ချူဖုန်းချင် ခဏတာ အံ့အားသင့်နေစဥ် ကျီယွီကျင်းသည် ချက်ချင်းဆိုသလို ဗီရိုထဲမှ အဝတ်အစားများ စ၍ရှာတော့သည်။ သူ့အဝတ်အစားများသည် အနက်ရောင်ချည်းပင်။ လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံတစ်ထည်ကို ရှာတွေ့ဖို့ရန် သူ အကြာကြီး ကြိုးစားလိုက်ရသည်။ ဤအဝတ်အစားကို ဘယ်ချိန်က ဝယ်ခဲ့သည်ကို သူ အကြာကြီး စဉ်းစားပေမဲ့ မှတ်မိပုံမရပေ။
ကျီယွီကျင်းသည် သူ့အား အဝတ်များ ကမ်းပေးပြီး "စမ်းဝတ်ကြည့်မလား" ဟု ပြောသည်။
ယောက်ျားဝတ်လား။
ချူဖုန်းချင် တကယ်တော့ ဝတ်ချင်သည်။ သို့ပေမဲ့ ထိုအရာက ယောက်ျားဝတ်တွေဖြစ်ပြီး သူ ဝတ်လိုက်လျှင် ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်မိသွားမှာဖြစ်သည်။
ချူဖုန်းချင် တစ်လှမ်းနောက်ဆုတ်ပြီး ခေါင်းခါလိုက်သည်။ "မလိုပါဘူး။"
ကျီယွီကျင်း- "ဘာလို့ မလိုရမှာလဲ။ မင်း ဘယ်မှာ အိပ်မယ် စဥ်းစားလဲ၊ ညစ်ပတ်တဲ့ နတ်ဆိုးလေး။"
ချူဖုန်းချင်- "ကျွန်မ မိုအိမ်တော်ထိန်းကို ဧည့်ခန်းတစ်ခု ရှာခိုင်းလိုက်မယ်။"
ကျီယွီကျင်း- "ဒါက တိုက်ဆိုင်မှုပဲ မဟုတ်လား။ မင်း ဒီနေ့ လီယွီကိုလည်း တွေ့ခဲ့တာပဲ။ သူက သူ့ညီအစ်ကိုတွေ အများကြီး ခေါ်လာပြီး အိမ်မှာ တည်းမယ်ပြောတယ်။ ဧည့်ခန်းတွေ အကုန်ပြည့်နေပြီ။"
ချူဖုန်းချင်- "ဒါဆို ကျွန်မ ကြမ်းပြင်ပေါ်မှာပဲ အိပ်မယ်။"
ကျီယွီကျင်း- "ဒီလောက်များတဲ့ အခန်းတွေမှာ အခန်းတိုင်းမှာ စောင်ရှိရမှာပေါ့။ မင်း ကြမ်းပြင်ပေါ်မှာ အိပ်ဖို့အတွက် အိမ်တော်မှာ အပိုစောင်တွေ မရှိဘူး။"
ချူဖုန်းချင်- "......"
ကျီယွီကျင်း လိမ်နေမှန်း သူသိသည်။ သို့သော်လည်း ဘယ်လို ပြန်ချေပရမည်ကို မသိပေ။ သူ့ အသံတိုးတိုးဖြင့် "လူဆိုး" ဟု ကျိန်ဆဲလိုက်၏။
ကျီယွီကျင်း၏ အပြုံးက ပို၍ပင်နက်ရှိုင်းလာသည်။ "ဒါကို ချီးကျူးတာလို့ပဲ ငါ မှတ်ယူလိုက်မယ်။"
သူ ဝတ်လိုက်လို့တော့ မဖြစ်ပေ။ ယောက်ျားဝတ်ဝတ်လိုက်လျှင် ဇနီးနေရာတွင် သူမည်သို့ ဆက်နေရမည်ကိုမသိပေ။
ချူဖုန်းချင်သည် သူ၏ လရောင်လို ဖြူဖွေးသော ဝတ်ရုံကို စိုက်ကြည့်ပြီး "မှောင်နေပြီ၊ အိပ်ဖို့အချိန်ရောက်ပြီ။ အပေါ်ရုံ မလိုပါဘူး" ဟု ပြောသည်။
ကျီယွီကျင်း စဉ်းစားပြီး သဘောတူလိုက်သည်။
သူ၏ လရောင်ဝတ်ရုံကို ဘေးဖယ်ထားလိုက်ပြီး ထပ်ရှာဖွေသည်။ ခဏကြာအောင် ရှာပြီးမှ အတွင်းခံတစ်ထည် ထွက်လာ၏။ "မင်း အတွင်းခံလည်း မလဲရသေးဘူး မဟုတ်လား။ ဒါကို ငါ မင်းကို ငှားမယ်။"
ချူဖုန်းချင်၏ ခုနက အပြုအမူက သူ့ကို စိတ်တိုစေခဲ့သည်။ "သူမ" က နာမကျန်းတဲ့ မိန်းကလေးတစ်ယောက်၊ ညစ်ပတ်တဲ့ နတ်ဆိုးလေးတစ်ယောက် ဖြစ်နေသည်ကို ကျီယွီကျင်း မမုန်းတီးပေ။ သို့ပေမဲ့ "သူမ" က သူ့ကို အရင် မုန်းတီးခဲ့သည်။ သူ့ဘဝမှာ "သူမ" လို သူ့ကို ဒီလောက် မုန်းတီးတဲ့သူမျိုး တစ်ခါမှ မမြင်ဖူးပေ။
"သူမ" က သူ့ကို ကြိုက်တယ်လို့ မပြောခဲ့ဘူးလား။
ဒါမှမဟုတ်... သူမက ရှက်နေတာလား။
ချူဖုန်းချင်- "......"
အပြင်လောကက ပြောတာ မှန်နေပုံရတယ်။ ကျီယွီကျင်းက တကယ်ပဲ ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး သူ့အဝတ်အစားတွေကို သူများကို အတင်းဝတ်ခိုင်းတဲ့ ထူးခြားတဲ့ အကျင့်ဆိုးလည်း ရှိတယ်။
သူ သက်ပြင်းညင်သာစွာ ချလိုက်သည်။ ဒီလို ထူးဆန်းတဲ့ အခြေအနေကို မည်သို့ကုသရမည်ကို ဆေးကျမ်းများတွင် မရှင်းပြထားသည်မှာ နှမြောစရာပင်။
ကျီယွီကျင်း သူ့ကို ထူးဆန်းစွာ ကြည့်နေသည်ကို မြင်တော့ "ဘာလို့ ခုထိ မဝတ်ချင်သေးတာလဲ။ ညစ်ပတ်နေတာ မဟုတ်ဘူးလား။ အဲဒီအတွင်းခံကို ဘယ်လောက်ကြာကြာ ဝတ်ဖို့ စဉ်းစားထားတာလဲ" ဟု ပြောလိုက်သည်။
ချူဖုန်းချင်၏ မျက်လုံးတွေ အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ "ကျွန်မ မနေ့ကမှ လဲထားတာပါ။"
"မင်း မနေ့က လဲထားတာဆိုတော့ ဒီနေ့ လဲစရာမလိုတော့ဘူးလား။ မရှက်ပါနဲ့၊ အတွင်းခံသက်သက်ပဲဟာကို။"
ချူဖုန်းချင်- "..."
ရှက်တာလား။
ဘာကို ရှက်ရမှာလဲ။
အမှန်တွင် ချူဖုန်းချင်သည် အလွန် စိတ်ပါဝင်စားသည်။ အတွင်းခံများသည် ပုံစံတူတွေချည်းပင်။ ယောက်ျား၊ မိန်းမ ခွဲခြားထားသည်မရှိပေ။ အကုန်လုံးက အဖြူရောင်ချည်းပင်။
ကျီယွီကျင်းသည် မည်သည်မျှ ဂရုမစိုက်ဘဲ သူ့အဝတ်အစားများကို ချူဖုန်းချင်ထံသို့ ပစ်ပေးလိုက်ပြီးနောက် အဝတ်တစ်စုံယူကာ ရေသွားချိုးတော့သည်။ ရေပူစမ်းရှိသည့် အားသာချက်ကတော့ ရေချိုးဖို့အတွက် အိမ်စေတွေ၊ အလုပ်သမားများ၏ အကူအညီ မလိုဘဲ နေ့တိုင်း ရေပူစမ်းကို သန့်ရှင်းရေးလုပ်ပေးဖို့ပဲ လိုသောကြောင့်ဖြစ်သည်။
ချူဖုန်းချင် ရေချိုးပြီးသားဖြစ်သော်လည်း အဝတ်အစား မလဲထားခြင်းသာဖြစ်သည်။
ကျီယွီကျင်း ရေချိုးပြီး ပြန်လာချိန်တွင် ချူဖုန်းချင်ကို မြင်လိုက်သော ပထမဆုံးအကြိမ်မှာပင် ခဏတာ ရပ်တန့်သွား၏။ သူ့အတွက် ကွက်တိဖြစ်တဲ့ အဝတ်အစားတွေမှာ ချူဖုန်းချင်ပေါ်တွင် အများကြီး ပိုကြီးနေဟန်ရှိသည်။ မီးရောင်အောက်တွင် ပါးလျသော ခါးသည် ပေါ်လွင်နေသည်။ ကော်လံကလည်း အများကြီး ပိုကျယ်နေ၍ ချူဖုန်းချင်သည် သူ့လက်တွေနှင့် အတွင်းဘက်ကို ဆွဲထားရာ ပါးလျသော လည်ပင်းနှင့် နူးညံ့သော ညှပ်ရိုးတို့က ပေါ်လာသည်။
လက်များသည်လည်း အနည်းငယ် ပိုရှည်သောကြောင့် နှစ်ခေါက်ခေါက်မှ ပုံမှန်အတိုင်းဖြစ်၏။ သူတို့၏ အရပ်အမြင့်က သိပ်မကွာသော်လည်း ကိုယ်ခန္ဓာတည်ဆောက်ပုံသည် အများကြီး ကွာခြားသည်။
ချူဖုန်းချင် လှည့်ကြည့်လိုက်ရာ ကျီယွီကျင်းကို တွေ့လိုက်ရသည်။ သူ့ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ "အဝတ်တွေက နည်းနည်းရှည်ပေမဲ့ ဘာမှမရှိတာထက်တော့ ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။"
ကျီယွီကျင်း၏ မျက်လုံးများ အနည်းငယ် မှောင်ကျသွား၏။ သူက "ချီး" ဆိုသည့် အသံ ထွက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဘာလို့ ဒီလောက် နာခံတာလဲ။"
ပြီးတော့ သူ အခန်းထဲ ဝင်ခါနီး ခြေထောက်ကို ပြန်ထုတ်ကာ "ငါ ဧည့်ခန်းမှာ သွားအိပ်မယ်" ဟု သူ့ကို ပြောလိုက်သည်။
ချူဖုန်းချင်- "......"
ဧည့်ခန်းတွေ ပြည့်နေပြီလို့ မင်း မပြောခဲ့ဘူးလား။
သို့သော် ချူဖုန်းချင်သည် တစ်ယောက်တည်း အိပ်ရသည်ကို ပျော်နေဆဲပင်။ အဘယ်ကြောင့်ဆို သူ၏ ရင်စည်းဝတ်ထားနိုင်၍ဖြစ်သည်။ ကျီယွီကျင်း မရှိသောအခါ သူ လွတ်လပ်စွာချွတ်ထား၍ရ၏။
ချူဖုန်းချင် သောက်သော ဆေးတွင် အိပ်ဆေးပါသောကြောင့် သူ အမြန်အိပ်ပျော်သွားပြီး အိပ်မက်မက်စရာမလိုတဲ့ ညတစ်ညကို ရခဲ့၏။
တစ်ဖက်မှာတော့ ကျီယွီကျင်းက တစ်ညလုံး ကောင်းကောင်း မအိပ်ရဘဲ စိတ်ပူနေခဲ့သည်။
နောက်နေ့မနက်တွင် လောင်မိုက ကျီယွီကျင်း ဧည့်ခန်းကနေ ထွက်လာသည်ကို မြင်သော် အနည်းငယ် အံ့သြသွား၏။
မင်္ဂလာပွဲရဲ့ ဒုတိယနေ့မှာ ဘာလို့ သူတို့ အခန်းခွဲ အိပ်ရတာလဲ။ ဒီစုံတွဲ ကြားထဲမှာ ပဋိပက္ခ ရှိနေတာလား။ ဒါပေမဲ့ သူကတော့ သူ့သခင်ရဲ့ ကိစ္စတွေကို မမေးရဲပါဘူး။
ချူဖုန်းချင်သည် ရှားရှားပါးပါး ကောင်းကောင်းအိပ်ပျော်ခဲ့ပြီး စောစောထ၏။ သူသည် အိပ်ယာထဲတွင် ကြာကြာနေတတ်သော အကျင့်မရှိပေ။
မနက်စာစားချိန်တွင် ကျီယွီကျင်းက သူ့ကို တစ်ချက်ကြည့်လိုက်ရာ သူသည် သူ၏အတွင်းခံကို ဝတ်ထားဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများ မှောင်ကျသွားသည်။ သူ၏ မျက်လုံးများမှိတ်လိုက်ပြီး ထရပ်ကာ "ငါ မစားတော့ဘူး။ နန်းတော်မှာ အရေးတကြီး ကိစ္စတွေ ရှိတယ်။" ဟု ပြောလိုက်၏။
ချူဖုန်းချင် အနည်းငယ် ရှုပ်ထွေးသွားရာ ညင်သာစွာပင် ပြန်တုံ့ပြန်လိုက်၏။
မနက်စာစားပြီးနောက် ချူဖုန်းချင်က လောင်မိုကို စာအုပ်တချို့ ရှာခိုင်းပြီး အချိန်ဖြုန်းလိုက်သည်။ သူ မနက်ဖြန် အပြင်ထွက်ဖို့ နည်းလမ်းရှာရမည်။ သူ့အစ်ကိုကြီး၏ တပ်ဖွဲ့ဟောင်းတွေ မနက်ဖြန် မြို့တော်ကို ရောက်လာမှာဖြစ်ပြီး သူတို့နှင့် ဆက်သွယ်ရမည်။ သတင်းကောင်းများ ရရန် မျှော်လင့်ထားသည်။
တစ်ဖက်မှာတော့ ကျီအိမ်တော်ကနေ ကျီယွီကျင်း ထွက်သွားပြီး မကြာခင်မှာပဲ ဖဲကြိုးလှေတစ်စင်း ကျီအိမ်တော်တံခါးဝကို ဆိုက်ရောက်လာ၏။ ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် ဖဲကြိုးလှေထဲကနေ ထွက်လာသည်။ သူမက သေသပ်လှပစွာ ပြင်ဆင်ထားပြီး လှပသော အဝတ်အစားများ ဝတ်ဆင်ထား၏။ နာမည်ကျော် မိသားစုကနေ လာသည်မှာ ထင်ရှားပါသည်။
သူမသည် အလွန်လှပသော မိန်းကလေးတစ်ဦးဖြစ်သော်လည်း တံခါးစောင့်ကတော့ သရဲမြင်လိုက်ရသလို အံ့ဩသွားလေသည်။
သူသည် အခြားတံခါးစောင့်တစ်ဦးအား "သူမကို တားထား။ အထဲကို ပေးမဝင်နဲ့။ ငါ မိုအိမ်တော်ထိန်းကို သွားရှာလိုက်ဦးမယ်" ဟု ပြောကြားလိုက်၏။
တံခါးစောင့်က မျက်နှာပျက်စွာဖြင့် "ဒါဆို မြန်မြန်လုပ်ပါဗျာ။ ကျွန်တော် သူ့ကို တားနိုင်မယ် မထင်မိဘူး" ဟု ပြောဆိုလေသည်။
ထိုအမျိုးသမီးငယ်အား အိမ်စေမလေးတစ်ဦး လိုက်ပါလာခဲ့သည်။ သူတို့နှစ်ဦး တံခါးဝသို့ ရောက်သောအခါ မျက်နှာပျက်နေသော တံခါးစောင့်က လက်ဖြင့် ကာဆီးလိုက်သည်။ "အစ်မတော်၊ ဘုရင်ခံ အိမ်တော်မှာ မရှိပါ။ တခြားနေ့မှ ပြန်လာလျှင် အဆင်ပြောမလားဗျ" ဟု လျှောက်ထား၏။
ထိုအမျိုးသမီးငယ်သည် သူ့ကို တစ်ချက်ကြည့်ပြီး "မဟုတ်ဘူး၊ ဒီနေ့ ကျွန်မရဲ့ အစ်ကိုတော်ကို လာတွေ့တာ မဟုတ်ဘူး၊ ဖယ်လိုက်" ဟု ပြောဆို၏။
တံခါးစောင့်: "ဘုရင်ခံက အစ်မတော် ဇီအိမ်တော်ထဲသို့ ခြေချခွင့်မရှိဟု အမိန့်ထုတ်ထားပါတယ်။"
အစ်မတော် အိမ်စေမလေးကို တစ်ချက်ကြည့်တော့ အိမ်စေမလေးက ချက်ချင်း တားလိုက်၏။
"မင်း ဘယ်လို ရဲတာလဲ! ငါတို့ သခင်မလေးရဲ့ ဂုဏ်ပုဒ်ကို မင်း သိလျက်သားနှင့် ခုထိ တားရဲသေးတယ်။ မင်း ခွေးသက်တမ်း ရှည်လွန်းနေလို့လား။"
တံခါးစောင့်တို့သည် ခါးသီးစွာ ညည်းညူကြလေသည်။ အကြောင်းမှာ နတ်ဘုရားတို့ တိုက်ခိုက်သောအခါ ဆင်းရဲသား လူသားများဖြစ်ကြသော သူတို့သာ ဒုက္ခခံရသောကြောင့်ပင်။
"အစ်မတော်၊ ကျေးဇူးပြု၍ ကျွန်တော်တို့ကို ဒုက္ခမပေးပါနဲ့။ ဘုရင်ခံက အစ်မတော်ကို ကျွန်တော်တို့ အထဲပေးဝင်တာကို သိရင် ကျွန်တော် သေရလိမ့်မယ်။"
တံခါးစောင့်သည် တံခါးကို တင်းတင်းကျပ်ကျပ် ပိတ်လိုက်၏။ အစ်မတော်က မျက်မှောင်ကြုတ်၏။ အိမ်စေမလေးက "မင်း နားကြားမှားတာ ဖြစ်ရမယ် အစ်မတော်နဲ့ ဘုရင်ခံက မောင်နှမဝမ်းကွဲတွေ။ သူက ငါ့သခင်မကို ဘယ်လိုလုပ် အထဲပေးမဝင်ရရတာလဲ။ ငါတို့ကို ဆက်မတားပါနဲ့တော့။ ငါ့သခင်မလေးကို ထပ်တားရင် မင်းကို ဘုရင်ခံဆီ သေချာပေါက် တိုင်တန်းမယ်! အဲဒီအခါကျရင် မင်း ဒုက္ခရောက်ရလိမ့်မယ်" ဟု ပြောဆို၏။
တံခါးစောင့်: "အစ်မတော်၊ ကျေးဇူးပြု၍ ကျွန်တော်တို့ကို ဒုက္ခမပေးပါနဲ့။"
သူ စိတ်ဓာတ်ကျတော့မယ့်အချိန်မှာပင် မိုအိမ်တော်ထိန်း နောက်ဆုံးတော့ ရောက်လာခဲ့သည်။ တံခါးစောင့် သက်ပြင်းချလိုက်ပြီး အလျင်အမြန် "မိုအိမ်တော်ထိန်း၊ ဒီဘက်ကို" ဟု ပြောလိုက်၏။
မိုအိမ်တော်ထိန်း တည်ငြိမ်စွာ ရှေ့တိုးလာပြီး ခါးညွှတ် အရိုအသေပေးလေသည်။ "အစ်မတော်။"
အစ်မတော် ဇီယွီလန်က သူ့ကို မြင်တော့ ပြုံးပြီး "မိုအိမ်တော်ထိန်း၊ ကျွန်မ လာလည်ချင်ရုံဘဲ ရှိသေးတယ်။ ဒါပေမဲ့ တံခါးစောင့်က ကျွန်မရဲ့ အစ်ကိုက ကျွန်မကို ပေးမဝင်ဘူးလို့ ပြောတယ်။ အဲဒါ တကယ်လား" ဟု မေးမြန်း၏။
မိုအိမ်တော်ထိန်း၏ အသက်ကြီးမျက်လုံးများ တစ်ချက်လက်သွား၏။ သူ ဟုတ်ပါတယ်ဟု ပြောချင်ခဲ့သော်လည်း နောက်မှ တုံးယွမ်သခင်ကို သတိရပြီး သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာ၏။ ထို့ကြောင့် သူက "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အောက်ကလူတွေ မှားကြားတာ ဖြစ်ရမယ်။ ကျွန်တော် သေချာပေါက် သူတို့ကို သင်ခန်းစာပေးပါ့မယ်" ဟု ပြောလိုက်၏။
အစ်မတော် ဇီယွီလန် အံ့ဩသွား၏။ မိုအိမ်တော်ထိန်း၏ သဘောထားကို အနည်းငယ် အံ့အားသင့်သွားပုံရလေသည်။
အောက်က တံခါးစောင့် နှစ်ဦးလည်း တုန်လှုပ်သွားကြ၏။ အိမ်စေမလေးသည် သူတို့ကို စူးစိုက်ကြည့်ပြီး မိုအိမ်တော်ထိန်းနှင့် ဇီယွီလန်တို့နှင့်အတူ မာန်မာနကြီးစွာ လျှောက်ဝင်သွားကြ၏။ တံခါးစောင့်များက သူတို့၏ နောက်ကျောကို ကြည့်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြ၏။ သူတို့နှစ်ဦးလုံး စိတ်ရှုပ်ထွေးနေကြလေသည်။
အရှေ့ဘက်ခြံဝန်းဆီသို့ ဇီယွီလန်က ဖြည်းညှင်းစွာ လျှောက်ရင်း မေးမြန်း၏။ "မိုအိမ်တော်ထိန်း၊ ကျွန်မ အစ်ကို လက်ထပ်သွားတယ် ကြားတယ်။"
မိုအိမ်တော်ထိန်း: "အစ်မတော်ကို လျှောက်ထားပါသည်။ ဟုတ်ပါတယ်"
သူ၏ အဖြေကို ကြားတော့ ဇီယွီလန်က သူမ၏ လက်ကိုင်ပဝါကို တင်းတင်းဆုပ်ထား၏။ သူမ၏ လက်သည်းများက လက်ဖဝါးကို တင်းကျပ်စွာ စိုက်ဝင်သွားသည်။ သူမ၏ မျက်နှာပေါ်တွင် ပြင်းထန်သော အမူအရာတစ်ချက် လျှပ်ခနဲ ပေါ်လာသော်လည်း ခဏအကြာတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။ "ဒါဆို ကျွန်မကို အစ်ကိုရဲ့ ဇနီးနဲ့ တွေ့ခွင့်ပေးလို့ရမလား။ ကျွန်မ သူ့ကို မတွေ့ရသေးဘူး"
မိုအိမ်တော်ထိန်းက စိတ်မသက်မသာ ဖြစ်သွား၏။
"ဒါက..."
ဇီယွီလန်: "ကျွန်မရဲ့ အစ်ကိုရဲ့ ဇနီးကို သွားရောက်လည်ပတ်တာ သဘာဝကျပါတယ်။ မိုအိမ်တော်ထိန်း၊ ကျေးဇူးပြု၍ လမ်းပြပေးပါဦး။"
မိုအိမ်တော်ထိန်း နောက်ဆုံးတွင် သက်ပြင်းချလိုက်ပြီး "မှန်ပါ့" ဟု ပြောဆိုလိုက်၏။
နှစ်ဦးသား အရှေ့ဘက်ခြံဝန်းဆီသို့ လျှောက်သွားကြ၏။ ဇီအိမ်တော်သည် တကယ်တော့ အလွန်ကျယ်ဝန်းလှပြီး ကျောက်တုံးတောင်တန်းများနှင့် ဥယျာဉ်ဆောင်များ ပါရှိကာ အိမ်တော်ထဲတွင် ရေကန်တစ်ခုပင် ရှိလေသည်။
သို့သော် ပုံမှန်အားဖြင့် အိမ်တော်ထဲတွင် သခင်တစ်ဦးတည်းဖြစ်သော ကျီယွီကျင်းသာ ရှိပြီး သူသည် အိမ်တော်တွင် နေခဲလှသဖြင့် နေရာအများစုမှာ ဗလာနတ္တိဖြစ်နေပြီး အိမ်စေမလေးများနှင့် အလုပ်သမားများသာ တစ်ခါတစ်ရံ သစ်ကိုင်းခြောက်များနှင့် ကြွေကျနေသော အရွက်များကို လှဲရန် သွားတတ်ကြ၏။
ယခု ချူဖုန်းချင် ရောက်လာခဲ့သော်လည်း သူသည် အရှေ့ဘက်ခြံဝန်းတွင်သာ နေထိုင်ပြီး တစ်လှမ်းမျှပင် ထွက်မသွားချေ။
အရှေ့ဘက်ခြံဝန်းသည် တံခါးနှင့် အနီးဆုံး ခြံဝန်းဖြစ်ပြီး ကျီယွီကျင်း နေထိုင်ရာ နေရာလည်း ဖြစ်၏။ သူ ဤခြံဝန်းတွင် နေထိုင်ရခြင်း အကြောင်းရင်းမှာ တံခါးနှင့် အနီးဆုံး ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် အရှေ့ဘက်ခြံဝန်းသို့ အမြန် ရောက်လာကြပြီး မိုအိမ်တော်ထိန်းက ဇီယွီလန်အား "အစ်မတော်၊ ကျေးဇူးပြု၍ ဒီနေရာမှာ ခဏစောင့်ပါဦး။ ကျွန်တော် သွားရောက် အစီရင်ခံပါ့မယ်" ဟု ပြော၏။
ဇီယွီလန် ခေါင်းညိတ်ပြီး သင့်တော်သော အပြုံးဖြင့် "ကောင်းပါပြီ" ဟု ညင်သာစွာ ပြောဆို၏။
မိုအိမ်တော်ထိန်း ထွက်ခွာသွားပြီးနောက် အိမ်စေမလေး ရှောင်ဟွမ်က နှာမှုတ်လိုက်ပြီး ဒေါသတကြီး ပြောဆို၏။ "ဟင်း၊ ဘာလို့ ဒီလောက် မာနကြီးရတာလဲ။ ကျွန်မတို့က ခြံဝန်းအပြင်မှာတောင် ရောက်နေပြီ။ သူက ခုထိ အစီရင်ခံဖို့ လိုသေးတယ်။ ဒါသာ မဟုတ်ရင် ဒီရာထူးက သခင်မရဲ့ဟာ ဖြစ်ခဲ့မှာ..."
ဇီယွီလန်က သူမကို တားလိုက်ပြီး "ရှောင်ဟွမ်၊ စကားမပြောနဲ့" ဟု ပြော၏။
မိုအိမ်တော်ထိန်း တံခါးခေါက်လိုက်ချိန် ချူဖုန်းချင်က ပြတင်းပေါက်ဘေးမှာ ထိုင်နေ၏။ ပြတင်းပေါက်ဘေးမှာ စားပွဲတစ်လုံးရှိပြီး ဤသည်ကို အိမ်စေတို့ အကူအညီဖြင့် သူ ရွှေ့ခိုင်းထားခြင်း ဖြစ်၏။ စားပွဲပေါ်မှာတော့ တစ်နေရာရာ၏ မြေမျက်နှာသွင်ပြင် မြေပုံများနှင့်တူသော မြေပုံတချို့ ရှိလေသည်။
တံခါက်ခေါက်သံကြားတော့ ချူဖုန်းချင် ခဏရပ်ပြီး စားပွဲပေါ်က ပစ္စည်းများကို သိမ်းလိုက်ကာ တံခါးဖွင့်လိုက်၏။ ရောက်လာသူမှာ လောင်မို ဖြစ်နေသည်ကို မြင်တော့ သူက "မိုအိမ်တော်ထိန်း၊ ဘာကိစ္စလဲ" ဟု မေးမြန်း၏။
မိုအိမ်တော်ထိန်း: "သခင်မ၊ အစ်မတော် ရောက်နေပါတယ်။ တံခါးဝမှာ စောင့်နေပါတယ်"
ချူဖုန်းချင်: "အစ်မတော်?"
မိုအိမ်တော်ထိန်း: "သူမက သခင်၏ မိခင်ဘက်မှ ဆွေမျိုးဖြစ်ပါတယ်။ မောင်နှမဝမ်းကွဲတွေ ဖြစ်ကြပါတယ်။"
ချူဖုန်းချင်: "ကျွန်မ သူ့ကို မတွေ့လို့ မရဘူးလား။"
ဒီအစ်မတော်က အရမ်းရုတ်တရက် ရောက်လာခြင်းဖြစ်ပြီး ကျီယွီကျင်းလည်း အိမ်မှာ မရှိပေ။ထို့အတူ သူမသည် အမျိုးသမီးဆွေမျိုးတစ်ယောက်ဖြစ်၍ သူ ကိုင်တွယ်နိုင်သော အခြေအနေ မဟုတ်ဟု အမြဲခံစားနေရသည်။
"ဒါက... အဓိပ္ပာယ်မရှိဘူးလို့ ထင်ပါတယ်။"
မိုအိမ်တော်ထိန်းက ခက်ခဲစွာ ပြောဆိုလိုက်၏။
ချူဖုန်းချင် ခေါင်းညိတ်လိုက်၏။ "နားလည်ပါပြီ။"
မိုအိမ်တော်ထိန်းက သူ့ရဲ့ ဝတ်စားဆင်ယင်ပုံကို တစ်ချက်ကြည့်ပြီး ချူဖုန်းချင်ကို ပြောဆို၏။
"စိတ်မပူပါနဲ့ သခင်မ။ ကျွန်တော် အိမ်စေမလေးကို ခေါ်ပြီး သခင်မကို အဝတ်လဲဖို့ ကူညီခိုင်းပါ့မမယ်။ ကျွန်တော်က အစ်မတော်ကို ဘေးခန်းမှာ စောင့်ခိုင်းလိုက်ပါ့မယ်။"
ချူဖုန်းချင်က အမျိုးသမီးဆံပင် ထုံးနည်း မသိပေ။ သူ့မင်္ဂလာပွဲတွင် ဆံထုံးရိုးရိုးကို ချန်ဝမ်သည် ရက်ပေါင်းများစွာ အပြင်ထွက်ပြီးမှ သင်ယူလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူ၏ ဆံပင်အားလုံးကို အဝတ်စတစ်ပိုင်းနှင့်သာ ခေါင်းနောက်တွင် စည်းထားလိုက်၏။ သူ၏ ကြေးမုံထဲမှ အဝတ်အစားများကို တစ်ချက်ကြည့်ပြီး ဒီပုံစံဖြင့် အပြင်ထွက်ပြီး လူတွေ့ခြင်းမှာ မကောင်းဟု ထင်လိုက်လေသည်။
တစ်ဖက်မှာတော့ ဇီယွီလန်နှင့် တခြားသူတို့သည် ဘေးခန်းမှာ အကြာကြီး စောင့်နေကြ၏။ ချူဖုန်းချင်က ခုထိ ပေါ်မလာသေးပေ။ သူမ မျက်မှောင်ကြုတ်ပြီး အိမ်စေမလေး ရှောင်ဟွမ်ကို လူတိုက်ရိုက်သွားရှာရန် ခေါ်လိုက်စဥ် အပြင်ဘက်၌ ခြေသံများ ကြားလိုက်ရလေသည်။