Chapter 5
Viewers 365

အခန်း (၅) - ကျွန်းပေါ်မှ ဝေလငါး

 

"အဲဒီအကြည့်နဲ့ ငါ့ကိုမကြည့်နဲ့၊ ငါစိတ်ကြည်နေရင်တော့ တခြားဟာ ပြောင်းသုံးပါတယ်" 

 

ချူစစ် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူအား ထိုသို့ ပြောလိုက်ရင်း သူ၏ ဒုံးပျံလောင်ချာကို သယ်၍ အပြင်ဘက်သို့ ထွက်ခွာသွားသည်။ သူ၏အမူအရာသည် ညနေခင်း လက်ဖက်ရည်သောက်ပြီးနောက် ခွေးနှင့်လမ်းလျှောက်ထွက်ရန် အဆင်သင့်ဖြစ်နေသူတစ်ဦးကဲ့သို့ပင် ပေါ့ပေါ့ပါးပါး ဖြစ်နေပြီး တံခါးမှထွက်သွားသည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် သူ့စကားကို မယုံကြည်နိုင်သကဲ့သို့ မေးလိုက်သည်။

 

"ဥပမာ… ဘယ်လိုဟာမျိုးလဲ?"

 

"PA အလင်းညွှန်ပြဒုံးကျည်လိုမျိုး?" 

 

ချူစစ် လွယ်လင့်တကူပင် ဖြေလိုက်သည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ဆက်ပြီးမေးလိုက်သည်။ 

 

"ဘာကွာလို့လဲ?"

 

ချူစစ် လက်ကို မြှောက်လိုက်ပြီး သိုလှောင်ခန်းတံခါးအပြင်ဘက်ရှိ ခလုတ်တစ်ခုကို နှိပ်ရင်း ပြန်ဖြေသည်။

 

"ဒုံးကျည်ရဲ့ လမ်းကြောင်းက ပိုကြော့ရှင်းပြီးတော့ နည်းနည်းသိမ်မွေ့တဲ့ပုံ ပေါ်တယ်လေ"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : "မင်းက စီဒါတောတစ်ခုလုံးကိုတောင် ကျောက်တုံးလေးတွေ ဖြစ်သွားအောင် ပေါက်ကွဲစေနိုင်တဲ့ ပီအေ ဒုံးကျည်အကြောင်းကို တကယ်ပဲ ဒီလိုမျိုး ဖော်ပြနေတယ်ပေါ့..."

 

"အင်း"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက သူ့ပါးစပ်ကို တစ်ချက်ရိုက်လိုက်သည်။

 

‘ငါ မင်းစကားကို ယုံခဲ့မိတာပဲ၊ မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နောက်တစ်ခါသာ ထပ်ယုံမိရင် ငါက အရမ်းမိုက်မဲလို့ပဲ!’

 

သူ့စိတ်ထဲတွင် အကြံထုတ်လိုက်သည်။ 

 

‘ချူစစ်က အဲဒီအကြမ်းဖက်သမားကို ဆက်ပြီးတိုက်ခိုက်ချင်နေရင်လည်း ငါ မတားတော့ဘူး၊ ဘာပဲဖြစ်ဖြစ် ငါ မသေချင်သေးဘူး!’

 

သို့သော် သူ အအေးထိန်းတောင့်များ၏ ဘေးသို့ ပြန်ဆုတ်လိုက်ချိန်မှာပင် အတက်အကျမရှိသော လျှပ်စစ်အသံတစ်ခုအား သိုလှောင်ခန်းတစ်ခုလုံးတွင် ကြားလိုက်ရသည်။

 

"ဒီနေရာရဲ့ ပိတ်ဆို့ချုပ်ကိုင်ရေးစနစ် ဖွင့်လိုက်ပါပြီ၊ သူ့အလိုလိုဖျက်စီးမှုကိရိယာကို အသက်သွင်းလိုက်ပါပြီ ရေတွက်ခြင်း ၁၀ စက္ကန့်၊ ၁၀—"

 

"ဒါက ဘာကြီးလဲ?!" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် လန့်သွားသည်။

 

ချူစစ်၏အသံက သူ့ခြေလှမ်းများနှင့်အတူ အဝေးသို့ ရောက်သွားသည်။

 

"ငါက သံသယနည်းနည်းကြီးတယ်၊ သူစိမ်းတွေကို ငါ့အိမ်ကို ကြည့်ခိုင်းရတာ စိတ်မချဘူး… စိတ်မပူပါနဲ့၊ မင်းသာ ဂရုစိုက်ရင် အခန်းကပေါက်ကွဲမှာမဟုတ်ဘူး"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ငါးကြင်းတစ်ကောင်ကဲ့သို့ လှိမ့်ထလိုက်ကာ ပိန်လှီသည့် ကလေးကို ဆွဲပြီး တံခါးထံသို့ ပြေးလာခဲ့သည်။ သူက အသံကင်းစင်သည့် နားကြပ်ဘူးကိုလည်း ယူသွားရန် မမေ့ခဲ့ပေ။ 

 

"မဟုတ်ဘူး… မဟုတ်ဘူး၊ ငါ စိတ်ပြောင်းသွားပြီ၊ မင်းနဲ့အတူ သေဖို့ လိုက်မယ်၊ မင်းအိမ်ကို မကြည့်ချင်တော့ဘူး!"

 

ကြမ်းသုတ်ဝတ်ဆံပင်ရှိသောလူနှင့် ကလေးတို့သည် အခန်းထဲမှ ထွက်ပြေးခုန်ထွက်သွားပြီး သူတို့နောက်မှ တံခါးသည် အလိုအလျောက် သော့ပိတ်သွားသည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ခြေနှစ်လှမ်းသုံးလှမ်းဖြင့် လှေကားထစ်များကို တက်လာရင်း သူ၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ ဗီလာအိမ်ရှိ တံခါးဝသို့ ရောက်သည့်အခါ ချူစစ်သည် ဘေးနားရှိ သေတ္တာငယ်လေးတစ်လုံးအတွင်းမှ မျက်ကပ်မှန်တစ်စုံကို ထုတ်ယူနေချိန် ဖြစ်သည်။

 

"မင်းလည်း လိုက်မှာလား?" 

 

ချူစစ် ကာကွယ်ရေးမျက်ကပ်မှန်ကို တပ်ဆင်ကာ တံခါးအပြင်ဘက်ရှိ လှေကားမှတစ်ဆင့် တတိယထပ်ရှိ ပြတင်းပေါက်တစ်ခုဆီသို့ ဖြောင့်တန်းစွာ လျှောက်သွားသည်။

 

သူ၏ လုပ်ဆောင်ချက်အဆင့်ဆင့်သည် မည်သည်ကိုမှ ဂရုမစိုက်သကဲ့သို့ ဖြစ်နေပြီး အကြမ်းဖက်သမားက စိတ်ရှည်မှုမရှိဘဲ ထကြွသောင်းကျန်းလာမည်ကိုလည်း ဂရုမစိုက်ဟန်ရသည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် သူ့ကိုယ်တိုင်နှင့် ကလေးငယ်အတွက် နေရာပြောင်းရွှေ့ကိရိယာကို တပ်ဆင်ကာ ဝမ်းနည်းညှိုးငယ်သောမျက်နှာဖြင့် ပြောလိုက်သည်။ 

 

"လိုက်မယ်… မလိုက်ရင် မင်းစိတ်မကြည်တဲ့အချိန် ငါတို့ကို ဖောက်ခွဲလိုက်လိမ့်မယ်၊ ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူး"

 

"တောင်းပန်ပါတယ်… လူတွေ ရုန်ရင်းဆန်ခတ်ဖြစ်နေတာကို ကြည့်ရတာ သိပ်မကြိုက်ဘူး၊ အထူးသဖြင့် ငါ လုပ်စရာ ရှိနေတဲ့ အချိန်မှာပေါ့"  

 

ချူစစ် ပြန်ဖြေရင်း ပြတင်းပေါက်၏ အစွန်းသို့ ရောက်သွားချိန်တွင် ဒုံးပျံ၏ အပြင်ဘက်အခွံအနက်အား ဖယ်ရှားလိုက်သည်။

 

ဤလူသည် မည်သည့်နောင်တမှ မရှိသော မကောင်းဆိုးဝါးတစ်ဦးဖြစ်သည်။

 

သူသည် ခြိမ်းခြောက်စကား ပြောသည့်အခါတိုင်း "တောင်းပန်ပါတယ်"၊ "ခွင့်ပြုပါ"၊ "ဝမ်းနည်းပါတယ်" စသည့် နူးညံ့သိမ်မွေ့သော စကားလုံးများဖြင့် အစပြုတတ်ပြီး တစ်ခါတစ်ရံ ပြုံးရွှင်သည့် အမူအရာကိုပါ ထည့်ပေါင်းတတ်ကာ လူများအား ခြိမ်းခြောက်ခြင်းသည် မသင့်လျော်သော အပြုအမူတစ်ခုဟု ထင်မှတ်ထားသကဲ့သို့ ပြုမူတတ်သည်။

 

လုံခြုံရေးအဆောက်အဦးမှ အကြီးအကဲဟောင်းများသည် သူ့အား စိတ်ဆိုးလွန်းသဖြင့် အစည်းအဝေးခန်းထဲတွင် ခုန်ပေါက်ဆူပူမှုများပင် ဖြစ်ခဲ့ရဖူးသည်။

 

 

သူ၏ လက်ထောက်ကားလ်သည်ပင်လျှင် မခံမရပ်နိုင်ဖြစ်ကာ မကြာခဏ မေးလေ့ရှိသည်။

 

"သူတို့ ခင်ဗျားကို တစ်ခါမှ အရေးမယူဖူးဘူးလား?"

 

ချူစစ် အမြဲတမ်း ဤသို့ဖြေလေ့ရှိသည်။ 

 

"ဘယ်သူသိမလဲ… သူတို့ရဲ့ မျက်လုံးတွေက အမြဲတမ်း မသမာမှုတွေနဲ့ ပြည့်နေတယ်လို့ မထင်ဘူးလား? သူတို့ ငါ့ကို မသိစေချင်တဲ့ မကောင်းမှုတစ်ခုခု ကျူးလွန်ထားကြတာ သေချာတယ်"

 

သူ၏စကားသည် အမြဲတမ်း အမှန်တစ်ဝက် အမှားတစ်ဝက်ဖြစ်နေတတ်ပြီး ဟာသဖြစ်သည်လား အမှန်ပြောနေသည်လား ဆိုသည်ကို ခွဲခြားရခက်စေတတ်သည်။ ဤအဖြေကို အကြိမ်အနည်းငယ် ကြားပြီးနောက် ကားလ်သည် ဉာဏ်ရှိစွာဖြင့် မေးမြန်းခြင်းကို ရပ်တန့်လိုက်သည်။

 

"ကောင်းပြီ… ကောင်းပြီ၊ ဒီကနေ့ကစပြီး ငါ မင်းစကားကို နားထောင်မယ်" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ကြောက်လန့်တကြားဖြင့် သစ္စာရှိမှုကို ပြသလိုက်သော်လည်း သူ၏မျက်နှာမှာမူ ကြွက်သတ်ဆေးသောက်ထားသူတစ်ဦးကဲ့သို့ ရှုံ့မဲ့နေပေသည်။ 

 

သူတို့၏ရှုထောင့်မှကြည့်လျှင် စီဒါတောနှင့် ကျိုးပဲ့နေသောအစအနများကြားရှိ ဗီလာမှ ၅၀ မီတာမှ ၆၀ မီတာအကွာအဝေးတွင် အမည်းရောင်ပုံသဏ္ဌာန်တစ်ခုသည် ရပ်တည်နေပြီး သူ၏ခြေရင်းတွင် အမည်မသိသော ပစ္စည်းအစုတစ်ခု ရှိနေသည်။ သို့သော် ၎င်းမှလွဲ၍ ထိုနေရာသည် ဗလာဖြစ်နေပေသည်။

 

"ဟေ့! ငါ့တဲ!"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ထိုအစုအပုံအား မရည်ရွယ်စွာပင် ညွှန်ပြရင်းဖြင့် အော်လိုက်သည်။

 

သူပြောပြီးမှသာ သူညွှန်ပြ​သော နေရာတွင် ထောင်ပြေးတစ်ဦး ရပ်နေကြောင်း သူ တွေ့လိုက်ရသည်။

 

ထို့ကြောင့် သူ ရုတ်တရက် စကားပြောခြင်းကို ရပ်လိုက်ပြီး လက်ချောင်းများအား ပြန်သိမ်းကာ ကလေးကို ဂုပ်မှဆွဲ၍ မျက်နှာကို အုပ်လျက် ထိုင်ချလိုက်သည်။

 

ချူစစ် အတော်လေး စိတ်မကောင်းဖြစ်နေသကဲ့သို့ ပြောလိုက်သည်။ 

 

"မင်းရဲ့တဲကိုတော့ နှုတ်ဆက်ရတော့မယ် ထင်တယ်"

 

သူ့အသံက မကျယ်ပေ။ သို့သော် ထိုအမည်းရောင်လူသည် အကြားအာရုံ အတော်ကောင်းပုံရ၏။ ရင်းနှီးသည့်အသံကို ကြားသည်နှင့် သူသည် ခေါင်းမော့ကာ ချူစစ်ရှိရာသို့ အာရုံစူးစိုက်လိုက်သည်။

 

"ချစ်ရတဲ့ အုပ်ချုပ်ရေးမှူးကြီး… နောက်ဆုံးတော့ မင်းလည်း ထွက်မလာဘဲ မနေနိုင်ပါဘူး"

 

သူက မြေပြင်ပေါ်မှ ထောင်မတ်နေသော ကင်မရာမှန်ဘီလူးပေါ်သို့ ခြေတစ်ဖက်တင်ကာ ဒူးကိုအနည်းငယ်ကွေးလိုက်ပြီး ယင်းသည် သူ၏ခြေထောက်များကို ပိုရှည်သကဲ့သို့ ထင်ရစေသည်။ သူက ခေါင်းကို စောင်းထားကာ ပျင်းရိသကဲ့သို့ ထင်ရသော်လည်း သူ့အသံထဲတွင် ပျော်ရွှင်မှုအနည်းငယ် ပါဝင်နေသည်။

 

"ဆာအာ့ယန်… မတွေ့ရတာကြာပြီ" 

 

ချူစစ်က သူ့ဘက်သို့ ဘယ်ဘက်လက်ကို မြှောက်ပြလိုက်သည်မှာ သူ အလွန် စိတ်လှုပ်ရှားနေသကဲ့သို့ ဖြစ်နေသည်။

 

"မတွေ့ရတာကြာပြီ… မင်းက ငါ့နာမည်ရင်းကို ခေါ်ရင် ငါပိုပျော်မှာပဲ"  

 

ဆာအာ့ယန် မျက်လုံးမှေးကာ သူ့ဘက်သို့ ကြည့်လိုက်သည်မှာ တစ်စုံတစ်ရာအား အသည်းအသန် စဥ်းစားနေသကဲ့သို့ ဖြစ်သည်။ ခဏအကြာတွင် သူက ရုတ်တရက်ပြုံးလိုက်ပြီး ဆိုခဲ့သည်။ 

 

"ပြောရရင်… မင်းကို အရမ်းလွမ်းနေခဲ့တာ" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : "……"

 

ယေဘုယျအားဖြင့် အစိုးရအုပ်ချုပ်ရေးမှူးနှင့် အာကာသထောင်မှ ထောင်ပြေးတို့၏ ဆက်ဆံရေးသည် ရန်သူများဖြစ်နေရမည် မဟုတ်ပါလား။ သို့သော် ဤထောင်ပြေး၏ ပါးစပ်ဖွင့်လျှင် "ချစ်ရတဲ့"ဟု ထွက်လာပြီး ပါးစပ်ပိတ်လျှင် "အရမ်းလွမ်းတယ်"နှင့် ဆုံးနေသည်မှာ အဘယ်​ကြောင့်ဖြစ်ပါသနည်း။

 

ဒီလိုပြောတာက အကြောင်းအရင်း ရှိနေလို့လား… အကြောင်းအရင်းရှိနေလို့ပဲ ဖြစ်လောက်ပါတယ်….

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ရုတ်တရက် အနည်းငယ် စိတ်မသက်သာဖြစ်လာကာ ချူစစ်ဘက်သို့ လျှို့ဝှက်စွာ ကြည့်လိုက်သည်။ သို့သော် သူ၏ ကြည့်ရှုသည့်ထောင့်သည် အလွန်နိမ့်နေသောကြောင့် ချူစစ်၏ မေးစေ့ကိုသာ မြင်ရပြီး သူ၏ မျက်နှာအမူအရာကိုမူ မမြင်ရပေ။

 

ချူစစ်သည် ဆာအာ့ယန်၏ စကားပြောဆိုဟန်ကို နေသားတကျ ရှိနေပုံရသည်။ "မင်းကိုလွမ်းတယ်"ဆိုသော စကားနှင့် ပတ်သတ်၍ သူက ပြဿနာရှိဟန် မပေါ်ဘဲ ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။

 

"မင်းသာ ထောင်ထဲရောက်နေခဲ့ရင် ငါလည်း မင်းကိုလွမ်းဖို့ ကြိုးစားကြည့်မှာပါ"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူမှာ ချက်ချင်းပင် လဲကျလုနီးပါးဖြစ်သွားရသည်။

 

'အမေရေ ကယ်ပါဦး…’

 

ဆာအာ့ယန် ဤကဲ့သို့သော အဖြေမျိုးနှင့် အလွန်နေသားကျနေပုံရပြီး ဂရုမစိုက်ပေ။ သူသည် ပခုံးလှုပ်ကာ ပတ်ဝန်းကျင်ကို ထပ်မံစစ်ဆေးကြည့်ပြီး ချူစစ်အား လေးနက်စွာဖြင့် မေးမြန်းလိုက်သည်။

 

"ဒီလောက်ကျယ်တဲ့နေရာမှာ မင်းတစ်ယောက်တည်းပဲရှိတာ မပျင်းဘူးလား? အချစ်လေး… စားရင်းသောက်ရင်း ညှိနှိုင်းကြရအောင်၊ နေရာတစ်နေရာလောက် ငါ့ကိုပေးပါလား?

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ :  "......" 

 

‘ဒီမှာ နောက်ထပ်လူတစ်ယောက် ရှိသေးတယ်… မင်းမမြင်ရဘူးလား??’

 

ချူစစ်က ပခုံးပင့်လိုက်သည်။ 

 

"ကံဆိုးတာပဲ… ငါပျင်းမနေဘူး"

 

ဆာအာ့ယန် : " ငါ့မှာ နောက်ဆုံး အကြောင်းပြချက်တစ်ခု ရှိပါသေးတယ်… အာကာသစူပါအချက်ပြစနစ်က ငါ့ကိုသိပ်မကြိုက်ဘူးထင်တယ်၊ မင်းဆီကို စာပို့လို့မရဘူးဖြစ်နေတယ်"

 

 

ချူစစ် : "ကျေးဇူးတင်စရာပဲ… အဲဒါကြောင့်နဲ့ ငါ အရမ်းကို စိတ်ချမ်းသာရတယ်"

 

---

 

ဆာအာ့ယန်က ပြုံးလိုက်သည်။ 

 

"နောက်ထပ်အကြောင်းပြချက်တစ်ခု ရှိသေးတယ်၊ ဒီဗီလာကို ငါကြိုက်တယ်ဆိုရင်ကော?"

 

ချူစစ်ကလည်း ပြန်ပြုံးလိုက်သည်။ 

 

"တခြားသူတွေရဲ့အိမ်ကို မတပ်မက်ဖို့ ငါအကြံပေးချင်တယ်"

 

---

 

ဆာအာ့ယန်သည် နောက်ဆုံးတွင် ပေါက်တတ်ကရပြောခြင်းကို ရပ်လိုက်ပြီး ပျင်းရိစွာ လက်ဖြန့်ပြသည်။

 

"ငါက ပိုက်ဆံမရှိ အိမ်မရှိနဲ့ ဆင်းရဲပြီး ဗိုက်ဆာနေတာ"

 

ပြောရင်းနှင့်ပင် သူသည် ရုတ်တရက် အက်ကွဲနေသည့် သူ့အောက်နှုတ်ခမ်းကို လျက်ပြီး ထပ်ပြောလိုက်သည်။

 

“မင်းနားမှာ ထိုင်နေတဲ့သူက သိပ်မဝသလို ပိန်လည်းမပိန်ဘူး၊ ဟင်းခတ်အမွေးအကြိုင် တစ်ဆုပ်စာလောက်သာ ထည့်လိုက်ရင်တော့…"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် စိတ်ထိခိုက်သွားသည်။ 

 

"......" 

 

'နောက်ဆုံးတော့ မင်းငါ့ကိုမြင်သွားပြီပေါ့…’

 

သူသည် ကြောက်လန့်တကြားဖြင့် ခေါင်းလှည့်ကာ ချူစစ်အား မေးမြန်းလိုက်သည်။ 

 

"သူ နောက်နေတာမလား?"

 

ချူစစ်က သူ့ဘက်သို့ မျက်စောင်းဖြင့် ကြည့်လိုက်ပြီး ပြောသည်။

 

"သိပ်မသေချာဘူး"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် လှည့်ပြီး လှေကားအောက်သို့ ထွက်ပြေးတော့မည် ဖြစ်သော်လည်း ချူစစ်၏ခြေထောက်ဖြင့် တားဆီးခြင်းကို​ ခံလိုက်ရသည်။

 

"သူမှာ ပုံမှန်မဟုတ်တဲ့ စိတ်ရောဂါတစ်ခုခု ရှိနေတယ်လို့ ငါထင်တယ်" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက တောင့်တင်းနေသော လည်ချောင်းနှင့် ပြောလိုက်သည်။

 

ချူစစ် သဘာဝကျစွာပင် ပြန်ပြောလိုက်သည်။

 

"အဲဒီလိုမှမဟုတ်ရင် သူက အာကာသထောင်ထဲ ဘာလို့ရောက်နေမှာလဲ"

 

ထူးဆန်းလှသည်မှာ နဂါးတိုင်များ၏ ကာကွယ်ရေးအကာအရံဖြင့် ဖုံးလွှမ်းနေသော ဤကျိုးပဲ့အပိုင်းအစပေါ်တွင် လေတိုက်ခတ်နေခြင်းဖြစ်သည်။ ပါးလွှာသောလေပြေသည် လူနှစ်ဦး၏နောက်မှ ဖြတ်တိုက်သွားကာ ကြမ်းသုတ်ဝတ်ဆံပင်နှင့် လူအား ကြက်သိမ်းထသွားစေသည်။

 

ဗီလာ၏ နောက်ဖေးဥယျာဉ်ရှိ ချုံပုတ်များသည် လေတိုက်ခတ်သဖြင့် တရှဲရှဲ အသံမြည်နေသော်လည်း ချူစစ်တို့သည် သတိမထားမိကြပေ။

 

သူတို့၏ရှေ့တွင် စိတ်မနှံ့သည့်သူတစ်ယောက် ရှိနေသောအခါ မည်သူက အာရုံအား အခြားနေရာသို့ လွဲပြောင်းရဲမည်နည်း။

 

"ဘယ်လိုထင်လဲ… အချစ်?" 

 

ဆာအာ့ယန်သည် အလွန်ပင် ယုတ္တိရှိသော လူတစ်ယောက်အလား မေးလာသည်။

 

ချူစစ်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ 

 

"မင်းက ဒီလိုမျိုး မင်းရဲ့အားနည်းချက်တွေကို ဖော်ပြနေတာတောင်မှ ငါက ထပ်ပြီး ငြင်းလိုက်ရင် မကောင်းရာကျသွားမှာပေါ့"

 

ဆာအာ့ယန် သူ့ဘေးတွင်  ချိတ်ဆွဲထားသော အောက်ဆီဂျင်မျက်နှာဖုံး၏ ဘေးဘက်သို့ လက်ချောင်းများဖြင့် ဆွဲချိတ်လိုက်သည်။ ချူစစ် စကားပြောသည့်အခါတိုင်း အတော်အသင့် သည်းခံမှုကို ပြသလေ့ရှိသည်။ ထိုအခိုက်အတန့်မျိုးတွင် သူသည် လတ်တလော လိုက်လံဖမ်းဆီးခံထားရသော သတ္တဝါတစ်ကောင်ကဲ့သို့ပင် ပျင်းရိထိုင်းမှိုင်းနေပြီး "အဲဒီလောက် အန္တရာယ်မရှိပါဘူး" ဆိုသော အထင်မှားမှုကို ဖြစ်စေသည်။

 

ချူစစ်က မျက်နှာအမူအရာမပြောင်းဘဲ ဆက်ပြောသည်။

 

"အမှန်တိုင်းပြောရရင် ငါ မင်းအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်"

 

ဆာအာ့ယန်သည် အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားမှုပြလိုက်ပြီး တည့်မတ်စွာ ထရပ်လိုက်သည်။ 

 

"လက်ဆောင်လား? ဘယ်လို လက်ဆောင်မျိုးလဲ?"

 

မြေပြင်ပေါ်တွင် ထိုင်နေသော ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ညည်းညူသံထွက်လိုက်ပြီးနောက် တိတ်တဆိတ် မျက်လုံးကို အုပ်လိုက်သည်။

 

ဆာအာ့ယန်သည် ပြုံးရင်း နောက်တစ်လှမ်းဆုတ်ကာ လက်ကိုဖြန့်လိုက်သည်။ သူ၏ပျင်းရိသောအသံသည် မပြောင်းလဲဘဲ ရှိနေသည်။

 

"လာစမ်းပါ… ကိုယ် မျက်လုံးမှိတ်ထားမယ်"

 

ချူစစ် ညာလက်ကို မြှောက်လိုက်ပြီး ဂရုတစိုက်ပြင်ဆင်ထားသော R-72 ဒုံးပျံလောင်ချာကို ပလက်ဖောင်းအစွန်းရှိ အလှဆင်ထားသော လက်ရန်းပေါ်တွင် တင်ကာ အနည်းငယ်မျှ အမှားအယွင်းမရှိဘဲ ပစ်လိုက်သည်။

 

ဒုံးကျည်သည် တစ်ဟုန်ထိုးဖြတ်သန်းသွားပြီး မိုးကောင်းကင်ကို ပေါက်ကွဲသွားစေသည်။

 

ဤမြေနေရာသည် ကျွန်း၏အစွန်းပေါ်တွင်ရှိပြီး ပါးလွှာနေကာ အက်ကွဲသွားသည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ၏ စွန့်ပစ်ထားသောတဲနှင့်အတူ စတုရန်းမီတာ တစ်ဆယ်ခန့်ရှိသော မြေပြင်သည် တိုက်ရိုက်ကျိုးပျက်သွားသည်။

 

"မင်းဆန္ဒအတိုင်းပဲ မင်းကို နေရာတစ်နေရာ ပေးလိုက်ပြီ… ကျေးဇူးတင်စရာမလိုဘူး" 

 

ချူစစ်က ပြောလိုက်သည်။

 

ဤသို့ကျိုးပဲ့နေသော အပိုင်းအစပေါ်တွင် ရပ်နေရသည့် ဆာအာ့ယန်သည် တစ်စစီ​ဖြစ်နေသော ကျွန်းပေါ်မှ ခေါင်းကြီးဝေလငါးတစ်ကောင်ကဲ့သို့ပင် အငိုက်မိသွားသည်။

 

 "……"

 

သို့သော် ချူစစ် ထပ်မံပစ်ရန် အချိန်မရမီတွင်ပင် မိုးကောင်းကင်ကို ကွဲစေပြီး မြေကြီးကို ပဲ့စေနိုင်သော အသံကြီးတစ်ခု ပေါ်ပေါက်လာသည်။

 

ကျွန်းတစ်ခုလုံး ပြင်းထန်စွာ လှုပ်ရှားသွားပြီး ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ကလေးငယ်ကိုဖက်လျှက် ဒူးထောက်လဲကျသွားသည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ကြောက်လန့်တကြားဖြင့် ကလေးကို ပွေ့ဖက်ကာ မြေကြီးလှုပ်ရှားမှုမှ ကာကွယ်ရင်း အော်လိုက်သည်။

 

 

"နောက်ထပ်ပစ်လိုက်တာလား?! မင်းပစ်တဲ့ဘက်မမှားတာ သေချာလား?!"

 

ချူစစ်က သူ့အား ဆင်ဝင်ပေါက်၏အစွန်းသို့ လျင်မြန်စွာ ဆွဲယူလိုက်သည်။ 

 

"ငါမဟုတ်ဘူး!"

 

ပြောပြီးသည်နှင့် သူက ထိုလူနှစ်ယောက်ကို ဆင်ဝင်ပေါက်မှ ကန်ချလိုက်လျက် သူတို့နှင့်အတူ ခုန်ချလိုက်တော့သည်။

 

"ဒါဆို တခြားဘယ်သူဖြစ်မှာလဲ! ခဏလေး! ဒါက တတိယထပ်လား—!!!”