Chapter 33
Viewers 2k

အပိုင်း (၃၃)

 

 

တစ်ဖက်တွင် ဧကရာဇ်သည် အသက်ကြီးပြီဖြစ်သောကြောင့် တစ်ရက်နှင့်တစ်ညအကြာ ခရီးသွားခဲ့ရသော ပင်ပန်းမှုဒဏ်ကို မခံနိုင်တော့ပေ။ သူ ခရီးပန်းတိုင်သို့ ရောက်သည်နှင့် အနားယူရန် ထွက်သွားတော့သည်။ သူ တစ်မှေးလောက် အိပ်ရန် လိုအပ်နေလိမ့်မည်။

 

ကျီယွီကျင်း အရာအားလုံးကို စီစဉ်ပြီးနောက် ဘေးတွင်ရပ်နေသော လီယွီအား လက်ဝှေ့ယမ်းပြလိုက်သည်။

 

လီယွီက မျက်တောင်ခတ်ရင်း “?”

 

သူ ကျီယွီကျင်းဆီသို့ လေးနက်သောမျက်နှာထားဖြင့် လျှောက်သွားလိုက်သည်။ သူ တစ်စုံတစ်ခုကို ပေါ့လျော့မိသွားပြီလားဟု တစ်ခဏမျှ စိတ်မအေးနိုင်ဖြစ်နေသည်။ သူ လျှို့ဝှက်စခန်းကို ကောင်းစွာမစီစဉ်နိုင်ခဲ့သောကြောင့် ကျီယွီကျင်းက သူ့အား ခုနစ်ရက်တိုင်တိုင် လျှို့ဝှက်စခန်းတွင် ရပ်ခိုင်းခဲ့သည်ကို သူ မှတ်မိသည်။

 

ကျီယွီကျင်း သစ်ပင်တစ်ပင်ကို မှီလျက် ရပ်နေပြီး လက်ပိုက်ထားကာ အနီရောင်ဝတ်ရုံကို ဝတ်ထားသည်။ သူ၏ခေါင်းပေါ်ရှိ ဂုဏ်သိက္ခာရှိသော လျန်ကွမ်းပင် သူ၏ဆိုးယုတ်သော စိတ်နေစိတ်ထားကို ဖိနှိပ်နိုင်ခြင်း မရှိပေ။

 

လီယွီ ပို၍ပင် ထိတ်လန့်သွားသည်။ သူ တစ်ခုခု အမှားလုပ်ခဲ့မိပြီလားဟု ကြောက်ရွံ့ရင်း စိတ်ထဲတွင် စခန်းတစ်ခုချင်းစီကို ပြန်စဉ်းစားနေသည်။ ခွေးကောင်ကျီ၏ ဖမ်းဆီးခြင်းကို ခံရပါက ထိုသူက သူ့အား မည်သို့နှိပ်စက်မည်ကို သူ မသိပေ။ သူ တစ်လှမ်းချင်းစီ လှမ်းလာခဲ့ပြီး ဤမျှတိုတောင်းလှသော အကွာအဝေးလေးကို လျှောက်ရန် လက်ဖက်ရည်တစ်ခွက်သောက်စာနီးပါး အချိန်ယူခဲ့ရသည်။

 

ကျီယွီကျင်း စိတ်မရှည်တော့သည့်ကို မြင်သောအခါ သူ အနည်းငယ် အရှိန်မြှင့်လိုက်သည်။ သို့သော် ထင်ရှားသော လျှို့ဝှက်စခန်းများအားလုံးကို စဉ်းစားပြီးနောက် သူ မည်သည့်နေရာတွင် မှားယွင်းသွားသည်ကို နားမလည်နိုင်သေးပေ။

 

သို့သော်...

 

လီယွီက အမြဲတမ်း လိုက်ေလျာညီထွေရှိသူတစ်ဦး ဖြစ်သောကြောင့် သူ ကျီယွီကျင်းဆီသို့ ရောက်သည်နှင့် ကျီယွီကျင်းအား စကားပြောခြင်းမှ တားဆီးရန် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ သူက သနားစရာအကြည့်နှင့် “ကျွန်တော့်အပြစ်ပါ၊ အားလုံးက ကျွန်တော့်အပြစ်ပါ။ ပြောပါ၊ ခင်ဗျား ကျွန်တော့်ကို ဒီတစ်ခါ ဘာအတွက် အပြစ်ပေးမှာလဲ။ ကျွန်တော့်ကို ရှီချန်ကို မသွားခိုင်းသရွေ့ ဘာမဆို အဆင်ပြေပါတယ်” ဟု ပြောလေသည်။

 

ကျီယွီကျင်း: “......”

 

“ကောင်းပြီ၊ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်။ မင်း ပြန်သွားပြီး သုံးရက် ကင်းစောင့်လိုက်”

 

လီယွီ ခေါင်းညိတ်လိုက်သည်။ သုံးရက်က အဆင်ပြေပြီး လက်ခံနိုင်စရာ ဖြစ်သည်။ သူ ဘာမှားသွားသည်ကို မသိသော်လည်း သူ၏အမှားကို ဦးစွာဝန်ခံရဦးမည်။ ဒီတစ်ကြိမ်ကြာချိန်က အရင်ခုနစ်ရက်ထက် တစ်ဝက်ကျော်မျှ လျော့နည်းလေသည်။

 

လီယွီက ကြီးမားသော အမြတ်အစွန်းတစ်ခုကို ရရလိုက်သည့်နှယ် အလွယ်တကူ သဘောတူလိုက်၏။ ကျီယွီကျင်းက သူ့အား ရှုပ်ထွေးသော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် ဖော်ပြရန် ခက်ခဲသော ရှုပ်ထွေးသည့် အကြည့်မျိုးပင်။

 

ထို့နောက် သူ ပျင်းရိစွာ မေးလိုက်သည် “ဒီတစ်ခါ အဒေါ် လိုက်လာလား”

 

လီယွီ အံ့အားသင့်သွားပြီး ရိုးသားစွာ ပြောလိုက်သည် “သူမလည်း ပါတယ်”

 

ကျီယွီကျင်း: “ဒါဆို မင်းအမေကို အဝတ်အစားဆင်ပေးပြီးနဲ့ လိမ်းခြယ်ပေးတဲ့ အစေခံမိန်းကလေးရော...”

 

“သူလည်း ပါတယ်...” လီယွီ မျက်မှောင်ကြုတ်သည်။ “မဟုတ်သေးပါဘူး၊ ခင်ဗျား ဘာလို့ ကိစ္စတိုင်းကို လိုက်ဂရုစိုက်နေတာလဲ... ဘာလို့ ကျွန်တော့်အမေရဲ့ သီးသန့် အစေခံကိုပါ လိုက်ဂရုစိုက်နေရတာလဲ...”

 

ကျီယွီကျင်း လက်သီးကို ဆုပ်၍ နှုတ်ခမ်းများပေါ်သို့ တင်ကာ ချောင်းဟန့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည် “ငါ့မှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့”

 

လီယွီ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ လူဆိုးတစ်ယောက်က သူ့အိမ်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့လို့လား...သူ့ကြောင့်လား... သူ့အမေကို ဓားစာခံအဖြစ် ဖမ်းပြီး သူ့ကို ခြိမ်းခြောက်ချင်တာလား...

 

သူ ကျီယွီကျင်းကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ သူသည် ဤကဏ္ဍကို အမြဲဂရုစိုက်သော ညီအစ်ကိုကောင်းတစ်ယောက် ဖြစ်သည်။ သူ၏ခါးမှ ကနုတ်များ ထွင်းထားသောနွေဦးဓားကို ဆွဲထုတ်လိုက်ပြီး အလျင်အမြန် လျှောက်သွားကာ ပြောလိုက်သည် “ကျွန်တော် သူမကို ချက်ချင်း ခေါ်လာခဲ့မယ်” 

 

ထို့နောက် လီယွီသည် နီရဲနေသောမျက်လုံးများဖြင့် အစိုးရအဖွဲ့၌ ကြီးမားသော အာဏာကို ကိုင်စွဲထားသော ရှီချန်၏ အာဏာရှိ အုပ်ချုပ်ရေးမှူးသည် မိန်းကလေးတစ်ဦး၏ ဆံပင်ကို မည်သို့ဖြီးရမည်ကို  တုန်ယင်နေသော အစေခံမိန်းကလေးတစ်ဦးထံမှ သင်ယူနေသည်ကို ကြည့်နေမိသည်။

 

သူ လုံးဝ စကားမပြောနိုင်တော့ပေ။ “သောက်ကျိုးနည်း! ကျီယွီကျင်း၊ ငါတို့ထဲက တစ်ယောက်ယောက်ကတော့ ရူးတော့မယ်”

 

သူ၏ဦးနှောက်ကို ဖျစ်ညှစ်ထုတ်လျှင်တောင်မှ ကျီယွီကျင်းက သူ့အမေ၏ အစေခံမိန်းကလေးအား ရှာနေခြင်းမှာ အမျိုးသမီးများအတွက် ဆံပင်ပုံစံကို မည်သို့ပြုလုပ်ရမည်ကို လေ့လာရန်အတွက် ဖြစ်နေလိမ့်မည်ဟု သူ တွေးမရနိုင်။ ဤလောကသည် အလွန်ပင် မှော်ဆန်လှ၏။

 

 

ကျီယွီကျင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ အနည်းငယ် မှတ်မိသွားသော်လည်း လီယွီက သူ့အား အနှောင့်အယှက်ပေးသောအခါ ပြန်၍ မေ့သွားခဲ့သည်။ ဤအရာသည် အရိုးရှင်းဆုံးအရာဟု သူ တွေးခဲ့သော်လည်း ဤမျှလောက် ရှုပ်ထွေးလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ချေ။

 

သူ လျှာဖျားဖြင့် ပါးစောင်ကို ထိုးလိုက်ပြီး လီယွီအား ကြည့်ရန် ခေါင်းမော့လိုက်သည်။

 

လီယွီ: “အစ်ကိုကြီး၊ ကျွန်တော် မှားသွားပါတယ်”

 

သို့သော် နောက်ကျသွားချေပြီ။ ကျီယွီကျင်း တည်ငြိမ်စွာ ခေါ်လိုက်လေသည် “ချင်နျောင်” 

 

လီယွီ: “....”

 

ဤတစ်ကြိမ်တွင် လီယွီသည် ချင်နျောင်က သူ့အား ချည်နှောင်သောအခါ မည်သည့် ခါးသီးမှု သို့မဟုတ် မုန်းတီးမှုအမူအရာကိုမှ မပြသခဲ့ပေ။ ထို့အစား  သနားစရာမျက်လုံးများဖြင့် ကျီယွီကျင်းကို ကြည့်လိုက်သည်။ သူ့ပုံစံမှာ သနားချင့်စဖွယ်။

 

နောက်ပိုင်းတွင် သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ “အဆင်မပြေရင် အစေခံမိန်းကလေးကို ခင်ဗျားဆီ ငှားလိုက်ဖို့ ကျွန်တော့်အမေကို ပြောပေးပါ့မယ်၊ ခင်ဗျား ဒီဆံပင်ပုံစံကို သင်နေစရာ မလိုပါဘူး” ဟု ဆိုလိုက်သည်။

 

ကျီယွီကျင်း မျက်ခုံးများကို ပင့်လိုက်ပြီး နှုတ်ခမ်းများကို ကွေးညွှတ်ကာ “မင်း နားမလည်ပါဘူး” ဟု ပြောလိုက်သည်။

 

အခြားတစ်ဖက်တွင် ချူဖုန်းချင်သည် မနေ့က အတော်လေး ကောင်းမွန်စွာ အိပ်ပျော်ခဲ့သောကြောင့် ယနေ့ အနားယူရန် ရည်ရွယ်ချက် မရှိပေ။ သူ ဆေးကျမ်းစာအုပ်တစ်အုပ်ကို ရှာဖွေပြီး စားပွဲတွင် ထိုင်ကာ ၎င်းကို ဂရုတစိုက် ဖတ်နေသည်။ ဤစာအုပ်ကို ကျီယွီကျင်းက တစ်နေရာရာမှ ရှာဖွေခဲ့ခြင်းဖြစ်ပြီး သူ စိတ်အပန်းပြေစေရန် ထိုစာအုပ်ကို ပေးခဲ့ခြင်းဖြစ်သည်။

 

စာအုပ်ထဲတွင် ရှေးဟောင်းဆေးညွှန်းများစွာ ရှိပြီး ဆေးများ၏ ပေါင်းစပ်မှုများသည် အလွန် ဆန်းသစ်သည်။ သူ စိတ်ဝင်စားသွားရသည်။ သူ၏ပန်းနာရင်ကျပ်နှင့် မွေးရာပါ ရောဂါများအတွက်လည်း ဆေးညွှန်းအချို့ ရှိပြီး ၎င်းတို့သည် သူ တစ်ခါမှ မတွေးဖူးသော ဆေးညွှန်းများ ဖြစ်သည်။ သူ ဖတ်နေရင်း သူ၏မျက်လုံးများက ပိုမိုတောက်ပလာလေသည်။

 

၎င်းသည် သူ့အတွက် တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်သကဲ့သို့ပင်။ လုံးဝ ဆက်စပ်မှုမရှိသော ဆေးဖက်ဝင်အပင်များကို အတူတကွ ပေါင်းစပ်နိုင်သည်ဟု သူ ယခင်က တွေးခဲ့ဖူးသည်။ ဆေးနှစ်မျိုးကို ရောစပ်ခြင်းက အဆိပ်ဖြစ်စေနိုင်လိမ့်မည်ဟု ယခင်က တွေးခဲ့သော်လည်း ထိုစာအုပ်တွင် ဆေးပမာဏဟူသော သဘောတရားအသစ်ကိုလည်း ဖော်ပြထားသည်။

 

ဆေး၏ ရဲရင့်ပြီးဆန်းသစ်သော အသုံးပြုမှုက သူ၏နှလုံးသားကို မိုးခြိမ်းသံကဲ့သို့ ခုန်စေခဲ့သည်။ ဤစာအုပ်ကို ရေးသားခဲ့သူသည် ဆေးပညာ၏ ကြီးမြတ်သော ဆရာတစ်ဆူ ဖြစ်ရမည်။

 

သူ စာဖတ်နေစဉ် အချိန်ကိုပင် မေ့သွားရသည်။ အပြင်ဘက်မှ လူအုပ်စုက ပြန့်ကျဲသွားပြီး တဲအတွင်းမှ မီးသွေးများကို နှစ်ကြိမ် ထည့်လိုက်ချိန်မှသာ သူ့ခေါင်းကို မော့လိုက်ပြီး သူ၏ညောင်းညာသော လည်ပင်းကို ပွတ်သပ်လိုက်သည်။

 

သူ မော့ကြည့်လိုက်သောအခါ ကျီယွီကျင်းသည် မျက်လုံးများကို ပိတ်လျက် အိပ်ရာပေါ်၌ မှီနေသည်ကို သူ မြင်လိုက်ရသည်။ သူ အနည်းငယ် အံ့အားသင့်သွားသည်။ သူ ဘယ်အချိန်က ဝင်လာခဲ့တာလဲ... သူ့ကိုတောင် သတိမထားခဲ့မိဘူး...

 

သူ၏အဝတ်အစားများ ပါးလွှာနေသည်ကို မြင်သောအခါ ချူဖုန်းချင် သူ့အပေါ်သို့ မြေခွေးသားမွေးအင်္ကျီကို ခြုံပေးရန် လျှောက်သွားလိုက်သည်။ ခြုံပေးလိုက်ချိန် သူ၏လက်ကို ဆုပ်ကိုင်ခံလိုက်ရသည်။ သူ အကြည့်များကို အောက်ချလိုက်သောအခါ ထိုသူ၏မျက်လုံးများက ကြည်လင်နေပြီး ယခုမှ နိုးလာသောသူနှင့် မတူပေ။

 

ကျီယွီကျင်း သူ၏လက်ကို လွှတ်ပေးပြီး ထိုင်ကာ ပြောလိုက်သည် “မင်းကို စောင့်နေတာ အကြာကြီးပဲ”

 

ချူဖုန်းချင်: “ဒါဆို ဘာလို့ ကျွန်မကို မခေါ်တာလဲ...”

 

ကျီယွီကျင်း သူ၏ခြေထောက်များကို ဆန့်ထုတ်ပြီး  မှီလိုက်ပြန်သည် “မင်း အာရုံစိုက်ပြီး ဖတ်နေတာ တွေ့လို့လေ။ အဲ့ဒါကြောင့် အနှောင့်အယှက်မပေးတော့တာ”

 

ချူဖုန်းချင် စာဖတ်နေသည်ကို သူ ဘယ်လောက်ကြာကြာ ထိုင်ကြည့်နေနိုင်သည်ကို ဘုရားသခင်သာလျှင် သိလိမ့်မည်။

 

“ဒီအကြောင်း မပြောတော့ဘူး။ မင်းဆံပင်ကို ငါ ကူဖြီးပေးမယ်”

 

ချူဖုန်းချင်: “...”

 

အကြောင်းတစ်ခုခုကြောင့် သူ ကျီအိမ်တော်သို့ လက်ထပ်ဝင်ရောက်ခဲ့သောနေ့ကထက်ပင် ပိုမိုဆိုးရွားသော ခံစားမှုတစ်ခုကို ရလိုက်သည်။

 

“....”

 

ချူဖုန်းချင် ငြင်းရန် ပါးစပ်ဖွင့်လိုက်သော်လည်း ကျီယွီကျင်းက သူ၏လမ်းကို ပိတ်လိုက်သည်။ သူက မှောင်မိုက်နေသောမျက်နှာဖြင့် ပြောလိုက်သည် “မင်း ငြင်းရဲလား... စမ်းကြည့်လိုက်လေ” 

 

ချူဖုန်းချင်: “....”

 

ကျီယွီကျင်း ဘီးကို အသုံးပြုပြီး သူ၏ဆံပင်ကို အပေါ်မှ အောက်သို့ နည်းနည်းချင်း ဖြီးပေးသည်။ ချူဖုန်းချင် သူ့ဆံပင်များ ကျီယွီကျင်း၏လက်ထဲသို့ ကျရောက်နေသည်ကို ကြေးမုံထဲတွင် ကြည့်နေလေသည်။ သူ၏ဆံပင်များကို စိုက်ကြည့်နေရင်း ကျီယွီကျင်းစိတ်မကြည်ဖြစ်ကာ သူ့ဆံပင်အားလုံးကို ဖြတ်ပစ်ခြင်း သို့မဟုတ် သူ၏ဆံပင်များကို ထိတ်လန့်စရာကောင်းသော ဆံပင်ထုံးအဖြစ် ထုံးပစ်လိုက်မည်ကို ကြောက်ရွံ့နေခဲ့သည်။

 

 

ထိုသူ၏ပိန်သွယ်သောလက်ချောင်းများက သူ့ဆံပင်များထဲတွင် ပြေးလွှားနေပြီး ထိုသူက အားခပ်ဖျော့ဖျော့ကိုသာ သုံးခဲ့သည်။ သူ၏လက်များမှ နွေးထွေးမှုသည် ချူဖုန်းချင်ထံသို့ ဖြည်းညှင်းစွာ စိမ့်ဝင်လာသောအခါ ချူဖုန်းချင် အနည်းငယ် အံ့အားသင့်သွားရသည်။

 

သူ၏မျက်လုံးများက မသိစိတ်ဖြင့် အပေါ်သို့ ရွေ့လျားသွားပြီး ထိုသူ၏နှုတ်ခမ်းများ တင်းတင်းကျပ်ကျပ် စေ့ထားသည်ကို မြင်လိုက်ရသည်။ သူ၏ခန့်ညားသောမျက်ခုံးများက အနည်းငယ် တွန့်လိမ်နေပြီး အင်အားကြီးသောရန်သူကို ရင်ဆိုင်နေရသည့်နှယ်၊ ထိုသူသည် အသေးစိတ်အကျဆုံး ကာကွယ်ရေးနည်းဗျူဟာမြေပုံကို အလေးအနက်ထား ဒီဇိုင်းဆွဲနေသကဲ့သို့ပင်။

 

နောက်တစ်ခဏတွင် ကျီယွီကျင်းသည် တစ်စုံတစ်ရာကို ခံစားမိသည့်အလား ကြေးမုံထဲသို့ ကြည့်လိုက်သည်။ ချူဖုန်းချင် သူ့အား ရှောင်တိမ်းနိုင်စွမ်းမရှိဘဲ သူတို့၏မျက်ဝန်းများ ကြေးမုံထဲတွင် ဆုံတွေ့သွားကြသည်။

 

ချူဖုန်းချင် သူ၏နှုတ်ခမ်းများကို စေ့လိုက်မိသည်။ သူ ရုတ်တရက် စိတ်ရှုပ်ထွေးသွားပြီး ရှင်းပြသင့်သည်ဟု မသိစိတ်က ခံစားလိုက်ရသည်။ သို့သော် သူ ပါးစပ်ဖွင့်နိုင်ခြင်းမရှိမီ ကျီယွီကျင်းက “ကျစ်” ဟု စုတ်သပ်လိုက်ပြီး “ဒီလောက် ခုခံမနေပါနဲ့၊  ငါ ဖရိုဖရဲ ဖြစ်​အောင်မလုပ်ပါဘူး” ဟု ပြောလိုက်သည်။

 

ဆံပင်ကို ထုံးပြီးနောက် ချူဖုန်းချင် ကြေးမုံထဲတွင် သူ့ကိုယ်သူ ကြည့်လိုက်သည်။ ၎င်းသည် အလွန်ရိုးရှင်းပြီး သာမန်ဆံပင်ထုံးတစ်ခုသာ ဖြစ်သော်လည်း ၎င်းကို ထုံးပေးသူက သိသိသာသာပင် အတွေ့အကြုံမရှိသူ ဖြစ်သည်။ ဆံထုံးသည် ချောချောချူချူမရှိဘဲ ဆံပင်အနည်းငယ်က ကျနေသေးသည်။ သို့သော်လည်း လက်ခံနိုင်စရာပင်။

 

ကျီယွီကျင်း သူ၏နှုတ်ခမ်းများကို ကွေးညွှတ်ပြီး အရှက်မရှိ မေးလိုက်သည် “ဘယ်လိုလဲ... ငါ တော်တော်ကျွမ်းတယ်မလား...ဟုတ်တယ်မလား” 

 

ချူဖုန်းချင် သူ့အား တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးများက အနည်းငယ် ကွေးသွားရသည်။ “အင်း၊ ကြည့်လို့ကောင်းတယ် ကျေးဇူးတင်ပါတယ်”

 

သူ ပြောနေစဉ် သူ၏လက်များဖြင့် ထိလိုက်ရာ အတော်လေး ခိုင်မြဲသည်ကို တွေ့လိုက်ရသည်။ ချူဖုန်းချင် ဆံပင်ထုံးအတွက် မည်သည့် လိုအပ်ချက်မှ မရှိပေ။ အရမ်းထူးဆန်းမနေသရွေ့၊ ထိုဆံထုံးနှင့် အပြင်ထွက်နိုင်သရွေ့ အဆင်ပြေသည်။

 

ချူဖုန်းချင်၏ ချီးမွမ်းခြင်းကို ခံရသော ကျီယွီကျင်းသည် သူ၏နှုတ်ခမ်းများကို ကွေးညွှတ်လိုက်ပြီး သူ၏လက်များကို ကြည့်ရန် မျက်လုံးများကို နှိမ့်ချလိုက်သည်။

 

သူ သလွန်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး သူ၏မျက်လုံးများကို အနည်းငယ် မြှင့်ကာ လက်များကို သူ၏ခေါင်းနောက်ဘက်၌ ထားလျက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “သာမန်အမျိုးသမီးတွေက အသွင်အပြင်ကို အရမ်း တန်ဖိုးထားကြတယ်၊ ဒါပေမဲ့ မင်းကတော့ အေးဆေးပဲနော်” 

 

ချူဖုန်းချင်: “အရေးပေါ်အခြေအနေမျိုးမှာ အပြင်ရောက်နေရင် အရာအားလုံးကို ရိုးရိုးရှင်းရှင်းပဲ ထားသင့်တယ်”

 

ကျီယွီကျင်း သူ၏မျက်လုံးများကို မှေးလိုက်ပြီး နောက်တစ်ခဏတွင် ထရပ်ကာ ပြောလိုက်သည် “ဟုတ်တယ်၊ သွားကြစို့၊ အရှင်မင်းကြီး နိုးတော့မယ်”

 

ဧကရာဇ်မင်း နိုးလာပြီးနောက် အရာရှိများအားလုံးနှင့် သူတို့၏မိသားစုများသည် သူ့အား သွားတွေ့ပြီး ဂါဝရပြုရမည်ဖြစ်သည်။

 

ချူဖုန်းချင် သူ၏လက်ထဲမှ မြေခွေးသားမွေးအင်္ကျီကို ယူပြီး ဝတ်ဆင်လိုက်သည်။ တံခါးမှ ထွက်လာချိန် သူ အခန်းအတွင်းအပြင်ရှိ အပူချိန်ကွာခြားချက်ကြောင့် ချက်ချင်း တုံ့ဆိုင်းသွားရသည်။ သူ လေအေးဒဏ်ကြောင့် လည်ချောင်းနာပြီး အကြိမ်များစွာ ချောင်းဆိုးလိုက်သည်။

 

ကျီယွီကျင်းက အနက်ရောင်ဝတ်ရုံသို့ ပြောင်းလဲဝတ်ဆင်ထားသည်။ သူ ပြောလိုက်သည် “နေမကောင်းတဲ့ ပျိုးပင်လေး၊ ဒီဘက်ကိုလာ။ မင်းအတွက် လေကာပေးထားမယ်” 

 

ချူဖုန်းချင် သူ၏နှုတ်ခမ်းများကို စေ့လိုက်ပြီး သူ့ဘေးသို့ လျှောက်သွားလိုက်သည်။

 

ကျီယွီကျင်း လက်ကို ဆန့်ထုတ်ပြီး သူ့အား ဆွဲခေါ်ကာ သူ၏အပေါ်ဝတ်ရုံကို ဖြန့်လိုက်ပြီး လေအေးများအား ကာဆီးပေးလိုက်သည်။

 

ဧကရာဇ်မင်း၏တဲသို့ ရောက်လာပြီးနောက် သူတို့ အချိန်အနည်းငယ် စောင့်ဆိုင်းပြီးမှ ဧကရာဇ်မင်းက ထွက်လာသည်။

 

ဧကရာဇ်မင်း ဘာဖြစ်နေသည်ကို မသိပေ။ သူ အနည်းငယ် ရုပ်ဆိုးပြီး နုံးချိနေပုံရသည်။ သူ ထိုင်ခုံတွင် နောက်သို့မှီကာ ထိုင်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ လူတိုင်းကို သူ့အား လာတွေ့ရန် ပြောလိုက်သည်။

 

ထို့နောက် သူ စကားအနည်းငယ်ပင် မပြောဘဲ ထွက်သွားခဲ့သည်။ လက်ဖက်ရည်နှစ်ခွက်သောက်စာပင် မကြာခဲ့ပေ။ 

 

ချူဖုန်းချင် ပို၍ အာရုံစိုက်ပြီး ဧကရာဇ်၏မျက်နှာအမူအရာကို အနည်းငယ် ထပ်၍ ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ သူ၏ဘေးတွင် ရပ်နေသော ကျီယွီကျင်းအား တိုးတိုးလေး ပြောလိုက်သည် “အရှင်မင်းကြီးရဲ့ မျက်နှာအမူအရာ မကောင်းဘူး တစ်ခုခုဖြစ်နေပုံပဲ”

 

ကျီယွီကျင်း သူ့အကြည့်အတိုင်း လိုက်ကြည့်သော်လည်း ဘာမှ မမြင်ရပေ။

 

သူ ညင်သာစွာ ပြောလိုက်သည် “ကောင်းပြီ၊ လူလွှတ်ပြီး သွားကြည့်ခိုင်းလိုက်မယ်”

 

 

သူတို့ ယနေ့မှ ယွီတောင်သို့ ရောက်ခါစ ဖြစ်သောကြောင့် ယနေ့ အမဲလိုက်ခြင်း မပြုလုပ်ကြပေ။ ထိုအစား ဤအချိန်ကို အနားယူရန်နှင့် ဘေးအန္တရာယ်များကို တစ်ခုချင်းစီ ဖယ်ရှားရန် အသုံးပြုခဲ့ကြပြီး မနက်ဖြန် ဆောင်းတွင်းအမဲလိုက်ပွဲ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ရန် သေချာစွာ စစ်ဆေးခဲ့ကြသည်။

 

မျက်တောင်တစ်ခတ်အတွင်း ည ရောက်လာပြီ။ ယနေ့သည် လပြည့်ည ဖြစ်သည်။ ထူးခြားသည်မှာ တစ်နေ့လုံး ကျဆင်းခဲ့သော နှင်းမှုန်များက နောက်ဆုံးတွင် ရပ်တန့်သွားခြင်းပင်။ ချူဖုန်းချင် လက်ဆန့်ထုတ်ပြီး ပြတင်းပေါက်မှ ဝင်ရောက်လာသော လရောင်အချို့ကို ဖမ်းဆုပ်လိုက်သည်။

 

သူ မြေခွေးသားမွေးအင်္ကျီကို ဝတ်ပြီး အပြင်သို့ လျှောက်သွားလိုက်သည်။

 

မော့ကြည့်လိုက်သောအခါ နက်ပြာရောင်ညကောင်းကင်သည် အလွန်သန့်ရှင်းနေသည်။ ကြီးမားသော လပြည့်ဝန်းသည် ကောင်းကင်ယံတွင် မြင့်မားစွာ ချိတ်ဆွဲထား၏။ လရောင်သည် ကမ္ဘာမြေပေါ်သို့ ညင်သာစွာ ဖြန်းပက်နေပြီး နှင်းဖြူများက ကြည်လင်လာရသည်။

 

သူ အဖြူရောင်ဝတ်ရုံဖြင့် ထိုနေရာ၌ ရပ်နေပြီး လရောင်ခံနေသည်။ သူ၏အဝတ်အစားများက တလွှားလွှား လွင့်ပျံနေသည်။ လဝန်းကြီးက ဘက်လိုက်လျက် အလင်းရောင်အားလုံးကို သူ့အပေါ် ဖြန်းပက်ထားသည်။

 

ကျီယွီကျင်း လျှောက်လာသောအခါ ထိုမြင်ကွင်းကို မြင်လိုက်ရပြီး သူ ထိုအခိုက်အတန့်လေးကို ဖျက်ဆီးသွားမိမည်ကို တွန့်ဆုတ်နေမိသည်။

 

သူ ဘေးတွင်ရပ်ပြီး တိတ်တဆိတ် ကြည့်နေခဲ့သော်လည်း ခဏအကြာတွင် လေတိုက်ခတ်လာပြီး အအေးဒဏ်က သူ၏ခြေဖဝါးမှ ဖြည်းညှင်းစွာ တက်လာလေသည်။ ကျီယွီကျင်း သူ့ဆီသို့ လျှောက်သွားလိုက်သည်။

 

“မအေးဘူးလား...”

 

ချူဖုန်းချင် ကျီယွီကျင်းကို မြင်သွားပြီး “အေးတယ်” ဟု ပြန်ဖြေလိုက်သည်။

 

ကျီယွီကျင်း သူ့အား ရေနွေးအိတ် ကမ်းပေးလိုက်ပြီး “အေးနေတာတောင် လေကောင်းလေသန့်ရဖို့အတွက်နဲ့ မင်း ပြေးထွက်လာရဲသေးတယ်” ဟု ပြောလိုက်သည်။

 

ချူဖုန်းချင် သူ၏နှုတ်ခမ်းများကို အနည်းငယ် ကွေးညွှတ်လိုက်ပြီး လကို မော့ကြည့်လိုက်သည်။ သူ၏အသံက အေးစက်သော်လည်း ညင်သာ၏။ “အေးတာထက် ပိုအရေးကြီးတဲ့ အရာတွေ အမြဲရှိတယ်၊ ဒီညရဲ့ လရောင်လိုပေါ့။ အရမ်းလှတယ်၊ အပြင်ထွက်ပြီး လရောင်မလှုံရင် ဒီကြီးမြတ်တဲ့အချိန်ကို ဖြုန်းတီးလိုက်သလို ဖြစ်သွားမှာပေါ့"

 

ကျီယွီကျင်း သူ့အား ဘေးတိုက်ကြည့်လိုက်သည်။ သူ၏အနီရောင်နှုတ်ခမ်းများက အနည်းငယ် ကွေးညွှတ်နေ၏။ “လရောင်လှုံတယ်...ဘယ်လောက်တောင် ခံစားလို့ကောင်းလိုက်မလဲ”

 

သူ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ပြီး တိတ်ဆိတ်သောအခိုက်အတန့်ကို ခံစားနေသည်။ လေသည် သူ၏နားများဘေးမှ တိုက်ခတ်သွားသည်။ ဆူညံသံမရှိ၊ ပိုးကောင်များ၏ အော်သံမရှိ၊ အဆုံးမရှိသော လေတိုက်သံနှင့် လွတ်မြောက်ခြင်းသာ ရှိ၏။

 

သူ၏စိတ်နှလုံးက ဖြည်းညှင်းစွာ ငြိမ်သက်သွားရသည်။ သူ ငြိမ်းချမ်းမှုကို မခံစားခဲ့ရသည်မှာ မည်မျှကြာပြီဆိုသည်ကိုပင် မမှတ်မိတော့။ သူ၏မိခင် ကွယ်လွန်ပြီးနောက်ပိုင်း သူ ဓားသွားပေါ်၌ နေထိုင်ခဲ့ရသည်။ လရောင်က ဤမျှလှပသည်ကို မည်သူကမှ သူ့အား မပြောပြခဲ့ပေ။

 

သူတို့နှစ်ဦး အချိန်အတော်ကြာ ထိုနေရာ၌ ရပ်နေကြပြီး နောက်ဆုံးတွင် ချူဖုန်းချင် ချောင်းဆိုးလိုက်သောကြောင့် အဆုံးသတ်သွားရသည်။ သူတို့ ပြန်လာပြီးနောက် ဆေးကျိုသောက်လိုက်ပြီး ပြန်၍ အဖျားကြီးလာမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။

 

ကျီယွီကျင်းက သူ့အား ပြက်ရယ်ပြုစကားအနည်းငယ် ပြောဆိုခဲ့ရာ ချူဖုန်းချင်က သူ့အား ခပ်ပေါ့ပေါ့ ကြည့်လိုက်သည်။ သူတို့နှစ်ဦး ရယ်မောခြင်းကို မထိန်းချုပ်နိုင်ခဲ့ကြပေ။ သူတို့ လုပ်ခဲ့သည်မှာ အမှန်ပင် ကလေးဆန်လှသည်။

 

ညဘက်တွင် သူတို့နှစ်ဦးသည် မတူညီသော အိပ်ရာများ၌ အိပ်ကြရသည်။ ပိုမိုသန်မာသော ကျီယွီကျင်းက သလွန်ပေါ်၌ အိပ်ပြီး ချူဖုန်းချင်ကမူ အိပ်ရာပေါ်၌ အိပ်သည်။

 

ညသန်းခေါင် အမှောင်ထဲတွင် ချူဖုန်းချင် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ အရမ်းအေးနေသောကြောင့် သူ အိပ်မပျော်နိုင်ပေ။ သူ ဘာလုပ်လုပ် စောင်က နွေးမလာဟု ခံစားလိုက်ရသည်။ သူ အနည်းငယ် မူးဝေနေသည်ဟုလည်း ခံစားနေရသည်။ သူ ဤအတိုင်း ဆက်မနေနိုင်တော့ပေ။ သူ ဤအတိုင်း ဆက်နေပါက မနက်ဖြန် ထနိုင်တော့မည် မဟုတ်ပေ။

 

သူ ထထိုင်လိုက်သည်။ အခန်းအလယ်ရှိ မီးသွေးမီးဖိုက တောက်ပစွာ လောင်ကျွမ်းနေသော်လည်း သူ့အတွက် အသုံးမဝင်သကဲ့သို့ပင်။  ယခင်ကအတိုင်းပင် အေးနေသေးသည်။

 

မနေ့က သူ ကျီယွီကျင်း၏ ကိုယ်အပူရှိန်ကြောင့် ကောင်းကောင်းအိပ်ပျော်ခဲ့သည်ကို ရုတ်တရက် မှတ်မိသွားခဲ့သည်။

 

သူ ကျီယွီကျင်းကို ကြည့်လိုက်မိသည်။ သူ  အိပ်ပျော်သွားတာ ကြာပြီလား... ဒါမှမဟုတ် မအိပ်သေးဘူးလား....ဟု သူ တွေးမိသည်။ သူ၏အသက်ရှူသံက ခပ်မှန်မှန်ဖြစ်နေပြီး အခြားအသံ မရှိပေ။ မည်သို့ပင်ဖြစ်စေ၊ သူတို့ မနေ့က အတူတူ အိပ်ခဲ့ကြပြီး သူတို့နှစ်ဦးလုံးက ယောက်ျားများဖြစ်သောကြောင့် ယနေ့လည်း အတူတူ အိပ်ခြင်းက အဆင်ပြေလိမ့်မည်။

 

သူ နှုတ်ခမ်းများကို စေ့လိုက်ပြီး ထရပ်ကာ သူ၏ခေါင်းအုံးကို ပွေ့ဖက်လျက် ကျီယွီကျင်းဆီသို့ လျှောက်သွားလိုက်သည်။

 

 

သူ သလွန်ရှေ့၌ ရပ်ပြီး တိတ်တဆိတ် လှဲချရမည်လား၊ သို့မဟုတ် ကျီယွီကျင်းကို နှိုးပြီး တောင်းဆိုရမည်လားဟု စဉ်းစားနေခဲ့သည်။ သို့သော် တစ်စုံတစ်ဦး၏ ချိုမြိန်သော အိပ်မက်ကို နှောင့်ယှက်ခြင်းက မကောင်းပေ။

 

သူ ခေါင်းခါလိုက်ပြီး “ထားလိုက်ပါတော့၊ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး” ဟု တွေးလိုက်သည်။

 

သူ လှည့်ထွက်သွားတော့မည့်ဆဲဆဲတွင် ကျီယွီကျင်းက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ပြီး မေးလိုက်သည် “မင်း... ငါ့အိပ်ရာပေါ် တက်မလို့လား...”