အခန်း (၃) မကြိုဆိုသော ဧည့်သည်
ချူစစ်၏မျက်နှာသည် ခဏတာ အုံ့မှိုင်းသွားသော်လည်း မကြာမီ၌ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူ ရုတ်တရက် ပြုံးလိုက်ပြီး ဆက်သွယ်ရေးကိရိယာထဲသို့ ရိုက်ထည့်လိုက်သည် - “ဒီရက်ပိုင်း အရမ်းပျင်းနေရင် မင်းကိုယ်မင်း ခဏလောက် ကစားနေဖို့ ဒါမှမဟုတ် မင်းလက်မောင်းပေါ်က မဖြုတ်ရသေးတဲ့ ထိန်းချုပ်ကိရိယာနဲ့ ကစားနေဖို့ အကြံပြုတယ်။”
ဤစကားသည် အတော်လေး စော်ကားရာရောက်ပေသည်။
လူတိုင်းသိကြသည့်အတိုင်း အာကာသအကျဥ်းထောင်ထဲမှ လူများသည် လူအသွင်ဆောင်ထားသော မိမိဘာသာ ရွေ့လျားနိုင်သည့် ဒုံးကျည်များနှင့်တူပြီး ၎င်းတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ထိန်းချုပ်ရ လွယ်ကူသူများ မဟုတ်ပေ။
ထောင်စနစ်တစ်ခုလုံးတွင် စွန့်စားကာ အခွင့်အကောင်းယူ၍မရနိုင်သော အားနည်းချက်များ ဟာကွက်များ မရှိသလောက် နည်းပါးသော်လည်း၊ ထိုဒုံးကျည်များ ထောင်မှ လွတ်မြောက်ခွင့်ရမည်မဟုတ်ဟု မည်သူမျှ အာမ,ခံ၍မရနိုင်ပေ။
ထို့ကြောင့်၊ ထိုသူတို့ ထောင်တွင်း၌ရှိနေစဉ်၊ သူတို့တစ်ဦးချင်းစီ၏ လက်မောင်းပေါ်တွင် ထိန်းချုပ်ကိရိယာများအား တပ်ဆင်ထားရသည်။
ထိန်းချုပ်ကိရိယာအား ဖြုတ်ရခြင်းသည် အာကာသအကျဥ်းထောင်မှ လွတ်မြောက်ရန် ကြိုးစားခြင်းထက် အဆပေါင်း တစ်ရာမက ပို၍ ခက်ခဲပေသည်။
သို့သော် ချူစစ်သည် ထိုစိတ်နာစရာစကားလုံးများအား ရိုက်ပြီး ပို့ရန် လုပ်လိုက်သည့်အချိန်တွင် ၊ ဆက်သွယ်ရေးကိရိယာတစ်ခုလုံး၏ မျက်နှာပြင်မှာမူ မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီးနောက် လုံးဝပင် အမှောင်ကျသွားလေသည်။
ဓာတ်ခဲ အားကုန်သွားချေပြီ !
သူ စာမပြန်ရသေးမီ၊ ထိုမကောင်းသည့်ပစ္စည်းသည် အရေးကြီးသည့်အချိန်၌ ဓာတ်ခဲအားကုန်သွားလေပြီ!
ချူစစ် : “ …. ”
အရင်ကတော့ ရယ်နိုင်သေးတယ်…. အခုတော့ သူ တကယ်ကို မရယ်နိုင်တော့ပါဘူး…
ကြမ်းသုတ်ဝတ်ဆံပင်နှင့် လူသည် သူတို့ အဘယ်ကြောင့် ရုတ်တရက် ရပ်သွားရသည်ကို နားမလည်နိုင် ဖြစ်ရကာ ၊ ချူစစ်ကား အနည်းငယ် စိတ်တိုလာသကဲ့သို့ သူ့အင်္ကျီကော်လာအား ဆွဲဆန့်ရင်း ရုတ်တရက် လမ်းအမြန်လျှောက်သွားသည်ကိုသာ ကြောင်တောင်တောင်နှင့် ငေးကြည့်နေခဲ့ရသည်။
သူသည် အရပ်မြင့်ပြီး ခြေတံရှည်များ ရှိသဖြင့်၊ နဖူးမှ ထွက်နေသော အေးစက်သည့် ချွေးများမှလွဲ၍ သူ့တွင် အောက်ဆီဂျင်နည်းနေသဖြင့် တုံ့ပြန်မှုမရှိသလောက်ဖြစ်ကာ၊ ခြေလှမ်းသုံးလှမ်းနှစ်လှမ်းအတွင်း ကြမ်းသုတ်ဝတ်ဆံပင်နှင့် လူအား ကျော်တက်လိုက်နိုင်သည်။
“အာ ?! မင်း...”
ကြမ်းတိုက်ဝတ်နှင့်တူသည့် လူသည် လေအနည်းငယ်ရှူသွင်းကာ သူ့နောက် အမှီလိုက်ရန် ကြိုးစားနေရသည်၊ “ဘာလို့ ရုတ်တရက်ကြီး... ဒီလောက် အရေးတကြီးဖြစ်နေရတာလဲ?”
ချူစစ် ပြန်မဖြေဘဲ၊ ပို၍ မြန်အောင်ပင် လျှောက်သွားလေသည်။
သူသာ နောက်မှ “မင်းခြေထောက်တွေ ဖြတ်ခံထားရတာလား” ဆိုသော စကားတစ်ခွန်းသာ ထပ်မထည့်ခဲ့လျှင်၊ ကြမ်းသုတ်ဝတ်ဆံပင်နှင့် လူသည် ချူစစ် သူတို့အား မျက်ခြေဖြတ်ရန် ကြိုးစားနေသည်ဟု သံသယဝင်မိမှာပင် ။
နောက်ဆုံး မီတာ၅၀၏ အကွာအဝေးသည် စင်စစ်တွင် သိပ်မရှည်လှပေ။ ချူစစ်တစ်ဦးတည်းကသာလျှင် သုံးယောက်အဖွဲ့တစ်ခုလုံး၏ အရှိန်အား နှစ်ဆတိုးလိုက်သည်။ သူတို့သည် ဗီလာရှေ့မှ ဥယျာဉ်တံခါးရှေ့တွင် ရပ်နေသည့်အခါ၊ သိပ်သည်းဆအမြင့်ဆုံးသော နေရာသို့ရောက်ရန် မိနစ် ၂၀ ကျန်နေသေးသည်။
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် အသက်ခပ်ပါးပါးမျှသာ ကျန်ရှိတော့သည်။
သူသည် မောပန်းစွာဖြင့် ခြံစည်းရိုးကို မှီ၍ ထိုင်ချလိုက်ပြီး မျက်လုံးပြူးကြီးနှင့် တံခါးကို စိုက်ကြည့်ရင်း ပြောလိုက်သည် :
“ဘုရားရေ၊ ငါအခုမှသတိရတယ်... ဒီကိုလာလည်း အကျိုးမရှိဘူး၊ ဒီတံခါး... ငါတို့ ဒီတံခါးကို ဖွင့်လို့မရဘူး... မျက်ကြည်လွှာစကင်ဖတ်မှရမယ်... ငါအရင်က...မေ့လိုက်ပါတော့... ဘာပဲဖြစ်ဖြစ်... ငါတို့ အဲဒီအရာရှိကြီးရဲ့ မျက်ကြည်လွှာနဲ့ စကင်ဖတ်ဖို့ လိုတယ်။”
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ချူစစ်အား ဖြစ်ကတန်းဆန်း ကြည့်ကာ ပြောလေသည် : “မင်းကို ကြည့်ရတာ ငယ်သေးတဲ့ပုံပဲ၊ ဒီနေရာရဲ့ လုံခြုံရေးလား...အဲ့လိုနဲ့လည်း မတူပြန်ဘူး...ဒါမှမဟုတ် အတွင်းရေးမှူးလား... ဘာပဲဖြစ်ဖြစ်ပါလေ...ငါတို့ မင်းရဲ့အရာရှိကြီးကို အအေးထိန်းထောင့်ကနေ ဆွဲထုတ်ဖို့ နောက်တစ်ကြိမ် ထပ်သွားရဦးမယ်ထင်တယ်--“
သူ့စကားမပြီးဆုံးမီ၌ ချူစစ်သည် မျက်နှာသေနှင့် စကင်ဖတ်စက်ရှေ့တွင် ရပ်နေပြီး ခလုတ်အား နှိပ်လိုက်သည်။
ကံကောင်းစွာဖြင့် ဗီလာ၏စွမ်းအင်စနစ်သည် မျှော်လင့်ထားသည့်အတိုင်းပင် နောက်ထပ် အချိန်တစ်ခုမျှကြာအောင် ဆက်လက်အလုပ်လုပ်နိုင်စွမ်း ရှိပေသည် ။ ထိုစကင်ဖတ်စက်သည် ဘီးပ်ခနဲ အသံထွက်လျက် ချူစစ်၏ မျက်ကြည်လွှာပေါ် ဖြတ်သန်းသွားလေသည်။
တံခါးအတွင်းဘက်မှ ကလစ်ခနဲ အသံမြည်လာပြီး တံခါးသည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ- “ငါ...သေစမ်း”
“မင်းတို့ ဒီမှာ ငတုံးလိုမျိုး သေတဲ့အထိ စောင့်နေမယ်ဆိုလည်း ငါစိတ်မရှိပါဘူး။ ဒါပေမယ့် ကျေးဇူးပြုပြီး တံခါးကိုတော့ ပိတ်ဆို့မထားပါနဲ့၊ လျှပ်စစ်သုံးစွဲမှု များလာလိမ့်မယ်”
ချူစစ်က ထိုသို့ပြောကာ ခြေလှမ်းကိုမြှင့်ပြီး လမ်းကြောင်းအတိုင်း ခြံထဲသို့ လျှောက်သွားခဲ့သည်။
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ပါးစပ်ပိတ်ရန် မေ့သွားပြီး သူ့ဘေးရှိ ကလေးအား ဆွဲကာ လျင်မြန်စွာ လိုက်ပါသွားလေသည်။
သူတို့နောက်မှ တံခါးသည် အလိုအလျောက် ပိတ်သွားပြီး သော့ခတ်သံ ကြားလိုက်ရသည်။ ထို့နောက် နောက်ထပ်အသံများ မကြားရတော့ပေ။
သို့သော် ခြံဝင်းအတွင်းတွင်ကား တိတ်ဆိတ်နေခြင်းမျိုး မဟုတ်ပေ။ ခြံထဲတွင် အလွန်နိမ့်သော မြည်ဟည်းသံတစ်ခုမှာ အမြဲတစေ ထွက်နေပေသည်။ ထိုအသံကြောင့် စိတ်အနှောင့်အယှက်မဖြစ်သော်လည်း ၎င်းသည် ရပ်တန့်သွားခြင်းလည်းမရှိပေ။
ယင်းအသံသည် ထောင့်ဆုံးရှိ သတ္ထုတိုင်တစ်တိုင်မှ လာသည်။
ယင်းတိုင်သည် လူတစ်ယောက်စာခန့် အမြင့်ရှိပြီး အပေါ်ဘက်ထိပ်တွင် စက်ဝိုင်းပုံအပေါက်များ ပါရှိကာ ပြာလဲ့နေသော အလင်းရောင်များ ထုတ်လွှတ်နေသည်။ ထိုအပေါက်များမှ မရေမတွက်နိုင်အောင် ပါးလွှာသော သတ္ထုချောင်းများ ထိုးထွက်နေသည်မှာ ဖြူကောင်နှင့်ပင် တူလှသည်။
၎င်း၏အသွင်အပြင်သည် အနည်းငယ် ရယ်စရာကောင်းနေနိုင်သော်လည်း ထိုတိုင်ကို အမှန်အားဖြင့် ထောင်စုနှစ်အတွင်း ဤဂြိုဟ်၏ အကြီးမြတ်ဆုံးတီထွင်မှုဟု ခေါ်ဆိုနိုင်ပေမည်။
မျက်နှာပြင်ပေါ်ရှိ အစိတ်အပိုင်းသည် ရိုးရိုးသတ္ထုတိုင်တစ်ခုသာဖြစ်သော်လည်း မြေအောက်အစိတ်အပိုင်းသည် ရှုပ်ထွေးသောဒီဇိုင်းဖြင့် တည်ဆောက်ထားသည့် ကြီးမားသော ပစ္စည်းထည့်ကန်ကြီးတစ်ခုနှင့် ချိတ်ဆက်ထားသည်။ ၎င်းသည် ကာကွယ်ရေးစက်ဝိုင်းတစ်ခုကို ဖြန့်ကျက်ပေးနိုင်ပြီး ၎င်းအကွာအဝေး အတွင်းရှိ အရာဝတ္ထုအားလုံးကို လွှမ်းခြုံထားနိုင်သည်။
ဤတိမ်းရှောင်ကာကွယ်ရေးစနစ်ကြောင့်သာလျှင် ဤဂြိုဟ်သည် ရုတ်တရက်ပေါက်ကွဲမှုတွင် အပြီးတိုင်မပျက်စီးခဲ့ဘဲ အပိုင်းအစကြီးငယ်များစွာ ကွဲထွက်သွားကာ ကြီးမားသော တိုက်ခတ်မှုအောက်တွင် အာကာသထဲသို့ ကြဲဖြန့်ခံခဲ့ရပြီး ဤမည်းမှောင်သောတောနှင့် ဤဗီလာကဲ့သို့ပင် ကျယ်ပြန့်သော ကြယ်တာရာပင်လယ်ထဲ၌ လှည့်လည်သူများ ဖြစ်လာခဲ့ရသည်။
ထို့အပြင် ၎င်းတို့သည် မည်သည့်နေရာသို့ ရောက်ရှိသွားမည်ကို မည်သူမျှ မသိရှိခဲ့ကြပေ။
"ဒါက နဂါးတိုင်လား?"
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ကြည်ညိုလေးစားမှုများ ပြည့်နေသော မျက်လုံးများဖြင့် သတ္ထုတိုင်ကို ကြည့်ရင်း ပြောသည်။
"ဒါ အလုပ်လုပ်နေတဲ့ပုံစံကို ငါ ဘယ်တုန်းကမှ မမြင်ဖူးဘူး..."
ပြာလဲ့တောက်ပနေသော အလင်းရောင်သည် အလွန်ဆွဲဆောင်မှုရှိသောကြောင့် သူပြောနေစဉ်၌ပင် သူ၏လက်ကို မထိန်းနိုင်ဘဲ ထိုတိုင်အား ထိကြည့်ချင်စိတ် ဖြစ်နေသည်။
ချူစစ် ပြက်ရယ်ပြုသံနှင့် ပြောလာသည်။
"ငါတို့ ဆွေးနွေးကြရအောင်၊ အခု လုပ်နေတာကို ခဏလောက်ရပ်လိုက်၊ မသေချင်ရင် ဒုက္ခမရှာနဲ့တော့"
အမှန်ပင် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် နဂါးတိုင်နှင့် မနီးမဝေးကပင် ပြင်းထန်သော ဆွဲအားကို ခံစားရပြီး လန့်ဖြတ်သွားသောကြောင့် နှစ်လှမ်းပြန်ဆုတ်ကာ ရှက်ရှက်နှင့် ချူစစ်ထံသို့ ပြန်လာခဲ့ရသည်။
ဗီလာ၏တံခါးများသည် သော့ခတ်ထားသော်လည်း ယင်းသည် ချူစစ်အတွက် အတားအဆီးမဟုတ်ပေ- နောက်ဆုံးတွင်မူ ဤနေရာသည် သူ့အိမ်ပင် ဖြစ်သည်။
သူသည် ကလေးနှင့် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူတို့အား ခေါ်ဆောင်ကာ သူ အသွားအလာ ရင်းနှီးစွာ သိရှိထားသော မြေအောက်သိုလှောင်ခန်းသို့ ဦးတည်လိုက်သည်။
လျှပ်စစ်စွမ်းအင်ချွေတာရန် ရည်ရွယ်ချက်ဖြင့် သူတို့သည် လှေကားထစ်များကိုသာ အသုံးပြုခဲ့ကြသည်။
သိုလှောင်ခန်းသည် အံ့အားသင့်စရာ ကောင်းစွာပင် လေလုံသောနေရာဖြစ်ပြီး အတွင်းသို့ဝင်လိုက်သည်နှင့် လျှပ်စစ်ကိရိယာများ၊ သတ္တုများနှင့် နှစ်ပေါင်း ငါးဆယ်ကြာ စုပုံနေသော ဖုန်မှုန့်များ ရောထွေးနေသည့် အနံ့ကို ရနိုင်သည်။ ချူစစ်သည် အရေးပေါ်မီးအိမ်များထဲမှ အသေးဆုံးတစ်ခုကို ဖွင့်လိုက်ပြီး ယင်းသည် လူနှစ်ဦးအတွက် အခန်းအတွင်းရှိ ကိရိယာများအား မြင်နိုင်ရန် အနည်းငယ်မျှသော အလင်းရောင်ကို ရရှိစေသည်။
အအေးထိန်းတောင့်သည် သိုလှောင်ခန်းအတွင်းရှိ နေရာအများစုကို စနစ်တကျ နေရာယူထားသည်။ ကျန်နံရံသုံးဖက်တွင် နှစ်ဖက်သည် အမျိုးမျိုးသော ပစ္စည်းများထားရှိသည့် ဗီရိုများဖြစ်ပြီး ကျန်တစ်ဖက်သည် များစွာသော မျက်နှာပြင်ကြီးငယ်များ တပ်ဆင်ထားသည့် ထိန်းချုပ်ရေးစားပွဲတစ်ခု ဖြစ်သည်။
"ဒီအိမ်မှာ လျှပ်စစ်ဓာတ်အားက ဘယ်လောက်ကြာကြာခံဦးမှာလဲ"
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက မေးသည်။
"ဒီအအေးထိန်းတောင့်တွေကို မြန်မြန် အသက်သွင်းရအောင်၊ ငါ အသက်ရှူကျပ်နေပြီ"
အသက်ရှင်ရပ်တည်နိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့ရသောကြောင့် သူ၏အသံက အနည်းငယ် ပေါ့ပါးသွားသည်ဟု ဆိုရမည်။
သို့သော် ချူစစ်သည် ကြမ်းပြင်ပေါ်ရှိ အအေးထိန်းတောင့်များကို တိုက်ရိုက်ကျော်သွားပြီး ဗီရိုတစ်ခုဆီသို့သွားကာ အပေါ်ဆုံးတန်းမှ အရာဝတ္ထုတစ်ခုခုကို ရှာဖွေနေသည်။
"ဘာလဲ? ငါ ကူရှာပေးဖို့ လိုသေးလား"
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက သံသယဝင်စွာဖြင့် မေးလိုက်ပြီး သူ၏နာရီကို ထပ်မံကြည့်လိုက်သည်။
ချူစစ်သည် စတုတ္ထမြောက် ဗီရိုထဲတွင် သတ္ထုအတုံးလေးတစ်တုံးကို တွေ့ရှိပြီးနောက် မျက်တောင်မခတ်ဘဲ ပြောလိုက်သည်၊
"အအေးထိန်းတောင့်က အရေးမကြီးသေးဘူး၊ ငါ့ဆက်သွယ်ရေးစက်ကို အရင်အားသွင်းရမယ် ”
"ဆက်သွယ်ရေးစက်လား?"
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက မျက်တောင်နှစ်ချက်ခတ်လိုက်ပြီးမှ တုံ့ပြန်လာသည်။
"ဆက်သွယ်ရေးစက်ကို ဘာလို့ အားသွင်းနေရတာလဲ? အအေးထိန်းတောင့်ကို ဖွင့်ဖို့ ဆက်သွယ်ရေးစက်လိုတာလား?"
ချူစစ်က ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး… လူတစ်ယောက်ကို စာပြန်ဖို့"
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : "………."
သူက ချူစစ်ရှေ့တွင် ဒူးထောက်လျက် အနေအထားနှင့် ညည်းညူလိုက်သည်။
"အရင်ဆုံး အသက်ရှင်အောင်လုပ်ပြီးမှ စကားပြောလို့မရဘူးလား"
ချူစစ် သူ့လက်ထဲရှိ သတ္ထုတုံးလေးကို ဆက်သွယ်ရေးစက်၏ နောက်ဘက်တွင် ကပ်လိုက်ပြီး အတုံးလေးပေါ်ရှိ ခလုတ်တစ်ခုအား နှိပ်လိုက်သည်။
"ဒင်" ဆိုသော အသံနှင့်အတူ ဆက်သွယ်ရေးစက်သည် သူ့လက်ချောင်းများကြားတွင် တုန်ခါသွားပြီး မျက်နှာပြင်တွင် အလင်းပြန်လာကာ ပုံမှန်ကဲ့သို့ပင် ပြန်ပွင့်သွားသည်။
ချူစစ်က ဒူးထောက်ညည်းညူနေသည့် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူကို တစ်ချက်ကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်မှ ကြိုးတစ်ချောင်းကို ကောက်ကာ နံရံပေါ်ရှိ ပလပ်ပေါက်တွင် ချိတ်ဆက်လိုက်သည်။
‘ ဉာဏ်ရည်တုစနစ် ဖွင့်ပြီးပါပြီ၊ အအေးထိန်းတောင့် လည်ပတ်မှု ပြန်လည်စတင်ပါပြီ ။ အပြင်ဘက် သစ်တောအား စောင့်ကြည့်မှုတွင် နောက်ဆုံးတစ်ကြိမ် ပုံမှန်မဟုတ်ဘဲ ရပ်တန့်သွားသည်ကို တွေ့ရှိခဲ့ရသည်။ သင့်အတွက် နေရာပြန်လည်ချပေးနေပါသည်... နေရာချပြီးပါပြီ၊ စောင့်ကြည့်မှု ဆက်လက်လုပ်ဆောင်ပါမည်’
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် လျှပ်စစ်ကိရိယာများ ပြန်လည် စတင်လည်ပတ်ခြင်းနှင့် အအေးထိန်းတောင့်ကိုးလုံးမှ "ဘီ" ဟူသည့် အသံထွက်လာပြီး အလုပ်လုပ်သွားသည်ကို ကြည့်ရင်း ငေးငိုင်ကာ ရပ်တန့်သွားခဲ့သည်။
"ဒီက အအေးထိန်းတောင့်တွေကို ပုံမှန်အားဖြင့် စမ်းသပ်မှုအတွက် အဓိကသုံးတာ… တောထဲက အအေးထိန်းတောင့်တွေနဲ့ မတူဘူး"
ချူစစ်က ထိုသို့ပြောလိုက်ပြီး ထိန်းချုပ်ရေးစားပွဲ၏ အစွန်းကိုမှီကာ လက်တစ်ဖက်က အစွန်းကိုထောက်ထားပြီး နောက်တစ်ဖက်မှာမူ ဆက်သွယ်ရေးစက် မျက်နှာပြင်ပေါ်တွင် အမြန်လှုပ်ရှားနေသည်။
ဆာအာ့ယန်ထံမှ ငြီးငွေ့စရာကောင်းကြောင်း အထွန့်တက်လာသည့် မက်ဆေ့ချ်သည် သူ၏ ဆက်သွယ်ရေးလမ်းကြောင်းထဲတွင် ရှိနေဆဲဖြစ်ပြီး ခုနစ်မိနစ် ကုန်လွန်သွားပြီဖြစ်သည်။
ဤတစ်ကြိမ်တွင် ချူစစ်သည် စော်ကားရာရောက်သည့် စကားလုံးများကို မရိုက်တော့ပေ။ အချိန်ကုန်သက်သာစေရန်အတွက် သူသည် စာလုံးတစ်လုံးပင် မရိုက်တော့ဘဲ "." ကိုနှိပ်ကာ တိုက်ရိုက်ပို့လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ အကြောင်းပြန်ချက်တစ်ခုပင် ဖြစ်နေသေး၏။
အအေးထိန်းတောင့်များ ပွင့်သွားပြီး အောက်ဆီဂျင်များသည် ဘောင်ဘက်ရှိ ဖြန့်ဖြူးရေး အပေါက်ငယ်များမှ တဖြည်းဖြည်း လွှင့်ထွက်လာသည်။ ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူနှင့်
လူငယ်လေးတို့သည် တစ်ယောက်နှင့်တစ်ယောက် ဖက်လျက် အအေးထိန်းတောင့်ဘေးတွင် ခွေကာ လဲလျောင်းနေကြသည်။
စက်ပစ္စည်းများ ပုံမှန်အလုပ်လုပ်သွားသည်နှင့် စက်သံများ ပျောက်ကွယ်သွားပြီး သိုလှောင်ခန်းသည် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
"ဝူး-"
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး မျက်လုံးကို ပွတ်လျက် ချူစစ်ကို ကြည့်ရင်း ပြောသည်။
"နောက်ဆုံးတော့ အသက်ရှင်ရတော့မယ်”
သူသည် အလွန်သက်သောင့်သက်သာ ဖြစ်သွားပြီး အအေးထိန်းတောင့်ကို ပွေ့ဖက်ကာ အိပ်ရန်ပင် လုပ်လိုက်သည်။ သို့သော် ခဏအကြာတွင် တစ်စုံတစ်ခုကို သတိရလာပြီး မေးလိုက်သည်။
"မင်းအခုလေးတင် ဘယ်ကို မက်ဆေ့ခ်ျ ပို့လိုက်တာလဲ? ငါတို့တွေက အာကာသမြူမှုန်တွေ ဖြစ်သွားတာတောင်မှ မင်းကို မက်ဆေ့ချ်ပို့ဖို့ အချိန်ရှိတဲ့သူက ရှိသေးတယ်လား?"
မယုံနိုင်စရာကောင်းလှပေသည်။
ချူစစ်က မျက်ခုံးပင့်ကာ ဖြေလိုက်သည်။
"အကြမ်းဖက်သမား"
ကြမ်းသုတ်၀တ်ဆံပင်နှင့်လူ : "...ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလို့လဲ?မင်း စာမပြန်ရုံလေးနဲ့ မင်းကို ဖောက်ခွဲပစ်နိုင်တဲ့အထိ ကြောက်ဖို့ကောင်းလား?"
ချူစစ် ဆက်သွယ်ရေးစက်အား ဘေးမှ ထိန်းချုပ်ရေးစားပွဲပေါ် ပစ်ချလိုက်ပြီး ဖြေလိုက်သည်။
"ဒါပေါ့… သူဆိုရင် ဂြိုဟ်တစ်ခုလုံးကိုတောင် ပေါက်ကွဲအောင်လုပ်နိုင်တယ်"
"????"
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက သူ့နားကို ဆွဲရင်း မေးသည်။
"ငါ အရမ်းထူးဆန်းတဲ့ အကြောင်းကို ကြားမိလိုက်သလိုပဲ... မင်း ငါ့ကို နောက်နေတာမလား?"
ချူစစ်က ဆက်သွယ်ရေးစက်၏ မျက်နှာပြင်ကို ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး စကားပြန်မပြောတော့ချေ။
"..."
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ကြောက်လန့်တကြားနှင့် သူ့ကို ခဏကြာ ငေးကြည့်ခဲ့ပြီး ထိုသို့ အံ့ဩစရာကောင်းသော အကြောင်းအရာကို ထိုကဲ့သို့သော အသံအနေအထားနှင့် ပြောသင့်သည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။
သူကိုယ်တိုင် ခဏကြာ စဉ်းစားကြည့်ပြီးနောက် အောက်ဆီဂျင်ရှူရင်းဖြင့် သူ့ကိုယ်သူ အားပေးလိုက်သည်။
"ဟာသတစ်ခုပဲနေမှာပါ”
လျှပ်စစ်ထိန်းချုပ်ရေးစားပွဲပေါ်ရှိ မျက်နှာပြင်များသည် အလင်းရောင်များ တောက်ပနေပြီး တစ်ခုချင်းစီမှာ ဗီလာနှင့် စီဒါတော၏ အပြင်ဘက်ရှိ တစ်နေရာရာကို ချိတ်ဆက်ထားကာ သတ်မှတ်အကြိမ်ရေနှင့်အညီ လည်ပတ်နေပေသည်။
သို့သော် လက်ရှိအခြေအနေတွင်မူ ဤသို့စောင့်ကြည့်မှုများသည် ယခုအချိန်တွင် အသုံးပြုရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအပိုင်းအစပေါ်တွင် သူတို့သုံးယောက်တည်းသာ ရှိနေသောကြောင့် ဖြစ်သည်။
မျက်နှာပြင်နှစ်ခုက အပိုင်းအစ၏ အစွန်းများကို စောင့်ကြည့်ပြသနေသည်။ ၎င်းသည် ထောင့်ချွန်းများနှင့် မတ်စောက်သည့် ကျောက်ဆောင်များကိုပင် မြင်နိုင်ပြီး ယင်းတို့၏ အလွန်တွင်တော့ အဆုံးမရှိသည့် အာကာသကြီးရှိနေလေသည်။
ကြယ်များပြွတ်သိပ်နေသည့် ကောင်းကင်သည် အပေါ်တွင်သာမက အောက်၌ပါ ရှိနေသည်။
ယင်းသည် အလွန် ထူးဆန်းသည့်မြင်ကွင်းတစ်ခု ဖြစ်ပြီး ချူစစ် နှစ်စက္ကန့်မျှ ငြိမ်သက်စွာ ကြည့်ပြီးသည့်နောက် သူ့လက်ချောင်းအား ပါဝါခလုတ်ဆီ ရွှေ့လိုက်သည်။
ဤသို့ကြီးမားသည့် ထိန်းချုပ်ရေးစားပွဲကို ဆက်ပြီးဖွင့်ထားသည်မှာ စွမ်းအင်ဖြုန်းတီးရာရောက်လေသည်။
ချူစစ် ပါဝါခလုတ်ကို နှိပ်ရန် လုပ်လိုက်သည့်အချိန်မှာပင် စနစ်၏အသံသည် ရုတ်တရက် ပေါ်ထွက်လာသည်။
"သတိပေးချက်… စောင့်ကြည့်ရေးနယ်မြေ ၂ တွင် ဖောက်ထွင်းဝင်ရောက်မှုရှိနေသည်! သတိပေးချက်… စောင့်ကြည့်ရေးနယ်မြေ ၂ တွင် ဖောက်ထွင်းဝင်ရောက်မှုရှိနေသည်!"
စောင့်ကြည့်ရေးဒုတိယနယ်မြေဆိုသည်မှာ ကြယ်တာယာအလွှာနှင့် ဆက်စပ်နေသည့် ထိုမတ်စောက်သော ကျောက်ဆောင်များ ဖြစ်ပြီး ၎င်းတို့သည် ဂြိုဟ်အပိုင်းအစ၏ နယ်နမိတ်စွန်းဖြစ်သည်။
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ထိုအသံကိုကြားပြီး တုန်လှုပ်သွားကာ လှိမ့်ထ၍ ကြည့်လိုက်သည် ။
ချူစစ် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးများသည် မျက်နှာပြင်အား စိုက်ကြည့်နေသည်။ လူတစ်ယောက်သည် ကျောက်ဆောင်စွန်းမှ ခုန်တက်လာပြီး အနက်ရောင်ကျောက်ခဲကြီးပေါ်သို့ တိကျစွာ ဆင်းသက်လာသည်။
သူသည် အရပ်မြင့်ပြီး ပိန်လှီနေကာ ဆင်းသက်လာသောအချိန်၌ သူ့လက်မောင်းကြွက်သားများသည် သန်မာမှုရှိပြီး တောင့်တင်းပြေပြစ်နေသည်။ သူ့မျက်နှာပေါ်ရှိ အောက်ဆီဂျင်မျက်နှာဖုံးသည် သူ၏ မျက်နှာအမူအရာများကို ဖုံးကွယ်ထားသောကြောင့် ချူစစ်သည် သူ ခေါင်းလှည့်လိုက်သည့်အခါတွင် ချွန်ထက်နေသည့် မေးရိုးကိုသာ မြင်ရလေသည်။
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ချက်ချင်းပင် ထိုလူ၏ လက်မောင်းပေါ်ရှိ အနက်ရောင်နှင့် ရွှေရောင်ကွင်းတစ်ကွင်းကို မြင်လိုက်ရပြီး အော်လိုက်သည်။
"သေစမ်း အာကာသအကျဥ်းထောင်ကလူပဲ!"
အနက်ရောင်ကျောက်ခဲပေါ်တွင် ရပ်နေသည့် လူငယ်က ခေါင်းလှည့်ပြီး ပတ်ဝန်းကျင်ကို ကြည့်နေကာ စောင့်ကြည့်ရေးကင်မရာရှေ့သို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်သည်။
သူက သူ့ပခုံးအား လှုပ်လိုက်ပြီး ကင်မရာ၏အရှေ့သို့ လှမ်းလာသည်။
သူ နီးနိုင်သမျှ နီးကပ်လာသောအခါ လက်မြှောက်ပြီး မျက်နှာဖုံးကို ချွတ်လိုက်ကာ အလွန်ချောမောသည့် မျက်နှာတစ်ခုအား ထုတ်ဖော်ပြသသည်။ သူ့မျက်ကြည်လွှာသည် အလွန်လင်းလက်နေပြီး သူက မျက်စိမှေး၍ ကြည့်လာသောအခါ အလွန်ကိုင်တွယ်ရခက်ပုံ ပေါ်နေသော်လည်း ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုနှင့် ဖုံးကွယ်ခံလိုက်ရတော့သည်။
သူက လက်မနှင့် ကင်မရာကိုပွတ်လိုက်ပြီး အပေါ်ကိုမော့ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
"အချစ်ကလေးက စာမပြန်တော့ ကိုယ်ကပဲ မင်းကို ရှာဖို့ ရောက်လာရတာပေါ့"