Chapter 27
Viewers 2k

အပိုင်း (၂၇)

 

 

ကျီယွီကျင်း သူ့အား ကြည့်လိုက်သည်။ ကျီယွီလန်၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားရသည်။ သူမ သူ့မျက်လုံးများထဲမှ ငြင်းဆန်သည့်အရိပ်အယောင်ကို သူ မြင်လိုက်ရသည်။

 

သူမ အနည်းငယ် စိုးရိမ်နေမိသည်။သူမ နှုတ်ခမ်းများကို ကွေးပြီး ဟန်ဆောင်ပြုံးလိုက်သည်။ "ရှင့်လို မိန်းမစိုးတစ်ယောက်ကိုတောင် ကျွန်မက ယူဖို့ ဆန္ဒရှိနေတာလေ၊ ရှင်က ဘာတွေ ထပ်လိုချင်သေးတာလဲ..."

 

ကျီယွီကျင်း၏ မျက်နှာ၌ စက်ဆုပ်ခြင်းအနည်းငယ် ပေါ်လာသည် "ဒါဆို ငါက မင်းရဲ့ ပရဟိတစိတ်ကို ကျေးဇူးတင်ရမှာပဲ၊ ဝမ်းကွဲညီမလေး။ ငါ့လို မိန်းမစိုးတစ်ယောက်က မင်းနဲ့ ဘယ်လိုများ ထိုက်တန်နိုင်မှာလဲ..."

 

သူသည် အန်ချင်သလိုပင် ခံစားနေရသည်။ သူ့ခန္ဓာကိုယ်က အလိုအလျောက် ရွံရှာနေခြင်းပင်။ ကျီယွီကျင်း သူ၏လျှာဖျားဖြင့် အာခေါင်ကို ဖိလိုက်ပြီး အန်ချင်စိတ်ကို အတင်းအဓမ္မ တားဆီးလိုက်ရသည်။

 

သူ၏မိခင်နှင့် ဦးလေးတို့ တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်ပြီးနောက် အရာအားလုံး၏ တရားခံသည် သူ အမြဲတမ်းလေးစားခဲ့သော သူ့အဖေ ဖြစ်သည်ကို ရုတ်တရက် တွေ့ရှိခဲ့ရသည်။ ထိုအချိန်က သူ့အတွက် ကောင်းကင်ကြီး ပြိုကျလာပြီး မြေကြီးများ ကွဲအက်သွားသည်ဟု ခံစားရခြင်းသည် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

 

သူ၏အဖေဖြစ်သူ ရှဲ့ကျင်းရှိ၊ ချန်နန်းဘုရင်၌ အာဏာကြီးမားသော ရာထူး ရှိခဲ့သည်။ သူသည် နယ်မြေတစ်ခု၏ ဘုရင်ဖြစ်ပြီး သူ့တွင် သန်မာသော စစ်တပ်နှင့် မြင်းများ ရှိသည်။ လူတစ်ယောက် သို့မဟုတ် နှစ်ယောက်သာ သေဆုံးခဲ့၏။ ခိုင်မာသော အထောက်အထားမရှိဘဲ မည်သူက သူ့အား စွပ်စွဲရဲမည်နည်း။

 

ထိုအချိန်က သူသည် ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ ရှဲ့ကျင်းရှိနှင့် ရင်ဆိုင်ရခြင်းသည် ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်နှင့် ရင်ဆိုင်ရခြင်းနှင့် တူ၏။ သူသိသော လူအနည်းငယ်နှင့် သူ၏လက်အောက်ခံလူများသည် ရှဲ့ကျင်းရှိအတွက် ပြက်ရယ်ပြုစရာသာသာပင်။ သူသည် ထိုသူ၏သွေးကို သောက်ပြီး အသားကို စားလိုသော်လည်း ထိုအချိန်က သူပြုလုပ်နိုင်သော အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ထိုသူနှင့် ဆက်ဆံရေး ဖြတ်တောက်ရန်ပင် ဖြစ်သည်။ ထိုအချိန်မှစ၍ သူတို့သည် မဟာမိတ်များ မဟုတ်တော့ပေ။ သူသည်လည်း ချန်နန်းနန်းတော်၏ အိမ်ရှေ့စံ မဟုတ်တော့ချေ။

 

ဒါအကုန်ပဲ...

 

အခြားတစ်ဖက်တွင် သူ့မိခင်၏ မိသားစုနှင့် သူ့ဦးလေး၏ မိသားစုတို့သည် သူတို့၏ဝမ်းနည်းခြင်းနှင့် ဒေါသကို မထုတ်ဖော်နိုင်ခဲ့ကြပေ။ သူတို့ ချန်နန်းဘုရင်ကို ရန်ရှာရန် မရဲသောကြောင့် ကျီယွီကျင်းကိုသာ ရှာခဲ့ကြသည်။ မနက်မှ ညအထိ စော်ကားသော ကျိန်စာများ မရပ်တန့်ခဲ့ပေ။ သူ ဆိုးဝါးသော စကားလုံးများအားလုံးကို ကြားခဲ့ရသည်။

 

ကျီယွီလန်သည် သူ့ထံသို့ အလျင်အမြန် ပြေးလာပြီး သူ၏လက်ကောက်ဝတ်ကို သွားများဖြင့် ကိုက်ကာ "ဒါတွေအားလုံး ရှင့်ကြောင့်။ ရှင် ကျွန်မအဖေကို ပြန်ပေးဆပ်ရမယ်" ဟု ငိုယိုပြောဆို၏။

 

သူ လုံးဝ ခုခံနိုင်ခြင်း မရှိပေ။ သူ၏ယခင်အတန်းဖော်များနှင့် သူငယ်ချင်းများအားလုံးက ကျီယွီလန်ဘက်မှ ရပ်တည်ပြီး သူ့အား စက်ဆုပ်သော အကြည့်တို့ဖြင့် ကြည့်နေခဲ့ကြသည်။

 

"ရှဲ့ယွီကျင်း၊ မင်း ဆက်ပြီး ဖုန်းကွယ်ချင်သေးတာလား...ကျီယွီလန် အဖေကိုဆုံးရှုံးခဲ့ရတာ မင်းအဖေကြောင့်ပဲ။"

 

"ရှဲ့ယွီကျင်း၊ သူ့ကို စိတ်ထွက်ပေါက် ပေးလိုက်ပါ။ သူက အခု နေမကောင်းဖြစ်နေတာ"

 

"မင်းက အသက်ရှင်နေတယ်၊ ဒါပေမဲ့ မင်းဦးလေးက မင်းအဖေကြောင့် သေဆုံးခဲ့ရတာ။ အဲ့တာကို ဘာလို့ မင်းက ဖုန်းကွယ်နေရတာလဲ"

 

" ရှဲ့ယွီကျင်း၊ မင်းရဲ့အပြစ်တွေကို မင်း ပြန်ပေးဆပ်ရမယ်၊ မင်း ယွီလန် တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး သူ့ကို ပြန်ပေးဆပ်လိုက်"

 

သူ လက်ခံလိုက်ရုံသာ ရှိတော့သည်။ သူ၏ မာန်မာနကြီးသော စရိုက်နှင့်အတူ သူ စိတ်ပျက်အားငယ်ခဲ့ရသည်။

 

ပေးဆပ်တာလား..။ သူ ပေးဆပ်နေခြင်း ဟုတ်သည် မဟုတ်သည်ကိုပင် နားမလည်တော့။

 

သူ့အား အမြဲတမ်း ချစ်ခင်ခဲ့သော သူ၏အဘိုးအဘွားများပင် သူ့အား နောက်ထပ် မတွေ့လိုတော့ပေ။ သူ အမှန်တကယ်ပင် မဟာအပြစ်သားတစ်ယောက် ဖြစ်လာခဲ့ရသည်။

 

လောကကြီးက ဤမျှထိကြီးမားသော်လည်း သူ တစ်ယောက်တည်းသာ ။ သူ့အတွက် နေစရာနေရာ မရှိတော့ချေ။

 

ဤအရာအားလုံးကို လက်ခံခဲ့ပြီးဖြစ်သော်လည်း သူ ဘာမှားခဲ့သည်ကို သူ သိချင်နေမိသည်။

 

သို့သော်လည်း သူ မကြာမီပင် ပြဿနာကို စဥ်းစားလိုက်မိသည်။ အားနည်းသူများကသာ အမြဲတမ်း မှားကြသည်။ သူ ရှဲ့ကျင်းရှိကို အနိုင်ယူနိုင်ရန် လုံလောက်သော စွမ်းအား ရှိရမည်။ ထို့ကြောင့်  သူ၏မျိုးရိုးအမည်ကို ကျီသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲခဲ့ပြီး ထိုအချိန်မှစ၍ ကျီယွီကျင်းဟု ခေါ်ဆိုစေခဲ့သည်။

 

ထိုအချိန်က ဧကရာဇ်မင်းက တုန်းချန်နှင့် ဆင်တူသော အခြားအဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးရန် ရည်ရွယ်ခဲ့သောကြောင့် သူ ယခင်က ရွှေနန်းတော်၌ ပြုလုပ်ခဲ့သကဲ့သို့ နောက်ထပ် ဆုံးဖြတ်ချက်တစ်ရပ်ကို ချခဲ့သည်။ သူကိုယ်တိုင် ချန်နန်း၏ အိမ်ရှေ့စံဘွဲ့မှ အနိမ့်ဆုံး မိန်းမစိုးအဖြစ်သို့ ပြောင်းလဲခဲ့သည်။

 

နေ့တိုင်း ဓားဖျားပေါ်၌ သွေးသောက်နေခဲ့ရသည့်နှယ်။ တရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီးနောက် သူ ရှီချန်၏ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။

 

ယခင်က သူ့အား စက်ဆုပ်ခဲ့သူများက ယခုသူ၏ဆန္ဒကို ဆန့်ကျင်ပြီး ဘာကိုမျှ ပြောရဲခြင်း မရှိတော့ပေ။ သို့သော် သူ ကျီအိမ်တော်မှ လူများနှင့် ရင်မဆိုင်နိုင်သေးပေ။

 

နှစ်ပေါင်းများစွာ ကြာလာသောအခါ ကျီယွီလန်သည် သူ့အား စွဲလမ်းနေပုံရသည်။ သူပေါ်လာသည့်နေရာတိုင်း၌ သူမရှိနေတတ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပေးခဲ့သည့် အကြောင်းချက်ကို သူမ သုံးနေတုန်းပင်။ ၎င်းက သူ ဘယ်သောအခါမှ လွတ်မြောက်နိုင်မည် မဟုတ်သည့် အိပ်မက်ဆိုးပင်။

 

သူ ဘာမျှ မပြောသည်ကို မြင်သောအခါ ကျီယွီလန် မျက်မှောင်ကြုတ်လိုက်ပြီး "ရှင် ကျွန်မကို မယူရင် ရှင့်အသက်နဲ့ ပေးဆပ်မှာလား" ဟု မေးလေသည်။

 

ကျီယွီကျင်း နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ထိုသူအား ကြည့်လိုက်သည်။ သူ တစ်ခုခုကို စဉ်းစားနေသည့်ပုံပင်။

 

"အာ..." ကျီယွီလန် စိတ်တိုသွားရတော့သည်။ သူမ၏မျက်နှာ ခက်ထန်သွားပြီး ဓားမြှောင်တစ်ချောင်းကို တစ်နေရာရာမှ ဆွဲထုတ်ကာ ကျီယွီကျင်းအား ပေးလိုက်သည်။ "ကောင်းပြီ၊ ရှင် အဲ့မိန်းမကို ကွာရှင်းပြီး ကျွန်မကို မယူရင် ရှင့်ကိုယ်ရှင် ဓားနဲ့ထိုးလိုက်။ အဲ့လိုဆိုရင် ရှင် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ ကျွန်မတို့ကြားမှာ ဘာမှ မရှိတော့ဘူး။ ဘယ်လိုလဲ..."

 

ကျီယွီကျင်း သူမလက်ထဲမှ ဓားမြှောင်ကို ယူလိုက်ပြီး ပြုံးလျက် ပြောလိုက်သည် "ဒီလို ပိုကောင်းတဲ့ ရွေးချယ်မှု ရှိသေးတာလား"

 

သူပြောနေရင်း လက်ချောင်းများဖြင့် ဓားမြှောင်ကို ဆော့ကစားနေပြီး သူ၏ကိုယ်ခန္ဓာကို ထိုဓါးဖြင့် ချိန်ဆနေသည်။ မည်သည့်နေရာကို ထိုးလျှင် အကောင်းဆုံးဖြစ်မည်ကို တွေးတောနေသည့်ဟန်။ သူ့နေရာတွင် အခြားလူတစ်ယောက်သာဆိုလျှင် လူတိုင်းက သူ တကယ်တမ်း သူ့ကိုယ်သူ ဓားနှင့် မထိုးလောက်ဟု တွေးကြလိမ့်မည်။ သို့သော် ကျီယွီကျင်းကတော့ မတူပေ။ သူက ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး မည်သည့်အရာကိုမဆို လုပ်မည်မှာ မထူးဆန်းပေ။

 

လူတိုင်း အံ့အားသင့်သွားကြသည်။ အထူးသဖြင့် ကျီယွီလန်ပင်။ ကျီယွီကျင်းက ဓားမြှောင်ကို တကယ်ယူလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

 

ချူဖုန်းချင် နှုတ်ခမ်းများကို စေ့ထား၏။ လက်ကို ဆန့်ထုတ်ပြီး ဓားမြှောင်ကို ဆုပ်ကိုင်ကာ ကျီယွီကျင်း၏ လက်ထဲမှ ဆွဲယူလိုက်သည်။ သူ ဤမျှလောက်ထိ ဒေါသထွက်ခြင်းမှာ ခပ်ရှားရှားပင် သူ စူးစူးရဲရဲမျက်ဝန်းများဖြင့် ကျီယွီကျင်းကို ကြည့်လိုက်သည်။

 

ကျီယွီကျင်း သူ၏မျက်ဝန်းများထဲမှ ဒေါသကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။

 

ချူဖုန်းချင် ဓားမြှောင်ကို လက်ကိုင်ပဝါဖြင့် ပတ်လိုက်သည်။ ချွန်ထက်သော ဓားသွားက မည်သူ့ကိုမျှ မနာကျင်စေရန်အတွက် ကာကွယ်ခြင်းသာ။ ထို့နောက် ကျီယွီလန်အား ပေးလိုက်ပြီး အေးစက်သော လေသံဖြင့် "ဘာကိုမှ သေချာမသိရသေးဘဲ ရမ်းရမ်းကားကား ပြောရတာ မသင့်တော်ပေမဲ့ ဒီကိစ္စက တကယ်ကို ထူးဆန်းတယ်"

 

"ဒီကိစ္စရဲ့ အရင်းခံအကြောင်းအရင်းက ချန်နန်းဘုရင်နဲ့ သက်ဆိုင်တယ်။ အသေးစိတ်ကို ကျွန်မ မသိပေမဲ့ ကျီသခင်မလေးက ကျီယွီကျင်းကို အရာအားလုံးအတွက် အပြစ်တင်နေတာတော့ မတရားဘူးလေ"

 

ကျီယွီလန်သည် ချူဖုန်းချင်ကို အစတည်းက သဘောမကျပေ။ သူမ ထိုသူ့အပေါ် အမြင်ကောင်း မရှိပေ။ သူမက လေသံမာမာဖြင့် "ဒါ နင်နဲ့ ဘာဆိုင်လို့လဲ။ ဒီနေရာမှာ တရားမျှတမှုအကြောင်း ပြောဖို့ လိုအပ်နေသေးတာလား" ဟု ပြောလိုက်သည်။

 

ကျီယွီကျင်းသည် "ကျစ်..." ဟု စုတ်သပ်လိုက်ပြီး စကားပြောရန် ပြင်ချိန် ချူဖုန်းချင်က သူ့အား တစ်ချက် ကြည့်လိုက်သည်။ ကျီယွီကျင်း မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ဘာမှ မပြောတော့ချေ။ ထို့နောက် သူ ရုတ်တရက် သတိပြုမိသွားသည်။ သူ ဘာလို့ ဒီလောက် နာခံနေရတာလဲ...။

 

ချူဖုန်းချင်က ရှင်းရှင်းလင်းလင်းနှင့် ဖြည်းဖြည်းချင်း ပြောခဲ့သည် ။ သူ၏စကားများကို နားထောင်ရသည်မှာ သက်တောင့်သက်သာ ဖြစ်စေသည်။ သူက "ကျွန်မတို့နှစ်ယောက် လက်ထပ်တာကို ဧကရာဇ်မင်းကိုယ်တိုင် တရားဝင် ပေးအပ်ခဲ့တာပါ၊ ဂူဖေးက သတို့သားရှာဖွေသူအဖြစ် ဆောင်ရွက်ပေးခဲ့တာပါ။ ကျွန်မက သူ့ရဲ့ တရားဝင်ဇနီးပါ။ ဒါဆို လုံလောက်ပြီလား" ဟု ပြောလာသည်။

 

ကျီယွီလန် အသက်ရှူကျပ်သွားပြီး စကားမပြောနိုင်တော့ချေ။

 

ချူဖုန်းချင်၏ အသံသည် နူးညံ့သော်လည်း သူ၏စကားများကမူ လုံးဝ မယဉ်ကျေးပေ။ "ကျီယွီကျင်းက ချန်နန်းနန်းတော်နဲ့ ဆက်ဆံရေး ဖြတ်တောက်ခဲ့တာကို ရှင် သိလား"

 

ကျီယွီလန်သည် ပါးစပ်ကို ဖွင့်ပြီး တစ်ခုခု ပြောချင်သော်လည်း မည်သည့်အသံမျှ မထွက်လာပေ။

 

ချူဖုန်းချင်၏ မျက်လုံးများ အနည်းငယ် မှောင်မိုက်သွားရတော့သည်။ သူ့ရှေ့မှလူက ယောက်ျားတစ်ယောက်သာဆိုလျှင် သူ ထိုသူ့ဆီသို့ သွားပြီး ငွေအပ်ဖြင့် ထိုးမိလိမ့်မည်။ အချို့လူများ၏ အတွေးများသည် ဘာကြောင့် ဤမျှထိ ရှုပ်ထွေးနေရသည်ကို သူ နားမလည်ပေ။

 

"သူ့အဖေကို ကလဲ့စားချေဖို့အတွက်နဲ့ သူ့ကို ခြိမ်းခြောက်တာက တကယ်ကို ယုတ်ညံ့တယ်"

 

"နောက်ပြီး ကျီယွီကျင်းက ဘာအမှားလုပ်ခဲ့လို့လဲ..."

 

ကျီယွီကျင်း အနည်းငယ် အံ့အားသင့်သွားရသည်။ ချူဖုန်းချင်က သူ မှားသည်ဟု မပြောခဲ့သော ပထမဆုံးလူ ဖြစ်သည်။

 

ချူဖုန်းချင် လှည့်ပြီး လက်ဆန့်ထုတ်ကာ ကျီယွီကျင်းအား ဆွဲခေါ်သွားလိုက်သည်။ "သွားစို့"

 

ကျီယွီကျင်း ထိုလက်ကို စိုက်ကြည့်နေပြီး ခဏအကြာတွင် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလေတော့သည်။ ချူဖုန်းချင် လက်ကို မရုပ်ရသေးမီ သူ လက်ကို ဆန့်ထုတ်ပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

 

ချူဖုန်းချင် တင်းတင်းဆုပ်ကိုင်ထားသော လက်များကို ငုံ့ကြည့်လိုက်သော်လည်း မရုန်းကန်ပေ။

 

ကျီယွီလန်: "ကျီယွီကျင်း၊ ရှင် တကယ် ထွက်သွားမှာလား။ ရှင်သာ ထွက်သွားရဲရင် ထွက်သွားကြည့် ရှင့်ကို နောင်တရအောင် ကျွန်မ သေချာပေါက် လုပ်ပြမယ်"

 

ဤတစ်ကြိမ်တွင် ကျီယွီကျင်းသည် သူမအား လျစ်လျူရှုလိုက်ပြီး သူ့ဇနီးလေးနှင့်အတူ နောက်ပြန်လှည့်မကြည့်ဘဲ ဆပ်လျှောက်သွားတော့သည်။

 

ကျီယွီကျင်း ထွက်ခွာသွားပြီးနောက် ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်က တုတ်ကောက်ကိုအမှီပြုပြီး တံခါးနောက်မှ ထွက်ပေါ်လာသည်။ ထိုအဘိုးအို၏ မျက်နှာပေါ်တွင် ဇရာကို ဖုန်းကွယ်မထားနိုင်ပေ။ သူ လူငယ်လေး၏ ကျောပြင်ကို စိုက်ကြည့်နေမိသည်။ ထိုလူငယ်၏မျက်နှာသည် သူ၏သမီးလေးနှင့် အလွန်တူနေသည်။ သူ အနည်းငယ် မှင်တက်နေမိသည်။

 

ကျီယွီလန်သည် အဘိုးအိုကို မြင်သောအခါ ချက်ချင်း ပြေးသွားလိုက်သည်။ သူမ အဘိုးအို၏ပခုံးကို မှီပြီး မျက်ရည်များ စီးကျနေသည်။ သူမ ရှိုက်ကြီးတငင် ငိုကြွေးနေ၏။ "အဘိုး၊ သူက ကျွန်မကို ယူရမှာထက်စာရင် သေရမှာကို ပိုကြိုက်တယ်တဲ့။ ဘာလို့လဲ..."

 

"ဘာလို့လဲ... အဘိုး၊ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ရတယ်"

 

သခင်ကြီးကျီသည် သူမ၏ခေါင်းကို တို့ထိလိုက်သည်။ သူ၏ မှုန်မှိုင်းသော မျက်လုံးများ၌ မှောင်မိုက်သော အရောင်တစ်ခု လင်းလက်သွားပြီး သူမ၏ကျောကို ပုတ်ကာ "ဒီလိုအရာမျိုးက အတင်းအကြပ် လုပ်လို့မရဘူး။ နှစ်တွေလည်း ဒီလောက် ကြာခဲ့ပြီပဲ။ တော်လောက်ပြီလေ။ သူ့ကို လွှတ်ပေးလိုက်ပါ၊ ကလေး၊ မင်း သူ့ကို လွှတ်ပေးလိုက်တော့၊ ပြီးတော့ မင်းကိုယ်မင်းလည်း လွှတ်ပေးလိုက်ပါ"

 

ကျီယွီလန် ခေါင်းခါလိုက်သည်။ သူမ၏မျက်လုံးများ နီရဲနေပြီး အလွန်ငိုနေသောကြောင့် စကားပင်မပြောနိုင်တော့ချေ။

 

သူမသည် ငယ်စဉ်ကတည်းက သူ့အား လေးစားခဲ့ပြီး တစ်နေ့၌ သူ့အား ယူရန် အမြဲတမ်း အိပ်မက်မက်ခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် သူက မိန်းမစိုးတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့နောက် သူမ စတင်တွေဝေလာရတော့သည်။ သူမက မိန်းမစိုးတစ်ယောက်ကို ဘယ်လိုများ ယူနိုင်မလဲ...။ ကျီယွီကျင်း၏ ဂုဏ်သိက္ခာကျဆင်းလာပြီး ဧကရာဇ်မင်း၏ အချစ်ခံသားတော်လေးအဖြစ်မှ လူဆိုးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခြင်းကို မျက်မြင်တွေ့ ခဲ့ရသည်။ သူမ သူ့အား အချစ်လျော့လာပုံရသည်။

 

သူမသည် ရည်မှန်းချက်ကြီးပြီး မာန်မာနကြီးသော ကျီယွီကျင်းကိုသာ ချစ်ခဲ့မိသည်ဟု တစ်ခါတစ်ရံ တွေးမိသည်။ သူ ဂုဏ်သိက္ခာကျဆင်းသွားသောအခါ သူသည် ယခင်လူ မဟုတ်တော့ပေ။

 

ဆယ်စုနှစ်တစ်ခုထက် ကျော်လွန်ခဲ့လေပြီ။ လွှတ်ပေးလိုက်ရန် မလွယ်ကူပေ။ သူသည် သူမ၏ဘဝတစ်ခုလုံး ဖြစ်လာခဲ့သည်။ သူမ၏စိတ်ထဲ၌ နက်ရှိုင်းစွာ ထွင်းထုထားသော ကျီယွီကျင်းသည် သူမ၏စွဲလမ်းမှု ဖြစ်လာခဲ့သည်။ သူမ သူ့အား စွန့်လွှတ်ရန် ဝန်လေးသော်လည်း ဤကျီယွီကျင်းကို သူမ လက်မခံနိုင်ပေ။ သူမသည် ၎င်းကို မျိုမချနိုင်သလို ထွေးလည်းမထုတ်နိုင်ပေ။ ၎င်းသည် သူမ၏နှလုံးသား၌ ဆူးတစ်ချောင်း ဖြစ်လာခဲ့သည်။ မရွေ့လျှင်တော့ အဆင်ပြေ၏။ သို့သော် ရွေ့လျှင် သူမ၏နှလုံးသားကို ထိခိုက်စေသည်။

 

သူမ ဘာကြောင့် ဤသို့ဖြစ်လာရသည်ကို နားမလည်ပေ။ အရင်က သူမ ထိုသို့ မဟုတ်ခဲ့ပေ။

 

သူတို့နှစ်ယောက် အိမ်တော်မှ ထွက်ပြေးလာခဲ့ကြသည်။ အပြင်သို့ ရောက်သောအခါ ချူဖုန်းချင်က ထပ်မေးလိုက်သည်။ "အဘိုးတော်ရဲ့ မွေးနေ့ကရော... ကျွန်မတို့ ထွက်သွားရင် ဘယ်လိုလုပ်မလဲ"

 

ကျီယွီကျင်း သူ့အား ကြည့်လိုက်ပြီးနောက် နှုတ်ခမ်ူများက ကော့တက်သွားတော့သည် "အခုမှ တွေးမိတာလား"

 

ချူဖုန်းချင် မျက်မှောင်ကြုတ်လိုက်ပြီး "တောင်းပန်ပါတယ်၊ အဲ့ဒီနေရာမှာ နောက်ထပ် မနေနိုင်တော့လို့" ဟု ပြောလေသည်။

 

ကျီယွီကျင်း: "ငါ့ကြောင့်လား"

 

ချူဖုန်းချင်သည် ဤတစ်ကြိမ်တွင် မငြင်းဆိုချေ။ ထို့အစား သူ ခေါင်းညိတ်ပြီး "အင်း" ဟု ပြောလိုက်သည်။ "သူတို့က ရှင့်ကို ဒီလို မဆက်ဆံသင့်ဘူး"

 

ကျီယွီကျင်း ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှ လေးလံမှုသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ပေါ့ပေါ့ပါးပါး မေးလာခဲ့သည် "ဘာလဲ မင်း စိတ်ထိခိုက်သွားတာလား"

 

ချူဖုန်းချင်: "ရှင်ကတော့ ဒီအတိုင်းပဲ၊ မရိုးသားဘူး။"

 

ကျီယွီကျင်း နှုတ်ခမ်းများကို ကွေးပြီး ပြုံးလိုက်သည်။ ထိုနောက် သူ၏ယခင်မေးခွန်းကို ဖြေလိုက်သည်။ "မွေးနေ့က အဆင်ပြေတယ်။ ငါ လက်ဆောင်ပို့ပြီးပြီ။ ဘာပဲဖြစ်ဖြစ် အဲဒီလူကြီးကလည်း ငါ့ကို မတွေ့ချင်ပါဘူး"

 

သူတို့နှစ်ယောက် ဆီးနှင်းများထဲ၌ လျှောက်လှမ်းနေကြသည်။ ဆီးနှင်းများ ပြင်းထန်စွာ ကျဆင်းနေပြီး မကြာမီ သူတို့၏ပခုံးများကို ဖုံးအုပ်သွားသော်လည်း မည်သူကမျှ ထီးကိုင်ခြင်းအကြောင်း မပြောခဲ့ကြပေ။

 

ကျီယွီကျင်း၏ အနီရောင်အဝတ်အစားများသည် ဆီးနှင်းများကြား၌ ပေါ်လွင်နေသည်။ သူ မော့ကြည့်သောအခါ ဆီးနှင်းတစ်ဖတ်က သူ၏နှုတ်ခမ်းများပေါ်သို့ ကျဆင်းလာ၏။ သူ ပြုံးပြီး "ဒီနှင်းမှုန်လေးက ချိုတယ်" ဟု ပြောလိုက်သည်။

 

ချူဖုန်းချင်: "နှင်းက ဘယ်လိုလုပ် ချိုနိုင်မှာလဲ။ ရှင်ခုနက သကြားလုံး စားခဲ့တာပဲ၊ ရှင့်ပါးစပ်ထဲမှာ ချိုတဲ့အရသာ ကျန်နေသေးလို့ နေမှာပေါ့"

 

ကျီယွီကျင်း သူ့အား ဘေးတိုက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ အရမ်းချိုတဲ့ သကြားလုံးတစ်လုံး"

 

"မင်း အကြောင်းအရာအားလုံးကို သိချင်လား"

 

ချူဖုန်းချင်: "ရှင် ပြောချင်လို့လား"

 

ကျီယွီကျင်း: "အင်း"

 

ချူဖုန်းချင် ခေါင်းညိတ်ပြလိုက်သည်။ "အင်း၊ သိချင်တယ်"

 

ထိုအချိန်က ကျီယွီကျင်း၏ ခေါင်းထဲ၌ လူငယ်ဆန်သော ရည်မှန်းချက်များဖြင့် ပြည့်နေခဲ့သည်။ သူ အလုပ်အကိုင်တစ်ခုကို လုပ်ချင်ခဲ့သည်။ တာတာလူမျိုးများကို မည်သို့ မောင်းထုတ်ရမည်၊ ဒေသတစ်ခုကို မည်သို့ စောင့်ရှောက်ရမည်၊ လူများကို ငြိမ်းချမ်းစွာ နေထိုင်စေမည်၊ ကောင်းမွန်သော ရာသီဥတုနှင့် စပါးရိတ်သိမ်းခြင်းကို မည်သို့ ရရှိစေမည်၊ သူ၏အမည်ကို သမိုင်း၌ မည်သို့ ချန်ထားရမည် စသည်တို့ကို နေ့တိုင်း တွေးတောနေမိသည်။

 

သို့သော် သူ ဤအရာအားလုံးကို လုပ်ဆောင်နေစဉ် သူ၏မိခင် ပြင်းထန်စွာ နေမကောင်းဖြစ်သွားခဲ့သည်။ သူ သတင်းကြားပြီး အလျင်အမြန် ပြန်လာသောအခါ နောက်ကျသွားပြီ ဖြစ်သည်။ သူ့မိခင်ကို မြှုပ်နှံခဲ့ပြီးပြီဖြစ်သည်။

 

ထိုနေ့က ဆီးနှင်းများ ပြင်းထန်စွာ ကျဆင်းပြီး မိုင်ရာထောင်ချီအကွာအဝေးအထိ ရေခဲများ ဖုံးလွှမ်းနေသည်။ သေဆုံးနေသော သစ်ပင်များသည် ဆီးနှင်း၏အလေးချိန်ကို မခံနိုင်တော့ဘဲ တစ်ပင်ပြီးတစ်ပင် ကျိုးပဲ့သွားခဲ့ကြသည်။ ရေခဲပွင့်များက နေရာအနှံ့ ရှိနေသော်လည်း သောကကို ဖော်ပြသော ကျောက်တိုင်ပေါ်ရှိ စကားလုံးအနည်းငယ်ကဲ့သို့ အေးစက်မနေပေ။

 

ကျီယွီကျင်း နာရီအတော်ကြာသည်အထိ ထိုဂူရှေ့၌ ဒူးထောက်နေသည်။ သူ အမြဲ မာန်မာနကြီးခဲ့သော်လည်း ယခုအခါ အဖြူရောင်ဝတ်စုံနှင့် အသက်မဲ့နေပုံရသည်။ သူ ထိုအုတ်ဂူရှေ့၌ ဒူးထောက်နေပြီး ဘာကိုမှ မတွေးနေပေ။ သူ စကားလုံးအနည်းငယ်ကို သာ မှိုင်တွေစွာ စိုက်ကြည့်နေမိသည်။

 

သူ မည်မျှကြာသည်အထိ ဒူးထောက်ခဲ့သည်ကို မသိ။ သူ၏ကိုယ်ခန္ဓာသည် အလွန်အေးခဲနေသောကြောင့် မလှုပ်ရှားနိုင်တော့ချေ။ ထိုအခါမှသာ သူ့မိခင်၏ပုံရိပ်သည် သူ့စိတ်ထဲ၌ ပေါ်လာလေသည်။ သူ၏မိခင်သာ ရှိနေသေးလျှင် သူ့အား နာကျင်သော နှလုံးသားဖြင့် ပွေ့ဖက်ပေးလိမ့်မည်ဟု သူတွေးခဲ့မိသည်။ သူ့အား ကျန်းမာရေးကို ဂရုမစိုက်ခြင်းအတွက် အပြစ်တင်ကောင်း တင်လိမ့်မည်။ သို့သော် သူက သူမကို ရယ်မောစေရန် ကြိုးစားရလိမ့်မည်။

 

သူ့မိခင်ကို မည်သို့ ပျော်ရွှင်စေရန် ထားရမည်ကို သူ အကောင်းဆုံး သိ၏။ သူမသည် ချမ်းသာသော မိသားစုမှ အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း စျေးထဲမှ ပြက်လုံးများ နားထောင်ခြင်းကို နှစ်သက်သည်။ ၎င်းတို့ကို နားထောင်ပြီးနောက် သူမသည် အချိန်အတော်ကြာ ပျော်ရွှင်နေလိမ့်မည်။ ကျီယွီကျင်းသည် ၎င်းကို တွေးတောရင်း ရယ်မောမိသည်။ သူ ထိုပျက်လုံးတို့ကို အများအပြား စုဆောင်းမှတ်သားထားခဲ့သည်။ ဤတစ်ကြိမ် မြောက်ပိုင်းသို့ သွားသောအခါ အချို့ကို နောက်ထပ် စုဆောင်းလာခဲ့ပြီး ပြန်လာသောအခါ သူမအား ပြောပြမည် ဖြစ်သည်။

 

သို့သော် သူမ မရှိတော့ချေ။ သူမ မရှိတော့သောအခါ... မည်သူကမှ သူ့အား ဤအရာများအကြောင်း မေးမြန်းခြင်း မရှိတော့။ ပြက်လုံးများက အသုံးမဝင်တော့ချေ။ မည်သူကမျှ သူ  အေးနေမည်ကို ဂရုမစိုက်တော့ပေ။

 

ကျီယွီကျင်း: "အဲဒီ ပြက်လုံးစာအုပ်က ငါ့အခန်းထဲမှာ ရှိနေသေးတယ်။ တစ်နေ့မှာ တစ်ယောက်ယောက်ကို ပြောပြပြီး သူတို့ကို ပျော်ရွှင်အောင် လုပ်မယ်လို့ ငါအမြဲတမ်း မျှော်လင့်ခဲ့တယ်"

 

ချူဖုန်းချင် သူ၏နှုတ်ခမ်းများကို စေ့ထားမိသည်။ သူ၏အေးစက်သော အသံသည် ဆီးနှင်းများထဲ၌ စိမ်ထားသော အသံနှင့် တူပြီး နားထောင်ရသည်မှာ အလွန်သာယာလှသည်။ "တစ်ခါက သူဌေးတစ်ယောက် ရှိခဲ့တယ်။ သူ့ရဲ့ကလေးက နည်းနည်း စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတယ်လေ။ အဲ့တာကြောင့် သူဌေးက နယ်မြေမှာ အလေးစားခံရဆုံး ဆရာကို ဖိတ်ခေါ်ပြီး ကလေးကို ပိုပြီး ဉာဏ်ကောင်းလာအောင် လုပ်ပေးဖို့ မျှော်လင့်ခဲ့တယ်။ သူဌေးက ကလေးကို ဆရာ့ဆီက အရာအားလုံးကို သင်ယူရမယ်လို့ ပြောပြီးတာနဲ့ သူ ထွက်သွားခဲ့တယ်"

 

"ကလေးက အရမ်းနာခံပြီး ဆရာရဲ့ လှုပ်ရှားမှုတိုင်းကို အတိအကျ အတုခိုးနေခဲ့တယ်။ ညစာစားချိန်မှာ ဆရာက မော့ကြည့်တော့ ကလေးက သူ့ရဲ့ထူးဆန်းတဲ့ မျက်နှာအမူအရာကို အတုခိုးနေတာကို တွေ့လိုက်ရတယ်။ သူ ရယ်လိုက်တဲ့အချိန် ဆန်စေ့တစ်စေ့ မတော်တဆ နင်သွားလို့ ငိုနေရင်း ချောင်းဆိုးပြီး စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်လိုက်မိတယ်။ ကလေးက ခဏလောက် အံ့အားသင့်သွားတယ် နောက်တော့မျက်ရည်တွေ ကျလာပြီး "ဆရာ၊ ဒါက အရမ်းခက်တယ်၊ ကျွန်တော် မသင်ယူနိုင်ဘူး။ ပိုလွယ်အောင် လုပ်ပေးလို့ရမလား" 

 

ကျီယွီကျင်း အနည်းငယ် အံ့အားသင့်သွားပြီး သူ့အား ကြည့်လိုက်သည်

 

ချူဖုန်းချင်၏ မျက်လုံးများ အနည်းငယ် ကွေးညွှတ်နေပြီး သူ၏မျက်ဝန်းကြည်ကြည်လေးများထဲ၌ ပြုံးရိပ်အနည်းငယ် ရှိနေသည်။ ထိုမျက်ဝန်းလေးများက ကြယ်များကဲ့သို့ တောက်ပလျက် ။ "ရယ်စရာ မကောင်းဘူးလား" ဟု သူ မေးလိုက်သည်။

 

သူ ကျောကို မတ်မတ်ထားပြီး ဆီးနှင်းများထဲတွင် လျှောက်လှမ်းနေဆဲ။ သူ၏အသံသည် ပုလဲများ တစ်လုံးနှင့်တစ်လုံး တိုက်မိသကဲ့သို့ပင်။ သူ ပြောလိုက်သည် "အားတင်းထားပါ၊ ရှင် နားထောင်ချင်တယ်ဆိုရင် နောက်မှ လမ်းပေါ်က ပြက်လုံးတစ်ချို့ကို ပြောပြမယ်၊ ဟုတ်ပြီလား"