Chapter 4
Viewers 368

အခန်း(၄) နှစ်သိမ့်ဆု

 

ဘုရားသခင်က ဤသို့မိန့်တော်မူ၏။ 

 

"လောကကြီးသည် လူသားတို့စိတ်ကြိုက် ဖြစ်စေချင်သည့်အတိုင်း အမြဲပြည့်စုံစေသည် မဟုတ်ပေ။ သူ ကန္တာရကမ္ဘာတွင် မျက်လုံးဖွင့်လိုက်သည့် ပထမဆုံးနေ့၌ မိစ္ဆာတစ်ပါးအား မြင်တွေ့ခဲ့ရ၏။ —— 

အက်စ်တာ 《Neverland》

 

မျက်နှာပြင်ပေါ်သို့ ရုတ်တရက် ချဉ်းကပ်လာသည့် မျက်နှာအား ချူစစ် အေးစက်စွာ ကြည့်နေစဉ် သူ၏ မျက်ဆန်များက အနည်းငယ် ကျုံ့ဝင်သွားခဲ့သည်။ သူက အင်္ကျီလက်ကို နှစ်ထပ်ခေါက်တင်ထားပြီး ဖော်ပြထားသည့် လက်မောင်းအပေါ်ပိုင်းရှိ ကြွက်သားများသည် တစ်ခဏအတွင်း တင်းကျပ်လာကာ မျက်စိတစ်မှိတ်အတွင်း၌ ချက်ချင်းပင် ပြေလျော့သွားသည် ။

 

သူသည် စိတ်ခံစားချက်ကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့ပြီး မျက်နှာအမူအရာမှာလည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း ဘေးနားရှိ ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ဤအချက်ကို သတိထားမိသွားခဲ့သည်။

 

သူသည် ချူစစ်အား မကြာသေးမီ မိနစ်သုံးဆယ်အတွင်းကမှ စတင်တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး သူ့အားနားလည်သည်ဟု မဆိုနိုင်ပေ။ ထို့ကြောင့် ချူစစ်၏ မသိစိတ်မှတုံ့ပြန်မှုသည် ခုခံကာကွယ်မှုလား ၊ စိုးရိမ်ပူပန်မှုလား၊ သို့မဟုတ် အခြားအရာတစ်ခုခုလားဆိုသည်ကို သူ မခန့်မှန်းနိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ထိုအချက်က သူ့အား ပို၍ပင် ထိတ်လန့်သွားစေခဲ့သည်။

 

သူသည် "ဘယ်တုန်းကမှ စာမပြန်ခဲ့ဘူး” ဆိုသည့် စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသဖြင့် အသံနှိမ့်ကာ တုန်တုန်ရီရီဖြင့် ချူစစ်အား မေးမြန်းလိုက်သည်။ 

 

"ဒီလူက... မင်းပြောနေတဲ့ အကြမ်းဖက်သမားလား"

 

ချူစစ် မျက်တောင်ပင်မခတ်ဘဲ မျက်နှာပြင်ကို စူးစိုက်ကြည့်ရှုနေပြီး အနီရောင်ခလုတ်တစ်ခုကို နှိပ်လိုက်ကာ အေးဆေးစွာပင် ပြောလိုက်သည်။ 

 

"ငါ စာပြန်ထားပြီးပြီ"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : "ဟင်?"

 

သူသည် ပါးစပ်ဟကာ ခေတ္တမျှ ငေးငိုင်လျက် ရပ်တန့်သွားပြီးနောက် မျက်နှာပြင်ပေါ်ရှိ ချောမောသည့် လူငယ်လေး၏ရယ်သံကို ကြားလိုက်မှသာ ချူစစ်၏စကားသည် သူ့ကို မဟုတ်ဘဲ မျက်နှာပြင်၏ အခြားဘက်ခြမ်းသို့ ရည်ညွှန်းနေကြောင်း နားလည်သွားခဲ့သည်။

 

မျက်နှာပြင်ထဲမှ လူငယ်သည် "ဟင်း" ဆိုသည့် အသံထွက်လာပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။ 

 

"ဘာပြန်ထားတာလဲ" 

 

သူသည် စကားပြော​သောအခါ ပါးစပ်ဖွင့်ရမည်ကို ပျင်းနေသည့်ပုံပေါ်ပြီး အသံကို လည်ချောင်းအောက်ခြေတွင် ဖိညှစ်ထားသကဲ့သို့ အနိမ့်သံနှင့် အနည်းငယ် ဂရုမစိုက်သည့်ဟန် ပြောတတ်၏။

 

"အာကာသအကျဥ်းထောင်" ဟူသော ရှိရင်းစွဲ ထင်မြင်ချက်သည် ဖြစ်ကောင်းဖြစ်နိုင်သည်က လွန်လွန်ကဲကဲ မကောင်းအောင် ချဲ့ကားပြောဆိုထားခြင်းပေလား၊  သို့မဟုတ် ချူစစ်၏ ယခင်က ဖော်ပြချက်များမှာ အလွန်ကို ထိတ်လန့်စရာကောင်းနေ​၍လား။ ဤလူငယ်၏ အသွင်အပြင်သည် "အလွန်အမင်း ကြောက်စရာကောင်းသော" ဆိုသည့်စကားနှင့် မည်သည်မျှ မသက်ဆိုင်သကဲ့သို့ပင်။ သူပြောသည့် စကားများသည် ရိုးစင်းလှသော်လည်း ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူမှာ စိုးရိမ်ပူပန်စွာနှင့်ပင် နားစွင့်နေမိသည်။

 

သူမသိလိုက်ဘဲ သူ့လက်ချောင်းများကို ညှစ်လိုက်မိပြီး ခေါင်းလှည့်ကာ ချူစစ်၏ အဖြေကို စောင့်မျှော်နေမိသည်။ သို့သော် သူ၏ ​အလိုအလျောက်ခံစားမှုက ချူစစ်သည် အဘယ်သောအခါမှ တခြားလူအား ချော့မော့စကားပြောမည်မဟုတ်မှန်း သိနေခဲ့သည်။

 

"မေ့သွားပြီ… အတော်လေးတော့များတယ်… မင်းကိုယ်တိုင် လက်ခံရတဲ့အချိန်ကျမှ ဖတ်ကြည့်ဖို့ အကြံပေးတယ်" 

 

ချူစစ် မျက်နှာအမူအရာမပြောင်းလဲဘဲ ပြောလိုက်သည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ: "..." 

 

ဘာကြောင့်မှန်းမသိ ဒီကောင်က မျက်လုံးနှစ်လုံးဖွင့်ပြီး မဟုတ်မမှန်စကားတွေ ပြောနေသလိုပဲ…

 

ချူစစ် ခေတ္တမျှ ရပ်ပြီးနောက် အေးဆေးတည်ငြိမ်စွာနှင့် ဆက်ပြောလိုက်သည်။

 

"ဒါပေမယ့် အာကာသ စူပါ အချက်ပြလိုင်းကတောင် မင်းကိုရှောင်နေသလိုပဲ… အဲဒီစာရောက်ဖို့ နောက်ထပ် ၂၇ နှစ်လောက် ကြာဦးမယ်ထင်တယ်"

 

သူစကားပြောပြီးသည်နှင့် မျက်နှာပြင်၏ တစ်ဖက်ခြမ်းမှ "ဒင်" ဟူသော အသံအား ပီပီသသကြားလိုက်ရသည်။

 

လူငယ်က အနည်းငယ်ကိုယ်ကိုမတ်လိုက်ပြီး ဆက်သွယ်ရေးစက်ကို ထုတ်ယူကာ ကြည့်လိုက်သည်။ သူသည် လက်တစ်ဖက်ဖြင့် မျက်နှာပြင်အစွန်းကို ဆက်ထိန်းထားရင်းမှ အခြားလက်တစ်ဖက်ဖြင့် ဆက်သွယ်ရေးစက်ပေါ်တွင် နှစ်ချက်နှိပ်လိုက်သည်။

 

သူက ဖတ်ရှုပြီးသည်နှင့် ချက်ချင်းပြုံးရယ်ကာ ဆက်သွယ်ရေးစက်ကို မျက်နှာပြင်ရှေ့တွင် လှုပ်ယမ်းပြလျက် ပြောလာသည်။

 

"အစက်တစ်စက်… ဒါက များတယ်ပေါ့?"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ - "..."

 

ဖော်ထုတ်ခံလိုက်ရသော်လည်း ချူစစ်က ဂရုမစိုက်ချေ။

 

"အဲဒါက အဓိပ္ပာယ်တွေ အများကြီး ပါတယ်"

 

ထိုလူ :  "ဥပမာ?"

 

ချူစစ်:  "ဥပမာ… မင်း အကျဥ်းထောင် ပြန်ရောက်ပါစေလို့ ဆုတောင်းတာမျိုး"

 

"..." 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက စဉ်းစားကြည့်မိပြီးနောက် တိတ်ဆိတ်စွာပင် ထိန်းချုပ်ရေးစားပွဲမှ ကြမ်းပြင်ပေါ်သို့ ဆင်းသွားလေသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူသည် စင်စစ်ပင် မျက်နှာမပြချင်ဘဲ ရက်အနည်းငယ်လောက် ပိုအသက်ရှင်ချင်သေးသည်။

 

 

ထိန်းချုပ်ရေးမျက်နှာပြင်ရှေ့ရှိ လူနှစ်ယောက်တွင် တစ်ယောက်သည် မျက်နှာပြင်ကို မှီထားပြီး နောက်တစ်ယောက်မှာ စားပွဲကို မှီကာ ကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ထားပြီး မျက်ဝန်းများအား အောက်ငုံ့ထားကာ သဘာဝကျပြီး သက်တောင့်သက်သာရှိသော ဟန်အမူအရာများကို ပြသနေသည်မှာ အချိန်အတော်ကြာ ခင်မင်ခဲ့ဖူးသည့် မိတ်ဆွေဟောင်းနှစ်ယောက်ကဲ့သို့ပင်။

 

သို့ပေသည့် ဤကဲ့သို့ရင်းရင်းနှီးနှီး စကားပြောနေကြခြင်းသည်... ကြမ်းသုတ်ဝတ်ဆံပင်ပုံစံနှင့်လူ၏မျက်နှာကို စိမ်းဖန့်သွားစေခဲ့သည်။

 

ကြမ်းသုတ်ဝတ်ဆံပင်ပုံစံနှင့်လူသည် စားပွဲအောက်တွင် ခေတ္တမျှ ငုံ့နေပြီးနောက် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိနေသည်။ လူငယ်က ဤမျှကြိုးစားပြီး သူတို့ကို ရှာနေသော်လည်း စောင့်ကြည့်ရေးကင်မရာနှင့်သာ ကြာရှည်စွာ စကားပြောနေပြီး ဗီလာဆီ ချဉ်းကပ်လာရန် ရည်ရွယ်ချက်ရှိပုံမရပေ။

 

မျက်နှာပြင်ထဲတွင် လူငယ်သည် မတ်မတ်ရပ်ရင်း သွားနှင့် လက်အိတ်အမည်းတစ်ဖက်၏ ထိပ်ကိုကိုက်ကာ နောက်တစ်ဖက်အား ချွတ်နေသည်။ ထို့နောက် ခေါင်းအနည်းငယ် စောင်းပြီး မျက်ဝန်းထောင့်မှတစ်ဆင့် ကင်မရာအား ကြည့်ကာ မရေရာစွာ ပြောလိုက်သည်။

 

"ငါ ဒီကင်မရာကို မလှည့်ပစ်လိုက်ခင် မင်း ငါ့ကို သေသေချာချာ ကြည့်ချင်​သေးလား"

 

ချူစစ် မျက်ခုံးပင့်ပြီး ဆိုလိုက်သည်။

 

"မကြည့်ချင်ဘူး" 

 

ထိုသို့ပြောပြီးသည်နှင့် သူက ထိန်းချုပ်ရေးစားပွဲပေါ်ရှိ ပါဝါခလုတ်အား နှိပ်ချလိုက်သည်။

 

"သစ်တောအပြင်ဘက်ရှိ စောင့်ကြည့်ရေးစနစ်အား ပိတ်ချပြီး စွမ်းအင်ချွေတာမှုပုံစံသို့ ကူးပြောင်းလိုက်ပါပြီ" 

 

လျှပ်စစ်အသံက ထိုသို့ပြောဆိုပြီးသည်နှင့် နံရံပေါ်ရှိ မျက်နှာပြင်ကြီးငယ်များအားလုံး တစ်ပြိုင်နက် အမှောင်ကျသွားပြီး ရုပ်ပုံများသည် ပျောက်ကွယ်သွားတော့သည်။

 

"ပိတ်လိုက်တာလား?! မင်း ဒီတိုင်း-" 

 

ကြမ်းသုတ်ဝတ်ဆံပင်ပုံစံနှင့်လူ၏ နှုတ်ခမ်းထောင့်များသည် တုန်ရီသွားပြီး မျက်နှာပြင်များကို ညွှန်ပြလာသည်။ 

 

"... သူ့ကို အဲဒီမှာ ထားခဲ့တာလား?"

 

ချူစစ် ထိန်းချုပ်ရေးစားပွဲပေါ်မှ ဆက်သွယ်ရေးစက်ကို ချောမွေ့စွာကောက်ယူပြီး အိတ်ထဲသို့ ပစ်ထည့်ရင်း ပြောလိုက်သည်၊ 

 

"စွမ်းအင်ချွေတာဖို့လေ"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : "... လျှပ်စစ် ချွေတာတာနဲ့ ငါ့အသက်ကို​​ချွေတာတာဆိုရင် ငါ့အသက်ကိုပဲ ရွေးမယ်”

 

"ကံဆိုးချင်တော့ ဒီအိမ်က ငါ့အိမ်ပဲ"

 

ချူစစ် နံရံဘေးရှိ ဗီရိုများထံ လျှောက်သွားရင်း ပြောလိုက်သည်။ သူက ညာဘက်အောက်ခြေမှ ဗီရိုနှစ်လုံးအား ဖွင့်လိုက်သည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက အနည်းငယ် ထိတ်လန့်နေဆဲဖြစ်သည် ​။ သူက တိတ်တဆိတ် သူ့ဒူးအား ပွတ်သပ်ရင်း ပြောလိုက်သည်။

 

"ပြောရရင် ငါ့ဒူးတွေ နည်းနည်းတုန်နေပြီ​၊ မင်းတကယ်ပဲ ထိန်းချုပ်ရေးစက်ကို ပိတ်ပြီး သူ့ကို လျစ်လျူရှုလိုက်တာလား? ဂြိုဟ်တစ်ခုလုံးကို ပေါက်ကွဲအောင် လုပ်နိုင်တဲ့သူရဲ့ မက်ဆေ့ချ်ကိုမပြန်ဘဲ ဒီလိုထားလိုက်တာ တကယ်ကောင်းရဲ့လား? ငါတို့တွေ သေလမ်းရှာနေကြသလို ခံစားရတယ်..."

 

ချူစစ်က မကြားသကဲ့သို့လုပ်နေရင်းမှ ဗီရိုထဲတွင် ခေတ္တမျှရှာဖွေနေပြီးနောက် တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး ဘေးရှိ အအေးထိန်းတောင့်ပေါ်တွင် တင်လိုက်သည်။

 

ဤဗီရိုများအား ပိုင်ရှင်ရှေ့တွင် အလွန်စူးစမ်းချင်နေပါလျှင် မသင့်တော်ဟု ခံစားမိသောကြောင့် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက သာမန်အတိုင်း ကြည့်ရုံသာကြည့်နေခဲ့သည်။

 

ချူစစ် ထုတ်လိုက်သည်က ဆူညံသံကာကွယ်သည့် နားကြပ်တစ်ဘူးနှင့် လက်အိတ်တစ်စုံ ဖြစ်သည်။

 

သူသည် လက်အိတ်များကို စွတ်ပြီး ထောင့်တစ်နေရာမှ သတ္ထုသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ သေတ္တာ၏ အရွယ်အစားကို ကြည့်လျှင် အလေးချိန်မပေါ့ဟု ယူဆရသော်လည်း သူ့လက်ထဲတွင်မူ ပေါ့ပါးနေပုံရသည်။

 

"ဒါက ဘာလဲ?" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက မျက်တောင်ခတ်လိုက်သည်။

 

"ပစ္စည်းဟောင်း… ပုံမှန်အားဖြင့်တော့ အသုံးမဝင်ဘူး-" 

 

ချူစစ်က လက်မဖြင့် သော့ဘေးသို့ ထိလိုက်ရာ သေတ္တာသည် အသံမြည်ကာ အလိုအလျောက်ပွင့်သွားပြီး အတွင်းမှ ငွေရောင်ကိရိယာများ တန်းစီထားသည်ကို ထုတ်ဖော်ပြလိုက်သည်။ ၎င်းသည် “ကိရိယာအိတ်ကြီး” ပင်ဖြစ်သည်။

 

"..." 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက သူ့လက်ကို ကြည့်ရင်း ပြောသည်။

 

"မင်းရဲ့ ကိရိယာအိတ်က အသေးစိတ်တိကျတဲ့ စက်ကိရိယာသေတ္တာနဲ့ တူတာပဲ… ငါသုံးနေကျ တစ်ခုနဲ့ မတူဘူး"

 

ချူစစ်က ​ခေတ္တရပ်ပြီး သူ့ကိုကြည့်ကာ မေးမြန်းလာသည်။

 

"မင်းက ဘာတွေသုံးနေကျလဲ?"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက "အိုး" ဆိုကာ ခေါင်းကုတ်လျက် ပြောလိုက်သည်။

 

"ငါတို့ စောစောက ပြဿနာတက်နေတော့ ပြောဖို့အချိန် မရှိခဲ့တာ… ငါက လေယာဉ်ပျံပြုပြင်ထိန်းသိမ်းရေးသမား တစ်ယောက်ပါ"

 

ချူစစ် အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းညိတ်လိုက်ကာ သေတ္တာကို လှည့်ပြီး ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူထံ တွန်းပို့လိုက်သည် ။

 

"ဒါဆိုရင် ကောင်းသားပဲ"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက မည်သည်ကိုလုပ်ရမည်မသိဘဲ ရှုပ်ထွေးသွားသည်။

 

 

"မင်းက ဘာလုပ်ချင်တာလဲ?”

 

ချူစစ် ဘေးမှ အအေးထိန်းတောင့်အား မေးစေ့ဖြင့် ညွှန်ပြလိုက်၏။ 

 

"ဘောင်ကို ခွဲထုတ်မယ်"

 

"???"

 

ချူစစ်နှင့် တွေ့ပြီးချိန်ကစ ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် စိတ်ရှုပ်ထွေးနေရသည်။

 

"ဘာလို့ ဘောင်ကို ဖြုတ်တာလဲ? ဒီဘောင်က ဘာမှားနေလို့လဲ?" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက မေးသည်။

 

ချူစစ်က လက်အိတ်တစ်ဖက်၏ထိပ်အား သွားနှင့်ကိုက်ချွတ်ပြီး နောက်တစ်ဖက်ကို ဆက်ချွတ်ရင်း ရှင်းပြသည်။ 

 

"အအေးထိန်းတောင့်ဘောင်တစ်ခုစီမှာ လေဖယ်ရှားစက်လေးတွေ သုံးခုစီ ထည့်သွင်းထားတယ်… ငါတို့အတွက် အသုံးဝင်တယ်"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက သူ့ကိုကြည့်ပြီး အချိန်အနည်းငယ်အကြာ ချူစစ်၏ လှုပ်ရှားမှုများသည် ရင်းနှီးနေသကဲ့သို့ ခံစားရသည်။ သူမစဉ်းစားနိုင်မီပင် သူ့အာရုံကို ချူစစ်၏ စိတ်ကူးက ပြောင်းလဲသွားစေသည်။ 

 

"ငါက လေယာဉ်ပျံတွေပဲ ပြင်ဖူးတာ၊ ဒီလိုမျိုးကိရိယာကို ဘယ်တုန်းကမှ မကိုင်ဖူးဘူး၊ မင်းကိုယ်တိုင် လုပ်တာက ပိုကောင်းမယ်—"

 

သူ၏ စကားမပြီးဆုံးခင်မှာပင် ချူစစ်က ကြားဖြတ်ပြီး ပြောလိုက်သည်။

 

"ငါ ဘယ်လိုပြင်ရမလဲ မသိဘူး" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : "ဒါဆို ဘာလို့ ကိရိယာအိတ်ကို ဆွဲထုတ်နေတာလဲ?"

 

"ကြိုးစားကြည့်ဖို့လေ… ငါတကယ်ပဲ ခွဲထုတ်နိုင်မလားဆိုတာ" 

 

ချူစစ် အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ :  "..." 

 

နောက်ဆုံးတွင် သူနားလည်သွား​ပြီ ဖြစ်သည်။ သူ့ရှေ့တွင်ရှိနေသော ဤလူသည် ပေါက်တတ်ကရစကားပြောရာတွင် ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး သူ့အသွင်အပြင်မှာလည်း လှည့်စားရန် အတော်လေးလွယ်ကူသည်။

 

ကံကောင်းစွာပင် ၄၇ နှစ်ကြာ ရေခဲခံခဲ့ရပြီး  ၃ နှစ်ကြာ လှည့်လည်ခဲ့ရပြီးချိန်၌ပင် သူ့စွမ်းရည်များသည်  လုံးဝမပျောက်ပျက်သွားခဲ့ပေ။ အအေးထိန်းတောင့်များကို ယေဘုယျအားဖြင့် စက်ကိရိယာစနစ်များက ထိန်းသိမ်းပေးသော်လည်း လက်ဖြင့် ပြုပြင်ရန်အတွက် အပေါက်တစ်ခုက ထောင့်တွင်ရှိနေဆဲ ဖြစ်သည်။

 

စုစုပေါင်းခွဲထုတ်မှုအရှိန်သည် အတော်လေး မြန်ဆန်လှသည်။ ကြမ်းသုတ်ဝတ်ဆံပင်နှင့် လူက စလုပ်ရန် နည်းလမ်းရှာဖွေပြီး မိနစ်အနည်းငယ်ကြာ စမ်းကြည့်ခဲ့​သော်လည်း မကြာမီမှာပင် အအေးထိန်းတောင့်၏ဘောင်သည် မျက်စိတစ်မှိတ်အတွင်း အပိုင်းခုနှစ်ပိုင်းရှစ်ပိုင်း ကွဲထွက်သွားခဲ့သည်။ အစမှအဆုံးထိ စကားတစ်ခွန်းမှ မပြောဖူးသော လူငယ်လေးကား တိတ်တဆိတ်နှင့် ဘေးတွင် ထိုင်ပြီး ကျွမ်းကျင်စွာနှင့် ကြမ်းသုတ်ဝတ်ဆံပင်နှင့် လူကို ကိရိယာများ လှမ်းပေးရင်း ချူစစ်အား ကြည်လင်သည့်မျက်လုံးများဖြင့် မကြာခဏ ကြည့်နေသည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူအား အအေးခန်းကို ခွဲခိုင်းထားသည်နှင့် ပတ်သက်၍ ချူစစ် အတော်လေး သက်တောင့်သက်သာရှိနေပုံရသည်။ သူက ထိုလူ အလုပ်လုပ်နေသည်ကို မကြည့်ဘဲ သူဖွင့်ထားသည့် နောက်ထပ်ဗီရိုတစ်လုံးထဲမှ အနက်ရောင်ဆလင်ဒါအိတ်တစ်လုံးအား ထုတ်ယူလိုက်သည်။

 

"ပြီးသွားပြီ" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ရုတ်တရက် ပြောလိုက်ပြီး သူ၏လက်ဝါးကို ဖြန့်လိုက်ကာ လက်ထဲတွင် ကျောက်ခဲအရွယ်ခန့်ရှိသော အနက်ရောင်သေတ္တာငယ်သုံးလုံးနှင့် ပါးလွှာသည့် ပြွန်ငယ်များ တပ်ဆင်ထားသည်ကို ပြသလိုက်သည်။

 

"ကျေးဇူးပဲ" 

 

ချူစစ်က လက်လှမ်းပြီး တစ်ခုကို ကောက်ယူကာ အိတ်ကပ်ထဲထည့်ရန် အဆင်ပြေသော လေဖယ်ရှားစက်ကို သူ၏နားအနောက်တွင် သဘာဝကျကျ ချိတ်ဆွဲလိုက်သည်။ ကွေးညွှတ်နေသော ပြွန်ငယ်က သူ၏နားရိုးကို ချိတ်မိပြီး သူ၏မျက်နှာဘေးမှတဆင့် ဆက်လက်ထွက်ပေါ်နေသည်။

 

လေဖယ်ရှားစက်သည် အနည်းငယ်ကျယ်သည့် "ဝီး"ဟူသော အသံဖြင့် ပါဝါဖွင့်လိုက်ပြီး သူ၏မျက်နှာဘေးတွင် မရပ်မနား အလုပ်လုပ်နေသည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ခေါင်းစောင်းပြီး သူက ခပ်တောင့်တောင့်ရှိသော ဆလင်ဒါအိတ်ကို သယ်ဆောင်ကာ ဘေးဖယ်ထားသော သေတ္တာထဲမှ အသံကင်းစင်သည့် နားကြပ်တစ်စုံကို ထုတ်ယူလိုက်သည်ကို ကြည့်နေမိသည်။

 

"မင်း ဘာလုပ်မလို့လဲ" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ဗလာဖြစ်စွာ ကြည့်ပြီး မေးလိုက်သည်။

 

တံခါးထံ လျှောက်သွားရင်းမှ ချူစစ် နောက်သို့မလှည့်ဘဲ ပြောလိုက်သည်။

 

"အကြမ်းဖက်သမားကို သွားနှစ်သိမ့်ပေးလိုက်ဦးမယ်"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : "...ဒါဆို မင်းသယ်လာတာက ဘာလဲ? နှစ်သိမ့်ဆုလား?"

 

ချူစစ် တံခါးကို ဖြတ်ကျော်ပြီး ခေါင်းလှည့်ကာ ပြုံးရယ်လျက် ပြောလိုက်သည်။

 

"အာရ်-၇၂ ဒုံးပျံလောင်ချာ"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : "..." 

 

မင်းတို့အိမ်က ဒုံးပျံလောင်ချာနဲ့ လူတွေကို နှစ်သိမ့်ပေးတာလား?!!!