အပိုင်း (၃၈)
ချူဖုန်းချင် ခေါင်းယမ်းလျက် “ချင်နျောင် မလိုအပ်ဘဲ ဒီလိုလုပ်စရာမလိုဘူး” ဟု ပြောလိုက်သည်။
သူ့ကိုယ်ခန္ဓာကြံ့ခိုင်မှုအကြောင်းကို သူ အသိဆုံးပင်။ သူ့အား ကာကွယ်ပေးရန် ချင်နျောင်ကဲ့သို့ အားရှိသောသူ ငါးယောက် သို့မဟုတ် ခြောက်ယောက် ရှိနေလျှင်တောင် သူ လုံးဝ ထွက်ပြေးနိုင်မည် မဟုတ်ချေ။
ချင်နျောင်က သူ၏စကားများကို မကြားသည့်ပုံ။ သူ့မျက်လုံးများက ရှေ့မှ ကျားဖြူပေါ်၌သာ အကြည့်ရောက်နေသည် ။ သူ ကျီယွီကျင်း၏ဓားနှင့် ထပ်တူနီးပါး တူညီနေသော ဓားတစ်လက်ကို သူ့ခါးမှ ဆွဲထုတ်လိုက်သည်။
ကျားဖြူသည် ၎င်း၏သွားများကို ဖြဲကာ သူ့အား ဟိန်းဟောက်လိုက်သည်။
နှစ်ဖက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် စမ်းသပ်နေကြပုံရပြီး ကျားဖြူနှင့် ချင်နျောင်တို့သည် တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေနေကြသည်။ ချူဖုန်းချင် မြေပြင်ပေါ်တွင် လဲကျနေသော လင်ယင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူက သတိမေ့မြောကာ လဲကျနေသည်။
ချူဖုန်းချင်၏စိတ်ထဲမှ ခန့်မှန်းချက်များကြောင့် သူ့နှုတ်ခမ်းများ အနည်းငယ် ဖြူဖျော့သွားရသည်။ သူ၏အသက်ရှူသံကလည်း အနည်းငယ် မမှန်မကန် ဖြစ်လာရသည်။ ကျားဖြူက ဒီနေရာကို ရောက်နေပြီ... ဒါဆို ကျီယွီကျင်းနဲ့ အခြားသူတွေ ဘယ်ရောက်ကုန်ကြပြီလဲ...
သူ့မျက်လုံးများက အနည်းငယ် အေးစက်နေပြီး သူ့င်္ကျီလက်ထဲမှ ဆေးမှုန့်ပုလင်းတစ်လုံးကို ထုတ်ယူကာ ညင်သာစွာ ပြောလိုက်သည် “ချင်နျောင်...အသက်အောင့်ထား...”
ချင်နျောင် အနည်းငယ် လန့်သွားရသည်။ သူ ကျားဖြူကို မလွှဲရဲပေ။ သူ ခပ်ဖွဖွ ခေါင်းညိတ်ပြီး ချူဖုန်းချင် ပြောသည့်အတိုင်း လုပ်ဆောင်လိုက်သည်။
ကျားဖြူ၏ကိုယ်ပေါ်ရှိ ဒဏ်ရာများမှ သွေးများသည် စီးကျနေသည်။ ကျားဖြူကြီးကို ကြည့်ရသည်မှာ တခြားသူတို့နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲ၌ ၎င်း၏စွမ်းအင် အများစုကို အသုံးပြုပြီး ဖြစ်ပုံရသည်။ ထို့ကြောင့် ၎င်းက သူတို့ကို ရဲရဲဝံ့ဝံ တိုက်ခိုက်ခြင်း မပြုရဲပေ။
ဤဆေးသည် ဈေးကွက်ပေါ်၌ ရောင်းချနေသော ဆေးများထက် ဆယ်ဆ ပိုမို အာနိသင်ရှိသည်။ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ပြင်ဆင်ထားခဲ့သော်လည်း ကျားဖြူအပေါ်၌ ၎င်းက အသုံးဝင်မဝင် သူ မသိပေ။ ထို့ကြောင့် စမ်းကြည့်ရုံသာ တတ်နိုင်သည်။
ထိုအချိန်၌ လေရူးတစ်ပွေက တိုက်ခတ်သွားလေသည်။ ချူဖုန်းချင် သူ၏ပါးစပ်နှင့် နှာခေါင်းကို လက်ဖဝါးဖြင့် ပိတ်လျက် ဆေးမှုန့်များကို ကျားဖြူ၏ရှေ့တွင် ဖြူးလိုက်သည်။
ဆေးမှုန့်များက အလွန်နူးညံ့ပြီး လေတိုက်သောအခါ အဖြူရောင် မြူခိုးကဲ့သို့ ဖြစ်နေသည်။ ကျားဖြူပတ်လည်၌ ဝေ့ဝဲသွားလျက် အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
ကျားဖြူကြီးက ခေါင်းကို ယမ်းခါလျက် ဒေါသတကြီးနှင့် သူတို့နှစ်ဦးထံ ခုန်အုပ်လိုက်သည်။ ချူဖုန်းချင်နှင့် ချင်နျောင်တို့ ရှောင်ရန် နည်းလမ်းမရှိချေ။
ဤသည်မှာ ကျီယွီကျင်း ရောက်လာသောအခါ အရင်ဆုံး မြင်လိုက်ရသော မြင်ကွင်းပင်။ သူ့မျက်လုံးများက ရုတ်တရက် ကျုံ့သွားပြီး သစ်ပင်ပေါ်မှ ပြုတ်ကျလုနီးပါး ယိုင်နဲ့သွားရသည်။
လေးလံသော အရာဝတ္ထုတစ်ခု မြေပြင်ပေါ်သို့ ကျသွားချိန် “ဒုန်း” ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် သူ၏အမြင်အာရုံ အားလုံးကို ကျားဖြူ၏ကြီးမားသော ကိုယ်ခန္ဓာက ပိတ်ဆို့ထား၏။ ကျီယွီကျင်း သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျက်လိုက်ပြီး မြေပြင်ပေါ်သို့ ခုန်ချလိုက်သည်။ သူ၏ခြေထောက်များက နှင်းပေါ်၌ နက်ရှိုင်းသော ခြေရာကို ကျန်ရစ်စေသည်။
ခဏတာမျှ သူသည် သူတတ်ကျွမ်းသော သိုင်းပညာကို မေ့လျော့လျက် ထိုနေရာသို့ ပြေးသွားလိုက်သည်။
ထိတ်လန့်မှုက သူ့အတွေးအားလုံးကို လွှမ်းမိုးသွားရသည်။ သူ တွေးပင်မတွေးနိုင်တော့။ သူ၏စိတ်က ယောက်ယက်ခတ်နေပြီး ရှေ့သို့ ဆက်ပြေးနေမိသည်။
သူ ပို၍ နီးကပ်လာသောအခါ ကျားဖြူကြီးက မြေပြင်ပေါ်၌ အားနည်းစွာ လှဲကျနေသည်ကို တွေ့လိုက်ရသည်။ ၎င်းက ခြေသည်းများနှင့် မြေပြင်ကို ကုပ်ခြစ်နေပြီး ထရန် ကြိုးစားနေသော်လည်း အားမရှိတော့ပေ။ ၎င်းက သူ့ကို စိုက်ကြည့်လျက် မောဟိုက်စွာ အသက်ရှူနေရုံသာ တတ်နိုင်တော့သည်။
ချူဖုန်းချင် မြေပြင်ပေါ်မှ ထလာသည်ကို ကျီယွီကျင်း မြင်လိုက်ရသည်။ သူ၏အဖြူရောင်မြေခွေးသားမွေးဝတ်ရုံသည် နှင်းများကြောင့် စိုစွတ်နေပြီး ရွှံ့များဖြင့် ဖုံးလွှမ်းနေလေသည်။ သူ့မျက်နှာပေါ်၌ ရှရာတစ်ခု ရှိနေသည်။ ဒဏ်ရာက ခပ်ပါးပါးသာဖြစ်ပြီး သွေးစက်အနည်းငယ် စိမ့်ထွက်နေသည်။
ချူဖုန်းချင် ကျီယွီကျင်းကို တွေ့သောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။ ကျီယွီကျင်း၏မျက်လုံးများက မှောင်မိုက်နေပြီး သူ့မျက်နှာကလည်း ကြောက်မက်ဖွယ်ကောင်းအောင် မှောင်မိုက်နေသည်။ ပြုံးနေသည့် အရိပ်အယောင်ပင် အနည်းငယ်မျှပင် မရှိချေ။ သူ တစ်လှမ်းချင်း ပိုမိုနီးကပ်စွာ လျှောက်လာပြီး ချူဖုန်းချင်ကို အပေါ်အောက် ကြည့်လျက် အက်ကွဲနေသော သောအသံဖြင့် မေးလိုက်သည် “ဘယ်နေရာ ဒဏ်ရာရသွားသေးလဲ...”
ချူဖုန်းချင်က ခေါင်းခါပြလိုက်သည်။ ကျားဖြူ သူ့ကို ခုန်အုပ်စဥ်က ချင်နျောင်က သူ့ကို ဆွဲခေါ်ခဲ့သည်။ သို့သော် သူက အနည်းငယ် စိုးရိမ်ပူပန်နေပြီး ခိုင်ခံ့စွာ မရပ်နိုင်ခဲ့သောကြောင့် အနည်းငယ် ဒဏ်ရာရခဲ့သည်။
“ကောင်းတယ်”
ကျီယွီကျင်းက အနီရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး သူ့မျက်နှာပေါ်၌ သွေးများရှိနေသောကြောင့် ငရဲမှ ရောက်လာသော ငရဲမင်းကဲ့သို့ပင်။ ရုတ်တရက် သူ ချူဖုန်းချင်ကို ဆွဲကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ ခပ်တင်းတင်း ဖက်ထားပြီး လူတစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲ မြှုပ်နှံထားချင်သည့်နှယ်။
ချူဖုန်းချင်၏ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားသော်လည်း သူ ရှောင်မပြေးခဲ့ပေ။ သူ့ခါးပေါ်မှ လက်က တင်းကျပ်လာပြီး တစ်ဖက်လူ၏ ထိတ်လန့်ဖွယ်ကောင်းသော အပူငွေ့သည် စိမ့်ဝင်လာလေသည်။ တစ်ဖက်လူက လေးလံစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ကျီယွီကျင်း၏အသံကို ကြားလိုက်ရသည် ။ “မင်းကြောင့် ငါ သေလောက်အောင် ကြောက်သွားတာ...”
ချူဖုန်းချင် အံ့အားသင့်သွားပြီး သူ၏နံဘေးရှိ လက်များကို ဖြည်းဖြည်းချင်း မြှင့်လိုက်သည်။ သူ့လက်များက ကျီယွီကျင်း၏အဝတ်အစားကို ထိမိသည်နှင့် တစ်ပြိုင်နက် တွန့်သွားရသည်။ ခဏတာ တွေးပြီးနောက် သူ လက်ကို အောက်ပြန်ချလိုက်သည်။ သူ၏အသံက အေးစက်သော်လည်း စိတ်တည်ငြိမ်စေသည်။
“စိတ်မပူပါနဲ့၊ ကျွန်မ ဘာမှ မဖြစ်ဘူး”
ချင်နျောင် သူ့ဘာသာ မြေပြင်ပေါ်မှ ထရပ်လိုက်ရသည်။ သူ့ကို မည်သူမျှ မကူညီခဲ့သည်မှာ ထူးဆန်းမနေတော့ပေ။ သူ့ကိုယ်ခန္ဓာပေါ်မှ နှင်းများကို ပုတ်ခါလိုက်ပြီး မျက်မှောင်ကြုတ်လျက် သူတို့ကို ကြည့်လိုက်သည်။ ထို့နောက် တိတ်ဆိတ်စွာ ကျားဖြူကြီးဆီသို့ လျှောက်သွားပြီး သူ၏လက်ဖြင့် ၎င်း၏နှုတ်ခမ်းမွှေးကို တို့ထိလိုက်သည်။ ကျားဖြူကြီးက သူ့အား ၎င်း၏သွားဖြဲပြသော်လည်း မကြာမီ အားနည်းစွာ ယိုင်ထိုးသွားရသည်။ လူနှင့်သားရဲတို့သည် အမူအရာမဲ့စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ရှီချန်၏ရဲမက်များက အလျင်အမြန် ပြေးလာပြီး ထိုမြင်ကွင်းကို တွေ့သောအခါ ရပ်တန့်သွားကြသည်။ လူငယ်ရဲမက်တစ်ဦးက မျက်တောင်ခတ်လျက် အဖွဲ့အစည်း၏ခေါင်းဆောင်အား အပြစ်ကင်းစင်စွာ “ကျွန်တော်တို့ အခု ဘာလုပ်ရမလဲ...” ဟု မေးလိုက်သည်
ထိုခေါင်းဆောင်သည်လည်း အံ့အားသင့်နေပုံ။ သူက ကြီးမားသောတိုက်ပွဲကို ရင်ဆိုင်ရတော့မည်ဟု တွေးခဲ့ပြီး ဂုဏ်ယူစွာ ပေးဆပ်ရန်ပင် ပြင်ဆင်ထားခဲ့သည်။ သူ ဤကဲ့သို့ မြင်ကွင်းမျိုးကို မြင်လိုက်ရမည်ဟု မမျှော်လင့်ခဲ့ပေ။ ဤသည်က မြန်လွန်းပြီး သူ လိုက်လျောညီထွေမဖြစ်နိုင်ခဲ့ချေ။
ခေါင်းဆောင်သည် ထိုလူငယ်ခေါင်းကို ရိုက်ပြီး “မင်း ဘာလုပ်နေတာလဲ...မင်း မကြည့်သင့်တာတွေကို လိုက်ကြည့်နေတာပဲ။ မျက်နှာ လွှဲထားလိုက်...မင်းတို့ သခင်မကို အဆင်မပြေ ဖြစ်အောင် လုပ်မိရင် ငါလည်း မင်းတို့အားလုံးကို ပြသနာရှာမှာနော်...” ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့...”
ထိတ်လန့်ဖွယ်ကောင်းသော အသံကျယ်ကျယ် တုံ့ပြန်မှုကြောင့် ခေါင်းဆောင်သည် သူ၏ခေါင်းကို ဖုံးအုပ်လိုက်မိသည်။ “အိုး ဘုရားရေ” သူရဲ့ ရာထူးလေးကတော့ ပြုတ်ဖို့နီးနေပြီ...
ကျီယွီကျင်း ချူဖုန်းချင်ကို လွှတ်ပြီးမျက်မှောင်ကြုတ်လျက် ထိုလူအုပ်စုဘက်သို့ လှည့်ကာ ကြည့်လိုက်သည်။ ထို့နောက် ကျားဖြူကို သတိရသွားပြီး ကျားဖြူကို လှည့်ကြည့်ကာ မေးလိုက်သည် “ဘာတွေဖြစ်ခဲ့တာလဲ...”
ချင်နျောင် မျက်တောင်ခတ်လျက် ချူဖုန်းချင်ကို အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်
ကျီယွီကျင်း: “.....”
ချူဖုန်းချင်က သူ့လက်ထဲမှ ပုလင်းအလွတ်လေးနှင့် ကစားနေသည် “ကျွန်မ ဆေးကို သုံးခဲ့တာ...”
သူ ကျားဖြူဆီသို့ လျှောက်သွားပြီး ထိုင်ချလျက် တည်ငြိမ်စွာ ပြောလိုက်သည် “ဒီဆေးက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။ ကျွန်မတို့ ပြန်ရောက်ရင် များများ ထုတ်ထားလိုက်မယ်”
လူတိုင်းက နှင်းထဲတွင် ဆောင့်ကြောင့်ထိုင်နေသော အရပ်ရှည်ရှည် အေးစက်စက်လူအား ကြည့်နေကြသည်။ သူသည် နတ်ဘုရားကဲ့သို့ ရုပ်ရည်နှင့် တည်ငြိမ်သော မျက်နှာအမူအရာ ရှိသော်လည်း သူတို့၏ကျောများ၌ ချွေးအေးများ ထွက်လာစေသည်။
ကျားဖြူက ဆေးတွေကြောင့် သတိလစ်သွားတယ်...။ ရှေးဆိုရိုးစကားတွေက မှန်တယ်... လှပတဲ့အရာတွေက အန္တရာယ်ရှိတယ်...
ကျီယွီကျင်း ပြုံးလိုက်သည်။ ခုနက လူအများကြီးက ကျားနှင့် တိုက်ခိုက်ခဲ့ခြင်းသည် အနည်းငယ် မိုက်မဲသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ “မင်းရဲ့ဆေးက ငါတို့ ဒါဇင်နဲ့ချီတဲ့လူတွေထက် ပိုအစွမ်းထက်တယ်...”
ချူဖုန်းချင်၏ကြည်လင်သော မျက်လုံးများထဲ၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေသည်။ သူ မျက်လုံးများကို ချလိုက်ရာ မြေခွေးသားမွေးဝတ်ရုံပေါ်၌ စွန်းထင်းနေသော သွေးများကို ရုတ်တရက် မြင်လိုက်ရသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ကျီယွီကျင်း၊ ရှင် ဒဏ်ရာရခဲ့တာလား”
ကျီယွီကျင်းက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဂရုတစိုက် မကြည့်ပါက အစွန်းအထင်းများကို ရှာဖွေရန် ခက်ခဲလှသည်။
သူ၏စကားကို ကြားပြီးနောက် ကျီယွီကျင်းသည် သူ၏လက်မောင်းပေါ်မှ ဒဏ်ရာကို ရုတ်တရက် သတိရသွားသည်။ သူ လက်မောင်းကို မြောက်ကာတစ်ချက်ကြည့်လိုက်သည်။ ဒဏ်ရာသည် ကျားဖြူ၏ ကုတ်ရာပင်။ ဒဏ်ရာက အလွန် ကြောက်မက်ဖွယ်ကောင်းပြီး အရိုးပင် မြင်နိုင်သည်။ သို့သော် သူ တစ်ချက်သာ ကြည့်ပြီး သူ့လက်ဖဝါးဖြင့် ပြန်ဖုံးထားလိုက်သည်။ “ဘာမှမဖြစ်ဘူး၊ သာမန်ဒဏ်ရာလေးပါ”
ချူဖုန်းချင်: “.....”
ချူဖုန်းချင် သူ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဂရုမစိုက်ချေ။ သူ ထိုသူ၏လက်ဖဝါးများကို ဆွဲဖယ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကို မြင်သောအခါ သူ၏နှုတ်ခမ်းများကို အနည်းငယ် စေ့လိုက်မိသည်။
“ဒါက သာမန်ဒဏ်ရာလား...”
သူ ပြောနေရင်း သူ၏ရင်ဘတ်မှ ကျောက်စိမ်းပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ကျီယွီကျင်းက “ကျစ်” ဟု စုတ်သပ်လိုက်ပြီး “မင်းက ရွေ့လျားနေတဲ့ဆေးသေတ္တာကြီးလား၊ မင်းကိုယ်ပေါ်မှာ ဘယ်လိုလုပ် ဆေးအစုံ ရှိနေတာလဲ” ဟု ပြောလိုက်သည်။
ချူဖုန်းချင် သူ့ကို ဂရုမစိုက်ချေ။ အမှန်တော့ သူ့ကိုယ်ပေါ်တွင် ဆေးပုလင်း သုံးလုံးသာ ရှိသည်။ တစ်ပုလင်းက ကိုယ့်ကိုယ်ကို ကာကွယ်ရေးအတွက် သုံးသောဆေး ဖြစ်သည်။ တစ်ပုလင်းက အသက်ကယ်ဆေးဖြစ်ပြီး လင်ယင်ကို တစ်လုံး တိုက်ခဲ့သည်။ နောက်တစ်ပုလင်းကမူ ပြင်ပဒဏ်ရာများအတွက် ဖြစ်ပြီး ၎င်းသည် ယခု သူ၏လက်ထဲ၌ ရှိနေသော ပုလင်းဖြစ်သည်။
သူ ဆေးမှုန့်ကို ကျီယွီကျင်း၏ဒဏ်ရာပေါ်၌ ညီညာစွာ ဖြူးလိုက်သည်။ ကျီယွီကျင်း အစပိုင်းတွင် တည်ငြိမ်နေနိုင်သော်လည်း ဖြည်းဖြည်းချင်း ရှုံ့မဲ့လာရသည်။ သူ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည် “နေမကောင်းတဲ့ ပျိုးပင်ပေါက်လေး...မင်း ငါ့ကို လက်စားချေနေတာလား...”
ဒီဆေးက အရမ်းနာတာပဲ...
ချူဖုန်းချင် ထိုစကားကို ကြားသောအခါ သူ၏နှုတ်ခမ်းများကို တင်းတင်း စေ့လိုက်ပြီး ပြန်သိမ်းတော့မည့် ဆေးကို နောက်တစ်ထပ် ထပ်၍ လိမ်းလိုက်သည်။
“အာ့...”
ချူဖုန်းချင် မော့ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်၌ ထိုမျှ ထင်ရှားသော မျက်နှာအမူအရာကို မြင်ရခြင်းသည် ရှားပါး၏။ သူ ပြောလိုက်သည် “ကိုယ့်ရဲ့သမားတော်ကို စော်ကားတာမျိုး မလုပ်ရဘူးလို့ ဘယ်သူကမှ ရှင့်ကို မပြောထားဘူးလား”
ကျီယွီကျင်း သူ့ကို တစ်ချက်ကြည့်ပြီး နှုတ်ခမ်းများ ကွေးသွားခြင်းကို မထိန်းချုပ်နိုင်တော့ပေ။
“ဟုတ်ပါတယ်၊ ငါ မှားပါတယ်၊ သမားတော်ကြီးရယ်၊ ငါ့ကို သနားညှာတာပါ”
ချူဖုန်းချင်က အေးစက်သောအသံဖြင့် ပြောလိုက်သည် “ဖြေဆေး မရှိဘူး၊ သည်းခံလိုက်ပါ”
ဤဆေးသည် အလွန်အစွမ်းထက်သော်လည်း အနည်းငယ် နာကျင်၏။
“အဝူး၊ အဝူး-”
ကျားဖြူလေး၏နို့ဆာသံ ထွက်ပေါ်လာပြီးနောက် လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြသည်။ ကျားဖြူကြီး၏အနားတွင် ပတ်နေသော ကျားဖြူလေးတစ်ကောင်ကို သူတို့ တွေ့လိုက်ရသည်။ သို့သော် သူသည် ခြေထောက်ကို တရွတ်ဆွဲလျက် လျှောက်နေရာ သူ၏ဝမ်းဗိုက်က မြေပြင်ကို ပွတ်မိနေသည်။ သူ့မျက်လုံးများက အနည်းငယ် ပွင့်နေပြီး သူတို့၏အရောင်သည် ကောင်းကင်၏အရောင်ကဲ့သို့ အဖြူရောင် ရှိသော်လည်း ပို၍ သန့်စင်နေသည်။
ကျားဖြူလေးသည် ခုနက ကျားဖြူကြီး၏နောက်တွင် ပုန်းနေသောကြောင့် မည်သည့်ဆေးဒဏ်ကိုမှ မခံခဲ့ရပေ။
“အားယိုး... ကံဆိုးလိုက်တာ...” ဤအချိန်တွင် အမဲလိုက်သမားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူအိုကြီးတစ်ဦးက အပြင်ဘက်မှ ရောက်လာပြီး ဤမြင်ကွင်းကို မြင်သောအခါ အော်လိုက်သည်။
လူတိုင်းက သူတို့၏ဓားများကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ ဆောင်းရာသီ အမဲလိုက်ရာနေရာ၏ ပတ်ပတ်လည်ကို လုံခြုံရေး အလွန်တင်းကျပ်ထားသော်လည်း အမည်မသိသူတစ်ဦး ပေါ်လာလေသည်။
ကျီယွီကျင်း သူ၏မျက်လုံးများကို မှေးလိုက်ပြီး ချူဖုန်းချင်ကို သူ့နောက်၌ ကာကွယ်ထားလျက် “ခင်ဗျားက ဘယ်သူလဲ” ဟု မေးလိုက်သည်။
အမဲလိုက်သမားသည် ဤကဲ့သို့ မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးသောကြောင့် သူ၏ဒူးများနှင့် ခြေဖျားများ ချက်ချင်း အားနည်းသွားရသည်။ သို့သော် သူ ဒူးထောက်၍ ဦးညွှတ်ကာ ပြောလိုက်သည် “စစ်သည်တော်တို့ ကျွန်တော်က တောင်ခြေရွာက အမဲလိုက်သမားတစ်ဦးပါ။ ကျွန်တော် ခွင့်ပြုချက်မရှိဘဲ ဝင်လာခဲ့မိပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ညှာတာပေးပါ”
"ဒီနေရာက လုံခြုံရေးတင်းကျပ်ထားတဲ့နေရာ ဆိုတာကို သိလျက်နဲ့ ဘာလို့ ဝင်လာချင်ရတာလဲ...”
အမဲလိုက်သမားက တုန်ယင်လျက် ပြောလိုက်သည် “အရှင့်ကို ပြန်ဖြေရပါတယ်...၊ ကျွန်တော် ဟူနျောင်ကို စိတ်ပူနေလို့ပါ... ကျွန်တော် အသက်ကို ရင်းပြီး လာကြည့်တာပါ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ...”
သူက အလွန်ဝမ်းနည်းနေပုံရပြီး သူ၏လက်ဖြင့် ကျားဖြူကြီးကို ညင်သာစွာ ပုတ်လိုက်သည်။
“ဟူနျောင်...” ကျီယွီကျင်း မျက်မှောင်ကြုတ်ပြီး မြေပြင်ပေါ် လှဲနေသော ကျားဖြူကို လက်ညှိုးထိုးလိုက်သည် "ဒီကျားဖြူကြီးလား..."
“ဟုတ်တယ်၊ ဒီကျားက ဟူနျောင် ပါ”
အမဲလိုက်သမားက ပြောဆိုနေစဉ် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများက သူ့ဘေးမှ ကျားဖြူလေးပေါ်သို့ ကျရောက်သွားသည်။ သူ့မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာရသည်။
“ကျားလေး ငါးကောင် ရှိတာပါ၊ ဘယ်လိုဖြစ်ပြီး တစ်ကောင်ပဲ ကျန်တော့တာလဲ...”
ကျားဖြူကြီးက လူအိုကြီးအား တုံ့ပြန်နေသကဲ့သို့ ညည်းတွားသံ ပြုလိုက်သည်။
လူအိုကြီးက အကြိမ်ပေါင်းများစွာ ဦးညွှတ်လိုက်သည် “အရှင်၊ ကျွန်တော် ဟူနျောင်ကို ကလေးဘဝကတည်းက ကောက်ယူပြီး ကျွေးမွေးပြုစုခဲ့တာပါ။ နောက်ပိုင်းမှာ ကျွန်တော် မမွေးမြူနိုင်တော့တဲ့အတွက် တောင်ပေါ်ကို ပို့ခဲ့ပါတယ်။ ဟူနျောင်က လူနားနီးပါတယ် ဘယ်သူ့ကိုမှ တိုက်ခိုက်ခြင်း မရှိပါဘူး...
သူက လူတွေ ကြောက်မှာစိုးလို့ တောင်ပေါ်က မဆင်းပါဘူး။ ဒီလောက်နှစ်တွေအကြာကြီး ကြာတဲ့အထိ သူက သူ့ရဲ့ပိုင်နက်ထဲမှာ ငြိမ်းချမ်းစွာ နေထိုင်ပြီး ဘယ်သူ့ကိုမှ မရန်စခဲ့ပါဘူး။ ကျေးဇူးပြုပြီး သနားညှာတာပေးပါ၊ အရှင်... အဲ့လိုမဟုတ်ရင်လည်း ကျွန်တော် ဟူနျောင်ကို တခြားတောင်ပေါ်ကို ခေါ်သွားပေးပါ့မယ်”
ဆိုလိုရင်းကား ဤတစ်ကြိမ် ဟူနျောင်၏ဆူပူမှုသည် တစ်စုံတစ်ယောက်က ရန်စခဲ့ခြင်းကြောင့် ဖြစ်ရမည်ဟူသော အဓိပ္ပာယ်ပင်။
ကျီယွီကျင်း မျက်မှောင်ကြုတ်လျက် ချူဖုန်းချင်ကို ကြည့်လိုက်သည်။
“မင်း ဘယ်လိုထင်လဲ...”
ချူဖုန်းချင် သူ၏နှုတ်ခမ်းများကို စေ့လိုက်ပြီး မတ်တပ်ရပ်နေသော ကျားလေးကို ကြည့်သည်။ ကျားဖြူကြီး သေပါက ကျားပေါက်လေးသည်လည်း သေချာပေါက် အသက်ရှင်နိုင်မည် မဟုတ်ချေ။
“တကယ်လို့ လူအိုကြီး ပြောတဲ့အအတိုင်း တကယ်ဆိုရင်၊ ကျားဖြူကြီးက သူ့ကလေးကို ကာကွယ်နေတာ။ သူ့မှာ အပြစ်မရှိဘူး။ ဒါက ကျွန်မတို့အမှားပဲ...”
သူ ပြောနေစဉ် ခေတ္တရပ်ပြီး မျက်မှောင်ကြုတ်လျက် ကျားဖြူကို ကြည့်လိုက်သည်။ သနားစိတ်အရိပ်အယောင်တစွန်းတစ်စက သူ့မျက်လုံးများထဲ၌ လင်းလက်သွားသည်။ သူ့စကားများက ၎င်း၏အသက်ကို ကယ်နိုင်ကောင်း၏။ ဤကိစ္စတွင် ကျားဖြူသည် အပြစ်မရှိသည်ကို နားလည်သော်လည်း... အရာရာသည် အဖြူအမည်း သက်သက်ချည်း မဟုတ်ချေ။ ကျီယွီကျင်းက ဘာအမှားလုပ်ခဲ့လို့ ဒီကိစ္စအတွက် အပြစ်တင်ခံရမှာလဲ...
သူသည် ထိုသို့ ပြောရန် သူ့ကိုယ်သူ တွန်းအားမပေးနိုင်ပေ။
ချူဖုန်းချင်: “ဒါပေမဲ့ အရှင်မင်းကြီးက ကျားဖြူကို မြင်လိုက်တယ်။ ဒီကျားဖြူက လူတွေကို ဒဏ်ရာရစေခဲ့တယ်။ ရှင် အဲ့တာကို ဘယ်လိုပဲ ကိုင်တွယ်ကိုင်တွယ် ရတယ်။ စိတ်ဖိစီးခံစရာ မလိုဘူး...”
ကျီယွီကျင်း အံ့အားသင့်သွားရသည်။ ချူဖုန်းချင်က ကျားဖြူအတွက် တောင်းပန်လိမ့်မည်ဟု သူ တွေးခဲ့သည်။
သူ ချူဖုန်းချင်ကို တစ်ချက်ကြည့်ပြီးနောက် လူအိုကြီးဘက်ကို လှည့်၍ “ကျားဖြူက ဘယ်သူ့ကိုမှ ဒဏ်ရာရအောင် ထပ်မလုပ်ဘူးလို့ ခင်ဗျား အာမခံနိုင်လား” ဟု မေးလိုက်သည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဟူနျောင်က သိမ်မွေ့တဲ့ စိတ်နေစိတ်ထားရှိပြီး အကြောင်းပြချက်မရှိဘဲ ဘယ်သူ့ကိုမှ ထိခိုက်စေမှာ မဟုတ်ပါဘူး”
ကျီယွီကျင်း ခေါင်းယမ်းလိုက်သည်။
“ခင်ဗျား ဘယ်လို အာမခံချက်မျိုး ပေးနိုင်မလဲ... ကျားဖြူက သူ့ရဲ့ကလေးတွေကို ဆုံးရှုံးသွားတဲ့အတွက် သူ အခု မကောင်းတာတွေ စလုပ်နေပြီ။ အခုကစပြီး ရပ်တန့်ဖို့ ခက်ခဲလိမ့်မယ်”
သူ ကျားဖြူကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည် “ဒီကျားဖြူကိုတော့ ငါ လွှတ်ပေးလို့ မရဘူး။ အခု ခင်ဗျား ဒီမှာ ဆက်နေမယ်ဆိုရင် ခင်ဗျားကိုလည်း သင့်လျော်တဲ့ ပြစ်ဒဏ် ချမှတ်ရလိမ့်မယ်”
လူအိုကြီးက ဆက်၍ ဦးညွှတ်တောင်းပန်နေသော်လည်း ရဲမက်နှစ်ဦး ရောက်လာပြီး သူ့ကို ဆွဲခေါ်သွားသည်။ လူအိုကြီးက ဟူနျောင်ကို ကြည့်လျက် ငိုယိုနေသော်လည်း နောက်ကျသွားပြီဖြစ်သည်ကို သူ သိနေသည်။
“ဒါ ငါ့အမှားပါ၊ ဟူနျောင်”
လူအိုကြီး၏အသံ တဖြည်းဖြည်း မှိန်ဖျော့သွား၏။ ချူဖုန်းချင် ကျားဖြူလေးဆီသို့ လျှောက်သွားပြီး ဘေးမှ သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူလိုက်သည်။ ကျားဖြူလေးက ကြောက်ရွံ့စွာ နောက်သို့ ဆုတ်သွားပြီး မာန်ဖီနေသည်။ သူ့ကို ခြောက်လှန့်ရန် ကြိုးစားနေသကဲ့သို့ပင်။
ချူဖုန်းချင် ကျားလေး၏နောက်ခြေထောက်များကို တို့ထိလိုက်သည်။ သူ၏အဝတ်အစားမှ အစတစ်စကို ဆွဲဖြဲလိုက်ပြီး သစ်ကိုင်းကို ၎င်း၏နောက်ခြေထောက်များပေါ်၌ တွဲချည်နှောင်ပေးလိုက်သည်။ ကျားလေး၏နောက်ခြေထောက်များ ကျိုးနေပုံရသည်ကို ယခုလေးကမှ သူ သိခဲ့ရသည်။
ကျီယွီကျင်း ချင်နျောင်ကို ခေါ်လိုက်ပြီး “တစ်ယောက်ယောက်ကို သံလှောင်အိမ်တစ်ခု လာပို့ခိုင်းလိုက်” ဟု ပြောလိုက်သည်
ချင်နျောင် မျက်မှောင်ကြုတ်လျက် “ဟုတ်ကဲ့ပါ” ပြောလိုက်သည်။
သို့သော် သူသည် အနည်းငယ် ရှုပ်ထွေးနေသည်။ သံလှောင်အိမ်သည် ကျားကို ထည့်ရန်အတွက် ဖြစ်ရမည်။ ဘာလို့ ဒီတိုင်း သတ်ပစ်ဖို့ မလုပ်တာလဲ...
ကျီယွီကျင်း: “သူတို့ကို တောခေါင်ခေါင်ကို ပို့ခိုင်းလိုက်”
ထိုနေရာသည် လူနေနည်းပါးသောကြောင့် ကျားဖြူသည် လူများကို ထိခိုက်စေမည်ကို စိုးရိမ်ရန် မလိုပေ။ သစ်တောများသာဖြစ်သောကြောင့် ကျားဖြူ အစားအသောက်ရှာဖွေရန် နေရာမရှိမည်ကိုလည်း စိုးရိမ်ရန် မလိုချေ။
ချင်နျောင်: “ဟုတ်ကဲ့ပါ”
ရဲမက်ခေါင်းဆောင်၏မျက်လုံးများက အနည်းငယ် လင်းလက်သွားရသည်။ သူ့သခင်က တကယ်တမ်းတွင် သနားကြင်နာစိတ်ရှိသည်ဟု ခံစားရလိုက်ရသည်။ ထိုသူက အလုပ်များစွာ လုပ်ဆောင်ခဲ့ပြီး သတ်ဖြတ်ရာ၌လည်း အမြဲတမ်း ပြတ်သားခဲ့သည်။ ဤကဲ့သို့ ကျေးဇူးတင်မခံရသော အလုပ်မျိုးကို တစ်ခါမျှ မလုပ်ဖူးချေ။ ဤပြောင်းလဲမှုသည် ကောင်းသည် သို့မဟုတ် ဆိုးသည်ကိုလည်း သူ မသိချေ။
ချူဖုန်းချင် ကျားဖြူလေး၏မေးစေ့ကို တို့ထိလိုက်သည်။ ကျားဖြူလေးက “ဝူး” ဟု အသံ ပြုလိုက်၏။ ပွတ်ပေးခြင်းကြောင့် သက်တောင့်သက်သာ ခံစားရသည်ကြောင့်လား သို့မဟုတ် အခြားအရာတစ်ခုခုကြောင့်လား မသိသော်လည်း ၎င်းက ချူဖုန်းချင်ကို သူ၏မျက်နှာဖြင့် ပွတ်သပ်နေသည်။
ကျီယွီကျင်း ကျားဖြူကြီးဆီသို့ လျှောက်သွားပြီး ၎င်း၏ကိုယ်ခန္ဓာကို ပုတ်လိုက်သည်။ “မင်း ရှင်သန်မလား သေမလားဆိုတာ မင်းအပေါ်မှာ မူတည်နေပြီ”
ချူဖုန်းချင်က သူ့ကို စိုက်ကြည့်လျက် “ဒီကိစ္စကို အရှင်မင်းကြီးကို ဘယ်လို ရှင်းပြမှာလဲ” ဟု မေးလိုက်သည်။
ကျီယွီကျင်း: “ငါ့မှာ နည်းလမ်းရှိပါတယ်”
သူ ချူဖုန်းချင်၏ အေးစက်စက်လက်ကို ပုတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည် “သွားကြမယ်”
“အင်း”
နှစ်ဦးသား လမ်းလျှောက်ကာ ထွက်သွားကြသည်။ ခဏအကြာ ကျီယွီကျင်းက သူ့ကို ရုတ်တရက် ကြည့်ပြီး မေးလိုက်သည် “မင်း ခုနက ကြောက်သွားတာလား။ ဘာလို့ မင်းရဲ့အသက်ရှူသံက ကယောကကယက်ဖြစ်နေရတာလဲ”
ချူဖုန်းချင် သူ၏ဖြူဖျော့သော နှုတ်ခမ်းများကို စေ့လိုက်သည်။ သူ့အသက်ရှူသံက ပြောင်းလဲသွားရသည်။ သူ တည်ငြိမ်အောင် ကြိုးစားပြီး ခပ်ဖြေးဖြေး ပြောလိုက်သည် “အင်း၊ နည်းနည်း ကြောက်သွားတာ”