Chapter 14
Viewers 2k

ကျီယွီကျင်း: "......" သူ အခုပဲ ဘာပြောလိုက်တာ..

 

လူတိုင်း: "!!"

 

ဘာလဲ? သူတို့ ဘာကြားလိုက်ကြတာလဲ။

 

ချူဖုန်းချင်သည် လက်ကိုင်ပဝါဖြင့် သူ့လက်ပေါ်မှ ရေများအား သပ်သပ်ရပ်ရပ် သုတ်လိုက်ပြီး ကျီယွီကျင်းအား ပြန်ကြည့်လိုက်သည်။

 

ကျီယွီကျင်းက လျှာဖျားဖြင့် အပေါ်နှုတ်ခမ်းအား ထိုးလိုက်ပြီး ရယ်သည်။ "ဒီလောက် အငြိုးကြီးရသလား။ မင်းကို တစ်ကြိမ်ဘဲ ဒီလို ခေါ်ဖူးတာကို။"

 

ချူဖုန်းချင် တိတ်ဆိတ်နေသည်။ သူ အိပ်ရာပေါ်မှ သွေးစက်လေးများအားလည်းကောင်း၊ သွေးစွန်းနေသော အဝတ်များအားလည်းကောင်း ကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။

 

"ညစ်ပတ်တယ်"

 

"ဟားဟားဟား။" ကျီယွီကျင်း မရယ်ဘဲ မနေနိုင်တော့ဘဲ မတော်တဆ သူ့ဒဏ်ရာအား လှုပ်မိပြီး ချောင်းဆိုးလာသည်။

 

သူ အကြိမ်အနည်းငယ် ချောင်းဆိုးပြီး တဟဲဟဲ ရယ်၏။

 

"အသေးအဖွဲ ကိစ္စလေးတွေနဲ့ ငြင်းခုန်နေကြတာဘဲ။"

 

လီယွီနှင့် သမားတော်များ၏ မျက်လုံးများသည် သူတို့နှစ်ဦးကြားတွင် အပြန်အလှန် လှုပ်ရှားနေကြသည်။ လီယွီက သူ့ကိုယ်သူ ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မျက်လုံးများ လှုပ်ရှားနေဆဲပင်။ အဘယ်ကြောင့် ဤယုတ်မာသော မိန်းမစိုးသည် သူ့အားဂုဏ်ယူဝင့်ကြွားနေသည်ဟု ခံစားနေရမှန်း သူမပြောတတ်ပေ။

 

သမားတော်များက ဒဏ်ရာနှင့် ကျီယွီကျင်း၏ ပေါ့ဆသော လှုပ်ရှားမှုများအား ကြည့်ပြီး စိတ်များ တင်းကြပ်နေကြသည်။ ဒဏ်ရာ ထပ်ပွင့်သွားလျှင် ပြဿနာ ဖြစ်လိမ့်မည်။ သို့သော် သူတို့က ကျီယွီကျင်းအား သတိပေးရန် သတ္တိမရှိကြချေ။

 

နောက်ဆုံးတွင် ချူဖုန်းချင်က အေးစက်သောအသံဖြင့် ပြောလိုက်သည်။ "ဒဏ်ရာ ထပ်ပွင့်လာရင် ကျွန်မ မချုပ်ပေးတော့ဘူး။"

 

ကျီယွီကျင်း နှုတ်ခမ်းစေ့ပြီး ပြုံးလိုက်၏။ ကြည့်စမ်း၊ သူ့စကားတွေက ပူပန်မှုတွေနဲ့ ပြည့်နေတယ်။ ငါ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ သူ ဒီလောက်ထိ စိတ်ပူနေပြီ။ ငါ အပြင်မှာ ရန်သူတွေကို ဘယ်လို သတ်ခဲ့လဲဆိုတာကို သူ တကယ်လို့ သိသွားရင် အိပ်တောင် ပျော်ပါ့မလားမသိဘူး! ကျီယွီကျင်းသည် အိပ်ရာပေါ်မှီကာ တိတ်ဆိတ်စွာ နာခံစွာ လှဲလျောင်းနေပြီး သူ၏ဆံပင်နက်များသည် ဘေးဘက်သို့ တွဲကျနေသောကြောင့် သူ၏မျက်နှာမှာ ပို၍ပင် ဖြူဖျော့နေသည်။ သူ ပြုံးလျက် "လုံးဝ အန္တရာယ်မရှိပါဘူး" ဟု ပြော၏။

 

"ဟင်?" ချူဖုန်းချင်က သူ့မျက်လုံးများအား စုံကြည့်လိုက်ရာ စကားက သူ့အား ရည်ရွယ်မှန်း နားလည်လိုက်ပေမဲ့ ဘာကို ပြောနေမှန်းတော့ မသိချေ။ ထားလိုက်ပါတော့၊ သူ ပြောတာကို နားမလည်တာ ပထမဆုံးအကြိမ်မှ မဟုတ်တော့တာ။

 

ပြီးတော့ ဒီလူ မထွက်ခွာမီတုန်းက ငါ့ကို တော်တော်အေးစက်ခဲ့တာ။ ဘာလို့ ပြန်လာပြီးမှ အခြားလူတစ်ယောက်လိုမျိုး ဖြစ်သွားရတာလဲ။ အပြင်လူတွေက သူ စိတ်ဆိုးလွယ်တယ်လို့ ပြောကြတယ်။ မှန်ပုံရတယ်။

 

သူ ထပ်မံ စုံစမ်းခြင်း မပြုတော့ဘဲ သူ့ကိရိယာများအား သိမ်းဆည်းရန် လှည့်လိုက်သည်။ ဤမှ ကိရိယာအချို့သည် သူ၏ မူရင်းပစ္စည်းများဖြစ်ပြီး အရင်က သူ ခဏနေခဲ့သော အိမ်ငယ်လေးတွင် ထားခဲ့ခြင်း ဖြစ်သည်။ မိုအိမ်တော်ထိန်းအားသာ ယူခိုင်းခဲ့၏။ သက်ကြီး သမားတော်နှစ်ဦး ချက်ချင်း ရောက်လာကြသည်။

 

"သခင်မ၊ ဒီကိရိယာတွေကို ကျွန်တော်တို့ကို ပြလို့ရမလား။"

 

ချူဖုန်းချင်က သူတို့အတွက် လမ်းဖယ်ပေးလိုက်သည်။ "ဟုတ်ကဲ့။"

 

ဆရာဝန်တော်က ဒဏ်ရာချုပ်ရာတွင် သုံးသည့်အပ်အား ကောက်ယူလိုက်သည်။ အပ်ဟု ခေါ်သော်လည်း တကယ်တမ်းတွင် ကွေးနေသောချိတ်နှင့် ပို၍တူ၏။

 

အပ်ဖျားသည် အလွန်ထက်မြက်သောကြောင့် အရေပြားနှင့် အသားအား ကောင်းစွာ ထိုးဖောက်နိုင်ပေသည်။

 

"အံ့ဩစရာပဲ!" ဒုတိယသမားတော်က ဤကိရိယာများအား ကြည့်လိုက်ရာ တစ်ခုချင်းစီတိုင်းသည် အလွန်ဆန်းသစ်နေ၏။ "ကျွန်ုပ်အဖိုးအိုက သခင်မ ခုနက သုံးခဲ့တဲ့ ချုပ်နည်းပညာအကြောင်း မေးလို့ရမလား။ အဖိုး မြင်ရတာ သခင်မက တော်တော် ကျွမ်းကျင်တာပဲ၊ ပြီးတော့ ချုပ်ထားတဲ့ဒဏ်ရာက သပ်ရပ်ပြီး မကြီးဘူး။"

 

ချူဖုန်းချင်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့။" ဆရာဝန်တော်များက တကယ်တမ်း သင်ယူနိုင်ခဲ့လျှင် ပြည်သူများအတွက် ကောင်းမွန်သောအရာတစ်ခု ဖြစ်လိမ့်မည်။

 

ကျီယွီကျင်းသည် သူတို့ စားပွဲပတ်လည်တွင် စိတ်အားထက်သန်စွာ ဆွေးနွေးနေသည်ကို ကြည့်နေရုံပဲလား။ သူ့အား ဤနေရာတွင် ပစ်ထားခဲ့သည်လား။

 

သူတို့နှစ်ဦးနှင့် ဤမျှ နီးကပ်နေသည်ကို မြင်သောအခါ သူ အမည်မသိဘဲ အနည်းငယ် မွန်းကြပ်သလို ခံစားရသည်။ ကျီယွီကျင်းက မျက်မှောင်ကြုတ်ပြီး အကြိမ်အနည်းငယ် ချောင်းဆိုးဟန်ဆောင်လိုက်သည်။

 

သို့သော် လူသုံးယောက်က သူ့အား လျစ်လျူရှုပြီး ဘာမှ တုံ့ပြန်မှု မရှိပေ။

 

ကျီယွီကျင်းက နှုတ်ခမ်းစေ့ပြီး ထပ်မံ၍ နှစ်ကြိမ် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။

 

"အင်း..." အခန်းထဲတွင် တိတ်ဆိတ်နေဆဲဖြစ်ပြီး ဘာမှ တုံ့ပြန်မှုမရှိပေ။

 

ကျီယွီကျင်း: "ချူယင်ယင်။"

 

ချူဖုန်းချင် ခဏမျှ မှင်တက်သွားပြီး အစက တုံ့ပြန်မှုမရှိပေ။ နောက်ဆုံးတွင် သူ တုံ့ပြန်မိသောအခါ သူ လှည့်ကြည့်ပြီး မျက်တောင်ခတ်လိုက်သည်။ "အင်း?"

 

ကျီယွီကျင်း: "ဘာလို့ ငါ့ဒဏ်ရာက တော်တော်လေးနာကျင်နေရတာလဲ။"

 

ချူဖုန်းချင်: "အဲ့လိုမှမဖြစ်ရင် ဘယ်လိုဖြစ်ရမှာလဲ"

 

ကျီယွီကျင်း: "......"

 

ချူဖုန်းချင်: "ရှင့်ဒဏ်ရာက တော်တော်နက်တယ်။ ရက်အနည်းငယ်ကြာအောင် နာကျင်နေလိမ့်မယ်။ သတိထားပြီး မဆွဲမိစေနဲ့။"

 

ကျီယွီကျင်း: "အင်း။"

 

လုပ်ငန်းစဉ်တစ်ခုလုံးအား ကြည့်နေသော လီယွီ၏ အမူအရာက ပုံပျက်နေသည်။ ကျစ်၊ ကျီယွီကျင်း ဆေးမှားသောက်ထားတာ သေချာသည်။

 

ချူဖုန်းချင်က ဆက်လက်ရှင်းပြရာ သက်ကြီးသမားတော်နှစ်ဦး အံ့အားသင့်သွားကြသည်။

 

တော်ဝင်ဆေးပညာဌာနတစ်ခုလုံးတွင် ထိခိုက်ဒဏ်ရာရခြင်းကို ကျွမ်းကျင်သူ မည်သူမျှ မရှိပေ။ တစ်ခါတစ်ရံ ထိခိုက်ဒဏ်ရာရမှုနှင့် ကြုံတွေ့ရသောအခါ ၎င်းအား ကုသသင့်မကုသသင့် မသိကြဘဲ ခေါင်းကိုက်စရာ ဖြစ်ခဲ့သည်။

 

ယခု ချူဖုန်းချင် ပေါ်လာသောအခါ သက်ကြီးသမားတော်နှစ်ဦးက ရတနာတစ်ခု ရှာတွေ့သလို ခံစားခဲ့ကြသည်။ သူတို့သည် မွေးရာပါ စာသင်လိုစိတ်ရှိသူများဖြစ်ပြီး သူ ပြောခဲ့သော အရာများစွာသည် သူတို့ တစ်ခါမျှ မကြားဖူးသော အရာများ ဖြစ်သည်။ ခဏအကြာတွင် သူတို့နှစ်ဦးစလုံး၏ မျက်လုံးများက တောက်ပနေခဲ့သည်။ သက်ကြီး သမားတော်တစ်ဦးက တိုက်ရိုက်ပြောလိုက်သည်။

 

"သခင်မက အမျိုးသမီးဖြစ်နေတာ ဝမ်းနည်းစရာပဲ။ သခင်မက အမျိုးသားဆိုရင် တော်ဝင်ဆေးပညာဌာနက သခင်မအတွက် နေရာတစ်နေရာ ချန်ထားပြီးသား ဖြစ်လိမ့်မယ်။"

 

ချူဖုန်းချင်က ညင်သာစွာ ပြုံးလိုက်ရုံသာ။ ချူမိသားစု ဤဘေးဒုက္ခ မကြုံခဲ့ရလျှင် သူ တော်ဝင်ဆေးပညာဌာနတွင် အလုပ်လုပ်ရန် စာမေးပွဲ တကယ်ဖြေခဲ့မိမည်ပင်။

 

သူတို့ ပို၍ စိတ်လှုပ်ရှားလာသည်ကို မြင်သောအခါ၊ သက်ကြီးသမားတော်နှစ်ဦးက ဆက်လုပ်ပါက သမီးမွေးစားရန်ပင် စဉ်းစားလိမ့်မည်။ ကျီယွီကျင်း မပျော်တော့ပေ။ "ဘာလဲ? မင်းတို့ တော်ဝင်ဆေးပညာဌာနက ငါတို့ ရှီချန်ကလူတွေကို ဖမ်းသွားတော့မလို့လား။"

 

သမားတော်နှစ်ဦး လန့်သွားပြီး သူတို့ မည်သည့်နေရာတွင် ရှိနေသည်ကို ရုတ်တရက် သတိရသွားသည်။

 

ကျီယွီကျင်းက တောက်ပစွာ ပြုံးလိုက်သော်လည်း သူ ဒေါသထွက်သောအခါ အလွန်ပြင်းထန်သည်။ "ဘာလို့ မင်းတို့ မျက်လုံးတွေက ဒီလောက် ကပ်နေရတာလဲ။ မင်းတို့ မျက်လုံးတွေ အသက်ကြီးလို့ မှုန်သွားပြီလား၊ အပ်တစ်ချောင်းတောင် ကောင်းကောင်း မမြင်နိုင်ဘူးလား။ ငါ မင်းတို့အားလုံးကို ငယ်ရွယ်တဲ့သူတွေနဲ့ အစားထိုးဖို့ အရှင်မင်းကြီးကို အစီရင်ခံရဦးမလား။"

 

သမားတော်နှစ်ဦး: "......"

 

ကျီယွီကျင်း: "မင်းတို့ကို ငါ အပြင်အထိ လိုက်ပို့ပေးရဦးမလား။"

 

သက်ကြီး သမားတော်များက အလျင်အမြန်ပင် "မလိုပါဘူး၊ မလိုပါဘူး၊ နယ်စားမင်း၊ နားနားနေနေပြီး အမြန်ဆုံး သက်သာပါစေ။ ကျွန်တော်တို့ အခုပဲ ပြန်ပါတော့မယ်" ဟု ပြော၏။

 

သူ ထွက်သွားသောအခါ ချူဖုန်းချင်အား "သခင်မ၊ တစ်ခုခုပြဿနာရှိလျှင် ကျွန်တော့် တော်ဝင်ဆေးပညာဌာနသို့ လာခဲ့ပါ" ဟု ပြောရန် မမေ့ခဲ့ပေ။

 

ချူဖုန်းချင်က ရယ်မောပြီး ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်"

 

လီယွီက ပွဲဆက်ကြည့်ချင်သေးသော်လည်း ကျီယွီကျင်းက သူ့အား တစ်ချက်ကြည့်လိုက်ရာ သူ ရှက်ရွံ့စွာ ထွက်သွားရုံသာ တတ်နိုင်တော့သည်။

 

လူတိုင်း ထွက်ခွာသွားပြီးနောက် အခန်းက တိတ်ဆိတ်သွား၏။ ကျီယွီကျင်းက သူ၏ကိုယ်ပိုင် ကြိုးစားမှုများအားလုံးအား လက်လျှော့လိုက်သလို အိပ်ရာပေါ်တွင် လှဲနေသည်။ သူ၏ ပုံမှန် ပန်းရောင်နှုတ်ခမ်းများသည် နှင်းကဲ့သို့ ဖြူဖျော့နေပြီး သူ၏ မျက်ခုံးများကြားတွင် မှေးမှိန်သော အပြာရောင်အရိပ်အမြွက်တစ်ခု ရှိနေ၏။

 

ချူဖုန်းချင်: "ဓားက အဆိပ်ရှိတယ်။"

 

ကျီယွီကျင်းက သူ့နှုတ်ခမ်းများအား ကော့လိုက်ပြီး "ဟုတ်တယ်" ဟု ပြော၏။

 

အဆိပ်က ဘာမှတုံ့ပြန်မှု မဖြစ်စေခဲ့ချေ။ သွေးရောင်တွင် အနည်းငယ် ပုံမှန်မဟုတ်သည် မရှိခဲ့လျှင် ချူဖုန်းချင်ပင် မှားမိမည်ပင်။ သမားတော်နှစ်ဦးကလည်း ဘာမှသတိမထားမိခဲ့ချေ။

 

ချူဖုန်းချင်: "ဘယ်သူ့ကိုမှ မသိစေချင်တာလား။"

 

ကျီယွီကျင်း: "ဟုတ်တယ်။"

 

ချူဖုန်းချင်: "ဒီအဆိပ်က ကုသဖို့ နည်းနည်းခက်တယ်။"

 

ကျီယွီကျင်းက ခဏမျှ တိတ်ဆိတ်နေပြီး သူ၏မေးခွန်းကို တုံ့ပြန်ခြင်းမရှိပေ။ ထို့အစား သူက "မင်း တကယ်ပဲ ဆေးပညာကို မင်းရဲ့ ဒုတိယအစ်ကိုဆီက သင်ယူခဲ့တာလား။"

 

ချူဖုန်းချင်: "......"

 

ကျီယွီကျင်းက သူ့မျက်လုံးများအား ဖွင့်လိုက်ရာ သူ၏အမြင်အာရုံက ကြည်လင်နေပြီး သူတို့နှစ်ဦးစလုံး တိတ်ဆိတ်စွာ နေခဲ့ကြသည်။

 

ကြာမြင့်စွာပင် ကျီယွီကျင်းက "ကောင်းပြီ" ဟု ပြော၏။

 

ခဏအကြာတွင် သူက "ဒီအဆိပ်အတွက် ဆေးရှိတယ်။ ဘယ်သူ့ကိုမှ မပြောပါနဲ့။"

 

ချူဖုန်းချင်: "ကောင်းပြီ။"

 

သူ ကျီယွီကျင်း ဘာများ လုပ်ခဲ့သည်ကို မသိပေ။ သူတို့၏ အဖွဲ့အစည်းသည် မကြာသေးခင်ကမှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လျင်မြန်စွာ ကြီးထွားလာခဲ့သည်ဆိုသည်ကိုသာ သူ သိသည်။ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာပင် ဒုံချန်အား ကျော်ဖြတ်ပြီး တရားရုံးတွင် အကြီးဆုံး အာဏာပိုင်အဖွဲ့အစည်း ဖြစ်လာခဲ့ပြီး ဧကရာဇ်အာဏာနှင့် ကြီးမားသော အခွင့်အာဏာများ ပိုင်ဆိုင်ခဲ့သည်။

 

သို့သော် ဤအလုပ်က အသက်အန္တရာယ်ရှိပုံရသည်။ သူ ကျီယွီကျင်း၏ ကိုယ်လုံးဗလာ အပေါ်ပိုင်းအား ကြည့်လိုက်ရာ သူ့ကြွက်သားများပေါ်တွင် အမှတ်အသားများ အများကြီး တွေ့ရသည်။ တချို့က နက်သည်၊ တချို့က တိမ်သည်။ တချို့က အသစ်၊ တချို့က အဟောင်း။ သူ၏ခန္ဓာကိုယ်အနှံ့ အမာရွတ်များသည် လွန်ခဲ့သော နှစ်နှစ်အတွင်း သူ အရူးအမူး တိုးတက်လာသည်ကို ဖော်ပြနေသည်လား။

 

ချူဖုန်းချင် သူ၏အကြည့်အား ရုပ်သိမ်းလိုက်ပြီး ထရန်ပြင်စဉ်တွင် ပုံမှန်အသက်ရှူသံအား ကြားလိုက်ရသည်။

 

ခဏလေးအတွင်းမှာပင် ကျီယွီကျင်း နက်ရှိုင်းစွာ အိပ်ပျော်သွားသည်။

 

ချူဖုန်းချင် သူ့ဘေးနား လျှောက်သွားပြီး သူ့ဘေးတွင် ဖြန့်ထားသော စောင်အား သူ့အား အုပ်ပေးလိုက်သည်။

 

ကျီယွီကျင်း၏ မျက်တောင်များ အနည်းငယ် တုန်ယင်သွားသည်။ သူ၏ လက်အစွပ်က သူ၏မျက်နှာရှေ့မှ ဖြတ်သွားပြီး သူ၏နှာခေါင်းထဲတွင် နှစ်သက်ဖွယ် အနံ့တစ်ခု ရလိုက်သည်။ နှင်းထဲမှ မြက်နံ့ကဲ့သို့ အေးစက်ပြီး နူးညံ့သည်။ ကျီယွီကျင်း၏ ကိုယ်ခန္ဓာ အနည်းငယ် တောင့်တင်းသွားပြီးနောက် ပြေလျော့သွားကာ ဖြည်းဖြည်းချင်း နက်ရှိုင်းစွာ အိပ်ပျော်သွားသည်။

 

သူ တစ်ညလုံး အိပ်ပျော်သွားခဲ့သည်။ ကျီယွီကျင်းက အိပ်ခန်းကြီးအား နေရာယူထားပြီး ချူဖုန်းချင်က မိုအိမ်တော်ထိန်းအား သူ့အတွက် ဧည့်ခန်းတစ်ခု စီစဉ်ပေးရန် တောင်းဆိုခဲ့သည်။

 

နောက်တစ်နေ့တွင် ကျီယွီကျင်း နိုးလာပြီး မနေ့ညက ဖြစ်ပျက်ခဲ့သည်များအား ပြန်စဉ်းစားကာ သူ့အား ဖုံးအုပ်ထားသော စောင်အား ဆုပ်ကိုင်လိုက်သည်။

 

သူ မျက်လုံးဖွင့်ထားပြီး အကြာကြီး စဉ်းစားနေခဲ့သည်။ မည်သည့်အချိန်ကတည်းက သူ့အား စောင်ဖြင့် အုပ်ပေးသည်လဲ။ သို့သော် သူ မည်မျှပင် ခေါင်းခြစ်စဉ်းစားပါစေ မှတ်မိခြင်း မရှိခဲ့ချေ။ ဆယ်နှစ်ကျော်လောက်က ဖြစ်နိုင်သည်၊ တကယ်ကို ကြာပြီ။

 

သူ၏ မရေရာသော မှတ်ဉာဏ်ထဲတွင် ဖယောင်းတိုင်မီးရောင် မှိတ်တုတ်မှိတ်တုတ်နှင့်အတူ မွှေးကြိုင်သော လေပြေညင်းလည်း ရှိနေခဲ့သည်။ သူ မျက်လုံးဖွင့်လိုက်သောအခါ သူ၏အမေက သူ့အား ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။

 

မနက်စာစားချိန်။

 

ကျီယွီကျင်းနှင့် ချူဖုန်းချင်သည် စားပွဲပေါ်ရှိ ဆန်ပြုတ်နှစ်ပန်းကန်အား ကြည့်ကာ တစ်ယောက်အားတစ်ယောက် ကြည့်လိုက်ကြသည်။

 

ချူဖုန်းချင် နှုတ်ခမ်းစေ့လိုက်သည်။ မနေ့က ကြက်ဆန်ပြုတ်ဖြစ်ခဲ့တာ၊ ဘာလို့ ဒီနေ့ ရိုးရိုးဆန်ပြုတ် ဖြစ်သွားရတာလဲ။

 

သူက မိုအိမ်တော်ထိန်းအား နားမလည်စွာ ကြည့်လိုက်ရာ မိုအိမ်တော်ထိန်းက ချက်ချင်းပင် သူ၏သခင်အား သစ္စာဖောက်လိုက်သည်။ "သခင်က ခင်ပွန်းနဲ့ ဇနီးသည်တွေက သုခဒုက္ခကို  အတူတူခံစားရမယ် လို့ပြောတယ်။"

 

ကျီယွီကျင်း သောက်သည့်ဆေးသည် ဆီနှင့် မထိတွေ့နိုင်သောကြောင့် သူက ကြည်လင်သော ဆန်ပြုတ်သာ သောက်နိုင်၏။

 

ဟုတ်ပြီ၊ တကယ်တော့ ချူဖုန်းချင်က အရင်က သူ့ကို အစာမစားခိုင်းတဲ့အတွက် လက်စားချေဖို့ ဒီဆေးကို အထူးညွှန်းပေးခဲ့တာ။ သူ့ရှေ့မှာ သူ့ကို ပြန်ပြီး လက်စားချေချင်ခဲ့တာ၊ ဒါမဲ့ တကယ်တမ်း သူ့ကို ပြန်ပြီး ဒုက္ခပေးလိမ့်မယ်လို့ သူ ဘယ်တုန်းကမှမထင်ခဲ့ဘူး။

 

ကျီယွီကျင်းက အိပ်ရာပေါ်တွင် တစ်ဝက်တစ်ပျက် လှဲနေပြီး မိုအိမ်တော်ထိန်း ပြောသည်ကို ကြားသောအခါ မျက်ခုံးပင့်လိုက်သည်။