Chapter 34
Viewers 2k

အပိုင်း (၃၄)

 

 

ချူဖုန်းချင်: “....”

 

သူ၏မျက်လုံးများနှင့် ဆုံလိုက်သောအခါ ချူဖုန်းချင် ပါးစပ်ဖွင့်လိုက်သော်လည်း မည်သို့ရှင်းပြရမည်ကို မသိတော့ပေ။ သူ မဟုတ်ဘူးဟု ပြောချင်သော်လည်း သူက တကယ်ကို...

 

အဓိကရည်ရွယ်ချက်ကတော့ သဘာဝအပူပေးစက်ကို အသုံးပြုရန်ဖြစ်သည်။

 

ကျီယွီကျင်း ထထိုင်လိုက်သည်။ သူ၏ရှည်လျားသောဆံပင်များသည် သူ လှုပ်ရှားလိုက်သောအခါ ပခုံးများပေါ်သို့ ပြန့်ကျဲသွားသည်။ သူ၏မျက်လုံးအစွန်ရှိ သွေးနီရောင်မှဲ့သည် အထူးပင် ထင်ရှားနေ၏။ သူ၏ခပ်ရဲရဲနှုတ်ခမ်းများက အနည်းငယ် ကွေးနေပြီး ဖယောင်းတိုင်မီးအောက်၌ အလွန်ဆွဲဆောင်မှုရှိနေသည်။ သူ ပြုံးပြီး “ဘာလဲ... ငါ့ဇနီးလေးက ငါ့ခန္ဓာကိုယ်ကို တိတ်တိတ်လေး တောင့်တနေတာလား” ဟု ပြောလိုက်သည်။

 

ချူဖုန်းချင်၏လက်များ တင်းကျပ်သွားပြီး ခေါင်းအုံးက အနည်းငယ် ပုံပျက်သွားသည်။

 

ကျီယွီကျင်း သူ၏လှုပ်ရှားမှုများကို တစ်စွန်းတစ်စ မြင်လိုက်ရပြီး သူ၏အပြုံးက ပို၍ကျယ်ပြန့်သွားရသည်။ သူက ပျင်းရိစွာ ပြောလိုက်သည် “ဇနီးလေး ဒီလိုဒုက္ခခံနေရတာက ခင်ပွန်းတစ်ယောက်အနေနဲ့ တကယ်ကိုငါ့အမှားပဲ”

 

ချူဖုန်းချင်၏လက်ဖမိုးရှိ သွေးပြန်ကြောများ အနည်းငယ် ဖောင်းကြွလာရသည်။ သူ ထိုသူ့ကို မျက်နှာအမူအရာမဲ့စွာ ကြည့်လိုက်ပြီး လှည့်၍ ထွက်သွားတော့သည်။

 

နောက်တစ်ခဏတွင် သူ၏လောကတစ်ခုလုံး ချာချာလည်သွားပြီး သူ ကျီယွီကျင်း၏လက်များထဲသို့ ကျရောက်သွားရသည်။ သူ၏လက်ကောက်ဝတ်များကို ထိုသူ၏လက်များက တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

 

ကျီယွီကျင်း: “မင်း ရောက်တောင်လာပြီးတော့မှ ထွက်ပြေးချင်နေတာလား”

 

ချူဖုန်းချင်: “ကျွန်မ ဘာလုပ်ရသေးလို့လဲ...”

 

ဤအခန်းထဲတွင် တခြားတစ်ယောက်ရှိလျှင် သူ့ကို နှလုံးသားမရှိသောသူ သို့မဟုတ် ဘောင်းဘီမချွတ်ဘဲ ထွက်ပြေးမည့်သူအဖြစ် အထင်လွဲခံရလိမ့်မည်။

 

ကျီယွီကျင်း: “မင်း ဘာလုပ်ခဲ့တယ်ဆိုတာ မင်း မသိဘူးလား...”

 

ချူဖုန်းချင် နှုတ်ခမ်းများကို စေ့လိုက်ပြီး ဤလူယုတ်မာနှင့် ဆက်၍ အငြင်းမပွားလိုတော့။ သူ လှုပ်ရှားလိုက်သည်နှင့် နွေးထွေးသောစောင်က သူ့အား လုံးဝဖုံးအုပ်သွားပြီး သင်းပျံ့သော ရနံ့က သူ့နှာခေါင်းကို ဝန်းရံသွားသည်။

 

 မည်သို့ပင်ဖြစ်စေ သူတို့ လှဲချလိုက်ကြသည်။ ချူဖုန်းချင်သည် ကျီယွီကျင်း၏ခေါင်းအုံးပေါ်၌ ခေါင်းတင်ပြီး မျက်တောင်ခတ်လိုက်သည်။ သူ၏ခါးပေါ်၌ လက်တစ်ဖက်ရှိနေ၏။

 

ကျီယွီကျင်း: “ကောင်းပြီ၊ ငါ မင်းကို မစတော့ဘူး၊ အိပ်တော့။”

 

ချူဖုန်းချင်က ကျီယွီကျင်းကို မှီနေပြီး သူ၏ကိုယ်ခန္ဓာတစ်ခုလုံး ကျီယွီကျင်း၏လက်များထဲတွင် ရှိနေသကဲ့သို့ပင် နွေးထွေးမှုက သူ့ထံမှ ဆက်လက်၍ စိမ့်ဝင်လာသည်။

 

ကျီယွီကျင်း ချူဖုန်းချင်၏လက်ကို တို့ထိလိုက်ပြီး မျက်မှောင်ကြုတ်သည် “မင်းရဲ့လက်တွေက ဘာလို့ ဒီလောက်အေးနေတာလဲ... အပြင်မှာ အကြာကြီး ရပ်နေတာလား...”

 

သူ့ခြေထောက်ဖြင့် ချူဖုန်းချင်ခြေထောက်ကို ထိလိုက်ပြီး “ကျစ်” ဟု စုတ်သပ်လိုက်ကာ “မင်းကို အခုမှ နှင်းထဲကနေ ဆွဲထုတ်လာရသလိုပဲ” ဟု ပြောလိုက်သည်။

 

သူ ပြောနေရင်း ထိုသူ့အား စောင်ဖြင့် ပို၍တင်းကျပ်စွာ ပတ်လိုက်ပြီး ထိုသူ၏လက်များနှင့် ခြေထောက်များကို ဖုံးအုပ်ပေးလိုက်သည်။ ချူဖုန်းချင် အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏အေးစက်သောခန္ဓာကိုယ်သည် နွေးထွေးမှုကို တပ်မက်စွာ စုပ်ယူလိုက်သည်။ မကြာမီပင် သူ၏ခြေထောက်များ နွေးထွေးသွားရသည်။

 

ကျီယွီကျင်း၏လက်များက အနည်းငယ် ကြမ်းတမ်းပြီး လက်ဖဝါးများပေါ်၌ ပါးလွှာသော အရေခွံများ ရှိနေသည်။ သူက စစ်သည်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ သူတို့နှစ်ဦးလုံး ယောက်ျားများဖြစ်သော်လည်း ထိုသူ၏လက်ဖဝါးများသည် သူ့ထက် ပိုကြီး၏။

 

ထိုသူ၏လက်ဖဝါးထဲတွင် သူ၏လက်ချောင်းများကို ကွေးလိုက်သောအခါ ကျီယွီကျင်း နှုတ်​ခမ်းစေ့သွားပြီး သူ၏နားများထဲသို့ ကပ်ပြောလိုက်သည်။

 

“ကြောင်လေးတစ်ကောင် လက်သည်းနဲ့ ကုတ်နေတယ်”

 

“မလှုပ်နဲ့... အိပ်တော့”

 

နောက်တစ်ခဏတွင် သူ စကားတစ်ခွန်းမှ မပြောဘဲ ချူဖုန်းချင်၏မျက်လုံးများကို သူ၏လက်များဖြင့် ဖုံးအုပ်လိုက်သည်။ ချူဖုန်းချင်၏ မျက်တောင်များသည် အနည်းငယ် တုန်ယင်သွားပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ သူ၏နားထဲတွင် ကျယ်လောင်သော နှလုံးခုန်သံကို သူ ကြားနေရသည်။

 

တဲအပြင်ဘက်တွင် ရေခဲများနှင့် နှင်းများကကျဆင်းနေသည်။ တိတ်ဆိတ်သောညတွင် ထိုအသံက အထူးပင် ရှင်းလင်းနေသည်။

 

တကယ်တော့ သူက အခြားသူများ၏ထိတွေ့မှုကို အသားမကျပေ။ ကလေးဘဝတွင် အဝတ်အစားများမှတစ်ဆင့် ထိတွေ့မှုကိုပင် လက်မခံနိုင်ခဲ့ပေ။ ၎င်းက သူ၏ပုံမှန်ဘဝကို ထိခိုက်စေခဲ့သည်။ သူ အသက်ပိုကြီးလာမှသာ သူ့အခြေအနေက အနည်းငယ် ပိုကောင်းလာခဲ့သည်။

 

သို့သော်လည်း အလွန်အမင်း ပွတ်သပ်ထိတွေ့၍မရသေးပေ။ သူတို့၏မင်္ဂလာဆောင်ညတွင် ကျီယွီကျင်း၏ထိတွေ့မှုက သူ့အား မခံမရပ်နိုင်အောင် ဖြစ်စေခဲ့သော်လည်း သူ၏အသက်ကို ကယ်တင်ရန်အတွက် သူ သည်းခံခဲ့သည်။

 

 

သို့သော်... သူ ကိုယ်တိုင် ဤနေရာသို့ လာခဲ့ခြင်းက အဘယ်ကြောင့် ဤမျှလောက် သဘာဝကျနေရသနည်း။

 

ချူဖုန်းချင် မနားလည်နိုင်ပေ။ သူတို့ အချင်းချင်း ရင်းနှီးတာကြောင့်လား ဒါမှဟုတ် အခြားအရာတစ်ခုကြောင့်လား...

 

ထားလိုက်တော့... သူ မစဉ်းစားနိုင်ရင် မစဉ်းစားတော့ဘူး...ဒီဆက်ဆံရေးက အမြဲတမ်း မတည်မြဲနိုင်ဘူးလေ...

 

သူ၏အသိစိတ်က တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ၏နောက်ဆုံးအတွေးမှာ ကျီယွီကျင်းက သူ ယောက်ျားဖြစ်ကြောင်း သိသွားရင် သူ့ကို သတ်ပစ်မလား ဟူ၍ပင်။

 

ထိုအခါ သူ့ညီမနှင့် မိခင်ကို ကယ်တင်နိုင်မည် ဟုတ်မဟုတ်ကို သူ မသိသော်လည်း ဤကိစ္စကို အကြာကြီး ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သူ ခံစားရသည်။

 

သူ မနက်ဖြန် ပြန်၍ စာပို့ပြီး သူ၏မိခင်နှင့် အခြားနှစ်ဦးကို သူ စီစဉ်ထားသောနေရာသို့ သွားရန် ပြောရမည်။ ထိုနေရာက ဝေးလံခေါင်သီပြီး သူတို့ကို ရှာမတွေ့နိုင်ကြောင်း ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာသည်။

 

သူ့အနားရှိ အသက်ရှူသံက တဖြည်းဖြည်း ခပ်မှန်မှန်ဖြစ်သော်လည်း ကျီယွီကျင်းက အိပ်မပျော်နိုင်ပေ။ တစ်စုံတစ်ဦးကို နှိုးမိမည်ကို ကြောက်ရွံ့သောကြောင့် သူ အများကြီး မလှုပ်ရဲ။

 

ကျီယွီကျင်း သူ၏လက်ချောင်းများဖြင့် ထိုသူ၏လက်ဖမိုးကို ကုတ်ခြစ်လိုက်သည်။ ထိုသူ လုံးဝ မလှုပ်သည်ကို မြင်သောအခါ သူ “ကျစ်” စုတ်သပ်ပြီး မျက်မှောင်ကြုတ်ကာ ညင်သာစွာ ပြောလိုက်သည် “ငါက မင်းအတွက် အပူပေးစက်အဖြစ် လုပ်ပေးနေရရုံတင်မဟုတ်ဘူး မင်း နိုးမှာစိုးလို့ လှုပ်တောင်မလှုပ်ရဲဘူး။ ဒီတစ်သက်မှာ ဒီလောက် ကြောက်ဖူးတာ မရှိသေးဘူး” 

 

သူ ရေရွတ်လိုက်သည်။ “ နေမကောင်းတဲ့ ပျိုးပင်လေး၊ မင်းမှာ အသိစိတ်ရှိမယ်ဆိုရင် ငါ့ကို အကြာကြီး လိမ်မထားနဲ့”

 

ည ပို၍နက်လာပြီး ထိုသူနှစ်ဦးက သေးငယ်သော သလွန်တစ်ခုပေါ်တွင် လှဲနေကြသည်။

 

နောက်တစ်နေ့နံနက်တွင်...။

 

ဤတစ်ကြိမ် ချူဖုန်းချင် နိုးလာသောအခါ ကျီယွီကျင်းသည် သူ့နံဘေးတွင် ရှိနေသေးသည်။ သူ့ကိုယ်ခန္ဓာက တောင့်တင်းသွားပြီး သူ မည်သည့်အချိန်က အိပ်ပျော်သွားသည်ကိုပင် မသိပေ။ သူ ကျီယွီကျင်းကို မျက်နှာမူရုံသာမက သူ့လက်များဖြင့် ထိုသူ၏ကော်လာကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး အလွန်အမင်း ယုံကြည်မှုပုံစံဖြင့် ထိုသူ၏လက်များထဲ၌ အိပ်နေသည်။

 

ဤပုံစံသည် နှစ်ပေါင်းများစွာ အတူတူနေထိုင်ခဲ့သော စုံတွဲတစ်တွဲ၏ ပုံစံနှင့်တူပြီး ဇနီးသည်က သူမ၏ခင်ပွန်းအပေါ် အလွန်မှီခိုနေသကဲ့သို့ပင်။

 

ချူဖုန်းချင် သူ၏လက်ချောင်းများကို လျော့ချလိုက်ပြီး ရွှေ့တော့မည့်ဆဲဆဲတွင် လှုပ်ရှားမှုတိုင်းက ကျီယွီကျင်းကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

 

ကျီယွီကျင်း သူ၏မျက်လုံးများကို အနည်းငယ်ဖွင့်လိုက်သည်။ သူ့မျက်လုံးများက နီရဲနေပြီး သွေးစွန်းနေသယောင်။ ထင်ရှားသည်မှာ သူ အိပ်ရေးမဝသေးပေ။ သူသည် ချူဖုန်းချင်ကို ကြည့်လိုက်သည်။

 

ချူဖုန်းချင် အံ့အားသင့်သွားပြီး မလှုပ်ရဲပေ။ “နိုးပြီလား”

 

ကျီယွီကျင်း သူ့ကို ခဏမျှ စိုက်ကြည့်လိုက်ပြီး စောင်ကို အမြင့်ဆုံးအထိ ဆွဲတင်ကာ သူတို့နှစ်ဦးလုံးကို ဖုံးအုပ်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်သည် “မရှုပ်နဲ့တော့၊ နည်းနည်းထပ်အိပ်လိုက်ဦး...”

 

အမှောင်ထုထဲတွင် ချူဖုန်းချင် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “လူကြီးလူကောင်းတစ်ယောက်ဟာ မနက်ခင်းအချိန်ထက် နောက်ကျပြီးမှ အိပ်ရာ မထသင့်ဘူး”

 

“အာ...” ရုတ်တရက် ခပ်တိုးတိုး ရယ်မောသံကို ကြားလိုက်ရပြီး ရယ်သံက ပို၍ကျယ်လာသည်။ ကျီယွီကျင်းက သူ၏ခါးကို ဖက်လိုက်ပြီး ခန္ဓာကိုယ် တုန်ယင်သည်အထိ ရယ်မောနေသည်။

 

ချူဖုန်းချင်: “?”

 

သူ တစ်ခုခု မှားပြောလိုက်တာလား..

ဒီလူက အရမ်းထူးဆန်းတာပဲ...

 

ကျီယွီကျင်း၏အသံတွင် ရယ်သံစွက်နေဆဲ။ သူက “ခေတ်နောက်ကျတဲ့ ကောင်မလေး” ဟူသော စကားလုံးသုံးလုံးကိုသာ ပြောလိုက်သည်။

 

ချူဖုန်းချင်: “...”

 

“ငါက လူကြီးလူကောင်း မဟုတ်ဘူးဆိုရင်၊ လိုက်နာစရာမလိုဘူးမလား။ ငါက လူကြီးလူကောင်း မဖြစ်ချင်ဘူး၊ လူယုတ်မာပဲ ဖြစ်ချင်တယ်...ဒါမှ ငါ ဆက်အိပ်နိုင်မှာ” ဟု ကျီယွီကျင်းက ထပ်၍ ပြောလိုက်သည်။

 

ချူဖုန်းချင် မျက်မှောင်ကြုတ်ပြီး ခဏတာကြာသည်အထိ မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။ သူ ငယ်စဉ်ကတည်းက သူ၏အသိစိတ်နှင့် လူများအတွက် ထိုက်တန်သော လူကြီးလူကောင်းတစ်ယောက်ဖြစ်လာရန် သင်ကြားခြင်းခံခဲ့ရသည်။ ဤအယူဝါဒထက် ကျော်လွန်သွားသူတစ်ဦး မည်သို့ရှိနိုင်မည်နည်း။

 

ကျီယွီကျင်း သူ့ကို ဖက်ထားပြီး ပျင်းရိစွာ ပြောလိုက်သည် “ရှေးစကားပုံအရ မိန်းမက လက်ထပ်ပြီးရင် ခင်ပွန်းကို နာခံရမယ်တဲ့။ ငါက လူယုတ်မာဆိုတော့ မင်းလည်း လူယုတ်မာပဲဖြစ်ရမယ်။ ဒါကြောင့် ဆက်အိပ်ကြရအောင်”

 

သူ ပြောနေရင်း ချူဖုန်းချင်အား ပို၍တင်းကျပ်စွာ ဖက်ထားပြီး မျက်လုံးများကို မှိတ်ကာ တကယ် အိပ်ပျော်သွားတော့သည်။ 

 

ချူဖုန်းချင်: “...”

 

ဒီလူမှာ အလိမ်အညာအယူအဆတွေ အများကြီးပဲ...

 

နေမကောင်းရသည့်အပြင် သူက နေ့ဘက်တွင်လည်း အနားယူနေသေးသည်။

 

 

သူ ညင်သာစွာ သက်ပြင်းချလိုက်သည်။ ချူဖုန်းချင် ထိုသူ့ကိုအတုယူပြီး မျက်လုံးများကို မှိတ်လိုက်သည်။ ခဏအကြာတွင် သူလည်း အိပ်ပျော်သွားရသည်။

 

အိမ်တော်ထိန်းမို နှိုးသည်အထိ သူတို့ နောက်ထပ် နာရီဝက်ကြာ အိပ်ခဲ့ကြသည်။

 

ကျီယွီကျင်း ယနေ့ ရဲမက်ဝတ်စုံ ပျံသန်းနေသောငါးဝတ်စုံနှင့် ဆင်တူသော ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသော်လည်း အရောင်က အနီရောင်ဖြစ်သည်။ ဤဝတ်စုံသည် သူ၏အရင်ဝတ်စုံများထက် ပိုမိုရိုးရှင်းပြီး လက်ဖျားများ တင်းကျပ်နေကာ ခြေထောက်များတွင် မြင်းစီးဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။ သူ့ခေါင်းပေါ်တွင် လျန်ကွမ်းကို ဝတ်မထားတော့ဘဲ သူ၏ဆံပင်ကို မြင့်မြင့်စည်းထားသည်။

 

ချူဖုန်းချင် သူ့ကို ကြည့်လိုက်ပြီး “ခန့်ညားထည်ဝါခြင်း" ဟူသော စကားလုံးလေးလုံးက သူ၏စိတ်ထဲသို့ ပေါ်လာရသည်။ ငွေရောင်သံချပ်ကာကို ဝတ်ဆင်ပြီး ရန်သူကို သတ်ရန် တိုက်ပွဲဝင်ခဲ့သော စစ်သူကြီးငယ်လေးတစ်ဦး၏ အရိပ်အယောင်ကို မြင်တွေ့ရန် မခက်ခဲပေ။

 

ကျီယွီကျင်းက အနီရောင်ကိုသာ နှစ်သက်ပုံရသော်လည်း ဤအနီရောင်ကို ဖိနှိပ်နိုင်သော တစ်ဦးတည်းသောသူလည်း ဖြစ်သည်။

 

ချူဖုန်းချင်က ထူထဲသော မြေခွေးသားမွေးအင်္ကျီကို ဝတ်ဆင်ထားဆဲ။ ဤဘဝတွင် အမဲလိုက်ခြင်းက သူ့နှင့် မသက်ဆိုင်ပေ။ သူ အလိုရှိသည်မှာ နွေးထွေးမှုသာဖြစ်သည်။ ယနေ့တွင်လည်း တဲအပြင်ဘက်၌ လေကို ခံစားရဦးမည်ဖြစ်သည်။

 

ကျီယွီကျင်းက ဧကရာဇ်အိုကြီး နိုးထချိန်ကို တိကျစွာ တွက်ချက်ထားသည်။ သူတို့နှစ်ဦး ဧကရာဇ်၏တဲသို့ ဖြည်းညှင်းစွာ လျှောက်သွားသောအခါ ဧကရာဇ်အိုကြီးက သူ၏အဝတ်အစားများကို လဲလှယ်ပြီးခါစပင် ရှိသေးသည်။ အပြင်ဘက်၌ နာရီပေါင်းများစွာကြာသည်အထိ စောင့်နေသော အမတ်အိုကြီးအုပ်စုအတွက် သူ စိတ်မကောင်းဖြစ်သွားရသည်။

 

ယနေ့သည် ဆောင်းတွင်းအမဲလိုက်ခြင်း၏ ပထမနေ့ဖြစ်ပြီး အလံများ တလွှားလွှား၊ ဗုံသံများ ဆူညံပြီး မြင်းဟီးသံများဖြင့် ကျယ်လောင်နေကြသည်။

 

ဤနေရာတွင်ရှိသော အမျိုးသားတိုင်းသည် သူတို့၏သွေးများ ဆူပွက်လာသည်ကို ခံစားရသည်။ ချူဖုန်းချင် မြေခွေးသားမွေးအင်္ကျီကို စုစည်းလိုက်ပြီး သူ့နှုတ်ခမ်းများ အနည်းငယ် ဖြူဖျော့လာရသည်။ သူ ဤကဲ့သို့သောဘဝမျိုးကို တစ်ခါမျှ မခံစားဖူးသေးဘဲ အတော်လေး စိတ်လှုပ်ရှားစရာကောင်းသည်ကို တွေ့ရှိလိုက်ရသည်။

 

သူ့ခန္ဓာကိုယ်အခြေအနေကြောင့် သူသည် မြင်းမစီးခဲ့ဖူးပေ။ ထို့ကြောင့် လွတ်လပ်စွာ စီးနင်းနိုင်သူများကို သူ အနည်းငယ် မနာလိုဖြစ်ခဲ့ရသည်။

 

လက်ရှိဧကရာဇ်သည်လည်း အတိတ်က မြင်းပေါ်၌ တိုက်ပွဲဝင်ခဲ့သည်။ သူက ယခု အိုနေပြီဖြစ်သော်လည်း နှစ်စဉ် ဆောင်းဦးနှင့် ဆောင်းရာသီ အမဲလိုက်ပွဲကို စွန့်လွှတ်ရန် တွန့်ဆုတ်နေဆဲပင်။

 

သူက သံချပ်ကာကို ဝတ်ဆင်ထားပြီး မြင်းမြင့်ပေါ်တွင် စီးနင်းနေသည်။ သူ ဆုကို ဦးစွာ ထုတ်ယူလိုက်သည်။

 

ဒီတစ်ကြိမ် ဆုကတော့ ကျောက်မျက်ရတနာများ စီခြယ်ထားသော ဓားမြှောင်တစ်ချောင်းဖြစ်ပြီး အလွန်နူးညံ့ပြီး လှပနေပုံရသည်။ ဓားအိမ်ထဲမှ ထုတ်လိုက်သည်နှင့် သံကို ပိုင်းဖြတ်လိုက်သည့်နှယ် ငွေရောင်လင်းလက်သွားရသည်။ ၎င်းသည် အခြားနိုင်ငံ၏ သံတမန်တစ်ဦးက ပေးအပ်ခဲ့သော လက်ဆောင်ပဏ္ဏာတစ်ခုဖြစ်သည်။

 

ပထမနေ့တွင် သားကောင်အများဆုံး ရသူသည် ဓားမြှောင်ကို ရရှိမည်ဖြစ်သည်။

 

ကျီယွီကျင်း ချူဖုန်းချင်ဘက်သို့ ကြည့်လိုက်သည်။ သူသည် အလွန်ထင်ရှားသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏လက်ထဲတွင် မြင်းရိုက်ကြိမ်ကို ကိုင်ထားပြီး ကျောဘက်တွင် ငှက်မွေးမြှားများ သယ်ဆောင်ထားသည်။ သူ၏မျက်ခုံးများကို မြှင့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည် “အရင်တစ်ခေါက်က ငါ မင်းအတွက် ဓားမြှောင်တစ်ချောင်း ရှာပေးမယ်လို့ ပြောခဲ့ပေမယ့် ကြည့်ကောင်းတာ မတွေ့ခဲ့ဘူး။ ဒီတစ်ခုက အတော်လေး ကြည့်ကောင်းပြီး မင်းနဲ့ လိုက်ဖက်တယ်” 

 

“ငါ မင်းကို ယူလာပေးတဲ့အထိ စောင့်နေ”

 

ချူဖုန်းချင်၏မျက်လုံးများက ကြည်လင်နေကာ ဤစကားကို ကြားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ သူက “သတိထားပါ” ဟုသာ ပြောလိုက်သည်။

 

သူ့ နှုတ်ခမ်းများကို စေ့လိုက်ပြီး “ရှင့်ကို စောင့်နေမယ်” ဟု ထပ်ပေါင်းပြောလိုက်သည်။

 

ကျီယွီကျင်း သူ၏မျက်လုံးများနှင့် မျက်နှာချင်းဆိုင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားရပြီး သူ့မျက်လုံးများ၌ ဖော်ပြ၍မရသော ခံစားချက်တစ်ခု လင်းလက်သွားတော့သည်။

 

အမိန့်တစ်ခု ပေးလိုက်သောအခါ နှင်းများသည် မြင်း၏ခွာများအောက်၌ ရွှံ့ဖြစ်သွားရတော့သည်။

 

ချူဖုန်းချင် အရပ်ဘက်မင်းမှုထမ်းအုပ်စုနှင့် သူတို့၏မိသားစုများနှင့်အတူ ဘေးတွင် ရပ်နေသည်။ ကျီယွီကျင်းက အချိန်အတော်ကြာ ပြေးနေခဲ့သော်လည်း ရုတ်တရက် သူ့မြင်းကို လှည့်၍ ချူဖုန်းချင်ဆီသို့ ပြန်ပြေးလာသည်။

 

ချူဖုန်းချင် မတုံ့ပြန်နိုင်သေးမီ မြင်း၏နောက်ကျောပေါ်သို့ တင်ခံလိုက်ရပြီးဖြစ်သည်။ 

 

သူ အလွန်ကြောက်လန့်သွားပြီး နောက်သို့လှည့်ကြည့်လိုက်ရာ ကျီယွီကျင်း၏ပြုံးနေသောမျက်လုံးများနှင့် ဆုံတွေ့လိုက်ရသည်။ ထိုသူက အနည်းငယ် ပြုံးနေသည်။

 

 

လူတိုင်းက သူ့ကြောင့် ကြောက်လန့်သွားကြကာ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြပြီးနောက် ထိုသူနှစ်ဦး မြင်းစီး၍ ရှေ့သို့ သွားနေသည်ကို ကြည့်နေလိုက်ကြသည်။

 

အရပ်ဘက်မင်းမှုထမ်းတစ်ဦးက ဟန်ဆောင်ပန်ဆောင်ဖြင့် ပြောလိုက်သည် “ဒီလူက တကယ်ကို စည်းကမ်းမရှိဘူး” 

 

“သူသာ စည်းကမ်းရှိမယ်ဆိုရင် သူ့ကို ကျီယွီကျင်းလို့ ခေါ်ပါဦးမလား... မင်းအသံကို တိုးတိုးပြော။ ဒီနေရာမှာ သူ့နောက်လိုက်တွေ အပြည့်ပဲ။ သတိထား မဟုတ်ရင် မနက်ဖြန် မင်း သူ့လက်ထဲ ရောက်သွားလိမ့်မယ်”

 

“ဒါပေမယ့် သူက သူ့ဇနီးကို တကယ်တန်ဖိုးထားတာ။ ဒါက ရှားတယ်။ ငါက ချူမိသားစုရဲ့ မိန်းကလေး နှစ်ရက်ထက် ပိုအသက်မရှင်နိုင်ဘူးလို့ ထင်ခဲ့တာ။ အခုချိန်ထိ အသက်ရှင်နိုင်မယ်လို့ မထင်ခဲ့ဘူး”

 

သူနှင့် ကျီယွီကျင်းကမူ ထိုသူတို့ ပြောနေသည်များကို မကြားခဲ့ကြပေ။ သူ ချူဖုန်းချင်၏မြေခွေးသားမွေးအင်္ကျီကို အနည်းငယ်ဆွဲတင်လိုက်ပြီး သူ၏မျက်နှာတစ်ဝက်ကိုသာ ပေါ်နေစေခဲ့သည်။

 

သူ၏ပန်းနာရင်ကျပ်ကြောင့် ချူဖုန်းချင်သည် ဝတ်မှုန်နှင့် ဆံပင်ကဲ့သို့သော သေးငယ်သောအရာများကို ထိလွယ်ရှလွယ်၏။ တစ်ခါတစ်ရံ အလွန်အကျွံ ရှူမိပါက ပန်းနာရင်ကျပ်ကိုပင် ဖြစ်စေနိုင်သည်။ သို့သော် ဤမြေခွေးသားမွေးသည် ကောင်းစွာပြုလုပ်ထားပြီး အတွင်း၌ သားရေတစ်ထပ်ပါဝင်သောကြောင့် သူ့အပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိနိုင်ပေ။

 

ကျီယွီကျင်း သူ့ကို ပြုံးပြပြီး “အဲဒီမှာ အသက်ကြီးတဲ့လူတွေနဲ့အတူ နေရတာ အရမ်းပျင်းစရာကောင်းတယ်။ ငါနဲ့အတူ လိုက်လာတာ မကောင်းဘူးလား” ဟု ပြောလိုက်သည်။

 

ချူဖုန်းချင် ခဏမျှ အံ့အားသင့်သွားရသည်။ ကျီယွီကျင်း သူ၏အပေါ်ဝတ်ရုံကို ချွတ်ပြီး ချူဖုန်းချင်ပတ်ပတ်လည်၌ ပတ်ပေးလိုက်သောကြောင့် လေအေးက သူ့ဆီသို့ မရောက်နိုင်တော့ပေ။

 

“ဘာလဲ... မကြိုက်ဘူးလား...”

 

သူ့နားထဲတွင် လေတိုက်သံ ရှိနေပြီး ပတ်ဝန်းကျင်က လျင်မြန်စွာ နောက်တွင် ကျန်နေခဲ့သည်။ ချူဖုန်းချင် ခေါင်းခါပြလိုက်သည်။ ဤအရာသည် သူ တစ်ခါမျှ မခံစားဖူးသော ပျော်ရွှင်မှုတစ်ခုဖြစ်သည်။ မြင်းခွာသံများကြောင့် ရေခဲများ ကွဲသွားပြီး သူ့နှုတ်ခမ်းများလည်း အနည်းငယ် ကွေးညွှတ်သွားရသည်။

 

ကျီယွီကျင်းက သူ့ကို မတူညီသောကမ္ဘာတစ်ခုကို မြင်စေပြီး မည်သည့်ရှင်းပြချက်မှမရှိဘဲ သူ့ကမ္ဘာထဲသို့ ဆွဲခေါ်သွားသည်။

 

ချူဖုန်းချင် ဘာမှ မပြောသော်လည်း သူ၏လက်ကို ကျီယွီကျင်း၏လက်ပေါ်တွင် တင်ကာ ကြိုးများကို ကိုင်ထားလိုက်သည်။ ဤနည်းဖြင့် သူ၏ပျော်ရွှင်မှုကို ဖော်ပြလိုက်သည်။

 

ကျီယွီကျင်း သူ၏လက်များကို ကြည့်ရန် မျက်လုံးများကို နှိမ့်ချလိုက်ပြီး ရှင်းလင်းသောအသံဖြင့် ပြောလိုက်သည် “မင်း ပြောချင်တာကို ပြောပါ၊ မဟုတ်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး” 

 

ချူဖုန်းချင် အနည်းငယ် လန့်သွားပြီး ခံစားချက်မပြခဲ့သော သူ့မျက်လုံးများ၌ ထူးဆန်းသောပုံရိပ်တစ်ခု လင်းလက်သွားရသည်။ ၎င်းက ကျီယွီကျင်း၏ ကြိုးစားမှုဖြစ်သည်ဟု မူလက သူ ထင်ခဲ့သော်လည်း သူ၏မျက်လုံးများထဲရှိ မနာလိုမှုကို ထိုသူ နားလည်ခဲ့ကြောင်း သိလိုက်ရသည်။

 

ဒီလူက တကယ်ကို ကြောက်စရာကောင်းတယ်။ သူ တကယ်ကို ကောင်းကောင်းကြီး ဖုံးကွယ်ထားခဲ့တာပဲကို...