာတ်ပုံဖြစ်သည်။

 

 

စုကျီဆွေ့သည် ခေါင်းကိုအနည်းငယ်စောင်းပြီး ပုံကိုကြည့်သောအခါ ထိုကောင်လေးနှစ်ဦးအနက် တစ်ဦးကိုမှတ်မိသွားသည်။ ထိုပုံသည် ကုယီလန် ကလေးဘဝမှပုံ ဖြစ်နိုင်သည်။

 

အကြောင်းအရင်းအချို့ကြောင့် တိတိကျကျ ပြောနိုင်ရန် ခဲယဉ်းနေသည်။ ပထမအကြောင်းအရင်းမှာ ပုံထဲတွင်ရှိသော မျက်နှာများကဝေဝါးနေပြီး အနည်းငယ်ပျက်စီးနေသည်။ ဒုတိယတစ်ချက်မှာမူ ပုံထဲမှ ကုယီလန်လေးသည် ကင်မရာအားကြည့်ကာ နှစ်ထောင်းအားရ ပြုံးပြနေသဖြင့် ယခုလက်ရှိ ကုယီလန်၏ ပုံစံနှင့် လုံးဝကွဲပြားပေသည်။

 

စုကျီဆွေ့သည် ပုံကို သေချာစူးစိုက်ပြီးကြည့်နေသည်။ ထိုလူသည် ကုယီလန်ဟု သေချာသည်နှင့် တစ်ပြိုင်နက် ထိုဓာတ်ပုံထံမှ အကြည့်မလွှဲနိုင်တော့ပေ။

 

 

 

“ဒီဓာတ်ပုံက ဘာလို့ အခုထိရှိနေတာပါလိမ့်” အိမ်တော်ထိန်းသည် လှေကားပေါ်မှ ဆင်းလာသောအခါ ခေါင်းအနောက်ဘက်အား ကုတ်လျက် ပုံကို ချောင်းကြည့်သည်။ 

 

 

စုကျီဆွေ့က ခေါင်းခါပြပြီး သူလည်း မသိဘူးဆိုသော ပုံစံကို ယဉ်ယဉ်ကျေးကျေးလုပ်ပြသည်။

 

 

ဓာတ်ပုံထဲတွင်ရှိနေသော နောက်ထပ်ကောင်လေးတစ်ယောက်အား  လက်ညှိုးထိုးပြပြီး သူ သိချင်ပြင်းပြစွာ မေးမိသည်။ “သူငယ်ချင်းလား”

 

 

သူ့အဖြေက သေချာပေါက် ထူးဆန်းနေလိမ့်မည်ဆိုသော်လည်း အိမ်တော်ထိန်းက ခေါင်းကို အလိုလို ခါပြမိသည်။ “မဟုတ်ပါဘူး။ သခင်လေးကုမှာ သူငယ်ချင်းမရှိပါဘူး “

 

 

စုကျီဆွေ့ထံမှ “အို” ဟူသော အသံ တိုးတိုးလေး ထွက်သွားသည်။ ထို့နောက် သူသည် ဓာတ်ပုံအား ပြန်မပေးမီ တစ်ကြိမ်ပြန်ကြည့်ကာ တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ပြောသည်။

“ငါက သူ့သူငယ်ချင်း ဖြစ်ချင်သွားပြီ” 

 

 

အိမ်တော်ထိန်းက ဓာတ်ပုံအား မိသားစုဓာတ်ပုံအယ်လ်ဘမ်ထဲ ထည့်ပြီးနောက် ခပ်ယဲ့ယဲ့ပြုံးပြသည်။ “သခင်လေးက သခင်လေးကု စေ့စပ်ထားတဲ့သူလေ”

 

 

စုကျီဆွေ့သည် ထိုအကြောင်းကို ပြန်တွေးလိုက်သည်။

“အင်း... ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်”

 

 

သူသည် စာကြောင်းတစ်ကြောင်းလုံးအား ပြည့်ပြည့်ဝဝနှင့် သွက်သွက်လက်လက် ပြောဆိုနိုင်ခြင်းသည်ကား ကြုံတောင့်ကြုံခဲဖြစ်စဉ်တစ်ခု ဖြစ်သည်။

 

 

သူ၏လေသံသည် ကြည်လင်ပြတ်သားနေပုံကမူ ထိုစာကြောင်းအား စိတ်အတွင်းတွင် အကြိမ်ထောင်ပေါင်းများစွာ ပြောနေမိသကဲ့သို့ ဖြစ်နေသည်။

 

 

သူသည် ကတိတစ်ခုကိုပေးပြီးသည်နှင့် တစ်ပြိုင်နက် အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်မိသည်။

 

 

စကားပြောပြီးနောက် သူ့အတွက် အိမ်တော်ထိန်းယူလာပေးသည့် စာအုပ်အထပ်လိုက်ကြီးအား လက်ခံလျက် “ကျေးဇူးပါ”ဟု တိုးတိုးလေး ပြောသည် ။ ထို့နောက် စာအုပ်များအား ပွေ့ပိုက်၍ သူ့အခန်းအတွင်းသို့ ပြေးဝင်သွားသည်။