အပိုင်း (၃၉)
ချူဖုန်းချင်၏အသက်ရှူခြင်းက ထိုခဏတာ လမ်းလျှောက်မှုအတွင်း မကြာခဏ ဖရိုဖရဲ ဖြစ်နေသည် ။ ကျီယွီကျင်းက သူ့ဘေးတွင် ရှိနေသောကြောင့် သူ့၌ ပန်းနာရင်ကြပ် ရှိနေကြောင်းကို ဖော်ပြ၍ မရနိုင်ချေ။ ချူဖုန်းချင်၌ မွေးရာပါ ပန်းနာရင်ကြပ် ရောဂါ ရှိနေသည်မှာ မြို့တော်ထဲတွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။
ကျီယွီကျင်းက ရပ်တန့်၍ စူးစမ်းလိုသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။ ချူဖုန်းချင် သွားများကို ကြိတ်လျက် အသက်ကို တည်ငြိမ်စွာ ရှူရန် အစွမ်းကုန် ကြိုးစားနေသည်။ အခြားသူများ၏မျက်စိအောက်၌ ရောဂါထခြင်းကို ဖုံးကွယ်ရန် အမှန်တကယ် ခက်ခဲပေသည်။ ကံကောင်းစွာဖြင့် ဤသည်မှာ ရောဂါ အမှန်တကယ် ထသောအချိန် မဟုတ်သေးချေ။
သူ ဤသို့ ရှက်စရာကောင်းသောအခြေအနေမျိုးကို ရောက်တတ်သည်မှာ ရှားရှားပါးပါးပင်။ သူ့အကြည့်အောက်၌ပင် ချူဖုန်းချင်၏နှင်းပွင့်ကဲ့သို့ ဖြူနေသော အသားအရေတွင် နီရဲသော အရိပ်အယောင်တစ်ခု ရောယှက်သွားရသည်။
ကျီယွီကျင်း: “အဟက်...၊ မင်း ငါ့ရှေ့မှာ မကြောက်သလိုဟန်ဆောင်ပေမဲ့လည်း နောက်ဆုံးတော့ မျက်နှာတည်တည်နဲ့ ကြောက်တတ်တဲ့သူ တစ်ယောက်ပဲ”
နောက်တစ်ခဏတွင် ချူဖုန်းချင် ရုတ်တရက် လေထဲတွင် ဆိုင်းငံ့ရသည်။ သူ့မျက်လုံးများ အနည်းငယ် ကျုံ့သွား၏။ ကျီယွီကျင်း သူ့ကို ပွေ့ချီလိုက်သည်ကို သူ တွေ့လိုက်ရသည်။
ချူဖုန်းချင် မော့ကြည့်လိုက်သောအခါ ကျီယွီကျင်း၏မျက်လုံးများနှင့် ဆုံတွေ့သွားရသည်။ သူ နောက်မှ လူအုပ်စု၏ ခပ်တိုးတိုး စကားသံများကို ကြားနေရသည်။ သူ့မျက်နှာမှာ ချက်ချင်း နီရဲလာပြီး နားရွက်ဖျားများပင် နီရဲသွားရတော့သည်။
“ကျီယွီကျင်း... ကျွန်မကို အောက်ချပေးပါ”
သူ့ကို ထိုသို့ မြင်ရသောအခါ ကျီယွီကျင်း နှုတ်ခမ်းများ မထိန်းနိုင်တော့ဘဲ ကော့တက်သွားရလေသည်။ သူ့မျက်လုံးများထဲ၌ အပြုံးတစ်စွန်းတစ်နှင့် ပြောလိုက်သည် “အိုး...မင်းက ရှက်နေတုန်းပဲလား။ ငါတို့က အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ စုံတွဲဖြစ်နေပြီလေ မင်းက ရှက်နေတုန်းပဲ”
ချူဖုန်းချင်: “....”
လက်ထပ်တာ လအနည်းငယ်ကြာပြီးရင် အိမ်ထောင်သက်ကြာတဲ့ စုံတွဲလို့ ယူဆတာလား...
“ရှင့်ရဲ့ဒဏ်ရာက...”
ကျီယွီကျင်း သူ့ကို ကြားဖြတ်ပြောလိုက်သည် “ကိစ္စမရှိဘူး အဆင်ပြေတယ်”
ချူဖုန်းချင် မျက်လုံးများကို မှိတ်လျက် တစ်ခုခု ပြောလိုသော်လည်း သူ၏အနည်းငယ် မြန်ဆန်သောအသက်ရှူခြင်းက သူ့ကို စကားမပြောနိုင်အောင် လုပ်နေသဖြင့် သူ ထိုအတိုင်းသာ နေလိုက်တော့သည်။
သူ ပါးစပ်ကို အနည်းငယ် ဖွင့်လျက် အသက်ရှူနေရသည်။ သူ၏အဆုတ်ထဲမှ နာကျင်မှုက သူ့ကို မသက်မသာ ခံစားရစေသည်။ သူ မျက်မှောင်ကြုတ်ထားမိသည်။ သူ လေများစွာကို အမောတကော ရှူသွင်းသော်လည်း သူ၏အဆုတ်ထဲသို့ မရောက်နိုင်သလို ခံစားနေရသည်။ သူက ကုန်းပေါ်တွင် ပစ်ချခံထားရသော ငါးကဲ့သို့ ခြောက်သွေ့၍ အသက်ရှူကျပ်နေသည်။
ကျီယွီကျင်း သူ၏မျက်လုံးများကို နှိမ့်ချလျက် သူ့ကို တစ်ချက်ကြည့်လိုက်ရာ တစ်ခုခု မှားနေသည်ကို သဘောပေါက်လိုက်သည်။
“မင်း နေမကောင်းဘူးလား...”
ချူဖုန်းချင် သူ့နှုတ်ခမ်းများကို စေ့လိုက်သည်။ ခေတ္တမျှ ချီတုံချတုံဖြစ်ပြီး ခေါင်းယမ်းပြလိုက်၏။
“မဟုတ်...”
သူ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူ၏အသက်ရှူခြင်းက ဖရိုဖရဲ ဖြစ်သွားရသည်။ သူ နှုတ်ခမ်းများကို စေ့လိုက်ပြီး အသက်ရှူထုတ်ရန် ခဏအချိန်ယူပြီးနောက် ပြောလိုက်သည် “ဘာမှ မဖြစ်ပါဘူး။ နည်းနည်း အေးနေလို့ပါ။ ကျီယွီကျင်း၊ ကျွန်မကို တဲဆီကို ပြန်ခေါ်သွားပါ”
ကျီယွီကျင်း၏အပြုံးသည် မှိန်ဖျော့သွားပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ သူ ချူဖုန်းချင်၏ ဖြူဖျော့လာသော နှုတ်ခမ်းများကို ကြည့်လျက် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
ချူဖုန်းချင် သူ၏အားကောင်းသော နှလုံးခုန်သံနှင့် ဖြည်းညှင်းပြီး မြန်ဆန်သောအသက်ရှူသံကို ကြားနေရသည်။ သူ မျက်လုံးများကို မြှင့်၍ ကျီယွီကျင်းကို တစ်ချက်ကြည့်လိုက်သည်။ အေးခဲနေသော ရာသီဥတု၌ပင် သူ့နဖူးပေါ်၌ ချွေးစို့လာရသည်။ သူ လက်ကို ဖြည်းဖြည်းချင်း မြှင့်လိုက်ပြီး သူ၏အရိုးပေါ်နေသော လက်ဖြင့် ထိုသူ၏အင်္ကျီစကို ဖမ်းဆုပ်လိုက်သည်။
ချူဖုန်းချင်က ညင်သာစွာ “ကျီယွီကျင်း၊ အကယ်၍...” သူသည် ခေတ္တရပ်ပြီး “ထားလိုက်ပါတော့” ဟု ပြောလိုက်သည်။
ကျီယွီကျင်း: “မင်း သိလား။ စိတ်အနှောင့်အယှက်
ဖြစ်စရာအကောင်းဆုံး လူတစ်မျိုး ရှိတယ်”
သူ ခေတ္တရပ်ပြီးနောက် ဆက်ပြောသည် “သူတို့က တစ်ဝက်တစ်ပျက် ပြောတဲ့သူတွေပဲ။ ငါတို့မင်းဆက်က တစ်ဝက်တစ်ပျက်ပြောတာကို တားမြစ်ဖို့ ဥပဒေတစ်ခု ပြဌာန်းသင့်တယ်”
ချူဖုန်းချင်၏မျက်လုံးများ အနည်းငယ် ကွေးသွားရသည်။ “ကံကောင်းစွာနဲ့ပဲ၊ ဥပဒေတွေ ပြဌာန်းတဲ့သူက ရှင် မဟုတ်ဘူးလေ”
ကျီယွီကျင်း မော့ကြည့်လိုက်သည်။
“ဒါဆို ငါ တကယ်ပဲ အဲလိုဥပဒေတစ်ခု ပြဌာန်းတာကို ကာကွယ်ဖို့အတွက် မင်းရဲ့ မပြီးသေးတဲ့စကားကို ဆက်ပြောလို့ရမလား”
ချူဖုန်းချင်၏မျက်လုံးအရောင်က သာမန်လူများထက် အနည်းငယ် ပိုဖျော့သည်။ သူ၏မျက်နှာပေါ်၌ မျက်နှာအမူအရာ မရှိပါက သူက အနည်းငယ် အေးစက်ပုံပေါ်သည်။ သူ၏ဖြူဖျော့သော နှုတ်ခမ်းများကို စေ့လိုက်သည်။ ဝမ်းနည်းခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း မရှိသော သူ၏မျက်လုံးများထဲ၌ ထိတ်လန့်မှုအရိပ်အယောင်တစ်ခု လင်းလက်သွားရသည်။
“တစ်ယောက်ယောက်က ရှင့်ဆီက တစ်ခုခုကို ဖုံးကွယ်ထားခဲ့မယ်ဆိုရင်...”
သူက ထိုအကြောင်းကို တွေးပြီး ပိုမို ရှင်းလင်းသော နည်းလမ်းသို့ ပြောင်းလဲလိုက်သည်။
“တစ်ယောက်ယောက်က ရှင့်ကို လိမ်ခဲ့မယ်ဆိုရင်၊ ရှင် သူ့ကို သတ်မှာလား...”
ကျီယွီကျင်း ခေတ္တရပ်လိုက်ပြီး သူ၏နှုတ်ခမ်းများကို စေ့လိုက်သည်။
“ငါက လူတွေ ငါ့ကို လိမ်တာကို မုန်းတယ်။ ငါ့ကို လိမ်တဲ့လူတွေလည်း အများကြီးပဲ။ အဲဒါက သူတို့ ဘယ်သူလဲဆိုတဲ့အပေါ်မှာ မူတည်တယ်”
“သူလျှို ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်သူက စစ်ဆေးမေးမြန်းမှုအတွင်းမှာ တစ်ခုခုကို ဖုံးကွယ်ထားရင် သူ့ကို ညှဉ်းပန်းနှိပ်စက်ရလိမ့်မယ်။ ရန်သူက ဒီလိုလှည့်ကွက်တွေ ဆက်ကစားနေမယ်ဆိုရင် ချက်ချင်း သတ်ပစ်ရလိမ့်မယ်။ ငါ့လက်အောက်က တစ်ယောက်ယောက်က ငါ့ကို လိမ်ညာရင်တော့ အထက်လူကြီးနဲ့ လက်အောက်ငယ်သားတွေကို လှည့်စားတဲ့အတွက် သေဒဏ်ထိုက်တန်တယ်။ ငါနဲ့ နီးစပ်တဲ့တစ်ယောက်ယောက်က ငါ့ကို လိမ်ညာခဲ့မယ်ဆိုရင်တော့ ငါတို့ နောက်တစ်ခါ တွေ့ဆုံတဲ့အခါ ရန်သူတွေ ဖြစ်သွားရလိမ့်မယ်”
သူက ခေါင်းကို နှိမ့်ချ၍ ချူဖုန်းချင်ကို ကြည့်ပြီး ပြုံးလျက် မေးလိုက်သည် “ဘာလို့ ငါ့ကို ဒီလိုမေးတာလဲ။ မင်းလည်း ငါ့ကို လိမ်ခဲ့လို့လား...”
ချူဖုန်းချင်၏အသက်ရှူခြင်းက အနည်းငယ် လေပြွန်ပိတ်ဆို့သွားရပြီး ကျီယွီကျင်း၏အကြည့်ကို ရှောင်လိုက်သည်။ သူ့ကိုယ်သူ မည်သည့်အမျိုးအစားထဲသို့ ထည့်သွင်းရမည်ကို မသိသော်လည်း မည်သည့်အမျိုးအစားထဲ၌ပင် ရှိနေပါစေ၊ ရလဒ်များက အလွန်ကောင်းမွန်မည့်ပုံ မရချေ။
ကျီယွီကျင်း သူ၏လျှာဖျားဖြင့် ပါးစောင်ကို ထိုးလိုက်သည်။
“မင်း ငါ့ကို တကယ်လိမ်မထားပါဘူးနော် ဟုတ်တယ်မလား....”
သူ ချူဖုန်းချင်၏မျက်နှာအမူအရာကို ဂရုတစိုက် ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဒါဆို ငါ မင်းကို အခွင့်အရေးပေးမယ်။ မင်း အခု ငါ့ကို ပြောပြ အဲတာဆိုရင် ငါ မင်းကို ဗွေမယူဘူး"
ချူဖုန်းချင်၏မျက်လုံးများ ကျုံ့သွားပြီး သူ့နှလုံးခုန်နှုန်း မြန်လာရသည်။
သူတို့နှစ်ဦးစလုံး ရှုပ်ထွေးနေစဉ် နားလည်ဟန်ဆောင်နေကြသည်။ ကျီယွီကျင်းက ချူဖုန်းချင်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စမ်းသပ်ခဲ့သည်။ ချူဖုန်းချင်က သူ သံသယဝင်နေသည်ကို သိ၏။ သူ တစ်ခုခုကို ဖုံးကွယ်ထားသည်ကိုသာ သိသော်လည်း သူက အမျိုးသားတစ်ဦး ဖြစ်သည်ကို မသိနိုင်ပေ။
ချူဖုန်းချင် သူတို့၏မင်္ဂလာဆောင်ည၌ ဖြစ်ပွားခဲ့သော ရယ်စရာကောင်းသောအရာများ၊ အနမ်းနှင့် သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ပွေ့ဖက်၍ အိပ်ခဲ့ကြသည်ကို တွေးလိုက်သည်။
ဤအရာများကို ဇနီးသည်နှင့် ပြုလုပ်ခြင်းသည် ပုံမှန်ဖြစ်သည်။ သို့သော် ဤ “ဇနီးသည်” သည် အမျိုးသားတစ်ဦး ဖြစ်ပါက လူသား၏ကျင့်ဝတ်ကို လျစ်လျူရှုခြင်း ဖြစ်သည်။
သူ့ကိုယ်သူ ကျီယွီကျင်းအဖြစ် တွေးကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကို ဤသို့ လိမ်ညာခဲ့ပါက သူ ထိုသူ့ကို သတ်နိုင်မည် မဟုတ်သော်လည်း ထိုအချိန်မှစ၍ ထိုလူသည် သူ၏အကြီးမားဆုံး ရန်သူ ဖြစ်လာလိမ့်မည်ပင်။
ချူဖုန်းချင် လောင်းရန် မရဲပေ။ သူတစ်ယောက်တည်းသာဆိုလျှင် သူ မကြောက်သော်လည်း... သူ့မိသားစုတစ်ခုလုံး၏ အသက်များပါ အန္တရာယ်ရှိနေသောကြောင့်ပင်။
သူ့ဖခင်ကို ကယ်တင်ပြီးနောက်တွင် သူ ကျီယွီကျင်းထံ ဝန်ခံမည်။ ထို့နောက်တွင် ထိုသူ သူ့ကို သတ်ချင်သည်ဖြစ်စေ၊ ခုတ်ချင်သည်ဖြစ်စေ ထိုသူ့အပေါ်၌သာ မူတည်၏။
ချူဖုန်းချင် သူ၏မျက်လုံးများကို မှိတ်လျက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “မရှိပါဘူး”
ကျီယွီကျင်း၏လက်များ တင်းကျပ်သွားရသည်။ သူ၏မျက်လုံးများထဲ၌ မှောင်မိုက်သွားရပြီး ခဏအကြာတွင် သူ၏နှုတ်ခမ်းများကို ကွေးလျက် ပြောလိုက်သည်။ “ကောင်းပြီ၊ ငါ မင်းကို ယုံတယ်”
ယုံတယ်တဲ့လား...
ချူဖုန်းချင် မျက်နှာမကောင်းတော့ပေ။ သူ ကျီယွီကျင်း၏လက်မောင်းများမှ လွတ်မြောက်သွားရသည်။ ယခင်က သူ အလွန် ပေါ့ဆခဲ့ပြီး ဤ “သခင်မ” ဟူသော အခန်းကဏ္ဍတွင် တကယ်ပင် နှစ်မြှုပ်နေခဲ့သည်။
“ချူဖုန်းချင်၊ မင်းက ဒီလို စက်ဆုပ်ဖို့ကောင်းတဲ့လူတစ်ယောက်ပဲ” ဟု သူ့ကိုယ်သူ တွေးလိုက်သည်။
“ရှင့်ရဲ့လက်မောင်းက ဒဏ်ရာရထားတယ်လေ... ကျွန်မ... ကျွန်မဘာသာ လမ်းလျှောက်လို့ရပါတယ်”
ကျီယွီကျင်း သူ၏ ဗလာဖြစ်သွားသော လက်များကို ကြည့်ပြီး ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်သည်။ သူသည် ချူဖုန်းချင်၏နောက်ကျောကို ကြည့်လိုက်သည်။ ထိုသူက သူ့ကို ယုံကြည်မှုမရှိသေးပေ။
ပထမဆုံးအကြိမ်အဖြစ် သူက ထိုသူ၏နှလုံးသားထဲ၌ နေရာတစ်နေရာမျှပင် မရှိကြောင်း ရှင်းလင်းစွာ သဘောပေါက်လိုက်သည်။ “သူမ”က သူ့ကို ဧကရာဇ်မင်း၏အမိန့်ကြောင့်သာ လက်ထပ်ခဲ့ပြီး သူမ၏ဖခင်ကြောင့်သာ နေခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ဦး တိတ်ဆိတ်စွာ စခန်းသို့ လမ်းလျှောက်သွားကြသည်။ ဘာမှ ပြောင်းလဲသွားပုံမရသော်လည်း သူတို့နှစ်ဦးကြား၌ အုတ်တံတိုင်းတစ်ခု ဝင်ရောက်လာသကဲ့သို့ပင်။ အုတ်တံတိုင်းက ကျောက်တုံးကဲ့သို့ ခိုင်မာပြီး သူတို့ ၎င်းကို မည်သို့ ဖြိုဖျက်ရမည်ကို မသိကြချေ။
အခြားတစ်ဖက်၌ ခေါင်းဆောင်သည် မြေပြင်ပေါ် လှဲနေသော လင်ယင်ကို ကြည့်ပြီး ချင်နျောင်ကို မေးလိုက်သည် “အရှင်၊ ဒီလူကို ဘာလုပ်လိုက်ရမလဲ”
ချင်နျောင် သူ့ကို ခြေထောက်ဖြင့် ကန်လိုက်သော်လည်း တုံ့ပြန်မှု မရှိချေ။ သူ၏သခင်က သူ့ကို ဘာလုပ်ရမည်ကို မပြောခဲ့ချေ။ ပုံမှန်အားဖြင့် ဤအချိန်တွင် ထိုသူ သေနေပြီဟု လူအများက ယူဆလိမ့်မည်။ သို့သော် သခင်မက သူ့ကို ဆေးအချို့ တိုက်ကျွေးခဲ့ပြီး သူ၏အသက်ရှူနေခြင်းကို ကယ်တင်ခဲ့သည်
အင်း...
သူ ထိုအကြောင်းကို တွေးပြီးနောက် ထွက်သွားရန် ဆုံးဖြတ်လိုက်၏။ နောက်ဆုံးတွင် သူ ဘာလုပ်ရမည်ကို မသိသောကြောင့်ပင်။
အဖွဲ့အစည်း၏ခေါင်းဆောင်: “.....”
“ကျစ်... ဒီလူတွေ တစ်ယောက်ချင်းစီတိုင်းက တခြားတစ်ယောက်ထက် ပိုပြီး ထူးဆန်းတဲ့ စရိုက်တွေ ရှိကြတယ်”
မိန်းမစိုးများအနေနှင့် သူတို့က တစ်ယောက်အပေါ်တစ်ယောက် ပို၍ နားလည်မှုရှိကြသည်။ သူ လင်ယင်ကို တစ်ချက်ကြည့်ပြီး အစေခံအချို့ကို ခေါ်လိုက်၏။ “ဒီလူကို သူ့ရဲ့နန်းတော်ဆီ ပြန်ပို့လိုက်” ဟု ပြောလိုက်သည
သူ အသက်ရှင်နိုင်မလား မရှင်နိုင်ဘူးလားဆိုသည်မှာ သူ၏သခင်က သူ့ကို မည်သို့ ဆက်ဆံသည်နှင့် သူ၏ကံကောင်းမှုအပေါ်၌ မူတည်သည်။
နန်းတွင်းသမားတော်က ကျောက်လင်၏ဒဏ်ရာများကို ပတ်တီးစည်းပေးနေသည်။ ကျား၏ခြေသည်းများက သူ၏ဝမ်းဗိုက်အောက်ပိုင်းနှင့် ပေါင်များပေါ်၌ နက်ရှိုင်းသော ဒဏ်ရာသုံးခုကို ချန်ရစ်ခဲ့ပြီး သူ၌ မြင်သာသော ဒဏ်ရာများ ရှိနေသည်။ ဆေးလိမ်းခြင်းကို မပြောလေနှင့်၊ နာကျင်မှုက အလွန်ပြင်းထန်သောကြောင့် သူ မလှုပ်ပါဘဲနှင့်ပင် ချွေးအေးများ ထွက်နေရသည်။
မျက်ရည်များက သူ့နားထင်များကို စိုစွတ်စေပြီး သူ၏ကိုယ်ခန္ဓာအောက်ပိုင်းမှ နာကျင်မှုကြောင့် သူ သတိမထားမိဘဲ လင်ယင်ကို အော်ခေါ်လိုက်မိသည်။ သူ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သော်လည်း ထိုနွေးထွေးသောမျက်လုံးများကို မမြင်ရသလို နူးညံ့သော နှစ်သိမ့်စကားများကိုလည်း မရရှိချေ။ ကျောက်လင် ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် လင်ယင်က သူ့အတွက် ကျားဖြူအား ဦးဆောင်ခေါ်သွားခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။
သူ သေသွားလောက်ပြီ...
ကျောက်လင် အံကြိတ်လိုက်ပြီး မျက်ရည်များက ပို၍ ပြင်းထန်စွာ ကျလာလေသည်။ သူ၏မျက်လုံးများကို ဖုံးအုပ်၍ ပြင်းပြင်းထန်ထန် ငိုကြွေးတော့သည်။ သူ အောက်နှုတ်ခမ်းကို သွားဖြင့် ကိုက်၍ အသံကို ဖိနှိပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။
နန်းတွင်းသမားတော်များက သူ့အပြုအမူကြောင့် အလွန်ကြောက်လန့်သွားကြပြီး ဘာကိုမျှ မလုပ်ရဲကြတော့ချေ။ သူတို့ထဲမှ အချို့က ဘေး၌ ရပ်လျက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ကျောက်လင်က ပြင်းပြင်းထန်ထန် ငိုကျွေးနေ၏။ “ဘာလို့ မင်းတို့ အားလုံး ငါ့ကို ကြည့်နေကြတာလဲ။ အခု ဆက်လုပ်...”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့”
ကျောက်လင် နှာရှုံ့လိုက်ပြီး ထထိုင်ရန် ကြိုးစားသော်လည်း ထိုအရာကို လုပ်ဆောင်ရန် အားမရှိသည်ကို တွေ့လိုက်ရသောကြောင့် သူ၏ခြေထောက်များကို ထပ်၍ ရွေ့လိုက်သည်။
“.....”
“ဘာလို့... ဘာလို့ ငါ့ခြေထောက်တွေကို မရွှေ့နိုင်ရတာလဲ”
နန်းတွင်းသမားတော်က လန့်သွားပြီး ချက်ချင်း စစ်ဆေးရန် ပြေးသွားလိုက်သည်။ သူ မြင်လိုက်သောအရာက ကြောက်မက်ဖွယ်ကောင်းလှ၏။
ကျောက်လင် ထိတ်လန့်သွားရသည် “ဘာတွေဖြစ်နေတာလဲ...”
နန်းတွင်းသမားတော်က “ကျောရိုးထဲမှာ အရိုးတွေ ဒဏ်ရာရခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ယာယီအားဖြင့် အကြောတွေ သေသွားတာလဲ ဖြစ်နိုင်ပါတယ်။ အခုချိန်မှာတော့ အတိအကျပြောဖို့ မဖြစ်နိုင်ပါဘူး” ဟု မပြောရဲချေ။
သူ၏မျက်လုံးများထဲတွင် ကျောက်လင်ကို သနားနေသယောင်။ အကယ်၍ သူ၏ကျောရိုးသည် တကယ်ပင် ဒဏ်ရာရခဲ့ပါက သူ မည်သည့်အခါမျှ ထပ်၍ မတ်တတ်ရပ်နိုင်တော့မည် မဟုတ်ချေ။
နန်းတွင်းသမားတော်များ သတ္တမမင်းသား၏တဲမှ ထွက်သွားပြီးနောက် ဧကရာဇ်မင်း၏တဲဆီသို့ အလျင်အမြန် ပြေးသွားလိုက်ကြသည်။
သူ့ခြေထောက်ကို ပတ်တီးစည်းပြီးနောက် သူ အတော်လေး ငိုပြီးသွားပြီဖြစ်၏။ သူ အိပ်ရာပေါ်၌ လှဲလျက် မိန်းမစိုးအသစ်အား ပြောလိုက်သည် “မင်း၊ လူအနည်းငယ်ကို လင်ယင်ရဲ့အလောင်းကို သွားရှာခိုင်းလိုက်”
သူ စကားပြောပြီးသည်နှင့် တစ်စုံတစ်ယောက်က “အရှင်မင်းသား၊ မိန်းမစိုးလင်ကို လူတစ်ယောက်က ပြန်ခေါ်လာပါပြီ” ဟု လာရောက်သတင်းပို့လေသည်။
ကျောက်လင် အံ့အားသင့်သွားပြီး ထရပ်ရန် ကြိုးစားသည်။ သူ အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း မအောင်မြင်ချေ။ နန်းတွင်းသမားတော်က ယာယီအားဖြင့် မရွှေ့နိုင်သေးကြောင်း ပြောဆိုသည်ကို တွေးပြီး သူ အံကြိတ်လျက် ဆိုးသွမ်းစွာ ပြောလိုက်သည် “တစ်ယောက်ယောက်ကို သူ့ကို သယ်ခိုင်းပြီး အတွင်းကို ခေါ်လာခဲ့”
သူ လင်ယင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ဆံပင်များက ရှုပ်ပွနေပြီး သူ၏အဝတ်အစားများလည်း ညစ်ပတ်နေသည်။ သူ၏ရင်ဘတ်ပေါ်၌ ကြီးမားသော အစွန်းအထင်းသွေးကွက်တစ်ကွက် ရှိနေသည်။ အမြဲတမ်း သပ်ရပ်နေလေ့ရှိသော လင်ယင်၏ ပုံစံနှင့် လုံးဝ ကွဲပြားခြားနားနေသည်။
သူ့မျက်လုံးများက ပူနွေးလာပြီး သတိထားကာ မေးလိုက်သည် “သူ... သူ အသက်ရှင်နေတုန်းပဲလား”
“အရှင်မင်းသားကို ပြန်ဖြေပါတယ် သူ အသက်ရှူနေပါသေးတယ်”
“မြန်မြန်၊ နန်းတွင်းသမားတော်ကို ခေါ်လိုက်”
“....”
ညတွင် ဧကရာဇ်က သတ္တမမင်းသားကို နန်းတော်သို့ ပြန်ပို့ရန် အမိန့်ပေးလိုက်သည်။ ဘာတွေဖြစ်ခဲ့သည်ကို ဘယ်သူမှ မသိကြချေ။ ဤသည်မှာ ကုသရန်အတွက် သင့်လျော်သောနေရာ မဟုတ်ကြောင်းသာ ပြောဆိုကြသည်။ နန်းတွင်းသမားတော် အနည်းငယ်သာလျှင် အမှန်တရားကို သိကြသည်။
ထို့အပြင် သူ့ကို အဖော်ပြုနေသော သတိလစ် မေ့မျောနေသည့် မိန်းမစိုးသည်လည်း ပြန်ပို့ခံခဲ့ရသည်။
ယနေ့ အမဲလိုက်စဉ်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ညစာစားပွဲက ပုံမှန်အတိုင်း ဆက်လက်ရှိနေသည်။ ဧကရာဇ်အိုကြီးက စိတ်အခြေအနေမကောင်းသော်လည်း သူသည် လူတိုင်းနှင့်အတူ ပူးပေါင်းရန် သူ့ကိုယ်သူ ဖိအားပေးခဲ့သည်။
ယနေ့အတွက် အနိုင်ရသူက ကျီယွီကျင်း ဖြစ်၏။ သူသည် ဒုတိယပိုင်းတွင် အမဲမလိုက်ခဲ့သော်လည်း ပထမပိုင်း၌ အမဲလိုက်ခဲ့ခြင်းဖြင့်သာ လုံလောက်ခဲ့သည်။
ကျီယွီကျင်းက ဓားမြှောင်ကို ချူဖုန်းချင်ထံ ပစ်ပေးလျက် ပြောလိုက်သည် “ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ သိမ်းထားလိုက်”
ချူဖုန်းချင်သည် အဖြူရောင် ဝတ်ဆင်ထားပြီး ပျော်ရွှင်နေသည့် အရိပ်အယောင် တစ်စွန်းတစ်မျှပင် မရှိချေ။ ထိုင်နေရန်လည်း သူ့ကိုယ်သူ အတင်းအကျပ် ဖိအားပေးနေရသည်။ သူ ညင်သာစွာ ပြောလိုက်သည် “မလိုအပ်ပါဘူး...”
သူ စကားမဆုံးခင် ကျီယွီကျင်းက ပြောလိုက်သည် “မင်း မလိုချင်ရင် လွှင့်ပစ်လိုက်”
ချူဖုန်းချင်: “.....”
သူ ထပ်မပြောနေတော့ဘဲ ဓားမြှောင်ကို သိမ်းလိုက်သည်။
ကျီယွီကျင်း တစ်ညလုံး တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက် သောက်နေပြီး မကြာမီ စားပွဲပေါ်၌ သေရည်ပုလင်းများ စုပုံလာရသည်။
ချူဖုန်းချင် သူ၏နှုတ်ခမ်းများကို စေ့လိုက်သည်။ ကျီယွီကျင်း ဒေါသထွက်နေသည်ကို သူ နားလည်၏။
လီယွီက ကျီယွီကျင်း၏ဘေးနားတွင် လာထိုင်လေသည်။ သူ၏ပုံစံကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားရသည် “ခင်ဗျား ဘာဖြစ်နေတာလဲ။ သေတဲ့အထိ သောက်တော့မလို့လား။ ခင်ဗျား တစ်ယောက်တည်း သောက်တာကို မကြိုက်ဘူး မဟုတ်လား...”
ကျီယွီကျင်း သူ့ကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ဘာမှ မပြောချေ။
“ကောင်းပြီ၊ ကျွန်တော် မရီး စကားပြောတာကိုပဲ နားထောင်ပြီး ပါးစပ်ပိတ်နေတာ ပိုကောင်းမယ်”
လီယွီသည် ချူဖုန်းချင်ကို ကြည့်ကာ ပြောလိုက်သည်။ ချူဖုန်းချင် ပြန်မပြောရသေးမီ ကျီယွီကျင်းက လီယွီအား ပြောလိုက်သည် “မင်း စကားမပြောမှ ဘယ်သူကမှ မင်း တုံးတယ်ဆိုတာ မသိမှာ”
ချူဖုန်းချင်၏နှုတ်ခမ်းများ ဖြူဖျော့သွားရသည်။ ကျီယွီကျင်းက ၎င်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး “မင်း မျက်နှာပြပြီး ပြန်လို့ရပြီ။ ဒီမှာ အရမ်းအေးနေတယ်၊ စားစရာကောင်းကောင်းလဲ မရှိဘူး။ ဘာလို့ ဒီမှာ ထိုင်နေတာလဲ” ဟု မပြောဘဲ မနေနိုင်တော့ချေ။
လီယွီ အံ့အားသင့်သွားရသည်။
“ခင်ဗျား ဒီနေ့ မီးပန်းတွေ စားခဲ့လို့လား။ ခင်ဗျားက အရမ်းကြမ်းကြမ်းတမ်းတမ်း ပြောဆိုနေတာပဲ...”
ကျီယွီကျင်း စကားပြောတော့မည့်အခိုက် အပြင်မှ ဓားများ တိုက်ခိုက်သော အသံကို ကြားလိုက်ရသည်။
သူ ခွက်ကို ချလိုက်ပြီး “ကျစ်... တကယ် ဗျာများတာပဲ” ဟု ပြောလိုက်သည်။
“ဒီလို ဖြစ်မယ်လို့ မမျှော်လင့်ထားဘူးလား” လီယွီက ထရပ်ပြီး သူ၏ရှို့ချွင်းဓားကို ထုတ်ယူကာ ဧကရာဇ်မင်း၏ဘေးသို့ ပြေးသွားလိုက်သည်။
ညအိပ်ဝတ်စုံဝတ်ထားသော လုပ်ကြံသတ်ဖြတ်သူ အုပ်စုက ဧကရာဇ်မင်းကို တိုက်ခိုက်နေကြပြီပင်။
လူအများက ဧကရာဇ်မင်းထံသို့ တက်သွားကြသည်။
ကျီယွီကျင်းလည်း သူ့ခါးမှ ဓားကို ထုတ်ယူပြီး ချူဖုန်းချင်ကို လှည့်ကြည့်လိုက်သည်။ ထိုသူက ဧကရာဇ်နှင့် အလွန်ဝေးကွာနေသောကြောင့် သူ အဆင်ပြေလောက်သည်။ ထိုသူ ဧကရာဇ်နှင့် အလွန်နီးကပ်နေပါက တစ်ခုခု မှားယွင်းသွားနိုင်သည်။
ခေတ္တမျှ ချီတုံချတုံဖြစ်ပြီးနောက် ကျီယွီကျင်း လှည့်၍ ဧကရာဇ်မင်းဆီသို့ ပြေးသွားလိုက်သည်။
ချူဖုန်းချင် ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူ ဘာမျှ မပြောနိုင်မီ ထိုသူသည် ထွက်ခွာသွားနှင့်ပြီ။ သူ နှုတ်ခမ်းများကို စေ့လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် “ဂရုစိုက်ပါ...”
ယနေ့ အစောပိုင်းတည်းက သူ ဒေါသများ ပြည့်နေပြီး ဤအချိန်မှာ သူ၏ဒေါသကို ဖော်ထုတ်ရန် သင့်တော်သောအချိန်ပင်။ ဓားက သေမင်း၏တံစဉ်ကဲ့သို့ပင်။ ၎င်း ဖြတ်သန်းသွားသောနေရာတိုင်း၌ အလောင်းများကို ချန်ရစ်ခဲ့သည်။
လီယွီ သူ၏မျက်နှာမှ သွေးများကို သုတ်လျက် ပြောလိုက်သည် “သေစမ်း...သတိထားဦး၊ ခင်ဗျား ကျွန်တော့်ကို ခုတ်မိတော့မလို့”
လူများက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာပြီး သူတို့ကို အားလုံး သတ်နိုင်မည် မဟုတ်ချေ။ ကျီယွီကျင်း၏အနီရောင်အဝတ်အစားက သွေးများစွန်းထင်းနေပြီး သူ၏လက်ပေါ်မှ ဒဏ်ရာသည် အနည်းငယ် နာကျင်နေသည်။ ဓားကို ကိုင်ထားသော လက်က အနည်းငယ် တုန်ယင်နေလျက်။
လီယွီသည်လည်း အနည်းငယ် ပင်ပန်းနေသောကြောင့် ခေါင်းဆောင် မည်သူဖြစ်သည်ကို ကြည့်ပြီး သူ့ကို ဦးစွာ ကိုင်တွယ်လိုက်သည်။
ရုတ်တရက် သူ၏မျက်လုံးများက ရေခဲကဲ့သို့ ဖြစ်သွားပြီး “ကျီယွီကျင်း! မရီး!” ဟု အော်လိုက်သည်။
ကျီယွီကျင်း: “ဘာလဲ”
သူ လီယွီ၏အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ ဓားကို ကိုင်ထားသော အနက်ရောင်ဝတ်ထားသည့် အမျိုးသားတစ်ဦးက အဖြူရောင်ဝတ်ထားသည့် အမျိုးသမီးတစ်ဦးကို ဓားနှင့် ထိုးနေသည်ကို တွေ့လိုက်ရသည်။
T/N- ချူဖုန်းချင်ရဲ့ အချက်အလက်ကို နောက်အခန်းမှာ ဖော်ထုတ်ပါပြီ။