အပိုင်း (၃၀)
ချူဖုန်းချင် ပါးစပ်ဟကာ စကားပြောရန် ပြင်လိုက်ချိန် နံရံထောင့်မှ အနီရောင်ဝတ်စုံစကို အမှတ်တမဲ့ မြင်လိုက်ရသည်။
သူ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။သူ၏မျက်လုံးများ၌ တောင်းပန်ခြင်းအရိပ်အယောင်တစ်ချိ့ ထင်ဟပ်နေသည်။ ထို့နောက် သူ ဖြည်းညှင်းစွာ ပြောလိုက်သည် “အဖေ၊ ကျွန်မက အစ်ကိုနဲ့တူပေမဲ့ ကျွန်မက ယင်ယင်ပါ”
“ယင်ယင်”
အဖေချူသည် အစကတည်းကပင် အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ ထို့ကြောင့် သူ အကြာကြီး စဉ်းစားမနေဘဲ သူ၏ယခင်အခြေအနေသို့ ပြန်ရောက်သွားလေသည်။
ထိုအချင်းအရာကို ကြားသောအခါ အခန်းအပြင်ဘက်မှ ကျီယွီကျင်းသည် အထဲမဝင်တော့ဘဲ လှည့်ကာ ထွက်သွားတော့သည်။
ချူဖုန်းချင် ညှင်သာစွာ သက်ပြင်းချမိသည်။ သူ၏မြေခွေးသားမွေးအင်္ကျီကို ပိုမိုတင်းကျပ်စွာ ပတ်လိုက်ပြီး “အဖေ၊ ကျွန်မ အခု သွားတော့မယ်။ နောက်တစ်ခေါက် လာတွေ့ပါ့မယ်” ဟု ပြောလိုက်သည်။
အိမ်အပြန်လမ်းတွင် သူတို့နှစ်ဦး အလွန်တိတ်ဆိတ်နေကြသည်။ ကျီယွီကျင်း သူ၏မျက်လုံးများကို မှိတ်လျက် ထိုင်ခုံကို မှီကာ ထိုင်နေသည်။ ချူဖုန်းချင်သည် ဘာလုပ်ရမည်ကို မသိပေ။ အခြေအနေက အနည်းငယ် ထူးဆန်းနေသည်ဟု သူ ခံစားနေရသည်။ ထို့ကြောင့် သူ လိုက်ကာထောင့်ကို မပြီး အပြင်ဘက်၌ ကျဆင်းနေသော ဆီးနှင်းများကို ကြည့်နေလိုက်သည်။
မြို့တော်၌ ဆီးနှင်းများ စတင်ကျဆင်းလာပြီးနောက် နှင်းကျခြင်း မရပ်တော့ပေ။ ကြည်လင်သောကောင်းကင်ကို အချိန်အတော်ကြာသည်အထိ မမြင်ရသေးပေ။ ရာသီဥတုသည် မှိုင်းညို့ပြီး အေးစက်နေသည်။
သို့သော် မကြာမီ နွေဦးပွဲတော် ရောက်တော့မည်။ နွေဦးရောက်ပြီးနောက် အရာအားလုံး ပြန်လည်ရှင်သန်လာမည်ဖြစ်ပြီး ကိစ္စများ ပိုကောင်းလာသင့်သည်။
ချူဖုန်းချင်သည် သူ၏လက်ချောင်းများဖြင့် လိုက်ကာကို ကိုင်ထားသည်။ မကြာမှီပင် သူ့လက်များ အေးစက်လာရသည်။ သူ၏မြေခွေးသားမွေးအင်္ကျီကို သူ့ဖခင်အတွက် ချန်ခဲ့သည်။ သူ ယခင်က အေးစက်မှုကို သိပ်မခံစားခဲ့ရသော်လည်း ခဏအကြာတွင် အေးစက်မှုက သူ၏အရိုးများအတွင်းသို့ ဖြည်းညှင်းစွာ ထိုးဖောက်ဝင်ရောက်လာကြသည်။
ကျီယွီကျင်း၏ ခပ်လေးလေးအသံက သူ့နားရွက်ဘေးမှ ထွက်ပေါ်လာသည်။ “ကျစ်... နှင်းတွေကို ကြည့်ရတာ ဘာများကောင်းလို့လဲ... မင်းက ကလေးလား...နောက်တစ်ခါ အအေးမမိအောင် သတိထားဦး”
ချူဖုန်းချင် လှည့်ကြည့်လိုက်သည်။ ကျီယွီကျင်း သူ့ဘေးတွင် ထိုင်နေသည်ကို မြင်သောအခါ သူ၏လက်ထဲမှ လိုက်ကာကို လွှတ်လိုက်၏။
လိုက်ကာကို ဆွဲလိုက်ပြီးနောက် ရထားသည် အလုံပိတ်နေရာတစ်ခု ပြန်ဖြစ်သွားတော့သည်။ ချူဖုန်းချင်သည် “အင်း” ဟု ညင်သာစွာ ပြောလိုက်ပြီး သူ၏လက်ကို အနွေးဘူးပေါ်၌ တင်ထားလိုက်သည်။
အဖေချူက သူ့အား “ချင်အာ” ဟုခေါ်သံကို ကျီယွီကျင်း ကြားခဲ့ကြောင်း သူ သိသည်။ ကျီယွီကျင်းက သူ့အား သေချာပေါက် မေးလိမ့်မည်ဟု သူ တွေးခဲ့သောကြောင့် ရှင်းပြရန်ပင် ပြင်ဆင်ထားသည်။ သို့သော် ထိုသူက ဤမျှလောက် တိတ်ဆိတ်နေမည်ဟု မမျှော်လင့်ခဲ့သောကြောင့် သူ အနည်းငယ် စိတ်မသက်မသာဖြစ်နေသည်။
ရထားလုံး၏ဘီးများက တိတ်ဆိတ်စွာ လည်ပတ်နေသည်။ ၎င်းက တိတ်ဆိတ်နေချိန် ကြားနေရသည့် တစ်ခုတည်းသောအသံ ဖြစ်သည်။
“မင်း...”
"ကျွန်မ...”
ထိုသူနှစ်ယောက်စလုံး တစ်ချိန်တည်း စကားပြောလိုက်ကြသည်။
ချူဖုန်းချင် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ ကျီယွီကျင်းသည် နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။ “ဘာပြောချင်လို့လဲ။ ပြောလေ”
ချူဖုန်းချင်: “ယွီီတောင်ပေါ်ကို ဘယ်တော့ သွားကြမလဲ...”
ကျီယွီကျင်း: “ဒီနှစ်ရက်အတွင်းပဲ၊ ဒီနှစ်ရက်အတွင်း အပြင်မထွက်ပါနဲ့။ မင်း အအေးမိသွားရင် အဲ့ဒီတောင်ပေါ်မှာက ဒီအိမ်တော်လို သက်တောင့်သက်သာ ရှိမှာ မဟုတ်ဘူး၊ အဲဒါက အဆိုးဆုံးပဲ”
သူသည် စဉ်းစားပြီးနောက် တုံ့ဆိုင်းစွာ ပြောလာသည်။ “မင်း မလိုက်ဘဲ နေရင်ရော... ငါ မင်းကို လေကောင်းလေသန့်ရအောင် ခေါ်သွားချင်ပေမယ့် ယွီတောင်ပေါ်မှာ တစ်နှစ်ပတ်လုံး ဆီးနှင်းတွေ ဖုံးလွှမ်းနေတာ၊ အပူချိန်က ဒီမြို့မှာထက် ပိုနိမ့်တယ်”
သူ ချူဖုန်းချင်ကို ကြည့်ပြီး “မင်းရဲ့ခန္ဓာကိုယ်နဲ့ဆိုရင်တော့ မေ့လိုက်တော့... အဲဒီက လေပြင်းတိုက်လို့ မင်း ခန္ဓာကိုယ် လွင့်သွားမှာ စိုးရတယ်” ဟု ပြောလိုက်သည်။
ချူဖုန်းချင်: “......”
သူ၏ဖြူဖျော့သောနှုတ်ခမ်းများက ဖြောင့်တန်းသောမျဉ်းတစ်ကြောင်းသဖွယ် ဖြစ်သွားရသည်။ မနှစ်မြို့မှုကို ပြနေသည့်နှယ်။ သူ ကျီယွီကျင်းကို စိုက်ကြည့်လိုက်သည်။ သူ၏အသံသည် အေးစက်ပြီး အလျင်မလိုသော်လည်း သူ၏လေသံက ပုံမှန်ထက် ပိုလေးလံနေသည်။ သူ အလေးအနက် ပြောလိုက်သည် “ကျွန်မက သမားတော်တစ်ယောက်ပါ၊ ကျွန်မခန္ဓာကိုယ် ဘယ်လိုလဲဆိုတာ ကျွန်မသိတယ်။ ရှင်ပြောသလောက် ကျွန်မ အားမနည်းဘူး၊ ရှင်လုပ်နိုင်တာဆို ကျွန်မလည်း လုပ်နိုင်တယ်”
သူ၏အလေးအနက်ထားပြီး စေ့စေ့စပ်စပ်ကြည့်နေသောပုံစံကို ကြည့်ပြီး ကျီယွီကျင်း မျက်လုံးများ၌ အပြုံးများဖြင့် ခေါင်းကို နောက်သို့ စောင်းကာ ရထားကို မှီထားလေသည်။ အေးစက်ပြီး တည်ငြိမ်သော နတ်ဘုရားတစ်ပါးနှင့်တူသော ဤသူသည် တကယ်တော့ စနောက်ရလွယ်ပြီး အလွယ်တကူ ငါးမြှားချိတ်တွင် ချိတ်မိသွားသည်ကို သူ တွေ့လိုက်ရသည်။ ထိုသူက တကယ်ကို စိတ်ဝင်စားဖို့ကောင်း၏။
သူက သိသိသာသာ အားနည်းနေသော်လည်း မည်သူကိုမျှ သူ့အား ထိုအရာကို ပြောခွင့်မပြုပေ။
ကျီယွီကျင်း: “ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းရဲ့ခန္ဓာကိုယ်က ကျန်းမာရေးကောင်းတဲ့ပုံပဲ၊ လောကမှာ မင်းခန္ဓာကိုယ်က ကျန်းမာရေး အကောင်းဆုံးပဲ၊ မင်းထက် ပိုကောင်းတဲ့သူ မရှိဘူး”
“အာ...” ချူဖုန်းချင် သူ၏ချော့မော့နေသယောင် ကလေးဆန်သောအသံကို ကြားသောအခါ မျက်မှောင်ကြုတ်မိသည်။ သူ အနည်းငယ် အလေးအနက်ထားမိနေသည်ကိုလည်း သတိပြုမိသည်။ သူ့နားရွက်ဖျားများ အနည်းငယ် နီရဲသွားရသည်။ သူ မျက်နှာလွှဲလိုက်ပြီး ကျီယွီကျင်းကို မကြည့်တော့ချေ။
ကျီယွီကျင်း: “ငါ ရှီချန်ကို သွားရမယ်။ မင်းကို ပြန်လိုက်ပို့ဖို့ လှည်းသမားကို ပြောလိုက်မယ်”
ချူဖုန်းချင် “အင်း လမ်းမှာ ဂရုစိုက်ဦး” ဟု ပြောလိုက်သည်။
ကျီယွီကျင်း မျက်ခုံးများကို ပင့်လိုက်မိသည်။ ဇနီးတစ်ယောက် ရှိခြင်းက ကောင်း၏။ အနည်းဆုံး သူ့အား ဂရုစိုက်ရန် ပြောဆိုသူတစ်ယောက် ရှိလာပြီ။ သူ တွေးလိုက်ပြီးနောက် မရပ်ဘဲ သွားနေသော လှည်းပေါ်မှ ခုန်ချလိုက်သည်။
ချူဖုန်းချင် ထိုသူ့ကြောင့် လန့်သွားပြီး အပြင်သို့ ကုန်းကာ ကြည့်လိုက်သည်။ သို့သော် အနီရောင်ဝတ်ရုံနှင့် ကျီယွီကျင်းသည် မြေပြင်ပေါ်၌ တည်ငြိမ်စွာ ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုသူက သူ့အား လက်ပြနေပြီး ပြုံးလျက် “လိုက်ကာကို ပိတ်လိုက်၊ လေက ပြင်းတယ်” ဟု ဆိုလေသည်။
ကျီယွီကျင်း ရှီချန်သို့ ရောက်သွားပြီးနောက် အံဆွဲထဲမှ စာရွက်တစ်ရွက်ကို ထုတ်လိုက်လေသည်။ စာရွက်၏ စက္ကူသည် အနည်းငယ် ဝါနေသော်လည်း လက်ရေးကို ရှင်းလင်းစွာ မြင်နိုင်သေးသည်။ အမည်ကို ၎င်းပေါ်၌ ရေးထားသည် - ချူဖုန်းချင်
စက္ကူသည် အတော်လေး ဟောင်းနွမ်းနေသည်။ သို့သော် ပိုင်ရှင်က ၎င်းကို အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ ၎င်းအပေါ်၌ ခေါက်ရာများ မရှိသလို သပ်ရပ်ပြီး စနစ်တကျ ရှိနေသည်။
ကျီယွီကျင်း စက္ကူကို လက်ချောင်းများကြား၌ ဖိထား၏။ အလွန်အေးစက်သောမျက်နှာနှင့် ထိုသူ့ထံသို့ ဆန့်ထုတ်လာသောလက်က သူ့စိတ်ထဲ၌ ထပ်မံပေါ်လာပြန်သည်။
ချင်အာ... ဟုတ်လား...
သူတို့၏မျက်နှာများသည် တူညီနေသော်လည်း လက်ရေးများကမူ မတူညီနိုင်။
ကျီယွီကျင်း ထိုနေ့က စောစော ပြန်လာခဲ့သည်။ ချူဖုန်းချင်သည် ရေချိုးပြီးခါစ ဖြစ်သည်။ မည်သည့်အရာက သူ့အား ရူးသွပ်စေသည်ကို မသိသော်လည်း သူ့အတွက် လက်ရေးမူကို ရေးပေးရန် ချူဖုန်းချင်အား အတင်းအကျပ် တောင်းဆိုခဲ့သည်။
ကျီယွီကျင်းသည် ထိုသူ ယခင်က ရေးထားသော လက်ရေးမူကို သူ့နှင့်အတူ ပြန်ယူလာခဲ့သည်။ ရှီချန်သို့ ပြန်ရောက်လာပြီးနောက် သူသည် စာရွက်နှစ်ရွက်စလုံးကို ထုတ်လိုက်သည်။ သူ ၎င်းတို့ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။
နှစ်ဖက်စလုံးရှိ လက်ရေးများသည် လုံးဝကွဲပြားခြားနားနေသည်။ သူ ခုလေးတင် ရေးထားသော လက်ရေးသည် ခမ်းနားသော ကျန့်ဟွားရှောင်ခိုင်ပုံစံဖြစ်ပြီး ယခင်စာရွက်ရှိ လက်ရေးသည် ကျက်သရေရှိသော ရှိုကျင်းထီပုံစံ ဖြစ်သည်။
ကျီယွီကျင်း သူ၏မေးစေ့ကို လက်ဖြင့် ထောက်ထားလေသည်။ သူ၏မျက်လုံးများထဲ၌ ရှုပ်ထွေးခြင်းအရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ သူ စားပွဲပေါ်ရှိ လက်ရေးမူနှစ်ခုကို စိုက်ကြည့်နေသည်။ လက်ရေးမူနှစ်ခုသည် လုံးဝကွဲပြားခြားနား၏။ သူ မှားသွားတာ ဖြစ်နိုင်လား...
ချူဖုန်းချင် သူ၏စုတ်တံနှင့် မှင်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ၏လက်များကို ဆေးကြောပြီး အိပ်ရာဝင်လေသည်။ သူ ငယ်စဉ်ကတည်းက လက်ရေးပညာ၌ ပါရမီရှိသည်။ စာလုံးများ မည်သို့ပင်ဖြစ်စေ၊ သူ့အား လတစ်ဝက်လောက် အချိန် ပေးပါက သူ အမျိုးအစားအနည်းငယ်ကို လေ့ကျင့်နိုင်ပြီး အမျိုးအစားများစွာကို ရေးနိုင်လေသည်။
သူ၏ညီမငယ် ချူယင်ယင်သည် ခမ်းနားသော ကျန့်ဟွားရှောင်ခိုင်လက်ရေးကိုသာ အမြဲတစေသုံးခဲ့သည်။ သူက သတိကြီး၏။ ဤနေရာသို့ ရောက်လာပြီးနောက် သူ၏လက်ရေးကိုလည်း သူ့ညီမ ကျွမ်းကျင်သော လက်ရေးသို့ ပြောင်းလဲ ရေးသားခဲ့သည်။
နှစ်ရက်သည် တစ်ခဏအတွင်း ကုန်ဆုံးသွားရသည်။
ကျီယွီကျင်းကြောင့် သူ အကျဥ်းထောင်သို့ပင် သွားနိုင်ခဲ့သည်။ ယခု အကျဥ်းထောင်၏ ထောင်မှူးသည် သူ့အား မတားဆီးတော့ဘဲ အမှတ်တံဆိပ်ကိုပင် မကြည့်ဘဲ သူ့အား တိုက်ရိုက်ဝင်ခွင့်ပေးလေသည်။ ကျီယွီကျင်း အသိအမှတ်ပြုထားသော ဇနီးသည်အထောက်အထားက အကောင်းဆုံး ဖြတ်သန်းခွင့်ပင်။
သို့သော် ချူဖုန်းချင် မပျော်ရွှင်ပေ။ ဤအချိန်မျိုးတွင် သူ ပို၍အပြစ်ရှိသည်ဟု ခံစားရသည်။ သူက ကျီယွီကျင်း၏အထောက်အထားကို မှီခိုလိုခြင်းသာ။
ချူဖုန်းချင် အကျဥ်းထောင်သို့ သွားသောအခါ သူနှင့်အတူ အစောင့်ရဲမက်အချို့လည်း အမြဲပါလာတတ်သည်။ သို့သော် ကျီယွီကျင်းက ဘာကြောင့် ဤသို့စီစဉ်ရသည်ကို သူ နားမလည်ခဲ့ပေ။
အဖေချူ၏အဆိပ်ကို တစ်ပြိုင်နက် ကုသ၍မရနိုင်ပေ။ သို့သော် အနည်းဆုံးတော့ သူက ယခု အများကြီး ပိုကောင်းနေပြီဖြစ်သည်။ အနည်းဆုံး သူ့ကိုယ်သူ ဂရုစိုက်နိုင်သော အခြေခံစွမ်းရည် ရှိနေပြီဖြစ်သည်။
ဆောင်းတွင်းအမဲလိုက်ပွဲလည်း တရားဝင် စတင်ခဲ့လေပြီ။
လူအုပ်စုကြီးက ယွီတောင်ပေါ်သို့ အလျင်အမြန် သွားကြလေသည်။ ရှေ့တွင် ဧကရာဇ်မင်းနှင့် သူ၏ဆွေမျိုးများ၏ ရထားလုံးများရှိပြီး အဆုံး၌ အရာရှိ မိသားစုများ၏ ရထားလုံးများ ရှိသည်။
ချူဖုန်းချင်က သူတို့ကြားထဲတွင် ရှိနေသည်။ ကျီယွီကျင်းသည် ဧကရာဇ်မင်း၏ လုံခြုံရေးအတွက် တာဝန်ယူရသောကြောင့် သူသည် ဧကရာဇ်မင်းနှင့်အတူ ခရီးသွားပြီး သူ၏ဘေး၌ အမှုထမ်းခဲ့ရသည်။
ခရီးက ရှည်သောကြောင့် သူတို့သည် ရထားထဲ၌ တစ်ညတာ ကုန်ဆုံးခဲ့ရသည်။ ချူဖုန်းချင်သည် ဤမျှလောက်ကြာအောင် ရထားလုံးထဲ၌ မထိုင်ခဲ့ဖူးသောကြောင့် တစ်ကိုယ်လုံး အဆင်မပြေဖြစ်နေသည်။ ရထားလုံးက ပိုမြင့်သောနေရာသို့ ရွေ့လျားလာသည်နှင့်အမျှ အပူချိန်က ပြင်းထန်စွာ ကျဆင်းသွားရသည်။ ဤအပူချိန်သည် သာမန်လူများအတွက် ခံနိုင်ရည်ရှိကောင်း ရှိနိုင်သော်လည်း ချူဖုန်းချင်အတွက်မူ ခံနိုင်ရည်မရှိတော့ပေ။
ရထားလုံးထဲ၌ မီးသွေးမီးသည် လောင်ကျွမ်းနေသည်။ ထိုသူသည် ထူထဲသော အပေါ်ရုံကိုပင် ဝတ်ဆင်ထားသည်။ သို့သော် ရထားလုံးသည် လုံးဝ အလုံပိတ် မဟုတ်သောကြောင့် လစ်ဟာနေသော နေရာများမှ လေအေးများ ဝင်လာတတ်သည်။
အိမ်တော်ထိန်းမိုသည် ချူဖုန်းချင်၏ ဖြူဖျော့လာသော နှုတ်ခမ်းများကို ကြည့်ပြီး သူ ပြင်ဆင်ထားသော ရေနွေးကြမ်းကို ပေးလိုက်သည်။ “သခင်မ၊ ခန္ဓာကိုယ် နွေးအောင်လို့ ရေနွေးကြမ်း နည်းနည်း သောက်လိုက်ပါ”
“ကျေးဇူးတင်ပါတယ်” ချူဖုန်းချင် လက်ထဲတွင် ရေနွေးအိတ်ကို ကိုင်ထားပြီး ယုန်မွေးဖြင့် ပြုလုပ်ထားသော ပဝါကို သူ၏လည်ပင်းပတ်ပတ်လည်၌ ဝတ်ဆင်ထားသည်။ နှင်းကဲ့သို့ ဖြူဖွေးသော အမွေးထူပဝါသည် သူ၏အေးစက်သော မျက်နှာကို နူးညံ့စေပြီး သူ့အား ရှိရင်းဆွဲအသက်အရွယ်ထက် ပို၍ ငယ်ရွယ်နုပျိုစေသည်။
အိမ်တော်ထိန်းမိုသည် စိုးရိမ်စိတ်အချို့နှင့် အပြင်ကို ကြည့်လိုက်သည်။ သူ၏သခင်မသည် အအေးကို အလွန်ကြောက်သော်လည်း ရထားလုံးထဲ၌ တစ်ညတာ ကုန်ဆုံးရမည်ဖြစ်သည်။ သူ ဘာလုပ်ပေးသင့်လဲ...
သူသည် မီးသွေးမီးကို ပို၍ကြာကြာတောက်လောင်စေရန် ညှပ်များကို အသုံးပြုကာ မီးသွေးထည့်လိုက်သည်။ မီးသွေးက အကြာကြီး လောင်ကျွမ်းနေပါက လေဝင်လေထွက်ကောင်းရန်အတွက် ပြတင်းပေါက်ကို ဖွင့်ရမည်ဖြစ်သည်။ မဟုတ်ပါက အဆိပ်သင့်သွားမည်ကို သူ ကြောက်၏။ ပြတင်းပေါက်ကို ဖွင့်လိုက်တိုင်း ချူဖုန်းချင်သည် လေဒဏ်မခံရသော နေရာ၌ ပုန်းနေတတ်သည်။ သို့သော် ၎င်းသည် အခြေခံအားဖြင့် အသုံးမဝင်ပေ။ အေးနေမြဲ အေးနေဆဲပင်။
သူတို့ ညစာအတွက် ကျီအိမ်တော်မှ ယူဆောင်လာသော အစားအစာများကို အနည်းငယ်နွေးပြီးနောက် စားသုံးလိုက်ကြသည်။ ခပ်နွေးနွေး ကြက်သားဟင်းချိုကို သောက်ပြီးနောက် ချူဖုန်းချင် ပို၍ နေလို့ကောင်းလာခဲ့သည်။
သို့သော် ရထားလုံးက အပေါ်သို့ ဆက်လက်ရွေ့လျားနေဆဲ။ ချူဖုန်းချင်သည် အေးစက်နေရုံသာမက သူ၏ စွမ်းအင်များလည်း ကျဆုံးနေသည်။
သူ ဆက်၍ မထိုင်နိုင်တော့ချေ။
ကံကောင်းစွာဖြင့် ဤရထားတွင် နေရာများစွာ ရှိသည်။ ထိုင်ခုံများကို အနည်းငယ် ပြင်ဆင်လိုက်ပါက အိပ်ရာတစ်ခု ဖြစ်လာနိုင်သည်။
အိမ်တော်ထိန်းမိုက မထွက်ခွာမီ မီးတောက်ထဲသို့ မီးသွေးအချို့ ထပ်ထည့်လိုက်သည်။
ကျီအိမ်တော်၌ ရထားလုံးနှစ်စီး ရှိသည်။ ချူဖုန်းချင်တွင် တစ်စီးရှိပြီး ကျန်အစေခံနှစ်ယောက်၊ မိုအိမ်တော်ထိန်းနှင့် အစောင့်များကမူ တစ်စီးကို အတူတူ တွဲသုံးကြရသည်။ ကျီယွီကျင်းကမူ ရထားလုံးထဲသို့ ဝင်လာခဲသည်။
ချူဖုန်းချင် အိပ်ရာပေါ်၌ လှဲလျောင်းနေသည်။ မီးသွေးမီးသည် အလွန်တောက်ပစွာ လောင်ကျွမ်းနေသော်လည်း သူ၏လက်နှင့် ခြေထောက်များက အေးစက်နေဆဲပင်။ အလွန်ပူသော ရေနွေးအိတ်က ယခုမူ အေးစက်နေပြီ ဖြစ်သည်။ အိပ်ရာထဲမှ အပူချိန်က ရုတ်တရက် ကျဆင်းသွားပြီး သူ ထိတွေ့သမျှ အရာအားလုံးက သံကဲ့သို့၊ အေးစက်နေပြီး ခံနိုင်ရည်မရှိဖြစ်နေသည်။
သူ အိပ်ပျော်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သူ ထပြီး စာဖတ်ရန် စဉ်းစားနေစဉ် ရထားက ရုတ်တရက် ရပ်တန့်သွားပြီးတစ်ခဏအကြာတွင် လူတစ်ယောက် တက်လာသည်။
ကျီယွီကျင်းက ဆီးနှင်းများ ဖုံးလွှမ်းလျက် ဝင်လာသည်။ သူ ချူဖုန်းချင်၏မျက်လုံးများနှင့် ဆုံသောအခါ ခဏတာ အံ့အားသင့်သွားပြီးနောက် မေးလိုက်သည် “ဘာလို့ မအိပ်သေးတာလဲ။ အိပ်မပျော်ဘူးလား”
တဖျတ်ဖျတ်လက်နေသော ဖယောင်းတိုင်မီး၌ ချူဖုန်းချင်သည် သူ၏အတွင်းခံဝတ်စုံနှင့် ဘေးတစ်စောင်းလှဲလျောင်းနေသည်။ သူ၏ဆံပင်နက်များက သူ့ပခုံးများကို ဖုံးအုပ်ထားသည်။ သူက ရိုးသားစွာ ဆိုလိုက်သည် “အရမ်းအေးလို့ ကျွန်မ အိပ်မပျော်ဘူး”
ကျီယွီကျင်း မျက်မှောင်ကြုတ်လိုက်သည်။ လက်ဆန့်ထုတ်ပြီး သူ၏လက်ကို ထိလိုက်သည်။ ထိုလက်များသည် ယခုလေးတင် အပြင်မှ ဝင်လာသော သူ၏လက်များထက်ပင် ပိုအေးနေသည်။ သူ “ကျစ်” ဟု စုတ်သပ်လိုက်ပြီး “မင်း စောင်ခြုံထားတာကိုတောင် ဘာလို့ ဒီလောက်အေးနေတာလဲ...။ ငါ မင်းကို နေမကောင်းတဲ့ ပျိုးပင်လေးလို့ ခေါ်ပြန်ရင်လည်း မင်းက လက်မခံဘူး” ဟု ပြောလေသည်။
ယခု သူ အနည်းငယ် နောင်တရနေသည်။ ချူဖုန်းချင်၏ အအေးကို ကြောက်ခြင်းက ဤမျှလောက် ပြင်းထန်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။
မူလက အိမ်တော်၌ ချူဖုန်းချင် ပျင်းနေမည်ကို သူ စိုးရိမ်ခဲ့သည်။ သူ့ဇနီးသည် အိမ်တော်မှ ထွက်ခွာခဲပြီး တစ်ခါတစ်ရံ မှိုတက်သွားမည်ကို သူ ကြောက်ရွံ့မိသည်။ ထို့အပြင် ဤဆောင်းတွင်းအမဲလိုက်ပွဲက လဝက်ခန့်ကြာမည်ဖြစ်ပြီး သူသည် ထိုကာလအတွင်း မြို့တော်၌ ရှိနေမည်မဟုတ်ချေ။ သူအနည်းငယ် စိုးရိမ်နေခဲ့သောကြောင့် ထိုသူ့အား ဤနေရာသို့ ခေါ်လာခြင်း ဖြစ်သည်။
သို့သော် တောင်ထိပ်သို့ပင် မရောက်မီ ထိုသူက ခံနိုင်ရည်မရှိတော့မည်ကို သူ မမျှော်လင့်ခဲ့ချေ။
ချူဖုန်းချင် သူ၏လက်ကို ပြန်ယူလိုက်ပြီး နွေးထွေးခြင်းမရှိသော စောင်ထဲသို့ ထည့်လိုက်သည်။ သူ့နှင့် ငြင်းခုံလိုခြင်းမရှိသောကြောင့် အကြောင်းအရာကို ပြောင်းလိုက်သည် “ရှင် ဘာလို့ ဒီကိုလာတာလဲ။ ကင်းလှည့်ဖို့ မလိုဘူးလား...”
ကျီယွီကျင်း သူ၏မျက်လုံးများကို ပျင်းရိစွာ ပင့်လိုက်သည်။ “အရေးမကြီးပါဘူး။ နှစ်ဖက်စလုံးမှာ ချောက်ကမ်းပါးတွေ ရှိတယ်။ လုပ်ကြံသူတွေသာ ဒီမှာ ချောင်းတိုက်ခိုက်ရင် ဧကရာဇ်အိုကြီးက ကံဆိုးလွန်းလို့ပဲ ဖြစ်မယ်”
ချူဖုန်းချင်: “......” သူ ထိုကဲ့သို့ ယဉ်ကျေးမှု မရှိသော စကားများကို ကျီယွီကျင်းထံမှ မကြာခဏ ကြားနေရပြီး တဖြည်းဖြည်းနှင့် ၎င်းတို့ကို ကျင့်သားရလာခဲ့သည်။
ကျီယွီကျင်း သူ့အား ကြည့်လိုက်သည်။ မျက်လုံးများကို နှိမ့်ချလိုက်ပြီးနောက် ရေနွေးကြမ်းကို တစ်ငုံ သောက်ကာ သူ၏အပေါ်ရုံကို ချွတ်ပြီး စောင်ထဲဝင်ကာ လှဲလိုက်သည်။
ချူဖုန်းချင် မျက်တောင်ခတ်လိုက်မိသည်။ သူ မတုံ့ပြန်နိုင်သေးပေ။
ကျီယွီကျင်းက အလွန်တည်ငြိမ်နေသည်။ သူ ချူဖုန်းချင်၏လက်ကို ဆွဲယူပြီး မျက်လုံးများကို ဖုံးအုပ်ပေးကာ “အိပ်တော့။ ငါ မင်းနဲ့ ဆန့်ကျင်ဘက်ပဲ။ ငါက သဘာဝအလျောက်ဖြစ်နေတဲ့ မီးပြင်းဖိုတစ်ခုလိုပဲ... ဒီနေ့ မင်းကို ငါ ငှားပေးမယ်။ ငါ မင်းဆီက ဘာပိုက်ဆံမှ မယူဘူး”
သူ၏လေသံက ချူဖုန်းချင်သည် အလွန်ကောင်းမွန်သော အကျိုးကျေးဇူးကို ရရှိနေသကဲ့သို့ပင်။
ချူဖုန်းချင်၏အမြင်အာရုံများ မှောင်မိုက်သွားရသည်။ သူ၏မျက်လုံးများကို ဖုံးအုပ်ထားသောလက်သည် ခြောက်သွေ့ပြီး နွေးထွေးနေသည်ဟုသာ သူ ခံစားရသည်။ သူ ရုန်းကန်ချင်သော်လည်း သူ လှုပ်ရှားလိုက်သောအခါ သူ၏လက်နှင့် ခြေထောက်များက ချုပ်နှောင်ခံလိုက်ရသည်။
သူ တိုးတိုးလေး ပြောလိုက်သည် “ကျီယွီကျင်း၊ လွှတ်ပေး”
ကျီယွီကျင်း၏အက်ရှရှအသံကို ကြားလိုက်ရသည် “မလှုပ်နဲ့၊ ဒီနေရာက အရမ်းကျဉ်းတယ်။ မင်း ပြုတ်မကျချင်ရင် နာခံပြီး အိပ်လိုက်တော့”
ရထားလုံးသည် ကြီးမားသော်လည်း လူနှစ်ယောက် အိပ်ရန် လုံလောက်ခြင်း မရှိသောကြောင့် သူတို့နှစ်ယောက် ပူးပူးကပ်ကပ် အိပ်နေရသည်။
ကျီယွီကျင်း သူ့လက်များကို ချုဖုန်းချင်၏ ခါးပေါ်၌ တင်ထားပြီး ပွေ့ဖက်ထားလေသည်။ ချူဖုန်းချင်၏ကိုယ်ခန္ဓာတစ်ခုလုံးကို ဖုံးအုပ်ထားလေသည်။ သူ၏ပြင်းထန်သော နှလုံးခုန်သံနှင့် စည်းချက်မညီသော အသက်ရှူသံတို့ကို နားထဲတွင် ကြားနေရသည်။
ချူဖုန်းချင် ခဏတာမျှ အံ့အားသင့်သွားပြီး အနည်းငယ် အဆင်မပြေဖြစ်နေသည်။ သူ ဒီပုံစံနဲ့ ဘယ်လိုလုပ် အိပ်ပျော်မှာလဲ...
သို့သော် သူပြောနိုင်သည်မှာ ကျီယွီကျင်းသည် သူ့အား လိမ်ညာခြင်း မဟုတ်ပေ။ နွေးထွေးမှုသည် သူ၏ကိုယ်ခန္ဓာမှ တစ်ဆင့်ရောက်လာပြီး ချူဖုန်းချင်၏လက်များနှင့် ခြေထောက်များသည် အချိန်အတော်ကြာ ဖုံးအုပ်ခံထားရပြီးနောက် တဖြည်းဖြည်း ပူနွေးလာခဲ့သည်။ စောင်ထဲရှိ နွေးထွေးမှုသည် အလွန်သက်တောင့်သက်သာ ရှိလှသည်။ သူ၏မျက်လုံးများကို ဖြည်းညှင်းချင်း ပိတ်လိုက်၏။ သူ တစ်နေ့လုံး ရထားလုံးစီးရခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
သူ အိပ်ပျော်မသွားမီ သူ၏စိတ်ထဲ၌ တွေးနေမိသည်မှာ... နွေးထွေးနေသရွေ့ အဆင်ပြေတယ် ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်လုံးက ယောက်ျားတွေပဲလေ...တစ်ညတည်းဆိုတော့ အဆင်ပြေမှာပါ...
ကျီယွီကျင်းသည် သူ၏ရင်ဘတ်ပေါ်၌ အိပ်နေသော ချူဖုန်းချင်ကို ငုံ့ကြည့်လိုက်၏။ ခုခံကာကွယ်မှုမရှိသော ပုံရိပ်လေးပင်။ သူ အနည်းငယ် လှုပ်ရှားလိုက်ချိန် ထိုသူလေးက သူ၏အပူချိန်ကို လိုက်၍ သူ့အနားပိုမိုတိုးကပ်လာခဲ့သည်။
ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ ကျီယွီကျင်း၏ မျက်လုံးများ အနည်းငယ် မှောင်မိုက်သွားရသည်။ တစ်စုံတစ်ခုက သူ၏မျက်လုံးများထဲ၌ ထင်ဟပ်နေသည်။ ခဏအကြာတွင် သူ မျက်လုံးများကို ပိတ်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည် “အခု မင်းရဲ့ ပုံစံကအကာအကွယ်မဲ့နေတဲ့ပုံစံလေး... ရောင်းစားခံလိုက်ရရင်တောင် မင်းသိမှာမဟုတ်ဘူး”