အပိုင်း ၁၉၄
Viewers 37k

Chapter 194
အချပ်ပို-၅။ တာ့ကျင့်ရှိ အတိတ်ကဖြစ်ရပ်အလီလီများ [၅] 

____


ရွှမ်ချင်းသာ လူတိုင်းအား ဤသို့ဆက်ဆံပါက ပိုင်ထျန်းရွေ့လည်း သူ၏ကံကို လက်လျော့လိုက်မည်ပင်။သို့သော်ငြား ယခုအကြိမ်၌ သူက ရွှမ်ချင်း၏မျက်လုံးထဲတွင်....တစ်ယောက်ယောက်က အထူးသီးသန့်ဖြစ်နေသည်အား ရုတ်တရက် ရှာတွေ့သွားရသည်။ 

လင်းရုဖေး...။ဤနာမည်က ပိုင်ထျန်းရွေ့နှင့် ရင်းနှီးမနေချေ။ခွန်းလွန်လင်းမိသားစုက ကျန်းဟူတွင် အလွန်ကျော်ကြားသော်လည်း သူက လင်းရုဖေးဆိုသည့် ဤအမည်နာမအား တစ်ခါမှမကြားဖူးခဲ့ပေ။ 

သို့သော်လည်း ထိုသို့သောလူမျိုးက ရွှမ်ချင်း၏မျက်လုံးထဲသို့ ဝင်လာနိုင်ပေ၏။ 

လင်းမိသားစု၏စတုတ္ထမြောက်သား လင်းရုဖေးက ကလေးဘဝကတည်းက အားနည်းကာချူချာပြီး ယခင်က ခွန်းလွန်မှဆင်းမလာခဲ့ဖူးချေ။ယခု လင်းမိသားစု၏စေလွှတ်မှုကြောင့်သာ သူက ဓါးသိုင်းပြိုင်ပွဲဖိတ်ကြားစာများပေးပို့ရန် ရောက်လာခဲ့ခြင်းပင်...ပိုင်ထျန်းရွေ့က ဤဖိတ်ကြားစာအား ထပ်ကာထပ်ကာ စီစစ်နေမိပြီး အထူးတလည်တစ်ခုခုမှ ရှာမတွေ့နိုင်ဖြစ်ရသည်။ 

ယခုသူက လင်းရုဖေးအား မြင်ဖူးလေပြီ။ထိုသူက ချောမောလှပသည့် အားနည်းသည့်ကုန်းဇီလေးဖြစ်ပြီး သူ၏ကျင်ကြံခြင်းက သူ့လောက်ပင် မကောင်းပါချေ။ထိုသို့သောလူမျိုးက ရွှမ်ချင်း၏မျက်လုံးထဲသို့ မည်သို့များဝင်လာခဲ့သနည်း။ပိုင်ထျန်းရွေ့မှာ နားမလည်နိုင်ပေ။စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူ့အရှေ့မှ အရက်ခွက်များနှင့်စာရွက်များအား မြေပေါ်သို့ တိုက်ချပစ်လိုက်လေ၏။ 

“ရွှမ်ချင်းဆိုတဲ့ ဘုန်းကြီးစုတ်က လူတွေကို ဘယ်လိုလှည့်စားရမလဲဆိုတာ တကယ်သိတာပဲ"

ပိုင်ထျန်းရွေ့က အေးစက်စက်ရယ်မောလိုက်ကာ:"ခင်ဗျားရင်ထဲမှာ တကယ်ပဲ ဗုဒ္ဓဘုရားပဲရှိတာလား"

သူက လက်ဆန့်ကာ အပေါ်ဝတ်ရုံလွှာအားယူပြီး မည်းမှောင်နေသောမျက်နှာနှင့် တံခါးအပြင်ဘက်သို့ဦးတည်ထွက်သွားလေ၏။ 

ဘေးရှိအစေခံမလေးများကလည်း ဤမြင်ကွင်းအားမြင်သော် ထွက်မသွားရဲကြချေ။ယခုတွင် ပိုင်ထျန်းရွေ့က မင်းသားငယ်လေးမဟုတ်တော့ကာ မင်းသားတစ်ပါးဖြစ်နေပြီဖြစ်၏။သူ၏ဓါးသိုင်းနည်းတူ ရန်လိုတတ်သည့်အကျင့်ကလည်း ကြီးထွားလာ၍ တာ့ကျင့်တစ်ခွင် သူ့အားရန်စရဲသည့်သူမှာ လက်တစ်ဆုပ်စာသာရှိသည်ဟု ဆိုရပေမည်။သူ၏အားကောင်းသော ဓါးစွမ်းရည်မဆိုထားနှင့် ပိုင်ထျန်းရွေ့က ဘုရင်ကြီး၏ညီဖြစ်သည်ဆိုသည့်အချက်နှင့်ပင် လူတိုင်း၏ပါးစပ်အား လုံလုံလောက်လောက်ပိတ်သွားစေနိုင်၏။ 

ကုန်လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း တာ့ကျင့်တွင် မတော်တဆမှုအချို့ရှိခဲ့သည်။မင်းသားနှင့်မင်းသမီးများက အသတ်ခံရနီးနီးဖြစ်ခဲ့ကာ အချိန်တစ်ခုစာ တာ့ကျင့်ပြည်သူများက ထိတ်လန့်နေကြ၏။ဆရာတော်ရွှမ်ချင်းရောက်လာပြီးလူသတ်သမားအား ဖမ်းဆီးပြီးမှသာ အင်ပါယာမြို့တော်၏ညမထွက်ရအမိန့်အား ရုတ်သိမ်းလိုက်လေသည်။အဓိပ္ပါယ်အားဖြင့် ဤသည်က ကောင်းသည့်အရာဖြစ်သင့်သော်လည်း ပိုင်ထျန်းရွေ့မျက်နှာထက်က လူသတ်ချင်နေသည့်ပုံစံအား ကြည့်လိုက်ရာ ယင်းကသူ့အဖေအားသတ်ခဲ့သည့် ရန်သူအား မြင်လိုက်ရသလိုပင်.....။  

ယခုအချိန်တွင် ကောင်းကင်ကြီးက မှောင်မိုက်လာကာ ညမထွက်ရအမိန့်အား နောက်ဆုံးပယ်ဖျက်ပြီးနောက် အင်ပါယာမြို့တော်က တစ်ဖန်ပြန်ပြီးသက်ဝင်စည်ကားလာ၏။ 

ပိုင်ထျန်းရွေ့က သူရှာနေသည့်လူအား လူအုပ်ထဲတွင်တွေ့လိုက်ရချေပြီ။ရွှမ်ချင်းက မျက်နှာထက်အပြုံးလေးနှင့်ဖြစ်ကာ သူ့ဘေးကကုန်းဇီလေးအား တစ်ခုခုပြောနေ၏။နှစ်ဦးသား အလွန်ပနံသင့်နေကြကာ သူတစ်ခါမှမမြင်ဖူးခဲ့သည့် သူ့မျက်ခုံးထောင့်လေးနှစ်ခုကြားက ကြင်နာမှုတို့နှင့်ပင်။  

ပိုင်ထျန်းရွေ့က ခပ်ဝေးဝေးမှလှမ်းကြည့်နေပြီး အံတင်းတင်းကြိတ်ထားရပုံပေါ်သည်။ 

ရွှမ်ချင်းက သူ( LRF)က အောက်ငုံ့ပြီးပစ္စည်းသေးသေးလေးများ ကောက်နေသည်အား ဘေးမှကြည့်နေ၏။ရုတ်တရက် သူ(XQ)၏ခါးအား တစ်ယောက်ယောက်က ဆုပ်ကိုင်လာပြီး သူပြန်ပြီးမတုန့်ပြန်နိုင်လိုက်မီ လူအုပ်ထဲမှဆွဲထုတ်ကာ ဘေးဘက်ရှိလမ်းကြားလေးထဲသို့ ခေါ်သွားခံရလေသည်။ 

“ပိုင်ကုန်းဇီလား..."ရွှမ်ချင်းက အံ့အားသင့်သွားရသည်။ 

ပိုင်ထျန်းရွေ့က သူ့အား မုန်းတီးစွာစိုက်ကြည့်နေ၏။ 

ရွှမ်ချင်းက အဖြေရှာမရဖြစ်စွာကြည့်လိုက်မိပြီး:"ပိုင်ကုန်းဇီ...သောက်ထားတာလား"

သူက ပိုင်ထျန်းရွေ့ကိုယ်ပေါ်မှနေ သေရည်နံ့ပြင်းပြင်းရလိုက်လေ၏။ 

"သောက်တော့ရော ဘာဖြစ်လဲ မူးသွားတာမှမဟုတ်တာ..." 

ရွှမ်ချင်းက သက်ပြင်းချလိုက်ပြီး"ဒီသေရည်တွေ...မင်းလျှော့သောက်ရင် ပိုကောင်းမယ်" 

“တော်လိုက်တော့..."

ပိုင်ထျန်းရွေ့က အော်ဟစ်လာပြီး:"သူက ဘယ်သူလဲ...သူ့အပေါ် ဘာလို့အရမ်းကောင်းပေးနေတာလဲ...ခင်ဗျားရင်ထဲမှာ ဗုဒ္ဓဘုရားပဲရှိတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား...ဒီလှပတဲ့ကုန်းဇီလေးက ဒီနေရာမှာ ဘယ်လောက်ကြာကြာနေမှာလဲ..ဘယ်အရာကများ သူ့ကိုအရမ်းကြိုက်သွားစေရတာလဲ" 

ဖြူဖြူစင်စင်မျက်နှာလေးဖြင့် ရွှမ်ချင်းက မေးလာသည်။

"ပိုင်ကုန်းဇီ...အဲ့ဒါ ဘာကိုဆိုလိုချင်တာပါလဲ" 

ပိုင်ထျန်းရွေ့က အံတင်းတင်းကြိတ်လိုက်ပြီး:"ဟန်ဆောင်နေတာ ရပ်လိုက်တော့...."

ရွှမ်ချင်းက သူမူးနေသည်ဟုသာ တွေးလိုက်၍ ကူကယ်ရာမဲ့ဖြစ်သွားရကာ ဟခုလေးတင်ဝယ်လာခဲ့သည့် သကြားလုံးအား သူ့ပါးစပ်ထဲထည့်ပေးလိုက်၏။ကလေးတစ်ယောက်အား ချော့မြူနေသကဲ့သို့ သူက သကြားလုံးအားစားပြီးသည်နှင့် အဓိပ္ပါယ်မရှိလုပ်နေသည်အား ရပ်တန့်ရန်ပြောလိုက်သည်။ 

ပိုင်ထျန်းရွေ့က သကြားလုံးအားကိုက်ဝါးလိုက်ပြီးနောက် ခါးသက်သက်အပြုံးတစ်ခုနှင့် ဆိုလာ၏။

"ရွှမ်ချင်းက တကယ်တမ်း ချိုသားပဲ...ခါးနေမယ်လို့ထင်ထားခဲ့တာ" 

ရွှမ်ချင်းက ပြန်ဖြေသည်။

"ဘုန်းကြီးတွေက တကယ်တမ်း ခါးသက်လှပါတယ်" 

ပိုင်ထျန်းရွေ့က ဆိုသည်။

"ဟုတ်တယ်...ခင်ဗျားထက်ပိုခါးသက်တဲ့ဘုန်းကြီးမျိုး လောကမှာရှိမှာမဟုတ်ဘူး" 

ရွှမ်ချင်းက ခါးသက်သက်သာပြုံးလိုက်လေ၏။ 

သို့သော်လည်း နောက်တစ်ခဏ၌ သူက တခြားဘာမှပြန်မပြောနိုင်မီ ပိုင်ထျန်းရွေ့က သူ့ပါးစပ်ထဲကသကြားလုံးအား မြိုချလိုက်ပြီးနောက် ကုန်းကာ သူ့နှုတ်ခမ်းအား ရက်ရက်စက်စက်ဖိကပ်လာ၏။ 

ဤလုပ်ဆောင်မှုက ရွှမ်ချင်းပင် အချိန်မီမတုန့်ပြန်လိုက်အောင်ပင် သတိမထားမိဘဲရောက်ချလာခြင်းပင်။သူသည် အေးစက်နူးညံ့လှသော အရက်နံ့စွန်းနေသည့် ပိုင်ထျန်းရွေ့၏နှုတ်ခမ်းသားများက အပြစ်ကင်းစင်မှုလေးကျန်နေသေးသည်အား ခံစားရလေ၏။  

ရွှမ်ချင်းက လက်ဆန့်ပြီး သူ့အား တွန်းဖယ်လိုက်ရသည်။ပိုင်ထျန်းရွေ့က ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ကာ ရွှမ်ချင်းအား လောဘတကြီးစိုက်ကြည့်လိုက်ပြီး"ဘုန်းကြီးစုတ်...သေရည်ရဲ့အရသာက ကောင်းလား" 

ရွှမ်ချင်းက အရူးလုပ်နေသည့် ကလေးတစ်ယောက်အား ကြည့်သည့်နှယ် သူ့အားမျက်မှောင်ကြုတ်ကြည့်လိုက်သည်။ 

ပိုင်ထျန်းရွေ့က ဒေါသတကြီးအော်ဟစ်တော့၏။

"ကျုပ်ကို အဲ့ဒီလိုမျက်လုံးမျိုးနဲ့ လာမကြည့်နဲ့...ကျုပ်က ကလေးမဟုတ်တော့ဘူး......" 

ရွှမ်ချင်းက သက်ပြင်းအသာချလိုက်ပြီး"မင်းမူးနေပြီ"

သူက ဖြေးဖြေးချင်းနောက်ပြန်ဆုတ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

"ပိုင်ကုန်းဇီ...ကိုယ်တော့်မျက်စိထဲမှာတော့...မင်းက အမြဲတမ်းကလေးတစ်ယောက်သာသာပဲ"

ပိုင်ထျန်းရွေ့၏လုပ်ဆောင်ချက်က စော်ကားလွန်းရာရောက်နေသော်ငြား သူက ကလေးနှင့်ပြိုင်ဒေါသမထွက်တော့ကာ သူ့မျက်နှာက စိတ်မကောင်းဖြစ်သွားမှုအားဖော်ညွှန်းနေ၏။သို့သော်လည်း သူက သနားကြင်နာမှုကြောင့် ပိုင်ထျန်းရွေ့၏နှလုံးသားအား ရက်ရက်စက်စက်မစူးနစ်စေချင်ပါ။  

ရွှမ်ချင်းက လမ်းကြားလေးအပြင်ဘက်သို့ထွက်လာပြီး နေရာမှာတင် သနားစဖွယ်ရပ်နေသော ပိုင်ထျန်းရွေ့အား ချန်ထားခဲ့လေ၏။သူ့နှုတ်ခမ်းထောင့်လေးများက သကြားအစအနလေး စွန်းထင်းနေဆဲပင်။  

နှစ်ပေါင်းတစ်ရာအတွင်း ကောင်းကင်ဘုံအုပ်ချုပ်သူက ကောင်းကင်ဘုံအုပ်ချူပ်သူမဟုတ်တော့သော်လည်း ရွှမ်ချင်းသည်ဖြင့် ရွှမ်ချင်းဖြစ်နေဆဲပင်။လောကသံသရာအတွင်း ပိုင်ကျင့်လွင်ဖြစ်စေ ပိုင်ထျန်းရွေ့ဖြစ်စေ...သူ့မျက်လုံးထဲတွင်ဖြင့် မွေးကင်းစကလေးသာသာဖြစ်၏။ 

ရွှမ်ချင်းက သေချာပေါက် ယင်းအား အတည်ယူလိုက်မည်မဟုတ်ကာ သူ(BTR)လည်း အတည်မယူဖို့ မျှော်လင့်မိသည်။ 

သို့သော်ငြား ယခု ဤမျှော်လင့်ချက်က စစ်မှန်လာမည့်ကံကြမ္မာပါဟန်မတူချေ။ 

ရွှမ်ချင်းက တည်းခိုခန်းထဲသို့ ပြန်ဦးတည်လိုက်ပြီး သူ့နှုတ်ခမ်းထက်က အစီးကြောင်းများအား သူ့လက်ချောင်းများနှင် နည်းနည်းချင်း ဖယ်သုတ်လိုက်၏။ ယင်းက ပိုင်ထျန်းရွေ့မှ ချန်ရစ်ထားခဲ့သည့် သေရည်၏ အပူဓာတ်နှင့် သကြား၏ အချိုဓာတ်ကလေးပင်။ 

အပူဓာတ်က စိမ်းသက်နေသော်ငြား စိတ်အနှောင့်အယှက်မဖြစ်ပေ။ရွှမ်ချင်းက မျက်လွှာချလိုက်ကာ လက်အုပ်ချီလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က အလင်းတန်းများအား ကြည့်ရင်း ပျော်ရွှင်မှုမရှိ ဝမ်းနည်းမှုမရှိ အော်မီတော်ဖော်ဟုသာ ရေရွတ်နေလိုက်၏။

------------

ဖီးနစ်ပုလွေမှုတ်လိုက်သည့်အသံ၊ ကျောက်စိမ်းပန်းအိုး၏ထွက်ပြန်လာသည့်အလင်း...ယင်းက ငါးနှင့်နဂါးများကခုန်သည့် ညတစ်ညဖြစ်လေ၏။ 

ပိုင်ထျန်းရွေ့က သောက်ရသည်အားကြိုက်သော်လည်း မူးသွားခဲသည်။

သူအကြာကြီးတောင့်တနေခဲ့ရသည့် နှုတ်ခမ်းလေးအားနမ်းလိုက်ရသည့်တစ်ခဏ သူအမှန်ပင် မူးသွားစေဖို့ဆုတောင်းမိသည်။သူသာမူးနေပါက ရွှမ်ချင်း၏မျက်လုံးထဲမှ သနားကြင်နာမှုတို့အား မြင်တွေ့ရလိမ့်မည်မဟုတ်။သူသာမူးနေပါက ရွှမ်ချင်းက သူ့အတွက်ချစ်ခင်မြတ်နိုးမှုအရိပ်အရောင်တစ်စွန်းတစ်စဥ်းမျှမရှိသည်တို့ကိုလည်း သိလိမ့်မည်မဟုတ်။ 

လမ်းကြားလေးအတွင်းမှကိစ္စကြောင့် အတွန်းဖယ်ခံလိုက်ရကာ ပိုင်ချန်းရွေ့က နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ရွှမ်ချင်းအား လောဘတကြီးစိုက်ကြည့်လိုက်၏။သို့သော်လည်း သူက ရွှမ်ချင်း၏မျက်လုံးများအား ပြတ်ပြတ်သားသားစိုက်ကြည့်လိုက်သော် သူ့ရင်ထဲရှိစိတ်ဆန္ဒက ဒေါသအဖြစ်အကုန်ပြောင်းသွားရလေသည်။

“ကျုပ်ကိုအဲ့ဒီလိုမျက်လုံးတွေနဲ့ လာမကြည့်နဲ့...ကျုပ်ကလေးမဟုတ်တော့ဘူး"သူက ဒေါသတကြီးဟိန်းဟောက်လိုက်သော်ငြား အားပျော့သွားပုံပေါ်၏။

ပိုင်ထျန်းရွေ့က ရွှမ်ချင်းလမ်းလျှောက်ရင်း ထွက်သွားသည်အား ကြည့်နေရုံသာတတ်နိုင်သည်။

ဘုန်းကြီး၏ကျောပြင်က သူရောက်လာစဥ်ကနှင့်အတူတူပင်ဖြစ်ကာ ကျောရိုးမှာ တည့်တည့်မတ်မတ်ဖြစ်ပြီး သူ့လက်များနှင့်ခြေထောက်များက ပေါ့ပါးဖျတ်လတ်နေ၏။ 

ပိုင်ထျန်းရွေ့က ရွှမ်ချင်းထွက်သွားသည်အား စောင့်ကြည့်နေကာ လမ်းကြားလေးထဲတွင် အချိန်အတော်ကြာ တစ်ယောက်တည်းရပ်နေမိ၏။ယင်းက ညရောက်သည်ထိသာဖြစ်ပြီး တာ့ကျင့်တစ်ခွင်ရှိအလင်းတန်းများ တဖြေးဖြေးမှေးမှိတ်လာပြီး အဆုံးမဲ့တိတ်ဆိတ်ခြင်းသို့ ကျသွားသည့်သည့်အခါမှ သူက လှည့်ထွက်သွားလေသည်။

ထိုညက ပိုင်ထျန်းရွေ့မှာ အိပ်မရချေ။သူ့မျက်လုံးများအား ပိတ်လိုကိသည်နှင့် သူ့စိတ်ထဲပေါ်လာသည့်အရာကား ရွှမ်ချင်းနှုတ်ခမ်းလေးများ၏အထိအတွေ့ပင်။သူ၏ကိုယ်ပိုင်စိတ်ကူးလေးဖြစ်နေမလားမသိသော်လည်း ရွှမ်ချင်း၏နှုတ်ခမ်းလေးများ၌ စန္ဒကူးနံ့ဖျော့ဖျော့လေးရလေ၏။ 

ပိုင်ထျန်းရွေ့က ခါးသက်သက်ပြုံးလိုက်ကာ တွေးလိုက်မိသည်က...ဒါက တိုက်ခိုက်ရေးသမားတွေရဲ့ အကာအကွယ်များလား။ 

အတိတ်က အလေ့အကျင့်များအရ ရွှမ်ချင်းက ပိုင်ကျင့်လွင်ထံ မထွက်ခွာမီ နှုတ်ဆက်စကားဆိုရန် နန်းတော်ထဲသို့သွားတတ်ဖြင့် ပိုင်ထျန်းရွေ့လည်း သိပ်မစိုးရိမ်တော့ပေ။သို့သော်လည်း ယခုတစ်ကြိမ်၌ ရွှမ်ချင်းက သူ့ပုံမှန်နည်းလမ်းများအတိုင်းမဟုတ်ဘဲ ပိုင်ထျန်းရွေ့ တည်းခိုခန်းသို့ရောက်သွားသောအခါ သူထွက်သွားနှင့်ပြီဖြစ်ကြောင်းသတင်းရလာမည်လို့ မည်သူကထင်မည်နည်း။  

လင်းရုဖေး၏ဖြူဖြူစင်စင်အကြည့်လေးအား ကြည့်လိုက်ပြီးနောက် ပိုင်ထျန်းရွေ့မှာ အသံတိတ်ကျိန်ဆဲလိုက်ပြီး လှည့်ထွက်သွားသည်က သူ့နောက်ကျောက သနားဖွယ်အရိပ်အရောင်တို့ပေးရင်းနှင့်ပင်။သို့သော်လည်း သူက မြို့တံခါးသို့ရောက်သွားသောအခါ ဘုန်းကြီးက ဝေးဝေးရောက်သွားလေပြီ။ 

ရွှမ်ချင်း၏လမ်းကြောင်းက ဆန်းကြယ်မှုတစ်ခုဖြစ်လာကာ သူက တာ့ကျင့်မှထွက်သွားလိုက်သည်နှင့် သူ့အားရှာရန်မဖြစ်နိုင်တော့ပေ။ပိုင်ထျန်းရွေ့က သူ့ရင်ထဲတွင် မုန်းတီးမှုတို့အားခံစားလိုက်ရကာ မြို့တံခါးနားတွင် ကျိန်ဆဲရင်းရပ်နေမိ၏။သူက သူ့ပတ်လည်ရှိလူတွေ၏အံ့အားသင့်သွားကာ ကြောက်ရွံ့သွားသည့်မျက်လုံးတို့အားလည်း ဂရုမစိုက်ပါချေ။  

“ဘုန်းကြီးကပြေးနိုင်ပေမယ့် ဘုရားကျောင်းကတော့ သူနဲ့အတူလိုက်ပြေးမှာမဟုတ်ဘူး[1]"

[[[1] ဒေသိယစကား:"ငါမင်းဆီ မကြာခင်ဒါမဟုတ် နောက်ပိုင်းကျရင် ရောက်လိမ့်မယ်"]]


ပိုင်ထျန်းရွေ့က အံတင်းတင်းကြိတ်လိုက်ပြီး လက်ထဲရှိဓါးကိုလည်းတင်းတင်းဆုပ်ကိုင်ထားလိုက်လေ၏။ 

လာမည့်နှစ်တွင် ပိုင်ထျန်းရွေ့မျှော်လင့်ထားသည့်အတိုင်း ရွှမ်ချင်း၏ခြေရာအား ရှာမတွေ့နိုင်တော့ချေ။ 

ရွှမ်ချင်းဆိုသည့် ဤဘုန်းကြီးက ကျန်းဟူတွင် နာမည်မရှိပေ။သူတစ်ခုခုလုပ်လိုက်ရင်တောင်မှ သူမှန်းသေချာပေါက် သိကြလိမ့်မည်မဟုတ်ပေ။သူ၏တည်နေရာအားရှာချင်သည်က ကောက်ရိုးပုံထဲအပ်ပျောက်ရှာရသလိုပင်။ 

သို့သော်လည်း ပိုင်ထျန်းရွေ့က အလျင်မလိုကာ ရွှမ်ချင်းသွားလိမ့်မည့်နေရာကို သိပေ၏။ 

လေးနှစ်ကြာပြီးနောက် ခွန်းလွန်ဓါးသိုင်းပြိုင်ပွဲတွင်ဖြစ်သည်....။ 

လင်းရုဖေးမှပို့ပေးထားသည့် ဖိတ်ကြားစာနှင့်အတူ ပိုင်ထျန်းရွေ့က ခွန်းလွန်သို့ ဦးတည်သွားလိုက်သည်။ 

သူတို့နှစ်ဦးနောက်ဆုံးဆုံခဲ့သည့်အချိန်ကနှင့်ဆို လေးနှစ်ကြာပြီးပြီဖြစ်၏။လူသားအခေါ်အဝါ်နှင့်ဆို လေးနှစ်သည်ကား အလွန်ကြာရှည်နိုင်သော်လည်း သူတို့အတွက်ကမူ လက်ဖျောက်တစ်ချက်တီးစာပင်ရှိသည်။ 

ဓားသိုင်းပြိုင်ပွဲတွင် ပိုင်ထျန်းရွေ့က ရွှမ်ချင်းအားတကယ်ကြီး ဆုံခဲ့ပေ၏။ 

ရွှမ်ချင်းက လင်းမိသားစု၏ကုန်းဇီငယ်လေးအား တစ်ခုခုပြောနေရင်း ပြုံးနေသည်။သူတို့မျက်နှာများက သိမ်မွေ့သည့်ပုံစံရှိကာ စစချင်း၌ သူတို့က အလွန်ဆင်တူသည့်ပုံပေါ်သည်။ဤနူးညံ့သိမ်မွေ့မှုက သူကအရာအားလုံးအပေါ်ကြည့်သည့် သနားကြင်နာမှုနှင့်ကွာခြားကာ ဤသိမ်မွေ့မှုက စစ်မှန်သည့်အပူချိန်အားသယ်ထားပေ၏။