အပိုင်း (၂၆)
ကျီယွီကျင်း ရပ်တန့်သွားပြီး သူ၏မြေခွေးမျက်လုံးများက အနည်းငယ် ပြူးကျယ်သွားတော့သည်။
ထိုလူအုပ်စုသည် ချူဖုန်းချင်၏ စကားများကို ကြားသောအခါ အားလုံး တိတ်ဆိတ်သွားပြီး သူ့အား အရူးတစ်ယောက်ကို ကြည့်သည့်နှယ် ကြည့်နေကြသည်။ ထို့နောက် တစ်စုံတစ်ယောက်က ပြောလာသည်။
"နင် ကျီယွီကျင်းကို ပြောတာလား... နင် ကျီယွီကျင်းကို ကြိုက်နေတာလား..."
"နင် ရူးနေတာပဲဖြစ်ရမယ်..."
"နင် မိန်းမစိုးတစ်ယောက်ကို ကြိုက်တယ်လို့ တကယ်ကြီး ပြောနေတာလား။ နင် ငတုံးလား..."
"အလှပဂေးတစ်ယောက်က ကျီယွီကျင်းလို ရူးနေသူကို ဘယ်လိုများ စိတ်ဝင်စားနိုင်မှာလဲ..."
"ကျွန်တော်ထင်တာတော့ သူမ ကြောက်နေတာပဲ ဖြစ်မယ်။ မိန်းမစိုးတွေမှာ လူတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ နည်းပေါင်းစုံ ရှိတယ်လို့ ကျွန်တော်ကြားဖူးတယ်။ ညှဉ်းပန်းနှိပ်စက်ခံရတဲ့သူတွေက ကြောက်ပြီး တခြားနေရာတွေမှာ စကားတစ်ခွန်းတောင် မဟရဲဘူး၊ အဲ့လိုမှမဟုတ်လို့ ပြန်သွားရင် နောက်တစ်ကြိမ် ညှဉ်းပန်းနှိပ်စက်ခံရမှာတဲ့..."
လူအုပ်စုတစ်စုက သူ့အား ရမ်းကားစွာ စတင်တိုက်ခိုက်ကြတော့သည်။ ချူဖုန်းချင် မျက်မှောင်ကြုတ်မိသည်။ သူ မြင်ကွင်းကြောင့် ကြောက်လန့်နေခြင်း မဟုတ်။ ကျီယွီကျင်း ဤနှစ်များအတွင်း အလွန်ခက်ခဲသော ဘဝကို ဖြတ်သန်းခဲ့ရမည်ဟု သူ ခံစားမိသည်။ လူအများက သူ့ဇနီးရှေ့၌ပင် ဤအရာများကို ပြောရဲပါက သူ့နောက်ကျော၌ ကောလာဟလများ အမြောက်အများ ရှိနေမည်မှာ အသေအချာပင်။
သူ နှုတ်ခမ်းများကို စေ့ထားမိသည်။ သူက နှုတ်ဖြင့် တိုက်ခိုက်ခြင်း၌ တစ်ဖက်ကမ်းခပ် မကျွမ်းကျင်ပေ။
ကျီယွီကျင်းနှင့် မနှိုင်းယှဉ်နိုင်ဟု ပြောခံရသောသူ၏ မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားရသည်။ " ငါက ကျီယွီကျင်းနဲ့ မယှဉ်နိုင်ဘူးလို့ မင်း ပြောလိုက်တာလား"
ချူဖုန်းချင် ထိုသူ့အား ခဏတာ ကြည့်လိုက်ပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။
ထိုယောက်ျား၏ မျက်နှာသည် ရှုံ့မဲ့သွားပြီး နဖူးပေါ်ရှိ သွေးကြောများပင် ခုန်နေသယောင်။ သူက အလွန်စက်ဆုတ်ရွံရှာနေသော အမူအရာဖြင့် ကြည့်လာသည်။ ကျီယွီကျင်းနှင့် နှိုင်းယှဉ်ခံရခြင်းကို လက်မခံနိုင်သည့်နှယ်။ သူ့အား ကျီယွီကျင်းထက် ပိုဆိုးသည်ဟု ပြောဆိုခြင်းကိုလည်း လက်မခံနိုင်သယောင်။
"မင်း ရူးနေပြီ" သူ ထိုသို့ပြောပြီး လက်ကို ဆန့်ထုတ်လိုက်သည်။ ဒေါသထွက်နေသော ခွေးတစ်ကောင်ကဲ့သို့ တစ်ယောက်ယောက်ကို ကိုက်ရန် ဆန္ဒပြင်းပြနေလျက်။
သို့သော် သူ၏လက်မရောက်မီပင် ကြားဖြတ်ခံလိုက်ရသည်။ ကျီယွီကျင်း သူ၏နှုတ်ခမ်းများကို အနည်းငယ် ကွေးညွှတ်ပြီး ပြုံးလိုက်သည်။ "ဘာဖြစ်လို့လဲ လီဖုန်း၊ မတွေ့ရတာ ကြာနေတာတောင် မင်းက ဒီလိုလူမျိုး ဖြစ်နေတုန်းပဲလား"
လီဖုန်း ကျီယွီကျင်းကို မြင်သောအခါ မျက်နှာ ပျက်သွားရသည်။ ချူဖုန်းချင်သည် ထိုသူ၏မျက်နှာအမူအရာက အလွန်ရွံရှာရာမှ အလွန်နှစ်သက်သော အမူအရာသို့ မည်သို့ပြောင်းလဲသွားသည်ကိုပင် မမြင်လိုက်ချေ။ ပြောရမည်ဆိုလျှင် ထိုသူသည် ၎င်းကို အလွန်ချောမွေ့စွာ သဘာဝကျကျ ပြုလုပ်ခဲ့သည်။ အလွန်ချောမွေ့သောကြောင့် လူများကို မုန်းတီးစိတ်ပင် ဝင်စေ၏။
"အုပ်ချုပ်ရေးမှူး၊ ဒီကို လာဖို့ ဘယ်လိုအချိန်ရတာလဲ။ ဒီလက်အောက်ငယ်သားကို ရောက်မလာခင် ကြိုတင်အကြောင်းကြားတာ မဟုတ်ဘူး... ဒီလက်အောက်ငယ်သားက တံခါးဝမှာ စောင့်နေမှာပေါ့..."
ကျီယွီကျင်း ထိုသူ၏လက်ကောက်ဝတ်ကို ကွေး၍ လိမ်ချိုးလိုက်သည်။ သူ၏စကားများကို ကြားသောအခါ သူ ပို၍အားသုံးလိုက်ရာ အော်သံတစ်ခု ထွက်လာ၏။ "ဒီသေးသေးလေးရဲ့ မျက်နှာက ဒီလောက်မြန်မြန် ပြောင်းလဲတာ၊ တကယ်ကို ရွံဖို့ကောင်းတယ်"
သူပြောနေရင်း ချူဖုန်းချင်ကို ကြည့်လိုက်သည်။ သားဖြစ်သူကို ကျောင်းသို့ ပို့ပေးပြီး ကျောင်းဆင်းချိန်၌ သားဖြစ်သူ အနိုင်ကျင့်ခံရခြင်း ရှိမရှိ စစ်ဆေးနေသော မိဘတစ်ယောက်ကဲ့သို့ပင်။
ချူဖုန်းချင် ဘာမျှ မဖြစ်သည်ကို မြင်သောအခါ သူ၏မျက်လုံးများကို လွှဲလိုက်လေတော့သည်။ ချူဖုန်းချင်၏ နှလုံးသားက တဒိတ်ဒိတ် ခုန်နေတော့သည်။ သူ ဘယ်တုန်းက ရောက်လာတာလဲ...။ သူ ဘယ်လောက်တောင် ကြားသွားတာလဲ...။
သူပြောခဲ့သည့်အရာကို တွေးတောရင်း ချူဖုန်းချင် နှုတ်ခမ်းများကို တင်းတင်းစေ့ပြီး အကြည့်များကို အောက်သို့ ချထားလိုက်သည်။
လီဖုန်း သူ၏လက်ကို နာကျင်စွာ ကိုင်ထားပြီး မြေပြင်ပေါ်တွင် လဲကျလုမတတ်။ သူ၏မျက်နှာသည် ပြာလဲ့လဲ့ဖြစ်သွားသော်လည်း ကျီယွီကျင်းအား ပြသနာ မရှာရဲပေ။ သူ အလွန်အမင်း ဒေါသထွက်နေသောကြောင့် သူ့မျက်နှာသည် အရောင်ပေါင်းစုံ ပြောင်းနေသည်။
ကျီယွီကျင်း သူ့အား ငုံ့ကြည့်လိုက်သည်။ ထိုသူက ဆက်၍ပြုံးနေဆဲဖြစ်ပြီး သူ့မျက်နှာပေါ်၌ မျက်ရည်စက်လေးတစ်စက်ပင် ရှိနေသည်။ နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။ သူ ပြုံးပြီး ပြောလိုက်သည် "ငါ ရောက်လာတော့ ဘာမှ မပြောကြတော့ဘူးလား။ ဆက်ပြောပါဦး၊ ငါ မရှိတဲ့ချိန်မှာ ငါ့ဇနီးကို အသံတိတ်အနိုင်ကျင့်တာမျိုးတွေ မလုပ်နဲ့။ မင်းပြောပါဦး...၊ ကျီယွီကျင်းက ဘယ်လောက်ဆိုးလဲဆိုတာ..."
သူ တစ်ယောက်ယောက်ကို ကျပန်းညွှန်ပြပြီး စကားပြောရန် အမိန့်ပေးလိုက်သည်။
သူ ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး အရင်ထိုင်လိုက်သည်။ ထို့နောက် ချူဖုန်းချင်ကို တွေးမိပြီး မော့ကြည့်ကာ သူ့အား ဆွဲယူပြီး သူ၏ပေါင်ပေါ်သို့ ဖိချလိုက်သည်။ မည်သည့်အရာကိုမျှ ရှောင်လွဲနိုင်ခြင်းမရှိပေ။
"အာ..." ချူဖုန်းချင် ရုန်းကန်သော်လည်း လွတ်မြောက်ရန် မလုပ်နိုင်ခဲ့ပေ။ သူသည် သက်ပြင်းချပြီး မတတ်သာစွာ ပြောလိုက်သည် "လွှတ်ပေးပါ"
ကျီယွီကျင်းကမူ ပေါ့ပေါ့ပါးပါးပင်။ သူ၏လက်များက လုံးဝအလျော့မပေးချေ။ "ရပ်နေရတာ ပင်ပန်းတယ်၊ ခဏ ထိုင်လိုက်ပါ"
ချူဖုန်းချင်က တိုးတိုးလေး ကပ်ပြောလေသည်။ "ကျီယွီကျင်း... ရှင်က လူဆိုးလား"
ကျီယွီကျင်း ပြုံး၏။ "ဘာလဲ။ မင်း ခုနကပဲ ငါက အရမ်းကောင်းနေစရာ မလိုဘူး၊ မင်းကြိုက်ရင် လုံလောက်ပြီဆို..."
ချူဖုန်းချင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားရသည်။ သူကြားလိုက်ရ၏။ "ဒါက အလျင်လိုနေချိန်မှာ..."
ကျီယွီကျင်း: "မင်း အလျင်လိုနေလား၊ မနေလား ငါ ဂရုမစိုက်ဘူး၊ ငါ ကြားလိုက်ပြီ"
ချူဖုန်းချင်: "......"
သူတို့နှစ်ယောက် အီစီကလီ လုပ်နေကြစဉ် ကျီယွီကျင်း ခေါ်ခဲ့သောသူသည် တုန်ယင်နေပြီး ဒူးထောက်လျက် ပြုတ်ကျသွားပြီ ဖြစ်သည်။ သူ၏ဒူးများ ကြမ်းပြင်ကို ရိုက်ခတ်သော အသံက အလွန်ဆိုးရွားလှသည်။
"အုပ်ချုပ်ရေးမှူး၊ ဒီလက်အောက်ငယ်သား ခုနက ဘာမှ မပြောခဲ့ပါဘူး။ သူတို့တွေ ပြောခဲ့တာပါ။ အုပ်ချုပ်ရေးမှူး၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"
သူ၏လက်မောင်းများထဲ၌ နွေးထွေးသော မွှေးရနံ့များဖြင့် နူးညံ့သော ကျောက်စိမ်းလေးကြောင့် ကျီယွီကျင်း၏ မျက်နှာအမူအရာသည် အနည်းငယ် နူးညံ့လာရသည်။ သူ ထိုသူတို့နှင့် နောက်ထပ် အငြင်းအခုန် မလုပ်ချင်တော့ချေ။ သူတို့သာ မရှိခဲ့လျှင် သူ၏ဇနီးသည် သူ့အား ဤမျှလောက် လေးစားမည်ကို သူ သိခဲ့ရမည် မဟုတ်ပေ။
"ကျစ်...၊ ငါတို့ စကားပြောနေတာ မမြင်ဘူးလား"
လူတိုင်း : " ... "
"မင်း ဘာမှ မပြောခဲ့ဘူးလား...။ ဒါဆို မင်းရော..." ကျီယွီကျင်း တခြားတစ်ယောက်ကို လက်ညှိုးထိုးလိုက်ပြလိုက်သည်။ ထိုယောက်ျားသည် မျက်နှာဖြူဖျော့သွားပြီး အလျင်အမြန် ဒူးထောက်လိုက်သည်။ ယခင်ကလူပြောခဲ့သည့်အတိုင်း အတုခိုး၍ပြောလာသည်။
လီဖုန်း၏ လက်သည် ကျိုးသွားသော်လည်း သူသည် အသံမထွက်ရဲပေ။ သူ ဘေး၌ ရပ်နေပြီး နှုတ်ခမ်းများကို ကိုက်ထားသည်။ ကျီယွီကျင်း ပို၍ပို၍ ဆင်ခြင်တုံတရား မဲ့လာသည်ကို မြင်သောအခါ ချူဖုန်းချင် သူ၏နဖူးကို ပွတ်သပ်ပြီး ကျီယွီကျင်းအပေါ်ထားရှိသော သနားခြင်းအားလုံးကို ပြန်ယူလိုက်သည်။ ဤသူသည် သနားစရာ မကောင်းပေ။ သူရှိနေသရွေ့ အခြားသူများကသာ ပို၍သနားစရာ ကောင်းမည်ဖြစ်ပြီး သူ့အလှည့် ဘယ်တော့မှ ရောက်မည်မဟုတ်ပေ။
တခြားသူများသည် သူ့နောက်ကျော၌သာ မကောင်းပြောရဲကြသည်။
ကျီယွီလန်: "ဝမ်းကွဲအစ်ကို၊ ဒုက္ခမပေးပါနဲ့တော့"
ကျီယွီလန် ပြောလိုက်သည်နှင့် ခုနက ဒူးထောက်ခဲ့သူများအားလုံး တိတ်ဆိတ်သွားကြသည်
သူမ၏အသံသည် အလွန်သာယာပြီး နူးညံ့၏။ "သူတို့က နောက်တာပါ။ သူတို့ ချူသခင်မကို အန္တရာယ် ပေးချင်လို့ မဟုတ်ပါဘူး။ ပြီးတော့..."
သူမ ပြောနေရင်း ရုတ်တရက် ပြုံးလာသည်။ လက်ကိုင်ပုဝါကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး သူမ၏အမူအရာက တင်းမာနေသည် "ရှင်တို့က ကျွန်မရှေ့မှာ ချစ်ချင်းမေတ္တာကို ဖော်ပြနေကြတာလား"
ချူဖုန်းချင် သူမအား ကြည့်လိုက်သည်။ ဤသူသည် အလွန်ကွဲပြားခြားနားသည်ဟု သူ အမြဲတမ်း ခံစားခဲ့ရသည်။ သူမသည် ကျီယွီကျင်းကို တကယ်တမ်း နှစ်သက်ပါက သူ၏နောက်ဘက်တွင် တစ်ခြားသူများ သူ့ကို ကဲ့ရဲ့ခြင်းအား မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်ပေ။ သူ့အား မနှစ်သက်ကြောင်း ပြသရန်၊ သူမ ယခုအချိန်အထိ သု့ကို "ချူသခင်မ" ဟုသာ ဆက်ခေါ်ဆိုနေသေးသည်။ သူမ ကျီယွီကျင်းအပေါ်၌ ပြင်းပြသော ပိုင်ဆိုင်လိုစိတ် ရှိပုံရသည်။
ကျီယွီလန် ပါးစပ်ဖွင့်လိုက်သည်နှင့် ကျီယွီကျင်း၏ လက်က တင်းကျပ်လာသည်။ ချူဖုန်းချင် မျက်မှောင်ကြုတ်သော်လည်း ကျီယွီကျင်းကိုယ်တိုင် သတိမထားမိခင်အထိ ဘာမှ မပြောခဲ့ပေ။ သူ အလျင်အမြန် လက်ကို လွှတ်ပေးလိုက်ပြီး သူ၏နီရဲနေသော လက်ကောက်ဝတ်ကို ဒေါသအနည်းငယ်ဖြင့် ကြည့်လိုက်သည် "တောင်းပန်ပါတယ်၊ အဆင်ပြေရဲ့လား..."
ချူဖုန်းချင် ခေါင်းခါပြလိုက်သည်။ "အဆင်ပြေပါတယ်"
ကျီယွီကျင်း မျက်မှောင်ကြုတ်၏။ ချူဖုန်းချင်နှင့်အတူ ထရပ်ပြီး ကျီယွီလန်နှင့် နောက်ထပ် အငြင်းအခုန် မလုပ်လိုတော့သောကြောင့် ချူဖုန်းချင်အား ဆွဲခေါ်လိုက်သည်။ "သွားစို့"
ချူဖုန်းချင်တွင် မည်သည့်ကန့်ကွက်မှုမျှမရှိပေ။ သို့သော် ကျီယွီလန်က သူ့အား လွှတ်ပေးလိုပုံ မရချေ။ သူ ရှောင်တိမ်းပြီး ကျီယွီကျင်းရှေ့၌ ရပ်လိုက်သည်။ "ဝမ်းကွဲအစ်ကို၊ အဘိုးတော် မကြာခင် ထွက်လာတော့မှာ၊ ရှင် နေပါအုံးလား..."
ကျီယွီကျင်း: "ဖယ်ပေး"
ကျီယွီလန်: "ကျွန်မ မဖယ်ရင် ဝမ်းကွဲအစ်ကို ထပ်ပြေးမှာလား"
"ဟေ့၊ ဒီနေ့က အဘိုးတော်ရဲ့ မွေးနေ့ပဲ၊ ဒါပေမဲ့ အဘိုးတော်ရဲ့ သားသမီးနှစ်ယောက်စလုံး မရှိတော့ဘူး။ ကျီအိမ်တော်တစ်ခုလုံးက ဗလာနတ္တိပဲ။ ကြည့်ပါဦး၊ ဒူးထောက်ပြီး လက်ဖက်ရည် ကပ်သင့်တဲ့သူတွေက မရှိကြတော့ဘူး။ ဘာလို့လဲဆိုတာ သိလား"
"အဲဒါတွေက ခင်ဗျားရဲ့ ချန်နန်းနန်းတော်ကြောင့်ပဲ။ ခင်ဗျားတို့က သားသမီးဝတ်ကျေပွန်မှုကို ဖော်ပြဖို့ မနေသင့်ဘူးလား။ အဘိုးတော်ကို ခင်ဗျားတို့က ခွင့်လွှတ်ဖို့ ဒူးထောက်ပြီး အကြိမ်အနည်းငယ် ခေါင်းငုံ့တောင်းပန်သင့်တာ မဟုတ်ဘူးလား"
ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျီယွီကျင်း၏ မျက်လုံးများ နီရဲလာကြသည်။ သူ ကျီယွီလန်ကို ခပ်တည်တည် ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် ။ "ငါ နောက်တစ်ကြိမ် ထပ်ပြောမယ်၊ ဖယ်ပေး"
ကျီယွီလန်သည် သူ၏ခက်ထန်မှုကြောင့် နောက်သို့ ဆုတ်သွားမိသည်။ နောက်တစ်ခဏတွင် သူမ၏မျက်လုံးများ၌ မျက်ရည်များ ပြည့်နေသော်လည်း သူမ၏မျက်နှာတွင် ဒေါသက ဝမ်းနည်းမှုထက် များစွာကြီးမားနေသည်။ သူမ တစ်လုံးချင်း ပြောလိုက်သည်။ "ကျွန်မအဖေက ရှင့်အဖေကြောင့် သေဆုံးခဲ့ရတာ၊ ကျီမိသားစုက ကလေးနှစ်ယောက်စလုံး သူကြောင့် သေဆုံးခဲ့ရတာ! ရှင်က ကျွန်မကို ဘယ်လိုလုပ် ဒီလို ဆက်ဆံရဲတာလဲ...။ ရှင်ဒီဘဝမှာ ဘယ်တော့မှ လက်ထပ်လို့မရဘူးလို့ ကျွန်မ ပြောခဲ့ပြီးပြီ၊ ဒါပေမဲ့ ရှင်က ကျွန်မရဲ့ဆန္ဒကို ဆန့်ကျင်ပြီး လက်ထပ်လိုက်တယ်။ ဘာလို့လဲ။ ဘာလို့ ရှင်က အားလုံးအဆင်ပြေတယ်လို့ ထင်နေတာလဲ။ ကျီယွီကျင်း၊ ရှင် ကျွန်မကို ပေးဆပ်စရာရှိတယ်၊ ဘာနဲ့ ပြန်ပေးဆပ်မှာလဲ"
ချူဖုန်းချင်သည် ချန်ဝမ် ယခင်က သူ့အား ပြောခဲ့ဖူးသော ကောလာဟလတစ်ရပ်ကို ရုတ်တရက် တွေးမိသွားသည်။ ချန်နန်းဘုရင်သည် သူ၏ပထမဆုံးဇနီးကို အရှင်လတ်လတ် မြေမြှုပ်ခဲ့သည်။ သို့သော် ဤဖြစ်ရပ်ကို လုပ်ကြံဖန်တီးထားခြင်းဟု လူအများစုက ထင်ခဲ့ကြသောကြောင့် အလေးအနက် မထားခဲ့ကြပေ။ ၎င်းသည် မည်သည့်နေရာမှ လာသည်ကို မည်သူမျှ မသိပေ။ ချန်ဝမ်သည်လည်း အစေခံမများထံမှ ကြားခဲ့ရခြင်းဖြစ်သောကြောင့် သတင်းအမှားဖြစ်မည်ဟု အမြဲ ထင်ခဲ့သည်။
သားသမီးနှစ်ယောက်... ဒါဆို ကျီယွီကျင်းရဲ့ အမေနဲ့ ဦးလေးနှစ်ယောက်စလုံးက သူ့အဖေလက်ချက်နဲ့ သေဆုံးခဲ့ရတာလား...
ချူဖုန်းချင် စိုးရိမ်သော မျက်လုံးများဖြင့် ကျီယွီကျင်းကို ကြည့်လိုက်သည်။
ကျီယွီကျင်း သူ၏နှုတ်ခမ်းများကို ကွေးညွှတ်လိုက်သော်လည်း အပြုံးသည် သူ၏မျက်လုံးများသို့ မရောက်ခဲ့ချေ။ "မင်းကို အကြွေးတင်နေတာ အဲဒီလူကြီး မဟုတ်ဘူးလား...။ ဘာလို့ သူ့ကို သွားမရှာတာလဲ..."
ကျီယွီလန်သည် ခေတ္တရပ်သွား၏။ ထို့နောက် ရုတ်တရက် ရူးသွပ်သွားတော့သည်။ သူမ ကျီယွီကျင်းထံသို့ လျှောက်လာပြီး သူ့အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်သည် "သားက အဖေရဲ့အကြွေးကို ဆပ်ရမယ်...ရှင် ကျွန်မကို အသက်ကြွေးတင်နေတယ် အဲ့ဒါက ကျွန်မအဖေရဲ့အသက်၊ ရှင် ဘာနဲ့ ပြန်ပေးဆပ်မှာလဲ"
ချူဖုန်းချင် မျက်မှောင်ကြုတ်လိုက်သည်။ ပြောနေသည့်အရာကို သူ နောက်ဆုံး၌ နားလည်သွားသည်။
ဤလူအုပ်စုသည် ယခင်က အတူတူရှိခဲ့ကြသည်။ သူတို့အားလုံးသည် မြို့တော်မှ နာမည်ကြီး ယောက်ျားပျိုနှင့် မိန်းမပျိုများ ဖြစ်ကြပြီး ထိုအချိန်က သူတို့အားလုံးသည် ကျီယွီကျင်း၏ ဦးဆောင်မှုနောက် လိုက်ခဲ့ကြသည်။ ထိုအချိန်က ကျီယွီကျင်းသည် ကောင်းမွန်သော အဝတ်အစားများနှင့် သန်မာသော မြင်းတစ်စီးကို စီးနင်းသော လူငယ်တစ်ယောက်ဖြစ်ပြီး စာပေနှင့် စစ်ရေးနှစ်မျိုးစလုံး၌ ထူးချွန်ပြီး အလွန်ချောမောသည်။ ခရီးထွက်ပြီး ပြန်လာသောအခါ အမွှေးနံ့သာအိတ်ပေါင်းများစွာ ကို ပြန်ယူလာနိုင်ခဲ့သည်။
ကျီယွီကျင်း တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုပါက သူသည် ထိပ်တန်းရမှတ်ရှင် ဖြစ်နိုင်သော်လည်း ထိပ်တန်းနေရာကို ရနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန်ချောမောပြီး မည်သူမျှ သူ့အား မနှိုင်းယှဉ်နိုင်သကဲ့သို့ မည်သူမျှ သူရှိနေသောကြောင့် တတိယနေရာတွင် ထိုင်ရဲမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် တတိယနေရာ၌သာ ရှိမည်ဟု ပြောကြသည်။ ဤစကားသည် ထိုအချိန်က အလွန်ရေပန်းစားခဲ့သည်။
ကျီယွီကျင်းသည် မတည်ငြိမ်ဖြစ်သောသူတစ်ယောက် ဖြစ်သောကြောင့် သူ စာမေးပွဲကို ဖြေဆိုခဲ့ပြီး တတိယနေရာကို ရရှိခဲ့သည်။ ဧကရာဇ်မင်းက သူ့အား အစိုးရရာထူးကို ပေးအပ်သော်လည်း သူ ချက်ချင်း နုတ်ထွက်ခဲ့ပြီး စစ်ဘက်ဆိုင်ရာရာထူးကိုသာ လိုချင်ခဲ့သည်။
အသက် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်ရှိပြီဖြစ်သော ကျီယွီကျင်းသည် ကျားများကို မကြောက်ရွံ့သော လူသစ်တစ်ယောက်ဖြစ်လာခဲ့သည်။ သူသည် ကျင်လွမ်နန်းတော်၌ မာန်မာနထောင်လွှားသော အမူအရာဖြင့် ရပ်နေပြီး ကျယ်လောင်သော အသံဖြင့် "တတိယနေရာရသူက ဗိုလ်ချုပ်မဖြစ်နိုင်ဘူးလို့ ဘယ်သူက ပြောတာလဲ။ စစ်ဘက်အရာရှိတွေက အဲဒီလိုပဲ မဟုတ်လား။ သူတို့မှာ ခြေထောက်တွေ လက်တွေ သန်မာပေမဲ့ စိတ်က ရိုးသားတယ်။ ငါ ကြည့်လိုက်တော့ သူတို့မှာ ငါလို စာပေရော စစ်ရေးပါ ထူးချွန်တဲ့သူတစ်ယောက် လိုအပ်နေတာကို တွေ့ရတယ်"
စစ်ဘက်အရာရှိတစ်ယောက်က သူ့အား ရိုက်နှက်လုနီးပါး ဖြစ်ခဲ့သော်လည်း ကံကောင်းစွာဖြင့် ဧကရာဇ်မင်းက သူ၏ရဲရင့်သော သဘောထားကို အလွန်နှစ်သက်သောကြောင့် "ဟုတ်ပြီ" ဟု သုံးကြိမ် ပြောဆိုခဲ့ပြီးနောက် သူ့အား စစ်ဘက်ရာထူးကို ပေးခဲ့သည်။
နောက်ပိုင်းတွင် စစ်တပ်ရှိ စစ်ဘက်အရာရှိအုပ်စုတစ်စုက သူ့အား ဒုက္ခပေးခဲ့ကြသော်လည်း တစ်နည်းနည်းဖြင့် သူတို့သည် သူ့အား လက်အောက်ခံစေခဲ့ပြီး သူသည် စစ်တပ်၌ ဒဏ္ဍာရီများစွာကို ဖန်တီးခဲ့သည်။
ကျီယွီလန်သည် သူ၏ဝမ်းကွဲညီမ ဖြစ်သည်။ ဤမျှလောက် ထူးချွန်သောယောက်ျားတစ်ယောက် သူ့ရှေ့၌ ရှိနေသောအခါ သူမသည် တခြားမည်သူကိုမျှ မြင်နိုင်မည် မဟုတ်ပေ။ သူမ သူ့အား တိတ်တိတ်လေး ချစ်မိနေခဲ့သည်။
သို့သော် နတ်သမီးက စိတ်ဝင်စားသော်လည်း ဘုရင်က စိတ်မဝင်စားပေ။
လီဖုန်းသည် သူ၏လက်များကို ကိုင်ထားပြီး ကျီယွီလန်၏ စကားများကို ကြားသောအခါ သူ၏မျက်နှာသည် မည်းနက်သွားတော့သည်။ သူသည် ကျီယွီကျင်းကို မော့ကြည့်သောအခါ သူ၏ရှေ့၌ တောက်ပသော အပြုံးမျက်နှာတစ်ခု ပေါ်လာလေသည်။ ၎င်းသည် အလွန်တောက်ပသောကြောင့် လောကတစ်ခွင် တောက်ပနေသည်ဟုပင် ခံစားရသည်။ လူငယ် ကျီယွီကျင်းနှင့် သူ၏ရှေ့မှ ကျီယွီကျင်းသည် တဖြည်းဖြည်း လူတစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားရသည်။ သူ၏မျက်လုံးများနှင့် မျက်နှာအမူအရာများ မပြောင်းမလဲရှိနေသေးသော်လည်း ထိုပြုံးနေသော မျက်နှာသည် နောက်ထပ် ပေါ်လာနိုင်ခြင်း မရှိတော့ပေ။
လီဖုန်း ခါးသီးစွာ ပြုံးလိုက်ပြီး ရုတ်တရက် သတိပြုမိသွားသည်။ ယခုဖြစ်စေ၊ ယခင်ကဖြစ်စေ၊ သူ ကျီယွီကျင်းကို ကြည့်ရန် မော့ကြည့်ရစမြဲပင်။ ယခုဖြစ်စေ၊ ယခင်ကဖြစ်စေ၊ သူနှစ်သက်သော မိန်းကလေးသည်လည်း ထိုသူ့ကိုသာ ကြည့်နေလိမ့်မည်။ ထိုသူက တောင်တစ်လုံးကဲ့သို့ပင်။ သူ၏လမ်းကို အမြဲတမ်း ပိတ်ဆို့ထား၏။ သူ မိန်းမစိုးတစ်ယောက် ဖြစ်လာသော်လည်း မတတ်သာဘဲ ထိုသူ့အား ဦးညွှတ်ရသည်။ သူ ကူကယ်ရာမဲ့ဖြစ်နေပြီး လွတ်မြောက်ရန် လမ်းမရှိပေ။
သူ ထိုသူ့အား ဘယ်သောအခါမှ ကျော်လွန်နိုင်မည် မဟုတ်ပေ။
ကျီယွီကျင်း နှုတ်ခမ်းများကို စေ့ထား၏။ "ပြသနာ ရှာမနေနဲ့တော့"
ကျီယွီလန် သူမ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။ သူမ၏အသံသည် ရှိုက်ကြီးတငင် ဖြစ်နေ၏။ သူမ အကြာကြီး မြှုပ်နှံထားခဲ့သည့်အရာများကို နောက်ထပ် မချုပ်တည်းထားနိုင်တော့ချေ။ သူမ ကျီယွီကျင်းကို ဖမ်းဆွဲပြီး ပြောလိုက်သည်။ "မရဘူး။ ကျွန်မ ပြသနာရှာချင်တယ်။ ရှင် ဘယ်လောက် အပြစ်ကြီးတယ်ဆိုတာ လူတိုင်းကို သိစေချင်တယ်... ဘာလို့ ကျွန်မကို မယူတာလဲ ဘာလို့လဲ... ဘာလို့ ရှင်က မိန်းမစိုး ဖြစ်ချင်တာလဲ...။ ရှင် ကျွန်မကို ပေးဆပ်စရာရှိတယ်! ရှင် ကျွန်မကို ပေးဆပ်စရာရှိတယ်!"
နောက်ဆုံး၌ သူမ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပုံရသည်။ သူမ ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။ သူမ၏မျက်လုံးများကမူ နီရဲနေလျက်။ သူမ ချူဖုန်းချင်ကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်သည် ။ "သူမကို ကွာရှင်းလိုက် ၊ သူ့ကို ကွာပြီးရင် ကျွန်မကို လက်ထပ်ပါ၊ အဲ့လိုဆိုရင် ကျွန်မတို့ကြားက အငြိုးအတေးတွေ အားလုံးကို ချေဖျက်ပေးမယ်..."