Ch 7
Viewers 430

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ် 


အပိုင်း  ၇




သမဝါယမဆိုင်သို့ သွားရာလမ်းတွင် အဒေါ်မာက ရုတ်တရက် မေးလိုက်သည်။ "နင့်ဒေါ်လေးရော ဘယ်မှာလဲ။ ပုံမှန်ဆို သူပဲ အပြင်ထွက်ပြီး ပစ္စည်းဝယ်နေကျ မဟုတ်လား။"



"သူမက မကြာခင်က အလုပ်တွေ အရမ်းလုပ်လိုက်ရလို့ ခါးနာနေတယ်တဲ့၊ ဒါကြောင့် သမီးကိုပဲ အပြင်ထွက်ခိုင်းလိုက်တာပါ။" ထျဲလန်ယန်သည် ပြင်ပလူများကို ပြောရန် ဆင်ခြေတစ်ခု ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။



"ဩော်... အဲလိုလား" အဒေါ်မာက ထျဲလန်ယန်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "နင့်ဒေါ်လေးဆီက ကြားတာတော့ နင် မကြာခင်က နည်းနည်း စိတ်မူမမှန်ဖြစ်နေတယ်ဆိုလို့၊ သနားစရာကွယ်... အခုရော သက်သာရဲ့လား။"



ကျန်းချွေ့ကြောင့်သာ ဖြစ်သည်။ အပြင်လူအားလုံးက မူလပိုင်ရှင် အရူးဖြစ်သွားပြီဟု ပြောနေကြရာ အဒေါ်မာ၏ စကားမှာ အတော်ပင် ထိန်းပြောထားခြင်း ဖြစ်သည်။



ထျဲလန်ယန်၏ စိတ်ထဲတွင် အနည်းငယ် နွေးထွေးသွားရသည်။ သူမ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ "သမီး အများကြီး သက်သာသွားပါပြီ၊ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အဒေါ်။"



အဒေါ်မာ၏ မျက်နှာမှာ ကြည်လင်သွားခဲ့သည်။ "အေး... အဲဒါဆိုလည်း ကောင်းတာပေါ့၊ နင် အပြင်ထွက်ပြီး လမ်းလျှောက်ချင်သေးလား။ ချန်ကျန်းကို နင့်ကို လိုက်ပို့ခိုင်းလိုက်မယ်လေ။"



ချန်ကျန်းမှာ အဒေါ်မာ၏ သားဖြစ်ပြီး ထျဲလန်ယန်ထက် သိပ်မကြီးပေ။ သူက အထည်ချုပ်စက်ရုံတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။



ထျဲလန်ယန် - "ရပါတယ် အဒေါ်၊ သမီး ဒီရက်ပိုင်း အလုပ်လေးတွေ ရှိလို့ပါ။"



သူမတွင် ကျန်းချွေ့တို့ မိသားစုကို ကိုင်တွယ်ရန် ရှိသလို ပစ္စည်းစုဆောင်းရန်နှင့် ငွေရှာရန်လည်း ရှိနေသဖြင့် အချိန်မရှိသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ပြင် ချန်ကျန်းနှင့် အတူသွားပါက အပျိုနှင့် လူပျိုဖြစ်သဖြင့် အတင်းအဖျင်း အပြောခံရနိုင်သည်။



အဒေါ်မာ၏ မျက်နှာတွင် အနည်းငယ် စိတ်ပျက်သွားဟန် ပေါ်သွားသည်။ "အေးလေ... အဲဒါဆိုလည်း နင်အားမှပဲ ပြောကြတာပေါ့။"



သမဝါယမဆိုင်မှာ ထျဲအိမ်နှင့် သိပ်မဝေးဘဲ ခြေလျင်လျှောက်လျှင် မိနစ် ၄၀ ခန့်သာ ကြာသည်။ ဆိုင်သို့ရောက်၍ ပစ္စည်းဝယ်ရန် ပြင်သောအခါမှ ထျဲလန်ယန် ကြောင်သွားရသည်။



ဤခေတ်ကာလတွင် ပစ္စည်းဝယ်ရန် ရိက္ခာကူပွန်များ လိုအပ်သည်ကို သူမ မေ့သွားခြင်း ဖြစ်သည်။ အိမ်ရှိ ကူပွန်များကိုလည်း ကျန်းချွေ့က သုံးပစ်လိုက်သဖြင့် တစ်ခုမှ မကျန်တော့ပေ။



ဘေးမှ အဒေါ်မာက သူမတွင် ကူပွန်မရှိသည်ကို သိသဖြင့် ဦးဆောင်၍ ပြောလာသည်။ "ငါ့ဆီမှာ ကူပွန်အပို အနည်းငယ် ရှိတယ်၊ နင် ဘာဝယ်ချင်လို့လဲ။ ငါ အရင်ချေးပေးမယ်၊ ပြီးမှ နင်က ပိုက်ဆံနဲ့ ပြန်ပေးပေါ့။"



ထျဲလန်ယန်၏ မျက်နှာမှာ ဝင်းခနဲ ဖြစ်သွားသည်။ "ဒါဆို ကျေးဇူးတင်ပါတယ် အဒေါ်။" ဤခေတ်တွင် ကုန်စျေးနှုန်းများမှာ အလွန်ပင် သက်သာလှသည်။



ဆန်ကြမ်း တစ်ပေါင်လျှင် ၁၂ ဆင့်သာ ရှိပြီး ဆန်ချောနှင့် ဂျုံမှုန့်မှာ တစ်ပေါင်လျှင် ၂၀ ဆင့် ဖြစ်သော်လည်း ဆန်ရိက္ခာကူပွန် လိုအပ်သည်။ ပဲဆီမှာ တစ်ပေါင်လျှင် ၅၀ ဆင့်ဖြစ်ပြီး ဆီကူပွန် လိုအပ်သည်။



သကြားညို တစ်ပေါင်လျှင် ၅၀ ဆင့်၊ သကြားဖြူမှာ ၈၀ ဆင့် ဖြစ်ပြီး သကြားကူပွန် လိုအပ်သည်။ ဝက်သားမှာ တစ်ပေါင်လျှင် ၉၀ ဆင့်ဖြစ်ပြီး ကြက်သားနှင့် ဘဲသားမှာ ၁ ယွမ် ဖြစ်ကာ အသားကူပွန်များ လိုအပ်သည်။



ကြက်ဥများအတွက်လည်း ကြက်ဥကူပွန် လိုအပ်ပြီး တစ်လုံးလျှင် ၉ ဆင့် ရှိသည်။ အိမ်မွေးကြက်ဥများဖြစ်သဖြင့် သေးငယ်သော်လည်း ၁၁ လုံးလျှင် တစ်ပေါင်ခန့်ရှိကာ ၁ ယွမ်ခန့် ကျသင့်သည်။



နောက်ဆုံးတွင် ဟင်းသီးဟင်းရွက်များမှာ အလွန်စျေးပေါပြီး တစ်စည်းလျှင် ၅ ဆင့်သာ ရှိသည်။ ၎င်းတို့အတွက် ကူပွန်မလိုဘဲ မြို့စွန် သို့မဟုတ် ကျေးလက်မှ တောင်သူများ လာရောက်ရောင်းချခြင်း ဖြစ်သည်။



အဒေါ်မာတွင် ၅ ကျင်းတန် ဆန်ကူပွန်၊ ၁ ကျင်းတန် အသားကူပွန်၊ ၅ ကျင်းတန် ကြက်ဥကူပွန်နှင့် ၂ ကျင်းတန် သကြားကူပွန်များ ရှိရာ ထျဲလန်ယန်က အားလုံးကို ချေးယူလိုက်သည်။



သူမသည် ဂျုံမှုန့်ဖြူ ၅ ကျင်း၊ ဝက်သား ၁ ကျင်း၊ ကြက်ဥ ၅ ကျင်းနှင့် သကြားဖြူ ၂ ကျင်းတို့ကို ဝယ်ယူခဲ့ရာ စုစုပေါင်း ၈ ယွမ် ၅၀ ဆင့် ကျသင့်သည်။ ကူပွန်များမှာ ငွေထက်ပင် ပို၍ တန်ဖိုးရှိသည်။



ထျဲလန်ယန်သည် အဒေါ်မာကို ၁၀ ယွမ်တန် တစ်ရွက် ပေးလိုက်သည်။ အဒေါ်မာကလည်း မငြင်းဘဲ လက်ခံလိုက်ပြီး သတိပေးခဲ့သည်။ "လန်ယန်... နင် သုံးတာဖြုန်းတာ နည်းနည်း များနေတယ်နော်၊ နောက် အိမ်ထောင်ကျရင် ချွေတာရဦးမှာ၊ အခုလို မသုံးနဲ့ဦး။"



ထျဲလန်ယန်ကမူ ထိုစကားကို စိတ်ထဲမထားဘဲ ခေါင်းညိတ်ပြလိုက်ရုံသာ လုပ်လိုက်သည်။ သူမသည် ကိုယ်အလေးချိန် ပေါင် ၃၀ တက်အောင် လုပ်ရမည်ဖြစ်ရာ အများကြီး စားဖို့ လိုအပ်သည် မဟုတ်ပါလား။ ထို့ပြင် ငွေဆိုသည်မှာ သုံးရန်ဖြစ်ပြီး ကုန်သွားလျှင် ပြန်ရှာ၍ ရသည်။



မပြန်မီ ထျဲလန်ယန်သည် ၁၀ ဆင့်သုံးကာ ပဲတောင့်ရှည် နှစ်စည်း ဝယ်လိုက်သည်။ ဤပဲတောင့်များမှာ အလွန်လတ်ဆတ်ပြီး အရသာရှိသည်။



၎င်းတို့ကို နည်းမျိုးစုံဖြင့် ချက်ပြုတ်နိုင်ရာ ပဲတောင့်ရှည် ခေါက်ဆွဲဆီပြန်၊ ပဲတောင့်ရှည် ခေါက်ဆွဲကြော်နှင့် ဝက်နံရိုး ပဲတောင့်ရှည် ထမင်းပေါင်း စသည်ဖြင့် ရှိသည်။ ထျဲလန်ယန်သည် ယနေ့ညစာအတွက် ပဲတောင့်ရှည် ထမင်းပေါင်းကို ချက်စားရန် ဆုံးဖြတ်လိုက်သည်။



အဒေါ်မာကို နှုတ်ဆက်ပြီးနောက် ထျဲလန်ယန် အိမ်သို့ တန်းမပြန်ဘဲ ဆေးရုံသို့ သွားသည်။ ဝိညာဉ်ကူးပြောင်းခြင်း ဝတ္ထုများထဲတွင် ဖတ်ဖူးသည့် မှောင်ခိုစျေးကွက်ကို သူမ ရှာဖွေလိုခြင်း ဖြစ်သည်။



သူမ၏ စားနိုင်စွမ်းမှာ ကြီးမားလှသလို အာဟာရပြည့်ဝသော အစားအစာများလည်း လိုအပ်သည်။ ယနေ့ ဝယ်လာသမျှမှာ သုံးလေးရက်အတွင်း ကုန်သွားနိုင်သဖြင့် သူများဆီမှ ကူပွန်များ အမြဲချေးနေ၍ မဖြစ်ပေ။



မှောင်ခိုစျေးကွက်မှာ အကောင်းဆုံး နေရာပင် ဖြစ်သော်လည်း သူမသည် နေရာအတိအကျကို မသိသလို အဒေါ်မာကိုလည်း တိုက်ရိုက် မမေးရဲပေ။



ပြုပြင်ပြောင်းလဲရေး မတိုင်မီက ပုဂ္ဂလိက အရောင်းအဝယ်မှာ ခွင့်မပြုထားဘဲ မှောင်ခိုလုပ်ငန်းဟု သတ်မှတ်ထားသည်။ မိသွားပါက ဒဏ်ရိုက်ခြင်းမှသည် အဆိုးဆုံး သေဒဏ်အထိ ခံရနိုင်သည်။



ထို့ကြောင့် လူတိုင်းက ထိုစျေးအကြောင်းကို မပြောရဲကြဘဲ တိတ်တဆိတ်သာ သွားလာကြခြင်း ဖြစ်သည်။



ထျဲလန်ယန်သည် ဆေးရုံအနီးသို့ သွားရခြင်းမှာ ဆေးရုံရှိ လူနာများမှာ အာဟာရများ အရေးတကြီး လိုအပ်သဖြင့် ၎င်းအနီးအနားတွင် ရဲရဲဝံ့ဝံ့ လာရောက်ရောင်းချသူများ ရှိနိုင်မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။



ဤနည်းလမ်းမှာလည်း ဝတ္ထုများထဲမှ ရလာခြင်း ဖြစ်သည်။ ကမ္ဘာပျက်ကပ် မတိုင်မီက သူမသည် စာအလွန်ဖတ်သော စာကြမ်းပိုးတစ်ယောက် ဖြစ်ခဲ့သည်။ ဤအချက်မှာ တစ်နေ့တွင် အသုံးဝင်လာမည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။



ထျဲလန်ယန်သည် ပြည်သူ့ဆေးရုံကြီး အနီးအနားတွင် နှစ်ပတ်ခန့် ပတ်ကြည့်လိုက်သည်။ သံသယဖြစ်ဖွယ် လူအချို့ကို ဖယ်ထုတ်ပြီးနောက် လူဝကြီး တစ်ယောက်ကို သူမ သတိထားမိသွားသည်။



ထိုလူဝကြီးမှာ အဝတ်အစား သေသပ်စွာ ဝတ်ဆင်ထားပြီး သစ်ပင်ကြီးတစ်ပင်အောက်တွင် ကျောပိုးအိတ်တစ်လုံးနှင့် ရပ်နေကာ ဘေးဘီကို ဝေ့ဝဲကြည့်နေသည်။



ထျဲလန်ယန်သည် အနားသို့ တိုးသွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ရဲဘော်... ဟိုဘက်မှာ စကားပြောရအောင်လား။"



ကျောပိုးအိတ်မှာ အဝတ်ဖြင့် တင်းကျပ်စွာ ထုပ်ပိုးထားသဖြင့် အထဲတွင် ကောင်းမွန်သော ပစ္စည်းများ ရှိနေမည်မှာ သေချာလှသည်။ ထိုလူဝကြီးသည် ထိုစကားကို ကြားသောအခါ ယခင်က စိုးရိမ်နေသော ပုံစံမှာ ပျောက်ကွယ်သွားပြီး ချက်ချင်း ပြုံးရွှင်သွားကာ ပြောလိုက်သည်။ "သွားကြစို့... သွားကြစို့၊ ဟိုဘက် လမ်းကြားထဲမှာ စကားပြောရအောင်။"



သူတို့နှစ်ဦးမှာ မဝေးသော လမ်းကြားလေးထဲသို့ တစ်ယောက်နောက် တစ်ယောက် လိုက်သွားကြသည်။ နေရာသို့ ရောက်သောအခါ နှစ်ဦးလုံးက တစ်ချိန်တည်းမှာပင် မေးလိုက်ကြသည်မှာ…



"ဘာကောင်းတာတွေ ပါလဲ။"



"ပစ္စည်းရော ကောင်းရဲ့လား။"



ထိုစကားများ ထွက်လာပြီးနောက် နှစ်ဦးသား ကြောင်သွားကြတော့သည်။ နှစ်ဦးလုံးမှာ ပစ္စည်းဝယ်ရန် ရောင်းသူကို ရှာနေကြသူများ ဖြစ်နေပါလား။ တကယ့်ကို အနေခက်စရာပင်။



နျိုတပင်း - "အဟမ်း... အစ်မကြီး၊ ကျွန်တော်တို့ နှစ်ယောက်လုံး မှားသွားကြတာပဲ။"



နျိုတပင်း - "ဒါက ကျွန်တော့်အဘွား ပန်းခြံထဲကနေ တူးလာတဲ့ မြေကြီးတွေပါ။ သူက သူ့အိမ်က မြေထက် ဒီမြေက ပိုကောင်းတယ်ဆိုပြီး ဟင်းသီးဟင်းရွက် စိုက်ဖို့ သယ်သွားချင်နေတာ။"



"ဒါပေမယ့် ဒီကိုလာတဲ့လမ်းမှာ သူက ခါးလွဲသွားလို့ အခု ဆေးရုံတက်နေရတယ်။ သူက ကျွန်တော် ဒီမြေကြီးတွေကို လွှင့်ပစ်လိုက်မှာ စိုးလို့ နေ့တိုင်း ဒီကို သယ်လာခိုင်းပြီး သူ့ကို ပြခိုင်းနေတာလေ။"



ထျဲလန်ယန် - …



ဒီအဘွားကြီးက တကယ့်ကို ဒုက္ခပေးတာပဲ။ မြေကြီးတစ်အိတ်က မြေးဖြစ်သူထက် ပိုအရေးကြီးနေတာလား၊ မြေးဖြစ်သူပါ ခါးလွဲသွားမှာကို မစိုးရိမ်ဘူးလား။



ထျဲလန်ယန်မှာ ပြောစရာစကားတောင် မရှိပေ။ "ပစ္စည်းကောင်းလို့ ထင်နေတာ... အသေအချာကို ထုပ်ပိုးထားတာဆိုတော့။"



"သူများ လှောင်မှာ စိုးလို့ပါ" နျိုတပင်းက သူ့ခေါင်းကို အနေခက်စွာ ပွတ်ရင်း ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော်က ပစ္စည်းပြန်ရောင်းတဲ့လူ တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ့် သူငယ်ချင်းကို စောင့်နေတာပါ။ အဘွားကျန်းမာရေးအတွက် အမဲရိုးတွေ ဝယ်မလို့လေ။ အခုလို အစ်မနဲ့ တိုးမယ်လို့ မထင်ထားဘူး... တောင်းပန်ပါတယ်။"



ထျဲလန်ယန်သည် ထိုစကားကို ကြားသည်နှင့် မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။ "ရပါတယ် အစ်ကိုကြီးရယ်၊ ဒါက တိုက်ဆိုင်မှုပဲလေ။ အစ်ကိုကြီးကို ကြည့်ရတာ ခင်ဖို့ကောင်းပါတယ်၊ ကျွန်မတို့ သူငယ်ချင်း လုပ်ကြရအောင်၊ ဟိုပစ္စည်းရောင်းတဲ့လူနဲ့ ကျွန်မကိုပါ မိတ်ဆက်ပေးလို့ ရမလား။"



နျိုတပင်းမှာ ပါးစပ်လေး တွန့်သွားရသည်။ ဝါး... မျက်နှာက ချက်ချင်းကို ပြောင်းသွားတာပဲ။ သူငယ်ချင်းလုပ်ချင်တာက အကြောင်းပြချက် ဖြစ်ပြီး ပစ္စည်းရောင်းသူကို သိချင်တာက အဓိက ဖြစ်ပေလိမ့်မည်။



သို့သော် သူက စိတ်မရှိသည့်အပြင် ပျော်ပင် ပျော်နေသေးသည်။ ဒီအစ်မကြီးက တကယ့်ကို ပါးနပ်တာပဲ၊ သူနှင့်လည်း စရိုက်ချင်း တူသဖြင့် သူငယ်ချင်းတစ်ယောက် ရသွားသည်မှာ မဆိုးလှပေ။