အပိုင်း (၃၇)
ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကြောင့် လီယွီ နာကျင်နေသည်ကို သည်းခံလိုက်ရသည်။
“စောက်ကျိုးနည်းငတုံး! ဘယ်ကောင် ကျားကို သွားရန်စလဲဆိုတာ သိရင် အဲ့ကောင်ကို ကျားသားရဲတွင်းထဲမှာ တစ်ယောက်တည်း နေရတဲ့ ခံစားချက်မျိုး ခံစားရအောင် လုပ်ပစ်မယ်”
သူ နာကျင်မှုကို သည်းခံပြီး ကျီယွီကျင်းကို ရှာလိုက်သည်။ နောက် ဘာလုပ်ရမလဲ... လင်ယင်ကို ကူညီဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ရမလား... ဒါမှမဟုတ် ဧကရာဇ်ကို အရင်ဆုံး စခန်းကို ပြန်ပို့ပြီး စစ်သည်အင်အားဖြည့်တင်းဖို့ စောင့်ဆိုင်းရမလားလို့ မေးချင်ပေမဲ့ အဲ့လိုနောက်ကျနေမယ်ဆိုရင်တော့ လင်ယင်ကတော့ ကံဆိုးမိုးမှောင် ကျတော့မှာ...
သို့သော် ယခုလိုအချိန်တွင် မိန်းမစိုးတစ်ယောက်၏ အသက်က အရေးမပါဟု ထင်ရသည်။
သူ လှည့်ကြည့်လိုက်သောအခါ ကျီယွီကျင်း မရှိတော့ပေ။ သူ အံ့အားသင့်သွားရသည်။ နောက်တစ်ခါ မော့ကြည့်လိုက်သောအခါ ကျီယွီကျင်းက လင်ယင် ထွက်သွားသောဘက်ကို အလျင်အမြန် ပြေးသွားသည်ကို တွေ့လိုက်ရသည်။
လီယွီ: “??”
သူ အစပိုင်းမှာ မတုံ့ပြန်နိုင်သေးသော်လည်း နောက်ပိုင်းမှာတော့ သူ့မျက်နှာအမူအရာ ပြောင်းသွားရသည်။
“စောက်ကျိုးနည်းငတုံး... ကျီယွီကျင်း၊ မင်းက ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားနေတာလား၊ ဘာလို့ အဲ့ဒီဘက်ကို ပြေးသွားရတာလဲ...”
မိန်းမစိုးတစ်ယောက်ကို ကယ်ဖို့အတွက်နဲ့ အလျင်စလို သူ့နောက်ကို ပြေးလိုက်သွားရတယ်ပေါ့...ကျီယွီကျင်းတစ်ယောက် ဘယ်တုန်းက ဒီလောက် ကြင်နာသနားတတ်သွားတာလဲ... လီယွီ နားမလည်နိုင်တော့ပေ။ သူ အံကြိတ်ရင်း တွေးလိုက်သည်။ ဒီအရိုင်းအစိုင်းကောင်၊ ဘာတွေဖြစ်နေတာလဲ...
လီယွီ၏အော်သံကို ကြားမှ ကျောက်လင်သည် သတိပြန်ဝင်လာရသည်။ သူက ဒဏ်ရာရနေသောခြေထောက်ကို လက်နှစ်ဖက်နှင့် ကိုင်ပြီး လင်ယင် ထွက်ပြေးသွားသည့်ဘက်ကို စိုက်ကြည့်နေသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး “လင်ယင်...” ဟု တီးတိုးရွတ်လိုက်သည်။
လီယွီ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ဘေးက အကြီးအကဲကို အသံတိုးတိုးဖြင့် “ခင်ဗျားရဲ့ ရှီချန်အုပ်ချုပ်ရေးမှူးက ထွက်ပြေးသွားပြီ၊ ဘာလို့ သွားမကူညီတာလဲ၊ ကျွန်တော် ဒီဘက်ကိစ္စကို ဖြေရှင်းလိုက်မယ် ပြီးမှ စခန်းကို ပြန်ပြီး သတင်းပို့လိုက်မယ်” ဟု ပြော၏။
“ဟုတ်ကဲ့ပါ ကျေးဇူးပါ၊ ချန်းဟုအရှင်"
ရှီချန်ရဲ့လက်အောက်ငယ်သားများက ကျီယွီကျင်းနောက်ကို တညီတညွတ်တည်း လိုက်သွားကြသည်။
ကျီယွီကျင်း ထွက်ပြေးသွားသော်လည်း လီယွီသည် ထွက်ပြေး၍မရပေ။ သူ စိတ်ထဲကနေ အနည်းငယ် ဆဲဆိုလိုက်သည်။ ထိုသူက ထွက်သွားပြီဖြစ်၍ ကျန်တာဝန်များကို သူပဲလုပ်ရတော့မည်ဖြစ်သည်။
သူ ကြောက်ရွံ့နေသော ဧကရာဇ်ဆီသို့ လျှောက်သွားပြီး အရိုအသေပေးကာ ပြောလိုက်သည် “ကာကွယ်ရေးတပ်ရဲ့တပ်မှူးဖြစ်တဲ့ လီယွီက စောင့်ရှောက်ရမယ့် တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ခဲ့ပါဘူး အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ”
အသက်ကြီးနေပြီဖြစ်သော ဧကရာဇ်မင်းကို လူတစ်ခုက ဖေးမထားရသည်။ သူ၏ဖြူဖျော့နေပြီဖြစ်သောမျက်နှာက ပိုလို့ပင် ဖြူဖျော့သွားသည်။ သံချပ်ကာပင် သူ့ကို မထောက်ပံ့နိုင်တော့သယောင်။ သူ အနည်းငယ် ရှက်ရွံ့နေပုံရသည်။ ခေါင်းကိုက်နေသည့်အတွက် မျက်လုံးများကို မှိတ်ထားလျက်။ သူ၏မှုန်မှိုင်းနေသောမျက်လုံးများက ယခုထိ ခန့်ညားထည်ဝါနေဆဲပင်။
“ထတော့... ဘယ်သူက သားရဲကို ရန်သွားစတယ်ဆိုတာ သွားရှာလာခဲ့”
လီယွီ မျက်လုံးများကို တဖျတ်ဖျတ် ခတ်လိုက်သည်။
“ဒီငယ်သား အရှင်မင်းကြီးရဲ့ အမိန့်ကို လိုက်နာပါ့မယ်”
သူ ခဏရပ်ပြီး ဆက်ပြောလိုက်သည်။
“တောရိုင်းသားရဲတွေ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်မှာကို စိုးရိမ်လို့ ကျွန်တော်မျိုး အရှင်မင်းကြီးကို အမြန်ဆုံး စခန်းရွှေ့ဖို့ တောင်းဆိုပါတယ်”
ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ ဤကိစ္စကြောင့် ကြောက်လန့်သွားရကာ အမဲလိုက်ရန် စိတ်မပါတော့ပေ။ သူ မေးလိုက်သည် “ခုနက ကျားဖြူကို ဘယ်သူ ဦးဆောင်ခေါ်သွားတာလဲ”
ခေါင်းတွင် ဆံပင်ဖြူအချို့ရှိသော ဧကရာဇ်ဘေးမှ မိန်းမစိုးက လားရာအတိုင်း တစ်ချက်ကြည့်လိုက်ပြီး ပုံမှန်လူများထက် ပိုသေးသောအသံနှင့် ပြောလိုက်သည် “အရှင်မင်းကြီးကို လျှောက်တင်ပြပါတယ် အဲ့ဒါက ချီလင်နန်းတော်က နမော်နမဲ့နိုင်တဲ့ မိန်းမစိုးတစ်ယောက် ဖြစ်လိမ့်မယ်။ သတ္တမမင်းသားနဲ့ ရင်းနှီးတဲ့သူတစ်ယောက် ဖြစ်ပုံရတယ်”
ဧကရာဇ်သည် သူ့မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး နှင်းထဲ၌ ထိုင်နေသော သတ္တမမင်းသား ကျောက်လင်ကို ကြည့်လိုက်သည်။ ကျောက်လင်အား လူတစ်ခုက ဝန်းရံထားပြီး သူ၏ခြေထောက်မှ နှင်းပေါ်သို့ တစက်စက် ကျနေသောသွေးများကို ထင်းလင်းစွာ မြင်နေရသည်။ သူ လက်ဝှေ့ယမ်းပြီး “နန်းတွင်းသမားတော်ကို သူ့ကို သွားကြည့်ခိုင်းလိုက်။ ဒဏ်ရာပြင်းထန်ရင် နန်းတော်ကို ပြန်ပို့လိုက်” ဟု ပြောလိုက်သည်။
ဧကရာဇ်၏ဘေးရှိ မိန်းမစိုးသည် ခေါင်းညိတ်ပြီး “ဟုတ်ကဲ့ပါ” ဟု ပြန်ဖြေလိုက်သည်။
ဧကရာဇ်အိုကြီးသည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည် “ကျီယွီကျင်း ဘယ်မှာလဲ...”
လူအများကြီးရှိပြီး ဆူညံနေသည့်အတွက် ဧကရာဇ်သည် လီယွီ၏အသံကို မကြားခဲ့ရသလို ကျီယွီကျင်းသည် သားရဲနောက်သို့ လိုက်သွားသည်ကိုလည်း သတိမထားမိခဲ့ပေ။
လီယွီ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည် “ရှီချန်ရဲ့အုပ်ချုပ်ရေးမှူး ကျီယွီကျင်းက သားရဲ တောင်ပေါ်ကနေဆင်းပြီး လူတွေကို ဒုက္ခမပေးနိုင်အောင် ကာကွယ်ဖို့ ကြိုးစားနေတာပါ။ သူ သားရဲကို နှိမ်နင်းဖို့ ထွက်သွားပါတယ်။ သူ့ကို ကူညီဖို့အတွက် အင်အားဖြည့်တင်းထားတဲ့ တပ်ကို စေလွှတ်ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်”
သူ့စကားများကို ကြားရသောအခါ ဧကရာဇ်အိုကြီးသည် ခေတ္တမျှ တိတ်ဆိတ် ငြိမ်သက်နေသည်။ သူ ဘာကို တွေးနေမှန်း မည်သူမျှ မသိကြပေ။ မူလက ဆူညံလျက်ရှိသော နေရာသည် ချက်ချင်း တိတ်ဆိတ်သွားရသည်။ လီယွီ မြေပြင်ပေါ်တွင် ဒူးထောက်နေရင်း သူ့နဖူးမှ ချွေးအေးတစ်စက်က လျှောကျလာသည်။
ခွေးကောင်ကျီ၊ ခွေးကောင်ကျီ။ မင်း ဒီတစ်ခါ ဒီသခင်လေးကို အကြီးအကျယ် ဒုက္ခပေးခဲ့တာပဲ...
ဤအကြောင်းပြချက်သည် ပေါ့ပေါ့တန်တန် ပြောဆိုရပါက ဆင်ခြေတစ်ခုသာ ဖြစ်၏။ ပို၍ ပြင်းပြင်းထန်ထန် ပြောဆိုရပါက ဧကရာဇ်မင်းကို လှည့်ဖြားခြင်းဟူသော ရာဇဝတ်မှုတစ်ခု ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ဧကရာဇ်က ဖြေးညှင်းစွာ ပြောလိုက်သည်။
“ကောင်းပြီ၊ ဗိုလ်ချုပ်ကျောရိကို ကျီယွီကျင်း ကျားကို နှိမ်နင်းဖို့ ကူညီခိုင်းလိုက်။ သူ အောင်မြင်ခဲ့ရင် ဒါကကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လိမ့်မယ်”
“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”
လီယွီ ထရပ်လိုက်ပြီး သူ့နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ အမှန်တွင်တော့ အသက်ကြီးရင့်နေပြီဖြစ်သော ဧကရာဇ်မင်းရှေ့တွင် ကျီယွီကျင်းသည် ဘာကြောင့် မိုက်မဲရဲသည်ကို သူ နားမလည်ခဲ့ချေ။ ဤလူသည် အောက်ခြေမသိနိုင်သော မြေခွေးအိုကြီး တစ်ကောင် ဖြစ်သည်။ သူ့ကို ရင်ဆိုင်ရတိုင်း သူ ဘာတွေးနေသည်ကို မသိခဲ့ရပေ။ သို့ပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် ရှီချန်၏ ရဲမက်တို့သည် ဧကရာဇ်၏စကားကိုသာ နာခံကြသည်။ တစ်နည်းအားဖြင့် သူတို့သည် ဧကရာဇ်၏လူများ ဖြစ်ကြပြီး သူ့ကို ရင်ဆိုင်ရန် ဂရုစိုက်စရာ မလိုဟု ဆိုနိုင်သည်။
လူအုပ်စုသည် အလျင်အမြန် ရွေ့လျားလာကြပြီး တခဏအတွင်းပင် အခြေစိုက်စခန်းသို့ ပြန်ရန် လမ်းပေါ်သို့ ရောက်ရှိနေကြပြီ။ သို့သော် သူတို့သည် ကျားဖြူနှင့် ထပ်မံတွေ့ဆုံခြင်းမှ ရှောင်ရှားရန် လမ်းကို ကွေ့ပတ်သွားရသည်။ လူတိုင်းက သူတို့၏အသက်များကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ကြပြီး အလွန်မြန်သော အရှိန်ဖြင့် ထွက်ပြေးသွားကြသည်။
အခြားတစ်ဖက်တွင် လင်ယင်သည် မြင်းပေါ်မှ အကြိမ်ကြိမ် လဲကျလုနီးပါး ဖြစ်ခဲ့ရသည်။ သူက ငယ်စဉ်ကတည်းက သူ့၏မူလအမြစ်များကို ဖြတ်တောက်ခံခဲ့ရပြီး နန်းတော်ထဲသို့ ပစ်ချခြင်းခံခဲ့ရသည်။ ထိုနန်းတော်ထဲတွင် လူများက ဘာအရိုးမှ မကျန်အောင် စားကြသည်ကို သူသိခဲ့ရသည်။ သူ မြင်းစီးနည်းကို တစ်ခါမျှ မသင်ယူခဲ့ဖူးပေ။ သေရေးရှင်ရေး အရေးကြီးသောအချိန်တွင် တင်းတင်းဆွဲထားသော ကြိုးကို အားကိုးပြီး ဤနေရာသို့ ပြေးလာခဲ့ခြင်း ဖြစ်သည်။ သူ၏လက်များသည် မြင်းဇက်ကြိုးကြောင့် အလွန်နာကျင်နေပြီး သူ၏ပေါင်များလည်း ပွန်းပဲ့နေကာ သူ ဆက်မခံစားနိုင်တော့ပေ။
“မဖြစ်သေးဘူး၊ ဒါက မလုံလောက်သေးဘူး။ ငါ့ရဲ့သခင် လွတ်မြောက်နိုင်အောင် ပို ဝေးဝေး ပြေးမှရမယ်” ဟု တွေး၏။
လင်ယင် သူ၏နှုတ်ခမ်းကို ကိုက်လျက် မြင်း၏တင်ပါးကို ကြိမ်ဖြင့် ပြင်းထန်စွာ ရိုက်လိုက်သည်။ မြင်းသည် နာကျင်ခြင်းကို ခံစားရပြီး အလျင်အမြန် ပြေးတော့သည်။ သူ အစွမ်းကုန် ကြိုးစားနေသော်လည်း ဆက်လက်၍ ကောင်းမွန်စွာ မထိုင်နိုင်တော့ပေ။ သို့သော်ငြား အရှိန်သည်ကား မလုံလောက်သေးပေ။ သူ့နောက်မှ လိုက်နေသော ကျားဖြူ၏ပါးစပ်မှ ငါးညှီနံ့နှင့် အပုပ်နံ့များကိုပင် သူ ရနေသည်။ ကျားဖြူ၏ဒေါသထွက်နေသော ဟိန်းသံကိုလည်း သူ့နားထဲတွင် ကြားနေရသည်။
“ငါ သေတော့မှာပဲ” ဟု သူ တွေးလိုက်သည်။
သူ၏လက်မောင်းများထဲမှ ကျားဖြူလေးသည် အသံတိုးတိုးဖြင့် ငိုသံပေးပြီး သူ၏အင်္ကျီလက်ကို ဆွဲဖြဲလေသည်။ သို့သော် သူ၏သွားများက မပေါက်သေးသောကြောင့် အချိန်အကြာကြီး ဆွဲဖြဲပြီးနောက်၌ သူ၏အင်္ကျီလက်များသည် မပြဲဘဲ တံတွေးများနှင့်သာ စိုရွှဲနေတော့သည်။
သူက ငယ်ငယ်ကတည်းက နန်းတော်ထဲသို့ ရောက်ရှိလာပြီး နန်းတော်ထဲ၌ ကြီးပြင်းလာခဲ့ရသည်။ သူ နန်းတော်ထဲသို့ ဝင်သည့်အချိန်တုန်းက အလွန်ငယ်သေးသောကြောင့် မကြာခဏ အနိုင်ကျင့်ခံခဲ့ရသည်။ အစားအသောက်နှင့် အဝတ်အစားများ မကောင်းရုံသာမက ညစ်ပတ်ပြီး ပင်ပန်းသော အလုပ်များအားလုံးကလည်း သူ့အပေါ် ကျရောက်လာခဲ့သည်။ သူက ယခင်တည်းက အားနည်းသောကြောင့် နန်းတော်ထဲဝင်ပြီး သိပ်မကြာခင်မှာပင် ပြင်းပြင်းထန်ထန် ဖျားနာခဲ့တော့သည်။
သူ မူးမေ့ပြီး အိပ်ရာထဲ လဲနေစဉ် သူ့ကို ခေါ်လာသော မိန်းမစိုးက သူ့ကို ဖျာနှင့်ပတ်၍ လူသေအလောင်းပုံထဲသို့ ပစ်ချမည်ဟု ပြောသည်ကို ဝိုးတဝါး ကြားခဲ့ရသည်။ ထိုအရာကြောင့် သူ အိပ်မက်ထဲ၌ပင် ငိုယိုအော်ဟစ်ခဲ့သည်။ လူသေအလောင်းပုံထဲသို့ ပစ်ချခံရသူများက တောခွေးများ၏ စားသောက်ခြင်းခံရပြီး သူတို့၏ကိုယ်ခန္ဓာများက လုံးဝ ပျက်စီးသွားကာ မည်သည့်အခါမျှ ပြန်လည်မွေးဖွားနိုင်တော့မည် မဟုတ်ဟု သူ ကြားဖူးသည်။
သူ ထိုအရာမျိုးကို မလိုချင်ခဲ့ချေ။ သူ နောက်ဘဝ၌ တော်ဝင်မျိုးရိုးတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလိုခဲ့သည်။ သူ ကျွန်တစ်ယောက်အဖြစ် ထာဝရ ကျိန်စာသင့်နေခြင်းကို ဘယ်တုန်းကမှ မလိုချင်ခဲ့ပေ။
ထိုသို့ဖြစ်ရာ နောက်တစ်နေ့တွင် သူ့ကိုယ်သူ အတင်းအကျပ် ထစေခဲ့သည်။ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် အလွန် ပူနေခဲ့သည်။ ထိုမိန်းမစိုးပင်လျှင် သူ့ကို ထိုအခြေအနေနှင့် ထနိုင်မည်ဟု မထင်ထားသည့်အတွက် သူ့ကို ထူးဆန်းစွာ ကြည့်လာခဲ့သည်။
ဒါက ဘာမှမဟုတ်ဘူး... သူ သရော်လိုက်သည်။ သူ ဘယ်လောက်တောင် ရှင်သန်လိုသည်ကို မည်သူမျှ မသိကြပေ။ ရှင်သန်ပြီးလျှင်လည်း သူ လိုချင်သောဘဝကို နေထိုင်လိုသည်။ သူ့ကို အနိုင်ကျင့်ခဲ့သူများကို တစ်ယောက်ပြီးတစ်ယောက် နင်းချေလို၏။ သူတို့က သူ့ကို အထင်သေးပြီး တိုက်ခိုက်ခဲ့သည့်အတွက် သူတို့ကို နောင်တရစေချင်သည်။
သူ အဖျားတက်ပြီး သတိမေ့မတတ်ဖြစ်နေသောအခါများတွင် သူ၏မျက်နှာကို ရေအေးနှင့် ဆေးကြောပြီး စိတ်ကြည်အောင်လုပ်ကာ ဆက်လက် အလုပ်လုပ်ခဲ့သည်။ သူ မူးမေ့လဲကျခါနီးအထိ ဖြစ်သောအခါ မြေပြင်ပေါ်၌ ခဏထိုင်ပြီး သတိပြန်ဝင်လာသောအခါ ဆက်လက်အလုပ်လုပ်ခဲ့သည်။
နွေရာသီ နေ့လယ်များသည် အမြဲ ပူအိုက်ပြီး စိုထိုင်းနေတတ်သည်။ သူ၏ ညစ်ပတ်နေသော မိန်းမစိုးဝတ်စုံသည် ချွေးများဖြင့် စိုရွှဲနေပြီး သူ့ခန္ဓာကိုယ်ကို ကပ်နေသည်။ သူ့တစ်ကိုယ်လုံး ချွေးနံ့နံနေပြီး တုန်ယင်လျက် ထိုနေရာ၌ ဒူးထောက်နေခဲ့သည်။ သူတို့ အဘယ်ကြောင့် ထိုနေရာ၌ ဒူးထောက်နေရသည်ကို သူ မသိသော်လည်း သူသည် ကြောက်၍ တုန်နေခြင်း မဟုတ်ဘဲ သူ၏ကိုယ်ခန္ဓာက သူ့ကိုယ်သူ မထောက်ပံ့နိုင်တော့သည့်အတွက် တုန်နေခြင်းပင်။
ထိုအချိန်၌ သူ ကျောက်လင်ကို တွေ့လိုက်ရသည်။ ကျောက်လင်က သူ့ဆီသို့ လျှောက်လာပြီး ဒူးထောက်ထိုင်ကာ သူ၏နှာခေါင်းကို လက်နှင့်ပိတ်ထား၏။ စိတ်ပျက်သောအရိပ်အယောင်တစ်ခု သူ့မျက်လုံးများထဲ၌ လင်းလက်သွားသည်။ သူက လင်ယင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည် “ချောတဲ့လူဆိုလို့ သူ တစ်ယောက်တည်း ရှိတယ်၊ အဲ့ဒါကြောင့် သူ့ကိုပဲ ရွေးလိုက်မယ်”
ရုတ်တရက် ပတ်ပတ်လည်၌ မနာလိုသော အသံများ ထွက်ပေါ်လာရသည်။ သူ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ လူတိုင်းက သူ့ကို မနာလိုသောအကြည့်များနှင့် ကြည့်နေကြသည်။ သူ့ကို လူသေအလောင်းပုံထဲသို့ ပစ်ချမည်ဟု ပြောဆိုခဲ့သော မိန်းမစိုး၏မျက်လုံးများထဲ၌ ထိတ်လန့်မှုတို့ ထင်ဟပ်လာရသည်။
ဘာတွေဖြစ်နေသည်ကို သူ မသိသော်လည်း ဤအရာက ကောင်းမွန်သောအရာ ဖြစ်သည်ကိုတော့ သူ သိလိုက်သည်။ သူ့လက်များ တုန်ယင်နေခြင်းကို မထိန်းချုပ်နိုင်တော့ပေ။ သူ၏မျက်လုံးများကား အလွန်ဝမ်းသာအားရ ဖြစ်နေတော့သည်။
ဆက်ပြီး ရှင်သန်... ပြီးရင် အထက်တန်းလွှာလူတစ်ယောက် ဖြစ်အောင်လုပ်...ကြည့်လေ...အလှည့်အပြောင်းက ရောက်လာပြီမဟုတ်လား...
သူ ဖြည်းဖြည်းချင်း မျက်လုံးများကို မြှင့်လိုက်သည်။ သူ၏မျက်လုံးထဲ၌ မြင်နေရသည်ကား သခင်မလေးတစ်ပါးထက်ပင် ပို၍ လှပသော မင်းသားတစ်ပါးဖြစ်သည်။ နေ့လယ်ခင်းနေရောင်က အမြဲတမ်း ပူနွေးနေလျက်။ နေရောင်ခြည်က သလဲပင်ကို ဖြတ်လျက် မင်းသားလေး၏ ဆံပင်ပေါ်သို့ အနည်းငယ် ဖြာကျနေသည်။ သူ့ကို အလင်းရောင်များဖြင့် လွှမ်းခြုံထားသည့်နှယ်။ သူ တစ်ခဏမျှ အံ့အားသင့်သွားပြီး သူ့ကို ဗလာသက်သက် အကြည့်တို့ဖြင့် စိုက်ကြည့်နေသည်။ ထိုအချိန်၌ သူ နန်းတော်ထဲသို့ ရောက်လာသည်မှာ သုံးလသာ ရှိသေးပြီး ချီလင်နန်းတော်၌ သုံးလနေပြီးမှ သူ၏သခင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ကျောက်လင်က မျက်မှောင်ကြုတ်လျက် နူးညံ့သော်လည်း အာဏာရှိသောလေသံဖြင့် ပြောလိုက်သည် “မင်းက ဒီမင်းသားကို စိုက်ကြည့်ဝံ့တယ်ပေါ့... မင်း ငါ့ရဲ့မိန်းမစိုး မဖြစ်ချင်ဘူးလား...”
လင်ယင် ထိတ်လန့်သွားပြီး ခေါင်းကို အမြန်ငုံ့လိုက်သည်။
“ကျွန်... ကျွန်တော်မျိုး သဘောတူပါတယ်”
သူ ရှက်ရွံ့စွာဖြင့် အနည်းငယ် နောက်ဆုတ်လိုက်သည်။ ဤကဲ့သို့ လှပသောသူတစ်ယောက်နှင့် အတူရှိနေသောအခါ သူ၏တည်ရှိမှုက ဤမြင့်မြတ်သောသူကို ညစ်ညမ်းစေလိမ့်မည်ဟု သူ အမြဲ ခံစားရခဲ့ရသည်။ ဤမျှ လှပပြီး မြင့်မြတ်သောသူကို ထာဝရ သန့်ရှင်းနေစေပြီး မည်သူမျှ မထိနိုင်စေရန် လှောင်အိမ်ထဲ၌ သော့ခတ်ထားသင့်သည်ဟု သူ တွေးမိသည်။
ထိုအချိန်၌ သူ ဘယ်လို မျိုးစေ့မျိုးကို စိုက်ပျိုးခဲ့သည်ကို သူ မသိသေးပေ။ သူ့ဒေါသများ လွတ်ထွက်သွားခြင်းကိုသာ ခံစားခဲ့ရပြီး ပထမဆုံးအကြိမ်အဖြစ် မနာလိုခြင်းဟုသော ခံစားချက်ကို ခံစားခဲ့ရသည်။ ဤအရာအားလုံးက သူ၏ရှေ့မှ လှပသော မင်းသားလေးကြောင့်သာ။
နောက်ပိုင်းတွင် သူသည် ထိုသူ၏သီးသန့်မိန်းမစိုး ဖြစ်လာခဲ့ရသည်။ နေ့တိုင်း ထိုသူ့ကို အဝတ်အစားလဲခြင်းနှင့် ရေချိုးခြင်းတို့ကို ကူညီပေးရသည်။ သန့်ရှင်းသပ်ရပ်သော ခြေထောက်တစ်စုံ၊ ပါးလျလျလည်ပင်း၊ ခပ်သွယ်သွယ်ခါးနှင့် နီရဲသောနှုတ်ခမ်းတို့ကို သူ နေ့တိုင်း မြင်တွေ့ခဲ့ရသည်။
သူ၏အပြုအမူများက ဖြည်းဖြည်းချင်း ပြောင်းလဲလာရသည်။
သူ နေ့တိုင်း အိပ်မက်တစ်ခုတည်းကို မက်လာရသည်။ အိပ်မက်ထဲ၌ သူ့ကိုယ်အောက်တွင် လူတစ်ယောက် ရှိနေပြီး ထိုလူက တိုးတိုးလေး ရှိုက်နေသည်။ အသံသည် သူ အလှမ်းမမီသော မင်းသား၏အသံနှင့် အတိအကျ တူညီနေသည်။
သူ့ကိုယ်သူ ဆင်ခြင်တုံတရားမရှိဟု သူ ခံစားခဲ့ရသည်။ သူ့လို မိန်းမစိုးတစ်ယောက်က ဘယ်လိုလုပ် မင်းသားတစ်ပါးနဲ့ ထိုက်တန်မှာလဲ... သူ့ကိုယ်သူ နှစ်ချက် ပုတ်ရိုက်လိုက်ပြီး ထိတ်လန့်မှုနှင့် ရှုပ်ထွေးမှုများဖြင့် ဤကိစ္စကို သူ၏စိတ်နှလုံးထဲ၌ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိုက်သည်။
သို့သော် သူ အသန့်ရှင်းဆုံးဟု ထင်ခဲ့သောသူသည် ညတိုင်း အိပ်ခန်းထဲတွင် အမျိုးသမီးများ တစ်ယောက်ပြီး တစ်ယောက်နှင့် ပျော်ပွဲရွှင်ပွဲများ လုပ်လာခဲ့သည်။
မူလက သူ ဖုံးကွယ်ထားခဲ့သော အရာများက တဖြည်းဖြည်းချင်း ပြန်လည်ပေါ်လာခဲ့သည်။ သူတို့ ချစ်ကြည်နူးပြီးတိုင်း အိပ်ရာကို ပြုပြင်ပေးရန် သွားသည့်အခါများတွင် ညှီစို့စို့ စန္ဒကူးရနံ့များကို ရလိုက်သောအခါ သူ၏မျက်လုံးများက တဖြည်းဖြည်းချင်း မှောင်မိုက်လာရသည်။ သခင်ရယ်၊ ခင်ဗျားက ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူးဆိုမှတော့ ဒီအစေခံ အကြာကြီး တောင့်တခဲ့ရတဲ့ဆန္ဒကို ဖြည့်ဆည်းခွင့်ပေးပါလား...
ဒီအစေခံက သခင့်ကို အချစ်ဆုံးပဲ...
သူ နှစ်နှစ်နီးပါး ပြင်ဆင်ခဲ့ပြီး နောက်ဆုံး၌ အခွင့်အရေး ရရှိခဲ့သည်။ သူ၏လက်မောင်းများထဲ၌ ရှိုက်နေသောသူကို ကြည့်ပြီး လင်ယင် ရူးသွပ်နေမိသည်၊ သို့မဟုတ် သူသည် မွေးကတည်းကပင် ရူးသွပ်နေသောသူ တစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဤသည်ကား ပထမဆုံးအကြိမ်အဖြစ် သူ၏အမြစ်များကို ဖြတ်တောက်ခဲ့ခြင်းအတွက် နောင်တရခြင်းပင်။
သို့သော် နောက်တစ်နေ့တွင် မူးယစ်ဆေး၏ အာနိသင် ထွက်သွားသောအခါ သူ၏သခင်သည် ဤကိစ္စကို မေ့သွားပြီး အရာအားလုံးက ယခင်အတိုင်း ပြန်ဖြစ်သွားသည်။ ဤသည်က သူ့ဘဝတွင် မက်ခဲ့ဖူးသည့် အလှဆုံးသော အိပ်မက်တစ်ခုနှယ်။
တစ်ခါတစ်ရံ သူ ကျီယွီကျင်းကို တကယ်ပင် မနာလိုဖြစ်ခဲ့ရသည်။ သူသည် ကျီယွီကျင်း၏မျက်လုံးထဲ၌ ပျော်ရွှင်မှုများကို မြင်တွေ့ခဲ့ရသည်။ သို့သော် သူတို့ကိုယ်တိုင် သတိထားမိခဲ့ကြလားဆိုတာကိုတော့ သူ မသိပေ။ သူတို့နှစ်ယောက်စလုံးက မိန်းမစိုးတွေ ဖြစ်နေပေမယ့် ဘာလို့ ဒီလောက် ကွာခြားနေတာလဲ... သူ ဘယ်လိုလုပ်ရင် အဲ့လူလို လွတ်လွတ်လပ်လပ် နေထိုင်နိုင်မှာလဲ... သူ ဘယ်လိုလုပ်ရင် သူ ချစ်တဲ့သူနဲ့ အတူတူ ရှိနေနိုင်မှာလဲ...
ဘုရားသခင်က တော်တော်မတရားဘူး...
ထားလိုက်ပါတော့...ဘာပဲဖြစ်ဖြစ် သခင့်အတွက် စိတ်မကောင်းဖြစ်ရတယ်...ဒါပေမဲ့ ငါ့ရဲ့ဘဝက ထိုက်တန်ပါတယ်... တကယ်ပဲ ငါ့သခင်အတွက် အသက်ပေးနိုင်မယ်ဆိုရင် ဒါက ငါ့အတွက် ဂုဏ်အယူရဆုံး ဆုလဒ်ပဲ... လင်ယင် သူ၏နှုတ်ခမ်းများကို ကွေးညွှတ်ပြီး မြင်းပေါ်မှ “ကျောက်လင်” ဟု ထိုသူ၏နာမည်ကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။
ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူ ထိုသူ၏ နာမည်ကို ခေါ်ဆိုဖူးခြင်းပင်။
ကျီယွီကျင်း၏မြင်းကို ရှေ့တွင် ထားခဲ့သောကြောင့် သူ၏ခြေထောက်များကိုသာ အားကိုးရသည်။ သူသည် သွားရာအရပ်ကို စစ်ဆေးရန်အတွက် သစ်ပင်ထိပ်သို့ ခုန်တက်လိုက်သည်။ လင်ယင်းသည် ချူဖုန်းချင် သွားခဲ့သောလမ်းကို ပြေးသွားသည်ကို သူ မြင်လိုက်ရသည်။
သူ အံကြိတ်ထားသည်မှာ ပြင်းလွန်းသောကြောင့် သူ့သွားများပင် ကျိုးမတတ် ဖြစ်သွားရသည်။ ချူဖုန်းချင်၏ဘေးတွင် ချင်နျောင် ရှိနေသော်လည်း ကျားဖြူသည် လူတစ်ယောက်တည်း နှိမ်နင်းနိုင်သောအရာ မဟုတ်ပေ။ ချူဖုန်းချင်၏ ခန္ဓာကိုယ်ကို ကျားဖြူက လက်တစ်ဖက်တည်းနှင့် ပုတ်၍ပင် လွင့်ပျံသွားအောင် လုပ်နိုင်သည်။
ချင်နျောင်သည်လည်း တစ်ခုခု မှားနေသည်ကို သတိထားမိသွားသည်။ သူ့ဘေးမှ သစ်ပင်ပေါ်သို့ လက်တင်လိုက်သည်။ သစ်ပင်၏အနည်းငယ် တုန်ခါမှုက သူ့ကို မျက်မှောင်ကြုတ်စေသည်။
“သခင်မ၊ ခဏစောင့်ပါဦး”
သူတို့နှစ်ဦး နောက်ကို ကြည့်လိုက်သောအခါ မြင်းစီးလျက် သူတို့ဆီသို့ အရှိန်နှင့် ပြေးလာသောလူတစ်ယောက်ကို တွေ့လိုက်ရသည်။
မြင်း၏ခွာသည် ကျောက်တုံးပေါ် နင်းမိပြီး ရုတ်တရက် ချော်လဲသွားရသည်။ လင်ယင် ဆုပ်ကိုင်ထားသည့်အရာက လွှတ်ကျပြီး လဲကျသွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျသွားရသည်။ မြင်းသည်လည်း အင်အားနှစ်ခု၏ ဆွဲအားကြောင့် ဒူးထောက်လဲကျသွားသည်။
လင်ယင်သည် ချူဖုန်းချင်နှင့် မလှမ်းမကမ်း၌ လဲကျသွားသည်။ သူ၏ကိုယ်ခန္ဓာသည် တွန့်လိမ်နေပြီး သူသည် ပါးစပ်မှ သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။ သူ၏ရင်ဘတ်က နာကျင်မှုကြောင့် သူ မထနိုင်တော့ချေ။ သူ၏ရင်ဘတ်ကို လက်နှင့်တို့ကြည့်သောအခါ နံရိုးအချို့ ကျိုးသွားပုံရပြီး သူ့ကိုယ်ခန္ဓာတစ်ခုလုံး အလွန်နာကျင်နေသည်။
သူ၏မျက်လုံးများက ကောင်းကင်တစ်ခွင်ကို မော့ကြည့်လိုက်သည်။ ဒီလောက်ဆို လုံလောက်ပြီ ထင်တယ်...
ချူဖုန်းချင်က ထိုသူ၏ရုပ်ရည်သွင်ပြင်အပေါ် မည်သည့် ထင်မြင်ချက်မျှ မရှိပေ။ သို့သော် ထိုသူက မိန်းမစိုးဝတ်စုံ ဝတ်ထားသည်ကို တွေ့သောအခါ ထိုသူ့ဆီသို့ လျှောက်သွားပြီး လည်ပင်းကို လက်ချောင်းများဖြင့် စမ်းသပ်ကြည့်သောအခါ ထိုသူ အသက်ရှူနေသေးသည်ကို တွေ့လိုက်ရသည်။
သူ၏လက်မောင်းထဲမှ ပုလင်းတစ်လုံးကို ထုတ်ယူပြီး ပုလင်းထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ကာ ထိုသူ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
သူ ထိုလူ၏ဒဏ်ရာများကို စစ်ဆေးရန် အချိန်မရသေးမီ ထိုလူ၏လက်မောင်းများထဲ၌ တစ်ခုခု လှုပ်ရှားနေသည်ကို သူ သတိထားမိလိုက်သည်။ သူ ထိုလူ၏အပေါ်ဝတ်ရုံကို မကြည့်လိုက်သောအခါ ကျားဖြူလေးတစ်ကောင်က ယိုင်နဲ့နဲ့ဖြင့် ထွက်လာလေသည်။
ကျားဖြူလေးက ထိုလူ၏လက်မောင်းများထဲတွင် ရှိနေခဲ့သောကြောင့် မနာကျင်ခဲ့ပေ။ထို့ကြောင့် ၎င်းက အော်လျက် အပြင်သို့ တွားသွားထွက်လာသည်။ ထွက်လာပြီးနောက် သူ၏အမွေးများကို လှုပ်၍ ကိုယ်ပေါ်မှ နှင်းများကို ခါချလိုက်သည်။
ပန်းရောင်နှာခေါင်းလေးသည် ကျားဖြူကြီး၏အနံ့ကို ရရှိလိုက်သကဲ့သို့ တွန့်လိမ်သွားပြီး “အာဝူး၊ အာဝူး” ဟု စတင် ငိုကြွေးတော့သည်။
တစ်ခုခု မှားနေပြီဟု ချူဖုန်းချင်၏စိတ်ထဲ၌ တွေးလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ သူ၏နောက်တွင် ကြီးမားသောသတ္တဝါကြီးတစ်ကောင်က တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ကျားဖြူကြီးလား...
ချူဖုန်းချင်သည် လက်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကျားဖြူပေါက်လေးသည် အနံ့ကို လိုက်၍ မိခင်၏ဘေးသို့ ပြေးသွားလိုက်သည်။ ကျားဖြူကြီးက သားပေါက်လေး၏သားမွေးများကို လျှာနှင့်လျက်ပြီး ကျားဖြူလေးကို သူ့နောက်၌ ကာကွယ်ထားလိုက်သည်။ ထိုအခါမှ သူသည် သူ့ရှေ့မှ လူကို သတိထားမိပြီး သူ၏သွားများကို ဖြဲလျက် ဟိန်းဟောက်တော့သည်။
ချူဖုန်းချင် အနည်းငယ် မျက်မှောင်ကြုတ်သွားရသည်။ ခက်တော့ခက်ပြီ...
ကျားဖြူကြီးသည် မကြာသေးမီကမှ မီးဖွားထားခြင်းဖြစ်ပြီး သူ၏မိခင်ဗီဇ အပြင်းထန်ဆုံးအချိန်၌ပင်။ သူက လူများ၏ အနှောင့်အယှက်ခံရရုံသာမက သားပေါက်ငါးကောင် ရှိသည့်အထဲကမှ တစ်ကောင်သာ ကျန်ရှိတော့သည်။ သဘာဝအားဖြင့် သူသည် မပျော်ရွှင်နေချေ။
သူ လင်ယင်နှင့် ချူဖုန်းချင်ဆီသို့ တစ်လှမ်းချင်းစီ ချဉ်းကပ်လာသည်။
ချင်နျောင်သည် ချူဖုန်းချင်ကို ရှေ့မှနေ၍ ကာကွယ်ပေးလိုက်သည်။ ဤသို့သောအချိန်၌ပင် သူ၏လေသံက တည်ငြိမ်နေလျက်။
“သခင်မ၊ ကျွန်တော် လမ်းပိတ်ထားပေးမယ်၊ ပြေးတော့”
စာရေးသူ၏မှတ်ချက်- လင်ယင်က တကယ်တော့ အရမ်းကို ဝိရောဓိ ဖြစ်တဲ့ လူတစ်ယောက်ပါ။ သူ့စိတ်နှလုံးထဲမှာ သူက အရမ်းကို ရူးသွပ်နေတာ။ သူက ကျောက်လင်ကိုလည်း အရမ်းချစ်တာ။ ဒါပေမယ့် သူ့အချစ်က နည်းနည်း အတ္တဆန်တယ်။ ကျောက်လင်က သူ့ဘဝရဲ့ ပထမဆုံး အလှည့်အပြောင်း ဒါမှမဟုတ် သူ့ဘဝရဲ့ ပထမဆုံးအလင်းရောင်တစ်ခုလို့ ပြောလို့ရတယ်။ ဒီအလင်းရောင်လေးက သူ့ကို တကူးတကကြီးတော့ မဟုတ်ပေမယ့် အကျိုးရှိစေခဲ့တယ်လေ။