Chapter 31
Viewers 2k

အပိုင်း ( ၃၁ )

 

 

ချူဖုန်းချင်သည် အိပ်မက်မဲ့သောညကို ကုန်ဆုံးခဲ့ရသည်။ ညလယ်ခေါင်တွင် အအေးဒဏ်ကြောင့် နိုးလာခြင်းမရှိသည်မှာ ရှားသည်။ ဤမျှလောက် သက်သောင့်သက်သာ မအိပ်ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ။

 

သူ နိုးလာသောအခါ ကျီယွီကျင်း ရှိမနေတော့ပေ။ မည်သည့်အချိန်က ထွက်သွားသည်ကို မသိသော်လည်း သူ၏လက်ထဲ၌ ရေနွေးအိတ်တစ်လုံး ရှိနေသည်။ ချူဖုန်းချင် ရေနွေးအိတ်ကို ထိလိုက်သောအခါ ၎င်းက သင့်တင့်သော အပူချိန်၌ ရှိနေသည်ကို တွေ့လိုက်ရသည်။

 

ခန့်မှန်းစရာပင် မလို၊ ကျီယွီကျင်း လောင်းထည့်ပေးခဲ့ခြင်း ဖြစ်ရမည်။

 

ချူဖုန်းချင် လိုက်ကာကို ဖွင့်ပြီး အပြင်ကို ကြည့်လိုက်သည်။ နှင်းများက ကောင်းကင်တစ်ခွင် လွင့်​​​မျောနေသည်။ သူ၏ရှေ့မှ အ​ကွေ့တစ်ခုသို့လှည့်သွား​သောရထားလုံးကို ကြည့်လိုက်သည်။ မြင်းပေါ်မှ စီးနင်းနေသော အနီရောင်ဝတ်စုံဖြင့်လူက နှင်းများကြား၌ ထူးခြားစွာ ထင်ရှားနေသည်။ စောစောထရသောကြောင့် ဖြစ်နေသော ထိုသူ၏ ရှစ်ခေါက်ချိုးမျက်နှာကိုပင် သူ မြင်နိုင်သည်။

 

ချူဖုန်းချင်၏မျက်လုံးများ အနည်းငယ် ကွေးညွှတ်သွားရသည်။ ကောင်းမွန်စွာ အိပ်ပျော်ခဲ့သောကြောင့် သူ၏မျက်လုံးများ၌ အပြုံးတစ်စွန်းတစ်စ ရှိနေသည်။

 

“သခင်မ”

 

ချူဖုန်းချင် အင်္ကျီ ဝတ်ပြီးခါစတွင် အိမ်တော်ထိန်းမိုက တံခါး ခေါက်လာသည်။ 

 

“သခင်မ၊ နိုးပြီလား”

 

“နိုးပါပြီ”

 

ရထားလုံးက ရပ်သွားပြီး အိမ်တော်ထိန်းမိုက လက်ထဲ၌ တစ်ကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းအချို့နှင့်တကွ အပေါ်သို့ တက်လာသည်။

 

ချူဖုန်းချင် သူ၏မျက်နှာကို ဆေးကြောပြီးနောက် ခါးအထိရှည်သောဆံပင်များကို ကြည့်ရန် ငုံ့လိုက်သည်။ သူ မိန်းမတစ်ဦးကဲ့သို့ ဆံပင်ပုံကို မပြင်တတ်ပေ။

 

တိုက်ဆိုင်စွာပင်၊ အိမ်တော်ထိန်းမိုလည်း မလုပ်တတ်ပေ။ အခြားအစောင့်က ပို၍ပင် မလုပ်တတ်သေးပေ။ သူ လုပ်နိုင်လျှင်ပင် ချူဖုန်းချင်၏ဆံပင်ကို ဖြီးခွင့် မရချေ။

 

အိမ်တော်ထိန်းမိုသည် အနည်းငယ် အပြစ်ရှိသည်ဟု ခံစားရပြီး တောင်းပန်နေသည်။ ချူဖုန်းချင်တွင် ကိုယ်ပိုင်အစေခံမရှိသောကြောင့် ဆံပင် ဖြီးပေးရန် အစေခံတစ်ဦးကို စီစဉ်ပေးဖို့ သူ မေ့သွားခဲ့သည်။

 

ချူဖုန်းချင်ကမု စိတ်မဝင်စားပေ။ သူက “အဆင်ပြေပါတယ်” ဟု ညင်သာစွာ ဆိုလိုက်သည်။

 

သူ ပြောလိုက်ပြီးနောက် အဝတ်တစ်စကို ရှာလိုက်ပြီး သူ၏မှင်ကဲ့သို့နက်မှောင်သောဆံပင်များကို ခေါင်းနောက်ဘက်၌ လျော့ရဲစွာ စုစည်းလိုက်သည်။ ၎င်းသည် သူ၏ဖြူဖွေးပြီး ပိန်သွယ်သောလည်ပင်းကို ဖော်ထုတ်ပြသနေပြီး သူ့အား ပေါ့ပေါ့ပါးပါးနှင့် ထူးကဲသော စိတ်နေသဘောထား ရှိသယောင် ထင်စေသည်။

 

သူတို့ အတူတူ ရှိနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်တော်ထိန်းမို၏မျက်လုံးများ၌ အံ့အားသင့်မှုအရိပ်အယောင်တစ်ခု ထင်ဟပ်နေဆဲပင်။

 

ချူဖုန်းချင်: “ဒီလိုဆို အဆင်ပြေပါတယ်။ ကျန်တာကိုတော့ ဟိုရောက်မှ ပြောကြတာပေါ့”

 

အိမ်တော်ထိန်းမို : " သည်းခံပေးတာ ကျေးဇူးတင်ပါတယ် သခင်မ"

 

မနက်စာ စားပြီးနောက် တစ်မနက်ခင်းလုံး ခရီးဆက်ကြရာ နေ့လည်မရောက်မီ သူတို့ သွားရမည့်နေရာသို့ ရောက်သွားကြသည်။

 

ရထားလုံးများက ကျွီခနဲ မြည်ကာ ရပ်သွားကြပြီး အားလုံး ဆင်းလာကြလေသည်။

 

ချူဖုန်းချင် အိမ်တော်ထိန်းမို၏ လက်ကို ကိုင်ကာ ရထားလုံးပေါ်မှ ဆင်းလိုက်ချိန် အားလုံး၏ အကြည့်များက သူ့ဆီသို့ ရောက်လာကြတော့သည်။

 

သူက မြို့တော်ရှိ ပထမဆုံး အလှပဂေးလေးအဖြစ် လူသိများကာ အများပြည်သူရှေ့၌ သူ၏မျက်နှာကို ဘယ်တော့မှ မပြသခဲ့သောကြောင့် လူတိုင်းက အလွန် သိလိုစိတ် ပြင်းပြနေကြသည်။ ထို့အပြင် သူက ကျီယွီကျင်းကို လက်ထပ်ခဲ့သည်။ ကျီယွီကျင်းသည် မည်သူနည်း။ သူက မျက်တောင်မခတ်ဘဲ လူသတ်သော နတ်ဆိုးတစ်ပါးပင်။ သူ ကျီအိမ်တော်၌ ဤမျှလောက်ကြာအောင် နေနိုင်ခဲ့သောကြောင့် သာမန်လူတစ်ဦး မဖြစ်နိုင်ပေ။ သူ့အပေါ် လူတိုင်း၏ စူးစမ်းလိုစိတ်က ပိုမိုမြင့်တက်လာသည်။

 

ပတ်ဝန်းကျင်က ခဏမျှ တိတ်ဆိတ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ပြန်၍ ဆူညံသွားသည်။ လေးဘက်လေးတန်မှ မျက်လုံးများက ချူဖုန်းချင်ပေါ်၌ အာရုံစိုက်နေကြသော်လည်း ချူဖုန်းချင်က တည်ငြိမ်နေဆဲ။ သူ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ သူ့နှင့် အကြည့်ချင်းဆုံသောသူများသည် သူတို့၏ခေါင်းများကို နှိမ့်ချလိုက်ခြင်း သို့မဟုတ် သူတို့၏ခေါင်းများကို လှည့်ပစ်လိုက်ခြင်းတို့ ပြုလုပ်ကြလေသည်။ သူ့အား မျက်လုံးချင်းဆိုင် ကြည့်ရဲသောသူ အနည်းငယ်သာ ရှိသည်။

 

မည်သည့် မိတ်ကပ်မှ မပါဘဲနှင့်ပင် သူသည် ကျဆင်းနေသော နှင်းပွင့်များထက် မလျော့သော အလှကို ပိုင်ဆိုင်ထားသည်။ သူက သာမန်လူတစ်ဦးနှင့် မတူဘဲ အလွန်လှပနေပြီး သူ့အား မြင်သောသူတိုင်းက အံ့အားသင့်သွားကြသည်။

 

ချူဖုန်းချင်က နှုတ်ဆက်သည့်အနေဖြင့် လူတိုင်းကို  ခပ်သာသာလေး ခေါင်းညိတ်ပြလေသည်။

 

လူတိုင်းက သူ့ကို မျက်နှာသာပေးရန် အလုပ်များနေကြပြီး ကျီယွီကျင်း မရောက်မချင်း အရာအားလုံးက အတော်လေး သဟဇာတရှိနေခဲ့သည်။

 

သူ ရောက်သည်နှင့် လူတိုင်းက ငါးများနှင့် ငှက်များကဲ့သို့ပင် လူစုကွဲကာ ပြန့်ကျဲသွားကြသည်။ နှုတ်ဆက်ရန် မဆိုလေနှင့် သူတို့သည် နောက်ကောက်ကျ ကျန်ခဲ့မည်ကိုပင် ကြောက်နေကြသည်။

 

 

ကျီယွီကျင်းက ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို အသားကျနေပြီ ဖြစ်သောကြောင့် အလေးအနက်မထားပေ။ သို့သော် သူ ချူဖုန်းချင်၏ ဆံပင်ပုံစံအသစ်ကို သတိပြုမိပြီး ထပ်ခါထပ်ခါ ကြည့်လိုက်မိသည်။ သူ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည် “မင်းဆံပင် ဘာဖြစ်တာလဲ...” 

 

ချူဖုန်းချင်ကလည်း သူ့အတိုင်း မျက်မှောင်ကြုတ်လိုက်သည်။ 

 

“ဖြည်ပြီးတော့ ပြန်မစည်းတတ်တော့လို့။ အဲ့ဒါကြောင့် အဝတ်တစ်စကို ရှာပြီး စည်းလိုက်တာ။ အတော်လေး မသေမသပ်ဖြစ်နေလား...”

 

ကျီယွီကျင်း သူ၏လျှာဖျားဖြင့် ပါးစောင်ကို တို့ထိလိုက်သည်။ ၎င်းသည် သေသပ်သည်၊ မသေသပ်သည်ကို မသိသော်လည်း အတော်လေး ကြည့်ကောင်းသည်ဟု ထင်ရသည်။ ဤနေမကောင်းသောပျိုးပင်လေးတွင် ကြည့်ကောင်းသော မျက်နှာရှိသည်။

 

သူ နှုတ်ခမ်းများကို ကွေးပြီး ရယ်လိုက်သည်။ 

 

“မင်းက တကယ်ကို မဟာအမျိုးသမီးတစ်ယောက်ပဲ။ ငါ့ကို တောင်းဆိုလေ တောင်းဆိုရင် ငါ ကူညီပေးမယ်”

 

ချူဖုန်းချင်: “ရှင် လုပ်တတ်တာလား”

 

ကျီယွီကျင်း သူ၏မျက်ခုံးများကို ပင့်လိုက်သည်။ 

 

“ဟုတ်တာပေါ့၊ ငါ မလုပ်နိုင်တာ ဘာမှ မရှိဘူး”

 

ချူဖုန်းချင်သည် သူ၏နှုတ်ခမ်းများကို စေ့လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား အကြည့်များကို အောက်ချထားသည်။

 

ကျီယွီကျင်း: “မြန်မြန် ဆုံးဖြတ်ပါ။ ဒီအခွင့်အရေးကို လက်လွတ်သွားရင် မင်း ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး။ မဟုတ်ရင်...”

 

သူ ခဏရပ်ပြီး သူ၏မျက်နှာအမူအရာကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည် “ဒီဆံပင်ပုံစံနဲ့ အရှင်မင်းကြီးကို သွားတွေ့မလို့လား။ အ​တော်ရိုင်းတယ်နော်” 

 

ချူဖုန်းချင်: “.....”

 

အနီးအနားမှ နားထောင်နေသော အိမ်တော်ထိန်းမိုသည် အနည်းငယ် ရှုပ်ထွေးနေသည်။ သူ့သခင်က မိန်းမဆံပင်ပုံစံပြင်ဆင်နည်းကို ဘယ်တုန်းက တတ်သွားတာလဲ...။ သို့သော် သူသည် ခေါင်းကို နှိမ့်ချပြီး ငုံ့လိုက်သည်။ သူ၏အလုပ်မဟုတ်သော ကိစ္စများတွင် ဝင်မစွက်ဖက်သင့်ပေ။

 

ကျီယွီကျင်းက နှုတ်ခမ်းများပေါ်၌ ခပ်ညစ်ညစ် အပြုံးတစ်ခုနှင့် တည်ငြိမ်စွာ ရပ်နေသည်။ 

 

“မင်းကို ခဏလောက် အချိန်ပေးမယ်လေ”

 

“ရိုင်းတယ်” ဟူသော စကားလုံးက ချူဖုန်းချင်အတွက် မခံမရပ်နိုင်သော စကားဖြစ်သည်။ သူ၏ဖခင်က သူ့အား ငယ်စဉ်ကတည်းကပင် သူတစ်ပါးရှေ့တွင် ဘယ်သောအခါမျှ ရိုင်းစိုင်းခြင်း မရှိစေရဟု သင်ကြားပေးခဲ့သည်။

 

သူ မျက်လုံးများကို မှိတ်လိုက်ပြီး ထိုစကားလုံးကို တိုးတိုးလေး ပြောလိုက်သည်။ 

 

“ကျေးဇူးပြုပြီး လုပ်ပေးပါ”

 

ကျီယွီကျင်း ခဏတာ အံ့အားသင့်သွားပြီး သူ့နှုတ်ခမ်းများမှ အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။  သူ၏အသံကို အနည်းငယ် မြှင့်လိုက်လေသည်။ 

 

“ဘာပြောလိုက်တာလဲ... ငါ မကြားလိုက်ဘူး၊ ကျယ်ကျယ် ပြောပါဦး”

 

ချူဖုန်းချင် မျက်မှောင်ကြုတ်၍ မျက်လုံးများကို ပင့်ကာ သူ့အား စိုက်ကြည့်ပြီး တစ်လုံးချင်းစီ ပြောလိုက်သည်။

 

“ကျေးဇူးပြုပြီး”

 

ကျီယွီကျင်းက ၎င်းသည် မလုံလောက်သေးဘူးဟု ခံစားရသည်။ သူ၏အနီရောင်အဝတ်အစားများနှင့် မီးကဲ့သို့နီနေသောနှုတ်ခမ်းများက နှင်းများကြားရှိ “စိတ်ရင်း” ဟူသော စကားလုံးကို သတိရစေသော်လည်း သူ ပြောလိုက်သော စကားတိုင်းက လူဆိုးတစ်ယောက်နှင့်တူ၏။ 

 

“ဘယ်သူက ဒီလိုတောင်းပန်လို့လဲ။ ဒါက တောင်းပန်သံနဲ့ မတူဘူး၊ အကြွေးတောင်းတဲ့အသံနဲ့ ပိုတူတယ်။ အရမ်း တောင့်တောင့်ကြီး ဖြစ်နေတယ်။ နာမည်တောင် မခေါ်ဘူး။ မင်းက ငါ့ကို...”

 

သူသည် “ခင်ပွန်း” ဟူသော စကားလုံးနှစ်လုံးကို ပြောတော့မလို ဖြစ်သွားသော်လည်း စဉ်းစားပြီးနောက် ထိုစကားလုံးနှစ်လုံးကို ပြန်ရုပ်သိမ်းကာ “ငါက မင်းထက် တစ်နှစ်လောက် ပိုကြီးမယ်ထင်တယ်။ အဲဒါက အဆင်မပြေရင် အစ်ကိုလို့ပဲ ခေါ်” ဟု ဆိုလေသည်။

 

သူ နှုတ်ခမ်းများက အပေါ်သို့ ကော့တက်သွားလေသည်။ သူ၏မျက်နှာက နွေဦးလေပြေလေးနှယ် တောက်ပနေသော်လည်း သူ၏လေသံကမူ အရိုက်ခံရဖို့ တောင်းခံနေသယောင် “ပြောလေ၊ အစ်ကို ကျေးဇူးပြုပြီးတော့ လုပ်ပေးပါ လို့”

 

ချူဖုန်းချင်: “...”

 

သူ သူ၏လည်ချောင်းကို လှုပ်ရှားလိုက်ပြီး သွေးပြန်ကြောများ ပျော်ရွှင်စွာ ခုန်နေသည်ကို ခံစားလိုက်ရသည်။ သူ၏ထိန်းချုပ်မှုအားလုံးကို အသုံးပြုပြီး မကျိန်ဆဲမိစေရန် ထိန်းသိမ်းထားပြီး “ရှင့်သဘော၊ လုပ်ချင်လား၊ မလုပ်ချင်တာလား” ဟုသာ ပြောလိုက်သည်

 

ကျီယွီကျင်းကမူ လက်မလျှော့သေးပေ။ 

 

“ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား။ ရှက်နေတာလား... ငါတို့က အိမ်ထောင်သက်ရင့်နေပြီ၊ ဘာလို့ ရှက်နေသေးတာလဲ...”

 

နောက်တစ်ခဏတွင် နှင်းဘောလုံးတစ်လုံးသည် ကျီယွီကျင်းဆီသို့ ပျံသန်းလာလေသည်။ သူ ၎င်းကို လျင်မြန်စွာ ဖမ်းလိုက်ရသည်။ သူ၏မေးစေ့ကို လက်ချောင်းများဖြင့် ပွတ်လိုက်ပြီး လမ်းလျှောက်ထွက်သွားသော ချူဖုန်းချင်ကို ကြည့်ကာ “ဟေး၊ မင်းက ဒေါသကြီးသားပဲ...” ဟု ပြုံးလျက် ရေရွတ်လိုက်သည်။

 

သို့သော်လည်း သူသည် “ကျေးဇူးပြုပြီး” ဟု ပြောခဲ့ပြီး တောင်းဆိုသည်၊ ထို့ကြောင့် ဤအမူအရာက မဆိုးပေ။

 

သို့သော် သူ မိန်းမတစ်ဦးကဲ့သို့ ပြင်ဆင်ပုံကို မသိသောကြောင့် အကြံဉာဏ်တောင်းရန်မှတစ်ပါး အခြားနည်းလမ်း မရှိပေ။

 

 

ထိုသူနှစ်ဦးကြားမှ အပြန်အလှန်ဆက်သွယ်မှုတစ်ခုလုံးကို အဝေးတွင် ရပ်နေသော ကျောက်ယီယွီက မြင်လိုက်ရသည်။ သူ ချူဖုန်းချင်၏နောက်ကျောကို မျက်လုံးများ မှောင်မိုက်သော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် ကျီယွီကျင်းကို ကြည့်လိုက်လေသည်။ သူ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်လုံးများတွင်မူ လူသတ်လိုသောအရိပ်အယောင်တို့ ပေါ်လာတော့သည်။

 

သူမက သူ၏ဇနီးသည်သာ ဖြစ်သင့်သည်။ မိန်းမစိုးတစ်ယောက်က သူမနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ...။ သူ နည်းနည်းလောက် ထပ်စောင့်ရမယ်...

 

ရုတ်တရက် အမှုထမ်းတစ်ဦး ရောက်လာပြီး ကျောက်ယီယွီကို အရိုအသေပေးလေသည်။ ကျောက်ယီယွီ  ထိုသူ့အား အလျင်အမြန် ထူပေးလိုက်သည်။ သူ၏မျက်လုံးများက နူးညံ့နေကာ ပြုံးလျက် “ဦးရီးတော်၊ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး” ဟု ပြောလိုက်သည်။

 

သူ၏မျက်နှာအမူအရာ ပြောင်းလဲပုံက အံ့မခန်းပင်။

 

တောင်ထိပ်၌ လေပြင်းများ တိုက်ခတ်နေသည်။ ချူဖုန်းချင်သည် ထိုနေရာ၌ ခဏတာ ရပ်နေပြီးနောက် နောက်ထပ် ခံနိုင်ရည်မရှိတော့ပေ။ သူ လေလုံသောနေရာတစ်ခုကို ရှာရန် မော့ကြည့်လိုက်သည်။

 

သို့သော် သူတို့က တောင်ထိပ်သို့ ရောက်ခါစဖြစ်ကာ တဲများကို မဆောက်ရသေးပေ။ ထို့ကြောင့် လေလုံသောနေရာ မရှိပေ။ လူအုပ်စု၊ အထူးသဖြင့် အမျိုးသမီးများသည် အလွန်အေးနေသောကြောင့် သူတို့၏မျက်နှာများပင် အစိမ်းရောင် ပြောင်းနေပြီ ဖြစ်သည်။ ချူဖုန်းချင် ညင်သာစွာ သက်ပြင်းချလိုက်သည်။ ဒါက ဘယ်လို ဆောင်းတွင်းအမဲလိုက်ပွဲကြီးလဲ...။ ညှဉ်းပန်းနှိပ်စက်ဖို့ သက်သက်ပါပဲ...

 

သူ့မျက်လုံးများကို အနည်းငယ် လှိမ့်လိုက်သည်။ ထို့နောက် ကျီယွီကျင်းကို တိတ်တဆိတ် ကြည့်လိုက်လေသည်။ ထိုသူသည် ခြုံထည်ပင် မခြုံထားသော်လည်း သူ၏မြင်းစီးအဝတ်အစားများဖြင့် လုံးဝ အေးပုံမရပေ။ သူက ဧကရာဇ်၏ဘေးတွင် နောက်ကျောကို မတ်မတ်ထားလျက် ရပ်နေသည်။ သူ အခြားသူများနှင့် စကားပြောသောအခါ သူ၏မျက်နှာတွင် အပြုံးမရှိပေ။ သူ၏မျက်လုံးများက အလွန်ထက်မြက်ပြီး ဖိနှိပ်မှုအပြည့် ရှိသည်။ သူသည် ဆယ်စုနှစ်များစွာ အာဏာရှိခဲ့သော ဧကရာဇ်မင်းထက် လုံးဝ မနိမ့်ကျပေ။

 

ချူဖုန်းချင် မျက်နှာလွှဲတော့မည်ဟု တွေးလိုက်သော်လည်း ထိုသူသည် မ​မျှော်လင့်ဘဲ မျက်လုံးများကိုမြှင့်ကာ သူ့အား ကြည့်လာခဲ့ရာ သူတို့ အကြည့်ချင်း ဆုံသွားကြသည်။