Ch 6
Viewers 443

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ် 


အပိုင်း ၆




ဟူရှောင်လျန်၏ တစ်ကိုယ်လုံးတွင် အိုးမည်းများ ပေကျံသွားတော့သည်။ သူမ အော်ဟစ်ရန် ပြင်လိုက်သော်လည်း ထျဲလန်ယန်က သံအိုးဖြင့် နောက်တစ်ကြိမ် ထပ်မံရိုက်နှက်လိုက်ပြန်သည်။



"ပါးစပ်ပိတ်ထားစမ်း။ အေးအေးချမ်းချမ်း ရှိနေတာကို မနှောင့်ယှက်နဲ့။"



သမီးဖြစ်သူ အရိုက်ခံရသည်ကို မြင်သောအခါ ကျန်းချွေ့သည် ချက်ချင်း ပြေးဝင်လာခဲ့သည်။ ထျဲလန်ယန်က သံအိုးကို လွှဲယမ်းလိုက်ရာ "ဘန်း ဘန်း ဘန်း" နှင့် ကျန်းချွေ့မှာ မျက်စိထဲ ကြယ်စင်များ လွင့်စင်သွားသည်အထိ အရိုက်ခံလိုက်ရတော့သည်။



ထို့နောက် ထွက်ပြေးရန် ကြိုးစားနေသော ဟူကျူးဇီကို နောက်မှ ဆွဲခေါ်လာပြီး သံအိုးဖြင့်ပင် ပညာပေးလိုက်ပြန်သည်။ နောက်ဆုံးတွင် ဟူရှောင်လျန်ကိုလည်း ကြားဖြတ်၍ အချက်အနည်းငယ် ထပ်မံရိုက်နှက်ရန် သူမ မမေ့လျော့ခဲ့ပေ။



ထိုမိသားစုတစ်စုလုံးမှာ အရိုက်ခံရသဖြင့် ဟိုတစ်စ ဒီတစ်စ လွင့်စင်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ဖက်ကာ အသံပင် မထွက်ရဲဘဲ ကုပ်ကုပ်လေး နေနေကြရရှာသည်။



ထျဲလန်ယန် ကျန်းချွေ့ကို မေးလိုက်သည်။ "နင် ဆဲဦးမှာလား။"



ဝက်ခေါင်းကဲ့သို့ ဖူးရောင်နေသော ကျန်းချွေ့သည် အမြန်ပင် ခေါင်းခါပြလိုက်သည်။ "မဆဲတော့ပါဘူး၊ မဆဲတော့ပါဘူး။"



ထျဲလန်ယန်သည် ဟူရှောင်လျန်ကို တစ်ချက်ကြည့်လိုက်သည်။ "ဘယ်သူက မြေခွေးမလဲ။"



ဟူရှောင်လျန်သည် ငုံးတစ်ကောင်ကဲ့သို့ လည်ပင်းကို ပုလိုက်သည်။ "ကျွန်မပါ... ကျွန်မပါ။"



ထျဲလန်ယန်သည် ဟူကျူးဇီကို ကြည့်လိုက်သည်။ "နင် ထပ်ပြေးရဲသေးလား။"



ခေါင်းတွင် သွေးများ ထွက်နေသော ဟူကျူးဇီက တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။  "မပြေးရဲတော့ပါဘူး..."



ဝူးဝူးဝူး... သူ ဘယ်လို ဝဋ်ကြွေးမျိုးနဲ့ ကြုံနေရတာလဲ၊ ဤကဲ့သို့သော မိစ္ဆာမမျိုးကိုမှ သွားပြီး ရန်စမိလေခြင်း။



ကံကောင်းသည်မှာ သူ၏ အတွေးသေးသေးလေးများကို သူမ သတိမထားမိခြင်းပင် ဖြစ်သည်။ မဟုတ်ပါက သူ၏ ခေါင်းမှာ ပြုတ်ထွက်သွားလောက်ပြီ။



ထျဲလန်ယန်သည် သူတို့ သုံးဦးကို စတိုခန်းထဲသို့ ပြန်လည် ပိတ်လှောင်လိုက်သည်။ "အထဲမှာ ငြိမ်ငြိမ်နေကြ။ နောက်တစ်ခါ ထပ်အော်ရင် ငါ သားသတ်ဓားနဲ့ ဝင်လာခဲ့မယ်။"



ထိုစကားကို ကြားလိုက်သည်နှင့် ကျန်းချွေ့တို့ တစ်သိုက်၏ မျက်နှာများမှာ ဖြူဖတ်ဖြူရော် ဖြစ်သွားကြသည်။ ဤမိန်းမ ထျဲလန်ယန်သည် တကယ်ကို ရူးနေလေပြီ။ သူမသည် တကယ်ပင် သတ်ရဲဖြတ်ရဲနေသည် မဟုတ်ပါလား။



အပြင်ဘက်တွင် တိတ်ဆိတ်သွားသည်ကို ကြားရသောအခါ ဟူရှောင်လျန်သည် နောက်ဆုံးတွင် ငိုချလိုက်တော့သည်။ "အမေ... သမီးတို့ ဘာလုပ်ကြမလဲ။ သမီး ဒီမှာ တစ်သက်လုံး အပိတ်ခံမနေချင်ဘူး၊ သမီး အရမ်းကြောက်တယ်။"



"မကြောက်နဲ့ သမီး၊ အမေ နည်းလမ်းတစ်ခုခု ရှာပါ့မယ်" ကျန်းချွေ့သည် သမီးဖြစ်သူကို ဖက်ထားပြီး ညင်သာစွာ ချော့မြှူနေရှာသည်။



ယခင်က ဖြစ်ပျက်ခဲ့သော ကိစ္စများမှာ အနည်းငယ် စိတ်ပျက်စရာ ကောင်းခဲ့သော်လည်း သူမသည် သမီးဖြစ်သူကို ချစ်ဆဲပင် ဖြစ်သည်။



ဘေးနားရှိ ဟူကျူးဇီက အားနည်းသော အသံဖြင့် ပြောလိုက်သည်။ "မိန်းမ... ငါ့ခေါင်းက သွေးတွေ ထပ်ထွက်နေပြန်ပြီ၊ ငါ့ကို ပတ်တီးလေး စည်းပေးပါဦး။"



ကျန်းချွေ့က သူ့ကို စိုက်ကြည့်လိုက်သည်။ "နင် သေမလား ရှင်မလား ငါ ဂရုမစိုက်ဘူး၊ နင့်ဘာသာနင်ပဲ စည်းလိုက်။"



ခုနက ဖြစ်ပျက်ခဲ့သည်များကို သူမ မမေ့သေးပေ။ ဤလူကြီးမှာ သူမကို အလွန်ပင် စိတ်ပျက်စေခဲ့သည်။



ဟူရှောင်လျန် - "အမေ အဖေ့ကို ကူညီလိုက်ပါဦး၊ သူက တမင်လုပ်တာ မဟုတ်ပါဘူး။"



သမီးဖြစ်သူက တောင်းပန်သဖြင့် ကျန်းချွေ့လည်း ဆက်ပြီး မတင်းခံတော့ပေ။ ဟူကျူးဇီက သွားဝါကြီးများကို ပေါ်အောင် ဖြဲပြလိုက်သည်။ "ငါ့သမီးလေးက ငါ့အပေါ်မှာ အကောင်းဆုံးပဲ။"



ဟူရှောင်လျန်၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားခဲ့သည်။ "အဖေ... နောက်တစ်ခါကြရင် သမီးကို ထားမသွားနဲ့နော်။"



ဟူကျူးဇီသည် အနေခက်စွာ ရယ်မောလိုက်သည်။ "အေးပါ နောက်တစ်ခါ မလုပ်တော့ပါဘူး။"



နံနက်စာကို အရသာရှိရှိ စားထားရသလို ရန်သူများကိုလည်း နှိမ်နင်းထားနိုင်သဖြင့် ထျဲလန်ယန်၏ စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေသည်။



သူမသည် သီချင်းလေး တညည်းညည်းဖြင့် အိမ်ကို သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်တော့သည်။ ကျန်းချွေ့သည် သန့်ရှင်းရေးလုပ်ရန် ဝါသနာမပါသလို ဟူကျူးဇီနှင့် ဟူရှောင်လျန်တို့မှာ ပို၍ပင် ဆိုးရွားရာ တစ်အိမ်လုံးမှာ ရှုပ်ပွနေသည်။



ထျဲလန်ယန်သည် အရင်ဆုံး ကျန်းချွေ့တို့ မိသားစု၏ ပစ္စည်းများအားလုံးကို စုစည်းလိုက်ပြီး အထုပ်လိုက် ချည်နှောင်ကာ ဧည့်ခန်းထောင့်သို့ ပစ်ထားလိုက်သည်။



ထို့နောက်မှ အိမ်၏ နေရာအနှံ့အပြားကို စိတ်ရှည်လက်ရှည် သန့်ရှင်းရေး လုပ်နေသည်။



သူမ၏ မိဘများ အခန်းကို သန့်ရှင်းရေးလုပ်နေစဉ် ကုတင်ဘေး စားပွဲပေါ်တွင် သံသေတ္တာငယ်လေး တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းထဲတွင် သူမမိဘများ၏ စုဆောင်းငွေများ ရှိနေသည်။



တန်ဖိုးအကြီးဆုံးမှာ ၁၀ ယွမ်တန် တထုံ ငွေစက္ကူများ ဖြစ်ကြပြီး စုစုပေါင်း ၄၈ ရွက် ရှိသည်။ အခြားသော အကြွေစေ့များနှင့် ငွေစက္ကူငယ်များပါ ပေါင်းလိုက်လျှင် ၁၀၀ ယွမ်ခန့် ရှိရာ စုစုပေါင်း ၅၀၀ ယွမ်ခန့် ရှိသည်။



သို့သော် မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင်မူ ယခင်က ဤသေတ္တာထဲတွင် အနည်းဆုံး ၆၀၀ ယွမ်ခန့် ရှိနေရမည် ဖြစ်ပြီး ရိက္ခာကူပွန်အချို့လည်း ရှိနေခဲ့သည်။



ကျန်းချွေ့ စရောက်လာစဉ်က မူလပိုင်ရှင်မှာ ငယ်သေးသဖြင့် ငွေကို မစီမံတတ်ပါဘူးဟု အကြောင်းပြကာ ဤသံသေတ္တာကို သိမ်းထားခဲ့ခြင်း ဖြစ်သည်။



လဝက်ခန့်အတွင်းမှာတင် ငွေ ၁၀၀ ယွမ်ခန့် လျော့နည်းသွားသလို ရိက္ခာကူပွန်များလည်း မရှိတော့ပေ။ သူတို့မှာ တကယ်ပင် လက်ဖွာကြသည်။ မိမိငွေမဟုတ်သဖြင့် အားနာမှုမရှိဘဲ သုံးဖြုန်းခဲ့ကြခြင်း ဖြစ်လိမ့်မည်။



ထျဲလန်ယန် နှာခေါင်းရှုံ့လိုက်မိသည်။ ထျဲမိသားစုတွင် ပေါ်တင်စုဆောင်းငွေများ ရှိသကဲ့သို့ တိတ်တဆိတ် ဝှက်ထားသော ငွေများလည်း ရှိရပေမည်။ လိမ္မာသော ယုန်တစ်ကောင်မှာပင် မြေတွင်းပေါက်သုံးပေါက် ရှိတတ်သည် မဟုတ်ပါလား၊ ဤခေတ်ကြီးတွင် ငွေရှာရသည်မှာ မလွယ်ကူလှပေ။



ထျဲလန်ယန်သည် ကုတင်အောက်သို့ ဝင်ကာ လက်ဖြင့် စမ်းကြည့်လိုက်ရာ ချောင်နေသော ကျောက်ပြားတစ်ချပ်ကို တွေ့ပြီး ဆွဲထုတ်လိုက်သည်။ ထင်သည့်အတိုင်းပင် အောက်တွင် သစ်သားသေတ္တာတစ်လုံး ရှိနေသည်။



ဤနေရာမှာ မူလပိုင်ရှင်၏ မိခင် မကွယ်လွန်မီက ပြောပြခဲ့သော နေရာဖြစ်သည်။ မဖြစ်မနေ လိုအပ်ချိန်မှသာ ဤသေတ္တာကို ထုတ်ယူရန်နှင့် သူများ သိသွားမည်ကို စိုးရိမ်ရကြောင်း သူမကို မှာကြားခဲ့ဖူးသည်။



ယခု ထျဲလန်ယန်တွင် နေရာလွတ်ရှိနေပြီဖြစ်ရာ ဤသစ်သားသေတ္တာကို နေရာလွတ်ထဲသို့သာ ထည့်ထားလိုက်တော့မည်။



ထျဲလန်ယန်သည် နံရံပေါ်ရှိ လျှို့ဝှက်အကန့်တစ်ခုထဲမှ သော့ကို ရှာတွေ့ခဲ့သည်။ သူမသည် သော့ဖြင့် သစ်သားသေတ္တာကို ဖွင့်လိုက်သောအခါ အထဲမှ ပစ္စည်းများ ပေါ်ထွက်လာခဲ့သည်။



အစိမ်းရောင် အိမ်ခြံမြေ ပိုင်ဆိုင်မှု လက်မှတ်တစ်ခု၊ တထုံ ငွေစက္ကူ အထပ်လိုက်… ရေတွက်ကြည့်ရာ ၂၇၀၀ ယွမ် ရှိသည်။ ထို့အပြင် ဘေးတွင်လည်း စာတစ်စောင် ရှိနေသည်။



ထျဲလန်ယန်သည် ထိုစာကို လောလောဆယ် မဖွင့်သေးပေ။ ယခု အရေးကြီးဆုံးမှာ ငွေများကို စုစည်းရန်ဖြစ်ပြီး ဤသည်မှာ ဤခေတ်ကာလတွင် သူမ၏ စတင်ရင်းနှီးမြှုပ်နှံမှု ငွေအလုံးအရင်း ဖြစ်လာပေမည်။



ဖခင်၏ နစ်နာကြေး ၁၀၀၀ ယွမ်၊ သံသေတ္တာထဲမှ ၅၀၀ ယွမ်နှင့် သစ်သားသေတ္တာထဲမှ ၂၇၀၀ ယွမ်။ စုစုပေါင်း ၄၂၀၀ ယွမ်ခန့်ကို သစ်သားသေတ္တာထဲသို့ ထည့်ကာ နေရာလွတ်ထဲရှိ ဝါးအိမ်၏ ဧည့်ခန်းထဲတွင် သိမ်းဆည်းထားလိုက်သည်။



ထိုငွေများကို မြင်လိုက်ရသောအခါ ထျဲလန်ယန်၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားရသည်။ ၇၀ ခုနှစ်များက ဤမျှသော ငွေပမာဏမှာ အလွန်ပင် တန်ဖိုးရှိလှသည်။ ဤငွေဖြင့် အိမ်ခြံမြေပင် ဝယ်နိုင်သေးရာ နောင်တစ်ချိန်တွင် သန်းပေါင်းများစွာ တန်ဖိုးရှိလာလိမ့်မည်။



ဟားဟား... မိုက်လိုက်တာ။ ဒါပေမယ့် ဒါနဲ့တင် မလုံလောက်သေးဘူး။ ၇၀ နဲ့ ၈၀ ခုနှစ်တွေက ရွှေတွေ ပေါနေတဲ့ ခေတ်လို့ ဆိုရိုးရှိတယ် မဟုတ်လား။



သူမသည် ချမ်းသာနိုင်မည့် ဤခေတ်သို့ ရောက်ရှိလာပြီဖြစ်ရာ အကြီးအကျယ် လှုပ်ရှားရမည်။



ထျဲလန်ယန်၏ ရည်မှန်းချက်မှာ ရှင်းလင်းလှသည်။ စုဆောင်းရမည်။ ရွှေတွေစု၊ ရှေးဟောင်းပစ္စည်းတွေနဲ့ ပန်းချီကားတွေစုပြီး အိမ်တွေလည်းဝယ်စုရမည်။ တစ်ခုမှ လက်လွှတ်မခံနိုင်ပေ။



အစစအရာရာ ပြည့်စုံသွားသောအခါမှ တောင်တန်းကြီးများနှင့် ရေကြည်မြေနုရှိသော လှပသည့် နေရာတစ်ခုတွင် အနားယူ အပန်းဖြေတော့မည်။ ထိုလှပသော မြင်ကွင်းကို စဉ်းစားရင်း ထျဲလန်ယန်သည် ခွန်အားများ ပြည့်ဝလာခဲ့သည်။



သူမသည် အလုပ်ကို အမြန်သွက်သွက် လုပ်လိုက်ရာ အိမ်သန့်ရှင်းရေးမှာ ခဏလေးအတွင်း ပြီးစီးသွားခဲ့သည်။ အလုပ်ရှုပ်နေသည်မှာ မွန်းတည့်ပင် ရှိသွားလေပြီ။



ထျဲလန်ယန်၏ ဗိုက်ကလည်း မြည်နေပြီဖြစ်သဖြင့် သူမသည် နောက်ထပ် ကြက်ဥခေါက်ဆွဲ တစ်အိုးကို ချက်စားလိုက်ရာ အလွန်ပင် အရသာရှိလှသည်။



တရေး အိပ်လိုက်ပြီးနောက် ထျဲလန်ယန်သည် ကုန်ပစ္စည်း အရောင်းဆိုင်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။



အိမ်တွင် ဆန်မှလွဲ၍ အခြား အစားအသောက်များမှာ ကုန်လုနီးပါး ဖြစ်နေသဖြင့် ဝယ်ယူရန် လိုအပ်သလို ညစာကိုလည်း အရသာရှိရှိ ချက်စားချင်သေးသည်။



သူမ အပြင်ထွက်လာသောအခါ အိမ်နီးနားချင်းဖြစ်သူ အဒေါ်မာနှင့် ဆုံခဲ့သည်။ သူမကို မြင်သည်နှင့် အဒေါ်မာက ကြင်နာစွာ ပြုံးပြလိုက်သည်။



"လန်ယန်... နင့်ကို အပြင်မှာ မတွေ့ရတာ တော်တော်ကြာပြီပဲ၊ ဘယ်သွားမလို့လဲ။"



အဒေါ်မာသည် သဘောကောင်းသူဖြစ်ပြီး ထျဲလန်ယန်၏ မိဘများ ရှိစဉ်ကလည်း မကြာခဏ လာလည်လေ့ရှိသဖြင့် မူလပိုင်ရှင်က သူမအပေါ် သဘောကောင်း ထားရှိသည်။



ထျဲလန်ယန် - "မင်္ဂလာပါ အဒေါ်မာ သမီး သမဝါယမဆိုင်ကို သွားမလို့ပါ။"



အဒေါ်မာ - "အို့ တိုက်ဆိုင်လိုက်တာ၊ ငါလည်း ပဲငံပြာရည်နဲ့ ဆားဝယ်မလို့ပဲ၊ အတူတူ သွားကြတာပေါ့။"