Chapter 18.1
Viewers 1k

အပိုင်း (၁၈) အပိုင်းခွဲ တစ်

 

 

 

လူကြောက်တယ်ဟုတ်လား..ဘယ်လိုလူတွေကို ကြောက်တာလဲ… တံခါးနားမှာ ရပ်နေတဲ့လူကိုကြောက်တာလား… ဒါမှမဟုတ် လူတိုင်းကို ကြောက်တာလား…

 

 

 

အိမ်တော်ထိန်းက ကြောင်အနေမိသည်။ သခင်က သူဌေးက ဘယ်လိုမျိုး ကောက်ချက်ချလိုက်မလဲဆိုတာ သူလည်းမစဉ်းစားတတ်တော့ပေ။

 

 

 

သူ့အတွက်တော့ ထိုကောင်လေးအပေါ် ထိန်းချုပ်လိုစိတ်ကြီးလှတဲ့ သခင်က သူ့ကို အပြင်မှာတွေ့သွားမှာကို စုကျီဆွေ့ကြောက်တာက ပိုပြီး ဖြစ်သင့်တယ်လို့ ထင်တယ် ။ 

 

 

 

ကုယီလန်ဘက်မှ အထင်လွဲတာကိုလည်း အပြစ်မတင်ရက်ပါ ။ ဒီကောင်လေးက သူတစ်ပါးက သူ့ကို နာကျင်ဒုက္ခရောက်အောင်ပြုလုပ်ရာမှာ အလွန်အမင်းသာယာသူ တစ်ဦးဖြစ်နေတာကို သူတောင် အခုမှ သိခဲ့ရတယ်…

 

 

 

တံခါးနားတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို ကုယီလန်က ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။ အပြင်၌ရပ်နေသော ကောင်လေးက ပြောစရာစကားလုံးများ ပျောက်ပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူ့ခေါင်းထဲတွင် အရာအားလုံး မရှိတော့သကဲ့သို့ ဟာတာတာကြီးဖြစ်နေသည်။ သူလုပ်ချင်သည့် တစ်ခုတည်းသော အရာမှာ သူ့ရှေ့တွင် ကြောက်လန့်နေသော ကောင်လေးကို စိတ်တည်ငြိမ်သွားအောင် လုပ်ပေးရန် ဖြစ်သည်။

 

 

 

သူက ထိုကောင်လေးအား နှစ်သိမ့်ပေးရန် ရှေ့သို့ ထွက်လာသည်။ လူကြောက်သည့်ရောဂါအခံရှိသော ကောင်လေးအတွက် ထိုအတွေ့အကြုံက သေမင်းနှင့် စစ်ခင်းရသကဲ့သို့ ဖြစ်နေသောကြောင့် ထိုသူက မည်သို့ မထိတ်လန့်ဘဲ နေနိုင်မည်နည်း။

 

 

 

“စုကျီဆွေ့ စိတ်မလှုပ်ရှားနဲ့နော်” လူငယ်လေးက ညင်ညင်သာသာ ပြောသည်။ “ဒါက အထင်လွဲနေတာဖြစ်မယ်။ ငါပြောတာနားထောင်ဦး”

 

 

 

သူက ရှေ့သို့ တစ်လှမ်းချင်းတိုးလာလေလေ စုကျီဆွေ့၏ မျက်ဝန်းက ပိုပိုကျယ်လာလေဖြစ်သည်။ သူ၏ နှုတ်ခမ်းအစုံက တဆတ်ဆတ်တုန်ရီနေလျက် မည်သည့်အသံမှမထွက်နိုင်ပေ။ သူက ပြေးထွက်သွားချင်သော်လည်း သူ့ခြေထောက်တွင် အားမရှိတော့ပေ။

 

 

 

“ဘာကိုနားထောင်ရမှာလဲ”

 

ဆွဲဆောင်မှုရှိပြီး ခပ်ဩဩအသံတစ်သံက မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။ စုကျီဆွေ့အဖို့ အသက်သခင်ကျေးဇူးရှင်အား တွေ့လိုက်ရသည့်အလား အသံလာရာသို့ လှည့်ကြည့်လိုက်မိသည်။

 

 

 

ကုယီလန်က သူ့ထံသို့ ဖြည်းဖြည်းချင်း လှမ်းလာနေသည်။ သူ၏ အကြည့်များက အေးစက်မာကျောနေပြီး သူ့တံခါးနားတွင် ပိတ်ရပ်နေသော ထိုလူထံ ကျရောက်နေသည်။

 

ထောင့်နားတွင် ကွယ်ပြီးရပ်ကြည့်နေသော အိမ်တော်ထိန်းလည်း ယခုမှသာ သက်ပြင်းချနိုင်တော့သည်။

 

 

 

သခင်လေးကုက အချိန်ကိုက် ဘယ်လိုမျိုးဝင်ရမလဲဆိုတာတော့ သိသားပဲ…

 

 

 

တံခါးနားတွင်ရပ်နေသော အဖွဲ့ခေါင်းဆောင်က မည်သည့်စကားမှမပြောနိုင်ဘဲ ရပ်ပြီးကြည့်နေမိသည်။

 

ကုယီလန်အား တွေ့သည်နှင့် သူ ချက်ချင်း သိလိုက်သည်။ ကုယီလန်သည် အမှတ်-၁ အထက်တန်းကျောင်း၌ နာမည်ကြီးတစ်ဦးဖြစ်သောကြောင့် သူက အဘယ်သို့ မသိဘဲ နေနိုင်မည်နည်း။ သူသည် ဟိုးလွန်ခဲ့သောနှစ်များက ကျောင်းပြီးသွားသည့်တိုင်အောင် သူ့နာမည်နှင့် ဂုဏ်သတင်းက ကျော်စောနေမြဲဖြစ်သည်။ 

 

 

 

အသက် (၁၅) နှစ်အရွယ်ကပင် ကုယီလန်ကား အရပ်ရှည်ရှည် ၊ ခပ်ဖြောင့်ဖြောင့်ကောင်လေးတစ်ဦးဖြစ်ပြီး အေးတိအေးစက်နိုင်လွန်းလှသည့် သူ့ပုံစံမှာမူ တမူထူးကဲနေသည်။ သူက ကျောင်းပွဲများတွင် ကျောင်းကိုယ်စားပြု ဆွေးနွေးသူတစ်ဦးလည်း ဖြစ်သည်။ သူ့အား ချဉ်းကပ်သူ များစွာရှိသော်လည်း သူတို့အကုန်လုံး ပိုးစိုးပက်စက် အငြင်းခံကြရသည်။

 

 

 

ထိုကိစ္စများကြောင့် အသင်းခေါင်းဆောင်က သူ့အား မှတ်မိနေခြင်းမဟုတ်ပေ။ ကုယီလန်က သူ့ဘဝ၌ တွေ့ ခဲ့ဖူးသမျှ လူများထဲတွင် အတော်ဆုံးလူဖြစ်နေသောကြောင့် သူ့စိတ်တွင် မှတ်မှတ်သားသား ထင်ကျန်နေခြင်း ဖြစ်သည်။

 

 

 

ကုယီလန်က ပြိုင်ပွဲများတွင် ဗိုလ်စွဲသူတစ်ဦးဖြစ်သည်။ သူသည် လူပျိုဘဝမရောက်ခင်ကပင် ကျောင်း၌ နာမည်ကြီးတစ်ဦးဖြစ်သည်။ IPHO စာမေးပွဲတွင် ကုယီလန်သည် စာပိုင်းနှင့် လက်တွေ့ပိုင်းဆိုင်ရာ နှစ်ခုလုံးတွင် အမှတ်ပြည့်ရသူဖြစ်သည်။ သူက တစ်ဦးချင်း ရွှေတံဆိပ်ဆုရယူရုံသာမက သူ့အသင်းကိုပါ ပထမနေရာရစေရန် စွမ်းဆောင်နိုင်ခဲ့သည်။

 

 

 

ထို့နောက် သူက တက္ကသိုလ်ဝင်ခွင့်ရပြီး တစ်သားတည်းဖြစ်သော လူ့အဖွဲ့အစည်းသီအိုရီကို ဖော်ထုတ်နိုင်သည်အထိ စာပေဆိုင်ရာ အောင်မြင်မှုများစွာရခဲ့သည်။ ယခုချိန်ထိ ကျောင်းအုပ်ကြီးရုံးခန်းရှိ ထူးချွန်ကျောင်းသားဟောင်း ဓာတ်ပုံအလည်တည့်တည့်တွင် သူ့ဓာတ်ပုံအား ချိတ်ဆွဲထားစမြဲဖြစ်သည်။

 

 

 

ကုယီလန်က အဘယ်ကြောင့်များ ထိုကဲ့သို့ အောင်မြင်မှုများစွာ ဆွတ်ခူးနိုင်သနည်းကို မည်သူမှမသိကြသော်လည်း ထိုလူက သိနေပေသည်။ သုတေသီများက အစဥ်အမြဲတွင် စိတ်တည်ငြိမ်မှု အမြင့်ဆုံးဖြစ်ကြသူများ မဟုတ်ပေ။

 

 

 

အေမြို့တွင် ကျင်းပနေသော အကောင်းဆုံး ရူပဗေဒစွမ်းရည်ပြိုင်ပွဲ၌ အသင်းခေါင်းဆောင်ဖြစ်နေသော်လည်း ကုယီလန်နှင့် သူက အချိတ်အဆက်မရှိပေ။ ကျောင်းက ကုယီလန်ကို အားလပ်ချိန်များစွာ ပေးထားသည်။ သူက မည်သည့်နေရာ၌ မည်သို့ လေ့လာခဲ့ပြီး မည်သို့ သင်ကြားခဲ့ခြင်းကိုလည်း မည်သူမှ တိတိကျကျမသိဘဲ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

 

 

 

 

အသင်းခေါင်းဆောင်က သူနှင့် အကြိမ်ပေါင်းများစွာ ဆုံဖူးသည်။ ယခင်က တွေ့နေကျ ကုယီလန်၏ ပုံစံသည် လူသားအသွင်ဆောင်ထားသော မိုးကြိုးသဖွယ်ဖြစ်သည်။ သူနှင့် သက်တူရွယ်တူလူများအတွင်းတွင် ထိုကဲ့သို့ မာကျောခက်ထန်သည့်လူအား မတွေ့ဖူးပေ။ ထိုခံစားချက်ကို သူ ကောင်းကောင်းကြီး သိနေသည်။

 

 

 

အစဥ်အမြဲ အေးတိအေးစက်နှင့် အပြုံးအရယ်မရှိသော ကုယီလန်၏ ပုံစံက ယခုတိုင် မပြောင်းလဲ ရှိနေသေးမည်ဟု သူမထင်ထားပေ ။ သူ့တပည့်မဖြစ်ဖူးသော လူနှင့် ရင်ဆိုင်ရချိန်ဝယ် ထိုလူအား မည်သို့ခေါ်ဝေါ်ရမည်အား သူစဉ်းစားရခက်နေသည်။

 

 

 

 မစ္စတာကု..ကုယီလန်…ဒါမှမဟုတ် ဥက္ကဌကု လို့ခေါ်ရမလား…

 

 

 

သူက စဉ်းစားတွေဝေနေချိန်တွင် စုကျီဆွေ့က ကုယီလန်၏ အနောက်သို့ လှစ်ခနဲ ဝင်သွားသည်။ စုကျီဆွေ့၏ ပုံစံက သူ့အား ကာကွယ်ပေးမည့်သူပေါ်လာသည့် ကလေးတစ်ယောက်နှင့် တူနေသည် ။ စုကျီဆွေ့လည်း ထိုအချိန်မှသာ တဆတ်ဆတ် တုန်ရီပြီး ကြောက်လန့်နေခြင်းကို ရပ်သွားသည်။ သူသည် ကုယီလန်၏ နောက်၌နေ၍ မျက်လုံးအဝိုင်းသားဖြင့် အဖွဲ့ခေါင်းဆောင်အား ခိုးကြည့်နေသည်။

 

 

 

အဖွဲ့ခေါင်းဆောင်က မည်သည်အား ပြောရမည်မသိ ဖြစ်နေပေသည်။

 

 

 

သူက စုကျီဆွေ့ကို ကြည့်လိုက် ကုယီလန်ကို ကြည့်လိုက်နှင့် ဗျာများနေသည်။ ရုတ်တရက်ဆိုသလို ထိတ်လန့်ဖွယ် အသိတစ်ခုက သူ့အတွေးထဲ ဝင်လာသည်။ သူ၏ အမူအရာများက အံ့အားသင့်ပြီး နောင်တရသည့် ပုံစံအဖြစ် ကူးပြောင်းသွားခဲ့သည်။

 

 

 

ကုယီလန်က သူ့ကို စေ့စေ့စိုက်ကြည့်ပြီး ခပ်ပြတ်ပြတ်ပြောသည်။

 

“ခင်ဗျားမှာ ဘာမှပြောစရာမရှိဘူးဆိုရင် အခုချက်ချင်း ထွက်သွား”

 

 

 

ထိုအချိန်မှသာ အဖွဲ့ခေါင်းဆောင်လည်း ရှင်းရှင်းလင်းလင်းသိရတော့သည်။ 

 

“တောင်းပန်ပါတယ်”

 

 

 

ပညာရေးနယ်ပယ်တွင် လူတစ်ဦးတစ်ယောက်၏ အောင်မြင်မှုရလဒ်များပေါ်မူတည်ပြီး ယုံကြည်မှုရှိခြင်းက ဖြစ်ပေါ်လာသည်။ သို့သော် မိမိထက်သာလွန်သည့် လူပေါ်လာသောအခါ ထိုယုံကြည်မှုရှိခြင်းများက ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။

 

 

 

သူက နောက်သို့ ခြေတစ်လှမ်းစာ ဆုတ်ပြီး မဝံ့မရဲဆိုသည်။

 

“စုကျီဆွေ့ ကျောင်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ သဘောတူညီချက်အတွက် မင်းရဲ့လက်မှတ် လိုအပ်တယ်။ မင်းများ….”

 

ကုယီလန်၏ အနောက်တွင် ပုန်းကွယ်နေသော ကောင်လေးက သူ့နာမည်ခေါ်သံကြားလိုက်ရုံဖြင့် ဆတ်ခနဲ တုန်ရီလာပြန်သည်။

 

 

 

ကုယီလန်က သူ့အစား စာရွက်စာတမ်းကို ဆတ်ခနဲဆွဲယူပြီး တစ်ချက်လှန်လှောကြည့်လိုက်သည်။

 

“ပြိုင်ပွဲအတွင်း မျှမျှတတနဲ့ အစီအစဉ်တကျ ယှဉ်ပြိုင်မှုအတွက် အသံနဲ့ အရုပ်ပါဝင်တဲ့ စီစီတီဗီမှတ်တမ်းတွေကို ပြန်လည်ဆန်းစစ်လေ့လာခြင်းအတွက် နှစ်နှစ်ကြာ သိမ်းဆည်းထားရှိမည်”

 

 

 

သူက ပုံမှန်လေသံဖြင့် ထိုစာပိုဒ်ကို တည်တည်ငြိမ်ငြိမ်ဖတ်ပြသော်လည်း အဖွဲ့ခေါင်းဆောင်၏ စိတ်ထဲ မွန်းကြပ်လာသည်။

 

“ကျွန်တော်သိရသလောက်တော့ နိုင်ငံအဆင့်ပြိုင်ပွဲတွေမှာတောင် မှတ်တမ်းတွေကို ခြောက်လအထိပဲ သိမ်းတာပါ”

 

 

 

အဖွဲ့ခေါင်းဆောင်၏ နဖူး၌ ချွေးစေးများ ထွက်လာသည်။

 

“ဒါ…ဒါက”

 

သူအလုပ်လုပ်ခဲ့သည့် သက်တမ်းတစ်လျှောက် ထိုမေးခွန်းမျိုး အမေးခံရခြင်းမှာ ယခုတစ်ကြိမ်က ပထမဆုံးဖြစ်ပြီး မည်သို့ပြန်ဖြေ၍ ဖြေရမည်မသိဖြစ်နေသည်။

 

 

 

နိုင်ငံတကာ အတွေ့အကြုံပြိုင်ပွဲများက ရှားပါးလှသောကြောင့် ကျောင်းသားအများစုက ထိုကဲ့သို့ စာရွက်စာတမ်းများကို တစ်ချက်လေးပင် ဖတ်မကြည့်ဘဲ ချက်ချင်း လက်မှတ်ထိုးကြသည်။

 

 

 

သို့သော် နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံလည်းရှိပြီး စည်းကမ်းချက်များနှင့် ရင်းနှီးကျွမ်းဝင်သူများအဖို့မူ….

 

 

 

အမှန်တော့ သတင်းအချက်အလက်များကို နှစ်နှစ်ကြာသိမ်းဆည်းထားခြင်းက ဖြစ်လေ့ဖြစ်ထမရှိသော်လည်း  ပြသနာတစ်ခု ဟုတ်မနေပေ။ အဓိကအချက်မှာ ကုယီလန်မေးသောမေးခွန်းကား သာမန်မေးခွန်း မဟုတ်နေပေ။ ထိုမေးခွန်းက သူ့အနေဖြင့် မဖြေရှင်းနိုင်သော ပြသနာရပ်တစ်ခုကြီးကဲ့သို့ ခံစားနေရသည်။

 

 

 

ထောင့်နားတွင် ရပ်ကာ ကြည့်နေသော အိမ်တော်ထိန်း၏စိတ်အတွင်းဝယ် ပျော်တစ်လှည့် စိတ်မကောင်းတစ်လှည့် ဖြစ်နေသည်။  သခင်လေးစုကျီဆွေ့အား စိတ်ဆင်းရဲစေရန် လုပ်သောလူကို သခင်လေးကုက ပညာပြန်ပြနေသည်ကို ကြည့်၍ စိတ်ထဲပျော်မိသည်။ 

 

သို့သော် သူ့သူဌေးက စီစီတီဗီမှတ်တမ်းအကြောင်းပြောသောအခါ မနေ့ညမှ ရထားသော ရှစ်နှစ်ကြာမှတ်တမ်းအား ပြန်လည်အမှတ်ရသွားပြီး စိတ်မကောင်းဖြစ်မိပြန်သည်။

 

 

 

“ခင်ဗျားဘက်က ဘာမှပြောစရာမရှိဘူးဆိုရင် ထွက်သွားတော့လို့ ပြောနေတယ်လေ”

 

အဖွဲ့ခေါင်းဆောင်က စိတ်ကိုတင်းပြီး တစ်ခုခု ပြောထွက်ရန် အလွန်အမင်း အားယူနေသည်။

 

“ဒါ..ဒါ ငါတို့ဘက်က သတိမမူဘဲ ရေးမိသွားတာပါ။ သဘောတူညီချက်ကို မျှမျှတတဖြစ်ဖို့ ငါတို့ ပြန်ပြင်ပေးပါ့မယ်”

 

“ဟုတ်ပြီ ဒါဆိုလည်း ခင်ဗျားတို့ ပြင်ပြီးမှ ပြန်ပို့ပေးလိုက်”

 

ကုယီလန်က စာရွက်စာတမ်းဖိုင်အား သူ့ထံပြန်ပစ်ပေးလိုက်သည်။

 

 

 

သူပြောချင်သည့် အချက်ကား ရှင်းရှင်းလေးပင် ဖြစ်သည် — အဘယ်သောအခါမှ ပြန်မလာနှင့်ဟူသော အချက်ပင် ။

 

 

 

 

အဖွဲ့ခေါင်းဆောင်၏ မျက်နှာဝယ် မခံချင်စိတ်နှင့် ရှက်စိတ်များ ရောပြွန်းပြီး နီမြန်းလာသည်။ “ကောင်းပြီလေ”

 

 

 

မြို့တော်အေ၏ အမှတ်-၁ အထက်တန်းကျောင်းပြိုင်ပွဲတွင် သူ၏ ရွှေတံဆိပ်နည်းပြအနေအထားကို သုံးကာ စုကျီဆွေ့အား ဖိအားပေးရန် ကြံစည်ခဲ့သည်။ ထိုကောင်လေးက ကုယီလန်နှင့် ပတ်သက်နေသည်ဆိုသည်အား သူ လုံးဝမသိခဲ့ရပေ။ ထို့ကြောင့် စုကျီဆွေ့က ဖုန်းထဲမှ ကိုယ့်ဘာသာလေ့လာမည်ဟု ဆိုကာ အကြောက်အကန် ငြင်းဆိုနေခဲ့သည်။

 

 

 

သူက အပြစ်ကင်းစင်ပြီး နုနယ်သည့်ပုံစံရှိသော စုကျီဆွေ့ကို တစ်ချက်ကြည့်လိုက် ခက်ထန်မာကျောသောပုံစံရှိသည့် ကုယီလန်အား တစ်ချက်ကြည့်လိုက်လုပ်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

 

 

 

“မင်းက သူ့ကို သင်ပေးမယ်ဆိုတာ သိရတော့ ငါစိတ်ချရပါပြီ။ စုကျီဆွေ့လည်း ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ငါသွားပြီနော်”

 

ထိုလူပြန်ထွက်သွားမှသာ ထောင့်နားတွင်ပုန်းနေသော အိမ်တော်ထိန်းလည်း ထွက်လာခဲ့သည်။  စုကျီဆွေ့လည်း ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလာပြီး ထိုလူပြန်ထွက်သွားသည်ကို ကုယီလန်၏ နောက်မှ ချောင်းကြည့်နေမိသည်။ သူသည် ထိုလူက ပြန်ထွက်သွားသည်ကို လက်ဝှေ့ရမ်းပြပြီးပင် နှုတ်ဆက်နေသေးသည်။

 

 

 

ထို့နောက် စုကျီဆွေ့က ကုယီလန်အား ကြည့်လျက် စကားလုံးတစ်လုံးကို ထပ်တလဲလဲ ပြောနေမိသည်။ 

 

“သင်ပေးမယ် မဟုတ်လား”

 

သူတက်ရောက်ခဲ့သော အွန်လိုင်းသင်တန်းများရှိသော်လည်း သူ့ခေါင်းထဲတွင် စွဲစွဲမြဲမြဲ ကျန်ရစ်ခဲ့ခြင်းမရှိနေပေ။ သူ့ကို တစ်ယောက်ယောက်က တိုက်ရိုက်သင်ကြားပေးတာက ဘယ်လောက်တောင်မှ ကောင်းလိမ့်မလဲ… 

 

 

 

ကုယီလန်က ချက်ချင်းပြန်မဖြေဘဲ သူ့အား စိုက်ပြီး ကြည့်နေသည်။ “မင်းက ဘယ်အချိန်တုန်းကများ ပြိုင်ပွဲအတွက် လေ့လာနေတာလဲ”

 

စုကျီဆွေ့က မည်သို့ပြန်ဖြေရမည်ဆိုသည်ကို စဉ်းစားနေသည်။

 

သူက ယခင်ဘဝမှ ဖြစ်ပျက်ခဲ့သည်များကို မမှတ်မိပေ။ အခုလက်ရှိအနေအထားနှင့် သက်သေပြနိုင်ခြင်းမရှိပါလျှင်  အလိမ်အညာများ ပေါ်လာပေဦးမည်။ သူ၏ ယခုလက်ရှိ အချိန်ကာလပေါ် အခြေခံပြီး ပြန်ဖြေလိုက်သည်။

 

“တစ်ပတ်ပဲ ရှိပါသေးတယ်”

 

“ဟမ်”

 

“ဟမ်”

 

ကုယီလန်နှင့် အိမ်တော်ထိန်း နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။

 

နှစ်တစ်ရာမှာ တစ်ခါပဲပေါ်လာတဲ့ ပါရမီရှင်လား…’

 

သူတို့ပုံစံအားကြည့်ကာ စုကျီဆွေ့က သူပြောသည်ကို ရှင်းရှင်းလင်းလင်းနားမလည်ဘူးဟု ထင်ကာ တစ်ခါထပ်ပြောလိုက်သည်။

 

“ခုနစ်ရက်”

 

ကုယီလန်က ထပ်မေးသည်။

 

“ဒါဆို အရင်က ဘာတွေလေ့လာဖူးတာလဲ”

 

စုကျီဆွေ့က ပြန်ဖြေသည်။

 

“တရုတ်စာ၊ သင်္ချာ၊ အင်္ဂလိပ်၊ နိုင်ငံရေးသိပ္ပံ၊ သမိုင်း၊ ပထဝီ”

 

“ဟမ်”

 

“ဟမ်”

 

 

 

ခဏလေး….ဝိဇ္ဇာဘာသာတွေယူနေတဲ့ သူ့တပည့်က ချက်ချင်းသိပ္ပံတွဲကို လေ့လာနေတာလား….

 

“ငါမင်းကို သင်ပေးမယ်။ ဒါပေမဲ့…..”

 

စုကျီဆွေ့က သူ့အား အားကိုးသည့်မျက်ဝန်းအစုံဖြင့် လှမ်းကြည့်နေသည်။

 

“ဒါပေမဲ့ မင်းကိုငါသင်ပေးနေတယ်ဆိုတာ ဘယ်သူ့ကိုမှ ပြောပြလို့မရဘူး”

 

စုကျီဆွေ့က ခေါင်းကို မရပ်မနား ညိတ်ပြသည်။

 

 

 

အဘယ်ကြောင့် ပြောပြ၍မရသနည်းဟူသော လျှို့ဝှက်ချက်ကို သူသေချာမသိပေ။ သို့သော် သူဖတ်ဖူးသည့် သိုင်းဝတ္ထုများထဲတွင် ဂိုဏ်းတစ်ခု၏ လျှို့ဝှက်သိုင်းကျမ်းများကို အပြင်သို့ မပေါက်ကြားစေရန် နှုတ်လုံကြရသည်။ သူက ထိုလူကို ကျေးဇူးတင်လှသဖြင့် သူ့အသံဖမ်းစက်ကိုထုတ်ပြီး ထိုလူအား ပေးလိုက်သည်။ 

 

 

 

မနေ့မနက်အတွေ့အကြုံအရ ကုယီလန်က အသံဖမ်းစက်က အသံများကို အမြန်နှုန်းနှစ်ဆတင်ပြီး အစမှအဆုံးကို မျက်တောင်တစ်ချက်မှ မခတ်ဘဲ နားထောင်နေသည်။

 

မနေ့ကမူ အတော်လေး စိတ်ပျက်စရာကောင်းသည်။

 

 

 

ဘေးနားတွင်ရပ်ကြည့်နေသော အိမ်တော်ထိန်းက တအံ့တဩဖြစ်ပြီး မျက်လုံးအပြူးသားနှင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။

 

“ငါတို့ ဒီညလည်း အသံထပ်သွင်းကြမယ်”

 

ကုယီလန်က သူ့ကိုကြည့်ပြီးပြောသည်။

 

“အခုဖြစ်ပျက်တာတွေလည်းပြောပါဦး။ မင်းက သူ့ကို တွေ့တာနဲ့ ဘာလို့ ဒီလောက်တောင် ကြောက်လန့်နေတာလဲ”

 

 

 

စုကျီဆွေ့က သူ၏ မျက်ဝန်းနက်နက်ကြီးများကို တွေးမိပြီး အသံကျယ်ကျယ်ဖြင့် ပြန်ဖြေသည်။

 

“သူက ကျွန်တော့်ကို တစ်ခုခုပြောခဲ့လို့”

 

သူက ခဏရပ်လိုက်ပြီးမှ စကားပြန်ဆက်သည်။ “အရင်တုန်းကပါ”

 

ကုယီလန်က မျက်မှောင်ကိုကြုံ့ပြီး သူ၏ မျက်ဝန်းနက်နက်များဖြင့် စိုက်ကြည့်နေသည်။ အပြင်လူများက သူမည်သို့ဖြစ်နေသည်အား မသိနိုင်သော်လည်း သူ့အကြည့်တစ်ချက်က မည်သူ့ကိုမဆို လွှမ်းမိုးနိုင်သည်။ သို့သော် သူတစ်ချက်မော့ကြည့်သောအခါ ထိုခံစားချက်အရိပ်အယောင်များက မြူမှုန်တစ်မှုန်စာမျှပင် မကျန်ရစ်တော့ဘဲ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

 

 

 

အိမ်တော်ထိန်းက ရပ်မကြည့်နိုင်တော့ဘဲ သူ၏ သခင်ကိုယ်စား မေးလိုက်သည်။

 

“သူက အရင်တုန်းကရော သခင်လေးကို အနိုင်ကျင့်ခဲ့လား”

 

စုကျီဆွေ့က မဲ့ရှုံ့ရှုံ့မျက်နှာလုပ်ပြပြီး  ခေါင်းညိမ့်ပြသည်။ “အင်းအင်း”

 

 

 

 

အိမ်တော်ထိန်းက ကုယီလန်ကို တစ်ချက်လှမ်းကြည့်သည်။

 

သူရော သူဌေးရော ခန့်မှန်းတာမှားခဲ့တာပါလား။ ကောင်လေးက သူ့ကိုအရင်တုန်းက အနိုင်ကျင့်ခဲ့တဲ့လူကို ကြောက်နေတာပါလား…

 

 

 

စုကျီဆွေ့က ကုယီလန်ကို ကြည့်ပြီး သူ၏ဖုန်းကို လက်ညှိုးထိုးပြသည်။

 

ကုယီလန်က သူ့ဖုန်းကို ယူလိုက်သည်။

 

[ဟားဟား မင်းကတကယ့်အကောင်းဆုံးပဲ။ ချစ်လိုက်တာကွာ..အူး မွမွ”

 

“….”

 

ဖုန်းပေါ်တွင် မြင်နေရသော စာသားက ချစ်ကြည်နူးဖွယ်များဖြင့် ပြောဆိုထားသည်များဖြစ်နေသည်။

 

သူ့ရှေ့တွင်ရပ်နေသော ကောင်လေးကမူ မစ်ရှင်တစ်ခုကို အောင်မြင်သည့်အလား တုပ်တုပ်မှမလှုပ်ဘဲ စိုက်ကြည့်နေသည်။ ကုယီလန်ဘက်မှ မေးခွန်းထုတ်စရာ ပေါ်လာခဲ့သည်။

 

 

 

“ကိုယ်ဒီနေ့လုပ်စရာရှိသေးလို့ သွားလိုက်ဦးမယ်။ ကိုယ်အပြင်သွားနေတုန်း ကောင်းကောင်းမွန်မွန်နေခဲ့နော်။ စာကြည့်ခန်းထဲမှာ မင်းလေ့လာလို့ရမယ့် စာအုပ်တွေအများကြီးရှိတယ်။ သွားကြည့်လိုက်ဦး”

 

စုကျီဆွေ့က ခေါင်းညိမ့်ပြပြီး သူ့အား လက်ပြဝှေ့ရမ်းကာ နှုတ်ဆက်နေသည်။ ကုယီလန်က အိမ်ရာဝင်းအတွင်းမှ ကားပါကင်ရှိရာသို့ တရွေ့ရွေ့လှမ်းလာနေသည်။

 

 

 

ကုယီလန်ထွက်သွားတော့မှ အိမ်တော်ထိန်းလည်း မေးစေ့ကိုင်ပြီး စဉ်းစားတွေးတောနေခြင်းကို ရပ်လိုက်သည်။ သူက အိမ်တစ်ပတ်လှည့်လည်ကြည့်နေသော သခင်လေးနောက်သို့ လိုက်ဖို့ပြင်တော့သည်။

 

ကုယီလန်က တိတ်ဆိတ်ငြိမ်သက်ခြင်းကို နှစ်ခြိုက်သူဖြစ်သောကြောင့် အိမ်အတွင်းတွင် လူသိပ်မရှိပေ။ တီဗီကြည့်သည့်အချိန်နှင့် နေ့လည်စာစားသည့်အချိန်မှလွဲ၍ အစေခံများအား တွေ့ရခဲသည်။

 

 

 

ဥရောပစတိုင်တည်ဆောက်ထားသောအိမ်ရာသည် အပြင်ဘက်မှကြည့်လျှင် ရှေးခေတ်အသွင်အပြင်နှင့် တူသည်။ သို့သော် အိမ်အတွင်းတွင်မူ အဆင့်မြင့်နည်းပညာပစ္စည်းများနှင့် အလိုအလျောက် သန့်ရှင်းပေးသည့် စနစ်တို့ပါဝင်သည်။ ပုံမှန်အိမ်ကိစ္စများကို အန်တီဖန့်တစ်ဦးတည်းကသာ လုပ်ဆောင်သည်။ သခင်လေးထံသို့ အန်တီဖန့်ကပင် သစ်သီးပို့ပေးနေကျဖြစ်သည်။

 

 

 

လှေကားနားတွင် စုကျီဆွေ့ ခြေချော်ပြီး ကုယီလန်၏ ရင်ခွင်အတွင်းကျသွားချိန်မှသာ အန်တီဖန့်အား သူသိခဲ့ရသည်။ အိမ်ထဲတွင် သူနှင့်ရင်းနှီးသည့်လူမရှိဘဲ မျက်နှာစိမ်းများသာရှိသောကြောင့် အိမ်တော်ထိန်းက လိုက်ပြရသည်။

 

 

သူ့အား ပထမဆုံး ခေါ်သွားသည့်နေရာကား ကုယီလန်ပြောသည့် စာကြည့်ခန်းဖြစ်သည်။

 

 

အတွင်းသို့ ဝင်သွားသည့်အချိန်တွင် စုကျီဆွေ့က တအံ့တဩဖြစ်ပြီး ရပ်ကြည့်နေမိသည်။ သူက စာပေနိဗ္ဗာန်ဘုံအတွင်း ရောက်သွားသည့်အလား ပါးစပ်အဟောင်းသားဖြစ်နေသည်။

 

 

“ဒါက သခင်လေးကုရဲ့ စာကြည့်ခန်းအဟောင်းပါ။ ဒီထဲမှာတော့ သခင်လေးရဲ့ အလယ်တန်းနဲ့ အထက်တန်းတုန်းက ပြိုင်ပွဲဝင်ကာလမှာ အသုံးပြုခဲ့တဲ့ စာအုပ်စာတမ်းတွေနဲ့ သူတက္ကသိုလ်တက်တုန်းက စာအုပ်စာတမ်းတွေ ရှိပါတယ်”

 

 

စုကျီဆွေ့က ရှေ့သို့ တစ်လှမ်းတိုးပြီး ဗီရိုရှေ့၌ ရပ်လိုက်သည်။

 

 

ဗီရိုတစ်ခုလုံး ဆုတံဆိပ်များ၊ ဖလားများ၊ ဂုဏ်ပြုလက်မှတ်များဖြင့် ပြည့်နှက်နေသည်ကို ရပ်ကြည့်နေမိသည်။ ဆုတံဆိပ်များက နေရောင်အောက်တွင် ရွှေရောင်တလက်လက်ထနေသည်။ သူလည်း ဤဘဝသို့ မရောက်မီက ဆုရဖူးခဲ့သော်လည်း ဤမျှ မများပေ။

 

 

 

ကောင်လေးက စူးစိုက်ကြည့်ပြီး သိချင်စိတ်များက မျက်နှာ၌ အတိုင်းသားပေါ်နေသည်ကို အိမ်တော်ထိန်းက မြင်နေရသည်။ 

 

 

“ဒီဆုတွေအားလုံးက သခင်လေးကု အလယ်တန်းနဲ့ အထက်တန်းတုန်းက ရခဲ့တာတွေပါ။ သခင်လေးက ဒီကိုမဝင်ဖြစ်တာကြာနေပြီမလို့ ဖုန်တွေတောင်တက်နေပြီ”

 

 

အိမ်တော်ထိန်းက နောက်ထပ်ဗီရိုတစ်ခုကို ညွှန်ပြသည်။

 

 

“ဒီထဲမှာရှိတာအားလုံးက ရူပဗေဒပြိုင်ပွဲအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေပါ။ ဒီထဲမှာ စျေးကွက်ထဲမှာတောင် ဝယ်လို့မရတာတွေ ရှိပါတယ်။ တစ်ချက်လောက်ကြည့်ကြည့်ပါဦး”

 

 

 

ထိုစကားကိုကြားပြီး စုကျီဆွေ့၏ အာရုံက ချက်ချင်းပြောင်းလာသည်။

 

 

သကြားလုံးရသည့် ကလေးတစ်ဦးအလား စုကျီဆွေ့က ပျော်နေမိသည်။ သူ ဤဘဝသို့ မရောက်လာမီက ဖတ်ခဲ့သော စာအုပ်တစ်ချို့အား တွေ့ရသည်။

 

 

ပုံနှိပ်စာအုပ်နှင့် လေ့ကျင့်ခန်းစာအုပ်များကို စနစ်တကျစီရီထားသည်ကို တွေ့ရသည်။ ကောင်လေးက တစ်ချက်တွေဝေနေပြီး “အဆင့်မြင့်ရူပဗေဒနည်းပညာ”ဟူသော စာအုပ်ကို လက်ညှိုးထိုးပြသည်။ အိမ်တော်ထိန်းက သူ့အား ပြုံးပြပြီး သူလိုချင်သောစာအုပ်ကို ပေးလိုက်သည်။

 

 

စုကျီဆွေ့က ထိုစာအုပ်ကိုမြင်ဖူးနေခြင်းမှာမူ သူ့အစ်ကိုအသုံးပြုခဲ့သော စာအုပ်ဖြစ်နေသောကြောင့် ဖြစ်သည်။

 

 

စာအုပ်က တစ်ထပ်တည်း တူနေခြင်းဖြစ်သည်။ သို့သော် သူ ယခုကိုင်ထားသော စာအုပ်မှာ သူ့အစ်ကိုထက် အဆပေါင်းများစွာတော်သော တစ်စုံတစ်ယောက်က ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

 

 

ဤ “အဆင့်မြင့်ရူပဗေဒနည်းပညာ”ဟူသော စာအုပ်၏ စာကြောင်းတစ်ကြောင်းချင်းစီတိုင်းက ပါရမီရှင်တစ်ဦး ရေးသားထားသည့်အလား ထင်ရသည်။ ထိုစာအုပ်ထဲတွင်ပါသော ဖြေရှင်းနည်းများသည်လည်း လုံးဝတမူထူးခြားနေသော တွေးခေါ်သည့်ပုံစံများ ပေါ်လွင်နေသည်။

 

 

 

ထိုအရာများကိုတွေးမိသောအခါ ထက်ထက်မြက်မြက်ရှိပြီး ခပ်မိုက်မိုက်ပုံစံဖြစ်နေမည့် ကုယီလန်၏ လူငယ်ပုံစံကို သူ့မျက်လုံးထဲ ပြေးမြင်လာသည်။ သူက ဘေးနားတွင် မှတ်စုများကို ချရေးထားသည်။ ထို့နောက် စာပိုဒ်များကိုကျော်ပြီး ပုစ္ဆာများဘက်သို့လှည့်ကာ ဖော်မြူလာအကြောင်း ကြည့်သည့်ပုံပေါ်သည်။ သူသည် ပုစ္ဆာများကို သူ့နည်းသူ့ဟန်ဖြင့် အေးအေးဆေးဆေး တွက်ချက်ဖြေရှင်းနိုင်ခဲ့ပုံရသည်။

 

 

သူရေးချထားသည့် မှတ်စုများကို ကြည့်ရုံဖြင့် ဗဟုသုတအများအပြား ရနိုင်သည်။ ပါရမီရှင်ဆိုတာ ဒါပါလားဟု တအံ့တဩရေရွတ်မိသည်အထိ ဖြစ်ရသည်။ စာရွက်အနည်းငယ်ဖတ်လိုက်ရုံဖြင့် ကုယီလန်က လူငယ်ဘဝမှ ရုပဗေဒဘာသာရပ်အပေါ် မြင်သည့်ပုံစံအတိုင်း သူနားလည်လာခဲ့သည်။

 

 

အိမ်ရာဝင်းအား လှည့်ပတ်ကြည့်ခြင်းမှာလည်း ပထမဆုံးအခန်းတွင်ပင် အောင်အောင်မြင်မြင် အဆုံးသတ်ခဲ့သည် ။