အပိုင်း (၃၂)
ချူဖုန်းချင်၏သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားရသည်။ ကျီယွီကျင်း သူ့အား ကြည့်လျက် နှုတ်ခမ်းများကို ကွေးညွှတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို ပြောချင်ဟန်ဖြင့် ပါးစပ်လှုပ်ရုံ ပြောလေသည်။ သို့သော် အလွန်အလှမ်းဝေးနေသောကြောင့် ချူဖုန်းချင် ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။
ချူဖုန်းချင် မျက်နှာလွှဲလိုက်ပြီး ထိုသူ့အား ဆက်မကြည့်တော့ပေ။ သို့သော် ဤကဲ့သို့ ဖမ်းမိသွားခြင်းကြောင့် သူ ထိုသူ့အား ခိုးကြည့်နေသကဲ့သို့ပင် ခံစားနေရသည်။ သူ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရ၏။ သူ့ဆံပင်များထဲတွင် ဝှက်ထားသော နားရွက်ဖျားများက တိတ်တဆိတ် ပန်းရောင်သမ်းသွားကြသည်။
သူ ခဏတာရပ်နေစဉ် ခြေထောက်များ ထုံကျင်လာသည်ကို ခံစားလိုက်ရသည်။ သူ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သော်လည်း မမျှော်လင့်ဘဲ သူ့ခြေထောက်အောက်၌ ကျောက်တုံးတစ်တုံး ရှိနေပြီး ချော်လဲကာ တိုက်မိသွားခဲ့သည်။
သူ လဲကျမည်ကို ကြောက်ရွံ့ခဲ့သော်လည်း နောက်တစ်ခဏတွင် သူ၏နောက်ဘက်၌ အပူရှိန်တစ်ခုကို ခံစားလိုက်ရပြီး လက်တစ်စုံက သူ၏ပခုံးများကို ထောက်ပံ့ပေးထားသောကြောင့် ခလုတ်တိုက်၍ နာကျင်ခြင်း မရှိတော့ပေ။
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ ကျေးဇူးတင်စကား ပြောတော့မည့်ဆဲဆဲတွင် နွေးထွေးသော မျက်ဝန်းတစ်စုံကို မြင်လိုက်ရသည်။ ထိုသူ၏မျက်ခုံးများသည် ကွေးညွတ်နေပြီး နှုတ်ခမ်းများက အနည်းငယ် ကော့တက်နေသည်။ ထိုသူ၏အသံကပင် နွေဦး စမ်းချောင်းသဖွယ် နူးညံ့စွာ စီးဆင်းနေသယောင်။
“ဂရုစိုက်ဦး”
ဒုတိယမင်းသား ကျောက်ယီယွီသည် သူ မတ်တပ်ရပ်နိုင်သည်ကို မြင်ပြီးနောက် သူ့အား လွှတ်ပေးလိုက်သည်။ သူ၏လှုပ်ရှားမှုတိုင်းက မှန်ကန်သည်၊ ယဉ်ကျေးသည်၊ ထိန်းထိန်းသိမ်းသိမ်းရှိသည်။
ချူဖုန်းချင် သူ့အား မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပြီး ဦးညွှတ်လျက် “ဒုတိယ အရှင်မင်းသားကို နှုတ်ဆက်ပါတယ်။ ခုနက ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်
သူ ကျောက်ယီယွီအပေါ် အထင်အမြင်ကောင်း မရှိပေ။ အဓိကအားဖြင့် ထိုသူနှင့် သူ၏ညီမ ချူယင်ယင်ကြားမှ စေ့စပ်ပွဲကြောင့် ဖြစ်သည်။ သူ၏မိသားစုအရေးအခင်းဖြစ်ပြီး နောက်တစ်နေ့တွင် စေ့စပ်ပွဲ ဖျက်သိမ်းခံလိုက်ရသည်။ ဧကရာဇ်မင်း၏ အမိန့်ဖြစ်သည်ဟု ချူဖုန်းချင်၏မိခင်အား အကြောင်းပြချက် ပေးခဲ့သော်လည်း ချူဖုန်းချင်ကမူ သူတို့၏နောက်ကွယ်၌ တစ်စုံတစ်ရာ လှည့်စားထားခြင်း မရှိသည်ကို မယုံ။
ကျောက်ယီယွီ ခေါင်းခါပြီး ပြောလိုက်သည် “ယင်ယင်.... မင်း ငါ့ကို စိမ်းကားသွားပြီ။ အရင်က ပိုခဲ့တဲ့စာတွေထဲမှာ ငါတို့က ဒီလို မဟုတ်ခဲ့ဘူး”
စာလား... သူ့ညီမက ဒီလူနဲ့ စာတွေဖလှယ်ဆက်သွယ်ခဲ့တာလား...
ချူဖုန်းချင် အနည်းငယ် စိတ်မအေးမချမ်းဖြစ်နေရသည်။ သူ မျက်မှောင်ကြုတ်ပြီး ထိုသူ့အား ကာမဂုဏ်ခံစားလိုသူကဲ့သို့ ကြည့်လိုက်သော်လည်း ထိုသူက ဘာမှ မခံစားရပေ။
ကျောက်ယီယွီ သူ၏ခေါင်းကို တို့ထိတော့မည့်အလား လက်ဆန့်ထုတ်လိုက်သော် ချူဖုန်းချင်က သူ့အား ရှောင်တိမ်းလိုက်သည်။
ကျောက်ယီယွီ သူ၏လက်ဗလာကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားရသည်။ သူ၏မျက်လုံးများ မှောင်မိုက်သွားသော်လည်း သူ၏မျက်နှာအမူအရာက အများကြီး မပြောင်းလဲပေ။ သူက “ယင်ယင်က ငါနဲ့ တကယ်ကို စိမ်းကားသွားပြီ” ဟုသာ ပြောလာသည်။
ချူဖုန်းချင်: “ဒုတိယမင်းသားက အရမ်း အလေးအနက်ထားလွန်းနေပါပြီတယ်... ကျွန်မက လက်ထပ်ပြီးပြီမို့ ရှင်နဲ့ မထိုက်တန်ပါဘူး။ ကျွန်မတို့ကြားမှာ ဘာဆက်ဆံရေးမှ မရှိပါဘူး။ ကျေးဇူးပြုပြီး ဒီလို မရေရာတဲ့ စကားတွေ မပြောပါနဲ့”
သူ ခဏရပ်ပြီး အေးစက်သောအသံဖြင့် ပြောလိုက်သည် “ကျွန်မခင်ပွန်းသည်က ဒါမျိုးတွေ မကြိုက်ပါဘူး”
ဤအရာကို ကြားသောအခါ ကျောက်ယီယွီ၏မျက်နှာအမူအရာက အနည်းငယ် တောင့်တင်းသွားရသည်။ “ယင်ယင် စိတ်ဆိုးနေတာလား... စေ့စပ်ပွဲကြောင့်ဆိုရင် ငါ ရှင်းပြနိုင်ပါတယ်”
ချူဖုန်းချင်၏မျက်ခုံးများပ ပို၍ ပို၍ တွန့်လိမ်လာရသည်။ ဤသူက လူ့ဘာသာစကားကို နားမလည်ဘူးဟု သူ ခံစားလိုက်ရသည်။
ဤအချိန်တွင် အစောင့်ရဲမက်တစ်ဦး ရောက်လာပြီး ထိုသူနှစ်ဦးအား ဦးညွှတ်လျက် ချူဖုန်းချင်အား ရိုသေစွာ ပြောလာသည် “သခင်မ၊ အုပ်ချုပ်ရေးမှူးက ဒီမှာ အရမ်းအေးတယ်လို့ ပြောတယ်။ လေရှောင်ဖို့ ရှေ့ကို ခေါ်သွားခိုင်းတယ်”
ချူဖုန်းချင် ထွက်ခွာရန် စိတ်အားထက်သန်နေသောကြောင့် ကျောက်ယီယွီအား “ဒါဆို ကျွန်မ အရင် သွားတော့မယ်” ဟု ပြောလိုက်သည်။
ကျောက်ယီယွီ သူ့အား စောင့်ခိုင်းတော့မည့်ဆဲဆဲတွင် မမျှော်လင့်ဘဲ သူက နေလိုသော ဆန္ဒအနည်းငယ်မျှပင် မရှိဘဲ ချက်ချင်း လှည့်ကာ ထွက်ခွာသွားလေသည်။ သူ လေထဲတွင် ဆန့်တန်းထားသော သူ၏လက်ကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်သည်။
ကျောက်ယီယွီ၏ မျက်စိအောက်မှ ထွက်သွားပြီးနောက် ချူဖုန်းချင် ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူ တွေ့ဆုံခဲ့သော မင်းသားများသည် အနည်းနှင့်အများ ရူးသွပ်နေကြသည်။
သူ အစောင့်ရဲမက်ကို ကြည့်ပြီး “ရှင့်မှာ ရှင့်ရဲ့ အထောက်အထားကို သက်သေပြဖို့ တစ်ခုခု ရှိသလား” ဟု မေးလိုက်သည်
သူ ထိုနေရာမှ ထွက်ခွာနိုင်ရန် ထိုသို့လုပ်ခဲ့ခြင်း ဖြစ်သည်။ ဆောင်းတွင်းအမဲလိုက်ပွဲတွင် လူအမျိုးမျိုး ရှိပြီး အလွန်ရောနှောနေကြသည်။ သူ နန်းတော်၌ တစ်ကြိမ် အရှုံးခံခဲ့ရပြီးနောက် ပို၍ သတိထားလာသည်။ ထို့အပြင် မလိုအပ်သော ပြဿနာများ ဖြစ်ပေါ်စေလိုခြင်းလည်း မရှိပေ။
အစောင့်ရဲမက်က ခဏတာ အံ့အားသင့်သွားပြီး သူ၏အိတ်ကပ်မှ အမှတ်တံဆိပ်တုံးတစ်ခုကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ပေးလိုက်၏။ “အုပ်ချုပ်ရေးမှူးက သခင်မ သဘောမတူမှာကို ကြောက်လို့ သူ့ရဲ့ တံဆိပ်တုံးကို ယူသွားခိုင်းခဲ့တယ်”
ချူဖုန်းချင် ၎င်းကို ယူလိုက်ပြီး သူ၏လက်ချောင်းများဖြင့် အမှတ်တံဆိပ်တုံးကို ပွတ်သပ်လိုက်ရာ သူ၏မျက်လုံးများ၌ အံ့အားသင့်မှုအရိပ်အယောင်တစ်ခု လင်းလက်သွားတော့သည်။ ကျီယွီကျင်းက သူ့အပေါ် တစ်ခါတစ်ရံ အတော်လေး ဂရုတစိုက်ရှိလှ၏။
သူ အမှတ်တံဆိပ်တုံးကို သူ့အား ပြန်ပေးသော်လည်း အစောင့်ရဲမက်က ခေါင်းခါပြီး “သခင်မ၊ အရေးပေါ်အခြေအနေအတွက် တံဆိပ်တုံးကို သိမ်းထားဖို့ အုပ်ချုပ်ရေးမှူးက မှာခဲ့တယ်” ဟု ဆိုလိုက်သည်။
ချူဖုန်းချင် စဉ်းစားပြီး တံဆိပ်တုံးကို သိမ်းဆည်းထားလိုက်သည်။
“သခင်မ၊ ဒီအစေခံနောက်ကို လိုက်ခဲ့ပါ”
ထိုသူနှစ်ဦးသည် ကြိုတင်ဆောက်လုပ်ထားသော တဲတစ်ခုထဲသို့ လျှောက်သွားကြသည်။ ဧကရာဇ်မင်းအတွက် တဲကို အချိန်အတော်ကြာကတည်းက ဆောက်လုပ်ပြီးဖြစ်သော်လည်း အချို့အရာရှိများ၏ မိသားစုများအတွက် တဲများကို မဆောက်လုပ်ရသေးပေ။ နောက်ဆုံးတွင် ဧကရာဇ်မင်းကို တံခါးအပြင်ဘက်၌ စောင့်ခိုင်း၍ မရနိုင်ပေ။
ချူဖုန်းချင် အတွင်းသို့ ကြည့်လိုက်သည်။ မည်သူမျှ မရှိသော်လည်း အိပ်ရာများ၊ မီးသွေးမီးဖိုများနှင့် အရာအားလုံးကို ပြင်ဆင်ထားပြီးဖြစ်သည်။ တဲက အချိန်အတော်ကြာကတည်းက နွေးနေပြီး အပြင်ဘက်ရှိ နှင်းနှင့် ရေခဲများနှင့် ကွာခြားချက်က ကြီးမားလှသည်
သူ့အား ဤနေရာသို့ ခေါ်လာသော အစောင့်ကိုရဲမက် ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ဤအရာက တစ်စုံတစ်ဦး၏ အိပ်ခန်းနှင့်တူပြီး လေရှောင်ရန်နေရာ မဟုတ်ပေ။
အစောင့်ရဲမက်သည် ဦးညွှတ်ပြီး “သခင်မ၊ ဒါက သခင်မနဲ့ အုပ်ချုပ်ရေးမှူး နေထိုင်မယ့် အိပ်ခန်းပါ။ အုပ်ချုပ်ရေးမှူးက လူလွှတ်ပြီး ပြင်ဆင်ခိုင်းပြီးပါပြီ။ အုပ်ချုပ်ရေးမှူးက ဒီမှာ စောင့်ဖို့ ပြောခဲ့ပါတယ်။ အပြင်ထွက်ဖို့ မလိုပါဘူး။ အရှင်မင်းကြီးက ခေါ်ရင် လူလွှတ်ပြီး ဖိတ်ခေါ်ပါလိမ့်မယ်” ဟု ပြောလိုက်သည်။
အမှန်တော့ ကျီယွီကျင်း၏ မူရင်းစကားများက သူ့အား နေရာတိုင်း လျှောက်မပြေးလွှားစေရန် ပြောခဲ့ခြင်းသာ ဖြစ်သော်လည်း အစောင့်ရဲမက်က ထိုနည်းဖြင့် သတင်းစကားကို ပို့ဆောင်ရန် မရဲပေ။
ချူဖုန်းချင် ခေါင်းညိတ်လိုက်သည်။ ကျီယွီကျင်းသည် နန်းတော်၌ အာဏာရှိသောကြောင့် သူ အခွင့်ထူးအချို့ ရရှိခြင်းက ပုံမှန်ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် သူသည် အပြင်ဘက်ရှိ လေအေးထဲတွင် စီစဉ်ပေးရန် စောင့်ဆိုင်းနေသော အရာရှိများ၏ မိသားစုများကို ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ၌ မှောင်မိုက်သော ပုံရိပ်တစ်ခု လင်းလက်သွားတော့သည်။ အရာရှိဖြစ်ရန် နည်းလမ်းမှာ လိမ္မာပါးနပ်ခြင်းလမ်းစဉ်ဖြစ်သည်ဟု ရှေးစကားပုံတစ်ခု ရှိသော်လည်း ကျီယွီကျင်းသည် အမြဲတမ်း လူသိရှင်ကြား ပြုမူခဲ့သည်။
တော်ဝင်အာဏာကို ပေးအပ်ထားသည်မှာ မှန်သော်လည်း...
သူ ဧကရာဇ်မင်း၏ ရထားကို ကြည့်လိုက်သည်။ လက်ရှိဧကရာဇ်သည် သူ၏နိဂုံးချုပ်ကာလတွင် ရှိနေပြီဖြစ်သည်။ အင်ပါယာမှာ အုပ်ချုပ်သူပြောင်းပြီး နောင်တက်လာမယ့်အရှင်မင်းကြီးက သူ့ကို သည်းခံနိုင်ပါ့မလား...
သူ၏အကြည့်ကို ရုပ်သိမ်းပြီး အစောင့်ရဲမက်အား အေးစက်သောအသံဖြင့် “ကူညီပေးတာ ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်
သူ အနည်းငယ် လှုပ်ရှားလိုက်သောအခါ သူ၏နားနောက်ဘက်မှ ဆံပင်နက်နှစ်ခွေ ကျဆင်းလာသည်။ ယုန်မွေးပဝါက သူ၏မျက်နှာအမူအရာများကို လှပစေပြီး အပြစ်ရှာမရနိုင်လောက်အောင်ပင် သေသပ်နေစေသည်။ အစောင့်က ရှက်ရဲရဲဖြစ်နေပြီး “သခ...သခင်မက ကျွန်တော့်အပေါ် အရမ်းယဉ်ကျေးနေပါပြီ” ဟု ဆိုလိုက်သည်။
သူ စိတ်လှုပ်ရှားလေလေ သူ၏မျက်နှာက နီရဲလေလေပင်။ စိတ်အနှောင့်အယှက်ဖြစ်မှုအရိပ်အယောင်တစ်ခုက သူ့မျက်လုံးများ၌ လင်းလက်သွားပြီးနောက် သူ ဦးညွှတ်လျက် “သခင်မ၊ အစေခံ အပြင်မှာ စောင့်နေပါ့မယ်။ သခင်မ တစ်စုံတစ်ခု လိုအပ်ရင် ခေါ်လိုက်ပါ။ အစေခံ သွားပါတော့မယ်” ဟု ပြောလေသည်။
ချူဖုန်းချင်: “ကျေးဇူးတင်ပါတယ်”
သူ၏လက်များကို နွေးလာသည်အထိ ပွတ်သပ်ပြီးနောက် မီးသွေးမီးဖိုရှေ့၌ နွေးအောင် လုပ်လိုက်သည်။ တောင်ပေါ်ရှိ အပူချိန်က တကယ်ကို မခံမရပ်နိုင်စရာပင်။ သူ၏အသက်ရှူသံက ပုံမှန်ထက် အနည်းငယ် ပိုမြန်နေသည်။ ချူဖုန်းချင် အနည်းငယ် ချောင်းဆိုးလိုက်သည်။ သူ တောင်အလယ်လောက်သို့ ရောက်သောအခါ သူ၏အသက်ရှူခြင်းက အနည်းငယ် ခက်ခဲလာရသည်။ သူ လက်ထဲမှ ကျောက်စိမ်းဘူးလေးတစ်ဘူးကို ထုတ်ပြီး အဖုံးကို ဖွင့်လိုက်ရာ ပုလင်းက ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် သူ နောက်ဆုံးဆေးလုံးကို ကျီယွီကျင်းအား ပေးခဲ့ကြောင်း မှတ်မိသွားရသည်။ အမျိုးမျိုးသော ကိစ္စများဖြင့် အလုပ်များနေသောကြောင့် ၎င်းကို မေ့သွားခဲ့ခြင်းဖြစ်သည်။
ပြင်းထန်သော အခြေအနေများ၌ ဆေးမရှိလျှင် ပန်းနာရင်ကျပ်က သေစေနိုင်သည်။
ချူဖုန်းချင် သူ၏နှုတ်ခမ်းများကို စေ့လိုက်ပြီး ကျောက်စိမ်းဘူးကို ပြန်ထည့်လိုက်သည်။ သူ၏အကြည့်များကို အောက်ချလိုက်ပြီး လောင်ကျွမ်းနေသော မီးပုံကို ကြည့်လျက်... ဤအရာကို ဘေးကင်းစွာ ကျော်လွှားနိုင်ရန် မျှော်လင့်နေမိသည်။