အပိုင်း (၂၈)
ကျီယွီကျင်း လမ်းဆက်မလျှောက်ဘဲ ရပ်လိုက်မိသည်။ သူတို့နှစ်ဦးကြားတွင် ဆီးနှင်းဖတ်လေးများ ကျဆင်းလာကြချိန် သူ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
သူ့မျက်ဝန်းတစ်စုံက၌ တောက်ပနေလျက်။ အနီရောင် နှုတ်ခမ်းများက ကွေးနေပြီး သူ၏ ပုံမှန် မာန်မာနကြီးပြီး ထက်မြက်သော မျက်ဝန်းများ၌ နူးညံ့မှုအရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ ရုတ်တရက် ကောင်းကင်မှ အလင်းတန်းလေးက မြူခိုးအလွှာများကြားမှ ဖြတ်၍ အနီရောင်အဝတ်အစားများနှင့် အဖြူရောင်ဆီးနှင်းများကြား၌ ကျဆင်းလာသည်။
နှင်းကျခြင်း ရပ်သွားတော့သည်။
အကြာကြီး ဖိနှိပ်ထားခဲ့သော တစ်စုံတစ်ရာက အေးခဲနေသော မြေပြင်မှ ရုတ်တရက် ဖောက်ထွက်ပြီး တိတ်ဆိတ်စွာ ပေါ်လာတော့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏မိခင်သည် သူ့ခေါင်းကို ပွတ်သပ်ရင်း သူ့ကို ပြောလာခဲ့သည်။ "ငါ့ရဲ့ချစ်ရတဲ့သားလေး၊ တစ်နေ့ကျရင် မင်းအတွက် အေးခဲနေတဲ့ဆောင်းရာသီမှာ နွေဦးရောက်သလို ခံစားစေရပြီး ဆီးနှင်းတွေထဲမှာ နွေဦးလေပြေလို ခံစားရစေမယ့်သူတစ်ယောက်ကို ရှာတွေ့လိမ့်မယ်။ အဲလိုခံစားရတာတွေက အဲဒီလူ မင်းဘေးမှာ ရှိနေလို့ပဲ"
ကျီယွီကျင်း ချူဖုန်းချင်၏ ခေါင်းမှ နှင်းဖတ်ကလေးကို သူ့လက်ဖြင့် ဖယ်ရှားလိုက်သည်။ ၎င်းက သူ့လက်ဖဝါးထဲ၌ အရည်ပျော်သွားသည်ကို ကြည့်ပြီးနောက် ချူဖုန်းချင်အား စိုက်ကြည့်ကာ တိုးတိုးလေး ပြောလာသည်။ "ငါ့ကို မလှည့်စားနဲ့။ ငါက အလေးအနက်ထားတတ်တယ်"
ချူဖုန်းချင် ခေါင်းခါလိုက်သည်။ "ရှင့်ကို လိမ်မှာမဟုတ်ဘူး။ ရှင် နားထောင်ချင်တဲ့အခါ ကျွန်မဆီ လာခဲ့ပါ၊ ကျွန်မ ပြောပြမယ်။"
သူ ခဏရပ်လိုက်ပြီး "ဒါနဲ့ နောက်ပိုင်းရော..." ဟု မေးလိုက်သည်။
ကျီယွီကျင်း သူ၏အေးစက်နေသော မျက်နှာကို လက်ဖြင့် တို့ထိလိုက်သည်။ သူက "နောက်အပိုင်းကတော့ ကြီးမားတဲ့အပိုင်း ဖြစ်လာလိမ့်မယ်၊ ဒါပေမဲ့ ငါတို့ မပြန်သေးရင် မင်းလို နေမကောင်းတဲ့ပျိုးပင်လေးက နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်လိမ့်မယ်" ဟု ပြောလေသည်။
ချူဖုန်းချင် သူ့အား ကြည့်လိုက်သည်။ သူက ချူဖုန်းချင်အား နေမကောင်းသော ပျိုးပင်လေးဟု ထပ်မံခေါ်လိုက်ပြန်ပြီ။
သို့သော်လည်း ထိုနေ့က ပြန်လာပြီးနောက် ချူဖုန်းချင် အမှန်တကယ်ပင် ပြင်းထန်စွာ နေမကောင်းဖြစ်သွားခဲ့ရသည်။ သူ ရက်အတော်ကြာသည်အထိ ဖျားနေခဲ့ပြီး ကျီယွီကျင်းကို အလွန်အမင်း စိုးရိမ်စေခဲ့သည်။ သူ နန်းတွင်းသမားတော်များအားလုံးကို ဖိတ်ခေါ်ခဲ့ပြီး သူတတ်နိုင်သမျှ ဆေးညွှန်းများအားလုံးကိုလည်း ပြောင်းလဲခဲ့သည်။ မကောင်းသော အရာများ ရှိမရှိ ကြည့်ရန် ဗေဒင်ဆရာတစ်ယောက်အား ရိုးရာဓလေ့တစ်ခုခုကိုပင် ပြုလုပ်ခိုင်းလုနီးပါး ဖြစ်ခဲရသည်။ ရိုးရိုးအအေးမိတာဆိုရင် သူ့ ဘာလို့ ဒီလောက်ရက်အကြာကြီး နေမကောင်းဖြစ်နေမှာလဲ...
နောက်ပိုင်းတွင် ဖျားနေပြီး မျက်လုံးနီနေသော ချူဖုန်းချင်သည် သူကိုယ်တိုင် ဆေးညွှန်းတစ်ခုကို ရေးပေးခဲ့သည်။ သူ ထိုဆေးကို ရက်အတော်ကြာ သောက်ပြီးမှသာ အဖျားကြီးခြင်း လျော့ကျသွားတော့သည်။
သူ ပိုမိုကောင်းမွန်လာသောအခါမှသာ ကျီယွီကျင်း သက်ပြင်းချနိုင်တော့သည်။ သူ နောက်ပြောင်ပြောဆိုလိုက်သည် "အအေးမိပြီး ဖျားတာ ဘယ်နှစ်ရက်ကြာမလဲဆိုတဲ့ ပြိုင်ပွဲရှိရင် မင်း သေချာပေါက် ဆုရလိမ့်မယ်"
ချူဖုန်းချင် ဆေးသောက်နေပြီး သူ၏စကားများကို ကြားသောအခါ အကြိမ်ရေအနည်းငယ်မျှ ချောင်းဆိုးသွားရသည်။
ကျီယွီကျင်း သူ၏နောက်ကျောကို ပုတ်ပေးရန် လက်ဆန့်ထုတ်လိုက်သည်။ "ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ။ ငါ မင်းဆေးကို ခိုးမသောက်ပါဘူး"
ချူဖုန်းချင်: "......"
ဒီလူကို တစ်ယောက်ယောက် ခေါ်ထုတ်သွားပေးနိုင်မလား...
သာယာသော နေသာသည့်နေ့တစ်နေ့တွင် နေရောင်ခြည် ကောင်းစွာ ရနေသောကြောင့် ချူဖုန်းချင် အပြင်ထွက်ပြီး လမ်းလျှောက်ချင်မိသည်။ သို့သော် သူ အပြင်မထွက်မီ ကျီယွီကျင်းက သူ့အား တားလာခဲ့သည်။
ကျီယွီကျင်းက မနှစ်မြို့စွာ ပြောလိုက်သည်။ "ကျစ်... ဒီလောက်လေးပဲ ဝတ်စရာလား၊ ငါတို့အိမ်မှာ အဝတ်အစားတွေတောင် မကျန်တော့ဘူးလား"
သူ့ကိုယ်သူ မြေခွေးသားမွေးဖြင့် ပတ်ထားသော ချူဖုန်းချင်: "......"
သူ မကြားသလိုသာ ဟန်ဆောင်လိုက်တော့သည်။
......
သူတို့ ဤအရာများအားလုံးကို ရေတွက်ပါက တကယ်ကို များပြားလွန်းလှသည်။
ထိုနေ့က ကျီယွီကျင်းသည် စားပွဲပေါ်ရှိ မြေခွေးသားမွေးကို မျက်မှောင်ကြုတ်၍ကြည့်နေသည်။ ချူဖုန်းချင် သူ့နောက်၌ ဖြတ်လျှောက်သွားပြီး မူလက သူ့အား အာရုံမစိုက်ချင်ခဲ့ပေ။ သို့သော် ကျီယွီကျင်းက သူ့အား လှည့်ကြည့်လာခဲ့သည်။
ချူဖုန်းချင် နှုတ်ခမ်းများကို စေ့ထားပြီး ရပ်ကာ "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
ကျီယွီကျင်း: "ဆောင်းတွင်းအမဲလိုက်ပွဲ စတော့မယ်"
ချူဖုန်းချင်: "?"
ကျီယွီကျင်း: "ဆောင်းတွင်းအမဲလိုက်ပွဲကို ယွီတောင်ပေါ်မှာ ကျင်းပလိမ့်မယ်။ အမဲလိုက်ပွဲမှာ ပါတဲ့ အရာရှိတွေက သူတို့ရဲ့မိသားစုတွေကို ခေါ်လာခွင့်ရှိတယ်"
ချူဖုန်းချင် မျက်တောင်ခတ်လိုက်သည်။ သူ့ကိုယ်သူ မိသားစုဝင်တစ်ယောက်အဖြစ် ထည့်သွင်းစဉ်းစားထားပုံ မပေါ်ပေ။