အပိုင်း (၂၅)
ကျောက်လင် ရုန်းကန်၍ ထွက်ပြေးရန် ကြိုးစားသော်လည်း လင်ယင်က သူ့အား ပြန်ဆွဲလိုက်သည်။ သူ၏ကျောမှ ဒဏ်ရာသည် ခုတင်နှင့် ပွတ်မိသွားတော့သည်။ သူ "ရှူး" ဟု အသံပြုပြီး မောဟိုက်နေသည်။ သူ ခဏအတွင်း အားအင်များ ပျောက်ဆုံးသွားပြီး "လင်ယင်၊ မင်း လုပ်ရဲရင်လုပ်ကြည့် ငါ မင်းကို သတ်ပစ်မယ်။" ဟု တီးတိုးရေရွတ်လိုက်သည်။
လင်ယင် ခေါင်းကို ငုံ့ပြီး ရယ်မောလိုက်သည်။ "အရှင်၊ အရှင်က ဒီအစေခံကို အရှင့်ကို ပြုစုပေးဖို့ ပြောခဲ့တယ်လေ။ အခု ဒီအစေခံက တကယ် ပြုစုပေးနေတာလေ၊ ဘာလို့ ဒီအစေခံကို အပြစ်တင်နေတာလဲ"
သူ ခဏရပ်သွားပြီးနောက် ဆက်ပြောလာသည်။ "ချူမိသားစုက ကောင်မလေးက 'ချွန်ဖုန်းဆန်း' ကို မသောက်ခဲ့ပါဘူး။ အဲ့တာက ကျွန်တော် တခြားတစ်နေရာက ရထားတဲ့ အာနိသင်ပြင်းတဲ့ နှလုံးဆေးတစ်မျိုးပါ။ အာနိသင်က အတူတူပဲဆိုပေမဲ့ တစ်ခုတော့ မတူတယ်။ အဲ့တာက လူတွေကို မှတ်ဉာဏ်ပျောက်သွားအောင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ ချွန်ဖုန်းဆန်းကတော့ မတူဘူး။ တစ်ခါသောက်လိုက်တာနဲ့ မေ့သွားလိမ့်မယ်။ နောက်တစ်နေ့ မနက်ကျရင် အရှင် ဒီအစေခံနဲ့ဖြစ်ခဲ့တဲ့ ဒီအရှက်ရဖွယ် ညကို မေ့သွားလိမ့်မယ်။"
"ဒီညတော့ ဒီအစေခံ နှစ်တွေအများကြီး တောင့်တခဲ့ရတာကို ဖြည့်ဆည်းပေးပါလား"
ကျောက်လင် နားထောင်ရင်း သူ၏မျက်လုံးများက ပို၍ပြူးကျယ်လာရသည်။ သူသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရုတ်တရက် အရာတစ်ခုကို သိလိုက်ရသည်။ "ဒါဆို မင်း အရင်ကတည်းက..."
သူ အံကြိတ်လိုက်ပြီး ပြောလိုက်သည် "မေးပါရစေဦး၊ ကျီယွီကျင်း ဒီနေရာကို အမြန် ရှာတွေ့နိုင်အောင် သတင်းပေးခဲ့တာ မင်းလား"
လင်ယင် ခေတ္တရပ်သွားသည်။ "ဒီအစေခံက အုပ်ချုပ်ရေးမှူးကို ချူမိသားစုက ကောင်မလေးတစ်ခုခု ဖြစ်နေတယ်လို့ တစ်ယောက်ယောက်ကို သွားပြောခိုင်းရုံပဲ ပြောခိုင်းခဲ့တာပါ၊ ဒါပေမဲ့ ဒီအစေခံက အရှင်ွကို သစ္စာဖောက်ခဲ့တာ မဟုတ်ပါဘူး"
ကျောက်လင် ဒေါသများပေါက်ကွဲလာတော့မတတ် ခံစားနေရသည်။သူ စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။ "လင်ယင်၊ ငါ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာကို၊ ဘာလို့ ငါ့ကို ဒီလို လုပ်ရတာလဲ"
လင်ယင်၏ မျက်လုံးများက မည်းနက်သွားပြီး တစ်ခဏအကြာတွင် သူ တိုးတိုးလေး ပြောလာသည်။ "အရှင်က ဒီအစေခံကို နွားတစ်ကောင် မြင်းတစ်ကောင်လို ဆက်ဆံခဲ့တယ်၊ ဝက်တွေ ခွေးတွေထက် ပိုဆိုးတယ်။ အရှင်က ဒါကို အစေခံတစ်ယောက်အတွက် မဆိုးဘူးလို့ ထင်ရင်တော့ ဒီအစေခံမှာ ပြောစရာစကား မရှိတော့ပါဘူး"
"ဒါပေမဲ့ ဒီအစေခံက အရှင်ကို အလုပ်အကျွေးပြုနိုင်သရွေ့ ဒီအစေခံ မကျေနပ်စရာမရှိပါဘူး"
သူပြောနေရင်း ခဏရပ်လိုက်သည်။ သူ၏လေသံသည် လောက၌ အနူးညံ့ဆုံးသော စကားများကို ပြောနေသည့်နှယ်။ "ဒီအစေခံက အရှင့်အတွက်ပဲ အသက်ရှင်ခဲ့တာ"
သူပြောပြီးသည်နှင့် လူကို ဖမ်းချုပ်လိုက်သည်။
ကျောက်လင်: "တစ်ယောက်ယောက် လာကြပါအုံး"
လင်ယင်: "အရှင်၊ မအော်ပါနဲ့တော့။ နန်းတော်အပြင်မှာရှိတဲ့ အစောင့်တွေ အားလုံးက ဒီအစေခံရဲ့ ယုံကြည်ရတဲ့လူတွေပါ။ အော်ဟစ်ပြီး လည်ချောင်းနာအောင် မလုပ်ပါနဲ့"
သူပြောပြီးသည်နှင့် နောက်ထပ် ချုပ်တည်းမနေတော့ချေ။
"လင်ယင်၊ ငါ မင်းကို သတ်ပစ်မယ်" နောက်တစ်ခဏတွင် ကျောက်လင်သည် ပြင်းထန်သော ဝေဒနာကြောင့် စကားတစ်ခွန်းကိုပင် ဆုံးအောင် မပြောနိုင်တော့ချေ။
လင်ယင် သူ၏ဆံပင်များကို ညင်သာစွာ နမ်းလိုက်သည်။ သူ၏ သာမန်ဆန်သော မျက်နှာသည် ယခုအခါ မကောင်းဆိုးဝါးဆန်သော အကြည့်တို့ဖြင့် ပြည့်နှက်နေလျက်။ "ဒီအစေခံ အရမ်းပျော်တယ်"
ကျီယွီကျင်း ထွက်ခွာသွားပြီး မကြာမီတွင် မိုအိမ်တော်ထိန်းက ရေယူလာရန် လူတစ်ယောက်ကို စေလွှတ်လိုက်သည်။ ချူဖုန်းချင်က ၎င်းသည် ကျီယွီကျင်း၏ အမိန့်ကြောင့် ဖြစ်အည်ဟု တွေးလိုက်သည်။ ရေချိုးပြီးနောက် သူ ခုတင်ပေါ်သို့ ပြန်တက်သွားလိုက်သည်။ ထိုညက သူ ပင်ပန်းနွမ်းနယ်နေသော်လည်း အိပ်မပျော်ပေ။ သူ မျက်လုံးများကို မှိတ်လိုက်သည်နှင့် ကျီယွီကျင်း၏ မြေခွေးမျက်လုံးများကို မြင်နေရ၏။
မတတ်သာသောကြောင့် သူ ထရပ်လိုက်သည်။ စာရွက်နှင့် စုတ်တံကို ရှာဖွေပြီး သူ့စိတ်ကို အေးချမ်းစေရန် လက်ရေးလေ့ကျင့်လိုက်သည်။
သို့သော်လည်း သူ စာကြောင်းအနည်းငယ်ရေးပြီးသောအခါ သူ၏စုတ်တံအောက်၌ ကျီယွီကျင်း၏ မျက်လုံးများနှင့် မျက်ခုံးများ ပေါ်လာလေသည်။
ချူဖုန်းချင်: "......"
သူ စာရွက်ကို ချေမွပစ်လိုက်ပြီး စုတ်တံကို ချထားလိုက်သည်။ ' ထားလိုက်ပါတော့၊ သူ အဲ့နေ့က မကောင်းဆိုးဝါးတစ်ကောင်နဲ့ တွေ့ဆုံခဲ့ရတာ' ဟု တွေးလိုက်သည်။
ဒုတိယနေ့၌ ချူဖုန်းချင်သည် ဆေးစာတစ်ခုကို ရေးပြီး သမားတော် မိုကို ဆေးဝယ်ပေးရန် တောင်းဆိုလိုက်သည်။ ဤသည်မှာ အသံပိတ်ဆေးအတွက် အဆိပ်ဖြေဆေးပင်။ ၎င်းကို သုံးရက်ဆက်တိုက် သောက်ပြီးနောက် သူ စကားပြောနိုင်ခဲ့သည်။ သို့သော် သူ၏အသံသည် အလွန်ကြမ်းတမ်းအက်ရှနေသည်။
သူ၏အသံကို ပြောင်းလဲရန်အတွက် ငွေအပ်များကို အသုံးပြုခဲ့သောကြောင့် ပျက်စီးမှုက ကြီးကြီးမားမားပင်။ ဤတစ်ကြိမ်၌ သူသည် အသံပိတ်ဆေးကို သောက်ခဲ့ရသည်။ ဤကဲ့သို့ ထပ်မံဖြစ်ပွားပါက သူသည် နောက်တစ်ကြိမ် စကားပြောနိုင်မည် မဟုတ်တော့ပေ။
ထိုနေ့မှစ၍ ကျီယွီကျင်းသည် အလွန်အလုပ်များနေပုံရသည်။ မိုအိမ်တော်ထိန်းသည် လျှို့ဝှက်ချက်တစ်ရပ်ကို ထုတ်ဖော်မပြောကြားခင်ထိ သူ့အား ရက်အနည်းငယ်ကြာအောင် မမြင်တွေ့ခဲ့ရချေ။
ချူဖုန်းချင်သည် နောက်ဆုံးခေါက်က ကိစ္စအတွက် ကျေးဇူးတင်ရန် ကျီယွီကျင်းကို တွေ့လိုခဲ့သည်။ သို့သော် သူ ထိုသူ့အား ရှာမတွေ့ပေ။ မတတ်သာသောကြောင့် သူ မိုအိမ်တော်ထိန်းအား တွေ့ဆုံရန် သွားလိုက်သည်။
မိုအိမ်တော်ထိန်း: "သခင့်ကို နန်းတော်မှာ ရိုက်နှက်ခဲ့ကြတယ်။ သူ ဒီရက်ပိုင်း နန်းတွင်းသမားတော်တွေဆီမှာဆေးသွားလိမ်းရမယ် ထင်တယ်။ အဲ့ကြောင့် သူ ပြန်လာတာ နောက်ကျနေတာပါ"
ချူဖုန်းချင်: "ရိုက်နှက်ခဲ့တယ်"
မိုအိမ်တော်ထိန်းသည် စိုးရိမ်သော အမူအရာကို ဆောင်ထားပြီး နာကျင်နေသယောင် "ဟုတ်ပါတယ်၊ သူ့ကျောတစ်ခုလုံးက သွေးတွေ အရှိုးရာတွေနဲ့ ပြည့်နေတယ်။ သူ့နောက်ဆုံးဒဏ်ရာတောင် မပျောက်သေးဘူး၊ ချုပ်ထားတာတွေလည်း ပြေသွားပုံရတယ်။ အချိန်တိုအတွင်းမှာပဲ သူနောက်တစ်ကြိမ် ထိခိုက်ဒဏ်ရာ ရသွားပြန်တယ်လေ။ သူက... သူ့ရဲ့အသက်ကို အလေးမထားဘူး"
ချူဖုန်းချင် ခဏတာ အံ့အားသင့်သွားသော်လည်း မကြာမီပင် အကြောင်းအရင်းကို တွေးတောမိသည်။ မည်သူက မင်းသားကို ရိုက်နှက်ပြီး အပြစ်ပေးခံရခြင်းမှ လွတ်မြောက်နိုင်ပါမည်နည်း။ ကျီယွီကျင်းပင် အခွင့်အရေးမရှိပေ။
သူ နှုတ်ခမ်းများကို စေ့ထားပြီး "မိုအိမ်တော်ထိန်း၊ အိမ်တော်ထိန်းကို ထပ်အနှောင့်အယှက်ပေးရတာ ခွင့်လွှတ်ပါ။ ကျွန်မ ဆေးစာတစ်ခု ထပ်ရေးပေးမယ်၊ ဆေးတွေကို ဝယ်ပေးပါဦး။" ဟု ပြောလာသည်။
မိုအိမ်တော်ထိန်း: "သခင်မ၊ အမိန့်ပေးပါ။ ဒီအစေခံအိုကြီး စောင့်နေပါတယ်။"
မိုအိမ်တော်ထိန်းသည် ဆေးများ ယူလာပြီးနောက် ချူဖုန်းချင်သည် ၎င်းတို့ကို တစ်ညနေခင်းလုံး ပြုတ်လိုက်ပြီး လိမ်းဆေးအဖြစ် ပြောင်းလဲလိုက်သည်။ ဤသည်မှာ သူကိုယ်တိုင် ဖော်စပ်ခဲ့သော ဆေး ဖြစ်ပြီး ပြင်ပဒဏ်ရာများ ကုသရန် အလွန်ထိရောက်လှသည်။ ချန်နန်း၌လည်း ကျော်ကြားပေသည်။ သူ ၎င်းကို ကျီယွီကျင်းအား ပေးလိုခဲ့သည်။ နန်းတွင်းသမားတော်၏ ဆေးထက် ပိုကောင်းနိုင်သည်ဟုလည်း သူတွေးမိသည်။
သို့သော် ကျီယွီကျင်း ပြန်လာသောအချိန်ကို သေချာမသိချေ။ မိုအိမ်တော်ထိန်းပင် ထိန်းချုပ်နိုင်ခြင်း မရှိပေ။ တဖြည်းဖြည်း ညဥ့်နက်လာသော်လည်း ကျီယွီကျင်း ပြန်မလာသေးသောကြောင့် ချူဖုန်းချင် ဝတ်ရုံကို ဝတ်ဆင်ပြီး ထွက်သွားတော့သည်။
ဆီးနှင်းများကြား၌ ကျီယွီကျင်းတစ်ယောက် သူ၏ခြံဝင်းသို့ ပြန်လာသောအခါ တံခါးဝတွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးကို မတ်မတ်ထားကာ ရပ်နေလေသည်။ မည်သည့်အရာကမှ သူ၏ကျောကို ချိုးဖျက်၍မရသကဲ့သို့ပင်။ထိုသူ၏လက်ထဲ၌ မီးအိမ်တစ်လုံးကို ကိုင်ထား၏။ မီးအိမ်၏ အလင်းရောင်မှိန်မှိန်က ထိုနေရာကို လင်းထိန်စေလျက်။ ဤဆီးနှင်းကျသော ညတွင် နွေးထွေးသည်ဟု ထင်ရသယောင်။
ခြေသံများ ကြားရသောအခါ ချူဖုန်းချင်သည် လှည့်ကြည့်လာသည်။ "ပြန်လာပြီလား"
ကျီယွီကျင်း ခဏတာ အံ့အားသင့်သွားရသည်။ သူအိမ်သို့ ပြန်လာသောအခါ သူ့အား စောင့်ဆိုင်းနေသောသူ မရှိသည်မှာ ကြာပြီဖြစ်သည်။ သူ "အင်း" ဟု ပြောလိုက်ပြီး "မင်း ဘာလို့ ဒီကိုလာတာလဲ..." ဟု မေးလိုက်သည်။
ထိုနေ့ည နောက်ပိုင်းတွင် ကျီယွီကျင်းသည် အနောက်ဘက်ခြံဝင်းသို့ ပြေးသွားခဲ့ရသည်။ မိုအိမ်တော်ထိန်းက ထိုဇနီးမောင်နှံ၌ ပဋိပက္ခရှိနေသည်ဟု တွေးကာ သူတို့ကြား၌ ကြားဝင်ဖြန်ဖြေပေးရန် ကြိုးစားလေသည်။ ထိုနှစ်ယောက်သာ အကြောင်းအရင်းကို နားလည်၏။
ချူဖုန်းချင်: "မိုအိမ်တော်ထိန်းက ရှင် ဒဏ်ရာရထားတယ်လို့ ပြောလို့ ရှင့်ကို လာတွေ့တာ"
ကျီယွီကျင်း "ကျစ်" ဟု စုတ်သပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည် "လောင်မိုရဲ့ ပါးစပ်က ထိန်းထိန်းသိမ်းသိမ်းကို မရှိဘူး..."
ချူဖုန်းချင် သူ့အား မော့ကြည့်လိုက်သည်။ သူ၏ မူလက တောက်ပသော မျက်လုံးများသည် အနည်းငယ် မှေးစင်းနေသည်ကို တွေ့လိုက်ရသည်။ သူ၏နီရဲသော နှုတ်ခမ်းများသည်လည်း ဖျော့တော့နေလေသည်။ သူ အနည်းငယ် ပိုနီးကပ်သွားသောအခါ အရက်နံ့ ရလိုက်သည်။
"အရက်သောက်ခဲ့တာလား"
ကျီယွီကျင်းက မသိစိတ်ဖြင့် "အဆိပ်ဖြေပြီးပြီ၊ ငါ အခု သောက်လို့ရပြီ" ဟု ပြောလေသည်။
သူဖြေပြီးသည်နှင့် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ဘာလို့ ငါက သူမကို ရှင်းပြနေရတာလဲ...။
သူ လက်ကို မြှောက်လိုက်ပြီး သူ၏နားထင်ကို ဖိလိုက်သည်။ မတော်တဆ ဒဏ်ရာကို ဆွဲမိသွား၏။ သူ "ရှူး" ဟု အသံပြုပြီး လေကို ရှူသွင်းလိုက်သည်။
ချူဖုန်းချင်၏ မျက်လုံးများသည် မည်းနက်သွားရသည်။ "တောင်းပန်ပါတယ်၊ ဒါတွေ အကုန် ကျွန်မကြောင့်ပါ"
ကျီယွီကျင်း၏ ပါးလွှာသော နှုတ်ခမ်းများက ဖြောင့်တန်းနေလျက်။ ခဏအကြာတွင် သူ ပြုံးလိုက်သည် "ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ...ကျောက်လင်က သူ့အမှားကိုတောင် ဝန်မခံခဲ့ဘူး၊ အဲ့တာကို ဘာလို့ မင်းအမှား ဖြစ်ရမှာလဲ"
သူ၏စကားများသည် ချူဖုန်းချင်အား အနည်းငယ် အံ့အားသင့်သွားစေသည်။ ကျီယွီကျင်း နောက်ဆုံးအခေါက်ကကဲ့သို့ပင် ထပ်ပြောလေသည်။ သူ၏စိတ်နှလုံး၌ တရားမျှတသော အတိုင်းအတာတစ်ခု ရှိပုံရပြီး သူသည် သူ၏ဒေါသကို အခြားသူများအပေါ်၌ မည်သည့်အခါမှ ပုံချခဲ့ခြင်းမရှိ။
ချူဖုန်းချင်သည် အေးစက်သော အသံဖြင့် "ရှင် ဒဏ်ရာရခဲ့တာကိုပဲ ကျွန်မ တောင်းပန်တာပါ။ ကျောက်လင်နဲ့ ပတ်သက်ပြီးတော့ အခွင့်အရေးရရင် သူ ပြန်ပေးဆပ်ရအောင် လုပ်မှာ" ဟု ပြောလိုက်သည်။
ကျီယွီကျင်းသည် သူ၏မျက်ခုံးများကို ပင့်ပြီး "အဲဒီလိုမှပေါ့" ဟု ပြောကာ သူ့အား ကြည့်လာသည်။
ချူဖုန်းချင် သူ၏လက်မောင်းများထဲမှ ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ပုလင်းထဲ၌ သူ ယနေ့ ပြင်ဆင်ထားသော လိမ်းဆေးရှိသည်။ "ရှင့်ရဲ့ဒဏ်ရာကို ကြည့်ပါရစေ။"
ကျီယွီကျင်း: "ကြည့်လို့ ကောင်းတာမရှိဘူး။ သွေးထွက်နေတယ်။ ငါ နန်းတွင်းသမားတော်နဲ့ တွေ့ပြီးပြီ၊ မင်း ပြန်လို့ရပါပြီ။"
သူ ချူဖုန်းချင်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ မီးရောင်ကြောင့် ပြာလဲ့လဲ့ဖြစ်နေလျက်။ ဝတ်ရုံကို ဝတ်ထားသော်လည်း သူ အလွန်အေးနေပုံ။ သူ အအေး ကြောက်သည်ကို သိသော်လည်း ထိုမျှလောက် ကြောက်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့အား ထိုကဲ့သို့မြင်သောအခါ သူ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ဒေါသထွက်လာသည်။
"ကျစ်...၊ မင်းကို ငါ့လူ ရှစ်ယောက်နဲ့ ရထားပေါ်တင်ပြီး ခေါ်လာခဲ့တာလေ၊ ဒီအနောက်ခြံဝင်းက ကျီအိမ်တော် မဟုတ်တော့ဘူးလား၊ မင်း အိမ်ထဲကိုတောင် ဝင်ဖို့မရဲဘူးလား"
ချူဖုန်းချင် မျက်တောင်ခတ်ကာ ထုံးစံအတိုင်း ပြောလိုက်သည် "ဒါက ပုဂ္ဂလိက နေရာပါ။ ပိုင်ရှင်ရဲ့ခွင့်ပြုချက် မရှိဘဲ ဘယ်လိုလုပ် ဝင်ခွင့်ရနိုင်မလဲ"
ကျီယွီကျင်း"ငတုံးလေး" ဟု ပြောလိုက်သည်။
ချူဖုန်းချင်: "......"
"ပျိုးပင်ပေါက်လေး" နှင့် "ညစ်ပတ်လေး" နောက်တွင် သူသည် "ငတုံးလေး" ဟူသော အမည်ပြောင်အသစ်ကို ရရှိသွားပြန်ပြီ။
သူ၏နားထင်များ တုန်ယင်သွားရသည်။ ဒီလူ အရမ်း စိတ်အနှောက်အယှက် ဖြစ်ဖို့ကောင်းတာပဲ...ဘာလို့များ သူများကို နာမည်ပြောင်တွေပေးဖို့ အရမ်း စိတ်အားထက်သန်နေလဲ မသိဘူး...
ကျီယွီကျင်း သူ အရှက်ရနေသည်ကို ရှားရှားပါးပါး မြင်တွေ့လိုက်ရသောကြောင့် ဆက်လက်ဖိအားပေးလိုက်သည်။ "မင်း ငါ့အခန်းထဲဝင်ဖို့တောင် ငါ့ကို ခွင့်တောင်းရမယ်ဆိုရင် မင်း ငါ့ကို မနမ်းခင်က ဘာလို့ ခွင့်မတောင်းခဲ့တာလဲ..."
ချူဖုန်းချင်: "......"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ကျီယွီကျင်းသည် ပထမဆုံးအနေဖြင့် ခေါင်းကို လွှဲလိုက်သည်။ သူ၏မျက်နှာ၌ စိတ်အနှောင့်အယှက်ဖြစ်သော အမူအရာတစ်ရပ်ကို ဆောင်ထားလျက်။ သူ ခေါင်းစဉ်နှင့် မပတ်သက်သော အရာများအကြောင်း ပြောနေသည်မှာ အမှန်ပင် ဖြစ်သည်။
ချူဖုန်းချင် ယခုအခါ အတော်လေး တည်ငြိမ်နေသည်။ နောက်ဆုံးတော့ အချိန်များစွာ ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူ ဆေးကို ကျီယွီကျင်းအား ပေးပြီး "ရှင့်ရဲ့ဒဏ်ရာကို ကျွန်မ ကြည့်ဖို့မလိုပါဘူး၊ ဒါပေမဲ့ ဒီလိမ်းဆေးကို စမ်းကြည့်လို့ရပါတယ်" ဟု ပြောလိုက်သည်
ကျီယွီကျင်း ဆေးပုလင်းကို ယူလိုက်သောအခါ သူ၏လက်ချောင်းများကို မတော်တဆ ထိမိသွားသည်။ ထင်သည့်အတိုင်းပင် အေးစက်နေသည်။
"ရှင့်ရဲ့သွေးခုန်နှုန်းကို ကျွန်မ စမ်းကြည့်ပါရစေ။" ချူဖုန်းချင် အနည်းငယ် စိုးရိမ်နေပြီး ကျီယွီကျင်း၏ သဘောထားကို မည်သို့ပင် ရှိစေကာမူ သူ၏လက်ချောင်းများကို ထိုသူ၏သွေးခုန်နှုန်းပေါ် တင်လိုက်သည်။
သူ၏လက်ကောက်ဝတ်ပေါ်မှလက်သည် သံထက်ပင် ပို၍အေးနေသည်။ ကျီယွီကျင်း ပါးစောင်ကို လျှာဖျားဖြင့် ထိုးလိုက်သည်။ ထို့နောက် သူ ချူဖုန်းချင်၏ လက်ကို ဆုပ်ကိုင်ပြီး ဆွဲကာ တံခါးကို ကန်ဖွင့်လိုက်သည်။ "ဝင်တော့။ ငါ မင်းကို ဝင်ခွင့်ပြုလိုက်ပြီ။ မင်းက သွေးခုန်နှုန်းကို စမ်းချင်တယ်ဆိုရင်တောင် အရင်ဆုံး အထဲ ဝင်သင့်တယ်။"
ထို့နောက် ချူဖုန်းချင် တံခါးအတွင်းသို့ ဝင်သွား၏။ ကျီယွီကျင်း တိုးတိုးလေး ပြောလိုက်သည်။ "မင်းက ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလိုမျိုး ခေတ်နောက်ကျနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။"
မျက်နှာအမူအရာ အေးစက်နေသော ချူဖုန်းချင်: "......"
အင်း၊ ငါက ဒီနေ့ လူနာတစ်ယောက်ကို လာတွေ့တာ...။ ငါ သူ့ကို အငြင်းအခုန် မလုပ်သင့်ဘူး။သည်းခံထား...။
လိမ်းဆေးသည် အမှန်တကယ်ပင် ထိရောက်မှုရိ၏။ ကျီယွီကျင်း၏ ကျောပေါ်ရှိ ဒဏ်ရာသည် ၎င်းကို အသုံးပြုပြီး နောက်ရက်အနည်းငယ်အတွင်း အနာဖေးတက်သွားသည်။ သို့သော်လည်း သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တွေ့ရသည်မှာ ရှား၏။ သူတို့ ဆက်ဆံသောပုံစံသည် အတူတူနီးပါးပင် ဖြစ်သော်လည်း မည်သည့်အရာ ပြောင်းလဲသွားသည်ကို သူ မသိပေ။ သူတို့ကြား၌ ကွာဟချက်တစ်ခု ရှိနေသည်ဟု သူ အမြဲတမ်း ခံစားနေရသည်။
တစ်ရက် ကျီယွီကျင်း ရှီချန်သို့ ရောက်သောအခါ လီယွီသည် သူ့အား လာရောက်နှုတ်ဆက်ပြီး "ကျောက်လီက မနက်ဖြန် ပြန်လာလိမ့်မယ်၊ သူ့အလုပ်တွေ ပြီးသွားပြီ" ဟု ပြောလာသည်။
ကျီယွီကျင်း: "အင်း"
သူ ပြောပြီးသည်နှင့် တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။ "ကျောက်လီက ချူယင်ယင်ကို တွေ့ဖူးလား"
လီယွီ ခဏတာ တွေဝေသွားသည်။ "တွေ့ဖူးပါတယ် ချူမိသားစုက ဒီလောက်ကိစ္စကြီးကြီးမားမား ဖြစ်ခဲ့တာပဲကို။ အုပ်ချုပ်ရေးမှူးက သူ့ကို သတင်းတွေယူဖို့ ချူမိသားစုဆီကို သွားခိုင်းခဲ့တာ မဟုတ်ဘူးလား...။ သူ ခဏခဏ ခိုးဝင်ခဲ့ဖူးပုံရတယ်"
သူ စူးစမ်းလိုစိတ်ဖြင့် "ဘာဖြစ်လို့လဲ ချူယင်ယင်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတာလား...။ ကျွန်တော် စစ်ဆေးပေးဖို့ လိုအပ်လား" ဟု မေးလိုက်သည်။
သူ မျှော်လင့်ချက်ဖြင့် လက်များကို ပွတ်သပ်နေသည်။ မြို့တော်တွင် မည်သည့်အရာများ ဖြစ်နေသည်ကို သူ မသိပေ။ ရုတ်တရက် တိတ်ဆိတ်နေလျက်။ သူက ချန်းဟူတစ်ယောက် (ဝန်ကြီးတစ်ယောက်ရဲ့ ရာထူးပါ) ဖြစ်ပြီး နေ့တိုင်း သူ၏အခန်းထဲ၌ စာရေးနေရသည်။ အဲ့တာက မျှတသလား...လုံးဝပဲလေ...အရိုးတွေတောင် တောင့်တင်းနေပြီး မလှုပ်ရှားနိုင်တော့ဘူး
ကျီယွီကျင်း၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားရသည်။ "ဘာမှ မဟုတ်ဘူး၊ စစ်ဆေးဖို့ မလိုဘူး"
သူ ခဏတာ တွေးတောပြီးနောက် လက်ချောင်းများဖြင့် စားပွဲကို ခပ်ဖွဖွ ခေါက်နေသည်။ ထို့နောက် မျက်လုံးများကို မှိတ်လိုက်သည်။ အချိန်အတော်ကြာမှ သူ ပြောလိုက်သည် "ကျောက်လီကို ပြောလိုက်၊ အခုချက်ချင်း ပြန်မလာသေးနဲ့ဦးလို့၊ တခြားကိစ္စတွေ ရှင်းဖို့ တောင်ပိုင်းကို ဆက်သွားခိုင်းလိုက်"
လီယွီ: "ဘာ! နတ်ဆိုးကြီး...ရှောင်ကျောက်က အပြင်မှာ အကြာကြီး နေခဲ့ရပြီးပြီ၊ မင်းက သူ့ကို ပြန်လာခွင့်တောင် မပေးဘူးလား..."
လီယွီ မျက်တောင်ခတ်လိုက်သည်။ သူ၏ အတွေးများသည် ဟိုမှသည် ပြေးလွှားနေသည် "ရှောင်ကျောက်က မရီးကို သိလားမသိလား ဘာလို့ မေးနေတာလဲ...။ အာ! ရှောင်ကျောက်နဲ့ မရီးတို့အကြားမှာ တစ်ခုခု ရှိနေတာလား"
"မင်းနဲ့ မရီး ဒီရက်ပိုင်း ခပ်ခွာခွာဖြစ်နေတာကို ကျွန်တော် အံ့သြနေတာ။ မင်းတို့နှစ်ယောက်ကြားမှာ ထူးဆန်းတာတစ်ခုခု ရှိနေတယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ဒီထူးဆန်းတာလေးက ကျွန်တော့်တို့ဘေးနားမှာ ရှိနေတာပဲ။"
ကျီယွီကျင်း သူ့အား အေးစက်သော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ "ချင်းရွှမ်၊ သူ့ကို ခေါ်သွားပြီး ပန်းသေအောင် လုပ်ပေးလိုက်၊ သူ တော်တော် ဆူတယ်"
ချင်းရွှမ်သည် သရဲတစ်ကောင်ကဲ့သို့ အခန်းထဲ၌ ပေါ်လာပြီး လီယွီကို ဆွဲခေါ်သွားသည်။
လီယွီသည် တံခါးခုံကို မှီပြီး ငိုနေ၏။ "အစ်ကိုကြီး! ကျွန်တော် မှားသွားတယ်။ အဲ့ဒီခေါင်းမာတဲ့ချင်းရွှမ်က အတည်ပေါက် လုပ်လိမ့်မယ်! ကျွန်တော့်အဖေက မြေးလေး ရချင်သေးတယ်!"
ကျီယွီကျင်းသည် သူ၏နားထင်ကို ဖိလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ နောက်တစ်ခဏတွင် လီယွီ၏ ပါးစပ်ကိုလည်း ဖုံးအုပ်လိုက်ရာ အခန်းသည် ချက်ချင်း တိတ်ဆိတ်သွား၏။
သူ နှုတ်ခမ်းများကို တင်းတင်းစေ့ထား၏။ အမှန်တွင် သူကိုယ်တိုင်ပင် ရှင်းပြ၍မရအောင် ထူးဆန်းနေသည်ဟု ခံစားရသည်။ သို့သော်လည်း သူ ချူယင်ယင် ၏ နောက်ခံကို စစ်ဆေးရန် မလိုလားပေ။ တည်ငြိမ်သော အခြေအနေကို ထိန်းသိမ်းထားခြင်းက ပိုကောင်းပေသည်။ ဘာကြောင့်မှန်းမသိသော်လည်း သူ ချူယင်ယင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်ပါက သူတို့၏ကံကြမ္မာ အဆုံးသတ်သွားမည်ဟု ထင်နေမိသည်။
ဆီးနှင်းများ ပြင်းထန်စွာကျဆင်းပြီးနောက် ချူဖုန်းချင် သူ၏ဆက်ဆံရေးများကို အသုံးပြုပြီး ထောင်ထဲသို့ ဝင်သွားခဲ့သည်။ သူ၏အဖေသည် စိတ်ပိုင်းဆိုင်ရာ၌ မတည်မငြိမ်ဖြစ်နေသေးသည်။ သူ့အဖေ၏သွေးခုန်နှုန်းကို စမ်းသပ်သောအခါ မူမမှန်ဖြစ်နေသည်။ အဆိပ်မိနေသကဲ့သို့ပင်။ သူ ပို၍ဂရုတစိုက် စစ်ဆေးလိုသော်လည်း ထောင်မှူးက မစောင့်နိုင်တော့ဘဲ သူ့အား အဆက်မပြတ် တောင်းဆိုနေသည်။
သူ၏ငွေများကို လက်ခံခဲ့သော ထောင်မှူးက "သခင်မ၊ အချိန် အရမ်းကြာအောင် မနေပါနဲ့တော့။ အထက်ကလူတွေ သိသွားရင် ကျွန်တော်တို့ကို သေဒဏ်ပေးပါလိမ့်မယ်" ဟု ပြောလာသည်။
ချူဖုန်းချင် မတတ်သာသောကြောင့် ငွေအပ်ကို အသုံးပြုပြီး သွေးနမူနာအချို့ကို ယူလိုက်သည်။
ထောင်မှူးက သူ့အား အပြင်သို့ ခေါ်သွားသောအခါ "သခင်မ၊ ဒီလောက် ဒုက္ခခံစရာ မလိုပါဘူး။ အုပ်ချုပ်ရေးမှူးရဲ့ အဆောင်အယောင်ကို ယူလာမယ်ဆိုရင် ဘာအတားအဆီးမှမရှိဘဲ ထောင်ကို ဖြတ်သန်းသွားလာနိုင်ပါတယ်။ နောက်ပြီး ဒီလောက်အကြီးအကျယ် စွန့်စားစရာလည်း မလိုပါဘူး" ဟု ပြောလေသည်။
ချူဖုန်းချင် သူ့အား ခေါင်းညိတ်ပြလိုက်သော်လည်း ပြန်မဖြေပေ။
သူ ကျီယွီကျင်းကို အမှန်တကယ် အသုံးမပြုလိုပေ။ ဤကိစ္စ၌ ထိုသူ့အား ပါဝင်စေလိုခြင်း မရှိပေ။
ထောင်မှ ထွက်လာပြီးနောက် ချူဖုန်းချင်သည် အိမ်တော်သို့ မပြန်ခဲ့ပေ။ ယနေ့ ကျီယွီကျင်း၏ မိခင်ဘက်မှ အဘိုးက မိသားစုဧည့်ခံပွဲကို ပြုလုပ်နေသည်။ ကျီယွီကျင်း ထိုကဲ့သို့သော ဧည့်ခံပွဲများကို မည်သည့်အခါကမှ မတက်ရောက်ခဲ့ပေ။ သို့သော် ဤတစ်ကြိမ်တွင် သူ ပထမဆုံးအနေဖြင့် ဖိတ်စာကို လက်ခံခဲ့သည်။
ထို့ပြင် ကျီယွီကျင်းသည် သူ့မိခင်၏မျိုးရိုးအမည်ဖြစ်သော ကျီကို ယူခဲ့သည်။ ချန်နန်းဘုရင်၏ မျိုးရိုးအမည်ဖြစ်သော ကျိုးကို မယူခဲ့ပေ။
သူတို့ ဧည့်သည်နှစ်ယောက်ကို ဖိတ်ခေါ်ခဲ့သည်။ ကျီယွီကျင်းက မသွားရန် ပြောခဲ့သည်။ ထိုသို့ပြောလိုက်သောအခါ လောင်မို၏ မျက်နှာအမူအရာသည် မပျော်မရွှင်ဖြစ်နေသဖြင့် ချူဖုန်းချင် သွားရောက်ကြည့်ရှုရန် ဆန္ဒရှိနေသည်။
သူတို့ ကျီအိမ်တော်သို့ ရောက်သောအခါ အပြင်ဘက်ရှိ အစေခံများသည် အုပ်ချုပ်ရေးမှူး၏ ရထားကို မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း လာရောက်နှုတ်ဆက်ကြသည်။
ချူဖုန်းချင်သည် ခန့်ညားသော အဝတ်အစားများဖြင့် ရထားပေါ်မှ ဆင်းလာသောအခါ ထိုနေရာရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
သူ မော့ကြည့်လိုက်သည်။ မည်သူကိုမျှ ရင်းနှီးနေသည်ဟု မထင်ပေ။ သူသည် မြို့တော်၌ ကြီးပြင်းခဲ့ခြင်း မဟုတ်သောကြောင့် သူသိသောလူ မရှိသည်မှာ သဘာဝကျသည်။
ကျီယွီကျင်းသည် အရေးကြီးသော ကိစ္စများ ရှိသောကြောင့် အနည်းငယ် နောက်ကျမည်ဟု ထင်ရသည်။
သူ အိမ်တော်အတွင်းသို့ ဝင်လာသောအခါ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူသည် ကျီယွီလန် ဖြစ်၏။
ကျီယွီလန် သူ့အား အဝေးမှ မြင်လိုက်ရပြီးနောက် သူမ၏မျက်လုံးများထဲ၌ စက်ဆုပ်သော အမူအရာအချို့ဖြင့် သူ့ကို ကြည့်လာခဲ့သည်။ ဤသည်မှာ အုပ်ချုပ်ရေးမှူး၏ အိမ်တော်၌ ရှိသောအခါနှင့် လုံးဝကွဲပြားနေသည်။ ဤနေရာ၌ သူမသည် မြင့်မြတ်သော ဟန်ပန်ဖြင့် သူ့အား လူပုံအလယ်တွင် မမြင်သင့်သော အရာဝတ္ထုတစ်ခုသဖွယ်ပြုမူခဲ့သည်။
ချူဖုန်းချင် သံသယရှိသော်လည်း မမေးမြန်းခဲ့ချေ။
"သူက ကျီယွီကျင်းရဲ့ အိမ်ထောင်ဖက်လား"
"ချောတယ်နော်။ အဲ့ဒီမိန်းမစိုးက ကံကောင်းလိုက်တာ"
"ဟေ့၊ သူက မိန်းမစိုးတစ်ယောက်ပဲ၊ ကြည့်လို့ပဲရတယ်၊ စားလို့မရဘူး၊ ဟားဟားဟား"
"ရှူး..."
"ဘာလို့ တိတ်တိတ်နေရမှာလဲ။ ရပါတယ်၊ ဒီဟာက ကျီအိမ်တော်ပဲ။ သူ အပြစ်ပေးရဲမှာ မဟုတ်ဘူး"
ချူဖုန်းချင် သူ၏ဘေး၌ ဆွေးနွေးနေကြသော စကားများကို ကြားနေရသည်။ သူ့ရှေ့၌ပင် ပြောနေကြခြင်း ဖြစ်သည်။
ကျီယွီလန်သည်လည်း သူတို့လူအုပ်ထဲတွင် ပါဝင်နေသည်။ သို့သော် သူမက ဝင်လည်း မပြောသလို ပြောနေသူများကိုလည်း တားဆီးခြင်း မရှိပေ။
ခဏအကြာတွင် ထိုလူအုပ်သည် သူ့ထံသို့ ရောက်လာကြသည်။
လူငယ်တစ်ယောက် သူ့ဆီသို့ လျှောက်လာသည်။ ထိုသူ၏မျက်လုံးထဲ၌ ထူးဆန်းသော အကြည့်တို့ဖြင့် သူ့ကို ကြည့်လာသည် ။
"မင်းရဲ့ အစ်ကိုက ကံကောင်းလိုက်တာ"
ကျီယွီလန် လှောင်ပြုံးပြုံးလိုက်သည် " သူ့ရဲ့ ပစ္စည်းကို အရင်းကနေ ဖြတ်တောက်ခံခဲ့ရတဲ့သူတစ်ယောက်သာသာပဲကို"
သူမပတ်လည်ရှိ လူများက ချက်ချင်း သဘောတူညီလိုက်ကြသည်။
"ဟုတ်တာပေါ့။ သခင်ကြီးကျီက မြို့စားသုံးယောက်ထဲက တစ်ယောက်ပဲ၊ ဒါပေမဲ့ သူ့မှာ ဒီလောက်မိုက်မဲတဲ့ မြေးလေး ရှိနေတာက တကယ်ကို မိသားစုအတွက် ရှက်စရာပဲ။"
"သူက အရမ်း ရမ္မက်ကြီးပြီ အချစ်တော်ကောင်လေးတွေ အများကြီး ရှိတယ်လို့ ကြားတယ်၊ သူက ရူးနေတာပဲ" ထိုယောက်ျားသည် ချူဖုန်းချင်ကို ကြည့်ပြီး တွန့်ဆုတ်မနေဘဲ "သခင်မ၊ အပြင်က ပြောနေတာတွေက အမှန်ပဲလား..." ဟု မေးလာသည်။
ချူဖုန်းချင် မျက်မှောင်ကြုတ်လိုက်သည်။ "ရှင် တစ်ယောက်ယောက်ကို စွပ်စွဲချင်ရင် ဆင်ခြေရှာလို့ ရတာပဲလေ။ ရှင်က တခြားသူတွေရဲ့အမြင်ကို လိုက်ပြောနေတာပဲ။"
"ဟားဟားဟား၊ သူ့ကို ကြည့်ပါဦး၊ သူက အဲဒီမိန်းမစိုးကိုတောင် ကာကွယ်ပေးနေသေးတယ်"
"သူက အရာအားလုံး အဖြတ်ခံထားရတဲ့သူပဲ၊ သူက အုပ်ချုပ်ရေးမှူးတောင် ဖြစ်နေသေးတယ်။ ဘာလဲ... ငါ့အဖေကသာ ငါ့ကို မတားခဲ့ရင် ငါ သူ့ရှေ့မှာတင် လှောင်ခဲ့မိမှာ"
"ယွီလန်၊ မင်း သူ့ကို မယူခဲ့တာ တော်သေးတယ်"
သူတို့ ချူဖုန်းချင်၏ စကားများကို လုံးဝ လျစ်လျူရှုလိုက်ကြသည် ။ သူတို့ကိုယ်သူတို့သာ စကားပြောနေကြသည်။ သူတို့၏စကားများသည် ပို၍ပို၍ လွန်လာကြသည်။ ကောလာဟလအမျိုးမျိုးသည် သူတို့၏ပါးစပ်ထဲ၌ အမှန်တရားဖြစ်လာကြသည်။ ဤအချိန်၌ သူတို့နှင့် ငြင်းခုံနေခြင်းသည် အသုံးမဝင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က နားထောင်မည်လည်း မဟုတ်သလို၊ ယုံကြည်မည်လည်း မဟုတ်ပေ။
ဤအချိန်၌ ကျီယွီကျင်း၏ ဂုဏ်သတင်းသည် အဘယ်ကြောင့် ထိုမျှလောက် ဆိုးရွားနေရသည်ကို သူ စတင်နားလည်သွားရသည်။
ကျီယွီကျင်း လှေကားထစ်များပေါ်သို့ တက်လာသောအခါ လူအုပ်စုတစ်စု စကားပြောနေသည်ကို သူကြားလိုက်ရသည်။ ထိုသူတို့ ဆွေးနွေးနေသော အကြောင်းအရာသည် သူ ဖြစ်နေသည်။
သူ အပြင်ဘက်နံရံကို မှီထားပြီး နှုတ်ခမ်းများ၌ အပြုံးတစ်ခု ရှိနေသည်။ ဤစကားများကို သူ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကြားဖူးခဲ့ပြီး ဖြစ်သည်။ သူတို့သည် သူ၏နောက်ကျော၌သာ ကခုန်ရဲသော လူရွှင်တော်များ ဖြစ်ကြသည်။ သူ့ရှေ့တွင် ရပ်နေပါက သေလောက်အောင် ကြောက်ရွံ့နေကြလိမ့်မည်။
ဤအချိန်၌ တစ်ယောက်ယောက်က ချူဖုန်းချင်အား ရုတ်တရက် မေးလာသည်။ "အလှလေး၊ မင်း ဘာလို့ သူ့ကို ယူခဲ့တာလဲ။ ငါသာ မင်းဆိုရင် ညဘက်ကျရင် ထွက်ပြေးမိမှာပဲ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ သူ့နဲ့နေတာထက် ငါနဲ့နေတာက ပိုကောင်းတယ်။ အနည်းဆုံးတော့ ငါ့ကို အသုံးပြုလို့ရသေးတယ်၊ ဟားဟားဟား"
ကျီယွီကျင်း၏ မျက်နှာ အေးစက်သွားရသည်။ နောက်တစ်ခဏတွင် သူ အေးစက်သော အသံတစ်သံကို ကြားလိုက်ရသည်။
"ရှင်က သူနဲ့ ယှဥ်တောင်မယှဥ်နိုင်ဘူး"
"သူ အရမ်းကောင်းနေဖို့ မလိုပါဘူး။ ကျွန်မ သူ့ကို သဘောကျတယ်ဆိုရင် လုံလောက်နေပြီလေ"