Chapter 36
Viewers 2k

အပိုင်း (၃၆)

 

 

ချူဖုန်းချင်: “ဘာဖြစ်တာလဲ”

 

ကျီယွီကျင်း ထိုနေရာကို ကြည့်လိုက်သည်။

 

“တစ်ခုခု မှားနေပြီ။”

 

“ချင်နျောင်!” 

 

ကျီယွီကျင်း ဟင်းလင်းပြင်ထဲသို့ အော်လိုက်သည်။

 

နောက်တစ်ခဏတွင် အနက်ရောင်အစောင့်တစ်ဦးက အမှောင်ထုထဲမှ ထွက်လာလေသည်။သူ၏ခြေထောက်များက မြေပြင်ကိုထိနေသော်လည်း ခြေသံထွက်မလာပေ။ တစ်စုံတစ်ဦးက သူတို့ နောက်မှ လိုက်နေသည်ကို ချူဖုန်းချင် လုံးဝ သတိမထားမိခဲ့ပေ။ သူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

 

“အုပ်ချုပ်ရေးမှုး”

 

ချင်နျောင်က စိတ်ခံစားမှု အတက်အကျမရှိဘဲ လေသံခပ်နိမ့်နိမ့်ဖြင့် ခေါ်လိုက်သည်။

 

ကျီယွီကျင်းက သူ လာရာအရပ်ကို ကြည့်လိုက်ပြီး အန္တရာယ်ရှိမရှိ တိုင်းတာရန် ကြိုးစားနေပုံရသည်။ ခဏအကြာတွင် သူ ချူဖုန်းချင်ကို ကြည့်လိုက်ပြီး “ဧကရာဇ်အိုကြီး တစ်ခုခု ဖြစ်မှာ စိုးရိမ်ရတယ်။ ငါ သွားကြည့်လိုက်ဦးမယ်။ ချင်နျောင်က မင်းကို ပြန်ခေါ်သွားလိမ့်မယ်” ဟု ပြောလိုက်သည်။

 

ချူဖုန်းချင် ခေါင်းညိတ်လိုက်သည်။ သူ့တွင် အင်အားမရှိသောကြောင့် လိုက်သွားပါက ပြဿနာသာ ဖြစ်စေလိမ့်မည်။ 

 

“သတိထားပါ”

 

“အင်း” ကျီယွီကျင်းသည် သူ့အား မြင်းပေါ်မှ၏ ချီပြီး အောက်ချပေးလိုက်သည်။ သူ၏ဖိနပ်များကို တစ်ချက်ကြည့်ပြီး “ကျစ်” ဟု စုတ်သပ်လိုက်သည်။ သူ လမ်းလျှောက်ပြန်ပါက သူ၏ဖိနပ်များ သေချာပေါက် ရေစိုသွားလိမ့်မည်၊ သို့သော် ယခုအချိန်တွင် အခြားနည်းလမ်း မရှိတော့ပေ။

 

“ပြန်ရောက်တာနဲ့ ဖိနပ်ချက်ချင်းလဲလိုက်”

 

ချူဖုန်းချင် အံ့အားသင့်သွားသည်။ ဒီလိုအချိန်မျိုးမှာတောင် ဒီလိုအသေးအမွှားကိစ္စကို သူ တွေးနေသေးတာလား သို့သော် သူ ငြင်းဆန်ခြင်းမပြုဘဲ “ကောင်းပြီ” ဟု ခေါင်းညိတ်ပြလိုက်သည်။

 

“ချင်နျောင်၊ ဒီလူကို အခြေစိုက်စခန်းကို မထိခိုက်စေဘဲ ပြန်ပို့ရမယ်၊ အဲ့လိုမှမဟုတ်ရင်တော့ မင်းရဲ့ခေါင်းကို ငါ့ဆီ ယူလာခဲ့”

 

ချင်နျောင် သူ၏လက်များကို ယှက်တင်လိုက်ပြီး လေးနက်သောလေသံဖြင့် " အမိန့်ကိုနာခံပါ့မယ်” ဟု ပြောလိုက်သည်။

 

ကျီယွီကျင်း သူ၏လက်များကို မြင်း၏ကျောပေါ်သို့ တင်ပြီး မြင်းပေါ်သို့ တက်လိုက်သည်။ သူ၏ ခပ်မြင့်မြင့်စည်းထားသော ဆံပင်က သူ့လှုပ်ရှားမှုများနှင့်အတူ လှုပ်ရှားနေသည်။ သူ၏အနီရောင်အဝတ်အစားများနှင့် အနက်ရောင်မြင်းတို့ကြောင့် သူသည် မည်သည့်နေရာမှလာသည်ကိုမသိသော နတ်ဆိုးတစ်ဦးဖြစ်သည်ဟု ပြောပါက ချဲ့ကားရာမရောက်ပေ။

 

အနှီနတ်ဆိုး၏မျက်လုံးများက မြင်းရှေ့တွင် ရပ်နေသော ဖြူဖျော့ဖျော့မျက်နှာပိုင်ရှင်လေးကို ကြည့်သောအခါမှသာ အနည်းငယ် နူးညံ့သွားရသည်။

 

မြင်းကိုရိုက်သည့်ကြိမ်တံက မြှင့်တက်သွားပြီး အောက်ပြန်ချလိုက်ရာ မြင်းခွာများက နှင်းပေါ်တွင် အသံခပ်အုပ်အုပ် ထွက်လာသည်။ ချူဖုန်းချင် သူ၏ကျောဘက်ကို လိုက်ကြည့်နေပြီး အနည်းငယ် မျက်မှောင်ကြုတ်ထားသည်။

 

ချင်နျောင်: “သခင်မ၊ သွားကြစို့။”

 

ချူဖုန်းချင်: “အင်း”

 

ချင်နျောင်က ချူဖုန်းချင်ကို စောင့်ရင်း ခပ်ဖြေးဖြေးသာ သွားနေသည်။ သူတို့နှစ်ဦး မြန်မြန် မသွားကြပေ။ ချူဖုန်းချင် ကျီယွီကျင်းကို စိတ်ပူနေသောကြောင့် စကားမပြောပေ။ ချင်နျောင်ကလည်း စကားနည်းသောသူဖြစ်သည်။ မင်း သူ့ကို စကားပြောရင်တောင် သူ ပြန်ဖြေချင်မှဖြေတာ...

သူ အရင်ပြောလာဖို့ဆိုတာ မျှော်မနေနဲ့တော့ မဖြစ်နိုင်ဘူး 

 

ထို့ကြောင့် နှင်းများပေါ်တွင် လျှောက်လှမ်းနေသော သူတို့၏ခြေသံများမှအပ အခြားအသံ မရှိပေ။ ချူဖုန်းချင်၏ဖိနပ်များက အလွန်မထူသောကြောင့် လမ်းလျှောက်ပြီး ခဏမျှအကြာတွင် နှင်းများ စိုစွတ်လာရသည်။ နှင်းတောမှ အေးစိမ့်စိမ့်လေများက အဝတ်များကြားမှ စိမ့်ဝင်လာလေသည်။

 

အမှန် တကယ်ပင် အေးလွန်းလှသည်။

 

ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးနောက် သူတို့၏နောက်မှ မြင်းခွာသံကို ကြားလိုက်ရသည်။ ချူဖုန်းချင် လှည့်ကြည့်လိုက်သော်လည်း ဘာကိုမျှ မမြင်ရသေးမီ ဖမ်းဆွဲခံလိုက်ရပြီး မြင်းပေါ်သို့ ဆွဲတင်ခံလိုက်ရသည်။ သူ ရင်းနှီးသောရနံ့ကို ရလိုက်သောအခါ ချူဖုန်းချင်၏ တောင့်တင်းနေသော ကိုယ်ခန္ဓာက ဖြည်းညှင်းစွာ ပြန်တည်ငြိမ်သွားရသည်။

 

ကျီယွီကျင်း၏ပူပြင်းသောအသက်ရှူသံက သူ၏လည်ပင်းပေါ်သို့ ကျရောက်လာ၏။ “ငါ ရှုပ်ထွေးသွားတာ။ အဲဒီ ဧကရာဇ်အိုကြီး တစ်ခုခု ဖြစ်နေပြီ။ စခန်းကလည်း ပျက်ဆီးသွားလောက်ပြီ"

 

ချူဖုန်းချင်သည် ဤပြဿနာကို စဉ်းစားနေခါစပင်ရှိသေးသည်။ ဤအချိန်ကို လုပ်ကြံရန် ရွေးချယ်လိုက်ပါက စခန်းထဲမှ အမျိုးသမီးများ၊ ကလေးများနှင့် အရပ်ဘက်အရာရှိများက သူတို့၏လက်ထဲတွင် အကြီးမားဆုံးသော ဓားစာခံများ ဖြစ်ကြလိမ့်မည်။

 

အစောင့်အများစုက ဧကရာဇ်မင်းကို ကာကွယ်ရန် သွားခဲ့ကြပြီး စစ်ဘက်အရာရှိများလည်း အမဲလိုက်ရန် သွားခဲ့ကြသည်။ စခန်းထဲတွင် အစောင့်အများကြီး မရှိသောကြောင့် သူတို့ ထိန်းချုပ်ရန် လွယ်ကူသည်။

 

လုပ်ကြံသတ်ဖြတ်မှု အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မင်းရဲ့လက်ထဲမှာ ရှိတဲ့ ဓားစာခံတွေများလေလေ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်လေလေပဲ...

 

 

သို့​သော် သူ အခြေစိုက်စခန်းကို မသွားလျှင် ကောင်းလိမ့်မည်။

 

ချူဖုန်းချင်: “ကျွန်မကို အောက်ချပေးပါ၊ ကျွန်မ သစ်တောထဲမှာ နေရဲပါတယ်။ ကျွန်မ ရှင့်ကို မကူညီနိုင်တဲ့အပြင် ရှင်ကတောင် ကျွန်မကို ဂရုစိုက်နေရဦးမယ်။”

 

ကျီယွီကျင်း: “မင်း တုံးလိုက်တာ...သူတို့က ဒီလောက်အကြီးအကျယ် ဆူညံအောင် လုပ်တာလေ၊ သစ်တောထဲကို ဘယ်လိုလုပ် မရှာဘဲ နေမလဲ...စဉ်းစားကြည့်လိုက်တော့ မင်းကို ငါနဲ့အတူထားတာ ပိုကောင်းမယ်ထင်တယ်။ မင်းကို အချိန်တိုင်း စိတ်ပူနေရတာထက်စာရင်ပေါ့။”

 

“စိတ်မပူပါနဲ့၊ ငါ့အသက်က ပြင်းတယ်”

 

အသက်ပြင်းတယ်တဲ့လား...

 

ကျီယွီကျင်းက သဘာဝအတိုင်း ပေါ့ပေါ့ပါးပါး လေသံဖြင့် “ငါ မသေမချင်း ဘယ်သူမှ မင်းကို ထိခိုက်အောင် မလုပ်စေရဘူး၊ ဒါကြောင့် ငါနဲ့အတူနေတာ အကောင်းဆုံးပဲ” ဟု ပြောလိုက်သည်။

 

ချူဖုန်းချင်၏မျက်ဆံများ အနည်းငယ် ကျုံ့သွားပြီး သူ၏ကြည်လင်သောမျက်လုံးများ၌ အံ့အားသင့်မှုအရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ သူ မျက်လုံးများကို မှိတ်လိုက်ပြီး ကျီယွီကျင်းက ကတိတွေ ဘယ်လောက်တောင် ပေးထားခဲ့သည်ကို ကျီယွီကျင်းကိုယ်တိုင်ရော သိရဲ့လားဟု သူ တွေးမိသည်။

 

ဤတစ်ကြိမ်တွင် ချူဖုန်းချင်က ကျီယွီကျင်းကို မျက်နှာချင်းဆိုင်ပြီး မြင်းပေါ်တွင် ပြောင်းပြန်ထိုင်နေသည်။ မြင်းက အလွန်မြန်မြန် ပြေးနေသော်လည်း သူ လေအေးဒဏ်ကို မခံရပေ။ သူ့နောက်က အပေါ်ဝတ်ရုံက လေအေးကို ကောင်းစွာ ကာဆီးပေးထားသည်။

 

သူတို့ အလွန်နီးကပ်နေသောကြောင့် သူ ကျီယွီကျင်း၏ အသံကျယ်ကျယ်ဖြင့် မြန်မြန်ဆန်ဆန် ခုန်နေသော နှလုံးခုန်သံကိုပင် ကြားနိုင်သည်။

 

ကျီယွီကျင်း ကြိုးများကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားလက်တစ်ဖက်က ချူဖုန်းချင်၏ခါးပေါ်တင်ထားကာ သူ့ကို ကာကွယ်ပေးနေသည်။

 

“သေချာထိုင်”

 

ချူဖုန်းချင် လှုပ်လှုပ်ရွရွဖြင့် လက်ကို ဖြည်းညှင်းစွာ  ဆန့်ထုတ်ကာ ကျီယွီကျင်း၏ခါးကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တော့သည်။

 

ကျီယွီကျင်း ခေတ္တတုံ့ဆိုင်းသွားပြီး ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားသည်။ သူ မသိစိတ်ဖြင့် မြင်းကြိုးများကို အားနှင့် ဆွဲလိုက်ရာ မြင်းက  လဲကျမလို ဖြစ်သွားရသည်။ သူသည် ချူဖုန်းချင်ကို ကြည့်ရန် မျက်လုံးများကို နှိမ့်ချလိုက်သော်လည်း ခဏတာမျှသာ ဖြစ်ပြီး ရှေ့သို့ ထပ်မံကြည့်လိုက်သည်။ သူ့မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများ လင်းလက်နေလျက်။

 

ချင်နျောင် သူ့ရှေ့မှ လူနှစ်ဦးကို မျက်နှာအမူအရာမဲ့စွာ ကြည့်ပြီး တိတ်ဆိတ်စွာ နောက်မှ လိုက်လာသည်။

 

သူ ပို၍ နီးလာလေလေ မြေပြင်ပေါ်၌ ရှုပ်ထွေးသောခြေရာများကို သူ ပို၍တွေ့ရှိလေလေ ဖြစ်ပြီး ခြေလှမ်းအနည်းငယ်တိုင်းတွင် အလောင်းများ ရှိနေသည်။ ကျီယွီကျင်း သူတို့ကို ကြည့်လိုက်ရာ လူလုပ်ထားပုံ မရပေ။

 

သူ မြင်းကို ရပ်လိုက်ပြီး ချင်နျောင်လည်း ရောက်လာလေသည်။ သူ အလောင်းကို လှန်လိုက်ပြီး ဒဏ်ရာများကို အနီးကပ် ကြည့်လိုက်သည်။ ဒဏ်ရာများက မညီမညာ၊ ကြီးမား၊ နက်ရှိုင်းပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့သည် ထက်သောဓားကြောင့် ဖြစ်ရသည်နှင့်မတူဘဲ သားရဲကြီးတစ်ချို့က ဆွဲဖြဲထားသော ဒဏ်ရာများနှင့် ပိုတူသည်။

 

ချင်နျောင်: “ဒါက တောရိုင်းတိရစ္ဆာန်တစ်ကောင် လုပ်ထားတာနဲ့ တူတယ်”

 

ကျီယွီကျင်းသည် သူ၏မြင်းရိုက်ကြိမ်တံဖြင့် မြေပြင်သို့ ညွှန်ပြလိုက်ရာ ကြီးမားသော ခြေသည်းရာများစွာကို တွေ့မြင်ရသည်။ “ဒါက လူမဟုတ်တာ သေချာတယ်”

 

“ဒါ လူမဟုတ်ဘူးဆိုရင် လွယ်တယ်။ ချင်နျောင်၊ မင်းနဲ့...” သူ “သခင်မ” ဟူသော စကားလုံးကို မရည်ရွယ်ဘဲ ပြောတော့မလို ဖြစ်သွားသော်လည်း ချူဖုန်းချင်၏မျက်လုံးများနှင့် ဆုံတွေ့လိုက်သောအခါ အခြားဘာမျှ မပြောနိုင်တော့ပေ။ “မင်းတို့နှစ်ယောက် ဒီမှာပဲနေခဲ့။ ငါ သွားကြည့်လိုက်မယ်။”

 

“သူ့ကို ကာကွယ်ပေးထား”

 

ချင်နျောင်: “ဟုတ်ကဲ့ပါ”

 

ထိုသူက ကျီယွီကျင်း သူ့ကို လုပ်ခိုင်းသမျှကို မငြင်းဆန်ဘဲ နာနာခံခံ လုပ်မည်သာ။

 

တောရိုင်းတိရစ္ဆာန်များ၏ ဟိန်းသံကို လူတို့၏ ဖရိုဖရဲ အော်သံများနှင့် ရောနှော၍ ကြားနေရသည်။ “ဧကရာဇ်ကို ကာကွယ်ကြ! ဧကရာဇ်ကို အမြန် ကာကွယ်ကြ...”

 

ကျီယွီကျင်း မျက်မှောင်ကြုတ်လိုက်သည်။ ပုံမှန်အားဖြင့် ဤကြမ်းကြုတ်သော သားရဲများသည် ဆောင်းတွင်းတွင် သူတို့၏လိုဏ်ဂူများမှ ထွက်သည်မှာ ရှား၏။ တစ်စုံတစ်ဦးက အလွန်ပေါ့လျော့ပြီး သူတို့ကို သွားရန်စမိသည်မှာ အသေအချာပင်။

 

ကျီယွီကျင်း: “ချင်နျောင်၊ မင်းတို့တွေ စခန်းကို အရင်ပြန်နှင့်”

 

သူတို့သည် လုပ်ကြံသတ်ဖြတ်သူများမဟုတ်သရွေ့ စခန်းက ပိုလုံခြုံလိမ့်မည်။

 

ချူဖုန်းချင်: “ကျွန်မ ကိုယ့်ဘာသာကိုယ် ပြန်နိုင်ပါတယ်။ ချင်နျောင်ကို ရှင့်ကို ကူညီခိုင်းလိုက်ပါ”

 

ချင်နျောင်က ထူးခြားသော စစ်သည်တော်တစ်ဦးဖြစ်သည်။ တောတောင်များမှ ကြမ်းကြုတ်သော သားရဲများသည် အကောင်းဆုံးတပ်ဖွဲ့ကိုပင် အနိုင်ယူနိုင်ကြောင်း အော်ပရာတစ်ခုတွင် ဖော်ပြထားသည်ကို သူ ကြားဖူးသည်။ ထို့ကြောင့် ကျီယွီကျင်း တစ်ယောက်တည်း သွားပါက အသုံးဝင်မည် မဟုတ်ပေ။

 

 

ကျီယွီကျင်းက သဘောမတူပေ။ 

 

“မင်း လမ်းသိလို့လား”

 

ချူဖုန်းချင် သူ၏နှုတ်ခမ်းများကို စေ့လိုက်သည်။ ကျီယွီကျင်းက သူ့ကို အထင်သေးနေခြင်းကြောင့် မပျော်မရွှင် ဖြစ်နေသည်မှာ သိသိသာသာပင်။ 

 

“ကျွန်မ ဒီနေရာရဲ့ မြေပုံကိုတောင် အမှားမရှိဘဲ ရေးဆွဲပေးနိုင်တယ်”

 

ကျီယွီကျင်း ခဏတာမျှ အံ့အားသင့်သွားပြီးနောက် ချူဖုန်းချင်၏မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားသည်။ သူ အလေးအနက်ထားနေကြောင်း သိသောအခါ သူ အနည်းငယ် မျက်မှောင်ကြုတ်မိသည်။

 

“ခရေစေ့တွင်းကျ မှတ်နိုင်တာလား”

 

ချူဖုန်းချင်၏မျက်ဆံများ အနည်းငယ် ကျုံ့သွားပြီး သူ ပြန်မဖြေ။ ကျီယွီကျင်းက နောက်ထပ် မမေးတော့ဘဲ “ချင်နျောင်၊ သူ့ကို မထိခိုက်အောင် စောင့်ရှောက်ပြီး ပြန်ပို့ပေးလိုက်” ဟူသော စကားတစ်ခွန်းသာ ပြောခဲ့ပြီး မြင်းစီး၍ သားရဲတို့၏ဟိန်းသံကြားရာဆီသို့ ထွက်သွားတော့သည်။

 

ချင်နျောင်: “ဟုတ်”

 

သူသည် လှည့်ပြီး ချူဖုန်းချင်ကို ကြည့်လိုက်၏။ “သခင်မ၊ သွားကြစို့။”

 

ချူဖုန်းချင်: “အင်း”

 

သူ၏ ကျီယွီကျင်းအပေါ် သတိထားမှုသည် ပျောက်ကွယ်သွားပုံရပြီး လျှို့ဝှက်ထားသောအရာများကို ထိုသူက အနည်းငယ် ရန်စလိုက်သည်နှင့် ပြောဆိုနိုင်တော့သည်။ ချူဖုန်းချင် မျက်လုံးများကို မှိတ်လိုက်သည်။ သူ့ပုံစံက အလွန်အမင်း စိတ်အေးလက်အေး ဖြစ်နေသယောင်။

 

အခြားတစ်ဖက်တွင် ကျီယွီကျင်း၏မြင်းက ရည်မှန်းထားသောနေရာသို့ပင် မရောက်မီ ရှေ့သို့ မသွားလိုတော့ဘဲ ဘေးတွင် ရပ်ကာ ဟီးနေသည်။

 

ကျီယွီကျင်း မြင်းပေါ်မှ ခုန်ဆင်းပြီး မြင်း၏ခေါင်းကို ပုတ်လိုက်သည်။ “ငါ မင်းလို ကြောက်တတ်တဲ့မြင်းမျိုးကို ဘယ်လိုများ ရခဲ့တာပါလိမ့်နော်”

 

သူ ပြောနေရင်း သစ်ပင်ထိပ်သို့ ခုန်တက်ပြီး အဝေးကို ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အဖြူရောင်အစင်းကြောင်းများရှိသော ကြမ်းကြုတ်သည့်သားရဲ၏ပုံရိပ်ကို သူ တွေ့မြင်ရသည်။ ၎င်းက ကျားဖြူတစ်ကောင် ဖြစ်နေ၏။

 

ကျီယွီကျင်းသည် ထိုနေရာဆီသို့ အလျင်အမြန်သွားလိုက်သည်။ ဧကရာဇ်မင်းက သူ့ကို မြင်သောအခါ မျက်လုံးများ၌ ပျော်ရွှင်မှုအရိပ်အယောင်တို့  ပေါ်လာသည်။ “ကျီယွီကျင်း၊ ကျန့် ဒီမှာရှိတယ်။ ကျန့်ကို မြန်မြန် ကာကွယ်ပေး”

 

ကျီယွီကျင်းသည် သူ၏ခါးမှ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်ပြီး “ကျွန်​တော် လာကူညီဖို့ နောက်ကျသွားလို့၊ အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ” ဟု ပြောလိုက်သည်

 

“ကိစ္စမရှိဘူး”

 

လီယွီသည် သူ၏မျက်နှာကို တို့ထိလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ “ခွေးကောင်ကျီ၊ မင်း အခုထိ ရောက်မလာသေးရင် မင်း ငါ့ကို ထပ်ပြီး မြင်နိုင်တော့မှာ မဟုတ်ဘူး...”

 

ကျီယွီကျင်း: “ ကြည့်ရတာ ငါ စောပြီး ရောက်လာတယ် ထင်တယ်”

 

လီယွီ: “သွားစမ်းပါ”

 

သူ ကျီယွီကျင်း၏နောက်ကို ကြည့်လိုက်ပြီး “ချင်နျောင် ဘယ်မှာလဲ၊ ဒီသားရဲကို ဖြေရှင်းဖို့ မလွယ်ဘူး” ဟု ပြောလိုက်သည်။

 

“ချင်နျောင် မပါဘူး”

 

လီယွီ: “သူ မလာဘူးလား။ ချင်နျောင်က ဒီလိုအချိန်မျိုးမှာ မလာဘူးလား”

 

“စကားတအား များတာပဲ”

 

ကျီယွီကျင်း စကားအနည်းငယ်ပြောပြီးနောက် တိုက်ပွဲထဲသို့ ဝင်ရောက်သွားသည်။ ကျားဖြူက ပြင်းထန်စွာ တိုက်ခိုက်နေသည်။ မြှားအများအပြားက ၎င်း၏ကိုယ်ခန္ဓာကို ထိုးဖောက်သွားသည်။ သွေးများက တောင်ကြားတစ်လျှောက် စီးဆင်းလာပြီး ၎င်း၏အဖြူရောင်သားမွေးကို ချက်ချင်း အနီရောင်သို့ ပြောင်းလဲစေသည်။ ၎င်း၏အရေပြားနှင့် အသားများ ပြဲကွဲနေသော်လည်း ဧကရာဇ်ရှိရာသို့ ဆက်လက်၍ ပြေးသွားနေဆဲ။

 

ပြင်းထန်သော ငါးညှီနံ့က ကျီယွီကျင်းကို အနည်းငယ် ပျို့အန်ချင်စိတ် ဖြစ်စေသည်။ ကျားသည် သူ၏လည်ချောင်းထဲမှ အသံတိုးတိုးဖြင့် ဟိန်းသံကို ထုတ်လိုက်ရာ ရန်သူကို ခြိမ်းခြောက်နေသကဲ့သို့ပင်။

 

၎င်း၏ပူပြင်းသောအသက်ရှူသံက အဖြူရောင်မြူခိုးများကို ဖြစ်ပေါ်စေသည်။ နှစ်ဖက်စလုံးက တိုက်ခိုက်ရန်အတွက် အသင့်တော်ဆုံးအချိန်ကို ရှာဖွေနေကြသည်။

 

ရုတ်တရက် နောက်မှ အသံတိုးတိုးဖြင့် ရှိုက်သံကို ကြားလိုက်ရသည်။ ထိုသူ၏အာရုံကြောများ နောက်ဆုံးတွင် ပြိုကျသွားသကဲ့သို့ပင်။ တိတ်ဆိတ်မှုထဲတွင် ၎င်းက အထူးပင် ထင်ရှားနေသည်။ လူတိုင်းက သူတို့၏နောက်သို့ ကြည့်လိုက်ရာ ကျားက ၎င်းကို အခွင့်အရေးယူပြီး ပြင်းထန်သောတိုက်ခိုက်မှုကို စတင်လိုက်သည်။

 

ကျီယွီကျင်း ဓားကို ကိုင်ဆောင်လျက် ရှေ့သို့ပြေးသွားသည်။ သူ့ပုံရိပ်က လှပပြီး သူ၏လှုပ်ရှားမှုများက နတ်ဆိုးတစ်ဦးနှယ်။

 

ကျား၏တိုက်ခိုက်မှုများကို တစ်လှိုင်းပြီးတစ်လှိုင်း တွန်းလှန်ပြီးနောက် ကျီယွီကျင်းလည်း ဒဏ်ရာရရှိခဲ့သည်။ ကျားဖြူ၏ခြေသည်းများသည် သူ၏လက်မောင်းပေါ်၌ အသားများမြင်နိုင်သည်အထိ နက်ရှိုင်းသောဒဏ်ရာကို ချန်ထားခဲ့သည်။ သူ အဝတ်စတစ်စကို ဆွဲဖြဲပြီး ပေါက်ပြဲသွားသောဒဏ်ရာကို ချည်လိုက်သည်။

 

တစ်ခုခု မှားနေပြီ။

 

ကျီယွီကျင်း မျက်မှောင်ကြုတ်လိုက်သည်။ ယေဘုယျအားဖြင့် ဤအချိန်တွင် တောရိုင်းသားရဲများသည် အစားအစာအတွက်သာ လူများကို တိုက်ခိုက်ကြသော်လည်း အနှီကျားကမူ လူများကို တိုက်ခိုက်ပြီးနောက် ရှေ့သို့ ဆက်လက်ပြေးနေသွားရာ ပုံမှန်မဟုတ်တော့ပေ။

 

 

ကျီယွီကျင်း သူ၏မျက်နှာမှ သွေးများကို သုတ်လိုက်ပြီး သူ၏နောက်ကို ကြည့်ကာ မေးလိုက်သည် “အရှင်တို့တွေ ဒီလိုကြမ်းကြုတ်တဲ့သားရဲကို ဘယ်လိုများ ရန်စခဲ့ကြတာလဲ”

 

“အဲ့တာက...”

 

လူအများအပြားက သူ၏ မေးခွန်းကို မတုံ့ပြန်ဘဲ အချင်းချင်း ကြည့်ပြီးနောက် တိတ်ဆိတ်နေရန် ရွေးချယ်ခဲ့ကြသည်။

 

ကျီယွီကျင်း ပြုံးလိုက်သည်။ 

 

“မပြောဘူးလား”

 

သူသည် နောက်ဆုတ်လိုက်ပြီး “ရဲမက်တို့ ငါ့အမိန့်ကို နာခံကြ၊ အရှင်မင်းကြီးကို ကာကွယ်ပြီး ဆုတ်ခွာကြ” ဟု အော်ပြောလိုက်သည်။

 

သူ ခဏရပ်ပြီး ထပ်ပြောလိုက်သည် “ငါ ဆိုလိုတာက အရှင်မင်းကြီးတစ်ယောက်တည်းကိုပဲ ကာကွယ်ဖို့ အမိန့်ပေးတာ” 

 

ဤစကားများ ထွက်လာသည်နှင့် ထိုနေရာ၌ ခဏတာ တိတ်ဆိတ်သွားပြီး လူတိုင်းက တပြိုင်နက်တည်း “ဟုတ်ကဲ့၊ အရှင်သခင်!” ဟု ပြန်ဖြေလိုက်ကြသည်။

 

ကာကွယ်ရေးတပ်နှင့် ရှီချန်၏အစောင့်ရဲမက်များက ကောင်းမွန်စွာ လေ့ကျင့်ထားကြသည်။ သူတို့က တစ်ခဏချင်းအတွင်း ရှေ့တန်းမှ ဆုတ်ခွာသွားပြီး ဧကရာဇ်မင်းကို အလယ်တွင် ဝန်းရံကာ နောက်သို့ဆုတ်ခွာသွားကြသည်။

 

ကာကွယ်ရေးတပ်မှ လူများနှင့် ရှီချန်၏ရဲမက်များ ဆုတ်ခွာသွားသည်နှင့် ကျားဖြူနှင့် ယှဉ်ပြိုင်နိုင်သူ မရှိတော့ပေ။ ကျားဖြူသည် အပြင်ဘက်၌ သီးခြားရှိနေသော မင်းသားများနှင့် အရှင်သခင်များဆီသို့ တစ်လှမ်းချင်းစီ ရှေ့သို့ တိုးလာသည်။

 

လီယွီ သူ၏ခြောက်သွေ့နေသောနှုတ်ခမ်းများကို လျှာဖြင့်သပ်ပြီး ပြဿနာ၏ဇစ်မြစ်ကို ဖြတ်တောက်သည့် ကျီယွီကျင်း၏လုပ်ရပ်ကို ချီးကျူးလိုက်သည်။

 

အိမ်ရှေ့စံမင်းသားနှင့် ဒုတိယမင်းသားတို့သည် စစ်ဝတ်စုံများဖြင့် ဝတ်ဆင်ထားပြီး အတော်လေး တည်ငြိမ်သော်လည်း သူတို့၏မျက်နှာများက ဖြူဖျော့နေသည်။ သတ္တမမင်းသားက နန်းတော်ထဲတွင် ကြီးပြင်းလာပြီး ပျက်စီးခဲ့သူဖြစ်သည်။ သူ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ သူသည် လင်ယင်၏နောက်တွင် ပုန်းနေပြီး “အဖေ၊ အဖေ၊ ကျွန်တော့်ကို ကယ်ပါ” ဟု ဧကရာဇ်အား ငိုယို၍ အော်ဟစ်ပြောလိုက်သည်။

 

ဧကရာဇ်က သူ၏သားများကို ကျားဖြူက ဆွဲဖြဲစားမည်ကို မကြည့်နိုင်သောကြောင့် မျက်မှောင်ကြုတ်ပြီး “ကျီယွီကျင်း...” ဟု ခေါ်လိုက်သည်။

 

ကျီယွီကျင်း: “အရှင်မင်းကြီး၊ ခဏစောင့်ပါ။ ခဏလေးအတွင်းမှာ ပြီးသွားပါလိမ့်မယ်”

 

ကျားဖြူက ဟိန်းဟောက်လိုက်ရာ လူတိုင်းက  ၎င်း၏ပါးစပ်မှ ငါးညှီနှင့် ပုပ်ပွသောရနံ့ကိုပင် ရနိုင်ကြသည်။ သတ္တိနည်းသူများက ခြေထောက်များပင် မခိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြပြီ။

 

နောက်ဆုံးတွင် တစ်စုံတစ်ဦးက ဆက်၍မထိန်းချုပ်နိုင်တော့ဘဲ ပြောလိုက်သည် “သူတို့ပဲ...သူတို့က ကျားဖြူအပေါက်လေးတွေကို သတ်ခဲ့တာ” 

 

ကျီယွီကျင်း မြေပြင်ကို ကြည့်လိုက်ရာ ကျားဖြူလေး သုံးလေးကောင်၏ အလောင်းများကို တွေ့မြင်လိုက်ရသည်။ တစ်စုံတစ်ဦးက ကျားဖြူပေါက်လေးများ၏ အလောင်းများကို ပစ်ချလိုက်သည်။

 

ကျားဖြူကြီးက ၎င်းကို မြင်လိုက်ရပြီး အသံတိုးတိုးဖြင့် အကြိမ်အနည်းငယ် ဟိန်းလိုက်ပြီး ၎င်း၏နှာခေါင်းဖြင့် ကျားဖြူလေးကို တို့ထိလိုက်သော်လည်း ကျားဖြူပေါက်လေးများက ဘာအသံမှ မပြုနိုင်တော့ပေ။ ကျားဖြူကြီး၏ခြေဖဝါးနားတွင် အစားအစာတောင်းရန် ရောက်မလာနိုင်တော့ပေ။

 

ကျားဖြူလေးများ သေဆုံးသွားသည်ကို တွေ့ရှိပြီးနောက် မိခင်ဖြစ်သူကျားဖြူက အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်ပြီး လူအုပ်ဆီသို့ ပြေးသွားလိုက်သည်။

 

သတ္တမမင်းသား၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီး သူ၏ခြေထောက်များက ပျော့ခွေသွားကာ လင်ယင်ကို မှီလိုက်သည်။

 

လင်ယင်က သူ့ကိုယ်တစ်ပိုင်းကို သယ်ထားရင်း “သခင်၊ အမြန် ထွက်သွားပါ” ဟုသာ ဆိုနိုင်သည်။

 

ကျီယွီကျင်း၏မျက်နှာ မှောင်မိုက်သွားရတော့သည်။

 

“ဒီလူတစ်စုကတော့ သေဖို့လမ်းရှာနေတာပဲ...”

 

သို့သော် သူတို့ သေဆုံးသွားမည်ကို တကယ်မကြည့်နိုင်ပေ။ ဤလူများ၏အသက်က သူ့နှင့် မသက်ဆိုင်သော်လည်း သူ့တာဝန်ဖြစ်သောကြောင့် ဧကရာဇ်က သူ့ကို အပြစ်ပေးလိမ့်ဦးမည်။

 

သူ အံကြိတ်လိုက်ပြီး “ခုခံကြ...” ဟု ဆိုလိုက်သည်။

 

အမိန့်ပေးလိုက်ပြီးသည်နှင့် တစ်ပြိုက်နက် သူ ဦးစွာ ရှေ့သို့ ပြေးသွားလိုက်သည်။

 

သို့သော် သတ္တမမင်းသားက အချိန်မီ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ကျားဖြူက သူ၏ခြေထောက်ကို ကုတ်ခြစ်မိသွားရာ ကျား၏ခြေသည်းများကြောင့် နက်ရှိုင်းသောဒဏ်ရာ ကျန်နေခဲ့သည်။

 

ကျားဖြူက သူ၏ရှေ့တွင် ရှိနေသည်ကို မြင်သောအခါ သူ ငိုယိုအော်ဟစ်လေသည်။ ကျီယွီကျင်းက ၎င်းကို ရပ်တန့်လိုသော်လည်း ဒေါသထွက်နေသော ကျားကို ရပ်တန့်ရန် မလွယ်ကူတော့ပေ။ သတ္တမမင်းသား ကျောက်လင်သည် သူ ဖမ်းမိသော ကျားဖြူလေးကို ထိမိခဲ့ပုံရပြီး သူ၏ကိုယ်ခန္ဓာပေါ်၌ အနံ့ရှိနေသောကြောင့် ကျားဖြူက သူ့ကို တိုက်ခိုက်ခြင်း ဖြစ်သည်။

 

မြင်ကွင်းက အလွန်ရှုပ်ထွေးနေပြီး လူတိုင်းက ထွက်ပြေးနေကြသည်။ ကာကွယ်ရေးတပ်မှ လူများနှင့် ရဲမက်များက ကျားဖြူ၏တိုက်ခိုက်မှုကို ရပ်တန့်ရန် ကြိုးစားနေကြသည်။

 

 

ကျောက်လင်ကို မည်သူမျှ ဂရုမစိုက်ကြပေ။ လင်ယင် သူ့ကို ခေါ်သွားလိုသော်လည်း သူ၏ခြေထောက်များက မလှုပ်ရှားနိုင်တော့ပေ။ လင်ယင်က သူ့ကို ဆွဲသော်လည်း သူက အလွန်ဖြည်းညှင်းစွာသာ ရွေ့လျားတော့သည်။

 

လင်ယင် သူ၏သွားများကို ကြိတ်လိုက်ပြီး ရုတ်တရက် ကျောက်လင်ကို လွှတ်လိုက်သည်။ သူသည် ကျောက်လင်၏မျက်နှာကို တို့ထိလိုသော်လည်း ထိခါနီးတွင် သူ၏လက်ချောင်းများ ပြန်ကွေးသွားသည်။ သူ ပြောလိုက်သည်“သခင်၊ အမြန်ပြေးပါ” 

 

ကျောက်လင်သည် ခဏတာ အံ့အားသင့်သွားပြီး လင်ယင်း၏အင်္ကျီလက်ကို ပြင်းထန်စွာ ဆွဲလိုက်သည်။ သူ စွန့်ပစ်ခံရမည်ကို ကြောက်ရွံ့သောကြောင့် “ငါ့ကို မထားခဲ့ပါနဲ့” ဟု တောင်းပန်လိုက်သည်။

 

လင်ယင်း သူ့ကို ပြုံးပြပြီး သူ၏လက်များကို ဖြေေလျာ့စေလိုက်သည်။ “ကျွန်တော်မျိုးက သခင့်ကို ဘယ်တော့မှ မစွန့်ပစ်ပါဘူး။ သခင်၊ မြန်မြန်ပြေးပါ”

 

သူ ပြောနေရင်း အပေါ်ဝတ်ရုံတစ်ထည်ကို ယူပြီး တစ်စုံတစ်ရာကို ပတ်ကာ ကျောက်လင်၏ ဆန့်ကျင်ဘက်သို့ ပြေးသွားတော့သည်။

 

“အာဝူး-”

 

ကျားဖြူလေး၏ ငိုသံက နောက်မှ လာ၏။ မိခင်ကျားဖြူသည် ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်သည်။ လင်ယင်က မြင်းပေါ်တွင် ထိုင်နေပြီး သူ၏လက်ထဲတွင် မျက်လုံးများပင် မဖွင့်နိုင်သေးသော ကျားဖြူလေးတစ်ကောင်ကို ကိုင်ထားသည်။ ကျားဖြူလေးက ညင်သာစွာ အော်နေဆဲ။

 

ကျားဖြူကြီးက အသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။ နောက်တစ်ခဏတွင် လင်ယင်က သူ၏မြင်းကို တွန်းအားပေး၍ ရှေ့သို့ ပြေးသွား၏။

 

မိခင်ကျားဖြူက သူ့နောက်သို့ လိုက်သွားသောအခါ လူတိုင်းက သက်ပြင်းချလိုက်ကြသည်။ သားရဲက ထွက်သွားပြီဖြစ်သောကြောင့် အနည်းဆုံးတော့ သူတို့ ခဏတာမျှ လုံခြုံသွားကြပြီ။

 

ကျောက်လင်၏မျက်လုံးများက အနည်းငယ် မှုန်မှိုင်းနေပြီး ဘာဖြစ်ပျက်ခဲ့သည်ကို သူ မတုံ့ပြန်နိုင်သေးသည့်နှယ်။ သူ မြေပြင်ပေါ်သို့ လဲကျသွားပြီး လင်ယင်ရှိရာဘက်သို့ ကြည့်လိုက်သည်။ သူ၏မျက်နှာက မျက်ရည်များဖြင့် စိုစွတ်နေပြီး ဆံပင်နက်များတွင်လည်း စွန်းထင်းနေသည်။

 

ကျီယွီကျင်း၏မျက်ခုံးများ တွန့်လိမ်သွားပြီး သူ့မျက်လုံးများ ချက်ချင်း နီရဲသွားရသည်။ ထိုကျားက ချူဖုန်းချင် ထွက်သွားခဲ့သော ဘက်ကို ဦးတည်သွားခြင်း ဖြစ်သည်။

 

ဘာသာပြန်သူ၏မှတ်ချက်- ကျားတွေအတွက် အရမ်းခံစားရတယ် T_T