Chapter 195
အချပ်ပို -၆ တာ့ကျင့်ရှိ အတိတ်ကဖြစ်ရပ်အလီလီများ [၆]
ပိုင်ထျန်းရွေ့က ယင်းအား ဝန်မခံချင်ပါသော်လည်း အမှန်ပင် မနာလိုမိချေသည်။သူ့ဘေးက ဓါးအား တင်းတင်းဆုပ်ကိုင်လိုက်ရပြီး အရှေ့သို့ဖြေးဖြေးချင်းလှမ်းလာကာ ရွှမ်ချင်းထံလျှောက်သွားလိုက်သည်။
ရွှမ်ချင်းက ပြုံးပြီးလှည့်ကြည့်လာလေ၏။လွန်ခဲ့သည့်လေးနှစ်က သူတို့ထွက်သွားစဥ်က သူ့အား"ပိုင်ကုန်းဇီ"ဟု ခေါ်ခဲ့သလိုပင်။သူ၏အသံနေအသံထားနှင့်အပြုအမူက မသင့်မလျော်ဖြစ်နေသည်မျိုးမရှိဘဲ မမြင်ရသည်မှာကြာပြီဖြစ်သည့် မိတ်ဆွေဟောင်းအား မြင်လိုက်ရသကဲ့သို့သာ ဖြစ်လေ၏။
ပိုင်ထျန်းရွေ့က နှုတ်ဆက်လိုက်သည်။
"ဆရာတော် ရွှမ်ချင်း..မတွေ့ရတာကြာပြီနော်"
“မတွေ့ရတာကြာပြီ"
ရွှမ်ချင်းက သိမ်မွေ့ညင်သာစွာ ပြန်ဖြေလာ၏။
“ဆရာတော်ရွှမ်ချင်းက တကယ်ကြီးလာမယ်လို့ မမျှော်လင့်ထားဘူး"
ပိုင်ထျန်းရွေ့က သူ၏ညှို့မျက်ဝန်းများအား ကျဥ်းမြောင်းလိုက်ကာ:"ကြည့်ရတာ ဆရာတော်ရွှမ်ချင်းနဲ့လင်းကုန်းဇီရဲ့ ဆက်ဆံရေးက တကယ်ကောင်းမွန်တဲ့ပုံပဲနော်"
“လင်းကုန်းဇီက ကိုယ်တော့်မိတ်ဆွေပါ"ရွှမ်ချင်းက ခေါင်းငုံ့ပြီးပြန်ဖြေလာ၏။
ထို့ကြောင့် သူက "မိတ်ဆွေ"ဆိုသည့်စကားလုံးအားပြောလိုက်စဥ် သူ့အရှေ့မှ စွမ်းအားကြီးလှသည့် တာ့ကျင့်မင်းသား၏မျက်ဆံများက မယုံနိုင်ဖွယ်တစ်ခုခုအားကြားလိုက်ရသည့်နှယ် ပြင်းပြင်းထန်ထန်ကျုံ့သွားသည်အား သတိမထားမိလိုက်ရပေ။
“မိတ်ဆွေလား...."
ဤစကားလုံးများအား ဝါးခြေလိုက်ကာ ပိုင်ထျန်းရွေ့က ရယ်မောလိုက်ပြီး:"ဒါဆို ဒါက အဲ့လိုပေါ့"
သူက လှည့်ထွက်သွားတော့၏။
“သူ့ကိုဒီလိုမျိုး သွေးထိုးပေးလိုက်တာက ဆိုးတဲ့အကြံတစ်ခုမဟုတ်ဘူးလား"
အဆုံးတွင်ဖြင့် လင်းရုဖေးက ဖြစ်ပျက်နေသည်တို့အား သတိထားမိသွား၍ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်မေးလိုက်မိ၏။
ရွှမ်ချင်းက လင်းရုဖေးပြောလိုက်သည့်"သွေးထိုးပေးတယ်"ဆိုသည့်ဆိုလိုရင်းအား မသိသကဲ့သို့ ပဟေဠိဖြစ်သွားပုံပေါ်၏။
လင်းရုဖေးက ရွှမ်ချင်း၏မျက်နှာထက်ရှိ ရှုပ်ထွေးသွားမှုက ဟန်ဆောင်နေခြင်းဟုတ်ပုံမရမှန်း သတိထားမိသွား၍ သူက တစ်ခစ်ခစ်ရယ်မောလိုက်ကာ"ကိုယ်တော် အရင်က တစ်ယောက်ယောက်ကိုများ ကြိုက်နှစ်သက်ဖူးသလား"
ရွှမ်ချင်းက ပြန်ဖြေလာ၏။
"ဘုန်းကြီးတွေက ဗုဒ္ဓဘုရားရှင်ကိုပဲ ယုံကြည်တယ်...ဘယ်လိုလုပ်ပြီး သူတို့ကို တပ်မက်ခြင်းတဏှာအနေနဲ့ ပြောင်းလိုက်နိုင်မှာလဲ"
“အဲ့ဒါတော့ အမှန်ပဲ"
လင်းရုဖေးက သက်ပြင်းချလိုက်ကာ:"ဒါဖြင့် အဲ့ဒီမင်းသားလေးအတွက်တော့ ခက်ခဲတော့မှာပဲ"
အသက်ဝင်နေသည့် စားသောက်ပွဲကြီးကာလအတွင်း လင်းရုဖေးက အိမ်ရှင်အနေနှင့် သေချာပေါက်သူ့အား သေရည်များစွာလောင်းထည့်ပေးပြီးသည်ဖြစ်၏။သို့သော်လည်း ပိုင်ထျန်းရွေ့က ထိုတက်ကြွနေသည့်ပွဲတွင် ပါဝင်ခြင်းမရှိကာ ဘေးတွင်ထိုင်၍ တစ်ယောက်တည်းသာသောက်နေသည်။
ခွန်းလွန်ရှိ သောက်စရာများက လူသားလောကမှအရာများနှင့်ကွာခြား၍ထင် သူက အများကြီးသောက်ပြီးနောက် မူးဝေလာ၏။သူ့ဘေးကတစ်ယောက်ယောက်က အပြုံးလေးနှင့်တစ်ခုခုမေးလာပုံရသည်။
ကုန်းဇီလေးက တစ်ခုခုမပျော်မရွှင်ဖြစ်နေရင် ဘာလို့များ တစ်ယောက်တည်း ဒီနေရာတွင်ထိုင်သောက်နေတာလဲ ဟု မေးလာ၏။သို့သော်လည်း ပိုင်ထျန်းရွေ့က ထိုအရာအား လျစ်လျူရှုထားလိုက်သည်။
စားသောက်ပွဲကြီးက အဆုံးသတ်အနားထိရောက်ဘာမှသာ ထောင့်နားလေးတွင် ထိုင်နေသည့် ထိုဘုန်းကြီးက နှုတ်ဆက်စကားဆိုရန် ထလာ၏။
ပိုင်ထျန်းရွေ့က သူ့လက်ထဲက သေရည်ခွက်အား ချကာ သူ့အနောက်ကနေအပြင်ဘက်သို့လိုက်သွားလိုက်သည်။
နှစ်ဦးသား အပြင်ဘက်သို့လျှောက်လာခဲ့လိုက်ကြသည်။ရွှမ်ချင်းက သူ၏လှုပ်ရှားမှုအား သတိထားမိ၍ ရပ်လိုက်ပြီးလှည့်ကြည့်လာ၏။လေးနှစ်ဆိုသည့်အချိန်က ဤဘုန်းကြီး၏မျက်နှာထက် အရေးကြောင်းတစ်ခုမျှပင် မထင်ကျန်ခဲ့ချေ။သူက လွန်ခဲ့သည့်ဘေးနှစ်တုန်းကနှင့် အတူတူပင်ဖြစ်ကာ လွန်ခဲ့သည့်လေးနှစ်တုန်းက သူ့အားကြည့်ခဲ့သလိုမျိုးဖြင့်သာ ကြည့်နေပေသည်။
“ရွှမ်ချင်း"
သူက ဤတစ်ကြိမ်၌ သူ့အားဘုန်းကြီးစုတ်ဟုမခေါ်တော့ကာ သူ့အမည်ကိုသာ ခေါ်လိုက်လေ၏။
ရွှမ်ချင်းက မျက်လုံးပင့်လာပြီး ပိုင်ထျန်းရွေ့အား ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့လေးနှစ်တုန်းက ဘာလို့ ခင်ဗျားက နှုတ်မဆက်ဘဲထွက်သွားရတာလဲ"ပိုင်ထျန်းရွေ့က သူ့အားမေးလိုက်၏။
ရွှမ်ချင်းက ပြုံးကာ:"ဒီကိုယ်တော်က ဧကရာဇ်ဆီကို စာတစ်စောင်ပို့ပေးခဲ့ပါတယ်...မင်းက ဘယ်လိုလုပ်ပြီး နှုတ်ဆက်မသွားဘူးလို့ ဆိုရတာလဲ"
ပိုင်ထျန်းရွေ့က အံတင်းတင်းကြိတ်လိုက်ပြီး:"ခင်ဗျား ကျုပ်အစ်ကိုကို စာတစ်စောင်ပို့ခဲ့ရင် ကျုပ်ကိုကျတော့ရော..."
ရွှမ်ချင်းက သက်ပြင်းချလိုက်ကာ:"ပိုင်ကုန်းဇီ"
ပိုင်ထျန်းရွေ့"အင်း....."
ရွှမ်ချင်းက မေးလိုက်သည်။
"မင်း ပန်းကြိုက်လား"
ပိုင်ထျန်းရွေ့က သူ့အားမျက်မှောင်ကြုတ်ကြည့်လိုက်ကာ:"ကြိုက်ရင်ရော "
ရွှမ်ချင်းက ဆက်ပြောလာ၏။
"မင်း တစ်ပင်လောက်စိုက်ဖူးလား"
ပိုင်ထျန်းရွေ့က နှုတ်ခမ်းတင်းတင်းစေ့လိုက်သော်ငြား တစ်ခွန်းမျှဆိုမလာချေ။
ရွှမ်ချင်းက ဆိုလာ၏။
"ဒီဘုန်းကြီးက ပန်းကြိုက်ပေမယ့် ဘယ်တော့မှမစိုက်ခဲ့ဘူး"
ပိုင်ထျန်းရွေ့က ရွှမ်ချင်းဆိုလိုသည်အား နားလည်သွားကာ တစ်ဖန်ပြန်ပြီးအံကြိတ်လိုက်ရင်း:"ပန်းတွေက ကြွေသွားမှာမို့လို့လား..."
ရွှမ်ချင်းက ပြုံးလိုက်ကာ:"မဟုတ်ဘူး...ပန်းတွေမြက်တွေကသာ ဒီကိုယ်တော်နဲ့တူနေလို့ပဲ...ပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေ..ကြွေသည်ဖြစ်စေ မကြွေသည်ဖြစ်စေ..."
ပိုင်ထျန်းရွေ့က သောကရောက်စွာပြုံးလိုက်မိပြီး"ဒါကြောင့် ခင်ဗျားက ကျုပ်ကိုပန်းရဲ့ဥပစာအနေနဲ့သုံးခဲ့တာပေါ့...ပန်းဖြစ်ဖြစ် မြက်ဖြစ်ဖြစ် လမ်းဘေးက ကျောက်တုံးဖြစ်ဖြစ် ခင်ဗျားမျက်စိထဲမှာ ကွာခြားမှုမရှိဘူးလို့ ပြောချင်တာလား"
“ဟုတ်တယ်"ရွှမ်ချင်း၏အသံက ညင်သာနေဆဲပင်။
သို့သော်လည်း ပိုင်ထျန်းရွေ့အဖို့ ထို"ဟုတ်တယ်"ဆိုသည့်ရိုးရှင်းလှသော ပြန်ဖြေသံက နေရာတိုင်းမှသွေးများစီးကျလာသည့်နှယ် ထိုးဖောက်သွားလေ၏။
ကွဲအက်နေသည့်အသံနှင့်အတူ သူက အော်ဟစ်ကြိမ်းမောင်းတော့သည်။
"လင်းရုဖေးကရော...လင်းရုဖေးကရောလို့....."
ရွှမ်ချင်းက ပိုင်ထျန်းရွေ့အား အထူးတဆန်းကြည့်လာ၏။
ပိုင်ထျန်းရွေ့က မေးခွန်းထုတ်လိုက်သည်။
"သူကရော ခင်ဗျားမျက်လုံးထဲမှာ ကျောက်တုံးတစ်ခုပဲလား"
ရွှမ်ချင်းက ပြန်ဖြေလာ၏။
"သေချာပေါက် မဟုတ်ဘူးပေါ့"
ပိုင်ထျန်းရွေ့က မေးလိုက်သည်။
"'ဒါဖြင့် သူက ဘာလဲ"
ရွှမ်ချင်းက မျက်တော်တဖြတ်ဖြတ်ခတ်လိုက်ပြီးမှ ပြုံးလိုက်ကာ:"သူ...က လောကရဲ့အုပ်ချုပ်သူပါ"
ပိုင်ထျန်းရွေ့၏မျက်လုံးများက နီရဲလာကာ"ရွှမ်ချင်း..ခင်ဗျားက ကျုပ်ကို အခွင့်အရေးတစ်ခုလောက်တောင် ပေးဖို့ဆန္ဒမရှိဘူးလား"
သို့သော်လည်း ရွှမ်ချင်းက မည်သည့် စကားမှဆိုမလာတော့ဘဲ ပိုင်ထျန်းရွေ့အား တိတ်တိတ်လေးကြည့်သာကြည့်နေ၏။
ပိုင်ထျန်းရွေ့၏မျက်လုံးများက ရမ်းကားပစ်လိုက်ချင်ပုံပေါ်လာသဖြင့် သူက သက်ပြင်းဖွဖွချလိုက်ကာ:"ပိုင်ကုန်းဇီ...ဘာလို့ ဒီလိုတွေလုပ်နေရတာပါလဲ"
ပိုင်ထျန်းရွေ့က သနားစဖွယ်ရယ်မောလိုက်ရင်း လှည့်ထွက်သွားလေ၏။သူ့ခြေလှမ်းများက သူ့ထံမှအဝေးသို့လျှောက်လှမ်းသွားချိန်တွင် အတော်လေးအတည်မငြိမ်ဖြစ်နေပုံပေါ်နေသည်။
ရွှမ်ချင်းက ဦးညွတ်လိုက်ပြီး အော်မီတော်ဖော်ဟုမရွတ်ဆိုလိုက်မီထိ သူ့အား တိတ်တဆိတ်ကြည့်နေမိလေ၏။
ဤသည်က သူတို့တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းတစ်ရာထက်မနည်းကြာပြီးမှတွေ့ရသည့် နောက်ဆုံးအကြိမ်လည်းဖြစ်သည်။ပိုင်ထျန်းရွေ့က ဓါးသိုင်းပြိုင်ပွဲမှထွက်သွားခဲ့ပြီးနောက် တာ့ကျင့်သို့ပြန်မသွားခဲ့သလို ရွှမ်ချင်းသည်လည်း သူ့အားနောက်ထပ်မတွေ့ရတော့ချေ။
ရွှမ်ချင်းက ပိုင်ကျင့်လွင်အား အရိုအသေပေးရန် သွားသည့်နေ့တစ်နေ့ထိပင်။ယခုအကြိမ်တွင် ပိုင်ကျင့်လွင်သေသွားသည်က နှစ်ပေါင်းများစွာကြာပြီဖြစ်၍ ရွှမ်ချင်းက မိုးဖွဲဖွဲလေးတွင် သူ၏အုတ်ဂူအား လှည်းကျင်းပေးရန်အတွက် ချင်းမင်ပွဲတော်အားအခွင့်ကောင်းယူလိုက်ပေသည်။
အဆုံးတွင်ဖြင့် သူက ဧကရာဇ်တစ်ပါးဖြစ်၍ သူ၏အုတ်ဂူသည်လည်း အလွန်သန့်ရှင်းလှပေသည်။သို့သော်လည်း ရွှမ်ချင်းက အုတ်ဂူထောင့်နားလောက်တွင် အဖြူရောင်ပန်းပွင့်လေးတစ်ပွင့် ဖူးပွင့်နေသည်အား သတိထားမိသွားလေ၏။
ဝိဥာဥ်တမန်။
ရွှမ်ချင်းက ဒူးတစ်ဝက်ထောက်လိုက်ရင်း မိုးရေထဲတွင် တုန်ယင်နေသည့် ပန်းပွင့်သေးသေးလေးအား အသာအယာပုတ်လိုက်သည်။သူက လက်ထဲရှိဆီစိမ်စက္ကူထီးလေးအား မြှောက်ကာ အသာဆောင်းပေးလိုက်သည်။
“ရွှမ်ချင်း"တစ်ယောက်ယောက်က သူ့အား ခေါ်လာ၏။
ရွှမ်ချင်းက မော့ကြည့်လိုက်သော်ငြား ဘာမျှမတွေ့ရပေ။
ယင်းက သူစိတ်ထင်နေသည်များလား....ရွှမ်ချင်းက တွေးလိုက်မိချေ၏။သူက ပိုင်ထျန်းရွေ့၏အသံအား ကြားလိုက်ရသည်ဟု ခံစားမိ၍ပင်။
─────────────────────────────────────────────────
Translated By IQ-Team.