အပိုင်း (၂၉)
ကျီယွီကျင်း စားပွဲပေါ်ရှိ မြေခွေးသားမွေးကို ကြည့်နေပြီး "ကျစ် ၊ မင်းရဲ့ မြေခွေးသားမွေးက နည်းနည်းပါးတယ်။ ယွီတောင်ပေါ်မှာ တော်တော် အေးတယ်နော်" ဟု ပြောလေသည်။
ချူဖုန်းချင်: "......"
သူ့ရှေ့၌ သူ၏မြေခွေးသားမွေးအင်္ကျီနှစ်ထည်ကို ဖုံးအုပ်နိုင်သော မြေခွေးသားမွေးအင်္ကျီမရှိခဲ့လျှင် သူ ယုံမိလိမ့်မည်။
ဒါပေမယ့် ... သူ ဘာလို့ ဆောင်းတွင်းအမဲလိုက်ပွဲကို သွားဖို့ လိုအပ်တာလဲ...
ကျီယွီကျင်းက သူ့စိတ်ထဲ၌ တွေးနေသည်များကို မြင်နိုင်သည့်အလား "ဧကရာဇ်က မင်းရဲ့နာမည်ကို ဆောင်းတွင်းအမဲလိုက်ပွဲအတွက် စာရင်းထဲမှာ ထည့်ဖို့ သေချာ ပြောခဲ့လို့"
ချူဖုန်းချင် တွေဝေသွားရသည် "ဧကရာဇ်ကလား..."
ယုတ္တိရှိရှိပြောရမည်ဆိုလျှင် သူက ဧကရာဇ်မင်းနှင့် တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးသည်။ ဒါဆို ဧကရာဇ်က သူ့နာမည်ကို ဘယ်လိုများ အတိအကျ ပြောနိုင်တာလဲ...
ကျီယွီကျင်း ခေါင်းညိတ်ပြလိုက်သည်။ "အင်း၊ ငါ့လူတွေကို စစ်ဆေးခိုင်းလိုက်မယ်"
သူ မျက်လုံးများကို မှိတ်လိုက်သည်။ အလွန် ပင်ပန်းနေပုံပင် "ရပါတယ်၊ မင်း မသွားချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ ငါ သွားလိုက်မယ်လေ ငါ ဧကရာဇ်အိုကြီးနဲ့အတူ အဖော်ပြုလမ်းလျှောက်ပေးရုံပါပဲ"
ချူဖုန်းချင်: "......"
ကျီယွီကျင်းသာ ဧကရာဇ်ကို ထိုသို့ပြောရဲသည်။
သို့သော်...
ချူဖုန်းချင် ခေါင်းခါလိုက်ပြီး "ကျွန်မ သွားမယ်" ဟု ပြောလိုက်သည်။
သူ့ကို အကြိမ်ကြိမ် ပစ်မှတ်ထားနေသူက မည်သူဖြစ်သည်ကို သူ မြင်ချင်သည်။
ဆောင်းတွင်းအမဲလိုက်ပွဲစတင်ရန် ငါးရက်သာ လိုတော့သည်။ သခင်နှစ်ယောက်နှင့်အတူ လိုက်ပါရမည်ဖြစ်သောကြောင့် ကျီအိမ်တော်တစ်ခုလုံးသည် စာရွက်စာတမ်းများ ပြင်ဆင်ခြင်းဖြင့် အလုပ်များနေသည်။ ဤကဏ္ဍကို သေချာဂရုစိုက်ရမည်ဖြစ်သည်။ တောင်ပေါ်၌ တစ်ခုခု ပျောက်ဆုံးသွားပါက ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။
ချူဖုန်းချင် အခန်းထဲ၌ အစေခံတစ်ယောက်မျှ မရှိချေ။ အိမ်တော်ထိန်းသည် သူ လက်ထပ်ပြီးနောက်တစ်နေ့တွင် သူ့အား ကိုယ်ပိုင် သီးသန့်အစေခံတစ်ယောက် ပေးချင်ခဲ့သည်။ သို့သော် သူသည် ယောက်ျားဖြစ်သောကြောင့် ယောက်ျားအစေခံတစ်ယောက်နှင့် တွဲပေးခြင်းသည် အဆင်မပြေပေ။ မိန်းမအစေခံတစ်ယောက်နှင့် တွဲပေးခြင်းကလည်း အဆင်မပြေချေ။ ထို့အပြင် ကိုယ်ပိုင်အစေခံရှိခြင်းသည် ဗုံးတစ်လုံးကို ပေါက်ကွဲစေရန် စနက်တံ အပိုတစ်ခု ရှိနေသကဲ့သို့ ဖြစ်မည်ဖြစ်သောကြောင့် သူ ထိုအကြံကို အစောကြီးကတည်းက ငြင်းဆိုခဲ့သည်။
ကံကောင်းစွာဖြင့် ကျီယွီကျင်းသည်လည်း နူးညံ့သောသူတစ်ယောက်မဟုတ်ချေ။ သူ့အား ကိုယ်တိုင် စောင့်ရှောက်ပေးရန် မည်သူကိုမျှ မလိုအပ်ခဲ့ပေ။ ထို့ကြောင့် သူက ချူဖုန်းချင်သည်လည်း သူ့ကဲ့သို့ပင် ဖြစ်မည်ဟု တွေးကာ သံသယ မဝင်ခဲ့ချေ။
ချူဖုန်းချင် ရက်အတော်ကြာ နေမကောင်းဖြစ်နေခဲ့ပြီး သူ့အဖေ၏အလုပ်ကို နှောင့်နှေးစေခဲ့၏။ သူ ပြန်လည်ကောင်းမွန်လာပြီးနောက် သူသည် ဆေးကို ပြင်ဆင်ခြင်းမပြုမီ ရက်အတော်ကြာ အလုပ်များနေခဲ့သည်။ သို့သော် သူသည် ဤဆေးကို ယခင်က မမြင်ခဲ့ဖူးချေ။ ၎င်းသည် အသုံးဝင်မည်၊ မဝင်မည်ကိုလည်း သူ မသိပေ။
သူ ထောင်သို့ နောက်တစ်ကြိမ် ထပ်သွားရဦးမည်...
ယခင်က လျှို့ဝှက်လိုင်းကို နောက်ထပ် အသုံးမပြုနိုင်တော့ပေ။ သူ ဘာဆက်လုပ်ရမလဲ... သူ တွေးနေရင်း သူ၏မျက်လုံးများက အနည်းငယ် လှည့်လည် ရှာဖွေနေပြီးနောက် စားပွဲပေါ်ရှိ အမှတ်တံဆိပ်ကို ရုတ်တရက် မြင်လိုက်ရသည်။
ချူဖုန်းချင် ထိုနေရာသို့ ပိုမိုနီးကပ်စွာ လျှောက်သွားလိုက်ပြီး အမှတ်တံဆိပ်ကို ကောက်ယူလိုက်သည်။ အမှတ်တံဆိပ်ပေါ်၌ "ရှီချန်" ဟူသော စကားလုံးနှစ်ခု ထွင်းထုထား၏။ ၎င်းသည် ကျီယွီကျင်း၏ အမှတ်တံဆိပ် ဖြစ်နေသည်မှာ သိသာ၏။ သူနှင့် ကျီယွီကျင်းသည် ယခု ခြံဝင်းတစ်ခုထဲ၌ မရှိကြပေ။ ထိုသို့ဆိုပါက မတော်တဆ ပျောက်ဆုံးခဲ့သည်ဟု ပြောခြင်းသည် မမှန်ပေ။ တစ်ခုတည်းသော ရှင်းပြချက်မှာ ၎င်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကို ဖော်ပြနေသည်။
သူ အမှတ်တံဆိပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ ကျီယွီကျင်း အရာအားလုံးကို သိနေခဲ့သည်မှာ ပေါ်လွင်ထင်ရှား၏။
ဤတစ်ကြိမ် ဆောင်းတွင်းအမဲလိုက်ပွဲအတွက် စောင့်ရှောက်သူများအားလုံးကို ကျီယွီကျင်းက စီစဉ်ပေးရသောကြောင့် သူ အလုပ်များလာရသည်။ သူ အရာအားလုံးကို စီစဉ်ပြီးသောအခါ အပြင်ကို ကြည့်လိုက်ပြီး ညနေစောင်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ နားထင်ကို ပင်ပန်းစွာ ဖိလိုက်တော့သည်။
သူ၏ဒဏ်ရာများ မပျောက်သေးပေ။ ယခု သူ တစ်နေ့လုံး အနားမယူရသေးဘဲ အလုပ်လုပ်နေရသည်။ ကျီယွီကျင်း အနည်းငယ် ခံနိုင်ရည်မရှိတော့သလို ခံစားလိုက်ရသည်။ သူ့မျက်လုံးပတ်ပတ်လည်တွင်မူ မျက်ကွင်းများညိုနေလေသည်။
လီယွီသည် စားပွဲပေါ်၌ သေဆုံးနေသော ခွေးတစ်ကောင်ကဲ့သို့ လှဲလျက် "ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်ဆိုရင် ကျွန်တော် သေချာပေါက် ကျင်းယီဝေကို ရွေးချယ်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
မူလက သူသည် ကျင်းယီဝေ၏ ဝတ်စုံများက ကောင်းမွန်ကြောင်း၊ သူတို့၏ဓားများ၏အမည်များသည် ကောင်းမွန်သော အသံရှိကြောင်း၊ ထို့ပြင် သူတို့ လမ်းလျှောက်ထွက်လာသောအခါ အလွန်မိုက်ကြောင်း တွေးခဲ့မိသည်။ လုပ်စရာများ ဤမျှလောက်များပြားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။
ကျီယွီကျင်းသည် သူ့နှင့် စကားပြောရန် အားအင်မရှိသောကြောင့် "ချူမိသားစုရဲ့ ကိစ္စကို စုံစမ်းတာ ဘယ်လိုလဲ" ဟု မေးလိုက်သည်။
လီယွီ အကြိမ်အနည်းငယ် ညည်းတွားလိုက်ပြီး "ဒီအကြောင်းကို ခင်ဗျားကို ပြောဖို့ ပြင်နေတာ" ဟု ပြောလေသည်။
သူ စားပွဲပေါ်မှ ထရပ်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည် "တကယ်ကို ခြေလှမ်းမရွှေ့နိုင်တဲ့ အရာတွေ ရှိနေတယ်။ အစက ချူမိသားစုကို ပြိုလဲစေခဲ့တဲ့သူက ဘဏ္ဍာရေးဝန်ကြီးရာထူးကို လိုချင်လို့ဖြစ်မယ်လို့ တွေးခဲ့ပေမဲ့ ခင်ဗျားက တစ်လှမ်းစောပြီး ကျွန်တော်တို့လူတစ်ယောက်ကို အဲဒီရာထူးမှာ ထည့်လိုက်တယ်။ ချူမိသားစုက ကံဆိုးတာလို့ တွေးခဲ့ပေမဲ့ စစ်ဆေးပြီးတော့မှ နောက်ထပ် တစ်ခု ရှိနေသေးတာကို တွေ့လိုက်ရတယ်"
"ခင်ဗျားယောက္ခမရဲ့ လက်ထဲမှာ မယုံနိုင်စရာ တစ်ခုခု ရှိပုံရတယ်၊ ဒါပေမဲ့ အဲဒါ ဘာလဲဆိုတာတော့ မသိဘူး။ ခင်ဗျားရဲ့ယောက္ခမက အရမ်းသတိထားတဲ့လူ၊ သူ ဖုံးကွယ်ထားတဲ့အရာတွေကို ရှာရတာ တကယ်ခက်တယ်"
သူက ယောက္ခမဟု အထပ်ထပ်ခေါ်နေခြင်းကြောင့် ကျီယွီကျင်း အနည်းငယ် အဆင်မပြေဖြစ်ခဲ့ရသည်။
လီယွီ ဆက်ပြောလာသည်။ "ခင်ဗျားရဲ့ယောက္ခမကို အခု လှည့်စားထားပြီး သူ ပစ္စည်းတွေ ထုတ်ယူဖို့ မဖြစ်နိုင်ဘူး။ ခင်ဗျား တကယ် သူ့ကို ထုတ်ချင်တယ်ဆိုရင်လည်း မခက်ပါဘူး။ သူ့နေရာမှာ အစားထိုးမယ့်သူတစ်ယောက်ကို ရှာပြီး သူ့ကို ခုတ်ပိုင်းပစ်လိုက်ရုံပဲ"
ကျီယွီကျင်း သူ၏မေးစေ့ကို လက်ဖြင့်ထောက်ပြီး တွေးတောနေပြန်သည်။ သူ ဤနည်းလမ်းကို ယခင်က မတွေးခဲ့မိခြင်း မဟုတ်ပေ။ သို့သော်ငြား ဤနည်းလမ်းကို အသုံးပြုပါက ချူကျန့်ယင်းသည် နောက်မည်သည့်အခါမှ နေရောင်ကို မြင်နိုင်တော့မည် မဟုတ်ချေ။ ကြီးမားသောချူမိသားစုသည် နောက်ဘယ်သောအခါမျှ ပညာရှင်များ မဖြစ်နိုင်တော့ပေ။ အရေးအကြီးဆုံးအရာက...
သူ့အိမ်တော်ရှိ ထိုသူကို တွေးမိသောအခါ ကျီယွီကျင်း၏ နှလုံးသား အနည်းငယ် ပိုမြန်စွာ ခုန်လာရသည်။ သူ "ကျစ်" ဟု စုတ်သပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းသည် သူ့အတွက် အရေးမကြီးပေ၊ အဓိကအရာက သူ ထိုသူ့အား မပျော်မရွှင် မဖြစ်စေချင်ပေ။
ထို့ကြောင့် ဤစိတ်ကူး ပေါ်လာသည်နှင့် ချက်ချင်း ပယ်ချခဲ့သည်။
သူ ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ လီယွီသည် သူ၏အတွေးများကို ခန့်မှန်းမိပြီး " အမှုကို ပြောင်းပြန်လှန်ချင်ရင် ခက်ခဲမယ်။ တခြားသူတွေက အမှောင်ထဲမှာ ရှိနေတယ်၊ ကျွန်တော်တို့က အလင်းထဲမှာ ရှိနေတယ်။ တိကျတဲ့ သက်သေအထောက်အထားကို မပြောနဲ့ဦး၊ အခု ရိုးရိုး သက်သေအထောက်အထားကို ဘယ်မှာရှာရမလဲတောင် ကျွန်တော် မသိတော့ဘူး။ အခုတော့ နောက်ကျသွားပြီ။ တချို့သဲလွန်စတွေကို စောစောကတည်းက ဖုံးကွယ်ထားခဲ့ပြီးပြီ။ တစ်လ ဒါမှမဟုတ် နှစ်လလောက်သာ စောသွားဆိုရင် ကျွန်တော် ခင်ဗျားအတွက် လုပ်ပေးခဲ့ပြီးပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကြားက ဆက်ဆံရေးက ဘာလဲ...။ ခင်ဗျားရဲ့ယောက္ခမက ကျွန်တော့်ယောက္ခမပဲပေါ့" ဟု ပြောလာသည်။
ကျီယွီကျင်း သူ့အား ကြည့်လိုက်သည်။
လီယွီ: "......"
ကျီယွီကျင်း: "ပေါက်ကရတွေ မပြောနဲ့"
လီယွီ မျက်တောင်ခတ်လိုက်ပြီး ပထမ၌ တုံ့ပြန်မှု မရှိခဲ့ပေ။ နောက်ဆုံး၌ သူ တုံ့ပြန်မိသောအခါ သူ၏ဗာဒံသီးပုံသဏ္ဍာန် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်စွာ ပြောလိုက်သည် "မဟုတ်သေးပါဘူး၊ အစ်ကိုကြီး၊ ကျွန်တော်က ခင်ဗျားရဲ့ဇနီးက ကျွန်တော့်ရဲ့ဇနီးလို့တောင် မပြောခဲ့ပါဘူး၊ ကျွန်တော်က ယောက္ခမတစ်ယောက်ကိုပဲ အသိအမှတ်ပြုတာ၊ ဒါကတောင် မဖြစ်နိုင်ပါဘူး! ကျွန်တော်က ခင်ဗျားကို ကျွန်တော့်အဖေ ဖြစ်ခိုင်းနေတာလည်း မဟုတ်ဘူး! ခင်ဗျားက ဒီလောက်တောင် ကပ်စေးနဲတာလား၊ ခင်ဗျားက ကျီယွီကျင်းရော ဟုတ်သေးရဲ့လား..."
ကျီယွီကျင်း၏ အမူအရာ အေးခဲသွားရတော့သည် "ချင်း..."
လီယွီ: "ချီး...ကျီယွီကျင်း၊ ခင်ဗျား ချင်းနျောင်ကို ခေါ်ရဲရင် ဒီနေ့ ကျွန်တော်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို အဆုံးသတ်လိုက်မယ်...ချက်ချင်းပဲ..."
ကျီယွီကျင်း၏လက်အား အောက်မချရသေးသည်ကို မြင်သောအခါ လီယွီ ချက်ချင်း နူးညံ့သွားရသည်။ "အစ်ကိုကြီး၊ ကျွန်တော် မပြောရဲတော့ပါဘူး။ ကျွန်တော် မှားပါတယ်။ ခင်ဗျားရဲ့ယောက္ခမက ခင်ဗျားရဲ့ယောက္ခမပဲ။ ကျွန်တော်က သူ့ကို ကျွန်တော့်ယောက္ခမအဖြစ် နောက်ထပ် အသိအမှတ်ပြုမှာ မဟုတ်တော့ပါဘူး"
လီယွီ၏ ဆူညံသံသည် ကျီယွီကျင်းကို အလွန်အဆင်မပြေစေခဲ့သည်။ ဤမျှထိကြာအောင် စုံစမ်းပြီးနောက် ကောင်းမွန်သော အထောက်အထားမရှိခြင်းသည် အလွန်ပင် ခက်ခဲလှသည်။ သူ သေချာသော တစ်ခုတည်းသော အရာမှာ ဤကိစ္စသည် မင်းသားများနှင့် သက်ဆိုင်နေခြင်းဖြစ်ပြီး သူတို့ထဲမှ မည်သူမျှ ဖြေရှင်းရန် မလွယ်ကူချေ။
ခေါင်းကိုက်တယ်...
ခေါင်းကိုက်သော်လည်း လီယွီက အရမ်းဆူညံသောကြောင့် သူ ချင်းနျောင်ကို ခေါ်လိုက်သည်။
ချင်းနျောင်က လီယွီ့အား ကြိုးတုပ်ထားသည်ကို ကြည့်ပြီး ကျီယွီကျင်း အနည်းငယ် ပိုကောင်းလာခဲ့သည်။ ထို့နောက် သူ ချင်းနျောင်အား "ချင်းနျောင်၊ မင်း ဘာတွေတွေ့လဲ ပြောပြဦး" ဟု မေးလိုက်သည်
ချင်းနျောင်သည် လျှို့ဝှက်လမ်းကြောင်းကို တာဝန်ယူရပြီး ကျင်ယီဝေဖြစ်သော လီယွီသည် ရှီချန်၏ မြင်သာသောနေရာတွင် တာဝန်ယူရသည်။
လီယွီ: "ခင်ဗျားက ချင်နျောင်ကို စစ်ဆေးခိုင်းတော့ ကျွန်တော့်ကိုရော ဘာလို့ စစ်ဆေးခိုင်းနေသေးတာလဲ
..."
ကျီယွီကျင်း ရှေ့သို့ မှီလိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည် "မင်း ဘယ်လောက် အသုံးမကျလဲဆိုတာ သိအောင်လို့လေ"
လီယွီ: "......"
ချင်းနျောင်သည် ကျီယွီကျင်းအား ဦးညွှတ်ပြီး သူ မကြာသေးမီက တွေ့ရှိခဲ့သည့်အရာများအားလုံးကို ပြောပြလိုက်သည်။
"ချူမိသားစုရဲ့ တတိယသခင်မလေးနဲ့ သခင်တို့ရဲ့ လက်ထပ်ခြင်းကို ဒုတိယမင်းသားက တားဆီးခဲ့တာ"
ကျီယွီကျင်း: "ဒုတိယမင်းသားလား..."
ချင်းနျောင်: "ဒုတိယမင်းသားက သခင်မနဲ့ အရင်က စေ့စပ်ခဲ့တာ၊ ဒါပေမဲ့ ချူကျန့်ယင်း အာဏာဆုံးရှုံးခဲ့တော့ သူက အသုံးမဝင်တော့တဲ့အတွက် စေ့စပ်မှုကို ဖျက်သိမ်းချင်ခဲ့တယ်။ အဲ့ကြောင့် သူက ကြင်ယာတော်လီကို တောင်းပန်ခဲ့ပြီးတော့ ကြင်ယာတော်လီကလဲ ဧကရာဇ်ကို သခင်တို့ကို လက်ထပ်ပေးဖို့ ပြောခဲ့တာ"
သူသည် ကြင်ယာတော်လီက ဧကရာဇ်ကို ပြောခဲ့သည့်အရာကို ထပ်မံပြောပြလေသည်။ "ဧကရာဇ်၊ ချူမိသားစုရဲ့ တတိယသခင်မလေးက အခု ရာဇဝတ်သားတစ်ယောက်ရဲ့ သမီးပါ။ သူမက မင်းသားတစ်ယောက်နဲ့ ဘယ်လိုများ လက်ထပ်နိုင်မှာလဲ...ဒါက ကျွန်မတို့တော်ဝင်မိသားစုအတွက် မျက်နှာပျက်စရာ မဟုတ်လား"
"ဒါပေမဲ့လည်း တတိယသခင်မလေးရဲ့ စေ့စပ်မှုက ဖျက်သိမ်းခံရပြီး သူမရဲ့အဖေကလည်း ဒီလောက်ဆိုးရွားတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ပြီးပြီ၊ နောက်ပိုင်းမှာ ဘယ်လူငယ်က သူမကို လက်ထပ်ရဲမှာလဲ.. တကယ်ကို သနားစရာကောင်းတယ်။ ကျွန်မ ပြောရမယ်ဆိုရင် ဧကရာဇ်က သနားကြင်နာပြီး သူမကို နောက်ထပ် ထိန်းမြားလက်ထပ်ပွဲတစ်ခု ပေးသင့်တယ်"
"ကျွန်မမှာ တော်တဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက် ရှိတယ်။ ရှီချန်အုပ်ချုပ်ရေးမှူး သခင်ကျီလေ...သူ့ကို ဘယ်လိုမြင်လဲ။ ဘာပဲဖြစ်ဖြစ် တတိယသခင်မလေးက သန့်ရှင်းပြီးရိုးသားတဲ့ အထက်တန်းမိသားစုက သခင်မလေးတစ်ယောက်ပဲ၊ ကျွန်မတို့က သခင်ကျီကိုလည်း အမှားမလုပ်မိဘူးလေ"
"ဒါ့အပြင် ဒီနှစ်ယောက်က နောက်ပိုင်းမှာ သားသမီးရဖို့ မဖြစ်နိုင်ဘူး။ စစ်သူကြီးချူက စစ်မြေပြင်မှာ သေဆုံးသွားတယ်လို့ ကျွန်မ ကြားတယ်။ ချူမိသားစုရဲ့ ဒုတိယသားကလည်း နှစ်အကြာကြီး အသက်မရှင်နိုင်တဲ့ နေမကောင်းတဲ့သူတစ်ယောက်ပဲ။ အဲ့လိုဆိုရင် ချူမိသားစုရဲ့ ရာဇဝတ်သွေးတွေလက်ဆင့်ကမ်းဖို့ ဆိုတာမဖြစ်နိုင်တော့ဘူး။ အရှင် ဘယ်လိုမြင်လဲ"
ကျီယွီကျင်းသည် ချင်းနျောင်၏ ပြန်ပြောပြခြင်းကို နားထောင်ရင်း သူ၏မျက်လုံးများ မှောင်မိုက်လာရသည်။ "ကျောက်ယီယွီ..."
လီယွီ အံ့အားသင့်သွားရသည်။ "ဒါက တကယ်ကို ရက်စက်တာပဲ။ သူ့ရဲ့ယောက္ခမက ဒုက္ခရောက်နေတာ၊ ဒါပေမဲ့ သူက ကူညီဖို့တောင် မပြောခဲ့ဘူး။ သူက စေ့စပ်ပွဲကိုတောင် မတွန့်ဆုတ်ဘဲ ဖျက်သိမ်းလိုက်တယ်၊ ပြီးတော့ ပင်ပန်းတဲ့ ဖြေရှင်းနည်းတစ်ခုကိုတောင် အသုံးပြုခဲ့သေးတယ်"
ချင်းနျောင် ဆက်ပြော၏။ "ချူကျန့်ယင်းရဲ့ အဂတိလိုက်စားမှုကိစ္စအတွက်တော့ ကျောက်လီက အထောက်အထားအချို့ကို ရထားပြီး တစ်ယောက်ယောက်ကို ဒီကို ပို့ပေးဖို့ ပြောခဲ့တယ်။ အထောက်အထား ရောက်လာပြီးမှ အသေးစိတ်ကို ပြောကြမယ်။"
ကျီယွီကျင်း ခေါင်းညိတ်လိုက်သည် "ကောင်းပြီ။"
သူ ထိုသို့ပြောပြီး ထရပ်လိုက်သည်။ သူ့ကိုယ်ပေါ်ရှိ အဝတ်များကို ခါလိုက်ပြီး အပြင်သို့ လျှောက်သွားတော့သည်။
လီယွီ သူ့အား စိုက်ကြည့်နေသည်ကို မြင်သောအခါ သူ သေချာ ရှင်းပြလိုက်သည်။ "ငါ့ဇနီးက အိမ်မှာ ငါ့ကို စောင့်နေတယ်။ နောက်ကျနေပြီ၊ ငါ မပြန်ရင် သူမက စိုးရိမ်နေလိမ့်မယ်"
သူ အောက်နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး "အိုး၊ ငါ မေ့သွားတယ်။ မင်းက တစ်ကိုယ်တည်းသမားဆိုတော့ မင်း နားလည်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
လီယွီ: "......" ချီး၊ ငါ တကယ် တစ်ယောက်ယောက်ကို ကိုက်ချင်နေပြီ။
ကျီယွီကျင်း ထွက်သွားပြီးနောက် လီယွီသည် ချင်းနျောင်ကို ကြည့်လိုက်ပြီး "အစ်ကိုကြီး၊ ခင်ဗျားရဲ့သခင်က ထွက်သွားပြီးပြီ၊ ကျွန်တော့်ကို လွှတ်ပေးလို့ရပြီလား" ဟု ပြောလိုက်သည်။
ချင်းနျောင်သည် သူ၏ခေါင်းကို စောင်းပြီး "သခင်က မပြောခဲ့ဘူး၊ ဒါကြောင့် ကျွန်တော် မလွှတ်ပေးနိုင်ဘူး" ဟု ပြန်ပြောလေသည်။
လီယွီ စိုးရိမ်နေ၏။ ချင်းနျောင် ခေါင်းမာတတ်သည်ကို သူ မေ့သွားသည်။ ထိုသူသည် ကျီယွီကျင်း၏ စကားများကိုသာ နားထောင်သည် "မဟုတ်သေးပါဘူး၊ မင်း ငါ့ကို တစ်ညလုံး ချည်ထားဖို့ တွေးထားတာလား"
ချင်းနျောင် မျက်တောင်ခတ်လိုက်ပြီး "သခင်က လွှတ်ပေးဖို့ ပြောတဲ့အခါကျရင် ကျွန်တော် လွှတ်ပေးမယ်" ဟု ပြောလိုက်သည်။
လီယွီ: "ချီး၊ မင်းတို့အားလုံး ရူးနေကြတာ"
ဘေး၌ ရပ်နေသော ချင်နျောင်သည် သူ ဘာမျှ မကြားသည့်အတိုင်း ဗလာသက်သက်အမူအရာဖြင့်သာ။
ကျီယွီကျင်း အိမ်သို့ ပြန်လာပြီးနောက် သူ မိုအိမ်တော်ထိန်းအား မေးလိုက်သည် "သခင်မ ဒီနေ့ အပြင်ထွက်ခဲ့တာလား..."
မိုအိမ်တော်ထိန်းက ခေါင်းခါပြီး "မဟုတ်ပါဘူး၊ သခင်မက ဒီနေ့တစ်နေ့လုံး အိမ်ထဲမှာပါ" ဟု ပြောလာသည်။
ကျီယွီကျင်း စိတ်ရှုပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူ ချူဖုန်းချင်၏အခန်းအပြင်ဘက်သို့ လျှောက်သွားလေသည်။ အခန်းထဲ၌ မီးများ ထွန်းထားတုန်းပင်။ သူ တံခါးခေါက်ရန် ပြင်နေစဉ် တံခါးက အတွင်းမှ ပွင့်လာ၏။
ချူဖုန်းချင် သူ့အား စောင့်နေခဲ့ခြင်း ဖြစ်သည်။ သူ လာသည်ကို မြင်သောအခါ သူက "ရှင်ရောက်လာပြီ" ဟုသာ ပြောလေသည်။
ကျီယွီကျင်း: "အင်း"
သူ အခန်းထဲသို့ လျှောက်သွားလိုက်သည်။ ၎င်းသည် သူ၏အခန်း ဖြစ်နေသည်မှာ သိသာသော်လည်း အနည်းငယ် စိမ်းသက်နေသည်။ အခန်းထဲရှိ အပြင်အဆင်များက များစွာ မပြောင်းလဲသွားပေ။ ချူဖုန်းချင်သည် မူရင်းအသွင်အပြင်ကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်မှာ ပေါ်လွင်သည်။
သို့သော် အခန်းတစ်ခုလုံးသည် ချူဖုန်းချင်၏ရနံ့ဖြင့် ပြည့်နေလျက်။ ဆီးနှင်းထဲမှ အနီရောင်ဇီးပန်းပွင့်များကဲ့သို့ပင် အေးစက်မှုထဲ၌ ဇီးရနံ့အနည်းငယ်ကို ဖုံးကွယ်ထားသည်။
စားပွဲပေါ်၌ သူ ခုလေးတင် ဖတ်ခဲ့သည့် ဖတ်လက်စ စာအုပ်တစ်အုပ် ရှိသည်။ ပြတင်းပေါက်မှ တိုက်ခတ်လာသော လေကြောင့် စာအုပ်သည် တရှဲရှဲနှင့် မြည်နေသည်။
ချူဖုန်းချင် အမှတ်တံဆိပ်တုံးကို ပေးလိုက်ပြီး ပြောလိုက်သည် "ဒါကို ရှင့်ဆီ ပြန်ပေးတာ"
ကျီယွီကျင်း ကုလားထိုင်ပေါ်၌ ထိုင်နေပြီး သူ၏လက်ချောင်းများဖြင့် စားပွဲကို ခပ်ဖွဖွ ခေါက်နေသည်။ သို့သော် တံဆိပ်တုံးကိုမူ မယူချေ။ "မင်း ငါ့ရဲ့ပစ္စည်းတွေကို မသုံးချင်တာလား"
ချူဖုန်းချင်သည် နှုတ်ခမ်းများကို စေ့လိုက်ပြီး ခေါင်းခါလိုက်သည်။ "ရှင် ဒီကိစ္စမှာ မပါသင့်ဘူး။"
ကျီယွီကျင်း ပြုံး၏။ "မင်းက ငါ့အတွက် စိုးရိမ်နေတာလား"
ချူဖုန်းချင်: "......" ကျီယွီကျင်း ပြောနေသည့် စိုးရိမ်မှုသည် သူ၏စိုးရိမ်မှုနှင့် မတူကြောင်း သူ အမြဲတမ်း ခံစားရသော်လည်း..
ကျီယွီကျင်း: "အဆင်ပြေပါတယ်၊ သုံးလိုက်ပါ။ မင်း ကောင်းကင်ကို အပေါက်မဖောက်သရွေ့ မင်းကို ကူညီဖို့ ငါ အမြဲတမ်း လမ်းရှာပေးမယ်"
သူ့ဇနီးက သူ့ကို အကူအညီတောင်းရန် အလွန် ခဲယဥ်းနေသည်ကို တွေ့သောအခါ သူ မပျော်မရွှင် ဖြစ်သွားရသည်။ သို့သော် သူ ဘာမှ မပြောခဲ့ပေ။ ဤသူက တစ်နေ့နေ့၌ သူ့အား လာတောင်းပန်လိမ့်မည်ကို စောင့်နေခဲ့သော်လည်း ဘယ်သောအခါမျှ မရခဲ့ပေ။ သူက အလွန်မာနကြီး၏။ ထို့ကြောင့် သူ ဘာမှ လုပ်၍မရနိုင်။ သူ့ကိုယ်တိုင်သာ ထိုသူ့ထံသို့ လာရသည်။
ချူဖုန်းချင်သည် တစ်ခုခုကို ပြောလိုသော်ငြား ကျီယွီကျင်းက အရင်ပြောလာသည်။ "တကယ်တော့ မင်း လက်ထပ်ပြီးကတည်းက ငါက ဒီကိစ္စမှာ ပါဝင်ပြီးသားဖြစ်နေပြီ။ မင်းက ဒီလောက်ဉာဏ်ကောင်းတာ၊ မင်း မသိစရာအကြောင်း မရှိဘူး"
ချူဖုန်းချင်သည် သဘောတူလိုက်ပြီး တိုးတိုးလေး "တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။
သူ ကျီယွီကျင်းကို မပါဝင်စေချင်ပေ။ သို့သော် ထိုသူသည် ဤကိစ္စတွင် ပါဝင်ပြီးသား ဖြစ်နေပြီ။
ကျီယွီကျင်း ခဏတာ အံ့အားသင့်သွားပြီး နောက် ကျယ်လောင်စွာ ရယ်မောလေသည် "မင်းက ငတုံးလား။ ငါ မနက်ဖြန် မင်းနဲ့အတူ လိုက်မယ်။ ငါလည်း အဲဒီမှာ လုပ်စရာတစ်ခု ရှိတယ်"
နောက်တစ်နေ့တွင် ချူဖုန်းချင်သည် ထောင်သို့ နောက်တစ်ကြိမ် သွား၏။ ဤတစ်ကြိမ်တွင် ကျီယွီကျင်းက သူ့အား တိုက်ရိုက်ခေါ်သွားသည်။ သူ ရရှိခဲ့သော ဆက်ဆံမှုသည် လုံးဝ ကွဲပြားခြားနားနေသည်။ လူတိုင်းက သူတို့အား အလွန်လေးစားကြဟန်ဖြင့်။
ထောင်သည် မှောင်မိုက်ပြီး အေးစက်စက်။ သူတို့ မဝင်မီပင် ပုပ်စော်နံသော အနံ့တစ်ခုသည် သူတို့၏နှာခေါင်းဝသို့ ထိမှန်လာသည်။ ကံကောင်းစွာဖြင့် သူတို့နှစ်ယောက်စလုံးသည် ဟန်ပန်များသူများ မဟုတ်ကြသောကြောင့် သူတို့၏အမူအရာများမှာ မပြောင်းလဲပေ။
မြေပြင်ပေါ်ရှိ ကောက်ရိုးနှင့် စီးဝင်လာသော ဆီးနှင်းရေတို့ ရောနှောနေပြီး သူတို့ ခြေလှမ်းတိုင်း၌ ရေညစ်များကို ခြေနင်းမိသည်။ ထိုလူနှစ်ယောက်သည် ခမ်းနားသော အဝတ်အစားများ ဝတ်ဆင်ထားကြသည်။ ကျီယွီကျင်းသည် အနီရောင်ဝတ်စုံနှင့် ခန့်ညားနေပြီး ချူဖုန်းချင်သည် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော မြေခွေးသားမွေးကို ဝတ်ဆင်ထားသည်။သူတို့က ဤနေရာနှင့် လုံးဝမသက်ဆိုက်သည့်နှယ်။
ကျီယွီကျင်းသည် သူ့ခြေထောက်အောက်မှ ရေညစ်များကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်မိသည်။ သူ၏ဖိနပ်များ ညစ်ပတ်သွားမည်ကို စိုးရိမ်၍ မဟုတ်ဘဲ ချူဖုန်းချင်၏ဖိနပ်များပေါ်၌ ရွှံ့အနည်းငယ်ကို သူ မြင်လိုက်ရခြင်းကြောင့်သာ။
ချူဖုန်းချင်သည် အစာပုံးကို ကိုင်ဆောင်ကာ ချူကျန့်ယင်းထံသို့ လျှောက်သွားပြီး "အဖေ" ဟု ခေါ်လိုက်သည်။
ချူကျန်ယင်၏ မျက်လုံးများ မှုန်မှိုင်းနေပြီး အာရုံမစိုက်နိုင်တော့ချေ။ သူ ချူဖုန်းချင်၏အသံကို ကြားသောအခါ သူ၏ခေါင်းကို အနည်းငယ် မြှင့်ပြီး သူ့အား ကြည့်လိုက်သည်။ သို့သော် ၎င်းကို မကြားသကဲ့သို့ပင်။ သူ ခေါင်းကို အလျင်အမြန် လွှဲလိုက်ပြီး လက်ချောင်းများဖြင့် မြေပြင်ကို ထိကာ မြေပြင်ပေါ်၌ ပေါ့ပေါ့ဆဆ ဆွဲနေ၏။ သူသည် ရေရွတ်နေပြီး သူ ဘာပြောနေသည်ကို မည်သူမျှ မသိချေ။
ကျီယွီကျင်းသည် ဆံပင်ရှုပ်ပွပြီး ညစ်ပတ်နေသော ချူကျန့်ယင်းကို ကြည့်လိုက်သည်။ ထိုသူက အရူးတစ်ယောက်သဖွယ် ဖြစ်နေသည်။ ထိုသူသည် တင်းကျပ်သော ဘဏ္ဍာရေးဝန်ကြီးဟောင်း ဖြစ်သည်ဟု တွေးရန်ပင် ခက်ခဲသည်။
ချူဖုန်းချင်သည် သူ့အား ဆေးပန်းကန်ကို ပေးလိုက်သည်။ ကံကောင်းစွာဖြင့် သူသည် ရူးသွပ်နေသော်လည်း အစားအစာကို မမုန်းပေ။ သူ့ကို ပေးသမျှကို သူ စားလိမ့်မည်။ သူ ဆေးသောက်နေစဉ် ချူဖုန်းချင်သည် သူ၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။ ၎င်းသည် မှန်ကန်စွာ မခုန်သေးဘဲ ကောင်းမွန်လာခြင်း မရှိသေးချေ။ ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် မည်သူကမျှ သူ့အား အလျင်စလို ပြန်လွှတ်ခြင်း မရှိသောကြောင့် သူ ဂရုတစိုက် စစ်ဆေးနိုင်သည်။
ချူဖုန်းချင်သည် ကျီယွီကျင်းကို ကြည့်လိုက်ပြီး "ကျွန်မ ဝင်လို့ရမလား" ဟု မေးလိုက်သည်
ကျီယွီကျင်း ထောင်မှူးအား လက်ပြလိုက်သည်။ ထောင်မှူးသည် ပထမ၌ အနည်းငယ် တွေဝေနေသော်လည်း သူ၏မျက်လုံးများကို မြှင့်လိုက်သောအခါ ကျီယွီကျင်း၏ မျက်လုံးများ၌ မပျော်ရွှင်သည့် အရိပ်အယောင်များကို မြင်လိုက်ရသည်။ သူ၏ခါးမှ သော့ကို အလျင်အမြန် ယူပြီး တံခါးကို ဖွင့်လိုက်သည်။
ထျန်းလောင်၏တံခါးသည် အလွန်နိမ့်၏။ မည်သူမဆို ဝင်သောအခါ ကိုယ်ကို ကိုင်းညွှတ်ပြီး ခေါင်းကို နှိမ့်ချဝင်မှရမည်။ ကျီယွီကျင်း မျက်မှောင်ကြုတ်ပြီး ချူဖုန်းချင် မတော်တဆ ခေါင်း မထိခိုက်စေရန် တံခါးလက်ရန်းကို လက်ဆန့်ထုတ်ကာ ကာကွယ်ပေးလိုက်သည်။
သူ ဝင်သွားပြီးနောက် ကျီယွီကျင်းသည် သူတို့နှစ်ယောက်အတွက် အချိန်ရရှိစေရန် ဆင်ခြေတစ်ခုကို ရှာပြီး ထွက်သွားလေသည်။
သို့သော် သူဝေးဝေးသို့ မသွားခဲ့ချေ။ ထျန်းလောင်ထောင်ရှိ လူအများစုသည် အလွန်ဆိုးရွားကြသည်။ သူသည် အရမ်းဝေးသွားပါက အနည်းငယ် စိုးရိမ်နေရလိမ့်မည်။ သူ၏လက်ရှိစိတ်အခြေအနေကို သတိပြုမိသောအခါ ကျီယွီကျင်းသည် "ကျစ်" ဟု အသံပြုသည်။ ဘာလို့များ သူ့ဘဝက ကံဆိုးနေသလို ခံစားရတာလဲ...
သူ ထိုင်စရာနေရာတစ်နေရာကို ရှာဖွေပြီး ပေါ့ပေါ့ဆဆပင် ထိုင်လိုက်သည်။ ခဏအကြာတွင် သူ ထောင်မှူးအား သန့်ရှင်းရေးလုပ်ရန် ညွှန်ကြားလိုက်သည်။ ကြမ်းပြင်သည် အမှန်တကယ်ပင် အလွန်ညစ်ပတ်နေသည်။ ချူဖုန်းချင် အပြင်ထွက်လာသောအခါ ဤလမ်းကို ထပ်လျှောက်ရမည်ဖြစ်သည်။
ထောင်ကို သန့်ရှင်းရေးလုပ်နေသော ထောင်မှူး: "......" ငါဘဝမှာ ဒီလောက်အထိ စကားမပြောနိုင်အောင် ဆွံ့အသွားဖူးတာ မရှိဘူး။ ငါက ထောင်ကို သန့်ရှင်းရေးလုပ်ရမယ်တဲ့လား...
ချူဖုန်းချင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အစားအသောက်စားခြင်း၊ ရေသောက်ခြင်း၊ မစင်စွန့်ခြင်းနှင့် ဆီးသွားခြင်းတို့သည် တူညီသော ပတ်ဝန်းကျင်၌ ရှိနေသောကြောင့် များစွာ ပိုမိုကောင်းမွန်နိုင်ခြင်း မရှိပေ။ သူသည် ပါးလွှာသော ခွက်နှင့် သူ၏အဖေ၏ကိုယ်ပေါ်ရှိ ထောင်ဝတ်စုံကို ကြည့်လိုက်သည်။ သနားခြင်းအရိပ်အယောင်တစ်ရပ် သူ့မျက်လုံးများ၌ လင်းလက်သွားပြီး သူ တိုးတိုးလေး ပြောလိုက်သည် "အဖေ၊ အဖေ ဒုက္ခရောက်ခဲ့ရပြီ"
သူ ထိုသို့ပြောပြီးနောက် သူ၏မြေခွေးသားမွေးအင်္ကျီကို ချွတ်ပြီး သူ၏အဖေကို ပတ်ပေးလိုက်သည်။ ထို့နောက် ငွေအပ်ကို ထုတ်လိုက်၏။ ဆေးအစွမ်းပြရန် အချိန်အများကြီး ယူနေပြီး သူ နောက်ထပ် မစောင့်နိုင်တော့ချေ။ ထို့ကြောင့် သူသည် ငွေအပ်ကို စမ်းကြည့်လိုသည်။
နွေးထွေးသော မြေခွေးသားမွေးကို သူ၏ကိုယ်ပေါ်သို့ တင်လိုက်သောအခါ ချူကျန့်ယင်းသည် ခဏတာ အံ့အားသင့်သွားပြီး သူ၏မျက်နှာ၌ ပျော်ရွှင်ခြင်းအရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။
ချူဖုန်းချင်သည် သူ၏ရှုပ်ပွနေသော ဆံပင်ကို စည်းပြီး သူ့အား တိုးတိုးလေး "အဖေ၊ ကျွန်တော် အဖေရဲ့ရောဂါကို ကုသပေးပါ့မယ်။ အဖေ မလှုပ်ဘဲနေမယ်လို့ ကတိပေးနိုင်မလား" ဟု ပြောလိုက်သည်။
ချူကျန့်ယင်းသည် ခေါင်းကို စောင်းပြီး သူ့အား ကြည့်နေသည်။ အမှတ်ရစရာများ ရှိနေခြင်းကြောင့်လား၊ မရှိခြင်းကြောင့်လား မသိပေ။ သို့သော် ထိုသူသည် သူ၏မျက်နှာကို အကြာကြီး စိုက်ကြည့်ပြီး သူ့အား ထိရန် လက်ကိုပင် ဆန့်ထုတ်ခဲ့သည်။
ချူဖုန်းချင် သူ့မျက်နှာကို အဖေ့လက်ဖြင့် ပွတ်သပ်နေပြီး သူ၏မျက်လုံးများကမူ လခြမ်းကွေးလေးများသဖွယ် ကွေးညွှတ်နေသည်။
ကျီယွီကျင်း သူ၏လက်အောက်ငယ်သားများကို ချူကျန့်ယင်း၏ ပတ်ဝန်းကျင်ကို တိုးတက်အောင် လုပ်ရန်နှင့် အစားအစာကို မချွေတာရန် ညွှန်ကြားခဲ့ပြီးဖြစ်သည်။ ထို့နောက် သူ ခဏစောင့်သော်လည်း ထိုနေရာ၌ လှုပ်ရှားမှုတစ်ရပ်မှ မရှိသေးပေ။ သူ နောက်ထပ် မစောင့်နိုင်တော့သောကြောင့် ထရပ်ပြီး ထိုနေရာသို့ လျှောက်သွားလိုက်သည်။
ချူဖုန်းချင် သူ၏မြေခွေးသားမွေးအင်္ကျီကို ချွတ်လိုက်သည်။ ယုတ္တိရှိရှိပြောရမည်ဆိုလျှင် သူသည် အအေးကို ကြောက်သောကြောင့် တုန်နေသင့်သော်လည်း အပ်စိုက်ကုသခြင်းသည် သူ၏စွမ်းအင်နှင့် အာရုံစိုက်မှုကို အလွန်အမင်း သုံးစွဲသောကြောင့် ယခု သူ၏နဖူးပေါ်၌ ချွေးစက်များပင် ပေါ်လာပြီဖြစ်သည်။
နောက်တစ်ခဏတွင် လက်ချောင်းတစ်ချောင်းသည် သူ၏ခေါင်းကို တို့ထိလာသည်။ ချူကျန့်ယင်း၏ မရှင်းလင်းသေးသော မျက်လုံးများတွင် သူ့အရိပ်ပေါ်နေသည်။ ထိုသူက သူ့အား အနည်းငယ် ရင်းနှီးနေသော်လည်း ထိုမျှလောက် မရင်းနှီးသကဲ့သို့ပင်။ သူ့အဖေသည် သူ့မျက်နှာကို ထပ်မံ တို့ထိလိုက်ပြန်သည်။ သူက အခု အနည်းငယ် ရှုပ်ထွေးနေပြီး "ချင်အာ..." ဟု သံသယဖြင့် မေးလာသည်။
ကျီယွီကျင်းသည် "ချင်အာ" ဟူသော အသံကို ကြားသောအခါ ရပ်တန့်သွားရတော့သည်။